Category: Mi Aung

Memories of Mi Aung (25)

ပျော်ကြပါစေ ဆိုင်းသံကြားရင်၊ မကတတ်လို့သာ ထပြီးမကတတ်ပေမဲ့၊ပွဲကြည့်ချင်တာထိန်းမနိုင်သိမ်းမရ။ ငယ်တုန်းကတော့ အမေကတစ်နှစ်ကို၂ချီလောက်တော့ သူကိုယ်တိုင်ဇာတ်ပွဲကိုလိုက်ပို့တတ်ပါတယ်။ အမေက ရွှေမန်းတင်မောင်ဇာတ်ပွဲကိုတစ်ချီ၊ မြို့တော်သိန်းအောင်ဇာတ်ပွဲကိုတစ်ချီ နှစ်တိုင်းလိုက်ပို့ပေးတတ်တယ်။ သူကမြို့တော်သိန်းအောင်ဇာတ်ထဲက လူရွှင်တော်ပေါစံနဲ့ ကြယ်နီကိုသိပ်သဘောကျတာ။ အိမ်ပြန်ရောက်ရင်ပြောပြောပြီးရယ်တတ်သေးတာ။ (အမေနဲ့ပွဲကြည့်ရင် ဖျာ၆ချပ်လောက်ဝယ်ထားပြီး၊စားစရာတွေလဲခြင်းနဲ့ထည့်၊ ခေါင်းအုံးတွေလဲထည့်ပြီးဘေးပတ်ပတ်လည်မှာချထားတတ်တာ။ သူ့ကလေးတွေကို ကိုယ့်နောက်ကလူတွေ စကြနောက်ကြမှာစိုးလို့တဲ့။ အမေကပွဲထဲရောက်ရင် ကျမတို့ကျောနောက်မှာအိပ်နေပြီး၊နှစ်ပါးသွားကြမှ လူပျက်ပျက်တာထကြည့်တတ်တာ။ မှတ်သားစရာတွေပါတယ် လို့လဲပြောတတ်သေး။) ကျမ၁၀တန်းလောက်ထင်ပါရဲ့။အိမ်ရှေ့အိမ်မှာနေကြတဲ့အမြိုင်(ဒေါ်ကျင်မြိုင်-ရတနာမြိုင်ကားပိုင်ရှင်)က ရွှေမန်းဇာတ်ပွဲကြည့်ဖို့လာခေါ်တာ။ သူတို့အိမ်မှာလဲ ကျမတို့ညီမတွေနဲ့ရွယ်တူမိန်းကလေး(အညို၊ဖြူဖြူဝင်း၊- – -)သ္မီးတွေရှိလို့လိုက်ပို့တာပါ။ သူတို့ကားကြီးနဲ့ ခရီးထွက်ကြရင်လဲ ဝက်ပေါ၊မိမာနဲ့ဖိုးချိုကလိုက်သွားနေကြစမြဲပါဘဲ။ အဲ့ဒီပွဲကြည့်ဖို့ကို လုံးဝမလိုက်ရ၊ တစ်ချက်လွတ်အမိန့်အပြင် ကျမနဲ့ဝက်ပေါကို ရိုက်တာမှလှေခါးမှာချောင်ပိတ်ပြီးတော့ပေါ့။ သတိရတိုင်းကို ထရိုက်တာ။ အမေ့ရဲ့”မူ”က “ဘယ်သူလာခေါ်ခေါ် ညည်းတို့ကမလိုက်ဘူးလို့ပြောရမယ်၊ အမေရေ လိုက်သွားရမလား လို့မေးရင်တော့ […]

Memories of Mi Aung (24)

တသသအလွမ်း အပူအပင်ကင်းပြီး၊သောကဆိုတာဂျိုနဲ့လားလို့ဆိုပြီးပျော်ခဲ့ကြရတာတော့ ကလေးဘဝ၊ကျောင်းနေစဥ်ဘဝတွေပါဘဲ။ မိဘအစုံအလင်နဲ့ဆိုရင်တော့လဲ အတိုင်းထက်အလွန်ပေါ့လေ။မိစုံဘစုံနဲ့နေရတဲ့ကာလမှာ ငွေကြေးမပြည့်စုံလဲ နေလို့ပျော်ကြမှာအမှန်ပါ။ အဖေမရှိတော့လို့ အမေကဘယ်လိုဘဲပြည့်စုံအောင်ထားပေးပေမဲ့၊အလိုလိုနေရင်း စိတ်ကသိမ်ငယ်နေတာပါဘဲ။ ဒါပေမဲ့ လူငယ်သဘာဝမို့တခါတလေဝမ်းနည်းတာကိုအသာချထားလို့ ပျော်ခဲ့ဘူးကြမှာပါ။ ၁၀တန်းအောင်တော့ အဖေ့ကိုလွမ်းတာကတစ်ပိုင်း၊ပျော်တာကတစ်ပိုင်းပါဘဲ။ ကျမက၁၀တန်းကို၂ခါဖြေပြီးမှအောင်တာပါ။ ၁၀တန်းကျတဲ့နှစ်က သ္မီးကျောင်းမတက်တော့ဘူး၊အလုပ်ထွက်လုပ်တော့မယ်ဆိုတော့ အမေကစိတ်ဆိုးလိုက်တာ။ “အဖေမရှိလို့ ပညာမပြည့်စုံတာမလိုချင်ဘူး၊ဘွဲ့ရအောင်သင်ရမယ်”လို့တစ်ချက်လွတ်အမိန့်ပေးခဲ့တာ။ ဥာဏ်ကြီးပုံများ ၁၀တန်းအောင်ရင် အလုပ်ထွက်လုပ်မယ်လို့ ထပ်မပြောရအောင်တခါထဲ ပိတ်ပြီးပြောထားလိုက်တာပါ။ ကျမ တတိယနှစ်အရောက်မှာ ညီမအလတ်ဝက်ပေါက ၁၀ တန်းအောင်ပါတယ်။အဲ့ဒီနှစ်က ပထမနှစ်တွေ သမိုင်းကသဘာဝသိပ္ပံတက္ကသိုလ်မှာတက်ရပါတယ်။လက်တွေ့ခန်း(Practical)မဝင်ရတဲ့နေ့တွေကတော့ ဝက်ပေါတစ်ယောက်ကို Main ထဲမှာဘဲတွေ့ မှာ။ ပျော်ခဲ့ကြတာမမေ့နိုင်အောင်ပါဘဲ။ ပြန်တွေးရင်အပျော်မျက်နှာနဲ့ပြုံးမိနေတတ်တာ။ ကျမတို့ညီအစ်မက ဝက်ပေါကထောက်ပံ့ကြေး (Stipend) ရပြီး၊ကျမကကျောင်းလခကင်းလွတ်ခွင့် (Free Tuition) ပါ။ တကယ်တော့အဲ့ဒီအချိန်အခါကကျောင်းထားနိုင်လောက်တဲ့ ကြွယ်ဝမှု […]

Memories of Mi Aung (23)

ဇွဲ “လူသာသေပါစေ၊နံမယ်မသေစေနဲ့” “ဂတိလဲတည်ပါစေ” လို့အမေအမြဲပြောတတ်တဲ့စကား၊ ဘာဖြစ်လို့များမကြာခဏ ပြောတတ်ပါလိမ့်။ အမေကလေ အလုပ်တစ်ခုကိုလုပ်ရင်းနဲ့၊ဘာထပ်လုပ်ရင်ပိုကောင်းမလဲလို့အမြဲတွေးတတ်သူပါ။ စျေးထဲမှာဆိုတော့လဲ၊အိမ်မှာနေတာထက်တော့ပိုပြီးအမြင်ကျယ်လာတာပေါ့လေ။အမေက သူများလုပ်တဲ့အလုပ်မျိုးကို နောက်ကလိုက်မလုပ်ချင်တဲ့လူမျိုး။ အပေးအကမ်းကလဲရက်ရောပါ့။ အမေကြီးကအမြဲပြောတတ်တယ်။ ရွာမှာအလှူအတန်းရှိလို့ကတော့ လက်ဝတ်လက်စားတွေအပြည့်ဝတ်သွားပြီး၊သူငယ်ချင်းတွေကိုပေးဝတ်တာ သူ့မှာဘာမှမကျန်အောင်ဘဲတဲ့။ အမေတို့အဖွါး ဒေါ်နှင်းမြိုင်ကအလှူရောက်လို့ သူ့မြေးဘာမှဝတ်မထားရင် အမေကြီးကိုမရိုက်ယုံတစ်မယ် ဆူတတ်တာလို့ပြောဘူးပါတယ်။ (ရှေးခေတ်က မိန်းမတွေက ယောက်ခမကို​ရိုသေရတာထင်ပါရဲ့။) R T B စျေးမှာတက်ထွန်တွေရောင်းတာမို့ အနယ်နယ်အရပ်ရပ်က စျေးရောင်းစျေးဝယ်တွေနဲ့ဆုံရတာ၊အမေ့အတွက် နောက်ထပ်ခြေလှမ်းသစ်စဖို့ပါဘဲ။ အကြွေးပေးလဲရက်စက်သူမို့၊ဦးလေးကိုလှစိန်က မကြာခဏစိတ်ဆိုးရတယ်။ (ဦးလေးကဝန်ထမ်းဘဝကနေ အမေ့အလုပ်ကိုကူပေးနေသူဆိုတော့၊ကြွေးဆုံးမှာအားကြီးကြောက်တတ်တာ။) နောက်တနေ့ ဆိုင်ကိုမလာတော့ရင်၊ “လှစိန်တော့ စိတ်ဆိုးသွားပြန်ပြီ၊သူ့မိန်းမ(မခင်ဆင့်)ကိုသွားခေါ်ချည်” ဆိုရင်တော့လဲပြီးသွားတတ်တာပါဘဲ။ အကြွေးပေးတာများ နေရပ်လိပ်စာမသိဘဲနဲ့ကိုပေးတတ်တာ။ နောက်ပြီး အမေကနေ့လည်ဖက် စကော့စျေးမှာ၁၀ပြား(ရေအိမ်)သွားရင်းနဲ့လဲ၊အဆင်ဆန်းအသားကောင်းတဲ့အထည်လေးများတွေ့ရင် အုပ်လိုက်ယူလာတတ်တာ။သားအမိ၊ယောင်းမကစလို့ ချုပ်ဝတ်ခိုင်းဖို့တဲ့။ ယ္ခင်ကစကော့စျေးလမ်းကြားထဲမှာ […]

Memories of Mi Aung (22)

တာဝန်ကျေလွန်းသူ အမေနဲ့ကတော့ မျက်နှာချင်းဆိုင်လို့ စကားသုံးခွန်းပြောရင် နှစ်ခွန်းမြောက်မှာမတည့်တော့ဘူး။အဲ့ဒါက သိတတ်တဲ့အရွယ်ကစပြီး၊ ယ္ခုအမေကွယ်လွန်တဲ့အချိန်အထိပါဘဲ။ ကျမတို့ညီအစ်မတွေနဲ့အမေက စိတ်သဘောချင်းမတိုက်ဆိုင်လို့ဖြစ်ပါလိမ့်မယ်။ စကားပြောမတည့်ကြလို့အချေအတင်ဖြစ်ရင်တော့ အမေက “ထပ်မပြောနဲ့၊ မိဘက ဝါးလုံးကြီးမြင်ရဲ့သားနဲ့ ဝါးခြမ်းလို့ပြောရင် ခြမ်းပစ်လိုက်ရမယ်” ဆိုပြီး၊အနိုင်နဲ့ပိုင်းတတ်တာ။ ဟီးဟီး၊မိဘ ပါဝါ အပြည့်သုံးလိုက်တာလေ။ ကျမတို့က အဖေကိုဘဲချစ်တဲ့ကလေးတွေလေ။ အဖေဆုံးတုန်းကများဆို” အဖေရေ၊သ္မီးတို့ဘယ်သူနဲ့နေရမလဲ “ဆိုပြီး၊ အော်ငိုလိုက်တာပါ။ တကယ်တွေးကြည့်တော့ အမေကသနားစရာကောင်းလှပါတယ်။ အဖေဆုံးတော့ သူ့ခမြာ သားသ္မီးတွေ မျက်နှာမငယ်ရအောင် အတော်ရုန်းကန်ခဲ့ရရှာတာပါ။ တွေးပြီးအမေ့ကိုအားနာမိတာ။ နောက်ပြီးတော့ ကြည့်မြင်တိုင်ကန္နားစျေး အဝတ်အထည်တန်းမှာဆိုင်လေးတစ်ဆိုင်ဝယ်လိုက်ပြီး၊ စျေးမှာဘဲအထည်ရောင်းမည်လို့အကြံနဲ့ထင်ပါရဲ့။ ဘာလို့ဆိုင်ဝယ်လိုက်ရတာလဲအမေလို့မေးတော့၊ “သ္မီးတို့နားမလည်သေးပါဘူး၊ဆိုင်တစ်ဆိုင်ရှိထားရင် ထမင်းစားဖို့မပူရဘူး” တဲ့။ ဒါပေမဲ့ ကုန်သည်တွေက အိမ်ကိုဘဲ ပစ္စည်းလာပို့၊လာရောင်းနေကြတာဆိုတော့၊အမေကဆိုင်ကိုမသွားနိုင်ပါဘူး။ ဝက်ပေါလေးကနေ့လည်မှကျောင်းတက်ရတာဆိုတော့၊မနက်စောစောဆိုင်ဖွင့်ရပါတယ်။ပြီးရင်စျေးထဲကိုလာဝယ်တဲ့သူတွေက ဘာပစ္စည်းလိုချင်တယ်ဆိုရင် […]

Memories of Mi Aung (21)

လွမ်းမဆုံး ကျမတို့ငယ်စဥ်က ကြည့်မြင်တိုင်ဘူတာရဲ့အုတ်နံရံကိုကျောကပ်ပြီးစျေးတန်းကြီးရှိခဲ့ဘူးတယ်။ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာပါ။ ဘူတာရုံရှေ့ကနေပန်းပင်ကြီးလမ်းထိပ်အထိကိုစျေးတန်းကြီးကရှည်မျောမျောနဲ့ ပဲလင်းမြွေသီးကြီးလိုဘဲ။ ညနေဖက်ညစျေးတန်းလျှောက်ရမယ်ဆိုအရမ်းပျော်ပေါ့။ သကြားပလာတာကတစ်မတ်၊ကီးမားပလာတာဆိုရင်ပြား၆၀၊စားကောင်းတာတော့ ခုတွေးရင် ခုစားချင်တယ်။ ကိုမုံလာဖါလူဒါ သောက်ရင်၆၅ပြားရယ်။အဲ့ဒီကိုမုံလာက ကျမတို့စကားဝါပင်အောက်လမ်းမှာနေတာ။ ခေါက်ဆွဲကြော်၊ကြာဇံကြော်ဆိုင်တွေလဲရှိတာပေါ့။ အစားသရဲမို့ စားသောက်ဆိုင်တွေဘဲညွှန်းနေမိတာ။ တကယ်တော့ စျေးသည်အစုံပါဘဲ။ ခေါက်ဆွဲကြော်၊ကြာဇံကြော်ကတော့ညစျေးတန်းကလွမ်းလောက်စရာမရှိလှပါဘူး။ကျမက အဖေ့ပုဆိုးစကိုဆွဲပြီး၊ အဖေဘယ်သွားသွားလိုက်နေကြဆိုတော့၊အဖေအရက်သွားသောက်လဲလိုက်တာဘဲ။ ပန်းပင်ကြီးလမ်းထိပ်က မအုန်းတို့ အနီတို့ မောင်နှမရဲ့ခေါက်ဆွဲကြော်ကမှမိုက်တာ။ အဖေအရက်သောက်ရင် ဘေးကနေအမြည်းလိုက်စားရတာကိုလဲသိပ်သဘောကျတာ။ အမေကအဖေ့နောက်ကိုလိုက်ဖို့ကျမကိုအမြဲထည့်တာ၊ကလေးပါရင်အရက်နဲနဲဘဲသောက်မှာမို့။ ကျမကအဖေ့ရဲ ဘော်ဒီဂတ်ပေါ့။ ဝက်ပေါ လမ်းလျှောက်တတ်တဲ့အရွယ်ရောက်တော့ အဖေ့ဘေးမှာညီအစ်မနှစ်ယောက်ဖြစ်သွားရော။ တနင်္ဂနွေနေ့ဆိုရင်အဖေကသူငယ်ချင်းတွေနဲ့ (ဦးလေးကိုစိန်ဝင်း၊ဦးလေးကိုစိန်ရွှေ) မြင်းပွဲသွားမှာမို့ ကလေးပါရင်သွားလို့မရအောင် အတင်းကိုလိုက်ခိုင်းတာဘဲ။ အဖေတို့များ ကလေးခေါ်ခွင့်မရှိတဲ့မြင်းပွဲထဲကို ကျမကိုပါရအောင်ခေါ်တာ။ အမေဆိုတာ” သြချပါရဲ့”လို့တောင်ပြောယူရပါတယ်။ ဦးလေးတို့က မြင်းပွဲသွားမယ်ဆိုရင်ဘယ်တော့မှအိမ်ကိုလာမခေါ်ဘူး။ လမ်းမှာဘဲချိန်းကြတာ။ ဦးလေးကိုစိန်ဝင်းကတော့အမေ့ကို “မခင်မေက […]

Memories of Mi Aung (20)

ကံအကြောင်းတွေမို့ လူရယ်လို့ဖြစ်လာရင်အကောင်းအဆိုးနှစ်တန်ဒွန်တွဲနေတတ်တာတော့အမှန်ပါဘဲ။ ကံ ဇာတ်ဆရာရဲ့အလိုအတိုင်းပေါ့လေ။ ကျနော်ကတော့ဖြင့်၊ကျမကတော့ဖြင့် ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်နေချင်လိုက်တာလို့ အော်ပြီးထွက်လာမယ်မထင်ပါဘူး။ အားလုံးအကောင်းဆုံးဖြစ်ချင်ကြမှာ အသေအချာပါ။ ရွှေပေါ်မြတင်နေလာခဲ့ရပြီးမှ ဆင်းရဲမွဲတေသွားကြတာလဲရှိ၊ ကုန်းကောက်စရာမရှိအောင်ဆင်းရဲနုံခြာတဲ့ဘဝကနေ သူဌေးသူကြွယ်ကြီးတွေဖြစ်သွားကြတာလဲရှိကြတာမို့၊ “သူကဘယ်လို၊ငါကဘယ်လို” စသည်ဖြင့် မာန်မာနတွေရင်ဝယ်ပိုက်နေကြတာ၊ သိပ်ကိုပူလောင်လှပါတ ဘဝဆိုတာတိုတောင်းလှပါတယ်လို့ သိကြရဲ့သားနဲ့ စိတ်ဆိုး ကြ၊ရန်ဖြစ်ကြ၊ လောဘတွေတက်ကြနဲ့ မတွေးတတ်နိုင်လောက်အောင်ပါဘဲ။ ဟုတ်ပါတယ်။ တကယ်ကိုခဏလေးပါ။ ကျမရဲ့အဖေဆို အသက်(၄၆)နှစ်နဲ့မိသားစုကိုထားသွားလိုက်တာ။ သူချစ်တဲ့ဇနီး၊ သူတွယ်တာတဲ့သားသ္မီး(၅)ယောက်ကို စိတ်ချလို့ထားခဲ့တာမဟုတ်လောက်ပါဘူးလေ။ အဖေမရှိတော့ ကျန်တဲ့မိသားစုရဲ့ “ဝန် “ကိုအမေတစ်ယောက်ထဲထမ်းရတာသိပ်သနားစရာကောင်းလှပါတယ်။ ကျမကမှ ၈တန်းကျောင်းသူဆိုတော့၊ ကျန်တဲ့လူမမယ်မောင်ညီမလေးတွေအတွက် ရုန်းကန်ရင်ဆိုင်ရမှာတွေ။ အမေကလေ ညညဆို ဆေးလိပ်တစ်တိုနဲ့ မအိပ်နိုင်ဘဲစဥ်းစားတာထင်ပါရဲ့။ ကျမတို့အိမ်က ထပ်ခိုးမှာကျမတို့မ်ိသားစုကညအိပ်ပြီး၊ ကုန်သည်တွေကတော့အောက်ထပ်မှာအိပ်ကြပါတယ်။ အဖေဆုံးတာနဲ့ ပုတီးကုန်းက […]

Memories of Mi Aung (19)

ကျေးဇူးပြုဘူးသူများသို့ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာ ဘဝကံအကြောင်းကပေးတဲ့ အကျိုးမို့၊ ကျမတို့ရဲ့မိသားစုဘဝကတော့ ငါးပျံတစ်လှဲ့၊ဘုံလုံတစ်လှဲ့လို့ဆိုရမလိုပါဘဲ။ ဒါပေမဲ့လူတွေကတော့ပြောကြတယ်။ ကံ ဆိုတာအလုပ်တဲ့။ ” ကံမရှိ ဥာဏ်ရှိတိုင်းမွဲတတ်ကြတယ်”လို့လဲဆိုကြပြန်တော့ တွေးစရာတွေအများကြီးဖြစ်သွားပြီ။ တကယ်တော့သိတတ်တဲ့အရွယ်ကထဲက မတွန့်တိုတတ်တဲ့မိဘကမွေးလာတာမို့ သိပ်ကိုပေးချင်ကမ်းချင်တတ်ခဲ့တာပါ။ အဖေမဆုံးခင်လေး တစ်ရက်မှာ အဖျောက်က အဖေတို့အစ်မဝမ်းကွဲတစ်ယောက် အိမ်ကိုလာလည်ပါတယ်။ကြီးကြီးဒေါ်လေးခင်တဲ့။တခါမှတခါထဲသာတွေ့ဘူးလိုက်ရပြီး၊သူ့သ္မီးမမလှကိုရောပါဘဲ။ ကျမကအဖေချစ်သ္မီးမို့ အဖေနဲ့ပတ်သက်သူတွေကို အမြဲစုံစမ်းနေတတ်တာပါ။ အဖေက သူ့ဦးကြီးရဲ့သ္မီး ကြီးကြီးဒေါ်ထားတင်အိမ်ကို အဖျောက်ကဧည့်သည်တွေကိုလိုက်ပို့တော့၊ကြည့်မြင်တိုင်၊နတ်စင်လမ်းကနေ အမှတ် (၁ ) ဗိုက်ပူဘတ်စ်ကားကြီးကိုစီးပြီး၊လွတ်စ်လမ်းကိုသွားကြရပါတယ်။ ကားပေါ်ရောက်တာနဲ့ကျမကပိုက်ဆံထုတ်ပြီး စပယ်ယာကိုပေးတာကိုအဖေကပြုံးပြုံးကြီးကြည့်ပြီးကျေနပ်နေတာပါ။ အိမ်ပြန်ရောက်တော့ အဖေက” မခင်မေရေ မင်းရဲ့သ္မီးကတော့ကွာ မနှမျောတတ်တာငါတို့လိုဘဲ” တဲ့။ လက်မဖြန့်ချင်ဘူး။လက်ကိုမှောက်ထားချင်တာပါ။ ကိုယ်ကအထက်တက်ချင်တာကို။ယူရသူထက်၊ပေးရတဲ့သူဖြစ်ချင်ခဲ့လို့ပါ။ ကျမဘဝမှာပြည့်စုံတဲ့အချိန်ရှိခဲ့သလို မပြည့်စုံတဲ့အချိန်တွေလဲရှိခဲ့ပါတယ်။ကိုယ်ကချွေခဲ့သလို၊ကိုယ့်ကိုချွေခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေလဲအများကြီးပါ။ ကိုယ့်အပေါ်ပြန်သိတတ်တာကိုမမျှော်လင့်ခဲ့ဘူးပေမဲ့ ကိုယ့်ကိုချွေခဲ့ဘူးသူအားလုံး(အားလုံး)ကို၊တော့ […]

Memories of Mi Aung (18)

အမှတ်ရစရာလေးမို့ ဘာလိုလိုနဲ့အမေ အပြီးခွဲသွားတာ ၇လတောင်ရှိသွားပြီ။မြန်လိုက်တာ၊မနေ့တနေ့ကလိုပါဘဲ။မနက်အစောအိပ်ယာထပြီး ဝက်သားကိုငြုပ်သီးယောင်ယောင်လေးနဲ့ဆီပြန်ဟင်း၊ကြက်ဂွေးတောက်သောက်ဆမ်းလေးနဲ့ပုစွန်ထုပ်ဆီပြန် ချက်ပြီး၊ အမေ ၁၉၉၈ခုနှစ် ကထဲက တစ်ပါတ်မပျက်အမြဲတမ်းတရားစခန်းဝင်ခဲ့တဲ့ ရွှေခြံဓမ္မရိပ်သာ(ဒဂုံအရှေ့၁၃ ရပ်ကွက်)ကျောင်းကိုဆွမ်းဟင်းပို့မှာပါ။ဆရာတော်အတွက် ဘရင်းကြက်ပေါင်းရည်တစ်ဒါဇင်လဲပါပါတယ်။ (ကုသိုလ်အားလုံးကိုအမျှပေးဝေပါတယ်။) ပစွန်ထုပ်လေးချက်တော့ အဖေပြောတာလေး ပြန်ကြားယောင်ရင်းသတိရမိပြန်ပါရော။”ပုစွန်ထုပ်က အကြာကြီးမချက်ရဘူး၊ ပုစွန်ကွေးကွေးငါးနွေးနွေး မို့ ပုစွန်ထုပ်ကွေးရင် ကျက်ပြီသ္မီးရဲ့” လို့သင်ပေးခဲ့တာ။ နောက်ပြီးကျမတို့ဆွမ်းဟင်းချက်လှူရင်ဝက်သားဟင်းတခွက်အမြဲပါပါတယ်။ အဖေကဝက်သားဟင်းမပါရင်ကျမတို့လမ်းထိပ်က’ မစိမ်းထမင်းဆိုင်’မှာတစ်မတ်ဖိုးဝယ်ပေးရတယ်။ အမေဆူမှာစိုးလို့ ဝက်ပေါလေးကိုအိမ်နောက်ဖေးကနေသွားဝယ်ခိုင်းတာ။(ကျမတို့အိမ်ကလမ်းထိပ်နဲ့ ၂အိမ်ဘဲခြားပါတယ်။) အဲ့ဒီအချိန်တုန်းက နောက်ဖေးလမ်းသာဆိုတယ်၊သန့်ရှင်းနေတော့ လမ်းသွားလို့ကောင်းပါတယ်။ သင်္ကြန်ဆိုရင်လဲ၊ အုန်းဖေလက်ဖက်ရည်ဆိုင်မှာ “ရွှေတိုင်မောင်မယ်” သင်္ကြန်မဏ္ဍပ်လုပ်တော့၊ အိမ်နောက်ဖေးဖက်ကနေသွားကြည့်ရတာ။မဏ္ဍပ်ကအလှမယ်လေးတွေက ကပြလို့၊သင်္ကြန်အဖွဲ့တွေကသံချပ်တွေတိုင်လို့၊အလွန်ပျော်စရာကောင်းခဲ့တာပါ။ကမ္ဘာကျော်ငွေလှိုင်ဦးစီးတဲ့” ဟာသမဟာစင်တော်ကြီးအဖွဲ့”ကည ၂နာရီလောက်မှာလာလဲ ထွက်ပြီးကြည့်ကြတာပါဘဲ။ *မသူတော် တွေမရှိတဲ့အချိန်မို့သာတော်တော့တယ်။ နောက်ပိုင်းအမေကလဲဝက်သားဟင်းနေ့တိုင်းလိုစားပြီးပြောသေးတယ်။ “အမေလဲ ညည်းတို့အဖေ ဝဍ်တွေကောင်းကောင်းလည်တာဘဲ” တဲ့လေ။သူကအဖေ့ထက်ပိုဆိုးသေး။ […]

Memories of Mi Aung (17)

လွမ်းလို့ပါအဖေရယ် ကျမတို့မောင်နှမတွေက အမေ့ကိုကြောက်ရပါတယ်။ အဖေကတော့ သားသ္မီးတွေကိုသူငယ်ချင်းလိုဘဲ။အမြဲတမ်း နောက်ပြောင်၊ကျီစယ်တတ်တာ။ ဘာလိုချင်ချင် အဖေ့ကိုဘဲပူဆာရဲကြပါတယ်။ဒါပေမဲ့ မလိုဘူးထင်တဲ့ပစ္စည်းမျိုးတော့ “နိုး”ပါဘဲ။ဗရမ်းဗတာ အလိုလိုက်ခြင်းတော့ မဟုတ်ပြန်ပါဘူး။ တခါတုန်းကများ လေဟာပြင်စျေး(ဆေးရုံကြီးနားက၊ယ္ခုJunction City)မှာမိုးမကျခင်လေးဆိုတော့ မိုးကာအင်္ကျီတွေရောင်းနေတာ၊လိုချင်လို့ပူဆာတော့ ဝယ်မပေးပါဘူး။ကျမကစိတ်ကောက်တာပေါ့။အဖေ့ရဲ့”မူ”က အစားအသောက်သာပူဆာလို့ရှိရင်အလိုလိုက်မယ်။ပစ္စည်းမပူဆာနဲ့။ဆောရီးပါဘဲ။”မိဘဆိုတာ သားသ္မီးဘာလိုအပ်သလဲဆိုတာ အမြဲကြည့်နေတာ၊တတ်နိုင်တဲ့အချိန် သင့်တော်တာဆိုရင်အကုန်ဖြည့်ဆည်းပေးမှာပါ” တဲ့။ အဖေက မိုးကြီးချုပ်မှပြန်ရောက်လာရင်လဲ အနည်းဆုံး ခေါက်ဆွဲကြော်နှစ်ထုပ်အမြဲပါလာတတ်တာ။တစ်ထုပ်ကကျမတို့အိမ်အတွက်၊တစ်ထုပ်က အမေကြီးအတွက်။အဲ့ဒီအချိန်က အမေကြီးက ငြိမ်းငြိမ်းတို့အိမ်မှာနေတာ။(အမေ့ညီမ ငြိမ်းငြိမ်းကလဲစကားဝါပင်လမ်းထဲမှာဘဲနေကြတာပါ။) ကျမတို့အိပ်နေတုန်းများနှိုးကျွေးရင် အမေကသိပ်စိတ်ဆိုးတာ။ အစာမကြေရင် အိပ်ယာထဲမှာရှူးပေါက်ချမှာစိုးလို့တဲ့။ မောင်လေးဝင်းမောင်ကငယ်ကထဲက ဆီးရောဂါရှိတယ်နဲ့တူပါတယ်။အိပ်ယာထဲအမြဲ ရှူးပေါက်တတ်တယ်။(အသက် ၃၉ နှစ်မှာသူဆုံးတော့လဲ ကျောက်ကပ်ရောဂါနဲ့ပါ။) မှတ်မိပါသေးတယ်။ ကျမတို့လမ်းထိပ်ဖက်မှာ အုန်းဖေလက်ဖက်ရည်ဆိုင်ရှိပါတယ်။ ရွှေကြည်နနွင်းမကင်း၊သာကူပြင်၊ပူတင်း အစုံကို တစ်မတ်ဖိုးဝယ်လို့ရပါတယ်။ကျမတို့မောင်နှမတွေကလဲ ဒါလေးစားရမှ အိပ်လို့ပျော်တတ်ကြတာ။ […]

Memories of Mi Aung (16)

နိမ့်တုံ-မြင့်တုံ မွေးစမှသေသည့်တိုင်အောင်၊ ပြည့်ပြည့်စုံစုံနဲ့တသမတ်ထဲ အတည်တကျရှိနေသူတွေဟာသိပ်ကံကောင်းကြပါလားလို့တွေးမိပါတယ်။ အမေပြောဘူးတာလေးကတော့၊သူ့ကံနဲ့သူပါလာပြီးသားတွေပါတဲ့။ အမေတို့လေတစ်သက်လုံးစားမကုန်သောက်မကုန်၊ ဆင်းရဲဖို့ဆိုတာမစဥ်းစားဘူးပါဘူးတဲ့။အမေတို့အဖေဆုံးပြီး၊အမေတို့အဖွါးကသားစိတ်နဲ့ဆုံးသွားပြန်တော့၊လက်ရှိနေရတဲ့အိမ်ကလေးတောင် သစ္စာရှိတဲ့သူခိုးက ဂရံလေး လာပြန်ထားလို့၊ အိမ်ပိုင်လေးနဲ့နေခဲ့ကြရတာကို။ “ငါ့သ္မီးကတော့ကွာ မြင်းပြိုင်ကွင်းကနေအိမ်ကိုလမ်းလျှောက်ပြန်ရအောင်ကိုအကျိုးပေးတာ၊ဒီကြားထဲ ဆီချက်ခေါက်ဆွဲလေးစားချင်သေးတာ”တဲ့။ (ဆီချက်ခေါက်ဆွဲက တစ်ပွဲမှတစ်မတ်ရယ်။) မြင်းပွဲရှုံးလို့ခြေကျင်ပြန်ခဲ့ရပြီး၊အိမ်မှာမိန်းမကဗိုက်နာနေတာ။အမေကလဲအဖေနဲ့အပြိုင်”ရွတ်”ပုံများကတော့ အနှီးပိတ်တောင်မဝယ်ထားဘူး။ကျမကိုစကားဝါပင်လမ်းမှာ ဝမ်းဆွဲဆရာမဒေါ်မယ်သန့်ကမွေးပေးတာပါ။အင်း၊မတ်လ ၂၇ ရက်၊တော်လှန်ရေးနေ့ပေါ့။ ကျမသိနားလည်တတ်တဲ့အချိန်မှာအဖေပြောလိုက်တဲ့စကားတခွန်းကိုကိုရင်ထဲစွဲသွားတာမို့ ” အကျိုးပေးတဲ့သ္မီးဖြစ်ရမယ်”လို့စိတ်မှတ်ထားလိုက်ပါတယ်။ ဥယျာဥ်လမ်းအိမ်ရောက်တော့ ညီမဝက်ပေါကိုမွေးတာပါ။ဒပ်ဖရင်(ဗဟိုအမျိုးသ္မီးဆေးရုံ)၊ ပိုက်ဆံခန်းမှာမွေးတာပါ။ အမေတို့ပြောတာ ညီမလေးက မျက်နှာဖုံးလေးနဲ့လို့ပြောပါတယ်။လူချစ်လူခင်ပေါတယ်တဲ့။သူက ပါးဖေါင်းဖေါင်းလေးနဲ့မို့ ဝက်ပေါလို့ချစ်စနိုးခေါ်တာ၊ကျမကတော့ခုချိန်အထိ ဒီလိုဘဲခေါ်တယ်။ သူ့ကိုမွေးပြီးနောက်တစ်လကျတော့၊ ကျမအဒေါ်စိန်စိန်ကဒုတိယသ္မီးလေးမွေးတော့ အော်တိုမစ်တစ်ရွှေပေါဖြစ်သွားပါရော။စွာတေးမခင်စန်းနုရဲ့ညီမ။ အဖေက သခင်ကျော်ထွန်းရဲ့ ယခုခေတ်အခေါ်တော့ PA.ပေါ့။လယ်ယာနဲ့သစ်တောဝန်ကြီးလို့ပြောပါတယ်။အဲ့ဒီအချိန်ကအိမ်မှာဧည့်သည်တရုန်းရုန်း၊”အင်း”လေလံစွဲချင်တဲ့သူတွေ၊ဘကြီးအောင်ခင်(အဖေ့ရဲ့ဒုတိယအကို)က ထန်းတပင်အမတ် ဝင်ရွေးမှာမို့လာတဲ့သူတွေကို အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ကျွေးရတာ ကိုတော့မှတ်မိနေတာလေးပါ။ အမေကမောင်လေးဝင်းမောင်ကိုမွေးခါနီး၊ဗိုက်နာလို့ဒပ်ဖရင်ပို့လိုက်ပါရော။ ၂ရက်နေလို့မမွေးတော့၊အိမ်ကိုစိတ်မချတဲ့ကျမတို့အမေက ဆေးရုံကအတင်းဆင်းလာတာ။ဟောတော့၊ ညလဲကျရောအမေကဗိုက်နာလာတာနဲ့ […]