Category: Mi Aung

  • လမ်းကြိုက်တဲ့ အမေ

    လမ်းကြိုက်တဲ့ အမေ

    ဒေါ်မိအောင် Daw Mi Aung

    “သွားပါများခရီးရောက် – – – – မအိပ်မနေ အသက်ရှည် – – – -“ဆိုလို့ အမေကတော့ခရီးသွားတာ ဝါသနာပါလွန်းလို့၊အသက်၉၀ကျော်တဲ့အထိကိုအသက်ရှည်အနာမဲ့စွာဖြင့် ခရီးတွေ ထွက်ခဲ့ကြတာပါဘဲ။ ယ္ခုအထိ စိတ်မကောင်းဖြစ်နေမိတာကတော့ ဆရာတော်က ဗုဒ္ဓဂါယာထည့်လိုက်ဖို့ခေါ်စဥ်ကမထည့်လိုက်ရတာပါဘဲ။ အဲ့ဒီအချိန်က အမေ့ကိုထည့်လိုက်နိုင်ဖို့ ငွေပြည့်စုံပေမဲ့၊ သူ့အတွက်အဖေါ်တစ်ယောက်လိုက်ဖို့က မနိုင်ဝန်ဖြစ်နေခဲ့လို့ပါ။ တရားစခန်းကယောဂီတွေကလဲ သူတို့ဘယ်သွားသွား ဒေါ်ခင်မေကိုအရခေါ်ကြတာ။

    ပထမဆုံး ရွှေခြံဆရာတော် ဘဒ္ဒန္တရ ဇာဂရိယကရွာကို လိုက်ခဲ့ဖို့ မယ်တော်ကြီးတွေကိုခေါ်တော့လဲ အမေရှေ့ဆုံးကပါတာပါဘဲ။ နတ်ကြိုတောရွာက မြင်းခြံမှာ ရှိတာပါ။ အမေ့ကိုထည့်လိုက်ဖို့ ပြောကြတဲ့ မမဒေါ်သန်းမြင့်၊ ဒေါ်ရွှေ၊ ဒေါ်မြင့်မြင့်သန်း တို့ကိုကျေးဇူးတင်ပါတယ်။ အန်တီဒေါ်ခင်မြင့်ကတော့ အမေ့ကိုကူချင်ပေမဲ့ အမေ့လောက်တောင် သွက်သွက်လက်လက်မရှိလို့ အမေကသူ့သ္မီးတွေကိုဆူသလိုမျိုးဆူတတ်သေးတာ။ အမေက ကိုယ်ကချွတ်လိုက်တဲ့အဝတ်ဆိုရင်လဲ မလျှော်နိုင်သေးရင် သပ်သပ်ရပ်ရပ်ထားမှကြိုက်တော့ အမြင်မတော်ရင် ပြောလဲပြော၊သိမ်းလဲသိမ်းတတ်တာ။ သူတို့ကလဲ အမေဆူလို့ကတော့ ပန်းနဲ့ပေါက်တယ် လို့သဘောထားတတ်ကြတာ။

    ရွာကိုအတူလိုက်သွားကြတဲ့သူတွေက အမေ့ကို “တကယ်တော်တယ်ဟယ်၊ ဘာမှကရိကထမရှိဘူး၊ပိပြားနေတာဘဲ။ မနက်အစောထပြီး အေးတဲ့ရာသီမှာတောင် ရေမိုးချိုးဖီးလိမ်းပြီး၊ နောက်ထပ်သွားစရာရှိတာသွားဖို့ အဆင်သင့်သိမ်းဆည်းပြီးပြီ။ တို့တတွေကိုမှစောင့်ရသေးတာ” လို့ပြောကြတာ။ အဲ့ဒီလို သူများကို ဝန်မပိစေတတ်တော့ ဘယ်သွားသွားခေါ်ချင်ကြတာပေါ့။ မန္တလေးရောက်တော့ “တည်းရတဲ့အိမ်ကြီးကကောင်းလိုက်တာအေ၊အမေတို့ကိုအိမ်ပေါ်ထပ်မှာနေရာချပေးတာ အကြိုက်ဘဲ” တဲ့။ အမေက အသက်ကြီးလို့ဆိုပြီး၊ ကုတင်ရဲ့အတွင်းဖက်မှာထား၊ မမသန်းမြင့်နဲ့မမရွှေက အမေလိမ့်ကျမှာ စိုးလို့ဘေးဖက် မှာအိပ်ကြသတဲ့။ မနက်ကျတော့ အမေ့ကို အမေဆီးသွားချင်ရင်လိုက်ပို့မယ်ပေါ့။ အမေကလေ သူတို့နှစ်ယောက်ကို “S ကောင်မတွေ၊ အမေဖြင့်သူတို့နှစ်ယောက်ကို ကျော်ပြီး၊ အောက်ထပ်ကို ဆင်းပြီးဆီးသွားတာ မနိုးကြဘဲနဲ့၊ ငါ့သ္မီးတွေအိပ်လိုက် ကြတာအေ၊ သေနေသလားအောက်မေ့ရတယ်” လို့ပြောပြီးရယ်လိုက်တာတဲ့။

    နောက်တခါ ပုသိမ်၊ဝါးယားချောင်းရွာမှာ ဆရာတော်ရဲ့ သူငယ်ချင်းကိုယ်တော်က တရားစခန်းဖွင့်မှာမို့ဖိတ်ပြန်ရော။ ယောဂီတွေကိုလဲလိုက်ခဲ့ကြဖို့၊ချောင်းသာကိုလဲပို့ပေးမယ်ဆိုတော့ အိမ်က ဒေါ်ခင်မေ ဘယ်နေလိမ့်မလဲ။ ပါသွားပြန်ရော။ ကိုယ်တွေက “အမေ ရေဆင်းမကူးနဲ့နော်”လို့ဘဲမှာရတော့တာပေါ့။ ပြန်ရောက်လို့ အိမ်ရှေ့ကိုကားဆိုက်တော့ “ဘုန်းဘုန်း အမေရေထဲဆင်းသေးလား” မေးတော့၊ “မသိပါဘူးဗျာ၊ဘုန်းဘုန်း ကအပေါ်ထပ်မှာနေတာ။ သူတို့ကအောက်ထပ်မှာ မိုးချုပ်ခါနီးမှ သူတို့အသံကြားရတာ၊သူတို့သာမေးကြည့် ” လို့ပြန်ဖြေကထဲက ကိုယ့်အမေအကြောင်းသိပြီးသား။ အမေကရေသိပ်ကြိုက်တာ။ ရေကူးလဲကျွမ်း၊ ရေထဲရောက်ရင် သူများကိုလဲ အလွန်နောက်တတ်တာ။အမေ့အဝတ်တွေ လျှော်ပေးဖို့ထုတ်လိုက်တော့ သဲတွေပေနေတဲ့ ရေစိုအဝတ်တွေထွက်လာတာပါဘဲ။ ရေထဲမဆင်းဘူးဆိုတာ ဟုတ်ပါ့မလား။

    နောက်တခါ မမသန်းမြင့်၊မမခင်မြင့် (အမေ့အခေါ် ဖက်တီးကြီး) တို့မော်တင်စွန်းသွားကြမယ်ဆိုတော့လဲ မလိုက်စေချင်ပေမဲ့ အတင်းခေါ်ကြတော့ ပါသွားပြန်တာပါဘဲ။ ဘာမှလျှောက်မဝယ်ခဲ့နဲ့နော်လို့မှာလိုက်ပေမဲ့ ငပိစိမ်းစား၊ ငါးခြောက်တော့ ဝယ်လာ သေးတာ။

    န်ခဲ့တဲ့ ၃/၄နှစ်လောက်ကတော့ အလောင်းတော်ကဿဖ သွားကြမယ်လို့ မမသန်းမြင့်၊ မမခင်မြင့်တို့စီစဥ်ကြတော့လဲ ၊ အမေ့ကို သိပ်အသက်ကြီးနေပြီ ခေါ်လို့ ဖြစ်ပါ့မလားလို့ တိုးတိုးတိတ်တိတ်လာပြောကြတယ်။ ပြီးတော့ မခေါ်ရင် အမေသိပ်ဝမ်းနည်းမှာ လို့လဲတွေး ကြပြန်တော့ ကိုယ်ဘဲအဖေါ်လိုက်မယ်၊ အမေလိုက်မလားမေးကြည့် ဆိုတော့ “လိုက်မှာ “တဲ့လေ။ ကဲ ဘာပြောချင် ကြသေးလဲ။ အမေကပြောသေးတယ် ” ငါ့သား ဘုန်းကြီးမသိစေနဲ့ “တဲ့။ ဆရာတော်က အမေကသိပ်ကျန်းမာပြီး၊ အသက်က လဲကြီးတော့ လမ်းမှာတစ်ခုခုဖြစ်မှာစိုးရိမ်ရှာလို့ အလောင်းတော်ကဿဖ သွားရင် မယ်တော်ကြီးကို မခေါ်ရဘူး လို့ပြော ထားတာကို။

    မမသန်းမြင့်တို့မိသားစုနဲ့ဆွေမျိုးများ၊ မမခင်မြင့် သ္မီးနဲ့မြေးမလေး၊ ကျမတို့သားအမိတတွေ သန်းဌေးနှင့်ရောင်းရင်းများ Expressကားကြီးစီးလုံးငှားပြီး အလောင်းတော်ကဿဖခရီးကိုည ၇နာရီလောက် စထွက်လိုက်ကြတာ။ လူစုလို့ပြီးတော့ ရန်ကုန်က ည၉နာရီမှထွက်ဖြစ်တော့ပါတယ်။ ဘုရား၊ဘုရား ၃၉မိုင်လဲရောက်ရော အမေ့ကို ဆီးသွားခိုင်းဖို့ ကားအောက် လဲရောက်ရော အမေမူးတယ်ဆိုပြီး အန်ပါရော။ ကျမတို့နဲ့အတူ ခရီးသွားသူတွေအားလုံးစိတ်ပူကြတာပေါ့။ကျမက “အမေ ကားငှားပြီးအိမ်ပြန်ရအောင်၊” ဆိုတော့ “မပြန်ပါဘူး၊ရတယ်” လို့ပြောလို့ တထိတ်ထိတ်နဲ့ခရီးဆက်ခဲ့ကြရပါတယ်။ အမေ့ခေါင်းဖက်ကို ကျမပေါင်ဖေါ်မှာပွေ့ထားပြီး၊ သူ့ထိုင်ခုံဖက်မှာခြေထောက်ထား၊ ဆေးတိုက်ပြီးတလမ်းလုံးအိပ်ခိုင်းခဲ့တာ၊ နံနက်၅နာရီခွဲလောက် မကွေးကိုရောက်တော့ အမေကကြည်ကြည်လင်လင်ဘဲအိပ်ယာကနိုးလာပါတယ်။တော်သေးတာပေါ့။ လက်ဖက်ရည်ဆိုင်ရောက်တော့ အမေကကားပေါ်က ဆင်းဆင်းချင်း ကန်ဇွန်းဥပြုတ်စားမယ်ဆိုလို့၊ ချော့မော့ပြီး ရင်မ ပြည့်တာစားပါအမေရယ် လို့ပြောရပါတယ်။ နေ့လည် ရွှေစက်တော်လဲရောက်ရော၊ ရေချိုးပါ့မယ်ဆိုလို့ နေနဲနဲကျမှ ချိုးပါ ဆိုပြီးတောင်းပန်ရပါတယ်။ တော်တော်ကဲတာ။

    နောက်တနေ့ ခရီးဆက်ထွက်လာလိုက်တာ မုံရွာကိုရောက်တော့ညနေ၃နာရီကျော်လောက်ဟိုတယ်ရောက်တော့ ကျမတို့ သားအမိက တစ်ခန်း၊ ခန နားခိုင်းပြီး၊ရေမိုးချိုးထမင်းစားကြတော့၊ ကားသမားက မနက်၂နာရီမှာအလောင်းတော်ကဿဖ ကိုခရီးစထွက်မယ်လို့ပြောပါတယ်။ ကျမကိုအတင်းကိုဖိပြီးအိပ်ခိုင်းတော့တာပါ၊မနက်အစောသွားရမှာမို့တဲ့။ ကိုယ့်ကို သူများစောင့်ရတာမျိုး အမေက လုံးဝမကြိုက်တာလေ။ ကျမလဲအိပ်ပျော်သွားလိုက်တာ လန့်နိုးတော့ အမေကရေမိုးချိုး ပြင်ဆင်ပြီးကုတင်ပေါ်မှာထိုင်လို့။ နာရီကြည့်လိုက်တော ည၁နာရီဘဲ ရှိသေးတာ၊ အဲ့ဒီတော့မှာ အဲယားကွန်းကို နဲနဲလျှော့ပေးပါ တဲ့လေ။ စိတ်ကိုပူသွားတာဘဲ။နေကောင်းရဲ့လားဆိုတော့ ၊ “ဘာမှမဖြစ်ဘူး ၊ သ္မီးရေချိုးပြီးထွက်လာရင်အအေးမိမှာစိုးလို့ပါ”တဲ့။ * အဲ့ဒါ မိဘ ပါ။*

    ည၂နာရီ ခရီးစထွက်ပြီး၊လက်ဖက်ရည်ဆိုင်ထိုင်ကြတော့၊ ကျမမွေးနေ့မို့ ကားပေါ်ကလူတွေကို နံနက်စာ ဒါနပြုလိုက်ပါတယ်။ အလောင်းတော်ကဿဖ ဆင်စခန်းရောက်တော့ အမေ့ကိုအထမ်းနဲ့ တင်ပေးပြီးကျမတို့က ကုန်းကြောင်းလျှောက်ကြတာပေါ့။ အမေ့ကိုတော့ ဂူအထိမဆင်းခိုင်းပါဘူး။ သိပ်မောမှာစိုးရိမ်လို့ပါ။ အပြန်ကျတော့လဲ အမေကအထမ်းနဲ့ ကိုယ်တို့လူငယ်တွေက ခြေလျင်ပေါ့။ စခန်းရောက်တော့ အမေကအထမ်းသမားလေးကို ငွေ၂၀၀ကျပ်ထုတ်ပေးလို့ ရယ်ရပါသေးတယ်။ တကယ်တော့ အသွားအပြန် ၂၀၀၀၀ကျပ်ပါ။ ညနေဟိုတယ်ကိုပြန်ရောက်တော့ ညနေစောင်းနေပါပြီ။ ညစာစားပြီး မုံရွာမြို့ထဲကို လဲလိုက် ပို့ပါတယ်။

    နောက်နေ့မနက်အစော မုံရွာကဘုရားတွေဖူးပြီး၊ မန္တလေးကိုသွားတော့၊ စစ်ကိုင်းကောင်းမှုတော်လဲရောက်ရော သနပ်ခါးတုံးနဲ့ ကျောက်ပျဥ်ဝယ်ပေးခိုင်းတာ၊ မရမချင်း ဘုရားတောင်ဖြောင့်အောင် မရှိခိုးရပါဘူးဆို။ ကျမမှာ ကျောက်ပျဥ်ကဖက်၊ သနပ်ခါး တုံးတွေနဲ့ အမေ့လက်ကိုလဲဆွဲရသေးတာနဲ့ ကားလမ်းကူးတော့၊ အော်တောင်ငိုချင်ပါတယ်။ အမေကတော့ သူလိုချင်တာရလို့ သိပ်ကိုကျေနပ်သွားလိုက်တာ ကလေးလိုပါဘဲ။ စစ်ကိုင်းကဘုရားတွေဖူးပြီး၊ မန္တလေးရောက်တော့ ညနေအတော် စောင်းနေ ပါပြီ။ မဟာမြတ်မုနိဘုရားကြီးဖူးပြီး၊ ဘုရားကြီနားကရှမ်းစားသောက်ဆိုင်မှာ ညစာစားပြီး၊ ရန်ကုန်ကိုမနက် ၆နာရီလောက် ပြန်ရောက်ကြပါတယ်။ သန်းဌေးနှင့်ရောင်းရင်းများက အစားအသောက်၊ တည်းခိုစရာနေရာအားလုံးကို စေတနာထက်သန်စွာ ပြည့်စုံအောင် ဆောင်ရွက်ပေးတဲ့အတွက် တွေးမိတိုင်း ကျေးဇူးတင်လျက်ပါ။ ဘုရားဖူးအတူသွားကြသူတွေကိုလဲ သိပ်ကို ကျေးဇူးတင်ပါတယ်။

    အမေ နောက်ဆုံးခရီးသွားခဲ့တာကတော့ အမေ့မောင်အငယ်ဆုံးရဲ့ကလေးတွေနဲ့ သူ့ယောင်းမဆီကိုပါ။ ရန်ကုန်ကနေ ရွှေတောင် အထိကိုကားတစ်စီးငှားပြီးသွားကြတာမို့၊ ကျမတို့ညီအစ်မတတွေရော၊ အမေတို့ညီအစ်မရောအတော်ပျော်ခဲ့ကြတာ။ ထမင်း ဟင်းတွေလဲချက်ပြုတ်ပြီးသယ်သွားကြသေး။ လမ်းမှာလဲ တွေ့တာအကုန်ဝယ်စားကြတာ။ ခင်စန်းနုရဲ့ယောကျ်ား ကိုတင်ထွန်း နဲ့ရွှေပေါရဲ့ယောကျ်ားကိုမြင့်ခင်တို့က ခေါင်သူကြီးပေါ့။ ရွှေတောင်က မောင်လေးအကြီးကောင် ဇော်သန်းထွန်း တို့အိမ် ရောက် တော့၊ ဒေသထွက်မုန့်တွေ၊ လက်ဖက်သုတ်တွေစုံအောင်စားလိုက်ကြတာ ထမင်းကိုမစားဖြစ်ပါဘူး။ အမေနဲ့ငြိမ်းငြိမ်းကလဲ မစားဘူးဆိုတော့၊ ရွှေတောင်မှာသူတို့လေးတွေ ကျေနပ်အောင်နေပြီး၊ ပေါင်းတည်က အမေတို့ယောင်းမ မဝေနဲ့ သားအငယ် ရဲလေးတို့အိမ်ကိုလာခဲ့ကြပါတယ်။ ကဲ၊ ထမင်းစားကြမယ်ဆိုတော့၊ ပေါင်းတည်ကနာမယ်ကြီးရေမုန့်တွေ မှာထားတာ စားရမယ်၊ထမင်းနောက်မှစားဆိုလို့၊ မုန့်တွေကိုစားလိုက်ကြတာ ဘယ်လိုလုပ်ပြီးထမင်းစားနိုင်ကြတော့မှာလဲ။ ဒီလိုနဲ့ပြန်လာလိုက်ကြတာ ရန်ကုန်ကိုမိုးချုပ်မှရောက်တော့ စားသောက်ဆိုင်မှာဝင်ပြီးညစာစားကြတာပေါ့။ အိမ်ပြန်ရောက်တော့ ည၉နာရီလောက်ဖြစ်ပြီ။ စိတ်မကောင်းစရာက ထမင်းဟင်းတွေ ပါပီတွေဆီရောက်ကုန်တာပေါ့။ ကုသိုလ်တော့ရပါတယ်။ ဟီးဟီး၊ ယာကုအိုးကြီးကွဲလို့ ရွှေစည်းခုံ လှူလိုက်မိလေသလား။ ဦးတင်ထွန်းက “ငါ့နဲ့ဟယ် အဖွားကြီးနှစ်ယောက်ကို ထမင်းမကျွေးမိလေခြင်း” ဆိုပြီး စိတ်မကောင်းလို့အမြဲပြောနေတော့တာ။

    အမေကလေ ပေါင်းတည်ကပြန်လာလို့ အိမ်နားရောက်တော့ ကားမောင်းတဲ့ကိုလှဦးကို “အမေတို့ပုဂံသွားကြမယ်သားရေ” လို့ပြောတာ။ အမေ့ကို ပုဂံလိုက်မပို့ပေးလိုက်ရပါဘူး။

    ခရီးတွေသွားရင်း အသက်ရှည်တာ၊အနာကင်းခဲ့တာ – – – – နောက်များမှ မိသားစု မိုးကုတ်၊မော်လမြိုင်ခရီးစဥ်လေး ။ ။

  • ပျော်ခဲ့ရတစ်ခဏ

    ပျော်ခဲ့ရတစ်ခဏ

    ဒေါ်မိအောင် Daw Mi Aung

    ပျော်တပြုံးပြုံးနဲ့ အတူသွားအတူစားနေလာခဲ့ကြပေမဲ့၊အချိန်တန်တော့လဲ သူ့လမ်းသူသွား၊ကိုယ့်လမ်းကိုယ်သွားနဲ့ ခုချိန်အထိ မခွဲတမ်းနေကြသူတွေရှိသလို၊ လုံးဝကိုပြန်မတွေ့ရတော့တဲ့သူတွေလဲအများကြီးပါဘဲ။ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း အားလုံးပါဘဲ။

    စကားဝါပင်လမ်းမှာကဆွမ်းကြီးလောင်းပွဲဆိုတအားပျော်ဖို့ကောင်းခဲ့တာ။ အရပ်ပွဲလေးတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့၊ ကျမတို့မောင် နှမတွေကလွဲလို့ စင်ပေါ်တက်ပြီး မကဘူးတဲ့သူမရှိသလောက်ပါဘဲ။ ဇာတ်စင်က ကျမတို့အိမ်ရှေ့တည့်တည့် ၊မှာထိုးထားတာ ဆိုတော့၊ အမေနဲ့ ရတနာမြိုင်ကားပိုင်ရှင် ဒေါ်ကျင်မြိုင်ကနေမထိ ထိုင်မထိ။ “က”တဲ့ကလေးတွေကို ညလည်စာချက်ကျွေးချင တာလေ။ နှစ်ယောက်သားပိုက်ဆံစုထည့်ကြပြီးစျေးဝယ်ပေး။ ချက်ရတော့ ကျမရယ် အေးအေးဝင်းနဲ့ညွန့်ညွန့်ဝင်း တို့ညီအစ်မ ရယ်ပေါ့။ ပျော်စရာကောင်းသလို စိတ်ညစ်စရာလဲကောင်းပါတယ်။ ချဥ်ရေဟင်းချက်ရင် ငါးဖတ်ကြီးဘဲဆယ်ထားချင် သူနဲ့ဦးဦး ဖျား ဖျားစားရမှကြိုက်သူနဲ့ စုံလို့ပါဘဲ။

    တစ်ရက်တစ်မျိုးကိုနှစ်ညလောက်ချက်ကျွေးကြရတာ။ ဘဲဥအလုံးလိုက်နဲ့ကုလားဟင်းချက်၊ဗလချောင်ကြော်ကတစ်နေ့။ ညည့်နက် ၁နာရီလောက်မှ စားကြတာဆိုတော့လဲ၊တလမ်းလုံးအိုးသံခွက်သံ ဆူဆူညံညံမို့ ပျော်စရာပါဘဲ။ ဝက်ပေါ၊ သန်းသန်း ဝင်း၊ ဖြူဖြူဝင်း၊ တင်တင်ညို၊ ခင်ဝင်းကြည်၊ ရင်ရင်ကြည်၊ နီနီဝင်း၊ မိမာတို့ကငယ်ကြသေးတော့ လက်တိုလက်တောင်းပေါ့။ အဲ့ဒီအုပ်စုကမျက်နှာချင်းဆိုင် သုံးအိမ်ကမိန်းကလေးတွေချည်းမို့ညီအစ်မအရင်းတွေလိုပါဘဲ။ အမြိုင်တို့အိမ်ပေါ်ထပ်က ပေါပေါ၊ မိငယ်၊ ကြွက်နီတို့ညီအစ်မသုံးယောက်ပါပေါင်းလိုက်ရင်တော့ မိန်းကလေးဘောလုံးအသင်းတောင်ထောင်လို့ရသေးတယ်။ ပိုးပမ်းသူတွေလဲခြေချင်းလိမ်လို့တစ်ခေါက်က ၂ခေါက်လျှောက်ပြီဆိုရင်တော့၊နောက်တစ်ခေါက်လာရဲမှာမဟုတ်အောင်လဲ “လောင်” တတ်ကြသေး။ဝင်းမောင်နဲ့ရွယ်တူမောင်လေးတွေကလဲများတာကို။

    လမ်းထဲကလူငယ်တွေကတော့ ဆွမ်းလောင်းပွဲလုပ်မည့်နေ့ဆို တစ်လမ်းလုံးရေဆေးကြ၊တံမြက်စီးလှဲကြနဲ့ အင်မတန်ညီညွတ်ကြတာ။ ယ္ခုအချိန်တော့ ကျမတို့ငယ်ငယ်တုန်းကလိုမှ ဟုတ်ရဲ့လားမသိတော့ပါဘူး။ ကိုယ်လဲ ကြည့်မြင်တိုင်ကထွက်လာတာ ၂၈နှစ်ရှိခဲ့ပြီဘဲ။

    နောက်ပြီး လမ်းထဲမှာ ယောက်ျားလေးတွေက ဘောလုံးပွဲလုပ်ကြရင်လဲ ထမင်းဟင်းချက်ကျွေးကြတာဘဲ။အရင်က W (ဒဗလျူ)ဘောလုံးပွဲတွေလုပ်ကြတာကို။ မောင်လေးဖိုးချိုက ဘောလုံးကန်တာ သိပ်ကောင်းတော့၊အခြားလမ်းတွေက မောင်လေးကိုခေါ်ကစားကြတယ်။ အမေကလုံးဝမကြိုက်ပါဘူး။ အပေါင်းအသင်းများရင် သူ့သားလေး ပျက်စီးသွား မှာစိုးရိမ်လို့ပါတဲ့။ တခါများလေ ဘောလုံးကန်တဲ့ဆီလိုက်သွားပြီး၊ “အမေ့ကိုသတ်ပြီးမှ မင်းဘောလုံးသွားကန်” ဆိုပြီးပြန်ခေါ်လာတာ။ အော်၊ သိပ်အချစ်ခံရတာလဲမကောင်းပါလား။ ဇော်ညွန့်ဆိုတဲ့ကောင်လေးကတော့ ကျမနဲ့ ၁၀တန်းအတူတူ။ သူကလဲဘောလုံးကန်ပြီးရင် ၊သူ့အိမ်သူမပြန်သေးဘဲကျမတို့အိမ်ကဖိနပ်ချွတ်လေးမှာ လေဖေါ တာမိုးစုပ်စုပ်ချုပ်အောင်ပါဘဲ။ ခုထိ ပြန်တွေးမိရင် ပြုံးမိသေးတာ။ သူတို့အမေ အန်တီဒေါ်တင်မြက ကြိမ်လုံးကိုင်ပြီး “ဇော်ဇော်ရေ” ဆိုမှ “လာပြီ မာမီ၊သားက မမိအောင်တို့နဲ့စကားပြောနေတာ” ဆိုပြီး ပြန်ပြေးတော့တာ။ (ကျမတို့က မုဆိုးမသားသ္မီးတွေချင်းတူလို့ စာနာနားလည်ပြီး အင်မတန်ချစ်ကြတာပါ။)

    ပြည်ထောင်စုနေ့၊တောင်သူလယ်သမားနေ့၊မေဒေးနေ့လိုနေ့တွေမှာတော့ ကျမရယ်၊ညွန်ညွန့်ဝင်းရယ်၊တင်မာရီ(မိတူး) တို့ကကျိုက္ကဆံကွင်း လူထုအစည်းအဝေးပွဲတွေကို သွားကြရတာ။ သုံးယောက်သား တစ်လမ်းလုံးစကားတွေ ပြောကြ၊မြင်ရတာကြည့်မကောင်းတဲ့ အဆင်မပြေတဲ့သူတွေ့ရင်လက်ကုတ်ပြီးရယ်ကြနဲ့ ပေါ့ပေါ့ပါးပါးနေခဲ့ကြရတာ။ အပြန်ကြရင်တော့ သုံးယောက်သား ပွဲခင်းထဲလျှောက်ကြည့်၊စားသောက်ပြီးမှပြန်လာကြတဲ့အခါကြရင်တော့ မိတူးကအမြဲတမ်း အမဲအူပြုတ် သောက်တတ်တာ။ (မိတူးကတော့ အစောကြီးခွဲခွါသွားတာ။ ညွန့်ညွန့်ဝင်းကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ။) ကျန်တဲ့သူတွေလဲ ဟိုရောက်၊ဒီရောက်နဲ့မို့ မဆုံနိုင်ကြတော့ပါဘူး။ဘာမှ တည်မြဲတာမရှိပါလား။

    သင်္ကြန်အခါများဆို ရေပက်ချင်ကြတာ။ခေါင်သူကြီးကအမေနဲ့အမြိုင်။ တစ်နှစ်များ ပိုက်လုံးတွေဝယ်၊မော်တာငှားပြီး၊ လမ်းထိပ်မှာရေကစားကြတာ။ ဖြစ်ချင်တော့ တရက်ဘဲကစားလိုက်ရတယ်၊မီးကမရ။ ဒေါ်ခင်မေဘဲ၊ တခြားသူမှာမဟုတ်တာ မော်တော်ကားအင်ဂျင်ကိုဆီထည့်မောင်းပြီး၊ ကစားခိုင်းတာ။ သားသ္မီးကို အဲ့ဒီလိုပြည့်စုံအောင်လုပ်ပေးခဲ့တာပါ။ အတက်နေ့ဆိုရင်တော့ ကားတစ်စီးငှားပြီး ရေပက်ခံထွက်ဖို့လဲစီစဥ်ပေးသေးတာ။

    အနိမ့်အမြင့်အတက်အကျတွေများလှတဲ့ဘဝကြီးမှာ ပျော်ခဲ့ကြရတဲ့ကာလတွေလဲ ကြုံခဲ့ရဘူးပါတယ် ။ ။

    နေပျော်အောင်ကြိုးစားနေတတ်ကြရင် လောကကြီးက သာသာယာယာပါဘဲ – – – –

  • ရှင်သန်ခြင်း(၁)

    ရှင်သန်ခြင်း(၁)

    ဒေါ်မိအောင် Daw Mi Aung

    သတ္တိရှိပြီးဇွဲကောင်းတဲ့အမေကိုပိုင်ဆိုင်ခွင့်ရခဲ့တာဟာ၊ကြီးမြတ်တဲ့ကံကောင်းခြင်းပါ။ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီးအမေတို့မောင်နှမ ၆ ယောက်အမွေခွဲတော့၊ကျမတို့နေစရာအိမ်ရှာရတာပေါ့။(“မိအောင်ရေ အိမ်လေးတစ်လုံးတော့ဖြစ်အောင်ဝယ်” လို့ပြောခဲ့တဲ့၊ ကျမတို့အစ်မဒေါ်မြမြဆင့်ရဲ့ခင်ပွန်း ဦးငွေလှိုင်ကို အမြဲကျေးဇူးတင်စွာနဲ့ကန်တော့ရပါတယ်။) ဒဂုံမြို့သစ်တည်ခါစ ယ္ခုလက်ရှိနေတဲ့အိမ်လေးကိုဝယ်တော့၊ဝေးလိုက်တာလို့ပြောကြပေမဲ့၊အမေကတော့ “သ္မီးတို့အဆင်ပြေရင်ပြီးရော”တဲ့။ ညီမလေးဝက်ပေါရဲ့အလုပ်က စိုက်ပျိုးရေးရုံးမှာဆိုတော့၊ဖယ်ရီရှိလို့အဆင်ပြေတယ်လေ။ အဲ့ဒီတုန်းက ညီအစ်မနှစ်ယောက် စာလဲလိုက်သင်နေသေးတာ။ (Home Tuition.) နိုဝင်ဘာလပြောင်းလာကြရတာမို့၊စာသင်လက်စတွေလဲ ဖျက်လို့မရပြန်ပါဘူး။ မောင်လေးဖိုးချိုနဲ့မိမာကသူ့အိမ်ထောင်နဲ့သူ ကြည့်မြင်တိုင်မှာကျန်ခဲ့တော့၊ အမေရယ်၊ဝက်ပေါ၊ မောင်လေးဝင်းမောင်နဲ့ ကျမရယ်ဘဲဒဂုံအိမ်ကိုပြောင်းလာကြရတာပါ။

    မိတ်ဆွေကောင်း၊ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ရတဲ့ကံကလဲ မင်္ဂလာတစ်ပါးပါဘဲ။ စာသင်ရမည့်ကလေးအိမ်ကို နံနက်၇နာရီ အရောက်သွားရမှာမို့၊ မနက်ဝေလီဝေလင်း ၅နာရီတိတိအိမ်ကထွက်မှ ပထမဆုံးထွက်တဲ့ဘတ်(စ)ကားကိုမှီတာပါ။ ကျမတို့ညီအစ်မလက်နှိပ်ဓါတ်မီးတစ်လက်စီနဲ့ ကားမှတ်တိုင်ကိုသွားတဲ့အခါ အိမ်နဲ့ နဲနဲလှမ်းနေပြီဖြစ်တဲ့တံတားပေါ်ရောက်ရင် ကျမတို့နဲ့မျက်နှာချင်းဆိုင်က တုတ်တစ်ချောင်းကိုင်ထားတဲ့လယ်သမားကြီးတစ်ယောက် နဲ့ခွေးတစ်ကောင်တို့ကို အမြဲဆုံရပါတယ်။ ကိုင်းပင်တွေကလဲကျမအရပ်လောက်ရှိတာ။ တလမ်းလုံးမှာလဲ အိမ်လေး သုံးလေးလုံး ခြောက်တီးခြောက် ချက်ပေါ့။ ခုပြန်တွေးမိရင်တော့ကြောက်မိသား။

    အမေကမနက်၄နာရီလောက်အိပ်ယာထ၊ထမင်းဂျိုင့်ထည့်ပေးသေးတာ။ စားသွားဖို့လဲထမင်းကြော်ပေးသေး။ သူ့ခမြာ ကောင်းကောင်းမချက်တတ်ပေမဲ့သားသ္မီးကိုစားစေချင်တဲ့စေတနာမို့ စားကောင်းပါတယ်။ လျှပ်စစ်မီးကလဲမရသေးပါဘူး။ မီးသွေးမီးဖို၊ထင်းမီးဖိုတို့နဲ့ချက်ကြရပါတယ်။ အမေကနားလေးတော့ အိုးတွေခွက်တွေကိုကိုင်ရင် အသံအရမ်းမြည်တာ။ ကျမကစဥ့်အိုးတန်းက ကလေး၂ယောက်ကိုစာသင်ပြီးမှ နုနုရဲ့တူလေး ပုံ့ပုံ့ကိုစာသွားသင်ရတာပါ။ ဝက်ပေါကတော့ သူ့အလုပ်ကိုဆက်သွားပြီး၊ (ဝက်ပေါက နုနုရဲ့သ္မီးဇေဇေနဲ့၊နုနုအကိုရဲ့သားကိုဖြိုးတို့ကိုစာသင်တာပါ။) ကျမကတော့နုနုတို့အိမ်မှာဘဲထမင်းစားပါတယ်။ မရွှေနုကကျမထမင်းဂျိုင့်ယူလာလို့ပူညံပူညံပြောတတ်ပါတယ်။ ဒါပေမဲ့ကျမရဲ့ဟင်းကိုသူကစား၊သူ့အိမ်ကဟင်းကိုကျမစားပေါ့။ အိမ်ကိုပြန်တော့ကျမကဘတ်(စ)ကားနဲ့ပြန်လာပြီး၊ ဝက်ပေါကတော့ရုံးကဖယ်ရီနဲ့ပြန်ရပါတယ်။ မောင်လေးဝင်းမောင်က တစ်လလောက်နေပြီး ကော့သောင်မှာအလုပ် လုပ်တာ။ ကျမတို့မိုးမလင်းခင်အိမ်ကထွက်ရင် အမေတစ်ယောက်ထဲနေခဲ့ရရှာတာ။ ဒါပေမဲ့ တစ်လမ်းလုံးမှအိမ်လေး ၆လုံးလောက်မှာ နေကြတဲ့သူတွေက အမေ့ကို အမြဲတစေ့တစောင်း ကြည့်ရှုစောင့်ရှောက်ကြပါတယ်။ (ကျေးဇူးတင်ထိုက်သူတွေပါ။)

    ကျမတို့ညီအစ်မကအိမ်ကထွက်ခါနီးတိုင်း၊ “အမေ အိမ်ထဲမှာဘဲနေနော်၊ခြံထဲမဆင်းနဲ့”လို့အမြဲမှာခဲ့တာပါ။ သေချာတာကတော့ အမေ့ကိုသတိပေးလိုက်သလိုပါဘဲ။ တိတ်တိတ်လေးမြက်တွေထွက်ရှင်းတာ၊ ကျမတို့အိမ်ဧည့်သည်လာတာကအစ ကျမလမ်းထိပ်ရောက်တာနဲ့ ဆီးပြီးပြောကြတော့တာပါဘဲ။ အိမ်ရောက်လို့ “အမေဘာတွေလုပ်သလဲ” မေးရင်တော့ “အပျိုကြီးများပစိပစပ်ကိုများတယ်၊လျှာကိုရှေတယ်၊ ဘာမှမလုပ်ဘူး၊ဘယ့်နှယ်တော် အိမ်ထဲချည်းနေရင် ချိပြီးသေမှာပေါ့” လို့ ဆေါင့်ဆေါင့်အောင့်အောင့်နဲ့ပြန်ပြောတတ်တာ။ နောက်တော့စပ်ဖြဲဖြဲနဲ့ “အမေ့ကိုမပူနဲ့ ၊အမေကပါးပါတယ်အေ၊ ဝါးလုံးအရှည်ကြီးမှာဓါးကိုခိုင်ခိုင်ချည်ပြီးမှ၊ နင်လဲနင့်လမ်းနင်သွား၊ငါလဲငါ့အလုပ်ကိုငါလုပ်တာလို့ ပြောပြီးမှ မြက်ကိုရှင်းတာပါအေ” တဲ့။ အဲ့ဒါ အမေ့ရဲ့မြက်ရှင်းနည်းနိဿရည်း ပေါ့။ တကယ့်ရွှေဥာဏ်ရှင်ပါနော် ။အဲ့ဒီအချိန်က ဒဂုံက လယ်ကွင်းကြီးကိုမြေကွက်ဖေါ်ထားတာမို့ အကောင်ရှည်ကလဲ ပေါလွန်းလှပါတယ်။

    နှစ်ထပ်အိမ်ဆိုပေမဲ့လဲ အောက်ထပ်ကအုတ်ပတ်ထားပြီး၊ အပေါ်ထပ်ကလျှာထိုးခင်း၊ပျဥ်ပြားကာပါ။ အောက်ထပ်က မြေကြီးပါဘဲ။ ပြူတင်းပေါက်တွေဆိုရင်တံခါးမတတ်နိုင်သေးလို့ ဝါးကပ်တွေနဲ့ချည်တုတ်ပြီးအသေပိတ်ထားရပါတယ်။ လူလိုသူလိုနေနိုင်ဖို့ကို အတော်ကြိုးစားခဲ့ကြရတာမို့ မစွဲလန်းပေမဲ့ အိမ်လေးကိုသံယောဇဥ်တော့ရှိသား။ ညနေ၆နာရီလောက်ဆို သားအမိတွေအိမ်ပေါ်ထပ်မှာဘုရားရှိခိုးပြီး အစောကြီးအိပ်ယာဝင်ကြရပါတယ်။ အမေ့အကြိုက်ပါဘဲ။တရားထိုင်ရတာအဆင်ပြေလို့ပါ။

    စနေ၊တနင်္ဂနွေရုံးပိတ်ရက်တွေကြရင်တော့ ကျမတို့နဲ့တစ်ရပ်ကွက်လောက်ခြားတဲ့ ၈ရပ်ကွက်စျေးမှာ တစ်ပါတ်စာသွားဝယ်ကြရပါတယ်။ အသွားခြေကျင်၊အပြန်ဆိုက်ကားပေါ့။ ပစ္စည်းတွေမနိုင်လို့သာဆိုက်ကားစီးရတာ၊ ချိုင့်တွေကျင်းတွေနားရောက်ရင် ဆင်းပြီးလမ်းလျှောက်ရပြန်တာပါဘဲ။ တခါတလေတော့သင်္ကန်းကျွန်းစျေးကို ဆန်တို့၊မီးသွေးတို့ပါဝယ်ရတာ။ လေးထောင့်ကန်သွားတဲ့အမှတ်၅၂ ဒိုင်နာကားစီးပြီးပြန်ခဲ့ရတာ။ တပ်ရင်း ၃ ကားမှတ်တိုင်မှာဆင်းပြီး၊တပ်ရင်း၃ကျောင်းဘေးကနေ မီးရထားလမ်းကိုဖြတ်ပြီးမှ ကိုယ့်ရပ်ကွက်ထိပ်ကိုရောက်ရပါတယ်။ ညီအစ်မနှစ်ယောက်သား ဆန်၄ပြည်လောက်၊မီးသွေးလေးတစ်ပါတ်စာလောက်ကိုရွက်ပြီး၊ ဟင်းချက်စရာတွေကို ခြင်းတောင်းနဲ့ဆွဲပြီးအိမ်ပြန်ခဲ့ကြရတဲ့အဖြစ်မျိုးတွေမို့ မမေ့ပါဘူး။ တခါများ ညီအစ်မနှစ်ယောက် စပ်စပ်စုစု ၅၂ဒိုင်နာကားစီးပြီး၊ လေးထေါင့်ကန်စျေးကို စျေးဝယ်သွားလိုက်တာ အိမ်ကိုနေ့လည်၁နာရီလောက်မှပြန်ရောက်တာ။အမေလေ စိတ်တွေပူပြီး၊ ကျမတို့ကိုဆူလိုက်တာ။ (ဝက်ပေါတို့ရုံးက ဦးသိန်းမြင့်ဆိုရင်၊သူတို့ညီအစ်မ တစ်ပါတ်လောက်နေနိုင်ရင်ကံကောင်းဘဲ။ ပြန်ပြေးကြမှာလို့ ရုံးမှာပြောတာ။) ဟီးဟီး၊လေးထောင့်ကန်စျေးမှာဆန်လဲကောင်း၊စျေးလဲသက်သာတယ်ဆိုလို့။ ဥပုသ်နေု့စျေးပိတ်တာနဲ့လဲ တိုးနေပြန်သေး။~စျေးကပြန်ရောက်ရင်တော့ တောငါးလေးတွေကိုတံစို့လေးထိုးပြီးကင်၊ ပုစွန်လေးတွေကိုလှော်၊ဝက်သားကိုပြုတ်၊ ငါးကြော်။တစ်ပါတ်စာ ကြံဖန်ထားရတာ။ အသီးအရွက်တွေကိုတော့ သောက်ရေအိုး အဟောင်းထဲကိုထည့်ထားပြီးဖုံးထားရတာပါ။ ကျမတို့ရဲ့ ရေခဲသေတ္တာပေါ့။ နောက်ရက်တွေ သင့်သလိုချက်စားကြရပါတယ်။ အမေ ကဲပုံများတော့ လမ်းထွက်ချင်တာလေ။ အိမ်ရှေ့အိမ်၂အိမ်က ကလေးတွေကိုခေါ်ပြီး ၈ရပ်ကွက်စျေးမှာ ထင်းဝယ်သွား တယ်တဲ့။ ထင်းဆိုတာကလဲ သစ်တိုသစ်စတွေစုချည်ထားတာ၊ပျဥ်းကတိုးထင်းလို့ပြောတာဘဲ။ ရပ်ကွက်ထဲရောက်ဖို့က တံတားအကျိုးကြီးကိုဖြတ်ရတော့၊ ချောင်းတစ်ဖက်ကို ထင်းစီးကိုလမ်းပစ်လိုက်ပြီး၊လူကတံတားပေါ်ကလျှောက်လို့ ပစ်ထားတဲ့ထင်းတွေပြန်ကောက်ပြီးပြန်လာကြတာ။ ကလေးတွေနဲ့ပျော်နေတတ်တာပါ။ ရောက်တဲ့အရပ်မှာပျော်အောင်နေပြီး၊ တွေ့တဲ့လူနဲ့တည့်အောင်ပေါင်း ဆိုသလို၊နေတတ်ရင်တော့ကျေနပ်စရာကြီးပါဘဲ လို့ ။

    ကျမအတွေးနဲ့ဆိုရင်တော့ ကိုယ့်ကိုကိုယ်အားကိုးပြီး၊ရုန်းကန်လှုပ်ရှားရတာလဲ မင်္ဂလာပါဘဲ။ ။

  • ရှင်သန်ခြင်း(၂)

    ရှင်သန်ခြင်း(၂)

    ဒေါ်မိအောင် Daw Mi Aung

    မညီညာတဲ့ဘဝတွေမှာ ရှင်သန်နိုင်ဖို့ကို အမျိုးမျိုးအဖုံဖုံ ရုန်းကန်လှုပ်ရှားနေကြရတာပါ။ ကျမကတော့ ဒီလိုရုန်းကန်ရတာကို စိတ်ပျက်စရာလို့ တခါဘူးမှမတွေးခဲ့ဘူးပါဘူး။ အသက်ရှင်နေသရွေ့၊အသိရှိနေသေးသရွေ့၊​ကိုယ်ခန္ဓာသန်စွမ်းနေသေးသရွေ့ ကြိုးစားပြီးလုပ်ကိုင်စားသောက်လို့ရပါတယ်။ ဒါပေမဲ့ မော်တော်ကားကြီးတဝီဝီနဲ့သူဌေးကြီးတော့ ချက်ချင်းမဖြစ်နိုင်ဘူးပေါ့။ (ကံအကြောင်းတရားလဲရှိသေးတာမို့။)

    ဒဂုံအိမ်ကို စက်တင်ဘာလ၊၁၉၉၃ခုနှစ် မှာပြောင်းလာပြီး၊ဖေဖေါ်ဝါရီလ၊၁၉၉၄ခုနှစ်ရောက်တော့ စာမေးပွဲကြီးတွေပြီးပြီမို့ ကျမစာမသင်ရတော့ပါဘူး။ ညီမဝက်ပေါရဲ့လခတစ်ခုထဲမို့ နဲနဲ ကသီ တာပေါ့။ အိမ်မှာနေရင်း ဘာလုပ်ရရင်ကောင်းမလဲလို့ စားရင်း၊နေရင်း၊အိပ်ရင်းနဲ့ကိုတွေးတာလေ၊ ကျမတို့ငယ်ငယ်၊ အဖေဆုံးပြီးကာစက အမေတစ်ယောက် ဆေးပေါ့လိပ်ကြီးနဲ့ ညဖက်မအိပ်နိုင်ဘဲထိုင်တွေးနေတတ်တာကို ကိုယ်ချင်းစာမိပါတယ်။ “မကျေး”ဆေးပေါ့လိပ်ကိုသောက်တာများ ၂၅လိပ်ပါတဲ့ အစီးကို ၂ရက်နဲ့ကုန်တာ။

    အမေကသတင်းစာမဖတ်ရရင်မဖြစ်လို့၊ ဝက်ပေါကရုံးမှာသတင်းစာမှာထားပြီး ညနေမှဖတ်ရပါတယ်။ သတင်းစာမှာကြော်ငြာ လေးတစ်ခုဖတ်မိတော့ ပျော်လိုက်တာများ။ ဖြတ်ပိုင်းလေးကိုဖြတ်ပြီး၊ မနက်ဖက်ဝက်ပေါရုံးဖယ်ရီနဲ့လိုက်သွား၊ နုနုကိုခေါ်လို့ သတင်းစာကြော်ငြာကအိမ်ကိုလိုက် ရှာရတာ။ ဗောဓိရိပ်သာလမ်းက ဒေါ်ထားထားအေးရဲ့အိမ်ပါ။ (နုနုရော၊ အန်တီဒေါ်ထား ထားအေးကိုရော တကယ်ကျေးဇူးတင်မိတာပါ။) အန်တီကကျမကို အင်တာဗျူးတာပေါ့။ စာအုပ်တစ်အုပ်ချပေးပြီး၊ “ဒါလေးလို ချင်ရင် ဘယ်ကစရမလဲ” တဲ့လေ။ တစ်ချောင်းထိုးပုံစံ (Crochet Pattern) လေးတစ်ခုပါ။ ကျမကိုသဘောကျပြီး၊ “ဒါဆိုချည် ဘယ်လောက်သုံးမလဲ” လို့မေးပြီး ဇာထိုးဖို့ချည်တွေထည့်ပေးလိုက်ပါတယ်။ အလုပ်တစ်ခုရပြီဆိုပြီး၊အတော်ပျော်ခဲ့ဘူးပါတယ်။ ဘယ်နေ့ပြီးအောင်လုပ်ပေးပါလို့တော့မှာလိုက်တာပေါ့။ ချက်ချင်းတွေ့၊ချက်ချင်းယုံကြည်ပြီး အလုပ်အပ်လိုက် တဲ့ကျေးဇူး ကိုမမေ့နိုင်အောင်ပါဘဲ။

    ခက်တာက အိမ်မှာမီးမရသေးတော့ ညဖက်ကို ဖယောင်းတိုင်မီးနဲ့ အလုပ်လုပ်ရတာပါ။ ဧည့်ခန်းစားပွဲတင်တစ်ခု၊ ဆိုဖါဆက်တီကျောမှီတစ်စုံစာနဲ့လက်တင်အတွက်တစ်စုံစာကို တစ်ပါတ်အချိန်ပေးပြီး အလုပ်အပ်လိုက်ပါတယ်။ ပထမဆုံး ယုံကြည်မှုနဲ့ခိုင်းလိုက်တာမို့ နေ့မအားညမနားလုပ်ရတော့တာပါဘဲ။ အမေကဆို “မျက်စေ့တွေ ပျက်ပါမယ်အေ” ဆိုပြီး အတင်းအိပ်ခိုင်းတတ်တာ။ စျေးကိုလဲ ကိုယ့်ကြိုက်စျေးပေးလို့ ကြိုးစားရတာပေါ့။ (Crochetထိုးတဲ့ပညာလေးကတော့ ဝက်ပေါတို့ အထက ၅ ကဆရာမဒေါ်စန်းလွင်က၊သူတို့ကိုသင်ပေးလို့၊ ညီမလေးဆီကတဆင့်တတ်မြောက်ခဲ့တာမို့၊ ဆရာမရဲ့ကျေးဇူး၊ ညီမကတဆင့်ပြန်ရခဲ့တဲ့ ပညာကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။) (ကျောင်းမှာတုန်းကတော့ အိမ်တွင်းမှုသင်ပေးခဲ့တဲ့ ဆရာမကြီးမစ္စစ်မြင့်သိန်းက နှစ်ချောင်ထိုး-Knitting သင်ပေးခဲ့တာပါ။) တန်ဖိုးမဖြတ်နိုင်တဲ့ပညာပါဘဲ။ ဘုရားရှိခိုးတိုင်းလဲ “ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဘူးသူတိုင်းကို၊ကျမပြုတဲ့ကုသိုလ်အားလုံးနဲ့ကျေးဇူးဆပ်ပါတယ်”၊ လို့ ဘုရားရှေ့မှာနေ့စဥ်ဝန်ချကန်တော့လျက်ပါ။

    နောက်တော့ တောထဲမှာဒီအတိုင်းမနေနဲ့လေ၊ အလုပ်ထွက်လုပ်ရမယ်ဆိုပြီး၊ မနှစ်ကမှကွယ်လွန်သွားပြီဖြစ်တဲ့သူငယ်ချင်း တင်တင်မာက သူ့အလုပ်မှာ အလုပ်သွင်းပေးခဲ့တာပါ။ မင်္ဂလာစျေးမှာပါ။ တခါ အစ်မစျေးထဲမှာမဖြစ်ပါဘူးဆိုပြီး၊ ညီမမသိုက်က သူ့ယောကျာ်းကုမ္ပဏီမှာလုပ်ခိုင်းပြန်ပါရော။ မိသားစုလိုနေခဲ့ရတာမို့ပျော်ပါတယ်။ ဦးမျိုးထွန်းနဲ့မသိုက်၊ ဦးဝင်းထင် (ကိုငယ်) နဲ့မေပြုံးမြင့်၊ ညီမလေးခင်မျိုးမြင့် (မျိုးမျိုး) တို့ဟာလဲ ကျမနဲ့မိသားစုအားလုံးအတွက် ကျေးဇူးပြုခဲ့သူများပါ။

    အော်၊ သေချာတွေးကြည့်ရင် ကျမဘဝဟာအတော်ကိုမတည်ငြိမ်တာပါ။ အချို့လူတွေကတော့ အလုပ်တစ်ခုကို ဇောက်ချပြီး မလုပ်ဘူးလို့ဝေဖန်တတ်ကြသေးတာ။ အလုပ်တစ်ခုနဲ့တစ်ခုအပြောင်းမှာ ဘာတစ်ခုမှ အပြစ်အနာအဆာမရှိ၊ ဘယ်အချိန် ပြန်တွေ့တွေ့ အမုန်းမဖက်အပြုံးနဲ့ဘဲ ပြန်ဆုံနိုင်ကြသူတွေချည်းပါဘဲ။ ဘေးကအမြင်ကတော့ သူ့အမြင်နဲ့သူ့အထင်အတိုင်းမို့ မသိသလို မကြားသလိုနေတတ်ဖို့တော့အရေးကြီးပါတယ်။ လူ့သဘာဝတွေပါ။

    ဖြစ်၊တည်၊ပျက် ဆိုတဲ့သဘောလေးကိုတွေးတတ်မယ်၊နားလည်တတ်ကြမယ်ဆိုရင်တော့၊- – – – – – –

  • ရှင်သန်ခြင်း(၃)

    ရှင်သန်ခြင်း(၃)

    ဒေါ်မိအောင် Daw Mi Aung

    ဖြစ်၊တည်၊ပျက် လို့ဆိုတဲ့သဘောသဘာဝလေးကိုတွေးမိတာတော့ “တည်”ဆိုတာက ခဏလေးမှတကယ်ခဏလေးပါလား။ ကျမ PIC.မှာအလုပ်ဝင်ပြီးလို့မကြာမတင်လေးမှာဘဲ စိန်ဂျွန်းစျေး(တ-၁၀)ဆိုင်ကိုရောင်းလိုက်ရပါတယ်။ ဝက်ပေါလေးကတော့ နောက်တစ်နှစ်လောက်မှ မြေအသုံးချရေးဓါတ်ခွဲခန်း၊စိုက်ပျိုးရေး မှာအလုပ်ဝင်လုပ်ခဲ့ရတာပါ။ (ကျမကို PIC မှာအလုပ် သွင်းပေးခဲ့တဲ့ ဦးလေး ဦးသိန်းဖေနဲ့ ညီမလေးကို စိုက်ပျိုးရေးမှာအလုပ်သွင်းပေးခဲ့တဲ့ ဦးလေးဦးညွန့်စိန်တို့ရဲ့ကျေးဇူး ကိုအမြဲ သတိရကန်တော့လျက်ပါ။) ကျမတို့ညီအစ်မကတော့ အမေဖြစ်စေချင်တဲ့ ကုန်သည်လုပ်ငန်းရှင်မဖြစ်တော့ဘူးပေါ့လေ။ မောင်လေးဝင်းမောင်က ၉တန်း၊ ညီမလေး မိမာက ၇တန်း၊အငယ်ဆုံးလေးဖိုးချိုက၄တန်းပါ။ ကျမတို့ညီအစ်မရဲ့လစာ နဲ့အိမ် တာဝန်ကိုထမ်းကြရတာပါ။ အမေကတော့ သားသ္မီးတွေအတွက်ချက်လိုက်ပြုတ်လိုက်ပေါ့။

    ဝက်ပေါလေးက ငယ်ကထဲကအတွက်အချက်တော်တော့ အိမ်ရဲ့ဝင်ငွေထွက်ငွေကို၊ချင့်ချိန်သုံးစွဲတတ်ရှာတယ်။ နောက်ပိုင်း ဝက်ပေါလေးကသူဘဲစျေးဝယ်ပြီး၊ရုံးမသွားခင်ချက်ပေးခဲ့တာ။ အဲ့ဒီခေတ်က ရုံးတွေမှာ ဝန်ထမ်းတွေကို ဆန်၊ ဆပ်ပြာ၊ ဖယောင်းတိုင်စတဲ့ပစ္စည်းတွေ ရောင်းပေးတာမို့၊ ရလာတဲ့ပစ္စည်းလေးတွေကို သေသေသပ်သပ်လေးသိမ်းဆည်းထားရတာ။ နောက်ပြီး သတင်းစာကို၁၀အုပ်တစ်ထပ် စီပြီးသိမ်းရတာ။ (အမေက သတင်းစာကို အစကနေအဆုံးဖတ်တတ်တော့ အိမ်မှာသတင်းစာယူရပါတယ်။) ဝန်ထမ်းဘဝ ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံး ဆိုသလိုဘဲ၊ လကုန်ခါနီး ပိုက်ဆံပြတ်ခါနီးရင် သိမ်းထားတဲ့ဆပ်ပြာ၊ဖယောင်းတိုင်စတာလေးတွေကိုစျေးမှာသွားရောင်းရပါတယ်။ (သတင်းစာကတော့ ၄၂အုပ်ပြည့် မှတစ်ပိသာဆိုတော့ တစ်လတစ်ခါမရောင်းဘဲစုထားရတာပေါ့။) တော်သေးတာက ဝန်ထမ်းဘဝ တစ်ဆိုင်ကပစ္စည်း အကြွေးယူပြီး အခြားတစ်ဆိုင်မှာရရာစျေးနဲ့ရောင်းလို့ မိသားစုအရေးကိုမဖြည့်တင်းခဲ့ဘူးတာဘဲ ကံကောင်းလှပါတယ်။ ဝန်ထမ်းတွေ နစ်သထက်နစ်တယ်ဆိုတာ ဒီအဖြစ်မျိုးတွေကြောင့်လို့ထင်ပါရဲ့။ နေတတ်စားတတ်ရင် ကြွေးကင်းပြီး၊ မရှိမှန်းလဲလူမသိရဘူးပေါ့လေ။ သဘာဝကလဲ မရှိတဲ့လူကိုနှိမ့်ချဆက်ဆံတတ်ကြတာမို့ပါ။ ဟန်လုပ်ရမည်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။

    အမေလေ ကျမတို့အလုပ်သွားနေတုန်း၊ ငါးသလောက်တစ်ကောင်လုံး ဝယ်ပြီး ကြော်လိုက်တာ၊ အဲ့ဒီညဖျားတော့တာပါဘဲ။ နောက်ပြီး သူ့ရဲ့ပေါင်မှာ အနာရှိတော့ ငန်းမန်းတွေတက်ပြီး၊ဂယောင်ဂတမ်းနဲ့။ ကျမတို့ဘာလုပ်ရမှန်းမသိနဲ့၊ ကျမတို့လမ်းထဲက ဒေါက်တာမောင်မောင်လှကြိုင်ကို ပြေးခေါ်ရတာပေါ့။ သူကအနာကိုကြည့်၊ဆေးထိုးပေးတော့မှ နဲနဲနေသာထိုင်သာရှိသွားတာ။ မနက်စောစောတော့ ကျမသူငယ်ချင်းဒေါက်တာမစိန်ရည်ရောက်လာပြီး၊ရန်ကုန်ဆေးရုံကြီးကိုလိုက်တင်ပေးတာပါ။

    (ကျမတို့မိသားစုရဲ့ ကျန်းမာရေးဆိုရင်အချိန်မဆိုင်း ​အပြေးရောက်လာပြီး ကူညီပေးတတ်တဲ့သူငယ်ချင်းမစိန်ရည်နဲ့ သူ့ခင်ပွန်း ဦးလှမင်းတို့ရဲ့ကျေးဇူးကိုမမေ့တာတော့ တစ်သက်စာပါဘဲ။)

    အမေ့ရဲ့အဒေါ်အငယ်ဆုံး ဖွားလေးမတင်ညွန့်ကတော့ ဆေးရုံလိုက်စောင့်ပေးမယ်လို့ပြောခဲ့ရှာတာ၊ အမေ့အောက်မောင် ဦးလေး ဦးတင်ရွှေကပိုက်ဆံလေး၂၀ကျပ် အတင်းထည့်ပေးတာလဲအမြဲအမှတ်ရစရာတွေပါဘဲ။

    ရန်ကုန်ဆေးရုံကြီးမှာတော့ ဆရာဝန်ကြီးဒေါက်တာဦးသိန်းညွန့်က အမေ့ရဲ့အနာကလဲဆန်းသမို့ အထူးဂရုစိုက်ခြင်းကို ခံခဲ့ရပါတယ်။ အမြဲကန်တော့ပါတယ်။ တော်ကြာ သင်တန်းဆင်းဆရာဝန်လေးတွေရောက်လာ၊ အမေ့အနာကိုလှန်ကြည့်နဲ့ သူက မော်ဒယ်ကိုဖြစ်လို့။ အဲ့ဒီပေါင်မှာအနာကြီးဖြစ်တုန်းကသာ သေသွားခဲ့ရင် ကျမအမေအသက်၉၆နှစ်အထိနေပြီး၊ တရားဘာဝနာအလုပ်နဲ့ လွဲခဲ့ရမှာ။ ထူးထူးဆန်းဆန်း ကျမတို့လုံးဝမသိလိုက်ရတာကတော့၊ ကျမညီမဝမ်းကွဲလေး ရွှေပေါမကိုသူငယ်ချင်းမြင့်ခင်က အမေ့ကိုဆေးရုံမှာလာကြည့်ရင်းတွေ့ပြီး ပိုးခဲ့တာလို့ပြောတာပါဘဲ။???

    ကျေးဇူးရှင်တွေထဲမှာတော့ ကျမရဲ့ဆရာ (PIC, MD) အန်ကယ်ဦးတင်မောင်အေးနဲ့ဇနီးဒေါ်တင်မမ အပါအဝင် သူငယ်ချင်းတွေ ကိုပါမမေ့ပါဘူး။ ဆေးရုံကြီးအပေါ်ထပ်မှာ လည်ပင်းခွဲနေရတဲ့ ဦးစိုးမြင့် (PIC)ကိုလည်း အမေ့ကိုလာကြည့်ပြီး အားပေးခဲ့ လို့ကျေးဇူးတင်ပါတယ်။

    အမေလေ အနာပေါက်တာကုလို့ ပျောက်သွားပြီးကထဲက သမုဒယတွေကိုလွှတ်ချခဲ့ပြီး၊ တရားစခန်းတွေဘဲသွားနေတော့တာ။ သံသရာမလည်ချင်တော့လို့ တရားဘဲရှာချင်ရှာတော့တာ။ ဟုတ်မှာပါ ဘဝမှာအဆိုးနဲ့အကောင်းဒွန်တွဲနေကြတာဆိုပေမဲ့ အမေ့အတွက်တော့ဘဝဟာကြမ်းတမ်းလွန်းလှပါတယ်။ သူ့ခမြာ ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ပြီး၊လောကဓံကို ကြန့်ကြန့်ခံရင်းရုန်းကန်ခဲ့ရရှာတာ။ (ကျမကအမေ့ကို “အမေတို့များကွာအသက်၃၈နှစ်လောက်မှာ ယောကျာ်းလဲရ၊ ကလေးတွေလဲရ၊ မုဆိုးမလဲဖြစ်ဘူး ဆိုတော့အားကျလိုက်တာ”လို့ပြောရင်မျက်စောင်း ထိုးတတ်ပါတယ်။)

    တော်သေးတာက အမေ့ခမြာ အိုကံကောင်းရှာပေလို့သာပါဘဲ။

    ကလေးတွေကအတန်းကြီးလာကြတော့ မောင်လေးဝင်းမောင်က ကျောင်းမတက်တော့ဘဲ၊အစ်မတွေနဲ့အတူ အလုပ် လုပ်ကျွေးရှာပါတယ်။ ကျမလေ စကားဝါပင်လမ်းအိမ်မှာ မောင်နှမတွေ ဘာလေးနဲ့စားရ၊ စားရပျော်နေကြတာ လေးကို အမြဲမြင်ယောင်နေမိတာ။ ညမိုးချုပ်လို့ တီဗွီအစီအစဥ်ပြီးခါနီးရင် ဝင်းမောင်က တဖက်ခန်းမှာတီဗွီကြည့်နေတဲ့ကျမတို့ကို ထမင်းကြော်စားမလားလို့လှမ်းမေးပြီး၊ ညနေကထမင်းကျန်တာနဲရင် ထပ်ချက်ပြီးကြော်ကျွေးတတ်တာ။ ကြက်သွန်လေးလှီး၊ ဆီသပ်ပြီးကြော်လို့။ စားပွဲဝိုင်းကြီးခင်းပြီးစားကြတာ။ အဖေအကျင့်လုပ်ခဲ့တဲ့ ညလည်စာလေးပေါ့။ ကျမတို့ရဲ့ခြေရင်းခန်းမှာ အမေ့ရဲ့မောင်အလတ်၊ ကျမတို့ရဲ့ဦးလေးဗိုလ်ကြီးထွန်းရွှေမိသားစုနေကြပါတယ်။ အိမ်မှာတီဗွီမရှိလို့ ဦးတို့အခန်းမှာကြည့်ကြရတာ။ ကျမတို့သွားမကြည့်ရင်လဲ ဦးက တရရခေါ်နေရှာတတ်တာ။

    လွမ်းမိသား။ ဦးကတော့ ကျမတို့တူမတွေရဲ့အချစ်တော်ပါ။ ပျော်လိုက်ရွှင်လိုက်ငိုကာ၊ရယ်ကာ ဘယ်ဟာမတည်မြဲ ဆိုတဲ့ ဘဝသံသရာကြီးပါလား။

    ရုန်းရင်းကန်ရင်းလှုပ်ရှားကြရင်းနဲ့ဘဲ – – – -။ ။

  • တသသအလွမ်း

    တသသအလွမ်း

    ဒေါ်မိအောင် Daw Mi Aung

    အပူအပင်ကင်းပြီး၊သောကဆိုတာဂျိုနဲ့လားလို့ဆိုပြီးပျော်ခဲ့ကြရတာတော့ ကလေးဘဝ၊ကျောင်းနေစဥ်ဘဝတွေပါဘဲ။ မိဘအစုံအလင်နဲ့ဆိုရင်တော့လဲ အတိုင်းထက်အလွန်ပေါ့လေ။မိစုံဘစုံနဲ့နေရတဲ့ကာလမှာ ငွေကြေးမပြည့်စုံလဲ နေလို့ပျော်ကြမှာအမှန်ပါ။

    အဖေမရှိတော့လို့ အမေကဘယ်လိုဘဲပြည့်စုံအောင်ထားပေးပေမဲ့၊အလိုလိုနေရင်း စိတ်ကသိမ်ငယ်နေတာပါဘဲ။ ဒါပေမဲ့ လူငယ်သဘာဝမို့တခါတလေဝမ်းနည်းတာကိုအသာချထားလို့ ပျော်ခဲ့ဘူးကြမှာပါ။ ၁၀တန်းအောင်တော့ အဖေ့ကိုလွမ်းတာကတစ်ပိုင်း၊ပျော်တာကတစ်ပိုင်းပါဘဲ။ ကျမက၁၀တန်းကို၂ခါဖြေပြီးမှအောင်တာပါ။ ၁၀တန်းကျတဲ့နှစ်က သ္မီးကျောင်းမတက်တော့ဘူး၊အလုပ်ထွက်လုပ်တော့မယ်ဆိုတော့ အမေကစိတ်ဆိုးလိုက်တာ။ “အဖေမရှိလို့ ပညာမပြည့်စုံတာမလိုချင်ဘူး၊ဘွဲ့ရအောင်သင်ရမယ်”လို့တစ်ချက်လွတ်အမိန့်ပေးခဲ့တာ။ ဥာဏ်ကြီးပုံများ ၁၀တန်းအောင်ရင် အလုပ်ထွက်လုပ်မယ်လို့ ထပ်မပြောရအောင်တခါထဲ ပိတ်ပြီးပြောထားလိုက်တာပါ။

    ကျမ တတိယနှစ်အရောက်မှာ ညီမအလတ်ဝက်ပေါက ၁၀ တန်းအောင်ပါတယ်။အဲ့ဒီနှစ်က ပထမနှစ်တွေ သမိုင်းကသဘာဝသိပ္ပံတက္ကသိုလ်မှာတက်ရပါတယ်။လက်တွေ့ခန်း(Practical)မဝင်ရတဲ့နေ့တွေကတော့ ဝက်ပေါတစ်ယောက်ကို Main ထဲမှာဘဲတွေ့ မှာ။ ပျော်ခဲ့ကြတာမမေ့နိုင်အောင်ပါဘဲ။ ပြန်တွေးရင်အပျော်မျက်နှာနဲ့ပြုံးမိနေတတ်တာ။ ကျမတို့ညီအစ်မက ဝက်ပေါကထောက်ပံ့ကြေး (Stipend) ရပြီး၊ကျမကကျောင်းလခကင်းလွတ်ခွင့် (Free Tuition) ပါ။ တကယ်တော့အဲ့ဒီအချိန်အခါကကျောင်းထားနိုင်လောက်တဲ့ ကြွယ်ဝမှု အမေ့မှာရှိပါတယ်။ မပြည့်စုံတာကတော့ အဖေမဲ့ခဲ့ခြင်း ပါဘဲ။ ထောက်ပံ့ကြေးပေးဖို့အတွက်လာပြီးစစ်တဲ့သမာသမတ်ရှိသောဆရာကြီး၊ဆရာမကြီးတွေကိုကျေးဇူးတင်စွာနဲ့အမြဲကန်တော့လျက်ပါ။

    ကျမတို့တစ်နှစ်ထဲအောင်ခဲ့တာက ကျမနဲ့အေးအေးချိုက မေဂျာအတူ၊ ကြည်ကြည်ခင်ကစီးပွါးရေးတက္ကသိုလ် မအေးသန်းကရူပဗေဒ၊ကျောင်းသွားအတူ၊ကျောင်းပြန်အတူ ကြည့်မြင်တိုင်သူတွေ။နတ်စင်လမ်းက ကားမှတ်တိုင်မှာ၄ ယောက်ပေါင်းပေါ့။ ဝက်ပေါနဲ့တင်တင်လှကအတူအောင်လာပြန်ရော။နောက်ပြီး ဝက်ပေါတို့နဲ့တစ်ကျောင်းထဲထွက်လာတဲ့ ဝင်းနိုင်(သစ်တော)နဲ့သူငယ်ချင်းတွေကမင်းအောင်မင်း၊သန့်ဇင်၊ထွေးမြင့်၊အင်သန်း၊မြင့်စိုး၊ညွန့်ဝေ။ ဒီအုပ်စုကြီးက သွားအတူ၊လာအတူ၊စားအတူဆိုတော့လဲ ဘယ်သူကပ်ဝံ့ပါမလဲ။~ကျမနဲ့မေဂျာအတူ အတန်းဖေါ်တွေကတော့ အေးအေးချို၊ညိုညိမြတ်(Susan Aung)အေးအေးဝင်းနဲ့ခင်ဆွေလဲ့တို့ပါ။ စတိုင်ပင်ထုတ်ရတဲ့နေ့တွေဆိုရင်တော့ အုပ်စုလိုက်ကြီး ဘွဲ့နှင်းသဘင်ခန်းမမှာထုတ်ကြရပါတယ်။

    ဝက်ပေါ၊တင်တင်လှ၊ဝင်းနိုင်၊မြင့်စိုး၊အင်သန်း၊ညွန့်ဝေတို့ကစတိုင်ပင်ရကြတာဆိုတော့ အဲ့ဒီရက်တွေမှာ သူကျွေးမယ်ငါကျွေးမယ်နဲ့ အင်းယားကန်ဘေးက ဗူးသီးကြော်ဆိုင်ကို ကန်ထရိုက်ဆွဲထားကြတာ။ဆိုကြ ကကြ စားကြသောက်ကြနဲ့ပါ။ (ဝက်ပေါရဲ့သူငယ်ချင်းလဲကျမသူငယ်ချင်း၊ ကျမရဲ့သူငယ်ချင်းလဲဝက်ပေါသူငယ်ချင်းပါဘဲ။) တနေရာရာသွားဖို့များ ကျမတို့အတန်းတက်နေရင် အတန်းရှေ့မှာ ရစ်သီရစ်သီလာလုပ်နေတော့တာပါဘဲ။တခါများ ဆရာမကြီးဒေါ်ခင်စိန်(ကျားခင်စိန်) စာသင်နေတုန်း ဝင်းနိုင်ကိုအတန်းရှေ့မှာ ဘာလာလုပ်နေတာလဲထွက်မေးခံရတာ။ အဲ့ဒီတုန်းကကြောက်ပေမဲ့ နောက်ကျတော့ ပြောပြောပြီးရယ်ရတာ မျက်ရည်ကိုထွက်ရော။

    ကျောင်းသားဘဝ ပိုက်ဆံမရှိကြတော့ဘူးဆိုရင်တော့ရေသောက်၊လမ်းလျှောက်ပေါ့။ ဝက်ပေါနဲ့တင်တင်လှဆိုရင်ပိုက်ဆံရှိလဲ မန္တလေးဆောင်နဲ့ကျမတို့သိပ္ပံဆောင်ကို တစ်နေ့ဘယ်နှစ်ခေါက်မှန်းမသိအောင် ကူးချည်သန်းချည်လုပ်နေကြတာ။ တနေ့တော့ သမတမှာ ရုပ်ရှင်သွားကြည့်ကြဖို့ကားငှါးစီးတာ အုပ်စုလိုက်ကြီး ညီညီညွတ်ညွတ်တက်ထိုင်လိုက်ကြတာ ကားထဲအကုန်ဆံ့သွားတာပါဘဲ။ရုပ်ရှင်ကြည့်ပြီး ဒန်ပေါက်ကလဲစားချင်ကြသေးအအေးကလဲသောက်ချင်သေး၊ ငွေတစ်ရာကျပ်ထဲနဲ့ အကုန်လုပ်လို့ရတဲ့ခေတ်။

    ကျမတို့ထဲမှာတောသားမင်းအောင်မင်းက ဒန်ပေါက်မှကြိုက်တာ။ မင်းအောင်မင်း၊သန့်ဇင်၊ထွေးမြင့်နဲ့အင်သန်းတို့က နယ်ကနေကျောင်းလာတက်ကြတာမို့၊အိမ်ကပိုက်ဆံပို့တဲ့အချိန်မှာ ပိုက်ဆံသုံးနိုင်ပြီး၊ကျန်တဲ့အချိန်မှာတော့ ဆောရီးပါဘဲ။

    ကျမတို့တွေက တနေ့လုံးကျောင်းမှာတွေ့ပြီးကြရင်လဲ၊ အိမ်ပြန်ရောက်လို့ထမင်းစားပြီးတာနဲ့ ဝေဠုဝန်မှာနေတဲ့မအေးသန်းနဲ့တင်တင်လှက မီးရထားလမ်းကိုကူးလာပြီး၊ ဌာနာလမ်းကကြညိကြည်ခင်ကိုခေါ်လို့ စကားဝါပင်လမ်းကကျမတို့အိမ်ကိုရောက်လာကြပြန်ရော။ လူကြီးတွေအမြင်မှာတော့ အရည်မရ၊ အဖတ်မရဘာတွေပြောနေကြမှန်းမသိဘူးလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ သူတို့ကိုကျမတို့ညီအစ်မကပြန်လိုက်ပို့ရင်း၊ တခါတလေများဓါတ်မီးတိုင်အောက်မှာ ရပ်ပြီးပြောကြသေးတာ။ ပိုက်ဆံလက်ထဲကိုင်လာမိရင်တော့လဲ ဌာနာလမ်းထိပ်က မနီရဲ့အအေးဆိုင်မှာ သံပုရာရည်လေးမှာသောက်ပြီး လေကန်ကြသေးတာပေါ့။ မိုးကြီးချုပ်လဲ သွားရလာရတာအန္တရာယ်ကင်းတာပါဘဲ။ ငြိမ်းချမ်းလှပါတယ်။

    ဝင်းနိုင်ကတော့ ဒုတိယနှစ်မှာဘဲ အိမ်ထောင်ကျတာပါ။သူကစတိုင်ခပ်မိုက်မိုက်မို့ မိန်းကလေးတွေက သိပ်ကိုသဘောကျကြပါတယ်။မင်းသားပေါ့လေ။ မင်းအောင်မင်းကတော့ အပိုးသန်တာပေါ့။ ထွေးမြင့်ကတော့ညက်ညက်ကလေး။ ညွန့်ဝေကစွံတယ်။ မြင့်စိုးကလူရိုးကြီးပုံ။ အင်သန်းကတော့ကျမနဲ့မအေးသန်းတို့ကိုဘော်ဒီဂတ်လုပ်နေရလို့ သူ့ခမြာမိန်းမပိုးချိန်မရ။(ကျမတို့အလစ်မှာတော့မသိဘူးပေါ့) သန့်ဇင်ကတော့ ခပ်စောစောကထဲက နံပါတ်ချိတ်ထားတော့လှုပ်မရ။

    အမေက သူငယ်ချင်းတွေဘယ်နှစ်ယောက်လာလာ မငြိုမငြင်ကျွေးတတ်တာ။တခါတလေများ အောင်မင်းတို့အုပ်စု ဝက်ဆီဖတ်ထုပ်လေးနဲ့ ကျမတို့ကျောင်းသွားနေတုန်းအိမ်ကိုရောက်လာရင် ကြက်သွန်နဲ့သုပ်ပြီးထမင်းကျွေးတတ်တာ။ ရေနွေးကြမ်းတစ်အိုးနဲ့ အိမ်ရှေ့ခန်းမှာဖျာခင်းလို့အိပ်လိုက်စားလိုက်နဲ့၊ညနေစောင်းမှ ပြန်ကြတာ။ အိမ်မှာချိတ်ထားတဲ့ငှက်ပျောသီးဖီးကြမ်းလေးတောင် ညစားဖို့သယ်သွားတတ်သေး။ “အဆောင်မှာနေတာ အစားဆင်းရဲတယ်သ္မီးတို့ရဲ့”လို့ အမေကပြောတတ်တာ။ (ဝက်ဆီဖတ် သတင်းစာစက္ကူလေးနဲ့ထုပ်လို့တမတ်ဖိုးဝယ်လို့ရတယ်။)

    အသက်တွေကြီးလာကြပေမဲ့ ပြန်ဆုံကြတဲ့အခါမှာတော့ ငယ်ဘဝတွေကိုပြန်ပြောင်းပြောကြရင်းနဲ့ ငယ်တုန်းကလို သူတစ်ပေါက်ငါတစ်ပေါက်အပြိုင်လုပြောရတာပေါ့။ ညွန့်ဝေ၊တင်တင်လှ၊ထွေးမြင့်နဲ့မြင့်စိုးတို့ကတော့ မပြန်လာတော့မည့်အဝေးကိုထွက်သွားကြပြီ။ လူ့လောကြီးမှာရှိနေရက်နဲ့လုံးဝအစပျောက်မတွေ့ရတော့တာက မအေးသန်း။ ကျန်တဲ့သူငယ်ချင်းတို့ရေ အန္တရာယ်ကင်းကင်း၊ကျန်းကျန်းမာမာနဲ့ ပြန်ဆုံနိုင်ခွင့်လေးကို မျှော်လင့်စောင့်စားလျက်ပါ။

    ညနေထမင်းစားရင်း အရေးကြီးတဲ့ပုဂ္ဂိုလ်မှကျန်နေခဲ့လို့ပါ။ ယောကျာ်းလေးသူငယ်ချင်းတွေအားလုံးက အ ထ က(၅)ကြည့်မြင်တိုင်ကလူတော်လေးတွေပါ။ “မြင့်ခင်”ဆိုတဲ့သူငယ်ချင်းRIT ကျောင်းသားလေးကိုမေ့ထားခဲ့ရင်စိတ်ကောက်တော့မှာ။ သူကကျမတို့ရဲ့ မတ်သူငယ်ချင်းလေးပါ။ ဘယ်အချိန်ကညီမဝမ်းကွဲ ရွှေပေါ (ခင်စန်းနုရဲ့ညီမအရင်း)ကို ပိုးပမ်းပြီး၊အရယူသွားနိုင်သူပါဘဲ။ နေ့မကူးခင်သတိရမိပေလို့ဘဲ၊နို့မို့ဆို ရွှေပေါလေးကို ဟောက်ဟိန်းနေတော့မှာ။

  • ဇွဲ

    ဇွဲ

    ဒေါ်မိအောင် Daw Mi Aung

    “လူသာသေပါစေ၊နံမယ်မသေစေနဲ့” “ဂတိလဲတည်ပါစေ” လို့အမေအမြဲပြောတတ်တဲ့စကား၊ ဘာဖြစ်လို့များမကြာခဏ ပြောတတ်ပါလိမ့်။ အမေကလေ အလုပ်တစ်ခုကိုလုပ်ရင်းနဲ့၊ဘာထပ်လုပ်ရင်ပိုကောင်းမလဲလို့အမြဲတွေးတတ်သူပါ။ စျေးထဲမှာဆိုတော့လဲ၊အိမ်မှာနေတာထက်တော့ပိုပြီးအမြင်ကျယ်လာတာပေါ့လေ။အမေက သူများလုပ်တဲ့အလုပ်မျိုးကို နောက်ကလိုက်မလုပ်ချင်တဲ့လူမျိုး။ အပေးအကမ်းကလဲရက်ရောပါ့။ အမေကြီးကအမြဲပြောတတ်တယ်။ ရွာမှာအလှူအတန်းရှိလို့ကတော့ လက်ဝတ်လက်စားတွေအပြည့်ဝတ်သွားပြီး၊သူငယ်ချင်းတွေကိုပေးဝတ်တာ သူ့မှာဘာမှမကျန်အောင်ဘဲတဲ့။ အမေတို့အဖွါး ဒေါ်နှင်းမြိုင်ကအလှူရောက်လို့ သူ့မြေးဘာမှဝတ်မထားရင် အမေကြီးကိုမရိုက်ယုံတစ်မယ် ဆူတတ်တာလို့ပြောဘူးပါတယ်။ (ရှေးခေတ်က မိန်းမတွေက ယောက်ခမကို​ရိုသေရတာထင်ပါရဲ့။)

    R T B စျေးမှာတက်ထွန်တွေရောင်းတာမို့ အနယ်နယ်အရပ်ရပ်က စျေးရောင်းစျေးဝယ်တွေနဲ့ဆုံရတာ၊အမေ့အတွက် နောက်ထပ်ခြေလှမ်းသစ်စဖို့ပါဘဲ။ အကြွေးပေးလဲရက်စက်သူမို့၊ဦးလေးကိုလှစိန်က မကြာခဏစိတ်ဆိုးရတယ်။ (ဦးလေးကဝန်ထမ်းဘဝကနေ အမေ့အလုပ်ကိုကူပေးနေသူဆိုတော့၊ကြွေးဆုံးမှာအားကြီးကြောက်တတ်တာ။) နောက်တနေ့ ဆိုင်ကိုမလာတော့ရင်၊ “လှစိန်တော့ စိတ်ဆိုးသွားပြန်ပြီ၊သူ့မိန်းမ(မခင်ဆင့်)ကိုသွားခေါ်ချည်” ဆိုရင်တော့လဲပြီးသွားတတ်တာပါဘဲ။ အကြွေးပေးတာများ နေရပ်လိပ်စာမသိဘဲနဲ့ကိုပေးတတ်တာ။ နောက်ပြီး အမေကနေ့လည်ဖက် စကော့စျေးမှာ၁၀ပြား(ရေအိမ်)သွားရင်းနဲ့လဲ၊အဆင်ဆန်းအသားကောင်းတဲ့အထည်လေးများတွေ့ရင် အုပ်လိုက်ယူလာတတ်တာ။သားအမိ၊ယောင်းမကစလို့ ချုပ်ဝတ်ခိုင်းဖို့တဲ့။ ယ္ခင်ကစကော့စျေးလမ်းကြားထဲမှာ ဗန်းကလေးတွေထဲမှာပိတ်အုပ်လေးတွေကိုသရေပင်ကြိုးနဲ့စည်းပြီးရောင်းတဲ့ဆိုင်လေးတွေရှိပါတယ်။ မှောင်ခိုတန်းလို့​ခေါ်ကြတယ်။ အဲ့ဒီလိုခေါ်တာကိုသိပ်မုန်းတာ။

    မကြာခင်ဘဲ ဒေါ်ခင်မေတို့ခြေလှမ်းသစ်စပြီဆိုတော့၊အမေက ဝက်ပေါ၊မိမာ၊မခင်ဆင့်နဲ့မအုန်းမေတို့ကိုခေါ်ပြီး၊ မန္တလေးသွားကြပါတယ်။ မိမာတို့ကတော့ ဒူးရင်းသီးတွေစားပြီး၊ရထားပေါ်မှာပူလှချည်နဲ့ ဂျီထိုးလို့ ရထားတွဲကရေအိမ်မှာ နဲနဲငြိမ်အောင်ရေချိုးပေးရတယ်လို့ပြောပြီးရယ်ရသေးတယ်။ (အဲ့ဒီအခါက ရထားတွေကသန့်ပြန့်ပြီး၊အချိန်လဲမှန်ပါ့။ ရန်ကုန်ကမနက်၆နာရီထွက်ရင်မန္တလေးကိုညနေ၆နာရီတိတိရောက်တာ။ ကြိုပေးရတဲ့သူလဲ အဆင်ပြေတာပေါ့။) မောင်လေးနှစ်ယောက်နဲ့နေခဲ့ရတာတော့ကျမပါဘဲ။ဝက်ပေါကဥာဏ်လဲကောင်း၊ပါးရေနပ်ရေလဲရှိတော့ ၊သူ့ကိုအမေကအမြဲခေါ်သွားတတ်တာလေ။ ပိုးချည်တွေမန္တလေးမှာရောင်းဖို့ အမရပူရဖက်ကယက္ကန်းစင်တွေအထိသွားစပ်တာ။ မန္တလေးကအန်ကယ်ဦးမောင်မောင်ဝင်းတို့လျှပ်စစ်ဝင်းထဲကအိမ်မှာမှာတည်းကြရတယ်။အန်ကယ်ရဲ့သ္မီးShirley Win@အေးအေးဝင်းကSt.Philomena’s ကကျမရဲ့သူငယ်ချင်းပါ။

    နောက်ထပ်ရောက်လာတဲ့သူတွေကတော့ဒေါ်ခိုင်ကျော်ဦး၊ဒေါ်မေနုဖြူ၊ဒေါ်လှနုဖြူစတဲ့နံမည်လှလှလေးတွေနဲ့ရခိုင်ကကုန်သည်တွေပါဘဲ။သူတို့ကပိုးချည်တွေလာရောင်းကြတာပါ။ သူတို့ပြန်ရင်တက်ထွန်၊ပါတိတ်လုံချည်၊ အချိုမှုန့်စတာတွေဝယ်ပြီးပြန်ကြတာပါ။ ပိုးချည်ကအန္ဒိယဖက်ကဝင်တာပါ။ ထားဝယ်သူဒေါ်ဟန်ကြည်ကတော့ အမေနဲ့ညီအစ်မအရင်းတမျှပါဘဲ။ သူ့ယောကျာ်းက အောင်မြင့်သိန်းစက်လှေကစက်ဆရာ ဦးစိုးပါ။ မြိတ်ကနေ ပါတိတ်လုံချည်၊အချိုမှုန့်၊ငပိငံပြာရည်စတာတွေကို စက်လှေနဲ့တင်ပေးပြီးတာနဲ့ အန်တီမဟန်ကြည်ကရန်ကုန်ကိုလေယာဥ်နဲ့လာတာ။ စက်လှေမဆိုက်မချင်းတော့ ကျမတို့ညီအစ်မတွေနဲ့ရုပ်ရှင်ကြည့်၊ဘုရားသွားပေါ့။ ဦးလေးကိုလဲကြောက်ရတော့၊လှေဆိုက်တာနဲ့ ရောင်းစရာဝယ်စရာတွေကလွဲရင် ပွဲလမ်းအကြောင်းမဟရဲတော့တာ။ လှေပြန်ထွက်ရင်တော့ ပုဆိုးကြမ်း၊ဆေးရွက်ကြီးစတဲ့ကုန်တွေပြန်တင်သွားကြပြန်ပါရော။ အန်တီပေါ့ကျမတို့ကိုအမြဲပြောတတ်တာ၊ “မိန်းကလေးဆိုတာမိုးလင်းတာနဲ့ရေမိုးချိုးထား၊ခေါ်တဲ့လူရှိရင်ချက်ချင်းထလိုက်သွားရုံ” ဘဲတဲ့။ပြောပုံများ၊ကျမတို့က အန်တီစကားကြီးကလဲဆိုတော့မှ “နင်တို့အမေကို ‘မမရယ်’ကလေးတွေနဲ့ရုပ်ရှင်သွားကြည့်မယ်နော်၊ လို့ ပြောပြီး ခွင့်ပြုချက်ရမှ ရေမိုးချိုး၊ပြင်ဆင်နေလို့ ကြာသွားရင် စိတ်ပြောင်းပြီး မသွားနဲ့တော့ဆိုရင်ဘယ်လိုလုပ်မလဲ” တဲ့လေ။ သူပြောတာလဲဟုတ်တာဘဲ။

    မြစ်ကြီးနားကကုန်သည်တွေကတော့ ချည်ထုပ်(၂/၈၀၊ ၂/၆၄ စတဲ့ ချည်စစ် cotton)ကိုလာဝယ်ကြတာပါ။ သူတို့ကတော့ ကချင်လွယ်အိပ်၊ကချင်လုံချည်စတာတွေယက်ဖို့ပါဘဲ။ မန္တလေးကိုတော့ပိုးချည်တွေပို့ပေးရတာပေါ့။ ပိုးချိတ်၊ကြိုးကြီးချိတ်စတာတွေယက်ဖို့။ ခုထိ ကျမ အဖြေမထွက်သေးတာက ပိုးချည်ရော၊ချည်ထုပ်ရော “မှောင်ခို “တဲ့။ ဒါပေမဲ့ စကော့စျေးက ပိုးထည်ချည်ထည်ဆိုင်ကြီးတွေကတော့ ဟီးထနေတာကိုပါ။ အန်တီမဟန်ကြည်ဆိုလို့အဖေ့ကိုအမှတ်ရမိသွားပြန်ရော။ အန်တီကအဖေဆုံးတဲ့နေ့မနက်အစောလေယာဥ်နဲ့ပြန်မှာ၊ ကွင်းချိန်းက၅နာရီမို့အိပ်ယာကထပြီးပြင်ဆင်တော့ ကျမတို့နိုးမှာစိုးလို့ အတွင်းခန်းမီးကိုမဖွင့်ဘဲအိမ်ရှေ့အထွက်မှာ အမေက “သူခိုး”ဆိုပြီးလန့်အော်တာ။ အဲ့ဒီအချိန်ကထဲက အဖေလဲလန့်ပြီး သွေးတိုးသွားတာလေလား။ ကျမတို့မောင်နှမတွေက အိမ်ကိုလာတဲ့ကုန်သည်တွေနဲ့ဘဲအနေများခဲ့တာ။ သူတို့ဆုံးမတာတွေ၊ သူတို့ရဲအပြုအမူအနေထိုင်နဲ့သူတို့ရဲ့စရိုက်တွေကိုကြည့်ပြီး၊ ဆောင်သင့်ရှောင်သင့်တာတွေကိုဆောင်ခဲ့ရှောင်ခဲ့ပြီးကြီးပြင်းခဲ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူတွေပါ။ သူတို့အားလုံးနဲ့ဆွေမျိုးရင်းခြာပမာ နေခဲ့ရတော့ ဘယ်တော့မှမကွဲဘူးလို့ထင်ခဲ့မိတာ။ ဘယ်ဟုတ်လိမ့်မလဲ ဆန်ဆုံစား၊ ကံကုန်သွား ဆိုသလိုဘဲ၊ ဘယ်ဆီဘယ်ဝယ်တွေရောက်ပြီး၊ ရှိကြလေသေးလား၊ မရှိကြတော့ဘူးလားဆိုတာကိုတောင်မသိရတော့တာပါ။

    ပေါင်းတည် ကအမေဒေါ်ခင်မြင့်ကအမြဲပြောတတ်တယ်။ “ဆန်ဆုံစား၊ကံကုန်သွားတွေပါအေ၊သိပ်မတွယ်တာနဲ့” တဲ့။ မှန်လိုက်တာ။

    ကံကြမ္မာဆိုတာ တရားသေတွက်ထားလို့မရတာတော့တကယ်ကိုပါဘဲ။ အချိန်ရှိခိုက် ရှာကြဖွေကြပေမဲ့၊မမြင်ရတဲ့ အကြောင်းကံလေးတွေကပေါ်လာပြီဆိုရင် ဘာမှလုပ်ကိုင်ခွင့်မရနိုင်တော့တာပါဘဲ။ ဦးသန့်အရေးအခင်းဖြစ်လို့ ဆိုင်ပိတ်လိုက်ရပြီဆိုကထဲက ဝင်ငွေကနတ္ထိ။အကြွေးတွေက လာပေးကြချင်ပေမဲ့ လမ်းခရီးကအစဥ်မပြေ။ အရေးအခင်းပြီးတော့RTBစျေးကဖျက်ရ။ ယ္ခု ဂျပန်ဆေးရုံနေရာမှာဆိုင်ခန်းလေး(တ-၁၀)ပြန်ရပါရဲ့။ ရောင်းဝယ်နေကြစျေးဝယ်တွေကဆိုင်ရှာမတွေ့၊ငွေရင်းကနဲ။ လူတွေအတော်ဒုက္ခရောက်ခဲ့ကြရတာ။ ဒါပေမဲ့ ဒေါ်ခင်မေရဲ့မူအတိုင်း “ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်မယ်။ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော်မယ်” ဆိုပြီးပြန်လည်ရုန်းထခဲ့ကြပြန်ပါရော။ နံမည်ပျက်မရှိ၊ဂတိတည်ခဲ့လို့သာ ပြန်လည်ရပ်တည်နိုင်ခဲ့ကြတာပါ။

    အလံမလှဲစတမ်း ပေါ့လေ။

  • တာဝန်ကျေလွန်းသူ

    တာဝန်ကျေလွန်းသူ

    ဒေါ်မိအောင် Daw Mi Aung

    အမေနဲ့ကတော့ မျက်နှာချင်းဆိုင်လို့ စကားသုံးခွန်းပြောရင် နှစ်ခွန်းမြောက်မှာမတည့်တော့ဘူး။အဲ့ဒါက သိတတ်တဲ့အရွယ်ကစပြီး၊ ယ္ခုအမေကွယ်လွန်တဲ့အချိန်အထိပါဘဲ။ ကျမတို့ညီအစ်မတွေနဲ့အမေက စိတ်သဘောချင်းမတိုက်ဆိုင်လို့ဖြစ်ပါလိမ့်မယ်။ စကားပြောမတည့်ကြလို့အချေအတင်ဖြစ်ရင်တော့ အမေက “ထပ်မပြောနဲ့၊ မိဘက ဝါးလုံးကြီးမြင်ရဲ့သားနဲ့ ဝါးခြမ်းလို့ပြောရင် ခြမ်းပစ်လိုက်ရမယ်” ဆိုပြီး၊အနိုင်နဲ့ပိုင်းတတ်တာ။ ဟီးဟီး၊မိဘ ပါဝါ အပြည့်သုံးလိုက်တာလေ။

    ကျမတို့က အဖေကိုဘဲချစ်တဲ့ကလေးတွေလေ။ အဖေဆုံးတုန်းကများဆို” အဖေရေ၊သ္မီးတို့ဘယ်သူနဲ့နေရမလဲ “ဆိုပြီး၊ အော်ငိုလိုက်တာပါ။ တကယ်တွေးကြည့်တော့ အမေကသနားစရာကောင်းလှပါတယ်။ အဖေဆုံးတော့ သူ့ခမြာ သားသ္မီးတွေ မျက်နှာမငယ်ရအောင် အတော်ရုန်းကန်ခဲ့ရရှာတာပါ။ တွေးပြီးအမေ့ကိုအားနာမိတာ။

    နောက်ပြီးတော့ ကြည့်မြင်တိုင်ကန္နားစျေး အဝတ်အထည်တန်းမှာဆိုင်လေးတစ်ဆိုင်ဝယ်လိုက်ပြီး၊ စျေးမှာဘဲအထည်ရောင်းမည်လို့အကြံနဲ့ထင်ပါရဲ့။ ဘာလို့ဆိုင်ဝယ်လိုက်ရတာလဲအမေလို့မေးတော့၊ “သ္မီးတို့နားမလည်သေးပါဘူး၊ဆိုင်တစ်ဆိုင်ရှိထားရင် ထမင်းစားဖို့မပူရဘူး” တဲ့။ ဒါပေမဲ့ ကုန်သည်တွေက အိမ်ကိုဘဲ ပစ္စည်းလာပို့၊လာရောင်းနေကြတာဆိုတော့၊အမေကဆိုင်ကိုမသွားနိုင်ပါဘူး။

    ဝက်ပေါလေးကနေ့လည်မှကျောင်းတက်ရတာဆိုတော့၊မနက်စောစောဆိုင်ဖွင့်ရပါတယ်။ပြီးရင်စျေးထဲကိုလာဝယ်တဲ့သူတွေက ဘာပစ္စည်းလိုချင်တယ်ဆိုရင် စာရင်းယူထားပြီး၊အိမ်ကနေပို့ပေးရပါတယ်။ အဲ့ဒီအချိန် ကထဲက ဝက်ပေါလေးက လယ်လယ်ဝယ်ဝယ်ရောင်းတတ်၊ဝယ်တတ်၊တွက်ချက်တတ်နေပြီ။ကျမကတော့ မနက်ပိုင်းကျောင်းတက်ရတာမို့၊မနက် ၅နာရီ၊ ပြည်ရထားနဲ့ပါလာတဲ့ကုန်ပစ္စည်း တွေကိုစာရင်းမှတ်ထားပေး၊အထည်တွေလာယူမည့်သူအတွက် အထုပ်တွေနဲ့ပစ္စည်းစာရင်းလုပ်ပေးပြီးမှ ကျောင်းတက်ရပါတယ်။ညနေ ညီအစ်မနှစ်ယောက်ပိုက်ဆံသွားရှင်းကြရတာ။

    ( နေ့စဥ်အလုပ်တွေပါ။)

    ပြည်ရထားဆိုလို့၊ ဒီလိုအချိန်ဆို အိမ်မှာ သြဇာသီးဝယ်မစားရပါဘူး။ မှော်ဇာက သြဇာသီးဆိုရှယ်ဘဲ။ ခြင်းတွေနဲ့ကိုပို့ပေးတာ။ ကျမတို့အိမ်ရဲ့ထပ်ခိုးပေါ်မှာ ဖြန့်ထားရတယ်။ ကျမတို့ညီအစ်မတွေက ရင်ကြပ်တတ်တော့ အမေကသိပ်မကျွေးပါဘူး။ တနေ့တော့ဝက်ပေါတစ်ယောက် အိမ်ပေါ်ထပ်ကို တိတ်တိတ်လေးတက်ပြီး သြဇာသီးကို အကြိုက်ထိုင်စားပစ်လိုက်တာ၊ချောင်းတွေ တအားဆိုး ချွဲတွေထွက်လို့ ရင်ကြပ်သက်သာသွားတယ်ဆိုဘဲ။ သူ့ဆေးနဲ့သူ ဟန်ကျလိုက်ပုံများ။

    မောင်နှမတွေ အစားမက်တာများ ကျမတို့အမေကြီး(အမေ့ရဲ့အမေ)အမြဲပြောတတ်တာ “ဒီကလေးတွေက စားရလေ ငတ်လေ။ ဝါးရုံကုန်တို့၊ကျွေးမဝတို့ ” တဲ့လေ။ ဟုတ်လဲဟုတ်တာဘဲ။ဒူးရင်းသီးဝယ်ကျွေးရင်နှစ်လုံးလောက်ဘဲဆို နံ တောင်မဆွတ်ဘူး။ အမေက ဘယ်လိုလုပ်သလဲဆိုတော့၊– ကျမတို့အိမ်ရှေ့အိမ်က’ ရတနာမြိုင် ‘ဆိုတဲ့ဘတ်(စ)ကားကြီးထောင်ထားတယ အဲ့ဒီကားကြီးက ရန်ကုန်နဲ့မော်လမြိုင်သွားတဲ့ကားကြီး။ ဒူးရင်းသီးပေါ်ချိန်ဆို ကျိုက္ကော်ကဒူးရင်းသီးတွေတင်လာတာ၊ ကျမတို့လမ်းကိုညမိုးချုပ်ရင် ကားဆိုက်ပြီ။ ကားဝင်လာကထဲကဒူးရင်းသီးနံ့တွေ လှိုင်လို့၊ အိမ်ကကလေးတွေကလဲ ဒူးရင်းသီးစားဖို့ ရွစိ ရွစိ ဖြစ်နေကြပြီ။ ကျိုက္ကော်ကဒူးရင်းသီးသည်ဒေါ်စီက ယူကြဦးမလားလို့လှမ်းမေးတာတောင် မစောင့်နိုင်ဘူး။ အမေ့ခမြာမှာ အိမ်ကစကောတစ်ချပ်ယူပြီး ဒူးရင်းသီးသွားရွေးရတော့တာပါဘဲ။ ဝယ်လာပြီး မောင်နှမတွေကို “လာခဲ့၊တစ်ယောက်တစ်လုံးကြိုက်တာယူ၊ကိုယ့်ဒူးရင်းသီးကိုယ်စား၊စကားမများနဲ့” ဆိုပြီးကျွေးတော့တာပါဘဲ။ ကျမတို့ကတော့ ဘယ်လောက်ကျွေးကျွေး ရတနာမြိုင်ကားဆိုက်လာလို့ကတော့ အမေရေဒူးရင်းသီးစားမယ်လို့ ပူဆာကြတော့တာပါ။ မညည်းညူစတမ်း ဖြည့်ပေးတာလဲ အမေပါဘဲ။

    ကျောင်းရက်ရှည်ပိတ်တာနဲ့ ခရီးသွားဖို့ စိုင်းပြင်တော့တာလဲအမေပါဘဲ။ သူ့ကလေးတွေကို အဖေမရှိလို့ သူများပြောတဲ့စကားကိုဘဲ အငေးသားနားထောင်နေရမှာစိုးရိမ်လို့ပါတဲ့။ အမေက မနှမြောတတ်ဘူး။ သူ့မှာအခြွေအရံကလဲပေါပါ့။ ခရီးသွားမယ်ဆိုရင် အမေ့ဆိုင်မှာ ကူညီညာလုပ်ပေးတဲ့ဦးလေးကိုလှစိန်(ကုန်သွယ်ရေးကဝန်ထမ်းတွေလျှော့လို့အလုပ်မရှိ)နဲ့သူမိန်းမ မလှဆင့်နဲ့ကလေးနှစ်ယောက်၊ ပုတီးကုန်းကဦးလေးကိုမူတူးတို့မိသားစုတို့တွေကိုပါခေါ်ပြီး ကားတစ်စီးငှားလို့ခရီးထွက်ကြတော့တာပါဘဲ။ (၁၉၇၀ခုနှစ်က အမေလိုက်ပို့လို့သာ ပုဂံကိုရောက်ဘူးလိုက်တာ၊ခုချိန်အထိ ကျမပုဂံကိုထပ်ပြီးမသွားဖြစ်သေးပါ။ အမေကသွားချင်တယ်ဆိုတာလဲ၊ ကိုဗစ်ကစလိုက်တော့ လိုက်မပို့လိုက်ရတာ အလွန်ဝမ်းနည်းမိပါတယ်။)

    နောက်ပိုင်း အမေကဘယ်လောက်များအလှမ်းကျယ်လိုက်သလဲဆိုရင်၊ RTB စျေးမှာဆိုင်ခန်းတစ်ခန်း ဝယ်လိုက်ပြီး၊ အဲ့ဒီခေတ်က မှောင်ခိုလို့ခေါ်ကြတဲ့ တက်ထွန်ပိတ်စတွေရောင်းတဲ့ လက္ကားဆိုင်ဖွင့်လိုက်ပြန်ရော။ မနက်မိုးမလင်းခင် တောင်ဥက္ကလာပ( ၁၀ )ရပ်ကွက်စျေးမှာ ပစ္စည်းတွေစျေးဖြတ်ပြီး၊ RTB စျေးကိုကားနဲ့သယ်လာရတယ်။ မော်လမြိုင်ကသယ်လာတဲ့ကုန်သည်တွေကိုတော့ RTB စျေးဆိုင်ကိုရောက်မှငွေချေရပါတယ်။ (မော်လမြိုင်ကတက်ထွန်သယ်လာတဲသူတွေဆိုသိပ်သနားဖို့ကောင်းတာပါဘဲ။ ပိတ်စတွေကိုကိုယ်မှာပတ်ပြီး၊သရေကြိုးစည်းထားရသေးတယ်။ အဲ့ဒီအပေါ်ကမှအင်္ကျီထပ်ဝတ်ရတာ။ ပူကြရှာမှာ။ အမေကသူ့ဆိုင်မှာသောက်ရေအိုးကိုအမြဲသတိထားပြီးရေဖြည့်ပေးခိုင်းတတ်ပါတယ်။) အဲ့ဒီအချိန်ကျတော့ ကျမ တက္ကသိုလ်ရောက်ပါပြီ။ ဦးလေး ကိုလှစိန်ကိုတစ်လ၃၀၀ကျပ်ပေးပြီး ၊ဆိုင်မှာကူခိုင်းတာမို့ကျမတို့စျေးကိုမလိုက်ရတော့ပါဘူး။ အမေကလေ ပိတ်စသာရောင်းတာ၊ ကိုက်တံကိုင်ပြီးကိုက်မထိုးခဲ့ရဘူး။ သူ့မှာဝိုင်းဝန်းမည့်သူတွေအပြည့်။ အဲ့ဒီကာလကတော့ ပိုက်ဆံဆိုတာ အံဆွဲထဲကရတာလို့ဘဲ ထင်ခဲ့ကြရတာပါ။ အမေကသိပ်ဥာဏ်ကောင်းတာ။ ဒီနေ့ ပစ္စည်းဘယ်လောက်ဝင်တယ်၊ဘယ်စျေးနဲ့ဝယ်ပြီး၊ဘယ်စျေးနဲ့ရောင်းတယ်။အမြတ်ဘယ်လောက်ဆိုတာစိတ်တွက်တွက်ပြီးသား။ ညမိုးချုပ်ရင်တော့ ကျမကိုစာရင်းပြန်စစ်ခိုင်းတတ်ပါတယ်။ သူစိတ်နဲ့တွက်ထားတဲ့အဖြေနဲ့မကိုက်လို့ကတော့ အဲ့ဒီည ကောင်းကောင်းမအိပ်ရဘူး မှတ်ပေတော့။ ဒါပေမဲ့ ပိုက်ဆံဆိုတာ မျက်စေ့ပါတာမို့၊ သူ့ဖါသာတက်လာတတ်ပြီး၊ သူ့ဖါသာလဲပြန်ဆင်းသွားတတ်ကြပါတယ်လေ။ ။

  • လွမ်းမဆုံး

    လွမ်းမဆုံး

    ဒေါ်မိအောင် Daw Mi Aung

    ကျမတို့ငယ်စဥ်က ကြည့်မြင်တိုင်ဘူတာရဲ့အုတ်နံရံကိုကျောကပ်ပြီးစျေးတန်းကြီးရှိခဲ့ဘူးတယ်။ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာပါ။ ဘူတာရုံရှေ့ကနေပန်းပင်ကြီးလမ်းထိပ်အထိကိုစျေးတန်းကြီးကရှည်မျောမျောနဲ့ ပဲလင်းမြွေသီးကြီးလိုဘဲ။ ညနေဖက်ညစျေးတန်းလျှောက်ရမယ်ဆိုအရမ်းပျော်ပေါ့။ သကြားပလာတာကတစ်မတ်၊ကီးမားပလာတာဆိုရင်ပြား၆၀၊စားကောင်းတာတော့ ခုတွေးရင် ခုစားချင်တယ်။ ကိုမုံလာဖါလူဒါ သောက်ရင်၆၅ပြားရယ်။အဲ့ဒီကိုမုံလာက ကျမတို့စကားဝါပင်အောက်လမ်းမှာနေတာ။ ခေါက်ဆွဲကြော်၊ကြာဇံကြော်ဆိုင်တွေလဲရှိတာပေါ့။ အစားသရဲမို့ စားသောက်ဆိုင်တွေဘဲညွှန်းနေမိတာ။ တကယ်တော့ စျေးသည်အစုံပါဘဲ။

    ခေါက်ဆွဲကြော်၊ကြာဇံကြော်ကတော့ညစျေးတန်းကလွမ်းလောက်စရာမရှိလှပါဘူး။ကျမက အဖေ့ပုဆိုးစကိုဆွဲပြီး၊ အဖေဘယ်သွားသွားလိုက်နေကြဆိုတော့၊အဖေအရက်သွားသောက်လဲလိုက်တာဘဲ။ ပန်းပင်ကြီးလမ်းထိပ်က မအုန်းတို့ အနီတို့ မောင်နှမရဲ့ခေါက်ဆွဲကြော်ကမှမိုက်တာ။ အဖေအရက်သောက်ရင် ဘေးကနေအမြည်းလိုက်စားရတာကိုလဲသိပ်သဘောကျတာ။ အမေကအဖေ့နောက်ကိုလိုက်ဖို့ကျမကိုအမြဲထည့်တာ၊ကလေးပါရင်အရက်နဲနဲဘဲသောက်မှာမို့။ ကျမကအဖေ့ရဲ ဘော်ဒီဂတ်ပေါ့။ ဝက်ပေါ လမ်းလျှောက်တတ်တဲ့အရွယ်ရောက်တော့ အဖေ့ဘေးမှာညီအစ်မနှစ်ယောက်ဖြစ်သွားရော။

    တနင်္ဂနွေနေ့ဆိုရင်အဖေကသူငယ်ချင်းတွေနဲ့ (ဦးလေးကိုစိန်ဝင်း၊ဦးလေးကိုစိန်ရွှေ) မြင်းပွဲသွားမှာမို့ ကလေးပါရင်သွားလို့မရအောင် အတင်းကိုလိုက်ခိုင်းတာဘဲ။ အဖေတို့များ ကလေးခေါ်ခွင့်မရှိတဲ့မြင်းပွဲထဲကို ကျမကိုပါရအောင်ခေါ်တာ။ အမေဆိုတာ” သြချပါရဲ့”လို့တောင်ပြောယူရပါတယ်။ ဦးလေးတို့က မြင်းပွဲသွားမယ်ဆိုရင်ဘယ်တော့မှအိမ်ကိုလာမခေါ်ဘူး။ လမ်းမှာဘဲချိန်းကြတာ။ ဦးလေးကိုစိန်ဝင်းကတော့အမေ့ကို “မခင်မေက အကုန်တော်တယ်၊မြင်းပွဲသွားခါနီးရင်အရမ်း ဂိတ်ဆိုးတာမို့ပါ “တဲ့။ အမေကလဲ အိမ်ကထွက်ခါနီးတာနဲ့ “ရှုံးပါစေတော် ” လို့အမြဲပြောတတ်တာကို။ အဲ့ဒီဦးလေးကိုစိန်ဝင်းက အမေနဲ့အဖေမင်္ဂလာဆောင်မယ်ဆိုတော့ငိုလိုက်တာ တဲ့။ အမေနဲ့ယူပြီးနောက်ပိုင်းမှာတောင် သူသိပ်မူးလို့အိမ်မပြန်တော့ရင်အဖေတို့အမေတိုတို့ခြင်ထောင်ထဲမှာဘဲအတူအိပ်တတ်တာ။ အမေမကြာခဏပြောပြတာပါ။ အဖေ့ကိုသိပ်ချစ်ရှာတာ။

    (အဖေဆုံးပြီးတဲ့နောက်ပိုင်း ဦးလေးကကျောင်းပိတ်ရက်ဆိုတောင်ဥက္ကလာကနေကြည့်မြင်တိုင်ကိုစက်ဘီးစီးလာပြီး ကျမတို့ကိုပေါင်မုန့်လေးကစလို့မုန့်ဝယ်ကျွေးဖို့လာခဲ့ရှာတာ။) တွေးကြည့်တော့လဲ သမုဒယ တွေပေါ့လေ။

    အော်၊ အတော်သစ္စာကြီးကြတဲ့ဆိုးတူကောင်းဖက် မိတ်ဆွေသူငယ်ချင်းတွေပါလားလို့၊အားကျမိတာပါဘဲ

    ဘောလုံးပွဲလဲ ရွှေမိတို့ပါတာဘဲ။ ၁၂နှစ်၊၁၃နှစ်လောက်မှမလိုက်ရတော့တာ။ အဲ့ဒီအချိန်ကျတော့မောင်လေးဝင်းမောင် လိုက်ရတဲ့အလှည့်ပေါ့။

    အဲ့ဒီလိုအဖေ ပျော်ပျော်ပါးပါးနေခဲ့ရတဲ့အချိန်က၁၉၆၂ခုနှစ်ရဲ့အရှေ့ပိုင်းပေါ့လေ။

    အဖေတို့ညီအကိုတော် ဦးလေးတစ်ယောက်က ကျမကို”အရက်သမားသ္မီး”လို့အမြဲစတတ်တာ။ (ဘယ်သူဆိုပြီးနံမည်ထည့်မရေးတာ မမှတ်မိလို့မဟုတ်ပါ။) ကျမသိပ်မုန်းတာဘဲ။ ပြန်ပြီးတော့လဲရန်ဖြစ်တတ်သေးတာ။ ” ကျမအဖေ အရက်သောက်တာ သူ့ပိုက်ဆံနဲ့သူသောက်တာဘာဖြစ်လဲ၊ လူကြီးလူကောင်းလိုသောက်တာ” လို့ကိုပြန်ပြောပစ်လိုက်တာပေါ့။

    အဖေက တကယ်ကိုလူကောင်းပါ။ မိန်းမကိုလဲအလိုလိုက်၊သားသ္မီးကိုလဲသိပ်ချစ်တတ်ပြီး လိမ္မာအောင်လဲဆုံးမတတ်တယ်။ အဖေကသားအငယ်ဆုံးသာဆိုတယ်၊ အမေ့ရဲ့ညီမတွေ မောင်တွေကိုလဲ စောင့်ရှောက်တာမှ အမေ့ထက်ပိုသေးတယ်။ ဒါကြောင့် ကျမရဲ့ဦးလေးတွေ အဒေါ်တွေကသိပ်ချစ်ကြတာ။ ကျမရဲ့ညီမဝမ်းကွဲ ခင်စန်းနုဆိုရင် “သ္မီးကဘဘအောင်ကြည်ကိုဘဲချစ်တာ၊ကြီးကြီးမေကိုမချစ်ဘူး”လို့အမြဲပြောတတ်ပါတယ်။ (အမေ အိပ်ယာထဲလဲပြီလို့ဆိုပြီး ခင်စန်းနုကိုဖုန်းဆက်တော့ သူက “အမရေ သ္မီးတို့ဘဘအောင်ကြည်ကိုဘဲချစ်တယ်လို့” ပြောခဲ့မိတာဆိုပြီး၊ ညီအစ်မနှစ်ယောက်ဖုန်းပြောရင်းငိုလိုက်ရတာလေ။) တနင်္ဂနွေလိုအားလပ်တဲ့နေ့တွေမှာအဖေ ဟင်းချက်လို့ကတော့ ကျမတို့ကလေးတွေ အဖေ့ဘေးမှာဝ်ိုင်းပြီး၊နောက်ကျောကဖက်ထားတဲ့လူနဲ့အဖေ့ဗိုက်ခေါက်ကိုဆွဲတဲ့လူနဲ့ မျက်စေ့ထဲမှာမြင်ယောင်နေစဲပါ။ အမေကတော့ “မျက်စေ့ကိုနောက်နေတာဘဲလို့” အမြဲပြောတတ်တာ။

    ‘လူချစ်လူခင်များလွန်းလို့ စောစော သေတာလားအဖေရယ် ‘လို့တောင်တွေးမိတာ။ ၁၉၆၂ခုနှစ်ရဲ့နောက်ပိုင်းမှာတော့ အဖေက ၂နှစ်နီးပါး အိမ်မှာဘဲနေခဲ့ရပြီး၊စားဝတ်နေရေးအတွက်ကိုတော့အမေက စတင်လှုပ်ရှားရတော့တာပါဘဲ။ အဲ့ဒီ နှစ်နှစ်ပြီးနောက်ပိုင်းမှာတော့၊အဖေဘဲစီးပွါးရေးကိုဇောက်ချလုပ်ကိုင်ခဲ့တော့တာပါ။ အောင်မြင်တဲ့အဖေပါဘဲ။ နိုင်ငံရေးအလုပ်ကိုခဝါချခဲ့တာတော့၊ ရခိုင်လေဘေးအတွက် ဘဘဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်) ကငွေဖလားကြီးနဲ့အလှူခံထွက်တော့အဖေကပိုက်ဆံထွက်လှူတာပေါ့။ အဖေ့ကို” မောင်အောင်ကြည် မင်းလိမ္မာတော့” လို့ပြောခဲ့ ကထဲကပါဘဲ။

    အဖေကအရမ်းကျန်းမာတာပါ။ တခါဆိုတခါဘူးမှကို ဖျားနာဖို့နေနေသာသာ နှာတောင်မစေးဘူးတာ။ အမေကသာ ချူချာတာ။ မဆုံးခင်တစ်နှစ်တော့ အန်လိုက်၊ဝမ်းသွားလိုက်နဲ့ “အထက်လှန်၊အောက်လျှော”ဝေဒနာ တခါဖြစ်ဘူးလိုက်ပါတယ်။ အမေ့ဦးလေး၊ အဖေ့သူငယ်ချင်းဘဘဦးချိန်အေးတို့အိမ်မှာ ဦးထုပ်ချုပ်တဲ့ ဦးလေးကိုမြင့်က ဗေဒင်နဲနဲပါးပါးတွက်တတ်တော့၊ ခုတော့စိတ်ပူစရာမလိုဘူး၊နောက်နှစ် ဒီအချိန်တော့သတိထားလို့ ပြောခဲ့ဘူးတာကို အမှတ်တမဲ့ဘဲနေခဲ့မိကြပါတယ်။

    အဲ့ဒီခေတ်အခါက အရက်သောက်တဲ့သူတွေကိုစိတ္တဇဆေးရုံမှာ အရက်ဖြတ်ကြတာအတော်ကိုခေတ်စားတာပါလား။ အမေကလေ ဘယ်ကကြားလာတယ်မသိပါဘူး၊အဖေ့ကိုပူဆာတော့တာပါဘဲ။တကယ်တော့ အဖေက မသောက်ရမနေနိုင်တဲ့သူလဲ မဟုတ်တာအမှန်ပါ။ ဝါတွင်းတစ်တွင်းလုံးသတ်သတ်လွတ်စားပြီး၊ အရက် လုံးဝ (လုံးဝ)ကိုမသောက်ဘဲနေနိုင်တာ။ မိန်းမကိုချစ်တာများလေ၊ နယုန်လကွယ်နေ့ကျရင်ဆေးရုံမှာသွားပြီးအရက်ဖြတ်မယ်လို့ဂတိပေးလိုက်တာ။ အမေကတော့သိပ်ပျော်သွားတာပေါ့။ ကျမကသိတတ်တဲ့အရွယ်ရောက်နေပြီမို့ဆိုင်မှာမသောက်တော့ဘဲ၊ အဖေကအိမ်မှာ ထမင်းစားခါနီးပုံမှန်သောက်နေကျကို အမေကကြည့်လို့ကိုမရတာ။ ကျမတို့တတွေကတော့အဖေ့နားမှာဝိုင်းထိုင်ပြီးစားကြသောက်ကြနဲ့ပါဘဲ။အဖေကထမင်းဝိုင်းမှာသားသ္မီးတွေကိဆုံးမတတ်ပါသေးတယ်။ အဲ့ဒီတုန်းကအမေကပြောသေးတာ။ “ဒီရက်တွေ မှာ ရှင်ကြိုက်သလိုသောက်၊နယုန်လကွယ်နေ့ နောက်ဆုံးဘဲ” လို့၊ ပါးစပ်နမိတ်တွေများလား။ အဖိတ်နေ့ညနေကျတော့ သူငယ်ချင်းတွေကိုတိုက်ဖို့ ‘အနီနဲ့မအုန်းတို့ခေါက်ဆွဲဆိုင်’ကို သွားသောက်ကြပါတယ်။ ကျမတို့အဖေက နယုန်လကွယ်နေ့ အိပ်ယာကထ၊အိမ်ရှေ့ကတန်းလျားပေါ်မှာပြန်ပြီးလှဲနေပါတယ်။ ကျမကျောင်းသွားခါနီးနှုတ်ဆက်လို့တောင်မှ ကောင်းကောင်းသွားလို့လှမ်းပြောလိုက်ပါသေးတယ်။နောက်ပြီး ဝက်ပေါလေးကို အဖေအုန်းနို့ခေါက်ဆွဲစားမယ်၊ဝယ်ပေးလို့ပြောပြီး၊ အမေကတော့ဆေးရုံသွားဖို့ပြင်ဆင်နေတာပေါ့။ ဝက်ပေါလေးက အဖေရေစားမယ်လေ ထတော့လို့ပြောတော့၊အဖေကသူထလို့မရတော့ဘူးတဲ့။ ညီမလေးကလဲ အဖေမနောက်နဲ့ဆိုပြီးဆွဲထူတော့ လက်တစ်ဖက်မလို့ကိုမရတော့တာလို့ပြောပါတယ်။ (ဝက်ပေါရဲ့ကျောင်းနေ့လည်မှတက်ရတာ။) အမေ့ကိုအော်ခေါ်ပြီးကမန်းကတမ်းဆွဲထူတော့၊အဖေကိုလဲ မလို့မနိုင်နဲ့။ ဗမာဆရာက စုပ်တွေထိုးတာပေါ့လေ။ မနက်၆နာရီလောက်စဖြစ်တာ၉နာရီခွဲလောက်ကျတော့အဖေသတိလစ်သွားပြီ။ ညနေ၃နာရီလောက် လမ်းထဲကဆွေမျိုးလိုနေတဲ့ဆရာဝန်ဒေါက်တာမောင်မောင်လှကြိုင်ရောက်လာပြီး ရန်ကုန်ဆေးရုံကြီးကိုတင်လိုက်ပါတယ်။ လေဖြတ်တယ်လို့လူကြီးတွေကပြောကြတာပေါ့။ တကယ်တော့ သွေးတအားတိုးပြီးဦးနှောက်ကြောပြတ်သွားရတာပါ။ ခုခေတ်လိုဆေးကောင်းဝါးကောင်းတွေသာရှိရင်တော့၊ အဖေပြန်ကောင်းမှာ။ ညနေ၆နာရီ ၃၅မိနစ်မှာတော့ အဖေက အားလုံးကိုထားသွားခဲ့ပြီ။ (၁၉၆၈ခုနှစ်၊ဇွန်လ ၂၄ ရက်နေ့။)

    ခေါက်ဆွဲဆိုင်က မအုန်းကအဖေဆုံးတာကိုသတင်းမေးလာတော့မှ ဝက်ဆီဖတ်တွေတစ်ပန်းကန်ပြားကြီးစားတာ တဲ့။ အင်မတန် ဝက်သားကြိုက်တဲ့အဖေ ။ ။

  • အမှတ်ရစရာလေးမို့

    အမှတ်ရစရာလေးမို့

    ဒေါ်မိအောင် Daw Mi Aung

    ဘာလိုလိုနဲ့အမေ အပြီးခွဲသွားတာ ၇လတောင်ရှိသွားပြီ။မြန်လိုက်တာ၊မနေ့တနေ့ကလိုပါဘဲ။မနက်အစောအိပ်ယာထပြီး ဝက်သားကိုငြုပ်သီးယောင်ယောင်လေးနဲ့ဆီပြန်ဟင်း၊ကြက်ဂွေးတောက်သောက်ဆမ်းလေးနဲ့ပုစွန်ထုပ်ဆီပြန် ချက်ပြီး၊ အမေ ၁၉၉၈ခုနှစ် ကထဲက တစ်ပါတ်မပျက်အမြဲတမ်းတရားစခန်းဝင်ခဲ့တဲ့ ရွှေခြံဓမ္မရိပ်သာ(ဒဂုံအရှေ့၁၃ ရပ်ကွက်)ကျောင်းကိုဆွမ်းဟင်းပို့မှာပါ။ဆရာတော်အတွက် ဘရင်းကြက်ပေါင်းရည်တစ်ဒါဇင်လဲပါပါတယ်။ (ကုသိုလ်အားလုံးကိုအမျှပေးဝေပါတယ်။)

    ပစွန်ထုပ်လေးချက်တော့ အဖေပြောတာလေး ပြန်ကြားယောင်ရင်းသတိရမိပြန်ပါရော။”ပုစွန်ထုပ်က အကြာကြီးမချက်ရဘူး၊ ပုစွန်ကွေးကွေးငါးနွေးနွေး မို့ ပုစွန်ထုပ်ကွေးရင် ကျက်ပြီသ္မီးရဲ့” လို့သင်ပေးခဲ့တာ။ နောက်ပြီးကျမတို့ဆွမ်းဟင်းချက်လှူရင်ဝက်သားဟင်းတခွက်အမြဲပါပါတယ်။ အဖေကဝက်သားဟင်းမပါရင်ကျမတို့လမ်းထိပ်က’ မစိမ်းထမင်းဆိုင်’မှာတစ်မတ်ဖိုးဝယ်ပေးရတယ်။ အမေဆူမှာစိုးလို့ ဝက်ပေါလေးကိုအိမ်နောက်ဖေးကနေသွားဝယ်ခိုင်းတာ။(ကျမတို့အိမ်ကလမ်းထိပ်နဲ့ ၂အိမ်ဘဲခြားပါတယ်။)

    အဲ့ဒီအချိန်တုန်းက နောက်ဖေးလမ်းသာဆိုတယ်၊သန့်ရှင်းနေတော့ လမ်းသွားလို့ကောင်းပါတယ်။ သင်္ကြန်ဆိုရင်လဲ၊ အုန်းဖေလက်ဖက်ရည်ဆိုင်မှာ “ရွှေတိုင်မောင်မယ်” သင်္ကြန်မဏ္ဍပ်လုပ်တော့၊ အိမ်နောက်ဖေးဖက်ကနေသွားကြည့်ရတာ။မဏ္ဍပ်ကအလှမယ်လေးတွေက ကပြလို့၊သင်္ကြန်အဖွဲ့တွေကသံချပ်တွေတိုင်လို့၊အလွန်ပျော်စရာကောင်းခဲ့တာပါ။ကမ္ဘာကျော်ငွေလှိုင်ဦးစီးတဲ့” ဟာသမဟာစင်တော်ကြီးအဖွဲ့”ကည ၂နာရီလောက်မှာလာလဲ ထွက်ပြီးကြည့်ကြတာပါဘဲ။ *မသူတော် တွေမရှိတဲ့အချိန်မို့သာတော်တော့တယ်။

    နောက်ပိုင်းအမေကလဲဝက်သားဟင်းနေ့တိုင်းလိုစားပြီးပြောသေးတယ်။ “အမေလဲ ညည်းတို့အဖေ ဝဍ်တွေကောင်းကောင်းလည်တာဘဲ” တဲ့လေ။သူကအဖေ့ထက်ပိုဆိုးသေး။ ထမင်းစားရင် ဝက်သားကိုအဆီတစ်တုံးချန်ထားပြီး၊နောက်ဆုံးမှဝက်သားတုံးပေါ် ငပိရည်လေးဆမ်းပြီး “အစာပိတ်”စားတတ်တာ။ ၊တရားစခန်းဝင်ရင်လဲ ရိပ်သာက ဆွမ်းချက်တဲ့ဝေယျာဝစ္စအဖွဲ့က အမေ့အကြောင်းသိနေတော့ ဘာဟင်းချက်ချက် အမေတို့ဆွမ်းဝိုင်းကို ဝက်သားဟင်းတစ်ခွက်တော့ပါအောင်ချပေးတတ်ကြပါတယ်။အမေ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ရတဲ့သူတွေပါ။

    အမေကတစ်လကို ၂ကြိမ်တရားစခန်းဝင်ပါတယ်။ အင်္ဂလိပ်လဆန်း၅ ရက်မှာတစ်ကြိမ်၊၁၉ ရက်မှာတစ်ကြိမ်။ ရိပ်သာသွားရင်လဲ စုံနေအောင်ယူသွားတတ်တာ။ပခုံးတင်တဲ့ယောဂီတဘက်ဆို ရင်၄/၅ထည်ယူလို့ကျမတို့ကပြောရင်၊”သ္မီးတို့ကဘာသိလို့လဲ၊ ပါမလာတဲ့သူကိုပေးရတာပေါ့” တဲ့။ မုန့်ဆိုရင်လဲအိမ်မှာရှိတာအကုန်သယ်တာ။ မုန့်မပါတဲ့သူတွေအတွက်။ အမေတို့ဆွမ်းစားပြီးလို့ ၊အခန်းထဲပြန်ရောက်ရင် သူ့ဘေးနားမှာယောဂီတွေဝိုင်းဝိုင်းလည်လို့။အချိုပွဲစားကြတာ။ အမေ့ရဲ့လက်ဖက်နှပ်ကို ကြိုက်ကြလို့ပါတဲ့။ အမေကလဲတရားစခန်းသွားရမည်ဆိုရင်၊တက်ကြွ ပြီး၊ မသွားခင်တစ်ပါတ်လောက်ကထဲက ပြင်ဆင်ရတာမမောနိုင်အောင်ပါဘဲ။အသက်၉၄ နှစ်လောက်အထိတရားစခန်းဝင်နိုင်တုန်းပါ။သူ့အဝတ်ကိုသူ့ဖါသာလျှော်တာ။ ကျမ အလုပ်ကအပြန်မှာ အမေလဲထားတဲ့အဝတ်တွေ ဝင်ပြီးယူတဲ့အခါ၊ မိတ်ဆွေယောဂီတွေက တိုင်ကြတောကြ တော့တာပါဘဲ။ရေချိုးတာကြာလို့၊အင်္ကျီကိုဖွက်ယူသွားပြီးလျှော်လို့ပါ။ ရိပ်သာနဲ့အိမ်ကလမ်းလျှေက်သွားရင်၁၀မိနစ်လောက်ဘဲလျှောက်ရပါတယ်။ အမေဥပုသ်စောင့်သွားရင်တော့ ဆိုက်ကားနဲ့ပို့ခိုင်း ကြိုခိုင်းရပါတယ်။

    ကြည့်မြင်တိုင်မှာနေတုန်းကတော့ တက္ကသိုလ်ရိပ်သာလမ်းက ဇနိတာရာမကျောင်းမှာစခန်းဝင်တာ။အဲ့ဒီအချိန်တုန်းကတော့ စခန်းဝင်ဖို့စာရင်းသွင်းပေးပါဦးဆိုပြီး တစ်ယောက်ပြီးတစ်ယောက်လာပြောကြလို့၊မနက်အစော ထထပြီးစာရင်းသွားသွင်းပေးရတာ တရားစခန်းစဖို့တစ်ရက်လောက်အလိုအထိ မမောနိုင်မပမ်းနိုင်ပါဘဲ။ကျမတို့ အမေကနားလေးတော့၊ကုက္ကိုင်းလမ်းမကြီးကိုကားလမ်းကူးရတာစိတ်မချလို့ပြောရင်၊ “သ္မီးတို့ရယ်၊ကုသိုလ်ရတယ်၊ နိဗ္ဗာန်ကူးတို့ပေါ့ ၊ကိုယ်ကူညီလိုက်တဲ့သူ တရားရသွားရင် ကိုယ်လဲကုသိုလ်ရတယ်” လို့ပြောတတ်သေးတာပါ။

    အဖေဆုံးပြီးနောက် စီးပွားရေးတွေလဲအလျင်ရနေတော့ အတော်အဆင်ပြေပါတယ်။ ဒါပေမဲ့အမေက ထုံးစံအတိုင်းသဘောကောင်း၊လူတိုင်းကိုယုံတတ်တော့ သူများလိမ်တာလဲခံရ။ ဦးသန့်အရေးအခင်းကာလမှာ ဆိုင်ကလဲပိတ်ထားရနဲ့ကျမတတိယနှစ်ရောက်တဲ့နှစ်မှာဘဲ စီးပွါးပျက်သွားတယ်လို့ပြောရမှာပေါ့။ အမေ့ဆိုင်ကအရင် RTBစျေးလို့ခေါ်ပြီး၊ယ္ခု ဗိုလ်ချုပ်စျေးသစ်နေရာမှာရှိတာပါ။ အမေ​က ရှိတာလဲလူမသိ၊မရှိတာလဲလူမသိအောင်နေတတ်လို့သာ ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ကြရတာ။ အမေတို့ငယ်ငယ်တုန်းက ကိုးကွယ်တဲ့ဆရာတော်ကြီးတွေ မိန့်ခဲ့တာလေးကို အမေအမြဲပြောပြီး ကျမတို့ကိုသင်တတ်တယ်။

    သူများငပိနဲ့စားရင် ကိုယ်လဲငပိနဲ့စားတယ် -လို့ဘဲပြောရမယ်တဲ့။

    မှတ်သားလိုက်နာစရာမို့