Handwritten copy of Maung Swan Yi’s Poem

Maung Swan Yi









Saya U Moe Aung (Tekkatho Moe War) wrote a poem for U Wynn Htain Oo’s 71st birthday.

ခုနစ်ဆယ့်တစ်…တဲ့..
ညစ်သလား ပျော်သလား၊ ခွဲခြားခက်ခက်
ရည်ရွယ်ချက်တွေ ပြည့်ဝစေ…
နွေနွေမိုးမိုး၊ ဆောင်းခိုး မြူထ
ဘဝခရီးတစ်ထောက်၊ လျှောက်လေရာရာ ခိုင်မာတိပြတ်၊ မူဘောင်ခတ်ဆဲ..
နွမ်းဖပ် ယိမ်းထိုး၊ အရှုံးပေးရိုးထုံးစံ မရှိပြန်တဲ့
မာန်တင်း ဟန်ကင်း၊ ဘဝင်ရှင်း…
‘ဝင်းထိန်ဦး’ ဆိုသောလူတစ်ယောက်။ ။
(ကိုဝင်းထိန်ဦးအတွက် ၇၁ နှစ်မြောက်မွေးနေ့လက်ဆောင်ကဗျာနုပ်တစ်ပုဒ် ပါ)
တက္ကသိုလ် မိုးဝါ
၂၇. ၉. ၂၀၂၁
(နံနက် ၆ နာရီ)


ငှက်ဟာ သူ့ရဲ့”ယုံကြည်ချက်တောင်ပံ” သည်သာ
အားထားရာလို့ သိသလို..
ပြည်သူဟာ ငှက်
ငှက်ဟာပြည်သူ….ပါပဲ….။
” ငှက်နဲ့ သစ်ကိုင်း “
ပြည်သူဟာ ငှက်
ငှက်ဟာ ပြည်သူ…။
ပျံလေတဲ့ဝေးဝေး
အသွေးအသား၊ ဆူပွက်သွားပစေ..
ရေ မြေလွှာချုံ့၊ တုံ့ဆိုင်းသွားပစေ….
တွေဝေ မရှိ၊ တိခနဲ ပိုင်းဖြတ်
လှုပ်ခတ် နရီမှန်၊ ရင်ခုန်သံလို
တောင်ပံအစုံ ရှိနေသရွေ့။
နွေအပူရှိန်တက်…
အရွက်မဲ့ အမြင်ရိုင်း၊ သစ်ကိုင်းကျိုးမတတ်
ကြွပ်ဆတ်ဆတ်ပေါ်၊ ခိုရပ် အနားယူ
သောက ပူပင်၊ နာကျင်မရှိ
ငှက်တို့၏ဟန်၊ အားထားရန်…
တောင်ပံအစုံ ရှိနေသရွေ့။
သစ်ကိုင်း ကျိုးကျေ
အောက်မြေသို့ကျ၊ စိုးစဥ်းမျှ အစဥ်
မပူပင်လေသလား
ဖြန့်ကား တဖျပ်ဖျပ်၊ တောင်ပံခတ်၍..။
ဪ… ပြည်သူဟာ ငှက်
ငှက်ဟာပြည်သူ….။ ။
တက္က သို လ် မိုး ဝါ
၈ – ၃ -၂၀၂၀
(ညနေ ၆ နာရီ)


“အလှ”
မပြီးသေးတဲ့ ပန်းချီ
ဆက်မသိသေးတဲ့ သီချင်း
ရင်တွင်းပျောက်နေဆဲကဗျာ
နာကျင်နေဆဲ
ဝေဝါးဆဲမှာ
“ငယ်ရွာ” ကိုပြန်ပြေး
“ငယ်သွေး” ကိုပြန်တွေ့
“ငယ်ငွေ့” ကို ရှိုက်ရှူ
“ငယ်မူ” ပြန်တခဏ
ခေတ္တ အလှ မိန်းမောမိ။
ထာဝရ အလှ ဘယ်မှာရှိ။

“BEAUTY “
Unfinished painting
Suspended song writing
Poem, briefly disappeared from my heart
Still anguished
Still fuzzy
(Mind) wanders back to “childhood home”
Rediscover “old flame”
Breathe again “Childhood feeling”
“Act like young self” for a while
Immersed in transient beauty
Where does permanent beauty exist?
တက္ကသိုလ် မိုးဝါ Tekkatho Moe War

စာရေးဆရာ၊ ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ၊ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့် နှင့် အစောပိုင်း ရင်းနှီးသမှုသိပ်မရှိခဲ့၊ နောက်ပိုင်း တော့အတော် ခင်မင်ရင်းနှီးပြီး တစ်ဦးပေါ်တစ်ဦးလေးစားစွာ ဆက်ဆံခဲ့သည်။ ခု ရက်ပိုင်းတွင်သူ့ကိုမကြာခဏ သတိတရ ဖြစ်နေရာက သူ (အောင်ပြည့်) တာဝန်ခံအယ်ဒီတာလုပ်သည့်ကာလ၊ ၁၉၈၆ တစ်ဝိုက်ထုတ်သည့် ချယ်ရီမဂ္ဂဇင်းများ ပြန်ကြည့် မိတော့ မိမိကြိုက်နှစ်သက်ခဲ့သော ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ် ပုံနှင့် တကွ စာမျက်နှာအပြည့် ။ အင်း…..။ သတိရစရာ မမေ့နိုင်စရာ မှတ်တိုင်တွေကိုး….။ အောင်ပြည့် ကွယ်လွန်ခဲ့သည်မှာ နှစ်? ?? မမှတ်မိတော့… ”
ဝိုင်းကြီးပတ်…
” အဝတ်ဟောင်းနွမ်း ပုံပန်းမပေါ်၊
ကြေး အညှော်နဲ့ ထော်လော် ကန့်လန့်၊
ခြေဆန့် လက်ပစ် လှေကားထစ်အဆင်း၊ စင်္ကြံပေါ်မှာ…။
ဘုရားလမ်းဘူတာ၊ လူစည်ပါပေ့
တစ်ရွေ့ရွေ့လှုပ်ရှား၊ ဘယ်ကိုသွားမလဲ
သွားတော့သွား၏
မျက်စိမျက်နှာ၊ လူးလာ ဆန်ခတ်
ခါးပတ်မှာ တွယ်၊ နွယ်လိမ် သီတုပ်
ခွက်စုတ် ပလုံးစုတ်၊ ချိုးရုပ် မြင်းရုပ်
ဖိုးတုတ် အိုးပုတ်၊ ‘ရတနာ’ ထုပ်ကို
ဥစ္စာသူရူး၊ ဝမ်းတွင်း မြူးဖောက်
ပျောက်မှာစိုးသလေ့၊ ကျစ်ကျစ်ပွေ့လို့
တစ်ရွေ့ရွေ့လှုပ်ရှား၊ ဘယ်ကိုသွားမလဲ
သွားတော့သွား၏….။
အရူးမှာက…
အထမြောက်မြောက်၊ ခရီးပေါက်လျက်
ရည်ရွယ်ချက်ရှိသလား။
အရူးမှာက…
ဒိဋ္ဌ မကွာ၊ ရင်မှာ တွယ်ဖက်
ခံယူချက်ရှိသလား…။
ရှိ၏ မရှိ၏၊ ငါ မသိ….
ကြည့်လိုက်ပြန်တော့၊ တစ်ကျော့ ညနစ်
နေ့ အသစ်မှာ၊ ခြေပစ် လက်ပစ်
လှေကားထစ်အဆင်း၊ စင်္ကြံ ပေါ်မှာ
သူ ရောက်လာပြန်
ဗလာဆိုင်းတီး၊ လှိုင်းမစီးနဲ့
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ…။ ။
တက္က သို လ် မိုး ဝါ
၃၀ – ၁၁ – ၁၉၈၅
ချယ်ရီမဂ္ဂဇင်း ၁၉၈၆ ဇူလိုင်လ။

တက္ကသိုလ် မိုးဝါ Tekkatho Moe War
ဘယ်လောက်ပဲ အရေခွံလဲလဲ
ညှို့ဆွဲ ထောင်ချောက် မြွေဟောက်ဟာ
မြွေဟောက် အသေပေါက်မှာပဲ…။
ဘယ်လောက်ပဲ အရောင်ပြောင်းပြောင်း
ချောင်းမြောင်း အဟုတ်ထင်
ပုတ်သင်ဟာ ပုတ်သင်ပါပဲ…။
အသားမျိုဆို့ နွားနို့သောက်စား၊
ဆိုဖာကျားပေါ် ဖားလျား ဘယ်လောက်ပဲအိပ်အိပ်
တိတ်တိတ် အမြီးခါ…
ခွေးဟာခွေးပါပဲ။
ပခုံးနှစ်ဖက်ကြား ခေါင်းကား တစ်လုံး၊
ဆံခြည်ဖုံးလွှမ်း မတ်တတ်လမ်းသွား၊
သွေးသားနဲ့သူ
လူဟာ လူပါပဲလို့ ပြောဖို့ ခက်ခဲ….။
မြွေဟောက်ဟာ မြွေဟောက်
ပုတ်သင်ဟာ ပုတ်သင်
ခွေးဟာခွေးပေမဲ့….။
လူဟာလူဟုတ်မဟုတ်
သူ့ရဲ့လုပ်ရပ်
ဆုံးဖြတ်ကြိုးကိုင်သွားလိမ့်မယ်။ ။
တက္က သို လ် မိုး ဝါ
၁၅ – ၉ – ၁၉၈၇

တက္ကသိုလ် မိုးဝါ Tekkatho Moe War
လူဆိုတာလေ…..
မျှဝေတတ်တဲ့ သတ္တဝါ။
ရင်ထဲသိုထား၊ ခံစားရချက်
ထွက်သက် ဝင်သက်၊ ဒက်ခနဲဖမ်း
ဝမ်းသာဝမ်းနည်း၊ ဆီးပြီး ဖွင့်ဟ
ဝေမျှပေးတတ်တယ်…။
တစ်ခါတလေ….
နွေလို ပူပြင်း၊ ပြင်တလင်းမှာ
ခြေနင်းမပါ၊ ဝေပြာမျက်စိ
နုံးခွေချည့်လို့၊ နတ္ထိ ဗလာ
ခြေရာ ဦးပဲ့၊ ပန်းတိုင်မဲ့တဲ့
ယဲ့ယဲ့ သနစ်၊ သည်အဖြစ်ကို
လှစ်ဆို လွှင့်ကြဲ၊ မျှဝေခွဲရင်
ရင်ထဲပေါ့သွား သလိုလို။
တစ်ခါတလေ….
သစ်ရွက်ခြွေလောင်း၊ ချမ်းခိုက်ဆောင်းမှာ
အောင်းကွေး စောင်ခြုံ၊ ခိုလှုံပျော်ရ
ဘဝ မွေ့ရာ၊ ဆူးမပါတဲ့
ရွှေကြာပင် တင့်၊ ငွါးစွင့်အခြေ
ခွင့်လမ်းတွေနဲ့
စံနေ မြက်မြက်၊ ခံစားချက်ကို
မျှလျက် ကြည်နူးတတ်ပြန်တယ်။
သြော်…..
လူမှန်ရင်လေ…..
မျှဝေတတ်တဲ့ သတ္တဝါ….။ ။
တက္ကသိုလ် မိုးဝါ
၂၁-၁၁-၁၉၈၃