Category: Mi Aung

  • ညှိခြင်းပညာ

    ဒေါ်မိအောင် Daw Mi Aung

    “အသက်တစ်ရာမနေရ၊အမှုတစ်ရာပွေကြရတယ်” – – – လူကြီးသူမတွေ​ပြောစကားများ သိပ်မှန်တာပါဘဲ။

    သိတတ်တဲ့အရွယ်ကစလိုက်တာများလေ မရိုးနိုင်အောင်ပါဘဲ။ ဘယ်ကိစ္စမဆို ပေါ့ပေါ့ပါးပါး တွေးတတ်ရင် စိတ်သက်သာရာရပေမဲ့၊ အလေးအနက်တွေးတဲ့အခါကြတော့လဲ “သေသာသေလိုက်ချင် တော့တာဘဲ”ဆိုတဲ့ အသံမျိုးတွေမြည်လာတတ်ကြပြန်ပါရော။ လူ့ဘဝ မှန်းဆလို့မရတဲ့ အကြောင်းတရားတွေပါ။

    ကျမတို့ ဒဂုံကိုရောက်တာ စ(11-11-1993)ကထဲက၊ 1999ခုနှစ်အထိ၊ ဖယောင်းတိုင်မီး၊ ဇာထိုးတော့ဘက်ထရီအိုးလေးဝယ်၊ ဒီအိုးလေးကိုအားပြန်သွင်းခိုင်းပြီး မီးထွန်းနဲ့ နေခဲ့ကြရတာ။ 1997ခုနှစ်လောက်ရောက်တော့မှ မီးတိုင်တွေထူပြီး၊ မီးရဖို့ လျှောက်လွှာတင်ရမယ်၊ငွေတစ်သောင်းသွင်းရမယ်- တဲ့။ ကျမသူငယ်ချင်းMary Yie Sein ကလေ “ငါသွင်းပေးမယ်” ဆိုပြီးအတင်းကိုပ်ိုက်ဆံပေးခဲ့တာ။ သူ့ကျေးဇူးကို တကယ်မမေ့ပါဘူး။

    သို့သော်လဲ မီးလာသွယ်ဖို့မျှော်ရင်းနဲ့ လည်ပင်းသာရှည်ထွက်လာတယ်၊ “ပေါ်မလာ”ဇာတ်ကားပေါ့လေ။ မီးတိုင်တွေတော့ ဆိုက်ထားပါပြီ။ ကျမတို့လဲ ဒီနေ့ဘဲမီးလာသွယ်ပေးမလို၊ မနက်ဖန်ဘဲလာသွယ်ပေးမလိုဆိုတဲ့ အတွေးနဲ့အိမ်ထဲမှာ တော့မီး ကြိုးတွေအဆင်သင့်ရိုက်ထားရတာပေါ့။ ဒီလိုနဲ့ ဖိုးချိုလေးဆုံးသွားတော့ အိမ်နားကယောကျ်ားလေးတွေက ဝါးလုံးရှည်ကြီးနဲ့ မီးချိတ်ပေးပါတယ်။ ကျမတို့အားနဲ့တော့ ဘယ်လိုမှဓါတ်တိုင်ကိုလှမ်းမချိတ်နိုင်ပါဘူး။ချိတ်လဲမချိတ်ရဲပါဘူး။

    ကျမတို့ညီအစ်မ အလုပ်ကပြန်လာတော့ အမေက ရီကြဲကြဲနဲ့ “ညည်းတို့ညီအစ်မတော့ အမောပြေပေါ့အေ၊ ထမင်းစားပြီးရင် ရပ်ကွက်ကောင်စီရုံးသွားလိုက်ဦး” တဲ့။ အိမ်ရှေ့ခန်းမှာ ဖယောင်းတိုင် တင်ပြီးထွန်းတဲ့ခွက်တွေ ပစ်ချထားတာ။ ဘာဖြစ်မှန်းမသိပါဘူး။ နောက်တော့မှ အမေကပြောပြတာ။ “အော် မင်းတို့မီးကအတော်မှန်တာကို၊ အမေတို့ဖယောင်းတိုင် မီးနဲ့နေရတာဒီမှာကြည့်” ဆိုပြီး ဖယောင်းတိုင်တင်ပြီးထွန်းထားတဲ့ ခွက်တွေကို ပစ်ချပြတာ တဲ့လေ။

    အဖြစ်ကတော့ မနှစ်ကနဲ့မတူပါဘူးဆိုသလိုဘဲ၊ ရပ်ကွက်ရုံးကနေ မ/ဒဂုံရဲစခန်းကိုညနေ၆နာရီခွဲအရောက်သွားရမယ်တဲ့။ ကျမတို့လမ်းထဲမှာ ကျမတို့အိမ်ရယ်၊မျက်စောင်းထိုးတစ်အိမ်ရယ်နဲ့ဖမ်းခံထိတာပါ။ မိန်းမဆိုလို့ ကျမနဲ့တစ်လမ်းကျော်က ကျောင်းဆရာမအစ်မကြီးရယ် နှစ်ယောက်ထဲ။ဆရာမယောကျ်ားက သူကြောက်လို့ မလိုက်ရဲဘူးတဲ့လေ။ အဲ့ဒီလိုလဲ ရဲစခန်းသွားရမယ် လဲဆိုရော ဝက်ပေါတို့ရုံးက ကျမတို့ရဲ့အိမ်နီးနားချင်းမိတ်ဆွေတွေလိုက်ချလာကြတာမို့ ကျေးဇူးတင် ရပါတယ်။ စောင့်ရှောက်တတ်တဲ့ပတ်ဝန်းကျင်နဲ့နေခွင့်ရတာ အလွန် ကံကောင်းတာပါ။ (ဦးအောင်ရှိန်၊ဦးသိန်းမြင့်နဲ့ ဦးတင်အောင် တို့ကိုအထူးကျေးဇူးတင်ပါတယ်။) ပျော်ပျော်ပါးပါး ဒိုင်နာကားကြီးစီးလို့ မီးချိတ်လို့အဖမ်းခံထိတဲ့လူက ၁၁ ယောက်၊ ရဲစခန်းကို အာမခံလိုက်တဲ့လူတွေက တစ်လှေပေါ့။ ရဲစခန်းရောက်တော့ အမှုဖွင့်တာပေါ့၊ ပထမဆုံး- အမည်၊ အသက်၊ အဖအမည်၊ နေရပ်လိပ်စာ။ နောက်စားပွဲကျတော့လဲ – အမည်၊အသက်၊ အဖအမည် ၊နေရပ်လိပ်စာ။နောက်ထပ်လဲ – – – – — – -။နောက်ထပ်လဲ – – – -။အလုပ်လုပ်တာ အတော်စေ့စပ်သေချာတာလို့ပြောချင်တာပါ။ ဒီလိုနဲ့ ည၁၂နာရီထိုးသွားတယ်၊ စခန်းမှူးမရှိလို့ မနက်ကျမှ အာမခံပေးမယ် ဆိုတော့ ၊ လိုက်လာတဲ့လူတွေက “တောင်းပန် တိုးလျှိုး ညှိ” ယူတော့မှဘဲ အာမခံနဲ့အိမ်ပြန်ရပါတော့တယ်။ အသွားတုန်းကလို ကားကြီးနဲ့ မဟုတ်ပေမဲ့လဲ၊ အပြန်ကျတော့ ပျော်ပျော်ပါးပါး ၉၆၉၃ (ကိုယ့်ခြေထောက်ကိုယ်သုံး) ပြီးပြန်လာကြတာ။

    ဒါနဲ့ တရားရုံးမှာအစစ်ခံဖို့ သွားရမယ်ဆိုတော့၊ ကိုယ့်အစီအစဥ်နဲ့ကိုယ်လာပါ့မယ်ဆိုတာ မရပြန်ပါဘူး။ အချုပ်ကားနဲ့သွားရမယ်တဲ့။ အမှုတော့အမှုဘဲ၊ ဒါပေမဲ့ အချုပ်ကားကြီးနဲ့တော့မသွားချင်ဆိုတော့ အင်း “ညှိ ” ပြီး၊ ကားတစ်စီးငှားသွားရပြန်ပါတယ်။ ” ညှိ ” တဲ့စကားလုံးလေးဟာ အတော် တန်ဖိုးရှိလှတာပါလား။ တရားရုံးရောက်တော့လဲ ရုံးချိန်းခဏ၊ခဏမသွားနိုင်တာကိုလဲ ” ညှိ ” ယူရတာပါဘဲ။ “မီးခိုးချိတ်တဲ့အမှု” ဒဏ်ငွေဆောင်ရတာက ၁၂၅ကျပ်၊ ကျမကုန်သွားတာက တစ်သောင်းကျပ်နီးပါး။ ပညာပေးခံရတာကအဆစ်။ သက်သေခံပစ္စည်း ဓါတ်တိုင်နဲ့အိမ်ကိုသွယ်တဲ့ ဆားဗစ်ကြိုးကိုပြန်လိုချင်ရင်လျှောက်လွှာတင်ရမယ်ဆိုတော့ ၊ ထပ် “ညှိ” ရမှာသိပ်ကြောက်လို့ ပြန်မယူတော့ပါဘူး။ ကျမတို့မှန်လိုက်တာ။ မီးလာသွယ်ပေးတဲ့အခါအဆင်သင့်ဖြစ်အောင် 7029ကြိုးအသစ်လေးတစ်ခွေဝယ်ထားလိုက်တာပေါ့။ အသစ်တောင်ရသေးတယ်။

    အော် – ညှိခြင်းပညာ* တတ်ခဲ့ရတာက အမြတ်။ ကောင်းလေစွ၊ ကောင်းလေစွ။

  • လွမ်းလို့ပါ

    ဒေါ်မိအောင် Daw Mi Aung

    ဘဝဆိုတာ တိုက်ပွဲတစ်ခုလို့ဆိုကြလို့ – – – ဒီတိုက်ပွဲလောက်ပြင်းထန်တဲ့တိုက်ပွဲတော့ရှိမှာမဟုတ်ပါဘူး။ စစ်မြေပြင်မှာမှ ရန်သူနဲ့သူသေ၊ကိုယ်သေ ရင်ဆိုင်တိုက်လို့ရနိုင်သေးတယ်။ ကိုယ်တို့ မိသားစုအဖို့မှာတော့ ထိုးနှက်ချက်က ရက်ရက်စက်စက်မို့ ဘယ်ခါတွေးတွေး ရင်ထဲမှာနာနေတာပြောမပြတတ်အောင်ပါဘဲ။ မောင်လေးအငယ်ဆုံးလေးကို သားလေးလို စောင့်ရှောက် ခဲ့ရတာပါ။ သူက ဆယ်တန်းအောင်ပြီး၊ မိတ္ထီလာလေတပ် စက်မှုသင်တန်းကျောင်းမှာသင်တန်းတက်နေစဥ်ကအသဲရောင် အသားဝါလဲဖြစ်၊ ငှက်ဖျားလဲဖြစ်ဘူးတာမို့ အမြဲဂရုစိုက်နေတဲ့ကြားက မကြာခဏဖျားတော့ ဆေးခန်းတွေပြတာပါဘဲ။ အစားလဲမက်တော့ ရင်ပြည့်လို့များလား၊ အူရောင်တာလားနဲ့ဆေးခန်းတွေပြပြီးအမျိုးစုံအောင်ကုကြတာပါဘဲ။ မောင်လေး မိတ္ထီလာမှာသင်တန်းတက်နေတုန်းကဆိုရင်၊ သူက အမေ့ကိုနှစ်လတစ်ခါလောက်ငွေ ၅၀ကျပ် ပို့ ပို့ပေးတတ်တာ။ ဒါပေမဲ့ အစ်မတွေကတော့ သူ့ကိုလူကြုံရှိတ်ိုင်း စားစရာ၊ ပိုက်ဆံတွေပို့ပေးရတဲ့အပြင်၊ အစ်ကိုဖြစ်တဲ့ မောင်လေးဝင်းမောင်က မုံရွာကပြန်လာတိုင်း၊ သူ့ညီလေးကို ပိုက်ဆံပေး၊ တပ်ပြင်မှာသူကြိုက်တတ်တာတွေကို လိုက်ပြီး ကျွေးတတ်သေးတာ။ လူကြုံရှိလို့ကတော့ ငါးခြောက်လေးတွေဆို အသားချည်းဘဲ ၃လက္မလောက်အတုံးလေးတွေ စားချင်တဲ့အချိန်ဖုတ်ခိုင်းပြီး စားလို့ရအောင်တစ်မျိုး၊ဗလချောင်ကြော်၊ ပုဇွန်ထုပ်ကို မုန့်နှစ်နဲ့ကြော်ပြီး စက္ကူဘူးခွံမှာစီပြီးထည့်တာကတဖုံနဲ့ စားစရာ ကိုပို့ပေးကြရတာ။ အဲ့ဒီအချိန်က တယ်လီဖုံးတွေဆက်ဖို့လဲခက်ခဲတော့၊စာတိုက်ကစာဘဲမျှော်ကြရတော့တာပါဘဲ။ သူစာပြန်ရေးရင် “မမရေ၊ ပို့ပေးလိုက်တဲ့စားစရာတွေကတော့ တပ်ထဲမှာ သူဆွဲကိုယ်ဆွဲနဲ့ တစ်နေ့ထဲပြောင်ရော” တဲ့လေ။ ကျမတို့မောင်နှမတွေက အစားကောင်းဆိုသူများကိုသိပ်ကျွေးချင်တာ၊ဖွက်မစားတတ်ကြဘူး။ (အဖေသင်ထားတာလေ။ ဧည့်သည်များ ထမင်းစားချိန်ရောက်လာလို့ကတော့၊ ကျွေးသာကျွေး၊အဖေ့ဖို့ မကျန်ရင်နေပစေ- လို့။)

    တခါများ ဖိုးချိုရဲ့တပ်ကလူကြုံလာတော့ အိမ်မှာဘဲတည်းခိုင်း၊ကျွေးမွေးပြီး၊ ပြန်တော့လဲ လမ်းစားဖို့စားစရာတွေလုပ်ပေးပေါ့။ မောင်လေးကိုစောင့်ရှောက်ဖို့လဲမှာရတာပေါ့။ ဧည့်သည်က ပြန်ခါနီး မမတို့ကိုကြည့်ပြီးစိတ်မကောင်းတာတဲ့။ ဖိုးချိုက မပြော ရဘူး – မှာလိုက်လို့ မပြောတာ။ မောင်လေး အသဲရောင် အသားဝါဖြစ်လို့ ဒီရက်ထဲ ဆေးခွင့်နဲ့နားနေရတယ်လို့ပြောပြရှာကြတာ။ အစ်မတွေဘဲ ချက်ချင်းလိုက်မယ်ပေါ့။ မုံရွာက ဆန်လာတင်တဲ့ဦးမြဟန်က အမတို့တစ်ရက်ဘဲစောင့်ပါ။ မနက်ဖန်ကားနဲ့ လိုက်ခဲ့ရင်ရတယ်ဆိုလို့၊ ၁၀ ဘီးကားကြီးခေါင်းခန်းကထိုင်ပြီးညီအစ်မ၃ ယောက်လိုက်သွားကြတာပေါ့။ ညောင်လေးပင်အိမ်မှာသူငယ်ချင်းစိန်စိန်အုံးကိုလဲ ဝင်ပြီးခေါ်လိုက်သေးတယ်။ ၁၀ဘီးကား၂စီးဆိုတော့ကျမတို့ ညီအစ်နဲ့သူငယ်ချင်း၄ယောက်ကတစ်စီး၊ ဦးမြဟန်ကနောက်တစီး။ မောင်လေးကိုစိတ်ပူလို့သွားကြတာပေမဲ့ သာဝတ္ထိက ထမင်းဆိုင်မှာ ထမင်းစားရတာကောင်းလိုက်တာ။ အရံဟင်းလေးတွေစားခဲ့ရတာကိုမမေ့ဘူး။ မိတ္ထီလာရောက်တော့ညနေစောင်းလေး။ ကျမတို့ကို မြို့ထဲမှာချထားပေးခဲ့တော့၊ မိတ္ထီလာချည်စက်ကို မြင်းလှည်းငှားပြီး ၄ယောက်သား သွားလိုက်ကြတာ၊အိမ်လိပ်စာလဲမသိ။ ချည်စက်ဝန်ထမ်းအိမ်ယာမှာ အန်တီအေးတို့အိမ်လို့မေးရင်ရတယ် ဆိုတဲ့ မောင်လေးပြောစကားကိုမှတ်ထားပြီးသွားကြတာပါ။ ရောက်လဲရောက်ရော သိပ်ကို ပျူငှာပြီးချစ်စရာ ကောင်းတဲ မိသားစု နဲ့ဆုံကြရတာမို့၊ နေခဲ့တဲ့ ၃/၄ရက်လောက်စိတ်ချမ်းသာရပါတယ်။ မိုးချုပ်မှရောက်သွားတာတောင် ရှိတာလေး နဲ့ချက်ပြုတ်ကျွေးမွေးလိုက်တာ၊မောင်လေးကိုလဲ သူတို့ ရဲ့သားလေးကိုစက်ဘီးနဲ့ပြေးခေါ်ခိုင်းလိုက်သေး။ တပ်နဲ့ကအတော်လှမ်းတယ်ဆိုတာ သိရတော့ ကလေးကိုစိတ်ပူလိုက်တာ။ ကျမတို့ရေမိုးချိုးပြီးလို့ ထမင်းစားပါဆိုတော့လေ စိန်စိန်အုံးနဲ့မိမာက ဆန်ကနီနီကြီးနော်၊ စားနိုင်မှာမဟုတ်ဘူးလို့ တီးတိုးပြောနေကြသေးတာ။ ဟင်းရွက်စုံဟင်းချိုလေး၊ ဝက်သားပြုတ်ထားတာလေးကို ခပ်ပါးပါးလေးတုံးပြီးငရုပ်သီးလေးနဲ့တစ်ခွက်၊စိမ်းစားငပိကြော်လေးနဲ့စားလိုက်ကြတာ၊ ဆန်နီနီကြီးဆိုတဲ့ နှစ်ယောက်ကတောင် ကောင်းလွန်းလို့ပါတဲ့။ မောင်လေးလဲရောက်ရော ကျမတို့စားလို့ ကျန်တဲ့ထမင်း ခဲလေးကို “သားစားဦးမယ်” ဆိုပြီး စားတော့တာပါဘဲ။ခု ဒီစာကိုရေးရင်းနဲ့တောင် သရေယိုမိသေးတယ်။

    နောက်နေ့မနက် မောင်လေးကစျေးသွားဖို့အစောကြီးလာခေါ်တာနဲ့ စျေးတန်းလေးကိုလျှောက်ကြတာပေါ့။ “မမရေ အန်တီအေးတို့အိမ်ကို ဆန်လေးဝယ်ပေးပါနော်” တဲ့ ။ “သားကအမြဲစားတတ်တာ” လို့လဲပြောသေး။ မန်ကျည်းဖူးလေးတွေ အဆုပ်လိုက်လေးရောင်းကြတာချစ်စရာကောင်းသေးတော့။ ဆန်၊ဆီနဲ့ အမဲသား၊ ဟင်းသီးဟင်းရွက်စုံ အောင်ဝယ်ပြီး အိမ်ပြန်ရောက်တော့ အန်တီအေးက ဖိုးချိုကိုဆူလိုက်တာ။ မောင်လေးကိုချစ်ကြတယ်၊ သူကဖင်လဲပေါ့တယ်။ကြက်စာလဲ ကျွေးပေးလိုက်တာဘဲ၊ရေခပ်စရာရှိလဲကူခပ်ပေးလိုက်တာဘဲမို့။သူ့သားသ္မီးလေးတွေလိုဘဲ- တဲ့။ ကျမတို့ ၄ယောက်မိတ္ထီလာ ကနေ မုံရွာကိုဆက်သွားကြတာပေါ့။အင်မတန် ခြေရှည်ကြတာလေ။ မုံရွာလဲရောက်ရော မိမာက ပူလှချည်ရဲ့ ချက်ချင်းပြန် ပါ့မယ်ဆိုပြီး အော်ငိုတာ။ သူကနဲနဲမှ သီးမခံတတ်တာ။အလိုလိုက်ခံထားရတာမို့။ မုံရွာဘုရားဖူးပြီး မန္တလေး စိုက်ပျိုးရေး ကအန်ကယ် ဦးထင်ဇော်အိမ်ကိုပြန်လာကြတာ၊ ဟားဟား ကျောက်တော်ကြီးဘုရားပွဲနဲ့ တိုးနေလို့ ရွှေမန်းဇာတ်ရုံကို အန်ကယ်က သူ့သ္မီးလေး၂ယောက်နဲ့အတူလိုက်ပို့ပေးသေးတာ။ပွဲတော့မကြည့်ရပါဘူး။ ရွှေမန်းဝင်းမောင်တို့ ချမ်းချမ်းတို့ ဦးဆန်းတို့ကိုနှုတ်ဆက်ရုံဘဲ ဇာတ်ရုံကိုသွားခဲ့ကြတာပါ။ အန်ကယ်ကလေ အပြန်ရထားပေါ်မှာစားဖို့ ပေါင်မုန့်ကြော် ပေးသေးတာ။ အန်တီကဆိုရင်ချက်ပြုတ်ကျွေးမွေးတာများ၊အန်တီချက်ကျွေးတဲ့ ငါးပတ်မွှေကစားကောင်းလွန်းလို့ ခုချိန်ထိမမေ့ဘူး။(ငတ်ကြီးကျလိုက်တာလို့မပြောကြနဲ့နော်။အစားမက်တာပါ။) ပြောဘူးတယ်လေ။ တောင်ငူရောက်တော့၄ယောက်ကိုထမင်းတစ်ထုပ်ဘဲဝယ်စားဖို့ ပိုက်ဆံကျန်ပါတယ်- ဆို။ ဘူတာရောက်တော့ ကားငှားစီးပြီး အိမ်ကပိုက်ဆံတောင်းပြီး ကားခပေးခဲ့တဲ့အဖြစ်။

    ဖိုးချိုလေးက သင်္ကြန်ပြီးစကထဲက တရှောင်ရှောင်နဲ့ နေမကောင်းဖြစ်လိုက်တာ၊ ဒီဇင်ဘာလဆန်းလောက်ရောက်တော့ ဆေးရုံတင်လိုက်ရတော့တာပါဘဲ။ ကျမရဲ့အလုပ်ရှင်ဦးမျိုးထွန်းနဲ့မသိုက်၊ ဦးဝင်းထင်နဲ့ မေပြုံးမြင့်၊ ညီမလေးမျိုးမျိုးတို့ ဝိုင်းဝန်းကူညီမှုနဲ့ ဂျပန်ဆေးရုံကိုတင်ဖြစ်တာပါ။ မောင်လေးက လုံးဝဆေးရုံမတက်ချင်ပါဘူး။ အိမ်မှာအမေတစ်ယောက်ထဲဖြစ်နေမှာစိုး ရိမ်ရှာတာပါ။ မောင်လေး စိတ်မပူနဲ့ -ဆိုပြီး၊ အမေ့ကိုအစ်မဝမ်းကွဲ ဒေါ်ခင်သန်းဆွေရဲ့အိမ်ကိုပို့ထားပြီး၊ ဝက်ပေါနဲ့ကျမကနေ့ရော ညပါဆေးရုံမှာနေကြတာပါ။ အမေ့မွေးစားသားတွေ ဖြစ်တဲ့ အောင်အောင်၊ တင်မျိုး၊ မျိုးဆင့်၊ အောင်ရဲထွဍ်လေးတို့ကလဲ ညရေးညတာ မမတို့နှစ်ယောက်ထဲ- ဆိုပြီးဆေးရုံလိုက် စောင့်ပေးကြပါတယ်။ ဆေးရုံပေါ်ရောက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ၊ တစ်ပါတ်လောက်ဘဲလို့ဆရာဝန်ကပြောလိုက်လို့ခံစားရတဲ့ ခံစားမှုမျိုးဟာလေ၊ ရင်ထဲက ကလီစာတွေဆွဲနှုတ်ခံလိုက်ရသလိုပါဘဲ။ ဒါပေမဲ့လို့ မလုပ်ကောင်းတာ၊လုပ်ကောင်းတာတွေ ဘေးချိတ်ပြီး၊ ဘယ်လိုစီစဥ်ရင် ဘယ်လောက်ကုန်ကျစရိတ်ဆိုတာမျိုးကစလို့ စုံစမ်းမေးမြန်းထားရတာပါ။ သူ့ခမြာလေ ဆေးတွေ၊ သွေးတွေကလဲသွင်းလိုက်ရတာ၊ အစာပိုက်ကို ဆွဲဖြုတ်မှာလဲစိုးရိမ်ရနဲ့ သောကတွေ။ ဝင်းမောင်လေးကမဆုံးခင်၃ရက်လောက်ကျတော့ ကော့သောင်ကရောက်လာလို့၊ သူတို့ညီအကိုတွေ့လိုက်ရပါသေးတယ်။ အဲ့ဒီတော့ အမေနဲ့ဝင်းမောင်ကို ငြိမ်းငြိမ်းတို့အိမ်ကိုပြောင်းပြီးနေခိုင်းရပြန်ပါရော။ အဲ့ဒီအချိန်လေးမှာဖိုးချိုလေးသတိပြန်ရလာလို့ အမေ့ကိုခေါ်ပေးခိုင်းရှာတယ်။ တူလေးထင်လင်းကျော်ကဆေးရုံက်ုလိုက်ပို့ပေးရှာလို့ အမေ့ကိုမောင်လေးကန်တော့လိုက်ရရှာပါသေးတယ်။ 23- 12-1998 နံနက် ၆နာရီမှာတော့ မောင်လေး ကျမတို့ကို အပြီးထားခဲ့ပါပြီ။ ဖိုးချိုလေးဆေးရုံတက်နေစဥ် ကူညီစောင့်ရှောက်ကြသူအားလုံး၊ ရပ်ကွက်ထဲက ရက်လည်တဲ့နေ့တိုင်အောင်မိသားစုသဖွယ်ဝိုင်းဝန်းကူညီသူအားလုံးကို မမေ့မလျော့ ကျေးဇူးတင်နေပါတယ်။ ဖိုးချို ရက်လည်ပြီး၊ နောက်တစ်နေ့မှာတော့ မောင်လေးဝင်းမောင် ကော့သောင်ကိုပြန်သွားရပါတယ်။ သူကလဲ ကျောက်ကပ်မကောင်းလို့ ရနောင်းဖက်မှာဆေးကုနေရတယ်ဆိုတာကို ဖုံးဖိပြီး၊ပြန်သွားရှာတာပါ။

    ဖိုးချိုလေး ရက်လည်ပြီး၊ နောက်ရက်ဘဲညီအမနှစ်ယောက်လုံး အလုပ်ပြန်ဆင်းရတာဆိုတော့ အိမ်မှာ အမေတစ်ယောက်ထဲကျန်ခဲ့ရရှာတာပါ။

    6-1- 1999 နေ့မှာ ဝင်းမောင်နေမကောင်းဘူး-လို့သူ့ယောက်ဖလေးကဖုံးဆက်လာတာပါ။ လောလောဆယ်တော့ ငိုဖို့ကလွဲလို့မစဥ်းစားမိပါဘူး။ တခါမှမရောက်ဘူးတဲ့အရပ်၊ လေယာဥ်လက်မှတ်ရဖို့ကလဲ ခက်ခဲနဲ့ ဘာကစပြီးလုပ် ရမှန်းကိုမသိတော့တာ။ နောက်တော့ ဝက်ပေါရုံးက သူ့မိတ်ဆွေရဲ့ယောကျ်ားကိုအကူအညီတောင်းရပါတော့တယ်။ ၁၈ရက်နေ့ညနေကျမှ ကိုဒေးဗစ်က လေဟာဥ်လက်မှတ်ရပြီဆိုလို့။ (တကယ်ကျေးဇူးတင်ရပါတယ်။) ၁၉ ရက်နေ့ ကွင်းချိန်းက နံနက်၅နာရီ-တဲ့။ ဒဂုံအိမ်ကနေ မိမာနေတဲ့ ကြည့်မြင်တိုင်၊ နိဗ္ဗာန်လမ်းအိမ်ကို အဝတ်အစားတွေ ကျွတ်ကျွတ်အိပ်နဲ့ ထည့်ပြီး အမြန်ပြေးရတော့တာပါဘဲ။ တစ်ယောက်ထဲ မိုးချုပ် တက္ကစီကလဲငှားမစီးရဲပါဘူး။ အဲ့ဒီတုန်းက ဒဂုံကနေ၊ကြည့်မြင်တိုင်ကို ကားနှစ်ဆင့်ပြောင်းစီးရပါတယ်။ ၁၉ရက်နေ့နံနက်၄နာရီမှာ မိမာနဲ့ သူ့ခင်ပွန်းမောင်သိန်းထိုက် တို့ကလေယာဥ်ကွင်းကို လိုက်ပို့ရှာကြတာ။ ကော့သောင်ကို၁၁နာရီလောက်ရောက်တော့ ကားသမားတွေကိုမေးရတာပေါ့။ ကံကောင်းတော့ မောင်လေးကိုသိတဲ့သူမို့ အိမ်ရှေ့အရောက်လိုက်ပို့ပေးရှာပါတယ်။ကျေးဇူးတင်လိုက်တာ။ ရုံးက ဦးဝင်းထင်စိတ်ပူလို့ပြောတဲ့ “ကော့သောင်ကိုမရောက်ဘူးဘဲနဲ့၊ မမိတော့ ရောင်းစားခံရတော့မှာဘဲ” ဆိုတာကိုလဲသတိရပြီး၊ကြောက်မိပါတယ်။

    ကျမရောက်တော့လေ “အစ်မကဘာလို့လိုက်လာတာလဲ၊အိမ်မှာအမေနဲ့ဝက်ပေါနှစ်ယောက်ထဲရယ်” လို့ ဒရင်းဘက် ပေါ်ကထလာပြီး၊ အစ်မကိုကြိုရှာတယ်။ သူ့မိန်းမက “အဲ့ဒါ ဒေါ်မိလား၊မဝက်လား” လို့မေးတော့ ၊ သူက “ဒေါ်မိ ဟဲ့၊ ငါ့အစ်မအကြီးဆုံး၊ငါတို့အမေလိုဘဲ” လို့ပြောတာ။ “အစ်မချက်တဲ့ ငါးပြေမ အချဥ်ဆီပြန်လေးစား ချင်လိုက်တာ” လို့လဲပြောရှာတယ်။ (ကျမတို့မောင်နှမတွေကအလွန်သံယောဇဥ်ကြီးကြတာ။ သမုဒယတွေပေါ့။)

    ကျမ ကော့သောင်ရောက်ပြီး၃ ရက်မြောက်နေ့မှာဘဲ၊ မောင်လေးဝင်းမောင်က ကျမတို့ကို ခွဲသွားပြန်တာပါဘဲ။ 22-1-1999 ည၉ နာရီတိတိပါ။ သူတို့ဆီမှာ ၅ရက်နဲ့ရက်လည်ပြီး၊၇ ရက်မြောက်နေ့မှာ လေယာဥ်လက်မှတ်ရလို့ ရန်ကုန်ကိုပြန်လာတော့ အမေ့ကို ဘယ်လိုပြန်ပြောရမလဲ-ဆိုတဲ့ အတွေး တသီကြီးနဲ့ ပြန်ခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက် တစ်လတိတိဘဲ ခြားပြီးထွက်သွားခဲ့ကြတာ။ ဝင်းမောင်ကို သင်္ဂြိုလ်တဲ့အေးရိပ်ငြိမ်သုသာန်က တောင်ပေါ်မှာ၊ ဘုန်းကြီးကျောင်းတွေ လဲရှိတော့လေ၊- – – – ဖိုးချိုလေးနေမကောင်းဖြစ်နေစဥ်က “ကိုကြီး(ဝင်းမောင်)ကိုတွေ့ချင်လိုက်တာလို့ပြောတော့၊ မောင်လေး ဘာလုပ်ချင်လို့လဲ- လို့မေးရတာပေါ့။ အဲ့ဒီတော့လေ မောင်လေးက “သားတို့ကိုဆရာတော်ကခေါ်နေပြီ၊တောင်ပေါ်မှာ ကိုကြီးကလမ်းမသိလို့ သားကပြောပြရမှာ”လို့ဆိုတာလေးကို ကျမငိုရင်းနဲ့ သတိတရ ခေါင်းထဲရောက်သွားမိပါတယ်။ ဘာမှန်းတော့ မသိပေမဲ့ သူတို့ညီအစ်ကိုက ပတ်သက်ဆက်နွယ်ဘူးတဲ့ အထုံရေစက်တွေများလား – လို့။ ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့အမေလေ ရူးမသွားတာကံကောင်း။တရားအလုပ်တွေလုပ်ထားလို့သာဖြေနိုင်ရှာတာ။သူတစ်ယောက်ထဲ နေ့လည်ဖက်အိမ်မှာကျန်ရစ်ခဲ့တဲ့အချိန် မျက်ရည်ကျရင် “ငါ၊ ဘယ်ဘဝက သားကိုလွမ်းလို့ ငို နေမိပါ လိမ့်” ဆိုပြီး ၊ဖြေရရှာတယ်တဲ့။

    ဒီဘဝမှာဆုံခဲ့ရတဲ့မောင်လေးတွေအေးငြိမ်းရာဘုံဘဝရောက်ကြပါစေ။

    ကိုယ့်မျက်စေ့ရှေ့မှာ၊ ကိုယ့်လက်ပေါ်မှာဆုံးသွားတဲ့ကလေးတွေအတွက်တောင် ၂၃နှစ်ကြာတဲ့အထိ ဝမ်းနည်းမဆုံး ၊ခံစားနေရတုန်းဆိုတော့၊ ဆုံးပြီလို့ဆိုလို့သာ သိလိုက်ရသူတွေ၊မမြင်လိုက်ရသူတွေအတွက်တော့ – – – – – –

    သေသူကို ရှင်သူက “တ”နေရတာပါလား။

    ။မှတ်ချက်။ ။ ဒီစာရေးဖို့ကိုအတော်အားယူရပါတယ်။မနေ့က မရေးဖြစ်တာ နားလည်ပေးကြပါနော်။ ကျေးဇူးတင်ပါတယ်။

    ဖိုးချို(သက်နိုင်) – – – ၃၃ နှစ်။

    ဝင်းမောင်(ဝင်းအောင်) – – -၃၉ နှစ်။

  • မိမိကိုယ်ကိုမြင်မိခြင်း

    ဒေါ်မိအောင် Daw Mi Aung

    ဒီနေ့တော့ စောစောစီးစီး အိမ်အလုပ်လေးတွေလုပ်ပြီးသွားလို့၊ ရေမိုးချိုးပြီးမှန်ရှေ့အကျအနထိုင်မိတော့မှဘဲ၊ ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်မိတာပါ။ အမေ (19-9- 2020)နေ့၊ စပြီးနေမကောင်းဖြစ်ကထဲက မှန်နဲ့ လူနဲ့ မတွဲဖြစ်တော့တာ။

    အမေ့ကိုပြုစုရင်းနဲ့တော့ “အော်၊ငါတို့အမေရဲ့ခန္ဓာကြီးက တဖြည်းဖြည်း “ပျက်” လာလိုက်တာလို့ “သံဝေဂ” လေးရခဲ့မိပါရဲ့။ “အားဖြစ်အောင် စားပါအမေရယ်”လို့ ချော့မော့ပြောရင်တော့ “ဝမ်းထဲကကိုလက်မခံတာပါသ္မီးရယ်”လို့ ပြန်ပြောတတ်တာ။ ကိုယ်တွေကလဲ အစား စားနိုင်ရင် အားပြည့်ပြီးပြန်ကောင်းမယ်လို့ဘဲ မျှော်လင့်ခဲ့တာကို။ အဲ့ဒီအချိန်မှာတကယ့်ကို သိလိုက်ရတာကတော့ *”သားသ္မီးတွေ မိဘကို စားနိုင်တုန်းကျွေးကြရမယ်” * ဆိုတာလေးပါဘဲ။ ကျမတို့ ညီအစ်မတွေအဖို့ ဒီအတွက်တော့ နောင်တရစရာ တစ်ကွက်မှ မရှိလို့ဖြေသာပါသေးတယ်။ လိုအပ်တာတော့ မလစ်ဟင်းရအောင် အားလုံးဖြည့်ပေးနိုင်ခဲ့တာကိုတော့ “သစ္စာ”ဆိုဝံ့တာမို့၊ * “ဤမှန်သောသစ္စာစကားကြောင့် အေးချမ်းသာယာရှိကြပါစေ။”* လို့။

    မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်ကြည့်မိတော့ အတော်ကိုအပျက်တွေများနေပါပေါ့လား လို့တွေးမိတယ်ဆိုတာထက်၊ မြင်မိတာကပိုမှန်ပါလိမ့်မယ်။ ခေါင်းတခေါင်းလုံးလဲ ဖွေးလို့ပါဘဲ။ ဒါက ဆံပင်ဆေးဆိုးပြီး ပြုပြင်လို့ရသေးတယ်ထားပါဦး။ သနပ်ခါးလိမ်းတော့မှ နဖူးကအရေးအကြောင်းတွေနဲ့ မျက်စေ့တဝိုက်မှာက ကြက်ခြေ၊ပါးစပ်ရဲ့ဘေးပတ်လည်ကလဲ အရေးအကြောင်းထင်နေပါပေါ့လား။ အရင်တုန်းကလိုလဲမျက်နှာမှာ သနပ်ခါး လိမ်းရတာ တင်းတင်းရင်းရင်းမရှိနဲ့။ “ဇရာ” ရဲ့ သင်္ကေတတွေ ပြနေတာပါ။

    လည်ပင်းတဝိုက်ကိုကြည့်လိုက်ပြန်တော့လဲ၊ ငယ်တုန်းက လည်တိုင်မျိုး ဘယ်ကိုရောက်သွားပါလိမ့်။ တွန့်ရွဲလို့ပါလား။ လက်မောင်း၊ ခြေသလုံးတွေကလဲ တင်းတင်းရင်းရင်းမဟုတ်၊ ပျော့အိပျော့တွဲ။ ငါတို့လဲ မဝေးတော့တဲ့ခရီးဟာ ပိုလို့နီးလာပါပြီကောလို့။ မေ့မေ့လျော့လျော့နဲ့ ဘုရားမှန်းတရားမှန်းမသိနဲ့ နေလို့ကတော့၊လုံးဝမဖြစ်တော့ဘူးနော်။ လက်ရှိ အနေအထားလေးထက်ပိုပြီး မဆိုးရွားအောင်၊ “ရင်းစား”လေးတော့ပြန်ရဖို့အတွက် “တရားကို ပိုပြီးကြိုးစားအားထုတ်မှ တန်ကာကြတော့မယ်” လို့ ကျမနဲ့ရွယ်တူတွေကို “အချက်ပေးခေါင်းလောင်းလေး” ထိုးလိုက်တာပါ။ မှတ်ချက်။ ။ဆရာကြီးလုပ်ခြင်းမဟုတ်၊မေတ္တာဖြင့် မျှဝေခြင်းသာဖြစ်ပါသည်။

    သနပ်ခါးလိမ်းပြီးများဇိုးကနဲဇတ်ကနဲ ပြန်ထဖို့ကတော့မစဥ်းစားလေနဲ့။ လေးဘက်ကုန်းပြီး အားတင်းလို့ထရတာ။ “တကျွတ်ကျွတ်” နဲ့ စုပ်သပ်ရတာကပါသေး။ ” မင်းတော်တော် အိုလာပြီ၊” တဲ့။

    အော်၊ ဒီလိုလေး သံဝေဂ ရစရာလေးတွေမြင်မိတော့လဲ၊ ကိုယ်ကအစပေါ့လေ “ဘာလို့များ မာနတွေထားနေကြပါလိမ့် “လို့ဆင်ခြင်မိပြန်ပါရော။ “ဘာလို့များ လောဘတွေ အတောမသတ်ဘဲ လိုချင်ရမက်တွေ ငမ်းငမ်းတက်နေရပါလိမ့်။

    အလိုဆန္ဒတွေ၊လောဘတွေ၊မာနတွေ များနေသရွေ့ အတော်ကို ပူလောင်ကြရှာမှာ။

    အပူခံပြီး လွှတ်မချသေးသရွေ့ကတော့ – – –

    ကိုယ်သေရင်ပါမှာက ကိုယ်ပြုခဲ့တဲ့ တရားနဲ့ကိုယ့် ရဲ့ကောင်းသတင်း၊ ဆိုးသတင်းမို့၊ လောဘ၊ဒေါသ၊မောဟ၊မာန တွေကို လွှင့်ပစ်နိုင်ရင်တော့ – – –

    တရားရှာ ၊ကိုယ်မှာတွေ့ ဆိုတာလေး – သိပ်ကိုမှန်ပါလားလို့ပါ။*လောဘ၊ဒေါသ၊မာန်မာနတွေ ကင်းဝေးကြပါစေ။

  • Lillian Penson Hall

    From a post by Dr. Khin Tun (Peter), son of Dr. Khin Kyi Nyunt (Cherry)

    Both are now GBNF (Gone But Not Forgotten)

    In 1967-68, there were three Burmese scholars at the Lillian Penson Hall, University of London, (15-25 Talbot Square Paddington, London, W2 2TT)

    • Khin Kyi Nyunt
    • Khin Mya Than
    • Cho Nwe Oo
  • Memories of Dr. Thane Oke Kyaw Myint

    This little book was given to me on 15/10/90, my last day in service. In this little book friends, colleagues, house surgeons and students wrote.

    My House Surgeons and students of IM 2 gave me promises that they would remember me and my teachings and words said on that day. I take the book out often to read and reread what they wrote thinking again of each of them.

    Most of them have become senior consultants, professors and many successful in business. And I rejoice with them of their achievements.

    Only a handful have stayed in touch. But because of this little book I read, reread and and remember each of them. There now a tear on the edge of the book due to my often taking it out and rereading it again and again.

    Just reminiscences of an old man living in the past remembering the times spent as a teacher.

    Hope they still remember me and the promises given to me.

  • Poem from Myanmar Mudita Sar Saung

    By Tekkatho Moe War (Saya U Moe Aung)

    ကျွန်ုပ်တို့၏ ဝိညာဥ်သည် မရှိအရပ်သို့
    ပျံဝဲရန် တရွေ့ရွေ့နှင့် တာစူ အသင့်ပြင် နေလေပြီ။

    မောင်ညွန့်ဌေး (အထက်မင်းလှ)
    အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သော
    မြန်မာမုဒိတာစာစောင် (၂၀၁၉ အောက်တိုဘာ- တန်ဆောင်မုန်းလထုတ်) တွင်….

    ” တရွေ့ရွေ့လျှင်..”

    မျှော်လင့်ခြင်းကို
    သေမင်းနှင့် အစားထိုး၊ အရိုးပေါ် အရေတင်
    ခြင်ဆီခန်းခြောက်၊ ချစ်ချစ်တောက်ဆူ
    နွေနေပူအောက်၊ ဘယ်နှယောက်မြောက်လဲ
    မသိဆဲမှာ…
    ခွဲရတော့မည်၊ ရင်ချီကော့ဦးမလား
    ပလီနော့ဦးမလား…
    အလှတရားမဲ့၊ သိခဲ့သင့်ပြီ။

    မျှော်လင့်ခြင်းသည်….
    ဝေးခြင်း နီးခြင်း၊ စပ်ဖျဥ်းဖျဥ်းလျှင်
    နာကျင် နွမ်းလျ၊ ရသ နာမ်ရုပ်
    တဖြုတ်ဖြုတ်ကြွေ၊ တစ်နေ့ရွှေနှင့်
    ငွေရယ် တစ်နေ့၊ တရွေ့ရွေ့လျှင်….
    အငွေ့သာကျန်၊ အလံပြုတ်ကျ
    ထာဝရ ဟူဘိ၊ မတည်ရှိတော့…။

    တရွေ့ရွေ့လျှင်…
    ငွေ့ငွေ့ လောင်ကျွမ်း၊ မီးခိုးတန်းများ
    ဖမ်းဆုပ် မမိ၊ ငေးကြည့် မောဟိုက်
    စိတ်ထင့်ခိုက်မှာ၊ လှိုက်ခနဲ ပင့်သက်
    အိပ်မက်မှ လန့်ထိတ်
    စိုးစိတ် ပြည့်လျှံ၊ သန်းခေါင်ယံမှာ…။ ။

    တက္ကသိုလ် မိုးဝါ
    ၂၂ -၁၀- ၂၀၁၉
    (မြန်မာမုဒိတာစာစောင်* တန်ဆောင်မုန်းလ)

  • December Yin Khwin

    By Tekkatho Moe War (Saya U Moe Aung)

    ” ဒီဇင်ဘာ ရင်ခွင် ”

    ရင်ခွင်ဟာ….

    တာရှည် ပွေ့ပိုက်၊ တစ်ခိုက်တစ်ခဏ မဟုတ်။

    သည် ရင်ခွင်ဟာ…

    ဝင်ကာမျှနဲ့၊ စာနာမဲ့ ဘိအေးတိ အေးစက်၊

    လေထွက် လေဝင်အသက်ငင်စေ….။

    သည် ရင်ခွင်ဟာ..

    ထာဝရ အနွေး၊ ထွေးထွေး

    ယယုပြုစု အစဥ်အဆက်၊ လေထွက် လေဝင်

    အသက်ရှင်စေ၊ ပန်းရနံ့ဝေ ပျံ့….။

    ဒီဇင်ဘာရင်ခွင်ထဲ…..

    မစဲ ဝင်လာ၊ ဖွေရှာ တစ်လီ

    ပန်းချီစုတ်ချက်၊ ရောင်စုံစွက်တဲ့

    သက်တံ မိုးခုံး၊ အဆုံးထိမြင်

    ခရီးနှင်ကြ၊ ဓမ္မတရား

    ဘက်သားတို့ အောင်ပွဲနွှဲဆင်ကြစို့။

    ဒီဇင်ဘာရင်ခွင်….

    လွင်ပြင် ပတ်လွှံ့၊ ဆန့်ဖျန်း နှင်းဖွေး

    အနွေးဓာတ်တွေ လွှမ်းခြုံနေ…။ ။

    တက္က သို လ် မိုးဝါ

    ၁ ဒီဇင်ဘာ ၂၀၂၁(နံနက်- ၉ နာရီ)

  • Pay Phu Hlwar & Pyapon Ni Lone Oo

    By Tekkatho Moe War (Saya U Moe Aung)

    ပေဖူးလွှာ မဂ္ဂဇင်း နဲ့ ဖျာပုံ နီလုံဦး….

    ခုတလော အိမ်အောင်းကြာဘဝမှာ စာပေအနုပညာရောင်းရင်းတွေကို သတိရနေမိတာတစ်ယောက်ပြီး တစ်ယောက်…။ ကွယ်လွန်သူ ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ အောင်ပြည့် ပြီးတော့ အခုတစ်ခါ ဟိုးတစ်ခေတ် ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာ သူငယ်ချင်း ဖျာပုံနီလုံဦး ကိုအထူးသတိရနေပြန်ပြီ။

    မဂ္ဂဇင်းအဟောင်းတွေလှန်လှောကြည့်လိုက်တော့ ဘယ်ခေတ်ဘယ်ကာလပဲကြည့်ကြည့် အမှန်တရားဖြစ်နေမဲ့ ကိုယ်​စာစီဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုတွေ့လိုက်​လို့ ဝမ်းသာအားရ​ ဖြစ်သွားတယ်။ ပေဖူးလွှာ ၁၉၈၇ မေလ ထုတ် မှာပါ။ မဂ္ဂဇင်းတွေ အမျိုးအစား ၂၀လောက်ထွက်တာတောင် နာမည်ရလူကြိုက်များတာဆိုရင် စောင်ရေ ၆၀၀၀၊ ၈၀၀၀ ရောင်းကုန်တဲ့ ခေတ်…။ မတူသလား မမေးနဲ့…။ မတူရင်လာမ ယှဥ် နဲ့၊ မတုနဲ့…။ အနုပညာရဲ့စွမ်းပကား….

    ” ချာလီချက်ပလင် ဝေဒနာ ”

    ဆယ်စုနှစ်များစွာ…
    အနုပညာစွမ်းရည်၊ အဆီအနှစ် ထုတ်ဖော် လှစ်ပြ၊
    တစ်ခေတ်တစ်ခါ ထူထောင်လာတဲ့၊
    ချာလီ ချက်ပလင် အသင်ရဲ့ စွမ်းပကား၊
    ပညာသားကို လေးစား အားကျမိပါရဲ့…။
    ပြိုင်ပွဲတဲ့လေ…
    ပရိသတ်တွေကြား၊
    စင်ပေါ်ထားလို့ ခွဲခြား မပီ၊
    “ချာလီ” များစွာ တန်းစီပါ
    ရွေးပါ ဘယ်ဟာအစစ်၊
    မျက်ရစ် မျက်ခုံး မျက်လုံး မျက်ဖန်၊
    ကိုယ်ဟန် အနေအထား ခြေဆုံးဖျားထိ
    တူသလား မမေးနဲ့။
    အတုတစ်​ယောက်က ပထမ
    နောက်အတုက ဒုတိယ…
    တတိယနေရာ၊ ခမျာ ချာလီအစစ်
    မျက်နှာမသစ်ခဲ့မိလို့ ဇာတ်ပို့ဖြစ်ရ
    ဟာသ ခုံမင်၊ ပျော်ရွှင်စရာပွဲတစ်ပွဲ ယှဥ်ပြိုင်ရွေးကြပေမဲ့…။
    လောကကြီးမှာ…
    “ချာလီ” ရဲ့သနစ်၊ အဖြစ်ဟာ
    ရယ်စရာ ထင်ရပါလည်း ဝမ်းသာအံ့ဩ၊
    ပျော်မောဖွယ်မဟုတ် ရုတ်ခြည်း အတွေးပွား၊
    စိတ်ချောက်ချားတယ်။
    ချာလီချက်ပလင်
    အသင်ရဲ့ နေရာ ဘယ်မှာ ဘယ်လဲ….။ ။
    တက္ကသိုလ် မိုးဝါ
    ၁၇ -၉ -၁၉၈၆
    ပေဖူးလွှာမဂ္ဂဇင်း- ၁၉၈၇ မေလ။

  • Shumawa Maung Swe Tint & Maung Myint Myat

    By Tekkatho Moe War (Saya U Moe Aung)

    အိမ်အောင်းကြာဘဝ (၃)ရဲ့ အတွေးခါးခါးနဲ့…. ရှုမဝ-မောင်ဆွေတင့်၊ မောင်မြင့်မြတ်။

    ရှုမဝမဂ္ဂဇင်းဆိုရင် စာပေရေးသားသူ၊ လေ့လာလိုက်စားသူအများ ကြိုက်နှစ်သက်ခဲ့သည့် စာပေမဂ္ဂဇင်းတစ်စောင် ဖြစ်တယ် ဆိုတာ ငြင်းဖွယ်မရှိပါ။ ရှုမဝဦးကျော်ပြီးရင် သူ့သားအကြီး မောင်ဆွေတင့်က ရှုမဝမဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်လာပြီး သူ့ကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာအဖြစ်သိကြတယ်။

    ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၈ခုနှစ်က တက္ကသိုလ်ကလောင်အသင်းမှာ စာရေးသူရော မောင်ငွေလှိုင်း (ဦးသက်လွင်) ရော၊ ရွှေကူ​ မေနှင်း၊ သင်းအောင်၊ ကြူ ကြူသင်း၊ ထီလာစိုး မြင့်ထယ် တို့အတူပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ စာရေးဆရာ ကဗျာ ဆရာ တွေအများကြီးပါကြတာပေါ့။ ကဗျာဆရာ မောင်မြင့်မြတ်ကလည်း မောင်ဆွေတင့်နဲ့က သူငယ်ချင်း၊ ဒီတော့ စာရေးသူနဲ့လည်း သူငယ်ချင်းပေါ့။ စကားပြောရင် မင်း- ငါ ဆိုပြီး​ပြောတာ….။ သူတို့နှစ်ယောက်ပေါင်းပြီး ‘ခရေကောက်’ ဆိုတဲ့ကဗျာစာအုပ် ကို အစောပိုင်းကတည်းက ထုတ်ခဲ့ကြတာ၊ လူတွေတောင်သိပ်မှတ်မိကြတော့မယ် မထင်ဘူး။ မောင်မြင့်မြတ်ကနောက်ပိုင်းတော့ ပေဖူးလွှာမဂ္ဂဇင်းတိုက် (၃၃လမ်း) မှာ အယ်ဒီတာ (သူတို့ ဖျာပုံသားတွေ)။ အဲဒီတော့ စာရေးသူက ပေဖူးလွှာမှာ ပိုအစက်ကျ တာပေါ့။ မောင်ဆွေတင့်ကို ရှုမဝတိုက်မှာ တွေ့ဖို့သိပ်မလွယ်လှဘူး၊ သူ့ညီမ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်အေး​အေးသန်းနဲ့ပဲတွေ့တာ။ ပေဖူးလွှာသွားတိုင်း ၃၃လမ်းထိပ် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တော့ ဆရာအောင်သင်းလည်းရောက်ရောက်လာတတ်တယ်။ မောင်မြင့်မြတ်နဲ့ စာရေးသူနှစ်ယောက်သား မင်း- ငါ နဲ့ စကားပြောတာကြားတော့ ဆရာအောင်သင်းက အတော်အံ့အား သင့် နေခဲ့တာ။

    ထားပါတော့၊ စာရှုသူများစိတ်ဝင်စားရဲ့လား မဝင်စားဘူးလားမသိ၊ ဇွတ်ရေးနေမိပြန်ပြီ။ အခုပြောချင်တာက သူတို့ကို တအား သတိရလို့ရှုမဝမှာ ဖွဲ့သီခဲ့တဲ့ ‘စီးကရက်ထိပ်မှ ပြာမှုန်မွ’ ကဗျာကိုဖော်ပြချင်ပါတယ်။ အခု လောလောဆယ်မှာ အဆက် အသွယ် ရခဲ့တဲ့ ရှုမဝဦးကျော်ရဲ့မြေး၊ မောင်ဆွေတင့်ရဲ့ တူမဖြစ်သူ Anna Kyaw က ပြန်ပြောလို့ ဒီကဗျာကို ပြန်ပြောင်းမှတ်မိသွားတာပါ။ ကြိုက်နှစ်သက်တဲ့အမြင်အယူအဆရှုထောင့်က အနက်ယူ သုံးသပ်ဝေဖန်နိုင်ပါတယ်။

    ” စီးကရက်ထိပ်မှ ပြာမှုန်မွ ”

    အနုပညာ၊ လောကမှာဖြင့်
    ငါသာ တော်၏၊ သူညံ့၏ လို့…
    ဖိအား ထန်ပြင်း၊ သွေးခြင်းခြင်းဆူ
    နားထင်ပူအောင် ကလူ နှိပ်စက်၊
    ဘဝင်ခက်ကို ရင်ထက် တံဆိပ်၊
    ခတ်နှိပ် ​ကြေညာ ဘယ်ဝါ ဘယ်သူ၊ တစ်စုလူကား
    မှုန်မွှား ပွယောင်း၊ ထောင်သောင်းပွင့်သီး
    စီးကရက်ထိပ်မှ ပြာမှုန်မွ…။
    ပါးစပ် ခဲစုပ်၊ အဆုတ်ထဲ ရှိုက်
    အားစိုက်ပေးမှ၊ ဘဝ တည်မြဲ
    ရဲခနဲတောက်၊ မဖြစ်လောက်သော
    ယောက်ယက် ဝေ့ဝဲ၊ မီးခိုးစဲသော်
    ခိုတွဲ တစ်ဒင်္ဂ ပြာမှုန်မွ။
    မရှိုက် မစုပ်၊ မထုတ်မသွင်း
    မီးပြင်းမညှိ၊ အားဖြည့်သူမဲ့
    နုန့်နဲ့ အခြေ၊ ဘယ်မှာလေလျှင်
    အမျှင်တန်းရစ်၊ မီးခိုးဖြစ်၍
    ထုတ်လှစ် ဘဝ၊ ပြာမွ ဖြစ်တည်
    ကြယ်ပွင့်သီအံ့…။
    အို… ပြာမှုန်မွ… ဘဝအရှင်၊ အသင် လှောင်ထေ့
    ကျေးဇူးမေ့လျှင် ဟေ့- ငါ့ လက်ချောင်းကြား
    ညှပ်ထား ငြိမ်သက်၊ စီးကရက်ကို
    လက်မ ဖြင့်ခေါက်၊ တစ်ချက်တောက်ရုံ
    ပျောက်လွင့်ကြွေပျက် ဖွာထွက်သွားမည် ​
    မြေကြီးဆီ။ ။

    တက္ကသိုလ် မိုးဝါ

    ၁၂- ၁- ၁၉၈၅ ရှုမဝမဂ္ဂဇင်း-

    ၁၉၈၅စက်တင်ဘာ။

  • “Instant” Poem

    by Tekkatho Moe War (Saya U Moe Aung)

    The poem was composed extemporaneously — on the spur of the moment.

    Instant Poem 1
    Instant Poem 2
    Instant Poem 3

    လက်တန်း အလွမ်းကဗျာတစ်ပုဒ်…။

    “ဘယ်နှခေါက်ရောက်ရောက် လွမ်းမီးတောက်ဆဲ…”

    တစ်ခေါက် နှစ်ခေါက်၊ သုံးလေးခေါက်လည်း
    တောက်ဆဲအပူဟပ်၊ ငြှိမ်းသတ်မရ။

    ငါးခေါက် ခြောက်ခေါက်၊ ခုနစ်ခေါက်လည်း
    မီးတောက် ပြာနှမ်း၊ အလွမ်းဓာတ်မပြေ….။

    ရှစ်ခေါက် ကိုးခေါက်၊ ဘယ်နှခေါက်လဲ
    ချောင်းပေါက်ပြီကော၊ လွမ်းမောလျော့ခွေ
    သြော်… စွယ်တော်မြေရယ်….။

    အလွမ်းလှေမှောက်
    အခေါက်တစ်ရာ၊ အလွမ်းတစ်ရာလား
    သစ်ခက်ကြားက….
    ခိုနားလှမ်းကြည့်၊ မျက်စိလှည့်စား
    အလှတစ်ပါးပင်၊ သံယောဇဉ်နှောင်ကြိုးရယ်
    ဘာ့ကြောင့်တွယ်သလဲ
    အမေးထဲမှာ၊ လွမ်းမြဲ လျော့ခွေ
    သြော်…စွယ်တော်မြေရယ်…။ ။

    တက္ကသိုလ် မိုးဝါ
    (၁၁ ဇူလိုင် ၂၀၂၀)
    ညနေ ၅:၂၀။