ဒေါ်မိအောင် Daw Mi Aung
လူရယ်လို့ဖြစ်လာရင်အကောင်းအဆိုးနှစ်တန်ဒွန်တွဲနေတတ်တာတော့အမှန်ပါဘဲ။ ကံ ဇာတ်ဆရာရဲ့အလိုအတိုင်းပေါ့လေ။ ကျနော်ကတော့ဖြင့်၊ကျမကတော့ဖြင့် ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်နေချင်လိုက်တာလို့ အော်ပြီးထွက်လာမယ်မထင်ပါဘူး။ အားလုံးအကောင်းဆုံးဖြစ်ချင်ကြမှာ အသေအချာပါ။ ရွှေပေါ်မြတင်နေလာခဲ့ရပြီးမှ ဆင်းရဲမွဲတေသွားကြတာလဲရှိ၊ ကုန်းကောက်စရာမရှိအောင်ဆင်းရဲနုံခြာတဲ့ဘဝကနေ သူဌေးသူကြွယ်ကြီးတွေဖြစ်သွားကြတာလဲရှိကြတာမို့၊ “သူကဘယ်လို၊ငါကဘယ်လို” စသည်ဖြင့် မာန်မာနတွေရင်ဝယ်ပိုက်နေကြတာ၊ သိပ်ကိုပူလောင်လှပါတ ဘဝဆိုတာတိုတောင်းလှပါတယ်လို့ သိကြရဲ့သားနဲ့ စိတ်ဆိုး ကြ၊ရန်ဖြစ်ကြ၊ လောဘတွေတက်ကြနဲ့ မတွေးတတ်နိုင်လောက်အောင်ပါဘဲ။
ဟုတ်ပါတယ်။ တကယ်ကိုခဏလေးပါ။ ကျမရဲ့အဖေဆို အသက်(၄၆)နှစ်နဲ့မိသားစုကိုထားသွားလိုက်တာ။ သူချစ်တဲ့ဇနီး၊ သူတွယ်တာတဲ့သားသ္မီး(၅)ယောက်ကို စိတ်ချလို့ထားခဲ့တာမဟုတ်လောက်ပါဘူးလေ။ အဖေမရှိတော့ ကျန်တဲ့မိသားစုရဲ့ “ဝန် “ကိုအမေတစ်ယောက်ထဲထမ်းရတာသိပ်သနားစရာကောင်းလှပါတယ်။ ကျမကမှ ၈တန်းကျောင်းသူဆိုတော့၊ ကျန်တဲ့လူမမယ်မောင်ညီမလေးတွေအတွက် ရုန်းကန်ရင်ဆိုင်ရမှာတွေ။ အမေကလေ ညညဆို ဆေးလိပ်တစ်တိုနဲ့ မအိပ်နိုင်ဘဲစဥ်းစားတာထင်ပါရဲ့။ ကျမတို့အိမ်က ထပ်ခိုးမှာကျမတို့မ်ိသားစုကညအိပ်ပြီး၊ ကုန်သည်တွေကတော့အောက်ထပ်မှာအိပ်ကြပါတယ်။ အဖေဆုံးတာနဲ့ ပုတီးကုန်းက အဖေ့ကိုသိပ်ချစ်တဲ့ ဦးလေးကိုမူတူးက အိမ်ပေါ်ထပ်ကို အံဖုံးတံခါးလေးတပ်ပေးတာ ကျေးဇူးကြီးလွန်းလှလို့ အမြဲကျေးဇူးရှင်နေရာမှာထားပြီးကန်တော့ရပါတယ်။ ညညကျရင် အမေကလေ ခြင်ထောင်ကိုမပြီး၊သူ့သားသ္မီးတွေရဲ့ခြေထောက်ကိုလိုက်စမ်းတတ်တာ။ အမေဘာလုပ်တာလဲလို့မေးတော့ သူများအိပ်ယာထဲဝင်မှာစိုးလို့တဲ့။ စိတ်ပူရှာလွန်းသူပါ။ အမေ့အင်္ကျီရင်ဘတ်မှာလဲ ဆေးလိပ်မီးပေါက်တွေနဲ့။
မနက်အစော ပြည်ရထားနဲ့လာတဲ့ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကိုကျမစာရင်းလုပ်ထားပြီး၊ ညနေ ၅နာရီခွဲလောက်ကြတော့၊ ညီမဝက်ပေါလေးနဲ့ ရန်ကုန်မြို့ထဲကရွှေတောင်တန်းလမ်း (မြဝတီ ဘော်လီဆိုင်ရှင်သူဌေး) အိမ်မှာ ကုန်ဖိုးသွားရှင်းရပါတယ်။ (ညီအစ်မနှစ်ယောက်၊လွယ်အိပ်လေးထဲကျောင်းစာအုပ်လေးထည့်လို့ နတ်စင်လမ်းကနေ နံပါတ် ၁ ဗိုက်ပူကားကြီးကိုစီးပြီးသွားရတာပါ။ အခြားသူတွေကို ငွေရှင်းနေတုန်းဆိုရင်တော့၊ကျောင်းစာအုပ်လေးထုတ်ဖတ်ပြီး၊ ကိုယ့်အလှည့်ကိုထိုင်စောင့်နေရတာ။ ပြီးရင် ည၁၀နာရီရထားနဲ့ ပြန်မည့်ကုန်သည်တွေကိုငွေရှင်းဖို့ ညီအစ်မနှစ်ယောက်အပြေးအလွှားအိမ်ကိုပြန်ကြရပြန်ရော။) တကယ့် ဘဝသံသရာပါဘဲ။
အဲ့ဒီခေတ်က မိန်းကလေးငယ်ငယ်နှစ်ယောက်ထဲသွားလို့တင့်တယ်ပြီး မသူတော်လဲ ကင်းလို့ပါလို့တွေးမိပါတယ်။
မောင်လေးဖိုးချိုငယ်ငယ်က ခဏခဏနေမကောင်းဖြစ်လို့ ဆရာဝန်သွားပြရင်တော့ ဝက်ပေါလေးကတာဝန်ယူပြီးသွားရတာ။ အမေကတော့ သူ့စီးပွါးရေးနဲ့သူ လုံးလည်လိုက်နေရရှာတာ။ နောက်ပြီးမောင်လေးကို ကလေးဆေးရုံ (ဟယ်လ်ပင်လမ်း) မှာOperationလုပ်တော့လဲ ဝက်ပေါလေးခမြာသုံးဘီးကားနဲ့လိုက်ပို့ပေးရတာ။ (ဆီးမသွားနိုင်လို့ သူရဲ့ရွှေပန်းလေးရဲ့ထိပ်ကလေးကို ဖြတ်ပေးဖို့။ ဆေးထည့်ဖို့လဲသွားရသေး။)
ညီမလေးမိမာကတော့ အဖေဆုံးကထဲက ငြိမ်းငြိမ်းတို့အိမ်ကမပြန်တော့ပါဘူး။ ကျောင်းနေတော့မှ မနဲချော့ပြီးပြန်ခေါ်ရတာ။ အဲ့ဒါကြောင့်သူ့ကိုကျောင်းအပ်တော့ အမေကြီးက ငြိမ်းငြိမ်းရဲ့သ္မီးမွေးသက္ကရာဇ်နဲ့အပ်လိုက်တာ၊ သူဘွဲ့ရတဲ့အထိ ညီမဝမ်းကွဲ ညွန့်ညွန့်ဝင်း(စိန်ဘွင့်)ရဲ့မွေးသက္ကရာဇ်အတိုင်းဖြစ်နေရော။ ကျမတို့ညီအစ်မ မောင်နှမဝမ်းကွဲတွေ တစ်တွဲစီ အတွဲလိုက်လေးတွေမို့ သိပ်ချစ်ကြ၊ ဆုံကြရင်လဲသိပ်ပျော်စရာကောင်းကြတာ။ အဖေရှိစဥ်ကတနင်္ဂနွေလိုနေ့မျိုးဆိုအိမ်မှာခေါ်ပြီး၊ကိုယ်တိုင်ချက်ပြုတ်ကျွေးခဲ့တာ။ မိမာနဲ့ဖိုးချိုကတော့ ကိုယ့်သားသ္မီးလေးတွေလိုပြုစု ထိန်းကျောင်း မွေးမြူခဲ့ရပါတယ်။
ဒါကြောင့် ဘဝတစ်ခုရလာရင် ကိုယ်ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာ ငယ်ကထဲကသိခဲ့လို့ ကြောက်လှပါတယ်။
သံသရာရှည်မည့်အလုပ်တွေရှောင်ရင်း
အသက်ရှိနေသေးသရွေ့တော့



