Blog

  • မေ့ထားလိုက်တော့မယ်

    မေ့ထားလိုက်တော့မယ်

    ဒေါ်မိအောင် Daw Mi Aung

    ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကိုသာအမှတ်ရချင်တတ်ကြတာ၊သဘာဝပါ။ တောင်တွေးမြောက်တွေး၊တွေးနေမိရင်းနဲ့ အတိတ်မေ့သွားတဲ့သူတွေအကြောင်းကိုစဥ်းစားမိတာလေး။ စိတ်ဆရာဝန်မဟုတ်လို့ အဲ့ဒီအတွေးက မှားချင်လဲမှားမှာပါ။

    သိခဲ့ဘူးတဲ့မိတ်ဆွေတချို့ထဲက ဘာကိုမှမမှတ်မိတော့ဘူးဆိုတဲ့လူမျိုးကိုတွေ့ဘူးခဲ့တာမို့၊ သူ့ရဲ့ခါးသီးလှတဲ့ဘဝပေးအခြေအနေကိုပြန်ပြီးမြင်ယောင်ကြည့်တော့၊ ကိုယ်သာဆိုရင်လဲခံစားနိုင်မှာမဟုတ်ပါဘူးလို့။

    မိဘမရှိ၊အဒေါ်တစ်ယောက်ရဲ့ကျွေးမွေးစောင့်ရှောက်မှုနဲ့ စတုတ္ထတန်းလောက်အထိသာကျောင်းနေခဲ့ရရှာပြီး၊ နောက်ပိုင်းစျေးရောင်းနေရရှာတာပါ။ ကျမက ဒုတိယတန်းနှစ်မှာ ကျောင်းပြောင်းသွားတာမို့ တချို့သူငယ်ချင်းတွေကိုမမှတ်မိပါဘူး။ ကျမ(၁၀)တန်းလောက်ရောက်မှာစျေးဝယ်ရင်းနဲ့ ပြန်ဆုံတော့ သူကစပြီးနှုတ်ဆက်တော့မှ မှတ်မိတာပါ။

    ငယ်စဥ်တုန်းက သူငယ်ချင်းကမှတ်မိတယ်ဆိုတော့ ဝမ်းသာလိုက်တာ။ မိုးကလဲရွာနေတာမို့ ၊ သူ့ကို”ဘယ်မှာနေလဲ” လို့မမေးမိပေမဲ့၊ သူ”ဒီမှာအမြဲစျေးရောင်းတာလား”လို့တော့မေးမိပါတယ်။ စျေးသွားတိုင်းလဲ အမြဲနှုတ်ဆက်နေကြပါ။ပြုံးချိုချိုနဲ့ တကယ်ကိုချစ်စရာကောင်းတာပါ။

    ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းသူအရွယ်မို့၊ အခြေအနေကိုမခန့်မှန်းတတ်ပါဘူး။ သူ့ကို ကိုယ်ကဘာမှ အကူအညီ လဲမပေးနိုင် ခဲ့တာလဲအမှန်ပါ။ ဒါပေမဲ့၊အလိုက်ကန်းဆိုးမသိတတ်လိုက်တာများ “သူငယ်ချင်းရေ ဘုရားပန်းလေးကပ်ဖို့” ဆိုပြီး ကိုယ့်ကိုအတင်းပေးခဲ့ရင်တောင်ယူလာခဲ့မိသေးတာ။~ကိုယ်လဲအလုပ်အကိုင်တွေရလို့သိတတ်တဲ့အချိန်ရောက်မှ ” ငါ သူ့ကို ဖေးမကူညီခဲ့သင့်တာ” လို့တွေးမိတာပါ။ တွေးမိတဲ့အချိန်၊ ကူညီပေးနိုင်တဲ့အချိန်ရောက်လို့ “သူ”စျေးမရောင်းတော့ဘူးလားလို့ မေးမိတဲ့အချိန်မှာတော့၊ “ရူးသွားပြီ”ဆိုတာသိလိုက်ရတာပါဘဲ။ စိတ်မကောင်းလိုက်တာလေ။

    တခါတလေ စျေးကိုလာတတ်တယ်ဆိုပေမဲ့လဲ၊ “ဘာကိုမှမမှတ်မိတော့ဘူး၊သူ့အဒေါ်ကလဲအသက်ကြီးပြီမို့စျေးတော့လာကြောင်း၊ စျေးရောင်းတာတော့ အဖြောင့်ဘဲ” လို့ပြောကြတာမို့။ ကျမအိမ်မပြောင်းခင်တစ်ခေါက်သွားပြီးတွေ့ပါသေးတယ်။ အမယ်လေး ကျမကိုတော့ နံမည်ခေါ်ပြီး၊ မတွေ့တာကြာတဲ့အကြောင်း၊ အိမ်ထောင်ကျပြီလား၊ အရင်အိမ်မှာဘဲလားလို့ စုံနေအောင် မေးတော့တာဘဲ။ ဘာကိုယုံရမယ်မှန်းမသိအောင်တောင်ဇဝေဇဝါဖြစ်သွားမိပါတယ်။

    တချိန်ထဲမှာဘဲ ကျမကို”ရှင်ကဘယ်သူလဲ”လို့မေးလိုက်တော့မှ သူများတွေပြောတာဟုတ်မှန်းသိရတာပါ။ အော် သူ”မေ့ပင်အောက်”ကိုရောက်သွားရှာပြီလို့၊ စိတ်မကောင်းစွာနဲ့မျက်ရည်ဝဲမိပါတယ်။

    “မိဘမဲ့” ခဲ့တဲ့ဘဝတွေများ တယ်ကြောက်စရာကောင်းတာပါလား။ ပညာသင်ဖို့ဆိုတာကလဲ ကိုယ့်မိဘအရင်းကသာ “ငါတို့ဘာလုပ်ရ လုပ်ရ ငါ့သားသ္မီးကိုတော့ ပညာတတ်အောင်သင်ရမယ်၊ လူတန်းစေ့နေနိုင်အောင်လုပ်ပေးရမယ်”ဆိုပြီး၊ ကျားခုတ်ကျားခဲ ကြိုးစားရုန်းကန်တတ်ကြတာ။

    သူ့ခမြာမှာတော့ အဒေါ်ဆိုလို့သာ၊ ၄၇ဝမ်းကွဲလောက်တော်တာမို့ ၊ ၄ တန်းအထိကျောင်းထားပေးခဲ့တာဘဲ၊ ကံကောင်းလှပါပြီ။ ကိုယ်တွေက သူ့ကိုအဒေါ်ရဲ့ဆိုင်မှာစျေးရောင်းပေးရတာပါလားဆိုတာမျိုးလေးသာအပေါ်ယံလေးသိကြရတာလေ။ ကိုယ်မသိမမြင်တာတွေလဲအများကြီးရှိရှာမှာပေါ့။ အဲ့ဒါကြောင့် သူအားလုံးကိုမေ့ပစ်လိုက်တာဖြစ်မှာပါ။

    ဒီလိုမျိုးအဖြစ်တွေမြင်ရသိရတော့ တကယ်ကြေကွဲရပါတယ်။ဒါကြောင့် –

    မိဘမစုံတဲ့ဘဝတွေက ကင်းဝေးကြပါစေ။

    စိတ်အနာတရတွေ ကင်းရှင်းကြပါစေ။

    ခါးသီးလှတဲ့ဘဝတွေ မတွေ့မကြုံကြရပါစေနဲ့လို့ ။

  • အမြင်မှန်၊အတွေးမှန်

    အမြင်မှန်၊အတွေးမှန်

    ဒေါ်မိအောင် Daw Mi Aung

    ဒဂုံရောက်ခါစက မြို့ထဲကိုသွားချင်ရင်၊ ကျမတို့ရပ်ကွက်ရဲ့တဖက်ရပ်ကွက်မှာနံပါတ်(၆၁)ဗိုက်ပူဘတ်(စ)ကားကြီးကိုသွားစီးရတာ။သွက်သွက်လေးလျှောက်ရင်မိနစ်( ၂၀ )လောက်လျှောက်ရပါတယ်။ (မိုးတွင်းများဆို ရွှံ့အလူးလူးနဲ့၊တဗိုင်းဗိုင်းနဲ့ချော်လဲတာကရှိသေး။ တကယ်တော့လယ်မြေတွေကိုမြေကွက်ဖေါ်ထားတာကို။တချို့လမ်းတွေဆို ဂဝံကျောက်တုံးကြီးတွေ အဖုအထစ်တွေနဲ့မို့၊ ခရောင်းလမ်းကိုလဲလျှောက်ခဲ့ရပါတယ်။)

    ဗိုက်ပူကားကြီးတစ်စီးမှာတော့ ဒရိုင်ဘာရဲ့နောက်ကအခန်းအကန့်လေးမှာ ” ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ” လို့ရေးထားတာလေးကို သိပ်သဘောကျမိတာပါ။~ဒီစာတန်းလေးဖတ်မိပြီး၊ ဘယ်သူ့ကိုမှ မမြင်ဘဲ ကိုယ့်ကိုကိုယ်သာ မြင်မိခဲ့တော့တာပါဘဲ။ အော်၊ ငါတို့က သွားရေး၊လာရေး၊စားသောက်ရေးကစလို့ ပိုက်ဆံသာရှိရင် အိမ်ပေါ်ကဆင်းပြီး၊ လမ်းထိပ်ကိုထွက်လိုက်တာနဲ့ အဆင်သင့်၊ လွယ်လင့်တကူ အားလုံးရနိုင်တဲ့နေရာကနေ ဒီလိုဝေးသီခေါင်ဖျား ဘာလိုချင်ချင်ခက်ခဲလှတဲ့နေရာကိုရောက်လာရတာ ၊ ကိုယ့်ရဲ့စိတ်စေတနာအကျိုးပေးလေလားလို့။

    စနေ၊တနင်္ဂနွေလိုနေ့ရောက်ခါမှ တစ်ပါတ်စာဟင်းစားဝယ်ချင်ရင်သင်္ကန်းကျွန်းက၊ဘုရားလမ်းစျေးကိုညီအစ်မနှစ်ယောက်သားသွားဝယ်ရတာ။ဆန်တို့မီးသွေးတို့ပါ ဝယ်ရတဲ့အခါများ၊ တခါဘူးလေးမှလုပ်ဖို့ဝေးလို့၊မတွေးဘူးခဲ့တဲ့၊ “ခေါင်းပေါ်ရွက်ပြီးသယ်လာရ” တာမျိုးတွေလဲလုပ်ခဲ့ရပါသေးတယ်။ တကယ်ပါဘဲ၊ ဒီလိုမျိုးတွေလုပ်ရတဲ့အကြိမ်တိုင်းမှာ ဗိုက်ပူကားကြီးပေါ်ကစာတန်းလေးကို မြင်မိပြီး၊ ကိုယ့်ကို သတိပေးနေသလိုခံစားမိပါတယ်။ “ငါမကောင်းခဲ့တာပါလား” လို့။

    ဟင်းသီးဟင်းရွက်တွေများဝယ်လာတဲ့အခါ၊ သောက်ရေအိုးအဟောင်းကြီးထဲကိုထည့်ပြီးသိမ်းရတာ။ #(လျှပ်စစ်မီးကမရသေးတော့ ရေအိုးကြီးက ကျမတို့ရဲ့ရေခဲသေတ္တာပေါ့လေ။) အသားတွေကိုပြုတ်ထား၊ ငါးလေးတွေကိုကင်ထားပြီး၊ချက်ပြုတ်စားခဲ့ရတာလဲမမေ့နိုင်စရာပါဘဲ။

    ညနေ ၅နာရီမတိုင်ခင် အိမ်ကိုအရောက်ပြန်ရတာ။ကားဂိတ်ကနေ ကျမတို့အိမ်ကိုပြန်တဲ့လမ်းမှာ အိမ်လေးတစ်လုံး၊နှစ်လုံးသာရှိပြီး၊ ကိုင်းပင်ကြီးတွေက လူတစ်ရပ်လောက်ရှိတာ။ တခါတော့ ကျမက”မလှချင်”မဟုတ်လား။နုနု နဲ့ လှည်းတန်းမှာဆံပင်သွားကောက်ပြီးပြန်တာ၊ အချိန်က( ၅ )နာရီကျော်သွားလို့ အိမ်အပြန်လမ်းကို၊ကြောက်ကြောက်နဲ့ပြေးရတာ။ ခုပြန်တွေးမိတော့ရီစရာပေါ့လေ။

    ဒီလောက်ခေါင်တဲ့အရပ်များ ဘာလို့နေသေးလဲလို့ မေးချင်ကြပါလိမ့်မယ်။ အဲ့ဒီအချိန်က ရှိတဲ့ငွေလေးနဲ့ “ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံ”လုပ်ရတာကိုး။နောက်ပြီး ညီမလေး ဝက်ပေါအလုပ်သွားဖို့ကလဲ ဖယ်ရီ ရှိတာမို့ပါ။ (ဒါတောင်ဖယ်ရီကားဆိုက်တဲ့နေရာကနေ အိမ်ကို မိနစ်(၂၀)လောက်လမ်းလျှောက်ဝင်ရတာ။ဒါပေမဲ့ တစ်ရပ်ကွက်လုံးကဒီဖယ်ရီဘဲစီးကြတာမို့ ပြန်လာကြရင်ပျော်စရာကြီး။ တဂျုံးဂျုံးနဲ့ တီအီး (TE)ကားကြီးပါ။)

    ညနေ ၆နာရီလောက်ဆို တိတ်ဆိတ်နေတော့တာပါဘဲ။ ဖယောင်းတိုင်မီးလေးထွန်းပြီးတော့ပေါ့။တစ်လမ်းလုံးမှာမှ ( ၄ ) အိမ်လောက်ဘဲ လူရှိတာကို။ ခုတော့ လူတွေပေါလိုက်တာမှ မိုးလင်းကနေမိုးချုပ်တဲ့အထိ “လူသံဆူသံ” သောသောညံနေတာပါဘဲ။ အမေရှိတုန်းကဆိုရင် “ဘယ့်နှယ်လဲအမေရေ၊လူစည်ကားချင်သေးသလား” လို့ပြောရတာ။အမေကစည်စည်ကားကားဖြစ်စေချင်တာမို့ပါ။

    အော်၊ အရင်းစစ်လိုက်ရင်တော့ ကိုယ်ပြုခဲ့ဘူးတဲ့ ကံ အတိုင်းပါဘဲ။ ရှေးက ဘယ်လိုကုသိုလ်မျိုးတွေပြုခဲ့ဘူးလဲမှမသိတာလေ။ # ကံ၊ကံ၏အကျိုးကိုယုံရမှာပါ။ ဒါကြောင့် ဆရာတော်ကြီးတွေက သစ္စာသိပြီးလှူတဲ့အလှူမျိုးကို လှူပါလို့​ မိန့်ကြတာ။

    “စေတနာ ကံဖွဲ့” ဆိုတဲ့ အဆိုအရတော့ မသိလို့လုပ်ခဲ့မိတဲ့ စေတနာအကျိုးတွေကရောင်ပြန်ဟပ်တာပါ။ မသိတဲ့အချိန်က သူများကိုဒုက္ခရောက်အောင်လုပ်ခဲ့မိလို့သာ၊ ကျမတို့လဲ အခိုက်အတန့်ဒုက္ခရောက်ကြရပြီး၊ပင်ပမ်းဆင်းရဲခဲ့ရတာဖြစ်ပါလိမ့်မယ်လို့ဘဲ မိမိကိုမိမိ ကောက်ချက်ချမိတာပါဘဲ။

    ခုများတော့ ကြောက်လိုက်တာလေ။အသက်လေးလဲ ရလာပြီဆိုတော့၊တရားလေးလဲနာရင်းနဲ့ ပြန်ပြီးတွေးတောဆင်ခြင်ရတာပေါ့လေ။

    #ဘာလေးကိုလှူလှူ စိတ်စေနာမှန်မှန်နဲ့ သစ္စာသိပြီးလှူရတော့မှာ။ #ဆုတောင်းတွေလဲမှားမှာစိုးရိမ်ရ။(ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားနိုင်မှ ဖြစ်မှာမို့ပါ။) #တရားတွေနာရင်းအသိတရားလေးရမိသလို၊ သွားရင်းလာရင်းဖတ်မိခဲ့တဲ့စာတန်းလေးကြောင့်၊ ကိုယ့်အတွက်တော့အများကြီးကို အကျိုးရှိခဲ့တာပါ။ကျေးဇူးကြီးလှပါတယ်။

    **ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ**တဲ့။

    ##အသိလေးရအောင် လို့ “သတိ”ပေးခဲ့တဲ့”စာတန်း”ပိုင်ရှင်လဲ ကျန်းမာချမ်းသာပြီး၊တရားထူးတရားမြတ်ရကြပါစေ။ #ဒီစာတန်းလေးဖတ်မိပြီး၊ မိမိကိုယ်ကို ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။

  • ကောင်းဆိုးနှစ်တန်

    ကောင်းဆိုးနှစ်တန်

    ဒေါ်မိအောင် Daw Mi Aung

    အကောင်းလောကဓံကိုပျော်ပျော်ကြီးလက္ခံနိုင်ရင်၊အဆိုးလောကဓံနဲ့ကြုံရရင်လဲ မတုန်မလှုပ်ရင်ဆိုင်နိုင်ကြရမှာပါ။ အကောင်းကံ၊အဆိုးဒဏ်မခံနိုင်ကြရင်တော့ ပြိုလဲသွားရတော့မှာပါဘဲ။

    လူရယ်လို့ဖြစ်လာပြန်တော့ ငိုတခါရယ်တလှည့်ပေါ့လေ။ လူတစ်ဦးစီမှာ တော့ ကံတွေကတစ်မျိုးစီပါလာတတ်ကြတာပါ။ မွေးစမှသေသည့်တိုင်အောင်ပြည့်စုံတဲ့သူနဲ့ဘဝတစ်လျှောက်လုံး အမျိုးမျိုးသော ဒုက္ခကိုရင်ဆိုင်ရသူနဲ့ဆိုတာကတော့၊ တရားသဘောအရ ပြုခဲ့ဘူးသောကံ အတိုင်းမို့၊”အကြောင်းအကျိုး”တွေပါဘဲ။

    ကိုယ့်တွေရဲ့ ကံအကြောင်းတစ်ခုထဲမှာဘဲ၊ နိမ့်လိုက်၊မြင့်လိုက်နဲ့အမျိုးမျိုးအဖုံဖုံကြုံခဲ့ဘူးတာမို့၊ယ္ခုအသက်အရွယ်အရသာ “အော်၊ဒါတွေဟာဖြစ်တတ်တဲ့သဘာဝတွေပါလား၊ကံအကြောင်းတရားတွေပါလား” လို့ဆင်ခြင်နိုင်တာပါ။ ကျမတို့မိသားစုမှာ အမေ့ရဲ့အမွေဆိုင်အိမ်လေးကလွဲလို့ ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။ အမေ့အနေနဲ့ သူစီးပွါးရှာတတ်ပုံမျိုးနဲ့ဆိုရင် အိမ်တွေအများကြီးဝယ်နိုင်တာပေါ့။ ဒါပေမဲ့အမေက အိမ်ဆိုတာငွေအိပ်တယ်။လုပ်ငန်းမှာဘဲထည့်သုံးမယ်ဆိုတဲ့လူမျိုးပါ။

    ထုံးစံအတိုင်း အမွေလဲခွဲကြရော၊ ကျမတို့ညီအစ်မမှာ နေစရာအတွက် အမိအရရှာကြရတော့တာပါဘဲ။ ရှိတဲ့ပိုက်ဆံလေးနဲ့ အိမ်လေးတစ်လုံးဖြစ်အောင်ဝယ်ကြရတာ။ အိမ်ဝယ်ဖြစ်အောင်တိုက်တွန်းတဲ့ ဦးလှိုင်ကိုကျေးဇူးတင်မဆုံးပါဘူး။ အိမ်ရဲ့အောက်ထပ်က မြေကြီးနဲ့ အုတ်လေးပတ်ထားပြီး၊ပြူတင်းတံခါးပေါက်ဖိုးမတတ်နိုင်လို့ ဝါးကပ်နဲ့အသေပိတ်ထားပြီးနေခဲ့ကြရတာ။သားအမိသုံးယောက်ထဲပါ။

    ငယ်တုန်းကတော့ “အလုပ်ဟူသမျှဂုဏ်ရှိစွ”ဆိုသလိုဘဲ အားကြိုးမာန်တက်ရုန်းခဲ့ရလို့၊ လူလူသူသူအိမ်တစ်လုံးဖြစ်လာခဲ့တာပါ။ အမေကအမြဲပြောတတ်တယ်။ “ငါ့သ္မီးတွေကိုကျေးဇူးတင်ပါတယ်” လို့၊ အမေဆုံးခါနီးအထိကိုပြောစဲပါ။ အမေစိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လဲ၊ ကျမတို့ညီအစ်မတွေ၊ ကိုယ်နဲ့တကွ ကိုယ့်ကိုယ်စောင့်နတ်ကိုကျေးဇူးတင်နေရပါတယ်။

    ဒီလိုနဲ့ အိမ်ဆိုတာလေးမယ်မယ်ရရပြီးလို့မှ အမောလေးပြေယုံရှိသေးတယ်။ “လောကဓံ”များကြောက်စရာကောင်းလိုက်ပုံက၊ နာဂစ်မုန်တိုင်းကမွှေသွားလိုက်တာလေ။ ကျမဆိုတာအော်ပြီးတော့ကိုငိုမိတာပါ။ဘာဖြစ်လို့လဲလို့မေးရင်၊ ဘုရားတရားတွေလဲကိုးကွယ်ဆည်းကပ်ပါရဲ့နဲ့ ဒီလောက်ကံဆိုးရသလားဆိုပြီး၊ရှက်မိတာနဲ့၊ ဒီအိမ်ကိုဘယ်လိုပြန်ပြုပြင်ရပါ့မလဲလို့ တွေးပြီးဝမ်းနဲမိတာပါ။

    မှတ်မှတ်ရရ လကုန်ပြီးခါစ၊ အိမ်မှာစားစရာဝယ်ထားတာကလဲပြတ်၊မနက်မှစျေးဝယ်မယ်လေဆိုပြီးနေလိုက်တာ၊ ကွေကာအုတ်လေးနှစ်ထုတ်ဘဲရှိတော့တာ။ အမေရယ်၊ ဆုရယ်၊ ဝက်ပေါရယ်၊ ကျမရယ်၊ကြောင်လေးတစ်ကောင်ရယ်နဲ့ မုန်တိုင်းတိုက်နေတာကို ကြောက်လန့်တကြားနဲ့၊အမေကတော့” သူလဲတောသူပါဘဲ၊ ဒီလိုမျိုးတစ်ခါဘူးမျှမကြုံဘူးပါဘူး” တဲ့လေ။

    ညဥ့်လယ်လောက်ရောက်တော့ အိမ်ရှေ့ကတမာပင်ကအမြစ်ကျွတ်ထွက်ပြီး၊တံခါးပေါက်မှာလဲကျလို့၊ ည၂နာရီလောက်လဲရောက်ရော အိမ်ရှေ့ခန်းက သွပ်မိုးရဲ့မျှားတန်းကကျိုးပြီးလေတိုက်တိုင်းအမိုးကလန်လိုက်ပြန်ကျလိုက်နဲ့။ အိမ်ပေါ်ထပ်ကိုလဲမတက်ရဲ၊ သွပ်ပြားပြုတ်ကျမှာကြောက်လို့။ အိမ်အနောက်ဖက်ကသွပ်တွေကတော့ စက္ကူကိုဆွဲဆုပ်ပစ်ထားသလိုပါဘဲ။အောက်ထပ်မှာရေလျှံနေတော့တာပေါ့။ (ကံအားလျော်စွာ အောက်ထပ်ကိုသံမံသလင်းခင်းပြီးလို့သာပေါ့။ နိုမို့ဆိုရင်တော့ မတွေးရဲစရာပါဘဲ။)

    အမေ့ကိုတော့အအေးမိမှာစိုးလို့၊မိုးရေမကျတဲ့နေရာလေးမှာ ကုလားထိုင်နဲ့ထိုင်ခိုင်းထားပြီး၊ အဝတ်ကိုမကြာခဏလဲပေးနေရတာ။ (ဒီကြားထဲအမေက မကြခဏ ရှူးပေါက်ချင်လို့ ၊နောက်ဖေးခန်းကိုထီးဆောင်းပြီးပို့ပေးရတာလေ၊ မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုပါဘဲ။ခေါင်းပေါ်ကိုသွပ်ပြားပြုတ်ကြမှာစိုးလို့ပါ။) မနက်လင်းတဲ့အထိလေကမငြိမ်သေးတဲ့ကြားထဲကနေ ကျမတို့ရဲ့ ညီမဝမ်းကွဲ နန်းဦးရဲ့ယောကျ်ားကိုမျိုးမြင့်နဲ့သားလေးနှစ်ယောက်က ကျမတို့အိမ်ကို လာကြည့်ပေးကြတာ။ အဲ့ဒီအချိန်မှာဘာမှ လုပ်လို့မရသေးပေမဲ့ ကျေးဇူးတင်လိုက်တာလေ။

    လေလဲငြိမ်ပြီးမိုးတိတ်သွားတော့ ဝက်ပေါက စျေးထိပ်ကစျေးဆိုင်ကို စားစရာပြေးဝယ်တော့၊ စျေးဆိုင်က ကိုမြင့်စိန်က “ဒီအစ်မ၊ ခက်တော့တာဘဲ၊မြန်မြန်ပြန်”ဆိုပြီးစားစရာတွေထည့်ပေးလိုက်တဲ့စေတနာကိုလဲ တကယ်တန်ဖိုးထားမိပါတယ်။(ဝက်ပေါက အိမ်ပြန်ရောက်တော့၊ကျမကို ငိုမနေနဲ့၊ ထွက်ကြည့်ဦး၊ ငါတို့တစ်အိမ်ထဲဖြစ်တာမဟုတ်ဘူးလို့ ဆူသေးတယ်။) နေ့လည်၁နာရီလောက်အထိ သားအမိ၊မြေးအဖွားတွေ ဘာမှမစားရသေးမှန်းသိသွားတဲ့ အိမ်ရှေ့အိမ်ကမော်မော်က သုံးဆင့်ဂျိုင့်လေးနဲ့ငါးခြောက်၊ကြက်ဥကြော်လေးနဲ့ထမင်းလေးလာပေးလို့ မျက်ရည်တွေကြားကကျေးဇူးတင်စွာနဲ့စားခဲ့ရတဲ့ထမင်းတစ်နပ်ပါ။ စိတ်သောကများ၊တယ်ကြောက်စရာကောင်းတာပါဘဲ။( ၄ )ယောက်စားတာကိုမကုန်ဘူး။

    တစ်နေကုန်ငိုရင်းနဲ့အိမ်ထဲကရေတွေခပ်ထုတ်လိုက်ရတာ။ ညဖက်အိပ်ဖို့နေရာလေးရအောင်၊ ဟိုရွှေ့ဒီရွှေ့နဲ့ မနားမနေလုပ်လိုက်ကြရတာလေ။ ဒါကကိုယ့်အိမ်လေးထဲမှနေဖို့ ပြန်ပြင်ဆင်ရတာလောက်ဘဲရှိသေးတာနော်။ # #အိုးမဲ့အိမ်မဲ့သာဆိုရင် ဆိုပြီး၊တွေးကြောက်မိတာ။ တရားမရှိလို့မဟုတ်ပါဘူး။ ကိုယ်ချင်းစာတွေးလေးတွေးမိတာလေးပါ။ ကျမခံစားမိသလိုလေးခံစားမိကြမှာပါ။

    ညနေခင်းလေးရောက်တော့ ညီအစ်မနှစ်ယောက် ရွှေခြံဘုန်းကြီးကျောင်းကိုသွားပြီး၊ တာလပတ်ငှားရတာ။အိမ်ပေါ်ထပ်ကိုတာလပတ်ခင်းထားမှ မိုးရွာရင် အောက်ထပ်ကိုရေ မကျမှာလေ။

    မိုးလေကင်းလို့ ညဖက်အဆင်ပြေသလိုလေး အိပ်ကြရတာပေါ့။ အိပ်ပျော်မယ်လို့မထင်လီုက်ပါနဲ့။ အိမ်ပြန်ပြင်ဖို့ တွေးလိုက်တာလေ၊ တစ်ကမ္ဘာလုံးကိုခြေဆန့်ပြီးပတ်မိတော့တာပါဘဲ။ အတွေးနဲ့ပိုက်ဆံရှာနေမိတာ။ဓနိဘဲမိုးရလေမလား၊တာလပတ်ဘဲမိုးထားရလေမလားနဲ့။

    # ကံကောင်းချင်တော့ ကျမရဲ့အလုပ်ရှင်အန်တီဒေါ်လှကြည်က အိမ်ပြင်ဖို့ငွေထုတ်ပေးသလို၊ တီတီကလဲပေးပါတယ်။ #ရွှေခြံဆရာတော်ကလဲ သူ့မယ်တော်ကြီးကိုစောင့်ရှောက်ရှာတာပါဘဲ။

    #တစ်သက်စာကျေးဇူးတင်ရတာပါ

    #ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေဆိုလဲ ဝိုင်းဝန်းပြီးဖေးမကူညီစောင့်ရှောက်ကြတာပါဘဲ။

    ဖြစ်ကြောရှည်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ * ခုနေအခါများသာဆိုရင်တော့၊ အားလုံးကြပ်တည်းကြတာမို သူ့ကိုကိုယ်မကူနိုင်၊ကိုယ့်ကိုသူမကူနိုင်နဲ့ အတော်ကြီးကိုဒုက္ခရောက်ကြမှာ။*

    #ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးဂုဏ်ကျေးဇူးကို အစဥ်ပွါးများလို့ အန္တရာယ်ကင်းအောင်နေတတ်ကြပါမှဘဲ – – -။ #နင်လားဟဲ့လောကဓံ ဆိုပြီးရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဘူးပေမဲ့၊ အိုမင်းလာတဲ့အချိန်မှာတော့ “ငါက လောကဓံ” ဆိုပြီး လာခဲ့မှာကိုတော့ မတွေးဝံ့စရာမို့ – – –

    #တရားသဘောကိုဆင်ခြင်ရင်းနဲ့ – – –

  • အမေ့စကား

    အမေ့စကား

    ဒေါ်မိအောင် Daw Mi Aung

    ဒီနေ့မနက်အစောအိပ်ယာကထပြီး၊ ဘုန်းကြီးကျောင်းကိုဆွမ်းဟင်းပို့ဖို့ချက်ပြုတ်ပြင်ဆင်နေရတာလေ၊ အမေ့ကိုသတိရနေတာလေးကလွဲလို့၊ လှူဖို့တန်းဖို့အမျှဝေဖို့လေးကိုကြည်နူးနေရတာ။(နေ့စဥ်တော့ မနက်၆နာရီခွဲလောက်မှအိပ်ယာကထတတ်လို့ပါ။) အမေခွဲသွားတာ(၁၀)လတင်းတင်းပြည့်သွားပါပြီ။ အချိန်တွေအကုန်မြန်လိုက်တာမှ၊ ဘယ်လိုဘဲအချိန်တွေကုန်သွားပေမဲ့ လွမ်းစိတ်ကတစ်ရက်မှမပြေနိုင်ပါဘူး။

    ဒါပေမဲ့ အမေ့အတွက် ကုသိုလ်ပြုပြီးအမျှအတန်းပေးဝေချင်တဲ့စိတ်ဇောကြောင့် ကြည်ကြည်လင်လင်ပါဘဲ။ ချက်ပြုတ်ပြီးလို့ဘုရားဆွမ်းတော်ကပ်၊ ဆွမ်းဂျိုင့်အတွက်ပြင်ဆင်ပြီး၊ ညီအစ်မနှစ်ယောက် နံနက်အဆာပြေစာလေးကိုစားလို့။

    ခနနေတော့ “ရင်ဖိ”ရတဲ့အကြောင်းအရာလေးကိုကြားလိုက်မိရတာလေ၊ ဘုရားတပြီး မဆီမဆိုင်မျက်ရည်ကျခဲ့ရပါတော့တယ်။ “အော်၊ တို့အမေအသက်(၉၀)ကျော်၊ “ကံကုန်နေ့စေ့”လို့ လူ့လောကကြီးထဲကထွက်သွားတာကိုတောင်၊ ဖြေလို့မပြေနိုင်ဖြစ်နေကြရသေးတာဆိုရင် – – – -” ခုနှစ်စဥ်အမျှင်တန်းလို့ ငယ်စဥ်ကထဲက ကိုယ့်မိဘရဲ့သွန်သင်ဆုံးမတာလေးတွေကိုပြန်လည်ကြားယောင်လာမိတာပါဘဲ။

    “သ္မီးရေ လူတစ်ဖက်သားကိုစကားပြောတာလေးကစလို့ ဂရုစိုက်ပါ။ ကိုယ့်ရဲ့နားထဲမှာခံသာတဲ့စကားမျိုးကိုသာပြောပါ။ ကိုယ်ခံနိုင်မှ သူများခံနိုင်မှာဆိုတာ မြဲမြဲမှတ်ထားပါ” တဲ့လေ။ မှန်လိုက်တာ။ ကိုယ်လဲမခံစားနိုင်ရင်တော့ ခံရသူများမှာလဲ ခံစားနိုင်ကြမယ် မဟုတ်ပါဘူး။ ဒီနေ့တော့ အကြားနဲ့တင် ရင်ထဲမချိအောင်ခံစားမိလိုက်တော့ ၊ တကယ်လက်တွေ့ခံစားရသူအဖို့တော့ ဆိုဖွယ်ရာမရှိသလောက်ပါဘဲ ထင်ပါရဲ့။

    ပြုသူက ဘယ်လိုအတွေးမျိုးရှိကြမလဲမသိပေမဲ့၊ ခံရသူမှာတော့ စိတ်ရာကိုယ်ပါဆုံးရှုံးကြရမှာမတွေးရက်စရာပါ။ “သ္မီးရေ လူဆိုတာကိုယ့်ပေါင်ပူမှ “အပူ”လို့ထင်တတ်ကြတယ်” ဆိုတာလဲ ဟုတ်မှာပါဘဲလေ။ အမေ အနားကထိုင်ပြောနေသလိုကို တွေးမိပြီးခံစားနေမိတော့တာ။ သေသူကို ရှင်သူက”တ”နေမိသလိုပါဘဲလား။

    အမေ “ဆို၊ ဆုံးမ” ခဲ့တာတွေဟာ “ခုတော့ တကယ်မှန်ပါလားအမေရယ်” လို့တွေးပြီး၊ ခါတိုင်း ရှိခိုးဦးချကန်တော့တာထက်ကိုပိုပြီး ကန်တော့မိပါတော့တယ်။ ” သားသ္မီးမကောင်း မိဘခေါင်း” လို့ဆိုရေးရှိတာမို့၊ကျမတို့လိမ္မာမှ၊တော်မှ၊ကောင်းမှ မိဘသက်သာမှာလေ။ မိဘမျက်နှာမပျက်ရအောင်နေတတ်၊ထိုင်တတ်ဖို့ကတော့သားသ္မီးတွေရဲ့တာဝန်ပါ။

    အမေကလေ ကိုယ်နှုတ်အမူအယာ သိမ်မွေ့ရအောင်လဲ သင်ပေးသွားတာမို့ ကျေးဇူးကြီးလှပါတယ်။ အမေကလေ ကိုယ်နဲ့ရွယ်တူ၊ကိုယ့်အောက်လူနဲ့စကားပြောရင်တောင်မှ “ငါ” ဆိုတဲ့နာမ်စားကိုမသုံးဘဲ “တို့” ဆိုတဲ့စကားလေးကိုသာသုံးတတ်သူမို့၊ ကျမတို့အတွက်တော့စံပြမိခင်ပါဘဲ။ ခုချိန်မှာ လူတချို့ ရိုင်းစိုင်းကြတာမြင်ရလေ၊ ကိုယ့်အမေကိုကျေးဇူးတင်ရလေမို့ ။

    ကိုယ်၊နှုတ်အမူအယာကြမ်းတမ်းသူများနဲ့ကင်းဝေးကြရပါစေ။

    စိတ်သောကလည်း ကင်းဝေးကြရပါစေ။

    ဘုရားရှင် လဲ နားညည်းရှာရော့မယ်။

  • အချိန် အခါ

    အချိန် အခါ

    ဒေါ်မိအောင် Daw Mi Aung

    သိတတ်တဲ့အရွယ်ကစလို့ အလုပ်တွေလုပ်လာလိုက်ရတာ၊ တကယ်ကိုမနားရတာပါဘဲ။ ဒါကြောင့်ကလေးတွေကို နားရတုန်း လေးနားကြပါလို့ပြောရတာ။ သူတို့လေးတွေကလဲ ပညာဆုံးခန်းတိုင်တာနဲ့ အလုပ်ရှာကြတာ၊ ပြန်တွေးကြည့်တော့ အတော် ကိုသနားဖို့ကောင်းတာပါ။

    ခုကာလကြီးက ကျမတို့ ဘွဲ့ရခဲ့တဲ့ကာလနဲ့ နဲနဲလေးမှကိုမတူတာပါ။ ခုခေတ်မှာ ဘွဲ့တစ်ခုရယုံနဲ့တော့ အလုပ်အကိုင် အခွင့် အလမ်းကဘယ်လိုမှရဖို့လမ်းမရှိတာပါ။ (အော်၊ ဒါကြောင့်လဲ သူသူငါငါအပြိုင် ကြိုးစားကြရတာကို။)

    လူ့လောကကို “အူဝဲ”ဆိုပြီးရောက်လာတဲ့အချိန်ကနေ အခုဆိုရင်တော့ အသက်(၃)နှစ်လောက်ကစပြီး မိဘတွေက မူကြို ကျောင်းကိုပို့ကြပြီး၊ (၅)နှစ်လဲပြည့်ရော ကျောင်းစပြီးထားကြတော့တာပါဘဲ။ကလေးတွေခမျာမှာ မိဘရင်ခွင်မှာ နားရတဲ့ အချိန်မရှိသလောက်ကိုရှားပါးကြရှာတာ။ မိဘတိုင်းက သားသ္မီးကို ကိုယ့်ထက်ပိုပြီးတတ်စေချင် တော်စေချင်ကြတာကတော့ အပြစ်မဆိုသာပေမဲ့၊ တချို့သောမိဘတွေကြတော့လဲ အင်မတန်ကို လောဘကြီးကြတာကလား။

    ကိုယ့်သားသ္မီးရဲ့ ဥာဏ်ရည်ကလိုက်လိုမှီပါ့မလား မကြည့်ဘဲ၊ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ “လောဘ”တစ် ခုထဲနဲ့ တွန်းအားပေးတတ်ကြတော့တာပါဘဲ။ (တကယ်တော့ ကလေးအတွက်ထက် မိဘတွေကသူတို့ လူ့အသိုင်းအဝိုင်းမှာ “ကြွားဝါ” ဖို့အတွက်လေလားလို့။)

    တချို့လဲမိဘကတွန်းအားပေးတာကို ခံနိုင်ရည်ရှိကြပေမဲ့၊ တချို့ကလေးတွေကတော့ လမ်းမှားကိုရောက်သွားတတ်ကြတာ။ အလွန်နှမျောစရာကောင်းလှပါတယ်။ တကယ်တော့ မိဘဆိုတာ ကိုယ့်သားသ္မီးရဲ့အခြေအနေကို သိရမှာပါ။ သူ့ရဲ့စွမ်းအားက တစ်မတ်ဖိုးတတ်နိုင်တာကို တစ်ကျပ်ဖိုးသုံးဖို့ အတင်းရိုက်သွင်းလို့မရနိုင်ပါဘူး။

    ခုခေတ်မှာတော့ ခေတ်မှီတိုးတက်လာတာနှင့်အမျှ တချို့သောကလေးတွေက သူတို့တိုးတက်ရာတိုးတက်ကြောင်းကို ကြိုးစား ပမ်းစားလုပ်ကြပေမဲ့၊ တချို့ကလေးတွေကတော့ ပေါ့ပေါ့ဆဆနေတတ်တာပါ။ တချို့ကလေးတွေများဆိုရင် အတုယူ တောင် မှားနေတတ်ကြသေးတာမို့၊ ခေတ်မှီလာခြင်းဟာလဲ “အကောင်းတဝက်၊ အဆိုးတဝက်”ပါဘဲ။ ဒါကတော့ ခံယူသူ နဲ့သာသက် ဆိုင်တာပါ။

    ပညာဆိုတာတော့ ရှာလို့ကိုမဆုံးနိုင်တာမို့၊သတ်မှတ်ထားတဲ့ အတန်းပညာပြည့်စုံရင် လုပ်ငန်းခွင်ဝင်ဖို့အားထုတ်ရ၊ အလုပ်ရှာရနဲ့၊ လုပ်ငန်းခွင်ဝင်ရပြီဆိုတာနဲ့တော့ မပြီးဆုံးနိုင်တဲ့ သံသရာထဲကိုရောက်သွားကြရတော့တာပါဘဲ။ ခုခေတ်မှာ အသက်(၆၀) ပြည့်လို့ ပင်စင်ယူရပြီဆိုရင်တောင်၊ ကိုယ်လဲကျန်းမာနေလို့ကတော့ နောက်ထပ် အလုပ်တစ်ခုကိုရှာဖွေပြီးလုပ်နေကြရသေးတာ။ ဘယ် မှာများ “နားရတဲ့အချိန်” ရှိကြလို့လဲ။ (လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ခေတ်လေ။)

    ကြာခဲ့ပါပြီ။ အိမ်ထောင်ဦးစီးဖခင်တစ်ယောက်ထဲရဲ့လစာနဲ့ မိသားစုကို ပြည့်စုံအောင်ထားနိုင်တဲ့ခေတ်အခြေအနေက ဟိုးပဝေ သဏီ ခေတ်ကပါ။

    (၃)နှစ်အရွယ်ကစပြီး မူကြိုပို့ကြရတာကလဲ ရှင်းရှင်းလင်းလင်းတွေးကြည့်ရင် အမေလုပ်သူကတဖက်တလမ်းက ဝင်ငွေလေး ရဖို့အတွက် အလုပ်လုပ်ချင်လို့ ကလေးထိန်းပို့ကြရတာပါ။ အဲ့ဒီတော့ ခုခေတ်ကလေးတွေခမြာမှာ (၃)နှစ်အရွယ်ကစလို့ အသက် (၆၀)ရောက်မှ အနားယူပေတော့ပေါ့။

    ဒါကြောင့်မို့ အိမ်ကကလေးတွေကိုတော့ လုပ်ငန်းခွင်ဝင်ဖို့သိပ်ဆန္ဒမစောကြပါနဲ့လို့ အမြဲပြောနေရတာ။ ကိုယ်တွေက ကိုယ်ပိုင် လုပ်ငန်းလုပ်နိုင်ဖို့လဲ ငွေပုံပေးနိုင်တဲ့ အရည်အချင်းမှမရှိကြတာ။ အဲ့ဒီတော့လဲ လုပ်ငန်းခွင်ဝင်ဖို့အတွက် ကိုယ့်ဖက်က အရည် အချင်းပြည့်ဖို့ကို အရင်ကြိုးစားပြီးမှသာ အလုပ်ဝင်ကြပါလို့။ ရှေ့တန်းရောက်ဖို့က လက်နက်အပြည့်အစုံနဲ့ အရည်အချင်းပြည့်မှီမှ ဖြစ်မှာလေ။

    တွေးကြည့်ရင်တော့ –

    လောဘနဲရင် သက်သာသလို၊လောဘကြီးတာနဲ့အမျှ ပင်ပမ်းကြရမှာမလွဲပါဘူး။

    မနိုင်ဝန်ကိုမထမ်းကြရင်လဲ သက်သာတာပါဘဲ။

    အသက်ရှိနေသေးသရွေ့ အလုပ်လုပ်ကြရမှာမို့၊

    အခြေအနေလေးပေးသရွေ့ အနားရတုန်းလေး နားနားနေနေ နေတတ်ကြပါစေ။

    “အပျင်း”တော့မဖက်ကြနဲ့ပေါ့။ “ပျင်း”နေရင်တော့ “ထမင်းမဝ” ဖြစ်ရမည့်ကာလမို့ပါ။

  • လိုက်ကြဦးမလားလို့

    လိုက်ကြဦးမလားလို့

    ဒေါ်မိအောင် Daw Mi Aung

    လမင်းကြီးထိန်ထိန်သာနေတဲ့လပြည့်ညလေးမို့၊ အတွေးလေးတစ စိတ်မှာစိုးမိုးလာမိပြန်ပါတယ်။ (“လမင်းထိန်ထိန်သာသလေ့၊ မောင်ကြီးလာပါပြီဟေ့” ဆိုတဲ့ ဇာတ်လမ်းလေးလို့ထင်လိုက်ရင်တော့၊ တက်တက်စင်အောင် မှားပါလိမ့်မယ်။)

    ရွှေခြံဓမ္မရိပ်သာမှာ ခေတ္တသီတင်းသုံးတဲ့ ဦးပဥ္ဇင်းတစ်ပါးက ခရီးထွက်တာဝါသနာပါတာမို့ အမေနဲ့စကားစပ်မိရင်း၊ ဇလွန်ပြည်တော်ပြန်ဘုရား သွားဖူးကြဖို့ စီစဥ်ကြပါတယ်။

    လူစုပြီး ကားငှါးမယ်ပေါ့။ သွားမည့်နေ့မှာငှားလာတာကတော့ဗိုက်ပူဘတ်(စ)ကားကြီးပါ။ အဲ့ဒီကာလက ခရီးထွက်ကြရင် ဗိုက်ပူကားသန့်သန့်တွေနဲ့သာသွားလာကြတာလေ။ ဖြစ်ပါ့မလားဆိုတော့လဲ သွားနေကြလို့ပြောပါတယ်။

    အိမ်အနီးပတ်ဝန်းကျင်ကမိသားစုတွေကလဲလိုက်ကြမှာမို့၊ အမေကဦးဆောင်စီစဥ်တာပေါ့။ (အမေက အဲ့ဒီလိုခရီးသွားရတာ သိပ်ဝါသနာပါတာပါ။)

    ကျမကတော့ နုနုကို လိုက်ခဲ့ဖို့ခေါ်တော့၊ နေ့ချင်းပြန်ခရီးမို့ သူက ဒီတခါမငြင်းမဆန်ဘဲရှောရှောရှူရှူ လိုက်ခဲ့ရှာတာ။ သူ့ခမြာအိမ်ပစ်ပြီးသွားတတ်ရှာတာမဟုတ်ပါဘူး။ မီးမီးကလဲ သူ့အမေကိုသူငယ်ချင်းနဲ့သွားပါစေဆိုပြီး “မေမေစိတ်မပူနဲ့၊ သွားသာသွားပါ” ဆိုပြီး၊ လွှတ်လိုက်ရှာတာပါ။

    ကျမတို့ဒဂုံကနေအစောကြီးထွက်လာကြပြီး၊ နုနုကိုတော့ သမိုင်းလမ်းဆုံကနေ ထွက်စောင့်ဖို့မှာထားတာ။ ကျမသူငယ်ချင်းက အချိန်အတိအကျ စောင့်နေရှာပါတယ်။ အဲ့ဒီအချိန်မှာ ဘာကိုအမှတ်ရမိသွားလဲဆိုတော့၊ ကျမတို့၁၀တန်းနှစ်က ပဲခူးကိုခရီးထွက်ကြလို့ပျော်ခဲ့ကြဘူးတာလေးကိုပေါ့။ (ကျမနဲ့နုနု ၁၀တန်းကျခဲ့တဲ့နှစ်က တီချယ်တွေနဲ့ပျော်ပွဲစားထွက်ကြတာပါ။ ၁၀တန်းရောက်မှကျမတို့ကျောင်းကိုရွှေ့လာကြတဲ့ညောင်လေးပင်သူစိန်စိန်အုံး၊ ပြွန်တန်ဆာသူ မြသီတာနဲ့ချိုချို အုန်းတို့လဲ ပါတာပေါ့။ ၁၀တန်းကျခဲ့တဲ့နှစ်ကတွဲခဲ့တဲ့သူငယ်ချင်းတွေပါ။)

    နံနက်၆နာရီခွဲမှာ သမိုင်းလမ်းဆုံကစထွက်လာကြတော့ ဘုရင့်နောင်တံတားကြီးကိုစဖြတ် ကထဲကရန်ကုန်အငွေ့အသက် နဲ့ကင်းပြီး၊ ကျမတို့ရွာထန်းတပင်ကိုကျော်လာတာနဲ့စိတ်ချမ်းမြေ့စရာမို့ ပျော်ကြတာ။ ဒါပေမဲ့ လမ်းတွေက သိပ်မကောင်း သေးတာမို့ ဘတ်(စ)ကားကြီးစီးရတာ ဂလုံးဂလွမ်းနဲ့။ အဲယားကွန်းမလိုဘဲ လေကတော့တဟူးဟူးနဲ့မို့ ပြောပလောက်အောင်တော့ မပင်ပမ်းလှပါဘူး။

    နေ့လည်ခင်းတော်တော်နေမြင့်မှဇလွန်ကိုရောက်ကြတာ။ အိမ်ကချက်သွားတဲ့ထမင်းဟင်းတွေစားကြပြီး၊ ဘုရားတွေကိုလည်း ဦးပဥ္ဇင်းက အနှံ့လိုက်ပို့ပေးရှာတာ။ မသိတတ်တာများ ဘုန်းကြီးကိုဆွမ်းကပ်ဖို့မေ့နေကြသေးတာ။ (အသွားတုန်းကတော့ အဆင်ကိုပြေလို့။ အပြန်ကြတော့ ကားကနဲနဲဖေါက်လာပါရော။)

    ကိုယ်တွေအတွက်တော့မစိုးရိမ်ပါဘူး။ကျမတို့ကတစ်အိမ်လုံးလိုက်ကြတာလေ။ နုနုကိုအချိန်မှီမရောက်မှာ စိတ်ပူလိုက်ရတာ။ မီးမီးကိုအိမ်မှာတစ်ယောက်ထဲထားခဲ့ရလို့ပါ။ အဲ့ဒီတုန်းကတယ်လီဖုန်းကလဲမရှိတော့၊ ဆက်သွယ်ဖို့အတော်ခက်ခဲလှပါတယ်။ ကားကိုပျက်ရင်းပြင်ရင်းနဲ့ သမိုင်းလမ်းဆုံရောက်တော ည၉နာရီခွဲလောက်ဖြစ်ပြီ။ ရွှေနုက ပြန်ရဲတယ်ပြောပေမဲ့ ကိုယ်ကစိတ်ပူ ရတာပါဘဲ။ နောက်နေ့ သူနဲ့ပြန်တွေ့မှဘဲ ဟင်းချရတာပါ။

    ကျမတို့ ဒဂုံအိမ်ကိုရောက်တော့ ည၁၂နာရီထိုးတော့မယ်။ တော်သေးတာက ဖိုးလမင်းကြီးထိန်ထိန်သာနေတဲ့ လပြည့်ညမို့သာပေါ့။ (အပြန်လမ်းမှာ လမင်းကြီးကိုလဲမကြည့်နိုင်ကြပါဘူး။ စိုးရိမ်စိတ်ကလွန်ကဲနေတာလေ။)

    အဲ့ဒီတုန်းကသာ တစ်ယောက်နဲ့တစ်ယောက်စိတ်တွေပူကြရတာ၊ ခုများတော့ ပြန်တွေးမိရင်ပြုံးမိရပြီး၊ ဇလွန်ဘုရားဖူး သွားခဲ့ တဲ့ခရီးအကြောင်းပြန်ပြောမိကြလို့ကတော့ မပြုံးဘဲ ဝါးလုံးကွဲကို ရယ်ကြရတာ။

    အဖြစ်အပျက်တွေဆိုတာ ကြုံတွေ့ရတဲ့ခဏမှာတော့ ပြသနာအကြီးကြီးလို့ယူဆရပေမဲ့လည်း၊ ကာလကြာလာတဲ့အခါမှာတော့ ဘာဆိုဘာမှမဟုတ်တတ်တာမျိုးပါ။ (ရယ်ပွဲဖွဲ့စရာလဲဖြစ်သွားတတ်ပါတယ်။)

    ဒါကြောင့် “ဘာကိစ္စမဆို ချက်ချင်း မဆုံးဖြတ်ပါနဲ့” လို့ လူကြီးသူမတွေကပြောတတ်ကြတာကို။ (တကယ် မှန်တာပါ။ အသက်ကြီး လာတဲ့သူတွေရဲ့ အတွေ့အကြုံက ကျမတို့ထက်တော့ နှာတဖျားသာတတ်တာပါလားလို့။)

    ဘာဘဲဖြစ်ဖြစ် အဲ့ဒီအချိန်က ခက်ခဲပေမဲ့ ပျော်ခဲ့ကြမိလို့သာပါဘဲ။ (ခုကာလလို အိမ်တွင်းပုန်းလုပ်နေရတာထက်စာရင်တော့ ကျေနပ်စရာကောင်းလှပါတယ်။)

    ရောဂါဘယတွေကင်းရှင်းတဲ့အခါကျရင်တော့ ခြေဦးတည့်ရာ သွားပစ်လိုက်ဦးမယ်။ (ခရီးသွားမယ်ဆိုရင်တော့ ပထမဆုံး သတိရတာကတော့ အမေပါ။)

    မှတ်ချက် ။ ။ စောစောစီးစီးစာရင်းပေးထားကြ မှ ခေါ်မှာနော်။

  • စားလဲစား၊ မကုန်စေနဲ့

    စားလဲစား၊ မကုန်စေနဲ့

    ဒေါ်မိအောင် Daw Mi Aung

    ငယ်စဥ်ကနေပြီး အသက်လေးအတော်ရလာတဲ့အထိ အမေပြောနေကြစကားလေးကို ရယ်စရာလို့ဘဲထင်ခဲ့မိတာ။ ဟိုးယ္ခင်က မီးဖိုချောင်ဝင်ပြီးချက်ပြုတ်ခဲ့တာမှန်ပေမဲ့၊ သိပ်အတွေးမရှိခဲ့တာလဲအမှန်ပါဘဲ။ ခုများတော့ ကိုယ်ကအလုပ်အကိုင်မရှိ၊ ဝင်ငွေ မရှိချိန်၊ ညီမရဲ့ လုပ်စာနဲ့သုံးစွဲနေရချိန်၊ အစစအရာရာ ရှားပါးတဲ့အချိန်ဖြစ်လာမှဘဲ၊ “အော်၊ အမေပြောတာဒီအဓိပ္ပါယ်ပါလား” လို့တွေးမိစပြုလာတာပါ။

    “စားလည်းစား၊ ကုန်လဲမကုန်စေနဲ့” တဲ့လေ။

    အရင်ကတော့၊စိတ်ထဲမှာ မကုန်အောင်ဘယ်လိုစားရမလဲ၊ ကြံကြံဖန်ဖန်ပြောတတ်လိုက်တာပေါ့။ ဒါကကျမရဲ့ပေါ့တီး ပေါ့ဆ အတွေးပါ။ ခုမှ အမှန်ကိုစဥ်းစားမိတာပါ။ ငယ်တုန်းကတော့ စားလဲစားနိုင်ကြတဲ့အရွယ်တွေမို့၊ချက်လိုက်ရင်လဲ အတိုင်းအဆမရှိ၊ မစားနိုင်တော့ဘူးဆိုရင်လဲ နှမျောရမှန်းမသိ သွန်ပစ်လိုက်တာပက်ခနဲ။ နှမျောရမယ်ဆိုတာများခေါင်းထဲမှာကိုမရှိတာ။ ကျမ တို့ငယ်ငယ်က အိမ်မှာ ချက်ပေးတဲ့သူတွေကလဲ၊ သူတမျိုး၊ ငါတမျိုးဆိုတော့ ပိုဆိုးသေးတယ်။ တစ်ဦးထဲသတ်သတ်မှတ်မှတ် ချက်ကြရရင်တော့လဲ စည်းကမ်းလေးနဲ့ဖြစ်မှာပေါ့လေ။

    ခုလို ရှားပါးတဲ့ကာလလဲဖြစ်၊ ကိုယ်တိုင်လဲ မီးဖိုချောင်ဝင်မှသာ အမေ့စကားကို ကောင်းကောင်းနားလည်လာမိတာ။ စျေးဝယ် ရတဲ့သူကလဲ သူ့ခမြာ စုံစုံစေ့စေ့လဲပါအောင်၊ အကုန်အကျလဲမများရအောင် အတော်စဥ်းစားပြီးဝယ်ရရှာတာပါ။ ခုအချိန်မှာက တော့ ညီမငယ်နဲ့ကလေးတွေကလဲ အိမ်မှာမနေကြတော့ဘဲ သူတို့အိမ်လေးနဲ့သူတို့နေကြတာမို့၊ ညီအစ်မနှစ်ယောက် စာဘဲ ချက်ရတော့တာ။ တခါတလေ ဟင်းလဲကျန်၊ ထ္မင်းလဲကျန်ပေါ့။ အရင်ကတော့ ကျန်တဲ့ဟင်းနဲ့ထ္မင်းက နောက်နေ့မနက် ရောက်ရင်ပြန်မစားချင်တော့တာမို့ လွှင့်ပစ်တဲ့ဆီရောက်သွားတော့တာပါဘဲ။ အဲ့ဒီတော့ စားတာနဲ့ကုန်တာဆို၊ ကုန်တာက များပါလားလို့ သိလိုက်မိတာပါ။

    ခုတော့ ညနေစာစားပြီးတာနဲ့ဟင်းဘဲကျန်ကျန်၊ထမင်းဘဲကျန်ကျန်၊ရေခဲသေတ္တာထဲကို ဘူးလေးတွေနဲ့ထည့်သိမ်းတော့တာပါဘဲ။ နှမျောတတ်လာတာလေ။

    စားလို့ကုန်သွားမှာကို(လုံးဝ) မနှမျောပါဘူးနော်။ ပစ်လိုက်ရမှာကိုနှမျောတာပါ။

    ဥပမာ။ ကြက်သားဟင်းလေးကျန်တာဆိုရင်တော့ မနက်ကြရင် ဗူးသီးလေးနဲ့ဖြစ်ဖြစ်၊ အာလူးလေးနဲ့ဖြစ်ဖြစ် ရောချက်လိုက် တော့လဲ အဆင်ပြေသွားပြီး၊ ဟင်းလေးတစ်ခွက်ဖြစ်သွားရတာပါဘဲ။ (“စားလဲစား၊ ကုန်လဲမကုန်စေနဲ့”ဆိုတာ လွှင့်မပစ်ရစေနဲ့လို့ ပြောတာပါ။) မနက်ကို ဟင်းအသစ်တစ်ခွက်ကတော့ ထပ်ချက်ရတာပါဘဲ။ ဆွမ်းတော်အတွက်ဆွမ်းလောင်းဖို့အတွက်က အရေးကြီးတာလေ။

    မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုတာမျိုးတော့အဖြစ်မခံနိုင်ပါဘူး။

    ထမင်းကြမ်းကို ရေခဲသေတ္တာထဲထည့်ထားပြီး၊ နောက်နေ့ကြရင် ထ္မင်းကြော်စား လို့အသိပညာပေးတဲ့ သူငယ်ချင်း ကိုဝင်းမောင် (ရွှေမန်း ဦးဝင်းမောင်) ကို တကယ်ကျေးဇူးတင်ရတာ။ အရင်ကဆို အမြဲလိုလို ထ္မင်းကျန်တာဆိုရင်တော့သွန်ပစ်ရတာ။ အလေ အလွင့်ပေါ့လေ။ ခုတော့ဟင်းကျန်လေးတွေကို နောက်နေ့တွေလဲပြန်မချက်ဖြစ်လို့ကတော့ “ဟင်းပေါင်း” တစ်ခွက်ဖြစ်သွား တော့တာပါဘဲ။

    စားပြီး မကုန်တာလေ။

    တကယ်တော့ ကျမရဲ့အမေ ပညာရှိကဝိဆိုချင်တာက၊ အစားတွေတနင့်တပိုးစားကြပြီး၊လူကောင်ကသာကြီးလာတယ်၊ ဦးဏှောက်ဥာဏ် မဖွံ့ဖြိုးလာဘူးဆိုရင်တော့ “စားပြီးကုန်ယုံဘဲရှိတယ်” လို့ပါ။ ဥာဏ်ရည်ဖွံံ့ဖြိုးပြီး၊ မှန်ကန်သောအတွေးအခေါ်နဲ့ ဆင်ခြင်တတ်မယ်ကြဆိုရင်တော့ စားလို့လဲမကုန်ဘဲ ကောင်းကျိုးသာအပြည့်အဝရကြမှာပါ။ ကျွေးရတဲ့သူလဲအကျိုးရှိ၊ စားရသူလဲ အကျိုးရှိစေတာပေါ့လေ။

    ဒါကြောင့် – အိမ်ထောင်ရှင်မတွေ သိကြပါစေ။ ချွေတာတတ်ကြပါစေမကုန်အောင် စားတတ်ကြပါစေ။

    နောက်ပြီးဟင်းချက်ပြီးတာနဲ့ ဦးဦးဖျားဖျား”သီးသန့်တစ်ခွက်”ခူးခပ်ထားတဲ့အကျင့်လေးလဲ လုပ်တတ်ကြရမှာ။ သူများကိုပေးချင် ရင်လဲ ကိုယ်စားပြီးလို့ကျန်တာမဖြစ်ဘဲ၊ ကောင်းကောင်းမွန်မွန် အဦးအဖျားပေးရတော့ “ကုသိုလ်”ရပါတယ်။

    စိတ်စေနာမှန်ရင် ကံကောင်းပါတယ်။ ကံံကောင်းစွာဖြင့် ဘေးမသန်းဘဲအေးချမ်းကြစေချင်လွန်းလှပါတယ်။ ကျန်းမာချမ်း သာ ပျော်ရွှင်ကြပါစေ။

  • ဆန္ဒ

    ဆန္ဒ

    ဒေါ်မိအောင် Daw Mi Aung

    ဖြစ်ချင်၊လုပ်ချင်တာနှင့် ဖြစ်သင့်၊လုပ်သင့်တာဆိုတာမျိုးမှာ ဘယ်တစ်ခုကိုဦးစားပေးပြီးလုပ်မိကြပါလိမ့်။ စိတ်အလိုလိုက် ထင်တိုင်းကြဲတတ်သူအဖို့တော့ဖြစ်ချင်ရာဖြစ်ပါစေ၊ လုပ်ချင်တာလုပ်ပြစ်တတ်ကြမှာပါ။ တဒင်္ဂတော့ အတော်စိတ်ချမ်း သာကြ ရမယ်ထင်ပါတယ်။

    မနေ့က မီးဖိုချောင်လေးကို ပြန်ပြုပြင်ရပါတယ်။ လုပ်ချင်တာလေးကတော့ အားလုံးကိုဖြိုချပြီး အသစ်ပြန်လုပ်ချင်မိတာပေါ့။ ဒါပေမဲ့လဲ ခုလိုကာလကြီးမှာ လုပ်သင့်တာကိုဘဲစဥ်းစားပြီး၊ ပြင်ပေးမည့်သူလဲရှိတုန်း ပြင်လိုက်တော့လဲ၊ ပေါက်နေပြဲနေတာ ထက်စာရင်တော့ အသစ်ကလေးရပါလားလို့တွေးလိုက်ရပါတယ်။ ပြင်ပေးတဲ့အိမ်ရှေ့အိမ်ကလက်သမား ဆရာကြီးကိုလဲ ကျေးဇူးတင်ရပါတယ်။ နှစ်ပိသာဝင်တဲ့ဂက်(စ)မီးဖိုကို ကြမ်းမှာချပြီးချက်ရတာမို့၊ အသက်လေးရလာတော့ ဟင်းအိုးမွှေရတာ ကုန်းကုန်းကွကွနဲ့ဖြစ်နေတော့ ခါးကနာတတ်လာပြီလေ။ မီးဖိုတင်ဖို့ ကျောက်ခုံလေးလုပ်ဖို့၊ အိမ်မှာရှိတဲ့ဘိလပ်မြေ၊ အုတ်လေးနဲ့ လက်ကျန်သဲလေးအပြင် သဲအိတ်လေးနှစ်အိတ်နဲ့ ဘိလပ်မြေလေးနှစ်ပိသာထပ်ဝယ်ပြီး၊ အကုန်အကျသက်သာရအောင် ဖြစ်အောင်လုပ်ပေးရှာတာ။ကြမ်းခင်းအက်နေတာကိုလဲဖါထေးပေးရှာတာ။ မီးဖိုခုံလေးကလှနေတော့ စိတ်ချမ်းသာလိုက်တာ။ လက်လုပ်လက်စား ဘဝတူခြင်း “ကိုယ်ချင်းစာတတ်တဲ့စိတ်လေး” ကို ထွင်းဖေါက်မြင်မိခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် သန့်ရှင်း အောင်လုပ်၊ ဟိုဘက်ကပစ္စည်းဒီဖက်ရွှေ့နဲ့ ပြင်ဆင်လိုက်တော့လဲ ဟန်ကိုကျလို့။ ဒီမနက်တော့ လှမ်းပြောရှာသေးတာ။ “ဆရာမရေ၊ အလုပ်လုပ်ဖို့လာခေါ်ပြန်ပြီ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာမှန်လိုက်တာ” တဲ့လေ။ ဟုတ်ပါတယ်။

    မနေ့က ညနေ၅နာရီလောက်မှရေချိုးရတော့ ဖျားနာမှာလဲကြောက်ရသေးတာ။ လုပ်ချင်တာကိုစိတ်အလိုလိုက် ပြီးလုပ်လိုက် မိတော့၊ စိတ်ဒုက္ခလေးတော့ ခံစားလိုက်ရတာပေါ့လေ။ တကယ့်သင်ခန်းစာစစ်စစ်ပါဘဲ။ (ဆန္ဒကိုဦးစားပေးမိတဲ့”သောက”ပါ။)

    အလုပ်တွေပြီးသွားသလားဆိုတော့လဲ တချို့ကျန်နေတဲ့အလုပ် တန်းလန်းတွေကို မိုးချုပ်တဲ့အထိလုပ်ရတာများ တတောက် တောက်နဲ့မနားရပါဘူး။ (အလုပ်ဆိုတာတော့ ဘယ်အခါမှပြီးသွားတယ်ဆိုတာမရှိပါဘူး။ အသက်ရှင်နေသရွေ့ပေါ့။ အမေပြောတဲ့ အလုပ်ကို”လောဘတကြီး” မလုပ်ပါနဲ့ဆိုတာလေးပြန်သတိရမိပါတယ်။) “လောဘ ” ဆိုတာဘယ်နေရာမှမကောင်းပါလား။

    ဒီလိုပါဘဲ ဘာအလုပ်မဆို စဥ်းစားချင့်ချိန်ပြီးသာ လုပ်တတ်ကြမည်ဆိုရင်၊ ဆုံးဖြတ်ချက်မှားခဲ့ရင်တောင်မှ အမှားသက်သာ ကြ မှာပါ။ အမှားဆိုတာလဲ ပြင်လို့ရတာရှိသလို၊ ပြင်လို့မရတော့တဲ့အမှားမျိုးတွေလဲရှိတတ်တာမို့၊ စပြီးအလုပ်လုပ်တော့မည်ဆို ကထဲက၊ လုပ်သင့်ရဲ့လား၊မလုပ်သင့်ဘူးလား ဆိုတာကိုချင့်ချိန်သင့်ကြပါတယ်။

    ကျမတို့ငယ်ငယ်က သတ်ပုံရေးကြရင်ဖြစ်ဖြစ်၊ သင်္ချာတွက်ကြရင်ဖြစ်ဖြစ် ဆရာမဆီကိုစာအုပ်မထပ်ခင်အထိ ခဲဖျက်လေး နဲ့ပြန် ပြင်ခွင့်ရှိကြပေမဲ့၊ စာအုပ်က ဆရာမလက်ထဲရောက်သွားပြီးရင်တော့ မှားရင်ကြက်ချေခတ်ပစ်လိုက်မှာပါ။ စာအုပ်ပြန်ရလို့ အမှားပြင်ဆင်ခြင်း (Correction) ဆိုပြီး၊ ဘယ်နှစ်ခေါက်ဘဲပြင်ပြင်၊ ” မှားခဲ့တယ်” ဆိုတာကတော့ ပြင်လို့ မရပါဘူး။ ကျမရဲ့ အမြင်နဲ့အတွေးမို့ မှားခဲ့ရင်တော့လည်း ကျမပြောပြီး ၊ရေးပြီးသားဖြစ်ခဲ့ပြီမို့ ပြန်ပြင်လို့မရတော့ပါဘူး။ တောင်းပန်ရုံကလွဲ လို့မ တတ်နိုင်တော့တဲ့ကိစ္စမျိုးဖြစ်သွားပါပြီ။

    ဘဝမှာ မမှားဘူးတဲ့လူတော့ လုံးဝရှိမယ်မထင်မိပါဘူး။ ပြင်လို့ရတဲ့အမှားကိုပြုခဲ့သူနဲ့၊ လုံးဝပြင်လို့မရတော့တဲ့အမှား ကိုပြု ခဲ့ကြသူဘဲကွာမှာပါ။ စိတ်အလိုလိုက်ပြီး ချင့်ချိန်မှုမရှိကြရင်တော့ အမှားနဲ့ဘဲ မိတ်ဆွေဖြစ်ကြတော့မှာ။

    ပြန်ပြင်လို့မရတော့တဲ့ အမှားမျိုး ပြုခဲ့မိတတ်သူဆိုတာမျိုးကလဲ မှားပြီးရင်းမှားရင်းနဲ့၊ မထူးတော့တဲ့ဇာတ်ခင်းရင်း၊ အမှားကို ဖုံးဖိဖို့ကြိုးစားရင်းနဲ့ ဆက်တိုက်ဆိုသလို မှားကုန်တတ်ကြတာမို့၊ မှားသူရဲ့စာအုပ်ထဲမှာ”မှင်နီတစ်သောင်းမက” ဖြစ်တော့မှာ ဧကန်ပါဘဲ။

    တွေးလေကြောက်စရာကောင်းလေမို့၊ အမှားကိုရှောင်ရင်း နေရထိုင်ရတာတော့ အနေကြပ်ချင်တော့လဲကြပ်ကြမှာပေါ့။ ဒါပေမဲ့ အမှားကင်းရင်တော့ စိတ်ထဲမှာအနေချောင်ပြီး၊ပေါ့ပါးလန်းဆန်းကြမှာ မလွဲပါဘူး။ စိတ်ကြည်ရင် ရုပ်ကြည်သလို နေလို့လဲကောင်း ပါတယ်။

    တခါက ရီးစားလေးထားမိတာ ရင်ဖွင့်ချင်လို့ သူငယ်ချင်းကို ပြောပြမိတဲ့အမှားမျိုးလိုပေါ့။ တစ်သက်စာ မှတ်လောက်စရာ ဖြစ် သွားခဲ့တော့တာပါဘဲ။ ခဲဖျက်ရော၊ Correction Pen ရော မကယ်နိုင် ဖြစ်ရတာ ဆိုတာမျိုးလိုပေါ့။ (စိတ်ထဲမှာလဲ မှားမိလေ ခြင်းဆိုတဲ့ “နောင်တ” က သေတဲ့အထိသတိရနေမှာမို့။ သေခါနီးအထိစွဲနေမိမှာစိုးရိမ်တဲ့စိတ်ကလည်း အလွန်ကြောက် စရာ ကောင်းလှပါတယ်။)

    ဒါကြောင့် – လုပ်ချင်ကြတာထက်၊ လုပ်သင့်တာကိုလုပ်တတ်ကြပါစေ။ အမှားကင်းကြပါစေစိတ်ဆန္ဒကို ဦးစားပေးခြင်း မှကင်း ကြပါစေ။ လို့ စေတနာစကားလေးပါးပါရစေ။

  • အကြောင်းကံ

    အကြောင်းကံ

    ဒေါ်မိအောင် Daw Mi Aung

    အသက်ကြီးလာကြတဲ့သူတွေ အမြဲလိုအပ်တာကတော့ သူတို့ကို “ဖေးမကူညီ” ပေးမည့်သူများပါ။ ဖေးမပေးတဲ့သူမရှိတော့လဲ၊ သူ့ကံအလျှောက်နေထိုင်လို့ဖြစ်သွားကြတာတွေလဲ ဒုနဲ့ဒေးပါဘဲ။ “ငါ့ကိုကူကြပါ” လို့ဘယ်သူ့ကိုသွားပြောလို့ရမှာပါလဲ။

    ဒီလိုပြုစုမည့်သူမရှိတဲ့လူမျိုးတွေများမြင်တွေ့လို့ကတော့၊ ကိုယ်တွေလိုအိမ်ထောင်မပြုတဲ့လူမျိုးတွေကို လူတွေပြောတတ်တာက၊ “အစကထဲက အိမ်ထောင်ပြုပါဆို၊ ကိုယ့်သားသ္မီးကမှကိုယ့်ကိုပြုစုမှာ” ဆိုတာမျိုးတွေ အမြဲကြားနေရတာပါ။

    မှန်ပါတယ်။ “အိပ်ယာကျောကပ်” ဖြစ်ပြီးမကျန်းမာတဲ့အခါမျိုးမှာ ကိုယ့်သားသ္မီးကသာ အစစအရာရာ ပြုစုကြတာပါ။ သားသ္မီးမရှိတဲ့ကိုယ်လိုလူမျိုးတွေကတော့၊ “ဝေဒနာမခံစားပါရစေနဲ့၊ သူများကိုဒုက္ခမပေးရပါစေနဲ့” လို့ ဆုတောင်းယုံမှ တပါး အခြားမရှိပါဘူး။ ဆုတောင်းတိုင်းသာပြည့်ကြမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ ကိုယ်ပြုခဲ့ဘူးတဲ့ကံအတိုင်းဘဲ ကိုယ်ခံစားရမှာတော့ အသေအချာပါလို့တွေးမိပါတယ်။ *”ကြောက်သလား” လို့မေးရင် ၊တကယ်ကြောက်မိပါတယ်။ ဒါပေမဲ့ မကြောက်ပါဘူး။ “ကံ”အတိုင်းဘဲပေါ့လေ။

    မိမိမျက်စေ့ရှေ့မှာတွေ့မြင်နေရတာတွေက ပိုလို့တောင်ကြောက်စရာကောင်းပါသေးတယ်။ ငွေကြေးလဲပြည့်စုံကြပါတယ်။ သားသ္မီးတွေလဲရှိကြပါတယ်။ ဒါပေမဲ့ မိဘကိုပြန်မကြည့်နိုင်ကြပါဘူး။ (ကိုယ့်သားသ္မီးမှ ကိုယ့်ကိုပြန်ကြည့်မှာဆို – -?) တချို့ကြတော့လဲ သားသ္မီးတွေက ဟိုးအဝေးမှာဆိုတော့ ဘယ်လိုပြန်ကြည့်နိုင်ပါ့မလဲ။ ငွေဘယ်လောက်လိုလို ပို့ပေးမယ်၊ လူတော့မလာနိုင်ဘူးဆိုတာမျိုးလဲရှိကြသေးတော့။ များသောအားဖြင့် ပြောတတ်ကြတာက “မိဘဆိုတာ သားသ္မီးရဲ့ မေတ္တာ နဲ့ပြုစုတာကိုလိုချင်ကြတာ” တဲ့။ သားသ္မီးတွေကလဲ မိဘကိုချစ်ပါရဲ့၊ မေတ္တာလဲပေးချင်ကြပါရက်ကယ်နဲ့၊ မတတ် သာလွန်းလို့ မိဘနားမနေနိုင်ကြတာလဲဖြစ်ကောင်းဖြစ်မှာပါ။ *ဘာလုပ်ကြမလဲ။တွေးစရာတွေ – –

    တချို့လဲသားထောက်သ္မီးခံမရှိကြပါဘူး။ပြုစုမည့်သူဝိုင်းဝိုင်းလည်လို့။ ကံကောင်းလိုက်တာလို့ပြောရမလိုပါဘဲ။

    တခါ သားဆိုး၊သ္မီးဆိုးနဲ့ဆုံတွေ့ကြရတဲ့မိဘမျိုးကြတော့လဲ ဒုက္ခတွေပင်လယ်ဝေလို့။ အတော်သနားစရာကောင်းကြရှာတာ။ ဒီလိုသားသ္မီးမျိုးနဲ့ဆုံရလို့ကတော့၊ မိဘမှာ အကုသိုလ်တွေဖြစ်ပြီး၊ အပါယ်ကျမည့်ကိန်းပါဘဲ။ ဘယ်မိဘမှ ကိုယ့်သားသ္မီး ကို မပစ်ရက်ကြပါဘူး။ “တောင်းစုတ်ပလုံးစုတ်သာပစ်ရိုးထုံးစံရှိပြီး၊ သားသ္မီးဆိုးကိုပစ်ရိုးထုံးစံမှမရှိတာ။”

    ကျမ ငယ်ငယ်တုန်းက မိသားစုတစ်စုတွေ့ခဲ့ဘူးတာ။ အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်မှာ သားသ္မီးတွေအတော် များများကိုမွေးထားတာ။ ကလေးတွေငယ်စဥ်တုန်းကတော့ ယောကျ်ားကမြင်းလှည်းမောင်းပြီး၊ မိန်းမကမုန့်ဟင်း ခါးလေး ရောင်းရတာတဲ့။ သားသ္မီးတွေအရွယ်ရောက်လာတဲ့အခါကြတော့ အဖိုးကြီးအဖွားကြီးလင်မယားက အိမ်ဦးခန်းမှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အကျအနနေကြရတာပါ။ သိပ်ကိုကံကောင်းကြတယ်လို့ဆိုရမှာပေါ့။

    အမေပြောတာသိပ်မှန်တာပါဘဲ။ “အိမ်တစ်အိမ်မှာ သားသ္မီးတွေ အရွယ်ရောက်လာကြလို့မှ တိုးတက်မလာရင် တစ်သက်လုံး မတိုးတက်တော့ဘူး” တဲ့လေ။ ခုချိန်အထိ ကျမမြင်ဘူးခဲ့သမျှ မိသားစုတွေထဲမှာတော့၊ စံထားထိုက်တာမို့ တကယ်အားကျ ခဲ့မိတာပါ။ သူတို့တွေ အားလုံးပညာမတတ်ကြပါဘူး။ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်မှာ သူ့အဆင့်အတန်းနဲ့သူ လူချင်းတူတူ သူချင်း မျှမျှနေနိုင်သွားခဲ့ကြတာပါ။

    လူရဲ့”အသိနဲ့စိတ်ကောင်းရှိဖို့” ဆိုတာ ပညာတတ်တာ၊ မတတ်တာနဲ့မဆိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး မေတ္တာ စေတနာ သာအရေး ကြီးတာပါ။ စေတနာကောင်းရင်ကံကောင်းကြမှာမလွဲပါဘူး။

    သားသ္မီး၊ ညီအစ်ကိုမောင်နှမဆိုတာ ကိုယ်ရွေးချယ်ပိုင်ခွင့်မှမရှိတာဘဲ။ ကောင်းရင်စံ၊ မကောင်းရင်ခံကြရမှာဓမ္မတာမို့၊ ကြုံတွေ့ ရသမျှဟာ ကိုယ်ဖန်လာတဲ့ အကြောင်းကံတွေချည်းဘဲလို့သာမှတ်ရတော့မှာပါ။

    ဘဝမှာ ကောင်းကံကိုပျော်ရွှင်ရယ်မောပြီးရင်ဆိုင်နိုင်ကြသလို၊ ဆိုးကံကိုလည်း ကြန့်ကြန့်ခံနိုင်ကြပါစေ။ မေတ္တာဆိုတာအသွားအပြန်ရှိသမို့၊ ကိုယ့်ဖက်က အဆိုးမဖက် မေတ္တာပွါးနိုင်ကြပါစေ။ သူ့ဖက်က၊ သူ့သဘောသူဆောင်ပါလိမ့်မယ်။ အကြောင်းတရားတွေမို့

  • သဲသဲလှုပ် ဆုတောင်း

    သဲသဲလှုပ် ဆုတောင်း

    ဒေါ်မိအောင် Daw Mi Aung

    အောက်ဖက်ကရှေ့သွားလေးရဲ့အောက်ခြေမှာအဖုလေးဖြစ်နေခဲ့တာ အတော်ကြာပါပြီ။ အဲ့ဒီအဖုလေးရဲ့အပေါ်ဖက်ကသွားလေးက လှုပ်နေတော့၊ မနေနိုင်မထိုင်နိုင်အမြဲတန်း လျှာနဲ့ထိုးနေတတ်တာ။ အဲ့ဒီလျှာကလဲ အငြိမ်မနေနိုင်ဘဲ သူငယ်ချင်းဆရာဝန်မနဲ့ ဆရာဝန်ကတော်တို့ကိုပြောမိပြန်တော့၊ သူတို့ကသဲသဲလှုပ်။ လူမှာ ပိုနေတာဆို ဘာမှမကောင်းဘူးဆိုဘဲ။ ဆရာဝန်ပြမှဖြစ်မယ်ပေါ့။ ကင်ဆာဖြစ်တတ်တယ်တဲ့။

    လှည်းတန်းကိုမနက်စောစောချိန်းကြပြန်ပါရော။ ဟားဟား၊ သူတို့ပြပေးမယ်ဆိုတဲ့ ဆေးခန်းက ဗုဒ္ဓဟူးနေ့မို့ပိတ်ပါတယ်။ ဆရာဝန်မကြီးက ရှည်ပြန်ပါလေရော။ လှည်းတန်းမှာရှိတဲ့ အခြား “သွားဆေးခန်း” ပြမယ်ဆိုတော့၊ သူတို့ရဲ့”လူမမာကျမ” ကလိုက်ရတာပေါ့။” ဆရာဝန်မရောက်သေးပါဘူး၊ ဒဂုံကနေ လာနေပါပြီ” ဆိုတော့၊ “နောက်မှပြကြတာပေါ့” လို့ဆိုလိုက်ရတယ်။

    သုံးယောက်လုံးကခြေမှာ”ဗွေ”ပါသူတွေဆိုတော့လှည်းတန်းစင်တာမှာ ကော်ဖီသောက်၊ နောက်သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီးလှမ်းခေါ်နဲ့ တစ်နာရီလောက်အတွင်းကို ရှုပ်ရှက်ခတ်ပစ်လိုက်ကြတာ။ မယ်မငြင်း ကလဲ အချိန်မီရောက်အောင်လာရှာပါတယ်။ ဒါပေမဲ့ သူ့မြေးမကိုကြိုဖို့တော့ ကျောင်းမဆင်းခင်ပြန်ပို့ပေးရမည့် ဂတိကလဲထားရသေးတာ။ အဲ့ဒါဒေါ်နုနုပေါ့။ (မှတ်ချက်။ ။ရွှေနုက သူ့သားသ္မီးနဲ့မြေးအတွက်အလွန်တာဝန်ကျေတဲ့သူမို့၊ လေးစားရပါတယ်။ကျမရဲ့ အမေ လိုဘဲ “အာဂ”မိခင်ပါ။) **ကဲ၊ ဘာလုပ်ကြမလဲ??

    ခေါင်သူကြီးဆရာဝန်မက ဘုရားကိုဆိုတော့ ကားမောင်းပို့တဲ့ဆရာဝန်ကတော်သူငယ်ချင်းက “အို ကေ” ပေါ့။

    ရှေလိုက်ကြတာများ၊ ဘုရားဖူးပြီး မပြန်ဖြစ်သေးဘူး၊ ဆံပင်ပြင်ဆိုင်ကိုဝင်ကြပြန်တော့ ဆရာဝန်မ ဒေါ်စိန်ရည်နဲ့ ဆရာဝန်ကြီးကတော်ဒေါ်လှလှမြင့်တို့က ဆံပင်ဆေးဆိုးကြ ဆံပင်ပြင်ကြပေါ့။ ကျမ နဲ့ နုနု က ခေါင်းလျှော်ပေါ့။ “သွား”အောက်က”အဖု” ကိုပြဖို့သွားကြတာလေ။”အဖုကိစ္စ” မေ့ကြပြီး “ဗြူတီပါလာ”မှာ အပြတ်ရှိုင်းနေကြတာ။ပြီးတော့ အစားကိုတက်သုတ်ရိုက်စားပြီး၊ကလေးကျောင်းကြိုဖို့အမှီပြန်ပြေးကြရတာ၊ အလှပြင်ဆိုင်မှာ တယ်လီဖုန်းက မေ့ကျန်ခဲ့လို့လဲပြန်ပြေးယူရသေး။ * ပြန်ကြလို့မှ ကျမအိမ်ကိုရောက်ခါရှိသေးတယ်၊ မစိန်ရည်ကဖုန်းဆက်ပြီး၊ “နင်က ‘သွား’ကိုမပြချင်တာလား၊ဘာညာနဲ့ ရန်လုပ်ပါလေရော။” သူ့အကျင့်ကအမြဲအဲ့ဒီလိုဘဲ။သူငယ်ချင်းတွေကိုမချစ်တာလဲမဟုတ်ဘူး။ ဂျီကျ ဂျစ်ကျလိုက်ရမှ နေလို့ထိုင်လို့ကောင်းတတ်တဲ့လူမျိုး။ * နောက်တော့လဲသူမဟုတ်သလိုပါဘဲ။ ကျမကလဲ ဂျစ်ကန်ကန်မို့၊ “ဆေးခန်းကို ငါ့ဖါသာသွားမယ်၊ နင်တို့မလာခဲ့နဲ့လို့” ပြန် ဂျစ်လိုက်တာပေါ့။

    နောက်တရက် လမ်းပေါက်တစ်ခုရသွားပြန်တာမို့ လမ်းကြိုက်မမများ အိမ်ပြင်ထွက်ခွင့်ရသွားကြပါတယ်။ ဆေးခန်းကို အစောဆုံးရောက်အောင်သွားမယ်ဆိုပြီး ချိန်းကြပြန်တော့၊ ကျမကလှည်းတန်းက” နိုင် ထားဝယ်” ဆေးခန်းကို မနက်၈နာရီအရောက်သွားရပြန်ပါရော။ နုနုနဲ့လှလှမြင့်တို့ကလဲ ရောက်လာကြပါတယ်။ မမဂျစ်လဲလိုက်လာတာပေါ့။ဘယ်နေနိုင်လိမ့်မလဲ။ သူက လှလှမြင့်ကို “you ဝင်လိုက်သွားပါဦးလို့” ပူပန်စွာနဲ့ပြောနေတာ။ ဆရာဦးဝင်းနိုင်က ဘာမှမဖြစ်ပါဘူးဆိုပြီး ၊အဖုလေးကိုဖေါက်၊ သွားကလှုပ်လို့ရှည်နေတာလေးကို ကျောက်စက်နဲ့စား ပေးလိုက်ရုံလေးပါဘဲ။

    အစောကြီးပြီးသွားတော့ အိမ်မပြန်ကြသေးဘဲ၊ရန်ကုန်မြို့ထဲက စျေးဆိုင်တွေကို ဝယ်ဝယ်၊မဝယ်ဝယ် လျှောက်ကြည့်၊ မောသွားတော့စားကြသောက်ကြနဲ့ တနေကုန်ပေါ့။ လည်ပတ်ပြီးကာမှ လှလှမြင့်က ဆေးဝယ်ရဦးမယ်ဆိုတော့ အင်းစိန်လမ်းမပေါ်၊ဘူတာရုံလမ်းထိပ်က ဆေးဆိုင်မှာ ကားရပ်ပြီး၊ ဆေး ဝင်ဝယ်ရရှာတာ။ ကားသော့ဖြုတ်မသွားနဲ့သူငယ်ချင်းလို့လဲကျမတို့သုံးယောက်ကပြောလိုက်သေးတာ။ မကြာပါဘူး၊ ကားတွေကိုဖမ်းတဲ့ ကရိန်းကားကြီးက တစ်ဖက်ခြမ်းကနေ ကျမတို့ကားရပ်တဲ့ဖက်အခြမ်းကို လာနေတာ။ သူတို့ကိုမြင်မြင်ချင်းဘဲ အိမ်ရှေ့မှာ ကြက်မွှေးလေးကိုင်ပြီး၊ သူ့အလုပ်သူလုပ်နေတဲ့လူကို ကျမတို့က ကားပေါ်အတင်းတက်ခိုင်းပြီး မောင်းခိုင်းရတာ၊ ဒီလူလဲ “ဘုမသိ ဘမသိ” နဲ့ ကားစက်နှိုးပြီးထွက်ရတာပေါ့။

    ကားဖမ်းတဲ့လူတွေလာ​နေပြီဆိုပြီး၊ ဆေးဝယ်နေတဲ့လှလှမြင့်ကို ပြေးခေါ်တဲ့မစိန်ရည်နဲ့ နှစ်ယောက်သားထွက်လာတော့ ကားကမရှိ။သူတို့နှစ်ယောက်အတော်လန့်သွားတာပေါ့။ ရွှေနုနဲ့ကျမက ကားမှမမောင်းတတ်တာလေ။ ရွှေနုက နောက်လှည့်ကြည့်ပြီး သူတို့ထွက်လာတာလဲမြင်ရော ၊ ကားကိုအတင်းနောက်ပြန်ဆုတ်ခိုင်းတာ။ မောင်းပေးတဲ့လူကလဲ ကျမတို့ပြောတဲ့အတိုင်းမောင်းပေးရှာပြီး၊ သူတို့နှစ်ယောက်ကိုတွေ့မှ ကားပေါ်ကဆင်းသွားတာ။ ကျေးဇူးတင်ပါတယ် အကြိမ်ကြိမ်ပြောရင်း ကားပြန်မောင်းလာလိုက်တာ၊ ဟိုလူရဲ့ ကြက်မွှေးပါလာလို့ ပြန်လှည့်ပေးရပါသေးတယ်။

    မကြီးမငယ်နဲ့ လေးယောက်ပေါင်း ပြီးအလွန် “ကဲ” ကြသူများပါ။ တော်သေးတာက “လူလယ်” မဟုတ်ဘဲ ရိုးသားသူမို့သာ။ နို့မို့ဆိုရင် “အသက်၇၀နားနီးနေတဲ့မိန်းမနှစ်ယောက် ကားတင်ပြေးခံရခြင်း” ဆိုပြီး၊သတင်းစာထဲပါလာမှဖြင့်ခက်ရချည့်ရဲ့။ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ပျော်တတ်ကြတာမို့ နားလည်ကြမှာပါ။ လေးယောက်သားတွေ့လိုက်လို့ကတော့ အသက်က (၇၀÷၄) ဖြစ်သွားကြတာ၊မလွန်ပါဘူး။အသက်ရှည်စွာအနာမဲ့ဖို့အရေး ပျော်အောင်နေကြခြင်းပါနော်။~လက်ဖက်ရည်ဆိုင်ဆိုလဲ ရှာဖွေပြီးထိုင်လိုက်ကြတာပါဘဲ။ ခုလို “ပါဆယ်”ဘဲရောင်းရင်တော့ ဒုက္ခ။ ဘယ်အိမ်က ဘယ်လိုကောင်းတာတွေကျွေးကျွေး၊ အပြင်ရောက်တာနဲ့လက်ဖက်ရည်ဆိုင်ရှာကြတဲ့ “ဂျပိုး”တွေပါ။

    ချစ်တဲ့မျက်စေ့နဲ့ကြည့်ရင်တော့ အပြစ်မဖြစ်ဘူးပေါ့။

    ကျမရဲ့”သွား”လေးကတော့ အိမ်မှာနေရင်းကျွတ်ထွက်သွားရရှာပါတယ်။သွေးတောင်မထွက်ဘူး။ သူငယ်ချင်းတွေ စိတ်ပူပေးကြတဲ့မေတ္တာကြောင့်ထင်ပါရဲ့။ ခုတော့ ရှေ့သွား ဟောင်းလောင်းလေးနဲ့။~ဟိုးအဝေးကြီးကနေပြောသေးတာ၊ “မိအောင်၊သွားပြန်စိုက်မှဖြစ်မှာနော်၊ကျန်တဲ့သွားတွေယိုင်ကုန်လိမ့်မယ်” တဲ့လေ။အဲ့ဒါ မစိန်ရည်ပေါ့။

    ” သွား” စိုက်ဖို့ ခုကထဲက လမ်းပေါက်ရှာထားကြတာ။

    ပြန်ဆုံချင်ပါပြီ။ မတွေ့ရတာလဲကြာလှပြီမို့။

    ဆုတွေတောင်းရင်း – – – – –

    သက်ရှည် နာကင်းဖို့ ဂရုစိုက်ကြရင်း – –

    ဆုံနိုင်ခွင့်လေးကိုမျှော်လင့်လျက်