Blog

  • အများစာမို့

    အများစာမို့

    ဒေါ်မိအောင် Daw Mi Aung

    မီးဖိုချောင်ကိုရှင်းလင်းလိုက်တာတကယ်ကိုအမြတ်ရသွားတာပါဘဲ။ ပလပ်စတစ်ဗူးတစ်ခု ထဲမှာကောက်ညှင်းဆန် လေးနို့ဆီဗူးသုံးလုံးကို တွေ့တော့သိပ်ကိုဝမ်းသာသွားတာ။ ကိုယ်ကစျေးသွားတဲ့သူမဟုတ်တော့၊ လိုချင်တာမှာပါဆိုပေမဲ့ ကျန်းမာရေးနဲ့မကိုက်ညီတာဆိုရင်တော့၊မေ့ချင်ယောင်ဆောင်ပြီး ဝယ်မပေးတတ်တာမို့။ (ဝက်ပေါလေးက အစ်မကိုစားစရာတော့စုံနေအောင်ဝယ်ပေးထားပါတယ်။)

    ကျမလေ အခုမှ အမေ့ကိုပြောမိတဲ့ဝဍ်တွေလည်တော့တာပါဘဲ။ ထမင်းစားပြီးလဲ ဟိုစပ်စပ်၊ဒီစပ်စပ်စားတတ်တာလေ။ သူများအိမ်မှာသာ နေရရင် ဒုက္ခပါဘဲ။ ညအိပ်ယာက တရေးနိုးရင်လဲ” ကလောက်ကလက်” နဲ့မုန့်ဗူးတွေဖွင့်ပြီး စားတတ်သေးတာပါ။ အမေ့ထက်ကိုပိုဆိုးနေတော့တာပါဘဲ။ (ညီမဝမ်းကွဲတွေသိအောင်ပြောထားတာနော်။)

    ကောက်ညှင်းဆန်လေးတွေ့တဲ့အတွက်၊စျေးကိုအုန်းသီးရယ်၊နှမ်းရယ်မှာတော့၊”ဘာလုပ်မလို့လဲ”လို့အစစ်ခံရသေး။ ထမနဲထိုးချင်လို့လေ။ “ထမနဲရာသီမဟုတ်ဘူးလေ” ဆိုတော့ “အေးဟေ့၊အခုက စမ်းပြီးထိုးမလို့၊ တပို့တွဲလကြရင် ( ၄ ) ပြီလောက်ထိုးမလားလို့” လို့ပြောလိုက်တော့ ၊ “နောက်မှ လက်ကိုက်တယ်လို့မပြောနဲ့နော်”တဲ့လေ။ ဟီးဟီး၊မလုပ်နဲ့လို့မပြောဘူး။ ထမနဲကြိုက်တာမို့။

    မနက်ကထဲက ကောက်ညှင်းဆန်စိမ်ထားပြီး၊ဂျင်းလှီး၊ အုန်းသီးကိုခွဲပြီး အုန်းသီးဆန်ကိုပါးပါးလှီး ၊နေလေးပြထားလိုက်ရတယ်။ တစ်ယောက်ထဲကြဲနေလိုက်တာ။ ညနေစောင်းမှ အုန်းသီးကြော်ပြီး၊ထမနဲ စပြီးထိုးလိုက်တာ၊ မီးမှောင်မှောင်ထဲမှာ မိုးချုပ်မှပြီးတော့တယ်။ မီးကပျက်နေတာမို့။

    ကျမအတွက်တော့ သိပ်ကိုအကျိုးရှိပါတယ်။ ဘေးအိမ်လေးတွေကို မနက်ဆွမ်းတော်ကပ်ဖို့ဝေလိုက်သလို၊ အိမ်မှာလဲဆွမ်းတော်ကပ်ရတယ်။

    ကိုယ်တတ်နိုင်တဲ့ “နှစ်ဦးအလှူလေး”မို့ ပီတိဖြစ်ရတာ တကယ်အဖိုးတန်လှပါတယ်။ #ညောင်စေ့လေးလောက်လှူလိုက်ရတဲ့ ကုသိုလ်ကိုလဲမျှဝေပါတယ်။

    မနက်အိပ်ယာကထတော့လေ၊ လက်က ဆုပ်လို့တောင်မရဘူး။

    ပီတိနဲ့ လဲလိုက်တာပါ။

    အလှူဒါနဆိုလို့၊ ငယ်စဥ်ကတော့ အလှူလုပ်တော့မယ်ဆိုရင် အားလုံးလတ်လတ်ဆပ်ဆပ်မှဝယ်ပြီးချက်ချင်တာ။ လူကြီးတွေပြောတဲ့ “ကြားသား၊မြင်သား မစားဘူး” ဆိုတဲ့စကားကိုလဲနားမလည်ခဲ့ပါဘူး။ စျေးခြင်းတောင်းထဲမှာပါလာတဲ့ ရှင်နေသေးတဲ့ငါးဆိုရင်လဲ၊ ထုပစ်လိုက်တာဘဲ။ (အထူးသဖြင့်ငါးပြေမဝယ်လာရင် ရှင်နေတာများပါတယ်။) ဂဏန်းဟင်းစားချင်တယ်ဆိုရင်လဲ သံစျေးကို တခုတ်တရသွားဝယ်ပြီး၊ ရေနွေးအိုးထဲထည့် အပေါ်က အလေးနဲ့ဖိထားလိုက်တာဘဲ။ ဂဏန်းကအသေဝယ်ရင်ပုပ်သွားတတ်တယ်ဆိုလို့၊ ကိုင်လဲမကိုင်ရဲ။ ခုမှတွေးပြီးဝဍ်လည်မှာကြောက်လိုက်တာ။ (ပြန်တွေးမိတာ ကြက်သီးတောင်ထမိပါရဲ့၊ သူတို့လေးတွေခမြာမှာ အိုးပေါ်ကိုကုတ်ကပ်ပြီးတက်ရှာကြတာ။)

    သေရမှာကြောက်ကြရှာတာကို။

    အမေသိရင်တော့ “သ္မီးရယ် အများစားဖို့ကိုဒီလိုမလုပ်ရဘူး” လို့ပြောတတ်ပါတယ်။ သိပ်ပြီးနားမလည်ခဲ့တာအမှန်ပါ။ ခုတော့ စျေးဝယ်လာလို့ အရှင်ပါလာရင် ရေမြောင်းထဲကို လွှတ်ပစ်လိုက်တာ။ စာတွေဖတ်၊တရားတွေနာတဲ့အခါကြတော့မှ အမေပြောခဲ့တဲစကားကိုနားလည်ပြီး၊ ကြောက်မိတော့တာပါဘဲ။

    ဟုတ်ပါရဲ့၊အားလုံးစားဖို့ကို သတ်ဖြတ်ပြီးချက်ပြုတ်ကျွေးတဲ့အခါ၊ စားတဲ့သူကကောင်းလိုက်တာလို့ပြောယုံပါဘဲ။ လုပ်ကိုင်ပေးရတဲ့သူသာ “ဝဍ်”ခံရမှာပါလားလို့တွေးမိပြီး၊ ပြုခဲ့ဘူးတဲ့အကုသိုလ်ကိုတွေးမိလေကြောက်လေပါဘဲ။

    တကယ်တော့ အမေပြောခဲ့တဲ့စကားလေးဟာ ကိုယ့်အတွက်တော့ သိပ်ကိုအဖိုးတန်တာပါ။

    စားရေး၊နေရေး၊စီးပွါးရေးကစလို့ တွေးလိုက်ရင်အရှည်ကြီးပါဘဲ။ ကိုယ့်ရဲ့မောင်ဘွား၊ တူတူမတွေအားလုံးကိုအမြဲသင်ရ၊ သတိပေးရပါတယ်။

    ” အများစာကို၊ တစ်ယောက်ထဲမခံရစေနဲ့နော်” ဆိုတာ”အလကားစကား”မှမဟုတ်တာဘဲ။ တွေးကြည့်လေနက်နဲလေမို့ ။ ဒါကြောင့် မမေ့ရလေအောင် ထပ်ခါ၊ထပ်ခါ သတိပေးနေရတာပါ။

    ဆင်ခြင်နိုင်မှ တန်ယုံဘဲ ရှိမှာမို့ သတိထားကြတတ်ရင်တော့ – – –

  • ကြုံလေ ဘုံပွေ

    ကြုံလေ ဘုံပွေ

    ဒေါ်မိအောင် Daw Mi Aung

    ၁၉၉၀ခုနှစ်အလွန်နှစ်ဆီတုန်းက – – -သတင်းစာကြော်ငြာလေးတွေကြည့် ကိုယ်နဲ့ကိုက်ညီမည်ထင်တဲ့ အလုပ်ကလေး တွေ တွေ့ရင် ခဲတံအနီလေးနဲ့ခြစ်ပြီးမှတ်ထား။ အဲ့ဒီအချိန်တုန်းက ယ္ခုခေတ်လို လွယ်လွယ်ကူကူ ဆက်သွယ်မေးမြန်းနိုင်တဲ့ တယ်လီ ဖုန်းကလဲမရှိဆိုတော့၊ ကိုယ်တိုင်ဘဲအပင်ပမ်းခံပြီး လိုက်စုံစမ်းရတာပါ။ “ထီးဖြူ၊ ဖိနပ်ပါး” ရတာများပါတယ်။

    တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတဲ့ကြော်ငြာလေးကတော့ ခနောင်(အရှေ့)ကျေးရွာက တွဲဖက်အထက်တန်းကျောင်းအတွက် ဆရာမတွေခေါ်တာပါ။ ဘယ်နေ့၊ဘယ်အချိန် လူကိုယ်တိုင် လာရောက်လျှောက်ထားပြီး၊ အင်တာဗျူးပါ​ တခါထဲဖြေရမယ် ဆိုတော့ အပြေးအလွှားသွားရတာပေါ့။ သာကေတက ဆရာကြီးဦးအောင်ချိန်ရဲ့အိမ်မှာ ရွာကဘုန်းဘုန်းကိုယ်တိုင် မေးမြန်းပြီး၊ တခါထဲ ခန့်မှာပါ။ (ဆရာကြီးဦးအောင်ချိန်က စည်းကမ်းအလွန်ကြီးပြီး၊ အလွန်သမာသမတ်ရှိပါတယ်။) အလုပ်သွားလျှောက်တယ်ဆိုကထဲက ကိုယ့်အားကိုယ်ကိုးပြီးသွားရမှာမို့၊ သာကေတကိုမေးမြန်းပြီးသွားရတော့တာပေါ့လေ။

    လိပ်စာလေးကိုင်ပြီး စုံစမ်းနေတုန်းမှာဘဲ ကိုယ့်ထက်နဲနဲလေးငယ်မယ်ထင်ရတဲ့ အမျိုးသ္မီးလေးကလဲ ဆရာမလျှောက် ဖို့လာ တာပါ။ သူက အင်္ဂလိပ်စာသင်မှာတဲ့။ ဒီလိုနဲ့ ကျမတို့ရှာနေတဲ့အိမ်လဲတွေ့လို့ ဘုန်းဘုန်းနဲ့ ဆရာကြီးတို့မေးသမျှဖြေပြီး၊ လစာတွေသတ်မှတ်လို့ တစ်နှစ်စာချုပ်ချုပ်ပြီး၊ တစ်နှစ်မပြည့်ခင်ထွက်ရင်တော့ လစာပြန်လျှော်ရမယ်လို့ သတ်မှတ်ပါတယ်။ စုစုပေါင်းကျမအပါအဝင်ဆရာမ (၅) ယောက်ပါ။

    သွားရမည့်နေ့နဲ့အချိန်တွေကိုသတ်မှတ်ပေးပြီး၊ “စုရပ်” က ကျောက်တန်းကူးတို့ဆိပ်မှာပါ။ အင်္ကျီအဖြူ၊လုံချည်အစိမ်းတွေ ကမန်းကတမ်းချုပ်လို့၊ သယ်သွားရမည့်ပစ္စည်းတွေပြင်ဆင်ရတာပေါ့၊ လျှပ်စစ်မီးမရှိတာမို့ မီးသွေးမီးပူကအစ ပါအောင် သယ်ရတာ။ (တစ်အိမ်ထောင်စာပါဘဲ။) သွားရမည့်နေ့ကျတော့ညီမဝက်ပေါနဲ့မောင်လေးဖိုးချိုတို့က ကျောက်တန်းကို လိုက်ပို့ပေးကြပါတယ်။ ခနောင်သွားမည့်မော်တော်က ရေလှည့်နဲ့ထွက်တာမို့ ရေတက်ရေကျကို စောင့်ပြီးမှထွက်တာပါ။ ကျမကို အတူသွားမည့်အဖေါ်တွေနဲ့ထားခဲ့ပြီး၊ ဝက်ပေါနဲ့မောင်လေးပြန်သွားတော့ ငိုချင်လိုက်တာလေ။

    နေ့လည်လောက်ကျမှ မော်တော်ထွက်ရတော့ ညနေ အတော်ကြီးစောင်းတော့မှ ခနောင်ရွာကိုရောက်ပါတော့တယ်။ ဆရာမ (၅ ) ယောက်နေဖို့ အိမ်တစ်လုံး သီးသန့် ငှားပေးထားတာပါ။ ကျမ၊ ဒေါ်တင်လေးအောင်၊ ဒေါ်ရီရီဆွေ၊ ဒေါ်အမာရီတို့က အရင် ရောက်ပြီး၊ သင်္ချာနဲ့ရူပဗေဒသင်မည့်ဆရာမလေးက နောက်မှရောက်လာတာပါ။ ရောက်တဲ့ညကတော့ အိမ်ကပါလာ တဲ့ထမင်း လေးဘဲစားပြီး၊နောက်နေ့မနက်ကစလို့ ရွာက တစ်လတိတိ တစ်နေ့တစ်အိမ်ထမင်းကျွေးကြတာပါ။

    တစ်လပြည့်လို့ကိုယ့်ထမင်းကိုယ်ချက်စားရတော့၊ ဆန့်နို့ဆီဗူးတစ်လုံးချက်ရင်း၊ ဘဲဥ၂လုံးပါတခါထဲထည့်ပြုတ်လိုက်တာပါဘဲ။ ဆွမ်းတော်ကပ်ဖို့နဲ့ ည၊ မနက်စာပါ။ ညနေ ကျောင်းကပြန်ရောက်လို့၊ ထမင်းစားတဲ့အခါများမျက်ရည် ပိုးပိုးပေါက် ပေါက်ကျ ရတော့တာပါဘဲ။ သံပုံးလေးပေါ်ဖယောင်းတိုင်မီးလေးတင်ပြီးထွန်းလို့၊ မုန့်ပုံးပေါ်ထမင်းစားပန်းကန်ပြားလေးတင်ပြီး၊ ဘဲဥပြုတ်တစ်လုံးရယ်၊အိမ်ကသယ်လာတဲ့အခြောက်အခြမ်းလေးတွေနဲ့ညစာစားကြရတာပါ။ ကျမကတော့အိမ်နဲ့လဲတခါမှ မခွဲဘူးတာမို့ ညမိုးချုပ်ရင်လဲငိုရတာပါဘဲ။

    ကျောင်းဆောင်က ဆောက်လို့မပြီးသေးတော့ ဘုန်းကြီးကျောင်းမှာ (၉ ) တန်းနဲ့ ( ၁၀) တန်းကိုသင်ရပါတယ်။ တွဲဖက်အထက် တန်းကျောင်းမို့ အဲ့ဒီ အတန်း ၂တန်းအတွက် မြေစိုက် ထရံ တဝက်ကာပြီး ဓနိမိုးထားတဲ့ ၂ခန်းစာလေးပါ။ မိုးရွာရင် မိုးပက် ပါသေးတယ်။ ရွာမှာစာသင်ရတဲ့ ကလေးတွေခမျာ တဲတန်းကြီးကိုစာသင်ခန်းလုပ်လို့၊ ကျူရှင်ဆိုတာဘာမှန်း မသိကြရှာတာမို့ သိပ်ကိုသနားစရာကောင်းတာပါ။ အဲ့ဒီတုန်းကတော့ ရွာမှာ သြဇာရှိတာဘုန်းကြီး မို့ လူတွေအားလုံး ကဘုန်းဘုန်းရဲ့ စကား ကိုနားထောင်ကြပါတယ်။

    ညဖက်ကျရင်တော့ ဆရာမတွေအိမ်ကို ကလေးတွေက ကိုယ့်ဖယောင်းတိုင်လေးကိုယ်ယူလာကြပြီး၊ မသိတဲ့စာမေးရင်း စာ ကျက်ကြပါတယ်။ ည ၉နာရီလောက်ကျရင်တော့ အိမ်ပြန်သွားကြရှာတာ။ ၉ တန်းကျောင်းသူ နွယ်နွယ်ဦးဆို တဲ့သ္မီးလေးက တော့ ကျမနားမှာလာနေပေးပါတယ်။ ကျမတို့ ရောက်စဥ်အချိန်တုန်းကတော့ အိမ်တိုင်းမှာအိမ်သာ မရှိဘူးဆိုရင် ယုံပါ့မ လားဘဲ။ ခုတော့ တိုးတက်နေလောက်ပါပြီ။

    စနေ၊ တနင်္ဂနွေကျောင်းပိတ်တာနဲ့ အိမ်ပြန်ဖို့ကိုသောကြာနေ့ညကထဲကပြင်ဆင်ရတာ။ ခနောင်ကနေစားစရာ(ဘဲဥနဲ့ ငါးပု ဇွန် ) တွေဝယ်ပြီး၊ အိမ်ကိုသယ်လာ၊ ရန်ကုန်ကစားစရာတွေဝယ်ပြီးခနောင်ကိုပြန်နဲ့၊ ရတဲ့လစာမလောက်ပါဘူးဆို။ နောက်တော့ အမေက “ပြန်လာခဲ့၊ ညည်းလစာလဲပြန်ရော်ခဲ့”ဆိုပြီး၊ တချက်လွတ်အမိန့်ပေးတော့တာပါဘဲ။ မော်တော်နဲ့ ပင်လယ်ဝက နေ သွားရတာမို့ မိုးနဲ့လေနဲ့ စိတ်ပူနေတာ အိပ်မပျော်ဘူးတဲ့လေ။ (ရန်ကုန်ကိုအပတ်စဥ်ပြန်တာက ကျမတစ်ယောက်ထဲမို့ ရွာမှာ ကျန်ခဲ့တဲ့ဆရာမလေးတွေစားချင်ရှာကြမှာဆိုပြီး၊ ဝက်သားပေါက်စီကစလို့စုံစီနဖါ ဝယ်လာခဲ့တာပါ။)

    ခနောင်ကိုပြန်ဖို့ကတော့ – ကျမတို့ကြည့်မြင်တိုင်အိမ်ကနေ မနက် ၈နာရီ လောက်ပုဇွန်တောင်-ညောင်တန်းသင်္ဘော ဆိပ် ကိုသွား၊ သီတာသင်္ဘောနဲ့သန်လျင်ကိုကူး၊ကျောက်တန်းကိုကားစီး၊ ကျောက်တန်းမော်တော်ဆိပ်ကနေမော်တော်စီးရင် ညနေ မိုးချုပ်ခါနီးမှ ခနောင်ကိုရောက်တာပါ။ ခုတော့ ကားလမ်းလဲပေါက်၊ လျှပ်စစ်မီးလဲရနေပြီဆိုတော့ မြို့ကြီးဖြစ် နေ လောက်ပါပြီ။

    ဖေါ်ရွေလှတဲ့ အကျွေးအမွေး ရက်ရောလှတဲ့သူတွေနေတဲ့ ခနောင်ရွာလေးကို တစ်ခေါက်လောက်တော့ ရောက်အောင်သွား ချင်ပါသေးတယ်။ ခုလောက်ဆိုကလေးတွေက လူကြီးတွေဖြစ်ပြီး၊ သူတို့ကို ခဏလောက်သာ စာသင်ခဲ့ဘူးတဲ့ဆရာမကို မှတ်မိပါ့မလားဘဲ။ ကျမကတော့ သူတို့ရွာကပြန်ရမယ်ဆိုတာသိသိ ချင်းဘဲ အမှတ်တရလေးဖြစ်ရ လေအောင် ကိုယ်သင် ရတဲ့ဘာသာရပ်နဲ့ မဆိုင်ပေမဲ့၊ မြန်မာစာဆရာမကိုခွင့်တောင်းပြီး “တို့ဆရာမ” ဆိုတဲ့ခေါင်းစဥ် လေးနဲ့စာစီစာကုံး လေးတစ် ပုဒ်ရေးခိုင်းပြီး၊ မကြာခဏ ဖတ်ပြီးလွမ်းနေမိတာ။ နာဂစ်ဖြစ်မှ သူတို့လေးတွေရဲ့ စာရွက်လေးတွေ ရေမျောသွားရတာပါ။ ကျမက ဇီဝဗေဒ နဲ့ ဓါတုဗေဒ သင်ရတာပါ။ (ခနောင်ကပြန်ရောက်တာနဲ့ ဖက်စပ် ၇ မှာအလုပ်ဝင်ရပြန်ပါရော။)

    သံယောဇဥ် ထားတတ်လေ ဒုက္ခများရလေပါဘဲလား – – – –

    အေးအတူ ပူအမျှနေခဲ့ကြတဲ့ သူငယ်ချင်းဆရာမတွေကိုလဲ အမြဲသတိရနေတာပါ။

    ကျမ ပွေလီပုံက တစ်မျိုးနော်၊ အလုပ်မရှိရင်မနေနိုင်တာလေ။ ခုတောင် အလုပ်ခန့်မည့်သူများရှိရင် – – –

  • သတိရမိတာလေးများ

    သတိရမိတာလေးများ

    ဒေါ်မိအောင် Daw Mi Aung

    တချိန်တုန်းက ရန်ကုန်တိုင်း၊ထန်းတပင်ဆိုတာ မြို့ပိုင်ရုံးစိုက်ရာမြို့လို့၊လူကြီးတွေပြောသံ ကြားခဲ့ဘူးပါတယ်။ ကျမငယ်ငယ်ကတော့ အသွားအလာခက်ခဲတယ်ထင်လို့သိပ်မကြိုက်လှပါဘူး။ ဒါပေမဲ့ ကလေးသဘာဝမို့ ကြည့်မြင်တိုင်၊ ကျောက်တံတားဆိပ်ကမ်းကနေညောင်တုန်းသင်္ဘော၊ဘောလယ်သင်္ဘောကြီးစသဖြင့် စီးပြီးသွားရတာမို့သိပ်သွားချင်တာပါ။ လှေကလေးတွေကပ်လာပြီး၊ ခံတောင်းလေးနဲ့ထည့်လာတဲ့ အစားအသောက်တွေကို သိပ်မက်တာ။ ဒါပေမဲ့ ကျွန်းငူမှာ သင်္ဘောဆိုက်လို့ ဆိပ်ကမ်းကိုတက်ရတာတော့ ခက်လှပါတယ်။ ကြောက်တာလဲပါတာပေါ့။ အဖေနဲ့မြေးတွေလာရင် အမေကြီး (အဖေ့ရဲ့အမေ) က သိပ်သဘောကြတာ။ ထန်းတပင်အိမ်မှာရှိတဲ့မြေးတွေက နဲနဲကြီးနေကြပြီမို့။ ရန်ကုန်အိမ်ကနေပြောင်းသွားတော့ အမေကြီးက ကျမတို့ရဲ့ဘကြီး ဦးမောင်မောင်ကြီးရဲ့မိသားစု၊ဘကြီးဦးအောင်ခင်ရဲ့မိသားစု၊ အဖေချစ်လှိုင် (အဖေ့အထက်ကဘကြီး) တို့နဲ့အတူနေကြတာ။ သားတွေနဲ့မခွဲဘဲ သေသည်အထိအတူနေကြတာ။

    ကျမရဲ့အမေတစ်ယောက်ဘဲ အိမ်ခွဲနေခဲ့တာဆိုတော့ အမေကြီးက သူ့သားအငယ်ဆုံးလေးရောက်လာရင်၊ အိမ်ရှေ့က ကုလားထိုင်ကြီးပေါ်မှာထိုင်ပြီး လာသမျှစျေးသည်ခေါ်တော့တာဘဲ။ ပြီးရင် ကြီးကြီးမလှမြိုင်ကို “လှမြိုင်ရေ ထည့်စရာယူခဲ့စမ်း” ဆိုပြီး၊ စျေးဝယ်တော့တာပါ။ ပြီးတော့ ကြီးကြီးကဒိုင်ခံချက်ရတာပေါ့။ (ကြီးကြီးမလှမြိုင်က ဘကြီးမောင်မောင်ကြီးရဲ့ဇနီးပါ။) ထန်းတပင်ကမြသိန်းတန်ဘုရားပွဲချိန်ဘဲ အဖေကလိုက်ပို့ဘူးတာ။ အဲ့ဒီအချိန်ဆို မြို့မှာနေသူတွေက ရွာမှာဆုံကြတာကို။ အဖေတို့ညီအကိုတွေနဲ့အတူ မြို့ကပြန်လာတဲ့သူငယ်ချင်း၊ ရွာမှာရှိတဲ့သူငယ်ချင်းတွေဆုံပြီး၊ သောက်ကြစားကြတာလဲရှိသမို့၊ ပွဲစည်တာပေါ့လေ။ ဘကြီးမောင်မောင်ကြီးတစ်ယောက်ဘဲ အသောက်အစားမရှိတာ။ သူကတော့ဆေးပြင်းလိပ်ကြီးခဲလို့ပေါ့။ အဖေ့ရဲ့အစ်ကိုနှစ်ယောက်ကအရက်သောက်ပြီးရင်စကားများတော့တာဘဲ။ အဖေချစ်လှိုင်နဲ့ဘကြီးအောင်ခင်စကားများကြပြီဆိုရင်တော့ အဖေက”သ္မီးတို့ထ၊ မြို့ပိုင်ရဲ့မော်တော်ငှားပြီး ရန်ကုန်ပြန်မယ်” ရင်တော့ငြိမ်သွားကြပြန်ရော။ အမေကြီးကတော့ သူ့အခန်းထဲစောစောဝင်အိပ်တတ်လို့မသိရှာဘူး။ ဒါပေမဲ့ ဘကြီး မောင်မောင်ကြီးက “ညီလေးတို့ တော်ကြတော့ကွာ” လို့တစ်ချက်ဟန့်လိုက်ရင်လဲပြီးသွားတတ်ကြတာ။ အဖေတို့ညီအစ်ကိုတွေက ခွန်းကြီးခွန်းငယ်နဲ့ရန်မဖြစ်တတ်တာ ၊ အားကြီးချစ်စရာကောင်းလှတယ်။ အရက်သောက်ပြီးစကားများရင်တောင် ကိုကြီး၊ညီလေးနဲ့ အပ်ကြောင်းထပ်ကြတာ။

    အမေအမြဲပြောတတ်တာ -“သူတို့ညီအစ်ကိုတွေတော်တာများအေ၊ မအေရေချိုးရင် သနပ်ခါးသွေးတဲ့သူနဲ့၊ အိုးထဲရေ ငင်ပေး တဲ့သူနဲ့၊ မျက်နှာသုတ်ပုဝါနဲ့ ရေလဲလုံချည်ပေးတဲ့သူနဲ့၊ ချွတ်လိုက်တဲ့ထမီကိုဖွပ်ပေးတဲ့သူနဲ့မို့၊ ချွေးမတွေက သူတို့ယောကျ်ား တွေလုပ်နေတာ မကောင်းပါဘူးဆိုပြီး ဝင်လုပ်ကြရတာပေါ့အေ” တဲ့။ သားတွေချည်းမွေးထားပေမဲ့ သ္မီးမိန်းကလေး မွေးထား တာထက်တောင်သာသေးတာ။ အဲ့ဒီအချိန်တုန်းကတော့ ထန်းတပင်မှာဒေါ်ငွေခဲက ပိုက်ဆံလဲရှိ သြဇာလဲရှိတာပါ။ အဖေတို့ညီအစ်ကိုတွေ လူပျိုတုန်းကဆိုရင်၊ မိုးချုပ်လို့များ သူ့သားတွေအိမ်ပေါ်ပြန်မရောက်သေးလို့ကတော့၊ ရွာရဲ့ တာလမ်း ပေါ်ကနေ “ငါ့သားတွေကို ဘယ်ကောင်မတွေက ဒီအချိန်အထိ လက်ခံထားလဲ” လို့ အော်တတ်သေးတာတဲ့။ “အတော်ကြီးကျယ် တဲ့ မိန်းမကြီး”လို့ အတင်းတုတ်ကြမယ်ထင်တာဘဲ။ ဟုတ်ပါ့၊ အမေကြီးက အဖေ ၆နှစ်သားလောက်ကထဲက မုဆိုးမဖြစ်တာ၊ ဘယ်သူ့အကူအညီမှမယူဘဲ သားတွေကို လူတလုံးသူတလုံးဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး၊ သားချည်း ဘဲမွေးတာမို့ အချို့မိန်းမတွေနဲ့ဆိုရင် ကြမ်းတပြေးထဲတောင်မထိုင်ပါဘူး၊ တဲ့လေ။ ဓနိခြံကြီးလဲရှိတာမို့ အိမ်မှာဓနိထိုးတဲ့ သူတွေနဲ့ ပျော်စရာကြီး။ ဓနိခြံဆိုလို့ အမေကြီးစိတ်ထက်တာကိုအဖေမကြာခဏပြောတတ်တာ။ အိမ်နောက်ဖက်မှာ ဓနိတွေထားတော့ ဓနိဖေါင်လာခိုးတဲ့သူခိုးကို၊ “ကိုပွရေ၊ တစ်ခုခုနဲ့ကောက်ပစ်လိုက်ပါလား”လို့၊ သူ့ယောကျာ်းကိုပြောသတဲ့။ အဖိုးက သူခိုးကို ထိရင်နာသွားမှာစိုးလို့ ထင်းစအသေးရှာနေတာ ၊အမေကြီးကစိတ်မရှည်တာနဲ့ အဖိုးကို ထင်းစနဲ့ကောက်ပေါက်ပစ်လိုက်ပါရော လို့ပြောပြီးရယ်နေတတ်တာ။ (အဖေတို့ရဲ့အဖေနံမည်က ဦးပွ ပါ။)

    ကျမတို့ ဘကြီးအငယ်ဆုံး အဖေချစ်လှိုင်ကတော့ တူတွေ တူမတွေကိုသိပ်ချစ်ရှာတာ။ညဖက် သောက်ထားလို့မူးပေမဲ့၊ မနက်အစောအိပ်ယာကထပြီး၊ထမင်းကြမ်းမရှိရင် ထမင်းထပ်ချက်လို့၊ မနက်အစောစာကို ထမင်းကြော်ကျွေးတတ်တာ။ အဖေ့ကိုသိပ်ချစ်တော့ ကျမတို့ကိုဆိုရင် ကျန်တဲ့ကလေးတွေထက်ပိုသေးတာ။ တခါတလေမှလာတဲ့သူတွေမို့ထင်ပါရဲ့။

    ဘကြီးအောင်ခင်ကတော့ “မင်းသား”ပါဘဲ။မူးရင်ပြောပြောပြီးငိုတတ်တာ။ ဘကြီးက ထန်းတပင်အမတ် သခင်အောင်ခင်ပါ။ သူကသ္မီးတစ်ယောက်ထဲရှိတာ။ အစ်မခင်သန်းဆွေပါ။ ကိုယ့်ဘကြီးမကောင်းကြောင်းပြောတာမဟုတ်ပါဘူး။ ဘကြီးက အမေ မမြကျင်ဆုံးတယ်ဆိုလို့၊ အဖေထန်းတပင်ကိုသွားတော့ “ညီလေးရေ မင်းမရီးမရှိတော့ဘူး “ဆိုပြီး၊ ငိုလိုက်တာ တဲ့။ အဖျောက်က ကြီးကြီးမလေးခင်က “အောင်ကြည်ရေ၊ နင့်အစ်ကို ကတော့ လက်ကြားထဲကဘယ်သူ့ယူရမလဲ ချောင်းနေတာ” လို့ပြောလို့ အဖေကစိတ်ဆိုးသေးတာ။ ဟင်း၊ ဘကြီးကမကြာခင်ဘဲ မိန်းမယူတာမို့၊ အဖေချစ်လှိုင်က သူ့တူမလေး အစ်မခင်သန်းဆွေကို သနားပြီး ၊ မကြာခဏရန်ဖြစ်ကြတာ။ အော် ၊ဘကြီးတို့များ မချစ်ရရင်မနေနိုင်လို့ထင်ပါရဲ့။

    ကျမတို့ကိုတော့ အစ်မတွေကဘုရားပွဲလိုက်ပို့တတ်ပါတယ်။ အဲ့ဒီတုန်းကတော့ ဗန္ဓုလကျော်စိန် ဇာတ်ပွဲကိုကြည့်ကြရတာပါ။ ဝက်ပေါကတော့ ထန်းလျက်နဲ့မြေပဲရောပြီးကြိုထားပြီး စက္ကူအညိုကြီးပေါ်မှာခဲထားတဲ့ မြေပဲယိုကိုသိပ်ကြိုက်တာ။ ညနေစောင်းလို့ အိမ်ပြန်ချင်တယ်ပြောရင် အစ်မတို့က အမြဲဝယ်ကျွေးပြီးချော့ကြတာ။ အစ်မမတင်ဦး၊ အစ်မခင်မသန်းဆွေ တို့ကအပျိုအရွယ်တွေပေါ့။ အဖေ့ဖက်မှာလဲ အစ်မတွေ၊အစ်ကိုတွေ၊မောင်တွေနဲ့ တစ်ရွာတည်လို့ရပါတယ်နော်။ ဆွေမျိုး များကြောင်း ကြွားရတာပါ။ ဒါတောင် အဖျောက်တို့ ဓနုဖြူတို့ ဟင်္သာတတို့မှာရှိတဲ့၊ တခါနှစ်ခါသာ မြင်ဘူးတဲ့ အစ်မတွေ အစ်ကိုတွေ သာစုံလိုက်လို့ကတော့ မြို့တည်လို့များ ရလေမလားလို့ပါ။ အဖေ့ရဲ့ရွာကိုမှ ရောက်ဘူးသေးတာ၊ အမေ့ဇာတိ ရွာဖြစ်တဲ့ ဆားမလောက်တို့ သဇင်ရေကျော်တို့ကို မရောက်ဘူးသေးလို့၊ အေးချမ်းသာယာတဲ့ အချိန်လေးရောက်လာရင်တော့ – – – – စိတ်ကူးရင်းနဲ့ အားယူလို့ ။ ။

  • ကြုံရ ဘုံဘဝ

    ကြုံရ ဘုံဘဝ

    ဒေါ်မိအောင် Daw Mi Aung

    အမြဲစူးစမ်းလေ့လာနေတတ်တာကတော့ ကျမတို့အမေဒေါ်ခင်မေပါ။ စီးပွါးရေးအကွက်ကိုအမြဲချောင်းနေတတ်သူပါ။ ဒါလဲ သူချမ်းသာချင်လို့မဟုတ်ပါဘူး။ သားသ္မီးတွေ မျက်နှာမငယ်ရ၊လူတန်းစေ့နေနိုင်အောင်ထားချင်တဲ့ စေတနာသက်သက်ဘဲ ရှိတယ် ဆိုတာကိုတော့ ကိုယ့်အမေမို့ သိတာပေါ့။

    ကျမတို့အလုပ်သွားနေတာ အိမ်ပြန်ရောက်တော့အမေ့ကိုရှာမတွေ့လို့။ လိုက်မေးရတာပေါ့။ ရှာရှာကြံကြံ ငါးခြောက်တို့ ဘဲဥတို့ရောင်းတဲ့အဒေါ်ကြီးနဲ့လိုက်သွားတယ်။ ဘဲဥတွေ ငါးခြောက်တွေရောင်းဖို့လိုက်ဝယ်တာတဲ့လေ။ဘယ်ကိုလဲမေးပါဦး၊ ပင်လယ်ဝနားက ရွာကိုပါတဲ့။ ပြန်မရောက်မချင်း စိတ်ပူလိုက်ရတာလေ။ ပြန်လဲရောက်ရော ဘဲဥတွေ၊ငါးခြောက်တွေပါ လာပါရဲ့။ အမေကမှလမ်းဘေးမှာ ထိုင်ပြီးစျေးမရောင်းရဲရှာတာ။ အဲ့ဒီအဒေါ်ကြီးကကြည့်မြင်တိုင်၊ ဥယျာဥ်လမ်းထိပ်က ကုက္ကိုလ်ပင်ကြီးအောက်မှာထိုင်ရောင်းတာ။ သူ့ကိုဘဲ ပစ္စည်းတွေပေးပြီးရောင်းခိုင်းရတာဆိုတော့ သူပြန်ပေးမှကိုယ် ပြန်ရ မှာလေ။ ဝက်ပေါက တကယ်သတ္တိကောင်းတာ။ မနက်ဆို အဲ့ဒီမိန်းမကြီးနားမှာ စျေးကွဲတဲ့အထိထိုင်စောင့်ပြီး ရသမျှပိုက်ဆံ လေးကို ပြန်တောင်းယူရရှာတယ်။ အချို့သောသူများကလဲ ကိုယ့်လက်ထဲရောက်လာတဲ့ ပိုက်ဆံကို ပြန်ပေးရမှာ အတော် ကြောက်တာ။ တစ်ပါတ်လောက်ကို ညီမလေး သူစျေးရောင်းတဲ့နားထိုင်ပြီးစောင့်တောင်းမှဘဲ အမေ့ရဲ့အရင်းလေး ပြန်ရ တော့တယ်။

    အမေ့ရဲ့”မူ”ကအထည်ဘဲဖြစ်ဖြစ်၊ဘာပစ္စည်းဘဲဖြစ်ဖြစ် လက်ထဲမှာကျန်မနေစေချင်ဘူး။ (ဟီးဟီး သူ့ကိုကိုက်မှာစိုးလို့ထင်ပါရဲ့။) “နောက်မှလာပေးမယ်၊ ယူသွားမယ်မမမေ” ဆိုလို့ကတော့၊ရောင်းရတယ်လို့မှတ် ၊ပစ္စည်းကုန်လို့ သူ့မျက်စေ့ရှေ့မှာမမြ ရတော့ ရင်ကျေနပ်နေရော။ စာအုပ်ထဲမှာတော့ အမေ့ပိုက်ဆံတွေအများကြီးဘဲ။ (ဒဂုံပြောင်းတဲ့အထိတောင် အမေ့စာရင်းစာအုပ် တွေပါ လာသေးတယ်။) အမြတ်ဘယ်လောက်ဆိုတာကိုတောင်တွက်ပြီးသား။ အမေ စိတ်တွက်နဲ့တွက်တာ၊ကျမတို့စာရွက်ပေါ်မှာ ချရေးပြီးတွက်တာထက်တောင်မှ မြန်ပြီး မှန်သေးတာ။ ကြွေးလိုက်တောင်းရသူကတော့ ကျမညီမလေးဝက်ပေါ- ပေါ့။ ရတာ လဲရ၊ မရတာလဲမရပေါ့လေ။

    တခါတော့ လားရှိုးမှာ မျက်နှာသုတ်ပုဝါတို့၊ အခြားတိုလီမိုလီပစ္စည်းတွေပေါ့လေ၊ ရန်ကုန်မှာပြန်ရောင်းရင် “ကိုက်တယ်”ဆိုလို့၊ သူလိုက်သွားကြည့်မယ်တဲ့။ ကျမတို့ကတော့စိတ်ပူတာပေါ့။ ဒါပေမဲ့ အမေက ဇွတ်သမားမို့ တားမရဘူး။ ကျမတို့အမေက ကုန်ရောင်းကုန်ဝယ်သွားတဲ့ စတိုင်မှမဟုတ်ဘဲ။ အလည်အပတ်ခရီးထွက်သလိုဘဲသွားတတ်တာ။ စားစရာသောက်စရာ ဂျိုင့်ကြီးဂျိုင့်ငယ်နဲ့။ လားရှိုးဘူတာမှာ စျေးဆိုင်တည်ထားတဲ့ ပုတီးကုန်းကဦးလေးကိုမူတူးတို့မိသားစုကလဲရှိတာမို့ အမေကသွားချင်တာ။ (ဦးလေးက ကျမတို့ကိုသူ့သွေးသားလိုစောင့်ရှောက်ခဲ့ရှာတာမို့ ဘယ်လိုအခြေအနေလဲ၊ အဆင်ပြေရဲ့လား သိချင်တာမို့။) ဒေါ်ခင်မေတို့ပြန်လဲလာရော နောင်ချိုမှာမိုင်းထိလို့ ရထားကဆက်မသွားနိုင်ဘူးတဲ့။ နောက်ရထားတစ်စီး ကိုပြောင်းရတော့ သူ့ပစ္စည်းတွေသူမသယ်နိုင်တော့ ၊ဒီအတိုင်းထားပြီး စားစရာခြင်းကိုဘဲ အရဆွဲလာတာဆိုဘဲ။ ဒေသထွက် စားစရာကို စုံအောင်ဝယ်လာတာ။ မျှစ်ကအစပြောင်းဖူးအဆုံးသယ်လာတာ။ သူ့ခုံနဲ့မျက်နှာချင်းဆိုင်မှာထိုင်လာတဲ့သူကဘဲ၊ အမေ ကျနော်သယ်ပေးမယ်ဆိုပြီး သယ်ပေးလို့သာ အမေ့ပစ္စည်းတွေပြန်ပါလာတာပါ။ ဦးလေးထည့်ပေးလိုက်တဲ့စားစရာ တွေကိုလဲ ကူပြီးသယ်ပေးတဲ့သူတွေကို ကျေးဇူးတင်လွန်းလို့ တလမ်းလုံး ပါးစပ်မနားရအောင်ကိုကျွေးလာတာတဲ့။

    မြိတ်ကိုလိုက်သွားမလို့ လေယာဥ်လက်မှတ်ဝယ်ပြီးပြီ၊ မောင်လေးဖိုးချိုကိုပါခေါ်သွားမယ်တဲ့ ဖြစ်ပြန်ရော။ အဲ့ဒီခေတ်က ငရုပ်သီးစိမ်းတစ်ခြင်းနဲ့ ဘုရားပန်းတစ်ပွေ့ ယူသွားရင် လေယာဥ်လက်မှတ်ဖိုး ကြေတယ်လေ။ အမေခရီးသွားမယ်ဆိုရင် ကျန်ခဲ့တဲ့မောင်နှမတွေအားလုံး လေယာဥ်ကွင်းဖြစ်ဖြစ်၊ဘူတာဖြစ်ဖြစ်လိုက်ပို့ပေးရတယ်။ အပြန်ကြိုရင်လဲဒီလိုဘဲ။ (မောင်နှမ မစုံလို့ကတော့ – – – – အကြီး၂ယောက် နာပြီမှတ်။) လေယာဥ်ကွင်းလိုက်ပို့ပြီး၊လေယာဥ်ထွက်လို့ ကျမတို့အိမ်ပြန်ရောက် ၊ခဏ နားရုံဘဲရှိသေးတယ်၊အိမ်ရှေ့က “သ္မီးတို့ရေ” – လို့ အမေ့ခေါ်သံကြားတော့ လန့်လိုက်တာလေ။ ကြံကြံဖန်ဖန် မြိတ်ရောက်တော့ လေယာဥ်က ဘီးချလို့မရလို့တဲ့ ရန်ကုန်ကိုပြန်လှည့်လာရတာ။ “သ္မီးရေ လေယာဥ်မောင်းတဲ့သူတော်လို့ အမေတို့မသေတာ ” တဲ့။လေယာဥ်ကွင်းထဲမှာလဲမီးသတ်ကားတွေအပြည့်ဘဲတဲ့။ နောက်နေ့မှပြန်သွားရမယ်တဲ့။ ကျမတို့ကတော့စိတ်ပူပြီး မသွား စေချင်တော့ဘူးပေါ့။ အမေကတော့ခပ်အေးအေးဘဲ၊ရောက်အောင်ကိုသွားမှာ တဲ့လေ။ ဒါပေမဲ့ မနက်စောစောထပြီး ကျမတို့ အိမ်ကိုကြွတဲ့ ဘုန်းဘုန်းကို ယတြာသွားတောင်းတာ။ကလေးကြောင့် ကံကောင်းတာလို့ပြောပြီး ယတြာလုပ်ခိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ မြိတ်ကိုသွားဖြစ် သွားပြန်ပါရော။ (အဲ့ဒီအချိန်တုန်းက လေယာဥ်အဆင်မပြေ လို့ပြန်လာရတဲ့ခရီးသည်တွေကို လေဆိပ်မှာ ညစာစားချိန်မို့ ထမင်းကျွေးပါတယ်။)

    ရန်ကုန်ပြန်ရောက်တော့ မြိတ်ကမအေးတင်တို့က အမေတို့ကို ကမ္ဘာ့ရေကြောင်းရှိတဲ့ဆီအထိ လိုက်ပြတယ်ဆိုတာပြောမဆုံး။ မောင်လေးက ခရုတွေစားတာပြောမဆုံး။ ကျမကတော့ အမြဲတမ်းအိမ်မှာကျန်နေခဲ့ရသူမို့ အငေးသားနားထောင် နေရ တာပေါ့လေ။ ပြန်လာတော့ ပိတ်စအဆန်းလေးတွေ၊ပါတိတ်လုံချည်၊ တက်ထွန်လုံချည်တစ်ကွင်းချင်းလေးတွေ၊စုံလို့ပါဘဲ။ ပြန်ရောင်းဖို့ဝယ်လာတာလေ။ ကျမတို့ညီအစ်မက “အမေဒါယူမယ်နော်” ဆိုရင်တော့” နိုး” ပါဘဲ။ “ပြန်ရောင်းဖို့လာယူတဲ့ သူမကြိုက်တာမှ သ္မီးတို့ယူရမယ်”တဲ့လေ။ ရောင်းဖို့လာယူတဲ့ မိန်းမ (မခင်သောင်း) ကလဲ အမေယူလာတဲ့ပစ္စည်းအကုန် ကိုကြိုက်နေတော့တာ။ သေတ္တာလိုက်ကို အကြိုက် “မချ”သွားတော့တာပါဘဲ။ “အမေရေ ပိုက်ဆံပေးမသွားဘူးလား” လို့မေးတော့၊ “လာပေးလိမ့်မယ်” တဲ့။ ဟားဟား၊- ဒီတခါတော့ ဝက်ပေါလေးလဲမတတ်နိုင်။ လုံးဝကို စုံးစုံးမြုပ် ၊မခင်သောင်းလဲ တခါထဲ ပျောက်သွားတော့တာ။ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကိုယ့်လက်ထဲမှာ ကျန်တာဘဲ ကိုယ့်ပစ္စည်းဆိုတာကိုတော့ သင်ခန်းစာရလိုက်ပါရဲ့လေ။

    ဒီလိုဆုံးရှုံးခဲ့ရတာတွေများခဲ့ပေမဲ့လဲ ” စေတနာ- ကံ ” ဖွဲ့တာမို့ အမေက ဘယ်တော့မှလူလုံးမလှ မဖြစ်ခဲ့ဘူးပါဘူး။ အမေတရားရဖို့ကို သူတို့ကအထောက်အပံ့ပေးခဲ့တယ်လို့ဘဲ အမေကယူဆခဲ့လေသလားတော့ ကျမတို့မသိနိုင်ခဲ့ပါဘူး။ ကျမတို့ကတော့ လူငယ်မို့ စိတ်ဆိုး၊ ဒေါသဖြစ်တာပေါ့လေ။ အမေကတော့ အကုသိုလ် ထပ်မယူနဲ့လို့ဘဲပြောတာပါဘဲ။

    လူ့ဘဝဆိုတာ ဆန်းကျယ်လွန်းလှပြီး၊ လူအမျိုးမျိုးနဲ့လဲတွေ့ရ၊ ဆိုးကောင်းနှစ်တန်မို့ သင်ခန်းစာတွေလဲရခဲ့ပါရဲ့ – – – – – အသက်ရှင်နေသမျှကာလပတ်လုံးကြုံရဦးတော့မှာပါလားနော်။ ။

  • အမှတ်ရမိတယ်

    အမှတ်ရမိတယ်

    ဒေါ်မိအောင် Daw Mi Aung

    ထူးခြားတဲ့စွမ်းရည်ရှိတယ်ဆိုတာ သူ့ရဲ့ပင်ကိုယ်ဗီဇမို့ လုပ်ယူလို့မရပါဘူး။ အားကျလို့ကြိုးစားရင်တော့ ရနိုင်ပေမဲ့ သူ့လောက်တော့အစွမ်းထက်မှာမဟုတ်ပါ။

    အော်၊ ဒီမနက်ပုဇွန်ဆီလေးကို ကြက်သွန်ဖြူလေးဆီသတ်ရင်းနဲ့ အမေကြိုက်တတ်တာလေးမို့သတိတွေရပြီးလွမ်းမိသွားတာ။ ကျမတို့ဒဂုံကိုပြောင်းလာပြီး မကြာခင်မှာဘဲ ကျမတို့အိမ်ရှေ့အိမ်ကမီးစပြီးလောင်ပါရော။ နေ့လည်ဆို အမေတစ်ယောက် ထဲအိမ်မှာကျန်ခဲ့တာမို့၊ အိမ်ရှေ့တံခါးမကြီးကပိတ်ထားရပါတယ်။ အဲ့ဒီအချိန်မှာ အမေက နေ့လည်စာခေါက်ဆွဲပြုတ် လေးထိုင် သောက်နေတုန်း ခေါင်ရင်းပြူတင်းပေါက်လေးကို ကြည့်နေတာ၊ အိမ်ရှေ့အိမ်က မမြင့်က သူ့ရဲ့”ချိ”နေတဲ့သ္မီးလေးကို မနိုင်မနင်းနဲ့ဆွဲပြေးတာတွေ့လို့ထွက်ကြည့်မှမီးလောင်နေမှန်းသိရတာ။ အမေက နားလေးတော့ အော်သံမကြားရရှာဘူးလေ။ အမေလဲအိမ်ပေါ်ထပ်ကသေတ္တာကိုတက်ဆွဲသေးတာတဲ့။ မနိုင်တော့ ဒီအတိုင်းထားခဲ့ပြီး၊ဘေးပေါက်ကထွက်လို့ သော့ခတ်၊ အိမ်ရှေ့က ခြံစည်းရိိုးခတ်ထားတဲ့ ဝါးကပ်တွေကိုတွန်းလှဲပစ်တာ၊ ပြီးတော့မှနောက်ဖေးခြံစည်းရိုးက်ိုပါတွန်းလှဲပြီး၊ နောက်ဖေးခပ်လှမ်းလှမ်းကနေ အိမ်ကိုစောင့်ကြည့်နေရတယ်တဲ့။ မီးလောင်တယ်ဆိုလို့ ပြေးလာကြတဲ့ ဦးအေးသိန်းနဲ့ ဦးလှရွှေတို့က “အမေကြီးမကြောက်နဲ့” ဆိုပြီး၊လက်ကိုဆွဲထားကြတာ၊အိမ်ကိုဆွမ်းခံကြွတဲ့ဘုန်းကြီးနဲ့ကိုရင်လေးတွေကလဲ အိမ်က အုတ်ကန်ထဲကရေတွေနဲ့ခပ်ပြီး၊ပက်ကြတာပေါ့။ (အုတ်ကန်ကို ကျမတို့ညီအစ်မကအမြဲ ရေပြည့်အောင်ဖြည့်ထားတတ် လို့တော်ပါသေးရဲ့။ အလုပ်ကပြန်လာရင် ရေတုံကင်လေးကို သူအချက်တစ်ရာ၊ကိုယ်အချက်တစ်ရာနှိပ်ပြီး ရေဖြည့်ရတာ။) မီးသတ်ကားကလဲ လမ်းကိုပတ်ပြီးရှာနေရတာနဲ့အိမ်၂လုံးခွဲလောက်ကုန်သွားပြီးမှ မီးငြိမ်းသွားတာ။ အဲ့ဒီအချိန်က “မြို့”ဆိုပြီး သာ ပြီး၊ရေခပ်တိုက်ရသေးတာ။ ဥာဏ်ကလဲအတော်ပြေးတဲ့အမေ။ မီးလောင်တဲ့အကြောင်းကိုလာပြီး စစ်ကြ၊မေးမြန်းကြတော့ ကျမတို့အိမ်ထဲကို ဝင်ပြီးထိုင်ကြတော့ အမေကအိမ်ပေါ်ထပ်တက်တဲ့လှေခါးမှာထိုင်ကြည့်နေတာတဲ့။ အိမ်ပေါ်ကို လူတက်လို့ မရအောင်ပိတ်ပြီးထိုင်ထားတာပါတဲ့လေ။ သူဘဲတွေးမိတယ်။

    တနေ့လုံး အိမ်မှာတစ်ယောက်ထဲထားခဲ့ရတာစိတ်မချပေမဲ့လဲ၊ အလုပ်လုပ်မှဖြစ်မှာမို့ ထားခဲ့ရတာပါဘဲ။ ထားခဲ့ရင်လဲ ကျမတို့ လမ်းထိပ်မရောက်သေးဘူး၊ အမေက ဓါးတစ်ချောင်းနဲ့အပြင်ရောက်နေပြီ။ မြက်ကိုတစ်ပင်မှမကျန်အောင်ရှင်းတာ။ အမြစ်ပါကုန်မှ ပြန်မထွက်မှာလို့လဲပြောတတ်သေးတာ။ “အပြင်မထွက်ပါနဲ့အမေရယ်” လို့ပြောရင် “အေးပါ၊အေးပါအေ၊ အမေ့ကိုစိတ်မပူနဲ့၊အလုပ်ကိုသာဖြောင့်ဖြောင့်သွားလို့” ပြောပြီးထင်ရာလုပ်တော့တာ။

    နောက်တော့ အမေ အပြင်မထွက်အောင် ဥာဏ်ကူရတယ်။ စာစောင်တွေမှ ပြည်သူ့ခေတ်၊ ဆဲဗင်းဒေး၊ Good Health,စတဲ့ စာစောင်တွေ ဝယ်လာပေးရတာ။ စာဖတ်နေရင် အပြင်မထွက်တော့ဘူးလေ။ စာစောင်ဘဲဖြစ်ဖြစ် သတင်းစာဘဲဖြစ်ဖြစ် ဖတ်ပြီဆိုရင်တော့ အစကနေအဆုံးဖတ်တာ။ မှတ်လဲမှတ်မိပါ့။ တခါတလေ အမေရေ ရုရှားသမတကဘယ်သူပါလိမ့်ဆို “ပူတင်း”လေအေလို့ပြောလို့ရယ်ရသေးတာ။ (နားလေးတော့ အသံထွက်မမှန်တာပေါ့။) မိုးရွာနေရင်အပြင်မထွက်တော့ မိုးရွာနေပါစေလို့ ဘဲဆုတောင်းရမလို။ အမေကသိပ်ချမ်းတတ်တာ။ ကျမတို့တွေငယ်ငယ်ကဆို အမေချမ်းတယ်ဆိုရင် လိုက်ချမ်းရပြီး၊ အနွေးထည်ဝတ်ခိုင်းတတ်တာ။တခါတလေ ကျမတို့တွေကအနွေးထည်မဝတ်ချင်ရင်စိတ်တိုရတာပေါ့။ ဒါပေမဲ့ အမြဲတမ်းသူ့အလိုကိုလိုက်ခဲ့ကြရတာမို့ ခဏတော့ ဟန်ပြဝတ်လိုက်ကြရတာပါဘဲ။~

    အုန်းသီးခူးနည်းလေးလဲပေးပါရစေ။ကျ မတို့အလုပ်ကပြန်ရောက်တော့ လမ်းထိပ်ကမအေးကိုခေါ်ပေးစမ်း၊ အမေ အုန်းသီး တွေရောင်းမလို့”ဆိုတော့ အံ့သြပြီး၊ ဘယ်သူခူးပေးပါလိမ့်ပေါ့။ အမယ်လေး၊ အုန်းသီးကို အောက်ကနေ ဝါးလုံးနဲ့ထိုးချတာတဲ့။ အဲ့ဒီလို ဆိုးပါတယ်ဆို။ဝါးလုံးနဲ့ထိုးပြီးအမေကထွက်ပြေးတာပေါ့တဲ့လေ။ အမေ့ဆီမှာ ခြံရှင်းတဲ့လက်နက်အစုံရှိတယ်။ ကျမတို့ က လမ်းသွားခါနီးရင် အကုန်ဖွက်ထားခဲ့ကြရတာ။ ပြန်ရောက်ရင်တော့ သူ့ပစ္စည်းတွေရှာမတွေ့လို့ ပူညံ၊ပူညံ။ အပင်တွေရေ လောင်းရင်လဲ ကျမတို့ကအပူရှပ်မှာစိုးရိမ်လို့အော်၊ အမေကတော့ဂရုကိုမစိုက်တာ။ သရက်ပင်ကို တောင်ရေ လောင်းပါ တယ်ဆိုမှတော့။ ကလေးငယ်ငယ်မရှိပေမဲ့ အမြဲတမ်းအသံထွက်နေတာ ဒေါ်ခင်မေ တို့အိမ်ပါ။

    အမှတ်ရမိတာလေးတချို့ပါ။ ပြောလို့ကုန်နိုင်မှာမဟုတ်လို့ – – – –
    တကယ်တော့ အမေ တော်လို့သာ ဒီအခြေအနေအထိနေနိုင်တာပါ။သိပ်လွမ်းတာဘဲ။

  • ရှင်သန်ခြင်း( ၄ )

    ရှင်သန်ခြင်း( ၄ )

    ဒေါ်မိအောင် Daw Mi Aung

    သုံးပန်လှပန်းကလေးလို သုံးရောင်ပြောင်းလဲ ရှုချင်စဖွယ်လှနေသလို၊လူတွေဟာလဲ ဘယ်အချိန်မဆို တင့်တင့်တယ်တယ် ဖြစ်ကြရင် – – –

    ဘဝတစ်ခုမှာဖြစ်ချင်တာမဖြစ်ကြရပေမဲ့၊ဖြစ်သင့်တာကိုတော့ဖြစ်အောင်လုပ်ကြရမှာပါ။ တွေးခဲ့တာနဲ့ ဖြစ်လာတာနဲ့ တသမတ်ထဲဖြစ်လာကြတဲ့သူတွေကတော့ ကံအကျိုးပေးကောင်းလှသူတွေပါဘဲ။ ငါတော့လေ ဘွဲ့ရပြီးရင်ဝန်ထမ်း အလုပ်နဲ့အရာရှိဖြစ်အောင်လုပ်မယ်။ တည်တည်ငြိမ်ငြိမ်လေးပေါ့။ဖြစ်ချင်တာနဲ့ ဖြစ်လာတာကတော့တခြားစီပါဘဲ။ အမေပြောတဲ့ “ရာဇပလ္လင် ဖင်မပါတာ” ဖြစ်မှာပါ။

    ဝန်ထမ်းသက် ၁၀နှစ်မှာ အလုပ်ထွက်လာခဲ့ပြီးကထဲက တောက်လျောက်အလုပ်တွေလုပ်လာလိုက်တာ အသက်၇၀နားနီးမှဘဲ၊ ညီမတွေရဲ့ကျေးဇူးနဲ့ နားရတော့တာမို့၊ကျေးဇူးတင်လိုက်တာ။ ရှပ်အင်္ကျီ၁၀ထည်ချုပ်လို့ပြီးရင်၂၇ကျပ်ရတဲ့အလုပ်၊ (အမေကတော့စက်ချုပ်တဲ့အလုပ်ကိုအားမပေးပါဘူး၊ပင်ပမ်းလို့တဲ့။) ချည် ၁၀ပေါင်ထုတ် တစ်ထုပ်ကိုဖြူအောင်ချွတ်လျှော်၊ လှန်းပြီးခြောက်ရင် “ချား”ထဲမှာထည့်ပြီး အပ်ချည်လုံးဖြစ်အောင်ရစ်၊ ပြီးရင် ၅၀၀ကျပ် ရတဲ့အလုပ်မျိုးတွေလုပ်ခဲ့ဘူးတာ။ နောက်ပြီး ဝက်ပေါလေးက ရုံးမှာပလပ်စတစ်ကြိုးနဲ့ အိတ်တွေထိုးတဲ့အကြောင်းပြောရင်၊ ကျမကစပ်စပ်စုစု အိတ်ထိုးပြီးရောင်း ကြရအောင်ဆိုပြီး၊ကြိုးတွေ၊ လက်ကိုင်ကွင်းတွေဝယ်ပြီး စမ်းသပ်ကြတော့တာပါဘဲ။ ဖြစ်အောင်လုပ် ရင်ဖြစ်ပါတယ်။ ကြိုးတစ်ခွေကို စျေးဝယ်တဲ့အိတ်ထိုးရင်သုံးလုံးရပြီး၊ တွက်လိုက်ရင် ၆၀ကျပ်လောက်မြတ်တာ။ တစ်နေ့ကိုကြိုး ၃ခွေစာ လောက်ထိုးလို့ပြီးပါတယ်။ ဝက်ပေါလဲ ရုံးကပြန်ရောက်ရင် ကူရတာပေါ့။ (ဟီး ဟီး အိမ်မှာတော့ ပွရှုပ်နေ တော့တာပါဘဲ။) နောက်တဆင့်တက်တော့ သိမ်ကြီးစျေး”အီး” ရုံက သားရေ ချပ်တွေဝယ်၊ ငါးဖမ်းပိုက်ချည်နဲ့ တစ်ချောင်းထိုးထိုးပြီး၊ သားရေချပ်နဲ့ဆက်လို့၊ပိုက်ဆံအိတ်တွေထိုးရောင်း။ ဟန်ကိုကျလို့။ ဘာဘဲဖြစ်ဖြစ် ဌာနစိတ်မှူး တစ်လကို၃၂၀ကျပ် ရတာထက်တော့၊လူပင်ပမ်းတာကလွဲလို့အဆင်ပြေပါတယ်။ လှလှရွရွလေးမနေရတာကလွဲလို့ပေါ့။

    ဒါကြောင့်မို ပညာတစ်ခုတတ်ထားရင်အသုံးချတတ်ဖို့ဘဲလိုတယ်ဆိုတာမှန်တာဘဲ။

    နောက်တခါကျတော့ သတင်းစာမှာ ခနောင်ကျေးရွာတွဲဖက် အ ထ ကကျောင်းအတွက်ဆရာမလိုတယ်ဆိုလို့၊ လျှောက်လိုက် တာ ရပြန်ပါရော။ ပျော်ပျော်ပါးပါးပေါ့။ ရန်ကုန်နဲ့မဝေးလှပေမဲ့၊သွားရတဲ့ခရီးကတော့ခက်ခဲပါ့။ သီတာဆိပ်ကနေ သံလျင်ကို သီတာသင်္ဘောကြီးစီး၊ ကျောက်တန်းကိုကားနဲ့သွား၊ ကျောက်တန်းကနေခနောင်ကိုမော်တော်စီးရတာကရေလှည့်နဲ့မို့၊ မ်ကမနက်၉နာရီလောက်ထွက်ရင် ခနောင်ကိုမိုးချုပ်ခါနီးမှရောက်တော့တာ။ အိမ်နဲ့လဲတခါမှမခွဲဘူးတော့ ညကျရင် ငိုရတာအမော။ ဆရာမ ၅ယောက်ကို အိမ်တစ်လုံးငှားပေးထားတာမို့ လွတ်လပ်ပါတယ်။ ကျောင်းကခနောင်အရှေ့မှာပါ။ စရောက်တဲ့တစ်လလုံးလုံးရွာကအိမ်တွေကထမင်းကျွေးတာပါ။ ရွာကဆရာတော်ကြီးနဲ့ကျောင်းအုပ်ကြီးဦးအောင်ချိန်တို့ရဲ့စောင့်ရှောက်မှုကိုမမေ့သလို ကျေးဇူးလဲတင်ပါတယ်။

    မတည်ငြိမ်လိုက်တဲ့ဘဝများလေ။ စာသွားသင်နေတုန်း ဖက်စပ်(၇)မှာလျှောက်ထားတဲ့အလုပ်ရလို့၊ ကျောင်းစာချုပ်အရ ပိုက်ဆံပြန်ရော်ပြီး၊ ၁၉လမ်းထိပ်မှာဖွင့်ထားတဲ့ ဖက်စပ်(၇)မှာ အလုပ်လုပ်ရပြန်ပါတယ်။ အဲ့ဒီတော့လဲ အလုပ်ကို ဟိုခုန်ဒီခုန်နဲ့ဆိုပြီး ရှုံ့ချတဲ့အကြည့်နဲ့ အပြစ်စကားသံတွေမြည်လာပြန်ပါရော။ လူဆိုတာ ကိုယ့်လုပ်ရပ်ကိုကြိုက်တဲ့၊ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကြည့်တဲ့သူက အကောင်းမြင်တတ်ပေမဲ့၊ ကိုယ့်ကိုမနှစ်မြို့တဲ့သူကတော့ အပြစ်မြင်တတ်ကြမှာပါ။ ဒါလဲသဘာဝပါဘဲလေ။

    ဘယ်သူတွေဘာပြောပြော တကယ်တော့ ကိုယ့်ဝန် ကိုယ်ထမ်းကြရမှာပါ။

    မှန်တာလုပ်၊ဟုတ်တာပြော၊ သူများကိုမထိခိုက်စေနဲ့ – – – – – ဘယ်လောက်အေးချမ်းလိုက်မလဲ။

  • ကကြိုးစုံလင်

    ကကြိုးစုံလင်

    ဒေါ်မိအောင် Daw Mi Aung

    ဘကုံးနဲ့၊ဝလုံးနဲ့ပေါင်းပြီး “ဘဝ” မို့လို့သာဘဲ။ဒီထက်များရှည်ရင်တော့ မတွေးတတ်အောင်ပါလား။ “လူ့ဘဝရခဲပါဘိခြင်း၊ ဘဝဆိုတာ တိုတောင်းလှပါတယ်” လို့သာဆိုကြတယ်၊လူတွေအဖို့တော့ ရယ်တခါငိုတလှည့်၊ ဆင်းရဲတခါချမ်းသာတလှည့်နဲ့ ရှည်လျားလွန်းလေသလားလို့။ အမျိုးမျိုးအဖုံဖုံကြုံဆုံလို့ မွေးစမှသေသည့်တိုင်အောင် ရုန်းကန်လှုပ်ရှားကြရတာများ မနားရအောင်ပါဘဲ။

    ကျမတက္ကသိုလ်နောက်ဆုံးနှစ်ဖြေပြီးတော့၊အောင်စာရင်းမထွက်ခင်ယောင်ချာချာနဲ့။ ရှင်းရှင်းဆိုရရင်တော့ ပညာတတ် မာန်လေးနဲ့ဟိုအလုပ်လဲကိုယ်နဲ့မတန်သလို၊ဒီအလုပ်လဲနိမ့်ကျသလိုနဲ့ ဟန်ထည်ပြီးနေကြည့်တာပေါ့လေ။ တကယ်ဆို စျေးရောင်းတာက ကိုယ်နဲ့မစိမ်းတဲ့အလုပ်ပါ။ နောက်တော့လဲ ကိုယ့်မှာဆိုင်ရှိတာဘဲစျေးရောင်းပေါ့။ အမေ့လက်ထက်ကလို အထည်ဒိုင်ကြီးတော့မဖြစ်ပါဘူး။ငွေရင်းကလဲမထည့်နိုင်တော့လို့ပါ။ ၁၀ ရပ်ကွက်စျေးကို မနက်စောစောသွား၊ ပိတ်စအဆင် သစ်လေးတွေရွေးကောက်ဝယ်ပြီး၊ စိန်ဂျွန်းစျေး တ-၁၀ မှာပိတ်ဂိုက်ထိုး လက်လီရောင်းရတာပေါ့။ (ကျမစျေးဆိုင်ကို တီချယ် Alice @ဒေါ်သန်းသန်းကပိတ်စလာဝယ်တော့ “ညည်းကိုသင်ထားတာ တစ်ကိုက်ကို၃၆လက္မနော်” ဆိုပြီး ကျီစယ်သွားတာ အမြဲအမှတ်ရနေမိပါတယ်။)

    အမေက အလုပ်ကိုချောက်တီးချောက်ချက်လုပ်ချင်တဲ့သူမျိုးမဟုတ်ပါဘူး။ ဦးသန့်အရေးအခင်းဆိုင်ပိတ်ထားရ၊ စျေးဖျက်လို့ ရွှေ့ရနဲ့ ကမောက်ကမတွေဖြစ်ကုန်ရတာ။ လုပ်ငန်းအလျင်ပြတ်သွားတာပေါ့။

    အမေကမိန်းမသာဆိုတယ်။ အမြင်တအားရှိတာ။ စက်ရုံတွေကပစ္စည်းလဲ လေလံဆွဲလိုက်တာဘဲ။ စစ်မှုထမ်းဟောင်းတွေက အင်ဂျင်တွေလေလံဆွဲမယ်ဆိုလဲရအောင်ဆွဲလိုက်တာပါဘဲ။ အင်ဂျင်သက်သက်ကြီးဘဲပြန်ရောင်းရင်၊တွက်ခြေမကိုက်တော့ မော်တော်ကားဆင်ခိုင်းတာ ။ပြီးမှမော်တော်ယာဥ်လိုင်စင်ဝင်ပြီး၊ပြန်ရောင်းခိုင်းတာ။ ဆောင်းတွင်းကြီး၊ မန္တလေးမှာ Willy Jeepကားဆင်ပြီး၊ လိုင်စင်ဝင်ဖို့သွားကြတာ ကားကတံတားဘောင်ကိုဝင်တိုက်မိလို့၊ အမေနဲ့ဝက်ပေါ ကံကြီးပေလို့သာ ဘာမှမဖြစ်ကြတာ။ ချည်စက်က ချည်ပျက်တွေလေလံဆွဲတော့လဲ၊ အိမ်ရောက်လို့ဖွင့်လိုက်တော့ ချည်ကနဲနဲ၊ ဂျွတ်စတွေက အများကြီးမို့ နောက်ဆုံးစက်လှေတွေကိုဆီးဂျေးသုတ်ဖို့ ရတဲ့စျေးနဲ့ရောင်းလိုက်ရတာ။

    တကယ်တော့ ပျက်ချင်လာရင် အမှားတွေ ဆက်တိုက်ဖြစ်လာတတ်တာပါဘဲ။

    အမေလေ မြိတ်၊ထားဝယ်ဆိုလဲ အန်တီမဟန်ကြည်တို့နဲ့လိုက်သွားပြီး ဝယ်ခြမ်းရောင်းတာ၊ လားရှိုးဖက်က ပစ္စည်းတွေ သွားဝယ်ပြီးရောင်းတာ၊ ဘာတစ်ခုမှသိပ်အဆင်မပြေလှတော့ပါဘူး။ ခရီးသွားပြီးပြန်ရောက်ပြီဆိုတာနဲ့ “မမခင်မေရေ ပစ္စည်းယူသွားမယ်၊ရောင်းပြီးလာပေးမယ်”ဆိုပြီးလာယူသွားကြတာ နောက်ဆုံးတစ်ပြားမှကို လာပြန်မပေးတော့တဲ့ အခြေအနေဆိုတော့ ပိုက်ဆံကစာအုပ်ထဲမှာဘဲရှိတော့တာပေါ့။

    ကျမကလဲ အမေ့သ္မီးမို့ အမေ့လိုလုပ်ငန်းကြီးလုပ်ဖို့မစွမ်းလှပေမဲ့၊ အစားအသောက်ကတော့ စွမ်းတယ်ဆိုမလားဘဲ။ တနေ့တော့ကျမတို့ဆိုင်ရှေ့က ထားဝယ်သားကောင်လေး (မောင်ကျော်ညွန့်) တို့အိမ်ကအလှူဖိတ်လို့ သွားကြတော့၊ ကြာဇံချက်ကျွေးပါတယ်။ ထားဝယ်ကြာဇံချက်တဲ့၊ အုန်းနို့နဲ့ချက်တာ။ အတော်စားကောင်းတာဘဲ။ ကျမတွေးမိလိုက်တာက စိန်ဂျွန်းစျေးထဲမှာ မြိတ်၊ထားဝယ်ကလူတွေများတော့ ကြာဇံချက်ရောင်းမယ်လို့၊ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်နဲ့ တိုင်ပင်ပြီး တ-၁၀ မှာကြာဇံချက်ရောင်းကြတာပေါ့။ တစ်ပွဲမှ တစ်ကျပ်၊ပြား၅၀ ဆိုတော့ မနက်အစောလေးရောင်းပြီးရင်၊ မနက်၁၀နာရီလောက်ဆို အထည်ဆိုင်ပြန်ဖွင့်ပြီးရောင်းယုံဘဲ။ အိုးတွေခွက်တွေကိုမောင်လေးကအိမ်ကိုပြန်သယ်သွားပါတယ်။ (အစားသမားမို့ သူများအိမ်ကစားလာပြီးရင်း၊အိမ်မှာစမ်းပြီးချက်တတ်တဲ့ဝါသနာ။) ညနေကျတော့ ညီမလေးဝက်ပေါက ညစျေးကနေ ကြက်သားတို့ကြာဇံတို့အုန်းသီးတို့ဝယ်ထားပေးပါတယ်။ ကျမစိန်ဂျွန်းစျေးကပြန်ရောက်တော့မှ ချက်ရတာ။ ကြက်သားဆီသတ်ထားပြီးမနက်စောစောကြာဇံတို့၊ကျန်တဲ့အစာပလာတို့ထည့်ရတာပေါ့။ (ချက်နည်းကိုပြောပြပေးတဲ့ မောင်ကျော်ညွန့်တို့ကိုလဲကျေးဇူးတင်ပါတယ်။) အဆင်ကိုပြေလို့။

    အဆင်မပြေတာကတော့ ကျမတို့မာတာမိခင်ပါဘဲ။ “ညည်းတို့ကြာဇံချက် ဆက်ပြီးရောင်းရင် ကျုပ်စျေးကိုမလာတော့ပါဘူး” ဆိုလို့။ ဖြစ်ရတာများတော့လေ – – – – -။”တစ်သက်လုံးအထည်ရောင်းလာတာ၊ညည်းတို့ကျမှ” တဲ့။ ။

    အသက်ကြီးလာမှပြန်တွေးမိတာလေးပါ။ အမေ မှားတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ သင်ခန်းစာရတယ်လို့ခေါ်ရမှာပေါ့လေ။

    အမှားတစ်ခုလုပ်မိလို့မှားမှန်းသိရင်ပြင်။မပြင်လို့ကတော့ ဆက်တိုက်မှားပြီးရင်းမှားရင်း – – — – – – – – – –

  • ကံအကြောင်းတွေမို့

    ကံအကြောင်းတွေမို့

    ဒေါ်မိအောင် Daw Mi Aung

    လူရယ်လို့ဖြစ်လာရင်အကောင်းအဆိုးနှစ်တန်ဒွန်တွဲနေတတ်တာတော့အမှန်ပါဘဲ။ ကံ ဇာတ်ဆရာရဲ့အလိုအတိုင်းပေါ့လေ။ ကျနော်ကတော့ဖြင့်၊ကျမကတော့ဖြင့် ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်နေချင်လိုက်တာလို့ အော်ပြီးထွက်လာမယ်မထင်ပါဘူး။ အားလုံးအကောင်းဆုံးဖြစ်ချင်ကြမှာ အသေအချာပါ။ ရွှေပေါ်မြတင်နေလာခဲ့ရပြီးမှ ဆင်းရဲမွဲတေသွားကြတာလဲရှိ၊ ကုန်းကောက်စရာမရှိအောင်ဆင်းရဲနုံခြာတဲ့ဘဝကနေ သူဌေးသူကြွယ်ကြီးတွေဖြစ်သွားကြတာလဲရှိကြတာမို့၊ “သူကဘယ်လို၊ငါကဘယ်လို” စသည်ဖြင့် မာန်မာနတွေရင်ဝယ်ပိုက်နေကြတာ၊ သိပ်ကိုပူလောင်လှပါတ ဘဝဆိုတာတိုတောင်းလှပါတယ်လို့ သိကြရဲ့သားနဲ့ စိတ်ဆိုး ကြ၊ရန်ဖြစ်ကြ၊ လောဘတွေတက်ကြနဲ့ မတွေးတတ်နိုင်လောက်အောင်ပါဘဲ။

    ဟုတ်ပါတယ်။ တကယ်ကိုခဏလေးပါ။ ကျမရဲ့အဖေဆို အသက်(၄၆)နှစ်နဲ့မိသားစုကိုထားသွားလိုက်တာ။ သူချစ်တဲ့ဇနီး၊ သူတွယ်တာတဲ့သားသ္မီး(၅)ယောက်ကို စိတ်ချလို့ထားခဲ့တာမဟုတ်လောက်ပါဘူးလေ။ အဖေမရှိတော့ ကျန်တဲ့မိသားစုရဲ့ “ဝန် “ကိုအမေတစ်ယောက်ထဲထမ်းရတာသိပ်သနားစရာကောင်းလှပါတယ်။ ကျမကမှ ၈တန်းကျောင်းသူဆိုတော့၊ ကျန်တဲ့လူမမယ်မောင်ညီမလေးတွေအတွက် ရုန်းကန်ရင်ဆိုင်ရမှာတွေ။ အမေကလေ ညညဆို ဆေးလိပ်တစ်တိုနဲ့ မအိပ်နိုင်ဘဲစဥ်းစားတာထင်ပါရဲ့။ ကျမတို့အိမ်က ထပ်ခိုးမှာကျမတို့မ်ိသားစုကညအိပ်ပြီး၊ ကုန်သည်တွေကတော့အောက်ထပ်မှာအိပ်ကြပါတယ်။ အဖေဆုံးတာနဲ့ ပုတီးကုန်းက အဖေ့ကိုသိပ်ချစ်တဲ့ ဦးလေးကိုမူတူးက အိမ်ပေါ်ထပ်ကို အံဖုံးတံခါးလေးတပ်ပေးတာ ကျေးဇူးကြီးလွန်းလှလို့ အမြဲကျေးဇူးရှင်နေရာမှာထားပြီးကန်တော့ရပါတယ်။ ညညကျရင် အမေကလေ ခြင်ထောင်ကိုမပြီး၊သူ့သားသ္မီးတွေရဲ့ခြေထောက်ကိုလိုက်စမ်းတတ်တာ။ အမေဘာလုပ်တာလဲလို့မေးတော့ သူများအိပ်ယာထဲဝင်မှာစိုးလို့တဲ့။ စိတ်ပူရှာလွန်းသူပါ။ အမေ့အင်္ကျီရင်ဘတ်မှာလဲ ဆေးလိပ်မီးပေါက်တွေနဲ့။

    မနက်အစော ပြည်ရထားနဲ့လာတဲ့ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကိုကျမစာရင်းလုပ်ထားပြီး၊ ညနေ ၅နာရီခွဲလောက်ကြတော့၊ ညီမဝက်ပေါလေးနဲ့ ရန်ကုန်မြို့ထဲကရွှေတောင်တန်းလမ်း (မြဝတီ ဘော်လီဆိုင်ရှင်သူဌေး) အိမ်မှာ ကုန်ဖိုးသွားရှင်းရပါတယ်။ (ညီအစ်မနှစ်ယောက်၊လွယ်အိပ်လေးထဲကျောင်းစာအုပ်လေးထည့်လို့ နတ်စင်လမ်းကနေ နံပါတ် ၁ ဗိုက်ပူကားကြီးကိုစီးပြီးသွားရတာပါ။ အခြားသူတွေကို ငွေရှင်းနေတုန်းဆိုရင်တော့၊ကျောင်းစာအုပ်လေးထုတ်ဖတ်ပြီး၊ ကိုယ့်အလှည့်ကိုထိုင်စောင့်နေရတာ။ ပြီးရင် ည၁၀နာရီရထားနဲ့ ပြန်မည့်ကုန်သည်တွေကိုငွေရှင်းဖို့ ညီအစ်မနှစ်ယောက်အပြေးအလွှားအိမ်ကိုပြန်ကြရပြန်ရော။) တကယ့် ဘဝသံသရာပါဘဲ။

    အဲ့ဒီခေတ်က မိန်းကလေးငယ်ငယ်နှစ်ယောက်ထဲသွားလို့တင့်တယ်ပြီး မသူတော်လဲ ကင်းလို့ပါလို့တွေးမိပါတယ်။

    မောင်လေးဖိုးချိုငယ်ငယ်က ခဏခဏနေမကောင်းဖြစ်လို့ ဆရာဝန်သွားပြရင်တော့ ဝက်ပေါလေးကတာဝန်ယူပြီးသွားရတာ။ အမေကတော့ သူ့စီးပွါးရေးနဲ့သူ လုံးလည်လိုက်နေရရှာတာ။ နောက်ပြီးမောင်လေးကို ကလေးဆေးရုံ (ဟယ်လ်ပင်လမ်း) မှာOperationလုပ်တော့လဲ ဝက်ပေါလေးခမြာသုံးဘီးကားနဲ့လိုက်ပို့ပေးရတာ။ (ဆီးမသွားနိုင်လို့ သူရဲ့ရွှေပန်းလေးရဲ့ထိပ်ကလေးကို ဖြတ်ပေးဖို့။ ဆေးထည့်ဖို့လဲသွားရသေး။)

    ညီမလေးမိမာကတော့ အဖေဆုံးကထဲက ငြိမ်းငြိမ်းတို့အိမ်ကမပြန်တော့ပါဘူး။ ကျောင်းနေတော့မှ မနဲချော့ပြီးပြန်ခေါ်ရတာ။ အဲ့ဒါကြောင့်သူ့ကိုကျောင်းအပ်တော့ အမေကြီးက ငြိမ်းငြိမ်းရဲ့သ္မီးမွေးသက္ကရာဇ်နဲ့အပ်လိုက်တာ၊ သူဘွဲ့ရတဲ့အထိ ညီမဝမ်းကွဲ ညွန့်ညွန့်ဝင်း(စိန်ဘွင့်)ရဲ့မွေးသက္ကရာဇ်အတိုင်းဖြစ်နေရော။ ကျမတို့ညီအစ်မ မောင်နှမဝမ်းကွဲတွေ တစ်တွဲစီ အတွဲလိုက်လေးတွေမို့ သိပ်ချစ်ကြ၊ ဆုံကြရင်လဲသိပ်ပျော်စရာကောင်းကြတာ။ အဖေရှိစဥ်ကတနင်္ဂနွေလိုနေ့မျိုးဆိုအိမ်မှာခေါ်ပြီး၊ကိုယ်တိုင်ချက်ပြုတ်ကျွေးခဲ့တာ။ မိမာနဲ့ဖိုးချိုကတော့ ကိုယ့်သားသ္မီးလေးတွေလိုပြုစု ထိန်းကျောင်း မွေးမြူခဲ့ရပါတယ်။

    ဒါကြောင့် ဘဝတစ်ခုရလာရင် ကိုယ်ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာ ငယ်ကထဲကသိခဲ့လို့ ကြောက်လှပါတယ်။

    သံသရာရှည်မည့်အလုပ်တွေရှောင်ရင်း

    အသက်ရှိနေသေးသရွေ့တော့

  • ကျေးဇူးပြုဘူးသူများသို့

    ကျေးဇူးပြုဘူးသူများသို့

    ဒေါ်မိအောင် Daw Mi Aung

    ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာ ဘဝကံအကြောင်းကပေးတဲ့ အကျိုးမို့၊ ကျမတို့ရဲ့မိသားစုဘဝကတော့ ငါးပျံတစ်လှဲ့၊ဘုံလုံတစ်လှဲ့လို့ဆိုရမလိုပါဘဲ။ ဒါပေမဲ့လူတွေကတော့ပြောကြတယ်။ ကံ ဆိုတာအလုပ်တဲ့။ ” ကံမရှိ ဥာဏ်ရှိတိုင်းမွဲတတ်ကြတယ်”လို့လဲဆိုကြပြန်တော့ တွေးစရာတွေအများကြီးဖြစ်သွားပြီ။

    တကယ်တော့သိတတ်တဲ့အရွယ်ကထဲက မတွန့်တိုတတ်တဲ့မိဘကမွေးလာတာမို့ သိပ်ကိုပေးချင်ကမ်းချင်တတ်ခဲ့တာပါ။ အဖေမဆုံးခင်လေး တစ်ရက်မှာ အဖျောက်က အဖေတို့အစ်မဝမ်းကွဲတစ်ယောက် အိမ်ကိုလာလည်ပါတယ်။ကြီးကြီးဒေါ်လေးခင်တဲ့။တခါမှတခါထဲသာတွေ့ဘူးလိုက်ရပြီး၊သူ့သ္မီးမမလှကိုရောပါဘဲ။ ကျမကအဖေချစ်သ္မီးမို့ အဖေနဲ့ပတ်သက်သူတွေကို အမြဲစုံစမ်းနေတတ်တာပါ။ အဖေက သူ့ဦးကြီးရဲ့သ္မီး ကြီးကြီးဒေါ်ထားတင်အိမ်ကို အဖျောက်ကဧည့်သည်တွေကိုလိုက်ပို့တော့၊ကြည့်မြင်တိုင်၊နတ်စင်လမ်းကနေ အမှတ် (၁ ) ဗိုက်ပူဘတ်စ်ကားကြီးကိုစီးပြီး၊လွတ်စ်လမ်းကိုသွားကြရပါတယ်။ ကားပေါ်ရောက်တာနဲ့ကျမကပိုက်ဆံထုတ်ပြီး စပယ်ယာကိုပေးတာကိုအဖေကပြုံးပြုံးကြီးကြည့်ပြီးကျေနပ်နေတာပါ။ အိမ်ပြန်ရောက်တော့ အဖေက” မခင်မေရေ မင်းရဲ့သ္မီးကတော့ကွာ မနှမျောတတ်တာငါတို့လိုဘဲ” တဲ့။

    လက်မဖြန့်ချင်ဘူး။လက်ကိုမှောက်ထားချင်တာပါ။ ကိုယ်ကအထက်တက်ချင်တာကို။ယူရသူထက်၊ပေးရတဲ့သူဖြစ်ချင်ခဲ့လို့ပါ။ ကျမဘဝမှာပြည့်စုံတဲ့အချိန်ရှိခဲ့သလို မပြည့်စုံတဲ့အချိန်တွေလဲရှိခဲ့ပါတယ်။ကိုယ်ကချွေခဲ့သလို၊ကိုယ့်ကိုချွေခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေလဲအများကြီးပါ။ ကိုယ့်အပေါ်ပြန်သိတတ်တာကိုမမျှော်လင့်ခဲ့ဘူးပေမဲ့ ကိုယ့်ကိုချွေခဲ့ဘူးသူအားလုံး(အားလုံး)ကို၊တော့ အသိစိတ်ရှိနေသရွေ့ ကျေးဇူးမမေ့ဘဲမေတ္တာပို့ပေးနေမှာပါ။

    (အခုအချိန်မှာတော့ ကျမတတ်နိုင်တာ မေတ္တာပို့ပေးခြင်းဘဲမို့ ကျမရဲ့နောက်ဆုံးအချိန်အထိ မမေ့သင့်တာကိုမမေ့ဘဲရှိနေမှာဆိုတာ ကျမအပေါ် ကျေးဇူးပြုဘူးသူအားလုံး(အားလုံး) သံသယကင်းစေချင်ပါတယ်။)

    ဟိုး လွန်ခဲ့တဲ့ ၂တန်းနှစ်က ကျေးဇူးဆိုတာပါးစပ်ဖျားက Thank you. လို့ပြောရင်ပြီးစတမ်းလို့ဘဲသိခဲ့ဘူးတဲ့အချိန်ကအကြောင်းအရာလေးကိုတောင် ရင်ထဲမှာစွဲစွဲထင်ထင်ရှိပြီး၊ သိတတ်လာတဲ့အချိန်မှာတော့အမြဲကျေးဇူးတင်နေတာပါ။အဲ့ဒီအချိန်က ကွန်ဗင့်ကျောင်းကြီးမှာ ကျောင်းတက်ရတော့၊Christmas Party တို့ Fun Fairတို့စတဲ့ ပျော်ပွဲရွှင်ပွဲလေးတွေရှိတာပေါ့။ ၂တန်း Teacher Parli ရဲ့အတန်းမှာ Christmasပွဲလုပ်မယ်၊ Uniformမဟုတ်ဘဲ အပြင်အဝတ်အစားတွေဝတ်လို့ရတယ်ဆိုတော့၊ကလေးတွေပျော်ပြီး ဘယ်လိုဂါဝန်လှလှလေးတွေဝတ်ကြမယ်ဆိုပြီးတွတ်ထိုးနေကြတာ။ Pansy က”နင်လဲလာနော် “ဆိုတော့ “ကျမမှာအပြင်အဝတ်မရှိလို့မလာတော့ပါဘူး” လို့ပြောလိုက်မိတယ်။(အဖေက Tunic အပြာ၂ထည်နဲ့ Blouse အဖြူ လက်ဖေါင်း၂ထည်ကို တစ်စုံမှ ၂၀ကျပ်နဲ့ပြား၅၀ပေးရတာကို Sein Brothersကဝယ်ပေးတာ။ဖိနပ်ကို စကော့စျေး Bata ဖိနပ်ဆိုင်ကဝယ်ပေးပြီး၊ပြတ်ရင်ပြန်ချုပ်ပေးမယ်လို့အပြီးပြောထားပါတယ်။ ကျမကHalf shoeလေးစီးချင်တာ။)

    နောက်တနေ့ Pansyက ဇာအဖြူဂါဝန်အသစ်စက်စက်လေးကို ကျမဝတ်ဖို့ယူလာပေးတာ၊ ကျမတစ်သက်မေ့လောက်စရာမှာမဟုတ်တာဘဲ။သူ့နဲ့တွေ့တိုင်းပြောရင် “ဟုတ်လား၊ငါမမှတ်မိဘူး” တဲ့။ Pansy Nyiဆိုတာကျမရဲ့ပထမဆုံးသူငယ်ချင်းဖြစ်သလို၊ ခုချိန်ထိလဲချစ်ခင်နေကြစဲပါ။(မနေ့တနေ့ကတင် “ငါမေတ္တာပို့ရင် နင့်ကိုအရင်ဆုံးပို့တယ်၊နင်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းမိုလို့” တဲ့။)

    ကျေးဇူးသိတတ်ရင် ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ ဒုက္ခတော့အကြီးအကျယ်မရောက်ဘူး၊တဲ့။

    ဟုတ်မှာ

  • ဝမ်းတစ်ထွာ

    ဝမ်းတစ်ထွာ

    ဒေါ်မိအောင် Daw Mi Aung

    ကုန်သည်တွေနဲ့ နေ့တိုင်းပြည့်နေတတ်တဲ့ကျမတို့အိမ်။ ပြည်ခရိုင်ဖက်ကကုန်သည်က ၊မြိတ်၊ထားဝယ်ကကုန်ကိုဝယ်လို့ ပြည်ရထားကြီးစီးပြီးပြန်သူကပြန်၊ကားစင်းလုံးနဲ့လူစုပြီးပြန်သူကပြန်နဲ့၊ခေတ်အဆက်ဆက်ရှာဖွေစားသောက်ကြရတာ၊မမောနိုင်မပမ်းနိုင်ပါဘဲ။ အသက်ကြီးလာမှတွေးမိတာပါ။ ဘယ်လိုဘဲကျားခုတ်ကျားခဲလောဘမသတ်နိုင်ဘဲစီးပွါးရှာကြပေမဲ့လို့၊ ထမင်းစားတော့လဲတစ်နေ့ကိုအလွန်ဆုံးသုံးနပ်ပေါ့။ အချိန်တန်ရင်တော့အကုန်ထားခဲ့ပြီး လက်ဗလာနဲ့ပြန်ကြရမှာချည်းပါ။

    ကျမကို ၆တန်းတက်မည့်နှစ်၊ကျောင်းမဖွင့်ခင်ကထဲက လုပ်ငန်းခွင်ထဲဝင်ခိုင်းတာ။ ကြီးကြီးကျယ်ကျယ်လို့ထင်ကောင်းထင်ကြမှာ။ အဲ့ဒီအချိန်က ကျမအရွယ်နဲ့တော့ကြီးကျယ်တဲ့အလုပ်လို့ယူဆမိလို့ပါ။ ကျမကမနက်စောစောအိပ်ယာထရတာမကြိုက်ပေမဲ့၊အဲ့ဒီတုန်းကမနက်၄နာရီခွဲလောက်ဆို၊နှိုးပြီးမျက်နှာသစ်ခိုင်းတာ။၅နာရီ ပြည်ရထားဆိုက်ရင် ပုတီးကုန်း၊ဇီးကုန်း၊ပေါင်းတည်အစရှိတဲ့ဆီက ကုန်သည်တွေက အိမ်ရှေ့မှာဆိုက်ကားတွေတန်းစီပြီးရောက်လာကြပါတယ်။ (ပြည်ရထားက ကြည့်မြင်တိုင်ဘူတာမှာရပ်တော့၊ဘူတာကနေ အိမ်ကိုဆိုက်ကားတွေနဲ့လာကြတာ။) သူတို့ဆီကပါလာတဲ့ပိတ်စတွေ၊ပုဆိုးကြမ်းတွေ၊ခြင်ထောင်ဇာတွေမှ စုံလို့ပါဘဲ။လူတစ်ဦးစီကပါလာတဲ့ပစ္စည်းစာရင်း၊ကျမကိုလုပ်ခိုင်းတာပါ။ပစ္စည်းစာရင်းတွေရပြီဆိုတာနဲ့ ချက်ချင်းပြန်ချင်တဲ့လူအတွက် ပိုက်ဆံတွက်ပြီးရှင်းပေးရတာ။ ညရထားနဲ့ပြန်မည့်သူကြတော့လဲအေးအေးဆေးဆေးတွက်ပြီးရှင်းပေးရတာပေါ့။ တွက်ပေးတာမှားသွားလို့ကတော့ အဖေဘယ်တော့မှမဆူပါဘူး။ **အလုပ်လုပ်တာဘဲမှားတတ်တယ်။မှားမှန်းသိရင် ပြင်လိမ့်မယ်**တဲ့။ ဟုတ်တာပေါ့လေ ကျမတို့စာသင်ရင်တောင် မှားသွားရင် အမှားပြင်ခြင်း (Correction) ဆိုပြီး၊ပြင်ခဲ့ကြရသေးတာဘဲလေ။ အမှားကိုပြင်ပြီး၊အမှန်ကိုလုပ်နိုင်မှလူတော်လို့အဖေပြောခဲ့ဘူးတာလေးကကျမတို့အတွက်တစ်သက်တာမှတ်သားစရာပါ။

    မမေ့နိုင်တဲ့ရယ်စရာလေးတစ်ခုကတော့ ကျမတို့ဦးလေးအငယ်ဆုံး ဦးကိုရွှေ(ဦးမောင်ရွှေ)ကတက္ကသိုလ်ကျောင်းသား။ အမေတို့မောင်နှမ၆ယောက်မှာဦးကိုရွှေတစ်ယောက်ဘဲဘွဲ့ရတာ။သူ့ကိုစာရင်းတွက်ခိုင်းလိုက်တာ ဝယ်သူနဲ့ရောင်းသူရှေ့တင်စာရင်းတွက်ပေးပြီး၊အမြတ်ကဘယ်လောက်လို့ပြောလိုက်တော့၊စဥ်းစားသာကြည့်ကြပါတော့။ “ရောင်းသူတစ်မတ်၊ဝယ်သူတစ်ကျပ်”ဆိုပေမည့်လဲ၊လျို့ဝှက်သင့်တာ၊မသင့်တာကိုဝေဖန်တတ်ဖို့လဲ အရေးကြီးပါတယ်။

    နောက်ပြီး ခုထိကျမတွေးလို့မရတဲ့ပုစ္ဆာတစ်ပုဒ်လဲရှိပါသေးတယ်။ အဲ့ဒီအချိန်က ကျမတို့ရောင်းဝယ်ဖေါက်ကားတဲ့ကုန်ပစ္စည်းတွေကို “မှောင်ခိုကုန်ပစ္စည်း”လို့​သတ်မှတ်တာ ဘဝင်မကျလို့ပါ။ တကယ်တော့ ကိုယ့်ငွေနဲ့ကိုယ် အရင်းအနှီးပြုလို့၊ အန္တရာယ်လဲမဖြစ်စေတဲ့ပစ္စည်းကိုရောင်းဝယ်ကြတာဟိုကြောက်ရ ဒီကြောက်ရနဲ့ ကျီးလန့်စာစား လုပ်ခဲ့ကြရတာမို့။ တစ်ခုခုတော့မှားနေပုံပါဘဲ။ အဲ့ဒီအချိန်ကပြည်ရထားနဲ့လာရတဲ့သူတွေခမြာ၊ဖမ်းမှာလဲကြောက်ရ၊မိုင်းထိမှာလဲကြောက်ရနဲ့သနားဖို့အလွန်ကောင်းပါတယ်။ ရထားကို အိမ်လုပ်ပြီးရှာဖွေစားသောက်ကြရတာ။အင်ဖက်လေးနဲ့ထမင်းထုပ်ပြီး၊ဂျိုင့်လေးထဲမှာလက်ဖက်သုပ်၊အမဲသားကြော်၊မန်းကျီးသီးစိမ်းထောင်း၊မျှင်ငပိကြော်။ဘဲဥ၊ကြက်ဥပြုတ်စသဖြင့် ထည့်လာကြပြီး၊စာရင်းအပ်ပြီးတာနဲ့စားကြရှာတာ။

    ကျမတို့က ကလေးဆိုတော့ သူတို့စားတာကိုမြှော်တတ်တာ။ “လာ အပုလေး၊လာစားစမ်းပါ”လိုပြောတာနဲ့အားမနာတမ်း ဝင်စားကြတော့တာဘဲ။ သိပ်ပြီးစားလို့ကောင်းတာ။ခုတောင်စားချင်လာတယ်။ထမင်းကကောက်ညှင်းလေးလိုဘဲ၊အင်ဖက်နံ့သင်းသင်းလေးနဲ့။သူတို့အရပ်ကလူတွေက ကလေးကို “အပုလေး”လို့ခေါ်တတ်ကြတယ်။ဒါကြောင့်များကျမ ပုနေတာလားမသိဘူး။

    အဖေကဥာဏ်အမြှော်အမြင်ကြီးစွာနဲ့ ကျမကို အမေ့အလုပ်တွေဝင်ပြီးကူညီတတ်အောင်သင်ပေးခဲ့လို့သာ၊အဖေဆုံးတော့အမေ့အတွက်အထောက်အကူတစ်ခုဖြစ်ခဲ့ရပါတယ်။အဲ့ဒီအတွက်လဲ ကျမဘဝမှာကျေနပ်စွာနဲ့ နေပျော်ခဲ့ရပါတယ်။ ဒါပေမဲ့လို့ ဖြစ်ချိန်တန်ဖြစ်၊ပျက်ချိန်တန်ပျက်ရတဲ့သဘောကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်တာအမှန်တရားပါ။

    သတိလေးရှိရင်တော့ ခံသာတာပေါ့လေ။