Category: Mi Aung

  • စားလဲစား၊ မကုန်စေနဲ့

    စားလဲစား၊ မကုန်စေနဲ့

    ဒေါ်မိအောင် Daw Mi Aung

    ငယ်စဥ်ကနေပြီး အသက်လေးအတော်ရလာတဲ့အထိ အမေပြောနေကြစကားလေးကို ရယ်စရာလို့ဘဲထင်ခဲ့မိတာ။ ဟိုးယ္ခင်က မီးဖိုချောင်ဝင်ပြီးချက်ပြုတ်ခဲ့တာမှန်ပေမဲ့၊ သိပ်အတွေးမရှိခဲ့တာလဲအမှန်ပါဘဲ။ ခုများတော့ ကိုယ်ကအလုပ်အကိုင်မရှိ၊ ဝင်ငွေ မရှိချိန်၊ ညီမရဲ့ လုပ်စာနဲ့သုံးစွဲနေရချိန်၊ အစစအရာရာ ရှားပါးတဲ့အချိန်ဖြစ်လာမှဘဲ၊ “အော်၊ အမေပြောတာဒီအဓိပ္ပါယ်ပါလား” လို့တွေးမိစပြုလာတာပါ။

    “စားလည်းစား၊ ကုန်လဲမကုန်စေနဲ့” တဲ့လေ။

    အရင်ကတော့၊စိတ်ထဲမှာ မကုန်အောင်ဘယ်လိုစားရမလဲ၊ ကြံကြံဖန်ဖန်ပြောတတ်လိုက်တာပေါ့။ ဒါကကျမရဲ့ပေါ့တီး ပေါ့ဆ အတွေးပါ။ ခုမှ အမှန်ကိုစဥ်းစားမိတာပါ။ ငယ်တုန်းကတော့ စားလဲစားနိုင်ကြတဲ့အရွယ်တွေမို့၊ချက်လိုက်ရင်လဲ အတိုင်းအဆမရှိ၊ မစားနိုင်တော့ဘူးဆိုရင်လဲ နှမျောရမှန်းမသိ သွန်ပစ်လိုက်တာပက်ခနဲ။ နှမျောရမယ်ဆိုတာများခေါင်းထဲမှာကိုမရှိတာ။ ကျမ တို့ငယ်ငယ်က အိမ်မှာ ချက်ပေးတဲ့သူတွေကလဲ၊ သူတမျိုး၊ ငါတမျိုးဆိုတော့ ပိုဆိုးသေးတယ်။ တစ်ဦးထဲသတ်သတ်မှတ်မှတ် ချက်ကြရရင်တော့လဲ စည်းကမ်းလေးနဲ့ဖြစ်မှာပေါ့လေ။

    ခုလို ရှားပါးတဲ့ကာလလဲဖြစ်၊ ကိုယ်တိုင်လဲ မီးဖိုချောင်ဝင်မှသာ အမေ့စကားကို ကောင်းကောင်းနားလည်လာမိတာ။ စျေးဝယ် ရတဲ့သူကလဲ သူ့ခမြာ စုံစုံစေ့စေ့လဲပါအောင်၊ အကုန်အကျလဲမများရအောင် အတော်စဥ်းစားပြီးဝယ်ရရှာတာပါ။ ခုအချိန်မှာက တော့ ညီမငယ်နဲ့ကလေးတွေကလဲ အိမ်မှာမနေကြတော့ဘဲ သူတို့အိမ်လေးနဲ့သူတို့နေကြတာမို့၊ ညီအစ်မနှစ်ယောက် စာဘဲ ချက်ရတော့တာ။ တခါတလေ ဟင်းလဲကျန်၊ ထ္မင်းလဲကျန်ပေါ့။ အရင်ကတော့ ကျန်တဲ့ဟင်းနဲ့ထ္မင်းက နောက်နေ့မနက် ရောက်ရင်ပြန်မစားချင်တော့တာမို့ လွှင့်ပစ်တဲ့ဆီရောက်သွားတော့တာပါဘဲ။ အဲ့ဒီတော့ စားတာနဲ့ကုန်တာဆို၊ ကုန်တာက များပါလားလို့ သိလိုက်မိတာပါ။

    ခုတော့ ညနေစာစားပြီးတာနဲ့ဟင်းဘဲကျန်ကျန်၊ထမင်းဘဲကျန်ကျန်၊ရေခဲသေတ္တာထဲကို ဘူးလေးတွေနဲ့ထည့်သိမ်းတော့တာပါဘဲ။ နှမျောတတ်လာတာလေ။

    စားလို့ကုန်သွားမှာကို(လုံးဝ) မနှမျောပါဘူးနော်။ ပစ်လိုက်ရမှာကိုနှမျောတာပါ။

    ဥပမာ။ ကြက်သားဟင်းလေးကျန်တာဆိုရင်တော့ မနက်ကြရင် ဗူးသီးလေးနဲ့ဖြစ်ဖြစ်၊ အာလူးလေးနဲ့ဖြစ်ဖြစ် ရောချက်လိုက် တော့လဲ အဆင်ပြေသွားပြီး၊ ဟင်းလေးတစ်ခွက်ဖြစ်သွားရတာပါဘဲ။ (“စားလဲစား၊ ကုန်လဲမကုန်စေနဲ့”ဆိုတာ လွှင့်မပစ်ရစေနဲ့လို့ ပြောတာပါ။) မနက်ကို ဟင်းအသစ်တစ်ခွက်ကတော့ ထပ်ချက်ရတာပါဘဲ။ ဆွမ်းတော်အတွက်ဆွမ်းလောင်းဖို့အတွက်က အရေးကြီးတာလေ။

    မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုတာမျိုးတော့အဖြစ်မခံနိုင်ပါဘူး။

    ထမင်းကြမ်းကို ရေခဲသေတ္တာထဲထည့်ထားပြီး၊ နောက်နေ့ကြရင် ထ္မင်းကြော်စား လို့အသိပညာပေးတဲ့ သူငယ်ချင်း ကိုဝင်းမောင် (ရွှေမန်း ဦးဝင်းမောင်) ကို တကယ်ကျေးဇူးတင်ရတာ။ အရင်ကဆို အမြဲလိုလို ထ္မင်းကျန်တာဆိုရင်တော့သွန်ပစ်ရတာ။ အလေ အလွင့်ပေါ့လေ။ ခုတော့ဟင်းကျန်လေးတွေကို နောက်နေ့တွေလဲပြန်မချက်ဖြစ်လို့ကတော့ “ဟင်းပေါင်း” တစ်ခွက်ဖြစ်သွား တော့တာပါဘဲ။

    စားပြီး မကုန်တာလေ။

    တကယ်တော့ ကျမရဲ့အမေ ပညာရှိကဝိဆိုချင်တာက၊ အစားတွေတနင့်တပိုးစားကြပြီး၊လူကောင်ကသာကြီးလာတယ်၊ ဦးဏှောက်ဥာဏ် မဖွံ့ဖြိုးလာဘူးဆိုရင်တော့ “စားပြီးကုန်ယုံဘဲရှိတယ်” လို့ပါ။ ဥာဏ်ရည်ဖွံံ့ဖြိုးပြီး၊ မှန်ကန်သောအတွေးအခေါ်နဲ့ ဆင်ခြင်တတ်မယ်ကြဆိုရင်တော့ စားလို့လဲမကုန်ဘဲ ကောင်းကျိုးသာအပြည့်အဝရကြမှာပါ။ ကျွေးရတဲ့သူလဲအကျိုးရှိ၊ စားရသူလဲ အကျိုးရှိစေတာပေါ့လေ။

    ဒါကြောင့် – အိမ်ထောင်ရှင်မတွေ သိကြပါစေ။ ချွေတာတတ်ကြပါစေမကုန်အောင် စားတတ်ကြပါစေ။

    နောက်ပြီးဟင်းချက်ပြီးတာနဲ့ ဦးဦးဖျားဖျား”သီးသန့်တစ်ခွက်”ခူးခပ်ထားတဲ့အကျင့်လေးလဲ လုပ်တတ်ကြရမှာ။ သူများကိုပေးချင် ရင်လဲ ကိုယ်စားပြီးလို့ကျန်တာမဖြစ်ဘဲ၊ ကောင်းကောင်းမွန်မွန် အဦးအဖျားပေးရတော့ “ကုသိုလ်”ရပါတယ်။

    စိတ်စေနာမှန်ရင် ကံကောင်းပါတယ်။ ကံံကောင်းစွာဖြင့် ဘေးမသန်းဘဲအေးချမ်းကြစေချင်လွန်းလှပါတယ်။ ကျန်းမာချမ်း သာ ပျော်ရွှင်ကြပါစေ။

  • ဆန္ဒ

    ဆန္ဒ

    ဒေါ်မိအောင် Daw Mi Aung

    ဖြစ်ချင်၊လုပ်ချင်တာနှင့် ဖြစ်သင့်၊လုပ်သင့်တာဆိုတာမျိုးမှာ ဘယ်တစ်ခုကိုဦးစားပေးပြီးလုပ်မိကြပါလိမ့်။ စိတ်အလိုလိုက် ထင်တိုင်းကြဲတတ်သူအဖို့တော့ဖြစ်ချင်ရာဖြစ်ပါစေ၊ လုပ်ချင်တာလုပ်ပြစ်တတ်ကြမှာပါ။ တဒင်္ဂတော့ အတော်စိတ်ချမ်း သာကြ ရမယ်ထင်ပါတယ်။

    မနေ့က မီးဖိုချောင်လေးကို ပြန်ပြုပြင်ရပါတယ်။ လုပ်ချင်တာလေးကတော့ အားလုံးကိုဖြိုချပြီး အသစ်ပြန်လုပ်ချင်မိတာပေါ့။ ဒါပေမဲ့လဲ ခုလိုကာလကြီးမှာ လုပ်သင့်တာကိုဘဲစဥ်းစားပြီး၊ ပြင်ပေးမည့်သူလဲရှိတုန်း ပြင်လိုက်တော့လဲ၊ ပေါက်နေပြဲနေတာ ထက်စာရင်တော့ အသစ်ကလေးရပါလားလို့တွေးလိုက်ရပါတယ်။ ပြင်ပေးတဲ့အိမ်ရှေ့အိမ်ကလက်သမား ဆရာကြီးကိုလဲ ကျေးဇူးတင်ရပါတယ်။ နှစ်ပိသာဝင်တဲ့ဂက်(စ)မီးဖိုကို ကြမ်းမှာချပြီးချက်ရတာမို့၊ အသက်လေးရလာတော့ ဟင်းအိုးမွှေရတာ ကုန်းကုန်းကွကွနဲ့ဖြစ်နေတော့ ခါးကနာတတ်လာပြီလေ။ မီးဖိုတင်ဖို့ ကျောက်ခုံလေးလုပ်ဖို့၊ အိမ်မှာရှိတဲ့ဘိလပ်မြေ၊ အုတ်လေးနဲ့ လက်ကျန်သဲလေးအပြင် သဲအိတ်လေးနှစ်အိတ်နဲ့ ဘိလပ်မြေလေးနှစ်ပိသာထပ်ဝယ်ပြီး၊ အကုန်အကျသက်သာရအောင် ဖြစ်အောင်လုပ်ပေးရှာတာ။ကြမ်းခင်းအက်နေတာကိုလဲဖါထေးပေးရှာတာ။ မီးဖိုခုံလေးကလှနေတော့ စိတ်ချမ်းသာလိုက်တာ။ လက်လုပ်လက်စား ဘဝတူခြင်း “ကိုယ်ချင်းစာတတ်တဲ့စိတ်လေး” ကို ထွင်းဖေါက်မြင်မိခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် သန့်ရှင်း အောင်လုပ်၊ ဟိုဘက်ကပစ္စည်းဒီဖက်ရွှေ့နဲ့ ပြင်ဆင်လိုက်တော့လဲ ဟန်ကိုကျလို့။ ဒီမနက်တော့ လှမ်းပြောရှာသေးတာ။ “ဆရာမရေ၊ အလုပ်လုပ်ဖို့လာခေါ်ပြန်ပြီ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာမှန်လိုက်တာ” တဲ့လေ။ ဟုတ်ပါတယ်။

    မနေ့က ညနေ၅နာရီလောက်မှရေချိုးရတော့ ဖျားနာမှာလဲကြောက်ရသေးတာ။ လုပ်ချင်တာကိုစိတ်အလိုလိုက် ပြီးလုပ်လိုက် မိတော့၊ စိတ်ဒုက္ခလေးတော့ ခံစားလိုက်ရတာပေါ့လေ။ တကယ့်သင်ခန်းစာစစ်စစ်ပါဘဲ။ (ဆန္ဒကိုဦးစားပေးမိတဲ့”သောက”ပါ။)

    အလုပ်တွေပြီးသွားသလားဆိုတော့လဲ တချို့ကျန်နေတဲ့အလုပ် တန်းလန်းတွေကို မိုးချုပ်တဲ့အထိလုပ်ရတာများ တတောက် တောက်နဲ့မနားရပါဘူး။ (အလုပ်ဆိုတာတော့ ဘယ်အခါမှပြီးသွားတယ်ဆိုတာမရှိပါဘူး။ အသက်ရှင်နေသရွေ့ပေါ့။ အမေပြောတဲ့ အလုပ်ကို”လောဘတကြီး” မလုပ်ပါနဲ့ဆိုတာလေးပြန်သတိရမိပါတယ်။) “လောဘ ” ဆိုတာဘယ်နေရာမှမကောင်းပါလား။

    ဒီလိုပါဘဲ ဘာအလုပ်မဆို စဥ်းစားချင့်ချိန်ပြီးသာ လုပ်တတ်ကြမည်ဆိုရင်၊ ဆုံးဖြတ်ချက်မှားခဲ့ရင်တောင်မှ အမှားသက်သာ ကြ မှာပါ။ အမှားဆိုတာလဲ ပြင်လို့ရတာရှိသလို၊ ပြင်လို့မရတော့တဲ့အမှားမျိုးတွေလဲရှိတတ်တာမို့၊ စပြီးအလုပ်လုပ်တော့မည်ဆို ကထဲက၊ လုပ်သင့်ရဲ့လား၊မလုပ်သင့်ဘူးလား ဆိုတာကိုချင့်ချိန်သင့်ကြပါတယ်။

    ကျမတို့ငယ်ငယ်က သတ်ပုံရေးကြရင်ဖြစ်ဖြစ်၊ သင်္ချာတွက်ကြရင်ဖြစ်ဖြစ် ဆရာမဆီကိုစာအုပ်မထပ်ခင်အထိ ခဲဖျက်လေး နဲ့ပြန် ပြင်ခွင့်ရှိကြပေမဲ့၊ စာအုပ်က ဆရာမလက်ထဲရောက်သွားပြီးရင်တော့ မှားရင်ကြက်ချေခတ်ပစ်လိုက်မှာပါ။ စာအုပ်ပြန်ရလို့ အမှားပြင်ဆင်ခြင်း (Correction) ဆိုပြီး၊ ဘယ်နှစ်ခေါက်ဘဲပြင်ပြင်၊ ” မှားခဲ့တယ်” ဆိုတာကတော့ ပြင်လို့ မရပါဘူး။ ကျမရဲ့ အမြင်နဲ့အတွေးမို့ မှားခဲ့ရင်တော့လည်း ကျမပြောပြီး ၊ရေးပြီးသားဖြစ်ခဲ့ပြီမို့ ပြန်ပြင်လို့မရတော့ပါဘူး။ တောင်းပန်ရုံကလွဲ လို့မ တတ်နိုင်တော့တဲ့ကိစ္စမျိုးဖြစ်သွားပါပြီ။

    ဘဝမှာ မမှားဘူးတဲ့လူတော့ လုံးဝရှိမယ်မထင်မိပါဘူး။ ပြင်လို့ရတဲ့အမှားကိုပြုခဲ့သူနဲ့၊ လုံးဝပြင်လို့မရတော့တဲ့အမှား ကိုပြု ခဲ့ကြသူဘဲကွာမှာပါ။ စိတ်အလိုလိုက်ပြီး ချင့်ချိန်မှုမရှိကြရင်တော့ အမှားနဲ့ဘဲ မိတ်ဆွေဖြစ်ကြတော့မှာ။

    ပြန်ပြင်လို့မရတော့တဲ့ အမှားမျိုး ပြုခဲ့မိတတ်သူဆိုတာမျိုးကလဲ မှားပြီးရင်းမှားရင်းနဲ့၊ မထူးတော့တဲ့ဇာတ်ခင်းရင်း၊ အမှားကို ဖုံးဖိဖို့ကြိုးစားရင်းနဲ့ ဆက်တိုက်ဆိုသလို မှားကုန်တတ်ကြတာမို့၊ မှားသူရဲ့စာအုပ်ထဲမှာ”မှင်နီတစ်သောင်းမက” ဖြစ်တော့မှာ ဧကန်ပါဘဲ။

    တွေးလေကြောက်စရာကောင်းလေမို့၊ အမှားကိုရှောင်ရင်း နေရထိုင်ရတာတော့ အနေကြပ်ချင်တော့လဲကြပ်ကြမှာပေါ့။ ဒါပေမဲ့ အမှားကင်းရင်တော့ စိတ်ထဲမှာအနေချောင်ပြီး၊ပေါ့ပါးလန်းဆန်းကြမှာ မလွဲပါဘူး။ စိတ်ကြည်ရင် ရုပ်ကြည်သလို နေလို့လဲကောင်း ပါတယ်။

    တခါက ရီးစားလေးထားမိတာ ရင်ဖွင့်ချင်လို့ သူငယ်ချင်းကို ပြောပြမိတဲ့အမှားမျိုးလိုပေါ့။ တစ်သက်စာ မှတ်လောက်စရာ ဖြစ် သွားခဲ့တော့တာပါဘဲ။ ခဲဖျက်ရော၊ Correction Pen ရော မကယ်နိုင် ဖြစ်ရတာ ဆိုတာမျိုးလိုပေါ့။ (စိတ်ထဲမှာလဲ မှားမိလေ ခြင်းဆိုတဲ့ “နောင်တ” က သေတဲ့အထိသတိရနေမှာမို့။ သေခါနီးအထိစွဲနေမိမှာစိုးရိမ်တဲ့စိတ်ကလည်း အလွန်ကြောက် စရာ ကောင်းလှပါတယ်။)

    ဒါကြောင့် – လုပ်ချင်ကြတာထက်၊ လုပ်သင့်တာကိုလုပ်တတ်ကြပါစေ။ အမှားကင်းကြပါစေစိတ်ဆန္ဒကို ဦးစားပေးခြင်း မှကင်း ကြပါစေ။ လို့ စေတနာစကားလေးပါးပါရစေ။

  • အကြောင်းကံ

    အကြောင်းကံ

    ဒေါ်မိအောင် Daw Mi Aung

    အသက်ကြီးလာကြတဲ့သူတွေ အမြဲလိုအပ်တာကတော့ သူတို့ကို “ဖေးမကူညီ” ပေးမည့်သူများပါ။ ဖေးမပေးတဲ့သူမရှိတော့လဲ၊ သူ့ကံအလျှောက်နေထိုင်လို့ဖြစ်သွားကြတာတွေလဲ ဒုနဲ့ဒေးပါဘဲ။ “ငါ့ကိုကူကြပါ” လို့ဘယ်သူ့ကိုသွားပြောလို့ရမှာပါလဲ။

    ဒီလိုပြုစုမည့်သူမရှိတဲ့လူမျိုးတွေများမြင်တွေ့လို့ကတော့၊ ကိုယ်တွေလိုအိမ်ထောင်မပြုတဲ့လူမျိုးတွေကို လူတွေပြောတတ်တာက၊ “အစကထဲက အိမ်ထောင်ပြုပါဆို၊ ကိုယ့်သားသ္မီးကမှကိုယ့်ကိုပြုစုမှာ” ဆိုတာမျိုးတွေ အမြဲကြားနေရတာပါ။

    မှန်ပါတယ်။ “အိပ်ယာကျောကပ်” ဖြစ်ပြီးမကျန်းမာတဲ့အခါမျိုးမှာ ကိုယ့်သားသ္မီးကသာ အစစအရာရာ ပြုစုကြတာပါ။ သားသ္မီးမရှိတဲ့ကိုယ်လိုလူမျိုးတွေကတော့၊ “ဝေဒနာမခံစားပါရစေနဲ့၊ သူများကိုဒုက္ခမပေးရပါစေနဲ့” လို့ ဆုတောင်းယုံမှ တပါး အခြားမရှိပါဘူး။ ဆုတောင်းတိုင်းသာပြည့်ကြမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ ကိုယ်ပြုခဲ့ဘူးတဲ့ကံအတိုင်းဘဲ ကိုယ်ခံစားရမှာတော့ အသေအချာပါလို့တွေးမိပါတယ်။ *”ကြောက်သလား” လို့မေးရင် ၊တကယ်ကြောက်မိပါတယ်။ ဒါပေမဲ့ မကြောက်ပါဘူး။ “ကံ”အတိုင်းဘဲပေါ့လေ။

    မိမိမျက်စေ့ရှေ့မှာတွေ့မြင်နေရတာတွေက ပိုလို့တောင်ကြောက်စရာကောင်းပါသေးတယ်။ ငွေကြေးလဲပြည့်စုံကြပါတယ်။ သားသ္မီးတွေလဲရှိကြပါတယ်။ ဒါပေမဲ့ မိဘကိုပြန်မကြည့်နိုင်ကြပါဘူး။ (ကိုယ့်သားသ္မီးမှ ကိုယ့်ကိုပြန်ကြည့်မှာဆို – -?) တချို့ကြတော့လဲ သားသ္မီးတွေက ဟိုးအဝေးမှာဆိုတော့ ဘယ်လိုပြန်ကြည့်နိုင်ပါ့မလဲ။ ငွေဘယ်လောက်လိုလို ပို့ပေးမယ်၊ လူတော့မလာနိုင်ဘူးဆိုတာမျိုးလဲရှိကြသေးတော့။ များသောအားဖြင့် ပြောတတ်ကြတာက “မိဘဆိုတာ သားသ္မီးရဲ့ မေတ္တာ နဲ့ပြုစုတာကိုလိုချင်ကြတာ” တဲ့။ သားသ္မီးတွေကလဲ မိဘကိုချစ်ပါရဲ့၊ မေတ္တာလဲပေးချင်ကြပါရက်ကယ်နဲ့၊ မတတ် သာလွန်းလို့ မိဘနားမနေနိုင်ကြတာလဲဖြစ်ကောင်းဖြစ်မှာပါ။ *ဘာလုပ်ကြမလဲ။တွေးစရာတွေ – –

    တချို့လဲသားထောက်သ္မီးခံမရှိကြပါဘူး။ပြုစုမည့်သူဝိုင်းဝိုင်းလည်လို့။ ကံကောင်းလိုက်တာလို့ပြောရမလိုပါဘဲ။

    တခါ သားဆိုး၊သ္မီးဆိုးနဲ့ဆုံတွေ့ကြရတဲ့မိဘမျိုးကြတော့လဲ ဒုက္ခတွေပင်လယ်ဝေလို့။ အတော်သနားစရာကောင်းကြရှာတာ။ ဒီလိုသားသ္မီးမျိုးနဲ့ဆုံရလို့ကတော့၊ မိဘမှာ အကုသိုလ်တွေဖြစ်ပြီး၊ အပါယ်ကျမည့်ကိန်းပါဘဲ။ ဘယ်မိဘမှ ကိုယ့်သားသ္မီး ကို မပစ်ရက်ကြပါဘူး။ “တောင်းစုတ်ပလုံးစုတ်သာပစ်ရိုးထုံးစံရှိပြီး၊ သားသ္မီးဆိုးကိုပစ်ရိုးထုံးစံမှမရှိတာ။”

    ကျမ ငယ်ငယ်တုန်းက မိသားစုတစ်စုတွေ့ခဲ့ဘူးတာ။ အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်မှာ သားသ္မီးတွေအတော် များများကိုမွေးထားတာ။ ကလေးတွေငယ်စဥ်တုန်းကတော့ ယောကျ်ားကမြင်းလှည်းမောင်းပြီး၊ မိန်းမကမုန့်ဟင်း ခါးလေး ရောင်းရတာတဲ့။ သားသ္မီးတွေအရွယ်ရောက်လာတဲ့အခါကြတော့ အဖိုးကြီးအဖွားကြီးလင်မယားက အိမ်ဦးခန်းမှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အကျအနနေကြရတာပါ။ သိပ်ကိုကံကောင်းကြတယ်လို့ဆိုရမှာပေါ့။

    အမေပြောတာသိပ်မှန်တာပါဘဲ။ “အိမ်တစ်အိမ်မှာ သားသ္မီးတွေ အရွယ်ရောက်လာကြလို့မှ တိုးတက်မလာရင် တစ်သက်လုံး မတိုးတက်တော့ဘူး” တဲ့လေ။ ခုချိန်အထိ ကျမမြင်ဘူးခဲ့သမျှ မိသားစုတွေထဲမှာတော့၊ စံထားထိုက်တာမို့ တကယ်အားကျ ခဲ့မိတာပါ။ သူတို့တွေ အားလုံးပညာမတတ်ကြပါဘူး။ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်မှာ သူ့အဆင့်အတန်းနဲ့သူ လူချင်းတူတူ သူချင်း မျှမျှနေနိုင်သွားခဲ့ကြတာပါ။

    လူရဲ့”အသိနဲ့စိတ်ကောင်းရှိဖို့” ဆိုတာ ပညာတတ်တာ၊ မတတ်တာနဲ့မဆိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး မေတ္တာ စေတနာ သာအရေး ကြီးတာပါ။ စေတနာကောင်းရင်ကံကောင်းကြမှာမလွဲပါဘူး။

    သားသ္မီး၊ ညီအစ်ကိုမောင်နှမဆိုတာ ကိုယ်ရွေးချယ်ပိုင်ခွင့်မှမရှိတာဘဲ။ ကောင်းရင်စံ၊ မကောင်းရင်ခံကြရမှာဓမ္မတာမို့၊ ကြုံတွေ့ ရသမျှဟာ ကိုယ်ဖန်လာတဲ့ အကြောင်းကံတွေချည်းဘဲလို့သာမှတ်ရတော့မှာပါ။

    ဘဝမှာ ကောင်းကံကိုပျော်ရွှင်ရယ်မောပြီးရင်ဆိုင်နိုင်ကြသလို၊ ဆိုးကံကိုလည်း ကြန့်ကြန့်ခံနိုင်ကြပါစေ။ မေတ္တာဆိုတာအသွားအပြန်ရှိသမို့၊ ကိုယ့်ဖက်က အဆိုးမဖက် မေတ္တာပွါးနိုင်ကြပါစေ။ သူ့ဖက်က၊ သူ့သဘောသူဆောင်ပါလိမ့်မယ်။ အကြောင်းတရားတွေမို့

  • သဲသဲလှုပ် ဆုတောင်း

    သဲသဲလှုပ် ဆုတောင်း

    ဒေါ်မိအောင် Daw Mi Aung

    အောက်ဖက်ကရှေ့သွားလေးရဲ့အောက်ခြေမှာအဖုလေးဖြစ်နေခဲ့တာ အတော်ကြာပါပြီ။ အဲ့ဒီအဖုလေးရဲ့အပေါ်ဖက်ကသွားလေးက လှုပ်နေတော့၊ မနေနိုင်မထိုင်နိုင်အမြဲတန်း လျှာနဲ့ထိုးနေတတ်တာ။ အဲ့ဒီလျှာကလဲ အငြိမ်မနေနိုင်ဘဲ သူငယ်ချင်းဆရာဝန်မနဲ့ ဆရာဝန်ကတော်တို့ကိုပြောမိပြန်တော့၊ သူတို့ကသဲသဲလှုပ်။ လူမှာ ပိုနေတာဆို ဘာမှမကောင်းဘူးဆိုဘဲ။ ဆရာဝန်ပြမှဖြစ်မယ်ပေါ့။ ကင်ဆာဖြစ်တတ်တယ်တဲ့။

    လှည်းတန်းကိုမနက်စောစောချိန်းကြပြန်ပါရော။ ဟားဟား၊ သူတို့ပြပေးမယ်ဆိုတဲ့ ဆေးခန်းက ဗုဒ္ဓဟူးနေ့မို့ပိတ်ပါတယ်။ ဆရာဝန်မကြီးက ရှည်ပြန်ပါလေရော။ လှည်းတန်းမှာရှိတဲ့ အခြား “သွားဆေးခန်း” ပြမယ်ဆိုတော့၊ သူတို့ရဲ့”လူမမာကျမ” ကလိုက်ရတာပေါ့။” ဆရာဝန်မရောက်သေးပါဘူး၊ ဒဂုံကနေ လာနေပါပြီ” ဆိုတော့၊ “နောက်မှပြကြတာပေါ့” လို့ဆိုလိုက်ရတယ်။

    သုံးယောက်လုံးကခြေမှာ”ဗွေ”ပါသူတွေဆိုတော့လှည်းတန်းစင်တာမှာ ကော်ဖီသောက်၊ နောက်သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီးလှမ်းခေါ်နဲ့ တစ်နာရီလောက်အတွင်းကို ရှုပ်ရှက်ခတ်ပစ်လိုက်ကြတာ။ မယ်မငြင်း ကလဲ အချိန်မီရောက်အောင်လာရှာပါတယ်။ ဒါပေမဲ့ သူ့မြေးမကိုကြိုဖို့တော့ ကျောင်းမဆင်းခင်ပြန်ပို့ပေးရမည့် ဂတိကလဲထားရသေးတာ။ အဲ့ဒါဒေါ်နုနုပေါ့။ (မှတ်ချက်။ ။ရွှေနုက သူ့သားသ္မီးနဲ့မြေးအတွက်အလွန်တာဝန်ကျေတဲ့သူမို့၊ လေးစားရပါတယ်။ကျမရဲ့ အမေ လိုဘဲ “အာဂ”မိခင်ပါ။) **ကဲ၊ ဘာလုပ်ကြမလဲ??

    ခေါင်သူကြီးဆရာဝန်မက ဘုရားကိုဆိုတော့ ကားမောင်းပို့တဲ့ဆရာဝန်ကတော်သူငယ်ချင်းက “အို ကေ” ပေါ့။

    ရှေလိုက်ကြတာများ၊ ဘုရားဖူးပြီး မပြန်ဖြစ်သေးဘူး၊ ဆံပင်ပြင်ဆိုင်ကိုဝင်ကြပြန်တော့ ဆရာဝန်မ ဒေါ်စိန်ရည်နဲ့ ဆရာဝန်ကြီးကတော်ဒေါ်လှလှမြင့်တို့က ဆံပင်ဆေးဆိုးကြ ဆံပင်ပြင်ကြပေါ့။ ကျမ နဲ့ နုနု က ခေါင်းလျှော်ပေါ့။ “သွား”အောက်က”အဖု” ကိုပြဖို့သွားကြတာလေ။”အဖုကိစ္စ” မေ့ကြပြီး “ဗြူတီပါလာ”မှာ အပြတ်ရှိုင်းနေကြတာ။ပြီးတော့ အစားကိုတက်သုတ်ရိုက်စားပြီး၊ကလေးကျောင်းကြိုဖို့အမှီပြန်ပြေးကြရတာ၊ အလှပြင်ဆိုင်မှာ တယ်လီဖုန်းက မေ့ကျန်ခဲ့လို့လဲပြန်ပြေးယူရသေး။ * ပြန်ကြလို့မှ ကျမအိမ်ကိုရောက်ခါရှိသေးတယ်၊ မစိန်ရည်ကဖုန်းဆက်ပြီး၊ “နင်က ‘သွား’ကိုမပြချင်တာလား၊ဘာညာနဲ့ ရန်လုပ်ပါလေရော။” သူ့အကျင့်ကအမြဲအဲ့ဒီလိုဘဲ။သူငယ်ချင်းတွေကိုမချစ်တာလဲမဟုတ်ဘူး။ ဂျီကျ ဂျစ်ကျလိုက်ရမှ နေလို့ထိုင်လို့ကောင်းတတ်တဲ့လူမျိုး။ * နောက်တော့လဲသူမဟုတ်သလိုပါဘဲ။ ကျမကလဲ ဂျစ်ကန်ကန်မို့၊ “ဆေးခန်းကို ငါ့ဖါသာသွားမယ်၊ နင်တို့မလာခဲ့နဲ့လို့” ပြန် ဂျစ်လိုက်တာပေါ့။

    နောက်တရက် လမ်းပေါက်တစ်ခုရသွားပြန်တာမို့ လမ်းကြိုက်မမများ အိမ်ပြင်ထွက်ခွင့်ရသွားကြပါတယ်။ ဆေးခန်းကို အစောဆုံးရောက်အောင်သွားမယ်ဆိုပြီး ချိန်းကြပြန်တော့၊ ကျမကလှည်းတန်းက” နိုင် ထားဝယ်” ဆေးခန်းကို မနက်၈နာရီအရောက်သွားရပြန်ပါရော။ နုနုနဲ့လှလှမြင့်တို့ကလဲ ရောက်လာကြပါတယ်။ မမဂျစ်လဲလိုက်လာတာပေါ့။ဘယ်နေနိုင်လိမ့်မလဲ။ သူက လှလှမြင့်ကို “you ဝင်လိုက်သွားပါဦးလို့” ပူပန်စွာနဲ့ပြောနေတာ။ ဆရာဦးဝင်းနိုင်က ဘာမှမဖြစ်ပါဘူးဆိုပြီး ၊အဖုလေးကိုဖေါက်၊ သွားကလှုပ်လို့ရှည်နေတာလေးကို ကျောက်စက်နဲ့စား ပေးလိုက်ရုံလေးပါဘဲ။

    အစောကြီးပြီးသွားတော့ အိမ်မပြန်ကြသေးဘဲ၊ရန်ကုန်မြို့ထဲက စျေးဆိုင်တွေကို ဝယ်ဝယ်၊မဝယ်ဝယ် လျှောက်ကြည့်၊ မောသွားတော့စားကြသောက်ကြနဲ့ တနေကုန်ပေါ့။ လည်ပတ်ပြီးကာမှ လှလှမြင့်က ဆေးဝယ်ရဦးမယ်ဆိုတော့ အင်းစိန်လမ်းမပေါ်၊ဘူတာရုံလမ်းထိပ်က ဆေးဆိုင်မှာ ကားရပ်ပြီး၊ ဆေး ဝင်ဝယ်ရရှာတာ။ ကားသော့ဖြုတ်မသွားနဲ့သူငယ်ချင်းလို့လဲကျမတို့သုံးယောက်ကပြောလိုက်သေးတာ။ မကြာပါဘူး၊ ကားတွေကိုဖမ်းတဲ့ ကရိန်းကားကြီးက တစ်ဖက်ခြမ်းကနေ ကျမတို့ကားရပ်တဲ့ဖက်အခြမ်းကို လာနေတာ။ သူတို့ကိုမြင်မြင်ချင်းဘဲ အိမ်ရှေ့မှာ ကြက်မွှေးလေးကိုင်ပြီး၊ သူ့အလုပ်သူလုပ်နေတဲ့လူကို ကျမတို့က ကားပေါ်အတင်းတက်ခိုင်းပြီး မောင်းခိုင်းရတာ၊ ဒီလူလဲ “ဘုမသိ ဘမသိ” နဲ့ ကားစက်နှိုးပြီးထွက်ရတာပေါ့။

    ကားဖမ်းတဲ့လူတွေလာ​နေပြီဆိုပြီး၊ ဆေးဝယ်နေတဲ့လှလှမြင့်ကို ပြေးခေါ်တဲ့မစိန်ရည်နဲ့ နှစ်ယောက်သားထွက်လာတော့ ကားကမရှိ။သူတို့နှစ်ယောက်အတော်လန့်သွားတာပေါ့။ ရွှေနုနဲ့ကျမက ကားမှမမောင်းတတ်တာလေ။ ရွှေနုက နောက်လှည့်ကြည့်ပြီး သူတို့ထွက်လာတာလဲမြင်ရော ၊ ကားကိုအတင်းနောက်ပြန်ဆုတ်ခိုင်းတာ။ မောင်းပေးတဲ့လူကလဲ ကျမတို့ပြောတဲ့အတိုင်းမောင်းပေးရှာပြီး၊ သူတို့နှစ်ယောက်ကိုတွေ့မှ ကားပေါ်ကဆင်းသွားတာ။ ကျေးဇူးတင်ပါတယ် အကြိမ်ကြိမ်ပြောရင်း ကားပြန်မောင်းလာလိုက်တာ၊ ဟိုလူရဲ့ ကြက်မွှေးပါလာလို့ ပြန်လှည့်ပေးရပါသေးတယ်။

    မကြီးမငယ်နဲ့ လေးယောက်ပေါင်း ပြီးအလွန် “ကဲ” ကြသူများပါ။ တော်သေးတာက “လူလယ်” မဟုတ်ဘဲ ရိုးသားသူမို့သာ။ နို့မို့ဆိုရင် “အသက်၇၀နားနီးနေတဲ့မိန်းမနှစ်ယောက် ကားတင်ပြေးခံရခြင်း” ဆိုပြီး၊သတင်းစာထဲပါလာမှဖြင့်ခက်ရချည့်ရဲ့။ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ပျော်တတ်ကြတာမို့ နားလည်ကြမှာပါ။ လေးယောက်သားတွေ့လိုက်လို့ကတော့ အသက်က (၇၀÷၄) ဖြစ်သွားကြတာ၊မလွန်ပါဘူး။အသက်ရှည်စွာအနာမဲ့ဖို့အရေး ပျော်အောင်နေကြခြင်းပါနော်။~လက်ဖက်ရည်ဆိုင်ဆိုလဲ ရှာဖွေပြီးထိုင်လိုက်ကြတာပါဘဲ။ ခုလို “ပါဆယ်”ဘဲရောင်းရင်တော့ ဒုက္ခ။ ဘယ်အိမ်က ဘယ်လိုကောင်းတာတွေကျွေးကျွေး၊ အပြင်ရောက်တာနဲ့လက်ဖက်ရည်ဆိုင်ရှာကြတဲ့ “ဂျပိုး”တွေပါ။

    ချစ်တဲ့မျက်စေ့နဲ့ကြည့်ရင်တော့ အပြစ်မဖြစ်ဘူးပေါ့။

    ကျမရဲ့”သွား”လေးကတော့ အိမ်မှာနေရင်းကျွတ်ထွက်သွားရရှာပါတယ်။သွေးတောင်မထွက်ဘူး။ သူငယ်ချင်းတွေ စိတ်ပူပေးကြတဲ့မေတ္တာကြောင့်ထင်ပါရဲ့။ ခုတော့ ရှေ့သွား ဟောင်းလောင်းလေးနဲ့။~ဟိုးအဝေးကြီးကနေပြောသေးတာ၊ “မိအောင်၊သွားပြန်စိုက်မှဖြစ်မှာနော်၊ကျန်တဲ့သွားတွေယိုင်ကုန်လိမ့်မယ်” တဲ့လေ။အဲ့ဒါ မစိန်ရည်ပေါ့။

    ” သွား” စိုက်ဖို့ ခုကထဲက လမ်းပေါက်ရှာထားကြတာ။

    ပြန်ဆုံချင်ပါပြီ။ မတွေ့ရတာလဲကြာလှပြီမို့။

    ဆုတွေတောင်းရင်း – – – – –

    သက်ရှည် နာကင်းဖို့ ဂရုစိုက်ကြရင်း – –

    ဆုံနိုင်ခွင့်လေးကိုမျှော်လင့်လျက်

  • ရသစုံတဲ့အိမ်

    ရသစုံတဲ့အိမ်

    ဒေါ်မိအောင် Daw Mi Aung

    ကိုယ့်ရဲ့ချက်မြှုပ်နေရာလေးဖြစ်တဲ့ ကြည့်မြင်တိုင်၊စကားဝါပင်လမ်းအိမ်လေးကတော့ ပျော်လဲပျော်ခဲ့၊ သောကတွေလဲများခဲ့ရတဲ့ နေရာလေးပါ။ မေ့သလားမေးရင်တော့မမေ့ပါဘူး။ လွမ်းနေသလားမေးရင်တော့လဲ မလွမ်းပါဘူး။ ဘာဖြစ်လို့တခုတ်တရရေးနေသလဲလို့မေးရင်တော့၊ မေ့လောက်စရာ တစ်ကွက်မှမရှိတဲ့ နေရာလေးမို့ပါ။

    ကျမတို့မောင်နှမတွေက ဒီအိမ်ကြီးပေါ်မှာဘဲ ကြီးပြင်းခဲ့ကြရသလို၊ ကျမတို့အဖေကတော့ ဒီအိမ်မှာနေရင်း ခေါင်းချခဲ့တဲ့နေရာပါ။ အဖေဆုံးပြီးတဲ့နောက်ပိုင်း၊ အမေ့မှာပိုက်ဆံတွေအများကြီးနဲ့ပြည့်ပြည့်စုံစုံနေခဲ့ကြရသလို၊ ဆင်းဆင်းရဲရဲလဲနေခဲ့ကြရဘူးတာမို့ “ရသစုံသောအိမ်ဂေဟာကြီး” လို့ပြောရမလိုပါဘဲ။ အမေ့ရဲ့အဖေဦးဖိုးဆန်းဆုံးပြီးနောက် ကျန်ခဲ့တဲ့ တစ်အိမ်ထဲသော အမွေဆိုင် အိမ်ပါ။

    အမေကတော့ သူ့မိဘများခေါင်းချခဲ့တဲ့အိမ်မို့ သိပ်ကိုမြတ်နိုးတန်ဖိုးထားခဲ့တာပါ။ ဒါပေမဲ့လဲ အချိန်တန်တော့ မောင်နှမတွေ ရောင်းချပြီး၊ ခွဲခြမ်းစိပ်ဖြာခဲ့ကြတာဆိုတော့ ဘယ်လောက်ဘဲ ခင်တွယ်ပါစေ၊ အချိန်တန်တော့ခွဲခဲ့ကြရတာပါဘဲ။ အဲ့ဒီအချိန် ကထဲက ဘာကိုမှ တွယ်တာစရာမကောင်းပါလားဆိုတဲ့ သင်ခန်းစာတစ်ခုရလိုက်တာပါဘဲ။

    ပေ (၂၅ ×၅၀)ကို ဘေးနှစ်ဖက်ကိုတစ်ပေစီချန်ပြီး၊ဆောက်ထားတဲ့ သွပ်မိုး၊ပျဥ်ကာ ပျဥ်ခင်းအိမ်ပါ။ ထပ်ခိုးလဲပါ ပါတယ်။ ကျမတို့မိသားစုက ခေါင်းရင်းခန်းမှာနေကြပြီး၊ ခြေရင်းခန်းကိုငှားထားတာပါ။ နောက်ပိုင်းမှာတော့ အိမ်ငှါးတွေဆင်းသွားပြီး၊ ဦးတို့ကကျမတို့ရဲ့ခြေရင်းခန်းကိုပြောင်းလာကြပါတယ်။ အခုနေရတဲ့အိမ်ထက်စာရင်တော့ စကားဝါပင်လမ်းအိမ်က အတော် ကျဥ်းတယ်လို့ခေါ်ရမှာ။ ဒါပေမဲ့ ဧည့်အလွန်ပျော်တဲ့အိမ်ပါ။

    ဧည့်အလွန်ပျော်တာတော့ တကယ်ကိုစံတင်ရလောက်တာပါဘဲ။ သူငယ်ချင်းတွေနေ့နေ့ညည ဆုံကြတာကတော့ ကျမတို့ ရဲ့အိမ်မှာပါဘဲ။ အမေက သူ့မှာရှိရှိ၊မရှိရှိ လူလာတာနဲ့ထမင်းကျွေးချင်တတ်တာက ၊ သူ့စေတနာပေါ့လေ။ ဒီည ပွဲသွားကြည့် ကြမယ်ဆိုရင်တော့၊ “စုရပ်”ကစကားဝါပင်လမ်းအိမ်။ ဘတ်စ်ကားမှတ်တိုင်နဲ့လဲနီး၊ အချိန်မရွေး စားချင်တာ လဲဝယ်လို့ ရတာဆိုတော့ အိမ်မှာဘဲချိန်းကြပြီး၊ ညနေကျတော့ရေမိုးချိုး၊ လှတပတတွေပြင်ဆင်လို့စားစရာတွေအစုံထည့်ကာနဲ့ ပွဲခင်းဆီကိုလှမ်းကြတာ။

    မောင်လေး ဝင်းမောင်က သူ့သူငယ်ချင်းရဲ့ကားကိုငှါးပြီး ၊ သူ့နှမတွေနဲ့သူငယ်ချင်းတွေကိုဇာတ်ပွဲရုံအထိလိုက်ပို့တတ်တာ။ တကယ်မမေ့နိုင်ပါဘူး။ ကျမက ရင်ကြပ်တတ်တော့ Amino ကိုဘူးလိုက်ထည့်ပေးတတ်သေးတာ။ ပွဲကြည့်ပြီးပြန် ရောက်ရင် ဆေးပုလင်းကိုဖွင့်ကြည့်တတ်သေးတာ။ ပြီးတော့ “ငါ့အစ်မက ပွဲကြည့်နေရရင် ရင်မကြပ်ဘူးနော်” လို့ပြောတတ်သေးတာပါ။

    သူငယ်ချင်း နုနုကလည်းကျမတို့ရဲ့ ပွဲကြည့်ဖေါ်ပေါ့။ သူကတော့ သူ့ရဲ့မိတ်ဆွေ မွှေးမွှေးတို့ ညီအစ်မတွေကိုပါ ကျမတို့အိမ် ကိုခေါ်လာတတ်သေးတာပါ။ ပွဲကိုသွားကြည့်ကြပြီး၊နှစ်ပါးခွင်ပြီးတာနဲ့ အိမ်ပြန်ကြမယ်ဆို၊ မိုးကမလင်းသေးတော့ ကျမတို့ အိမ်ကိုဘဲ ပြန်လာကြပြီး တိုးတိုးဝှေ့ဝှေ့အိပ်ကြရတာ။ အိမ်ကျဥ်းကျဥ်းလေးထဲမှာ ဖြစ်သလိုအိပ်ကြပြီး၊ ကိန်းခန်းမကြီးဘဲ နေခဲ့ ကြဘူးတဲ့ မိတ်ရင်းဆွေရင်းတွေပါဘဲ။ ခုများတော့လဲ နုနုတို့မိသားစုနဲ့ကလွဲလို့ မဆုံဖြစ်ကြတော့ပါဘူး။ အော်၊ ဆုံကြတုန်း ကြုံကြတုန်းလေးမှာ စိတ်တူကိုယ်တူ ခင်မင်ကြသူများပေမို့ ယနေ့တိုင်မမေ့နိုင်ဖြစ်နေမိတာနေမှာ။

    အိမ်ကနေ ပွဲသွားကြည့်ကြဖို့ ပြင်ကြဆင်ကြဆိုတော့ မမေ့နိုင် အမြဲသတိရနေတာလေးလဲရှိပါသေးတယ်။ နုနုနဲ့ မွှေးမွှေးတို့ ညီအစ်မတွေက ပွဲကြည့်မည့်ည ဝတ်ဖို့ ထမီဆင်တူချုပ်ထားကြတာကိုး၊ နုနုရဲ့သ္မီး မီးမီး အတွက်ကတော့ ကြိုးတစ် ချောင်းနဲ့ဂါ ဝန်လေး။ မီးမီးကမဝတ်ချင်လို့ အသံမထွက်ဘဲမျက်ရည်ကျလို့၊ ရွှေနုက ကလေးကိုလိမ်ဆွဲ။ အမေကဆိုတာစိတ်ဆိုးလိုက်တာလေ။ အမေက မီးမီးတို့မောင်နှမနှစ်ယောက်ကို အတော်ချစ်တာ။ အထူးသဖြင့် မိဘမစုံတဲ့ကလေးကိုပိုဂရုစိုက်တတ်တာပါ။ကျမတို့လဲ မိဘမစုံဘူးလေ။ မီးမီးကိုတွေ့တိုင်းကို ဒီအဖြစ်လေးကိုပြောမဆုံးပါဘူး။တော်တော်ဆိုးတဲ့ ရွှေနု။

    အိမ်မှာအိပ်ကြမယ်ဆိုတော့လဲ၊ ကြမ်းပေါ်မှာဖျာတွေခင်း၊ ခေါင်းအုံးတွေ၊စောင်တွေချပြီး၊ ခြင်ထောင်ကြီးတစ်လုံးထောင်ပြီး၊ ခြင်ထောင်ထဲမှာစကားတွေဖေါင်ဖွဲ့ပြီး အိပ်လိုက်ကြတာပါဘဲ။ပကာသနမဖက်တဲ့ချစ်ခင်ရင်းနှီးမှုတွေပါ။ ခုကာလလို ရောဂါတွေသာကြောက်ရမည့်အချိန်ဆို ခက်ရချည်ရဲ့။ စားကြမယ်ဆိုတော့လဲ တစ်ပန်းကန်ထဲ ကိုဇွန်းသုံးလေး ချောင်းတပ် ပြီး၊အလုအယက်စားကြပြန်တာပါ။ ရေနွေးကြမ်းကို မတ်ခွက်ကြီးထဲထည့်ပြီး၊သူတစ်ငုံ၊ငါတစ်ငုံနဲ့ ဟန်ကိုကျလို့။ ဘယ်မှာလဲ ကူးစက်တတ်တဲ့ရောဂါ။

    ရှေးတုန်းက ဒေါင်းလန်းကြီးနဲ့ စားကြတာကိုမမှီပေမဲ့၊ ချစ်ခင်ရင်းနှီးစွာနဲ့ တစ်ပန်းကန်ထဲမှာ စုပေါင်းစပ်ပေါင်းစား ခဲ့ကြဘူးတာ ကိုတော့ စံတင်ထားရမှာပါ။

    တို့တတွေခရီးထွက်ကြမယ်ဟေ့လို့ ဆိုပြန်ရင်လဲ၊ မနက်အစောထွက်ကြမှာမို့ ကျမတို့အိမ်မှာ စုပြီးအိပ်ကြတာပါဘဲ။ တညလုံးမအိပ်နိုင်ကြဘဲ စကားတွေပြောကြပြီး၊ လမ်းရောက်မှ ကားပေါ်မှာ အိပ်ငိုက်ကြတာ။ ငယ်တုန်းမို့သာ ထူပေထာပေ ခံနိုင်ကြတာ။ ခုလိုအသက်အရွယ်များဆိုရင်တော့ ခွေကနဲလဲသွားနိုင်ပါတယ်။

    ပျော်သင့်တဲ့အချိန်မှာ ငယ်ရွယ်တုန်းပျော်ကြပါ။

    ထို့အတူ ကြိုးစားသင့်တဲ့အချိန်မှာ အချိန်ကာလအလိုက်ကြိုးစားကြပါ။

    အချိန်အခါသင့်သလို နေထိုင်တတ်မှ

  • အားမာန်တင်း၊ ကျားကန်ရင်း

    အားမာန်တင်း၊ ကျားကန်ရင်း

    ဒေါ်မိအောင် Daw Mi Aung

    “အိမ်အိုတော့ကျားကန်၊ လူအိုတော့ပန်းပန်” လို့ဆိုကြတာလေး။ ဟုတ်မှန်သောစကားမို့ အဆိုရှိကြတာနေမှာ။ ခုတလော မှာတော့ လူအိုပေမဲ့ ပန်းမပန်နိုင်ပါဘူး။ ပန်းပန်ရင်နန်းဆန်မှန်းတော့သိပါရဲ့။ ဒါပေမဲ့ အသက်(၂၈ )နှစ်ရှိပြီဖြစ်တဲ့ အိမ်အိုကြီး ကိုတော့ ကန်လိုက်ရတဲ့”ကျား”။ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပါဘဲ။

    တခါတလေ အိမ်သန့်ရှင်းရေးတောင်မလုပ်ချင်တော့ဘူး။ ကိုယ်က တစ်နေရာလေးသွားထိလိုက်၊ သူက ငါ့ကိုဒီနေ ရာလေး ပြင်ပေးပါဦးပြောလိုက်နဲ့။ ဟုတ်ပါပြီ၊ တို့တော့ ဒီနေရာလေးတစ်ကွက်တော့ ပြင်လိုက်မှပါလဲ ဆိုရော၊ နောက်တစ်ဒေါင့်က တစ် မျိုး ထကြွပြန်ပါရော။ ဒီကာလမှာထမင်းစားဖို့က အရေးကြီးနေတာလေ။” ခဏထားလိုက်ဦးမယ်ဟဲ့” လို့ မသိချင် ယောင် ဆောင်၊ မမြင်ချင်ယောင်ဆောင်နေရတာ။

    အမယ်လေး၊ ဒီနေ့တော့ ကျွန်းသေတ္တာထဲကပစ္စည်းလေးတွေထုတ်ပြီး၊ မသုံးတဲ့ပန်းကန်လေးတွေ ထည့်မယ်ဆိုပြီး “မ”လိုက်တာ၊ “ကိုရွှေ ခြ”တွေ ရွရွတက်လို့၊ အပြင်ကို ကမန်းကတမ်းထုတ်၊ မနက်စောစောယူထားတဲ့ငါးပါးသီလထဲက “ပါဏာတိပါတာ” လေးကို ဘေးခဏချထားပြီး၊ ” ခြ ” နှိမ်နင်းရေး လုပ်ရတော့တာပါဘဲ။ မမြင်ယောင်ဆောင်လို့ မရတော့တာနဲ့ မီးဖိုခန်းလေးကို နဲနဲပါးပါးပြန်ပြီး “သ” ဖို့ ပန်းရံသမားခေါ်ရတော့တာပေါ့။ ကိုယ်မလုပ်တတ်တော့ လုပ်ပေးမည့်သူက အားတဲ့နေ့ လာခဲ့ပါ့မယ် ဆရာမရယ်တဲ့။ လုပ်ပေးပါ့မယ်ဆိုတာကိုဘဲ ပိုက်ဆံပေးရမှာပေမဲ့လဲ ကျေးဇူးတင်ရပါတယ်။

    အံ့သြမိတာက ကျွန်းသေတ္တာမို့ ခြမစားတန်ကောင်းပါဘူးဆိုပြီး၊ ပြန်မကြည့်မိတာက ကိုယ့်အပြစ်ဘဲပေါ့။ အမေရှိတုန်းက တွေ့ သမျှပစ္စည်းအကုန်ထည့်သိမ်းထားတာတွေ ကုန်ရောပါဘဲ။ လေးဖက်လေးတန် ပေပျဥ်ကြီးတွေနဲ့လုပ်ထားပြီးမှ အရေးကြီး တဲ့အောက်ခင်းကို သုံးထပ်သားနဲ့ လုပ်ပေးလိုက်တဲ့ ဥာဏ်ကြီးရှင်လက်သမားကိုတော့၊ အတော်ကိုအံ့သြမိတာပါဘဲ။ ရှေ့ လတွေ တုန်းက အိမ်ထဲကို ရေဝင်သေးတာမို့ ပိုဆိုးသွားတာလေ။

    အဖြစ်ကတော့မနှစ်ကနဲ့မတူပါဘူးလို့ပြောရမလိုပါဘဲ။ ပန်းမပန်နိုင်တာထက်၊ မျက်နှာပေါ်ကို သနပ်ခါးလေးတောင် မတင် နိုင်အောင်၊ အလုပ်တွေရှုပ်ကုန်ရတာ။ တော်သေးတာက ထမင်းကို မနက်စာနဲ့ညစာကို တခါထဲချက်ထားမိလို့သာ။နို့မိုသာဆို ဒီနေ့ထမင်းနဲ့ ဝေးရဦးတော့မှာ။ မီးကလဲပျက်နေသေးတာကို။ တကယ်တော့လဲ လူရယ်လို့ဖြစ်လာရင် “သုခ”ချည်းဘဲတော့ ဘယ်ရှိပါ့မလဲ။ “ဒုက္ခ”ဆိုတာလေးလဲ ပါမှသာ တရားမျှတမှာလေ။ သုခဆိုတဲ့ ချမ်းသာ ချည်းဘဲသာဆိုလို့ကတော့၊ လောက ကြီးမှာရှိတဲ့သူတွေ ဘုရားဝေး၊တရားဝေးတွေဖြစ်နေကြမှာ။ “ခလုတ်ထိမှ အမိတ” ကြတာကိုး။ သူသူငါငါ အားလုံးအတူတူပါဘဲ။

    တရားတွေကတော့အမျိုးမျိုးပြနေတော့တာပါဘဲ။ ငမိုက်သား ကျမတို့တွေကသာ “အသိခေါက်ခက်” ဖြစ်နေကြတာ။

    “သြကာသ”ကို အကြိမ်ကြိမ်အလီလီ ရှိခိုးရင်းနဲ့ဘဲ၊ နှလုံးသားမှာ “အသိ” လေးကို “သတိ”လေးနဲ့ဆင်ခြင်ရတော့မယ်။

    မိမိကိုယ် မိမိသာကိုးကွယ်ရာမို့၊ – – – –

    ဘဝရဲ့ကျန်ရှိနေသေးတဲ့ အချိန်လေးကိုသတိဥာဏ်ပညာလေးနဲ့ဂရုစိုက်ပြီး လောကကြီးကိုဖြတ်သန်းကြရတော့မှာ ။

  • ကြီးလာတဲ့ “အိမ်”

    ကြီးလာတဲ့ “အိမ်”

    ဒေါ်မိအောင် Daw Mi Aung

    ကျမတို့အိမ် အကြီးကြီးဖြစ်သွားပါပြီ။ ဒဂုံကိုပြောင်းလာခါစတုန်းကတော့ အမေရယ်၊ ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်၊ ကျမရယ် ( ၄ )ယောက်ပေါ့။ အဲဒီတုန်းကတော့ ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီး၊ အမေရလိုက်တဲ့အမွေဝေစုနဲ့ ကျမနဲ့ဝက်ပေါ ရဲ့လက်ဝတ်လက်စားလေးတွေထုခွဲပြီး၊ “ကျောချစရာ”နေရာလေးရအောင် စီစဥ်ခဲ့ရတာမို့၊ အောက်ထပ်ကသံမံ သလင်း မခင်းနိုင်သေးဘဲ၊ မြေကြီးနဲ့ နေခဲ့ရတာ။ ကြည့်မြင်တိုင်အိမ်ကို ငွေအကျေ ချေပြီးတာနဲ့ ပြောင်းနိုင်ဖို့ကို မောင်နှမ သုံးယောက် ကြိုးစားခဲ့ရတာ။ အောက်ထပ်ကို မြေကြီးသိပ်နေအောင်လို့ ​ သစ်သားဒင်နဲ့ တစ်ယောက်တလဲ “ထု”ကြရတာများ လက်တွေကို အသားမာ တက်ရောပါဘဲ။ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးဖြစ်တော့မှာမို့ ပင်ပမ်းတယ်လို့မထင်ဘဲ၊ ပျော်ပျော်ပါးပါးကို လုပ်ကြတာပါ။

    မိမာလေးက အိမ်ထောင်ကျပြီး၊ သ္မီးကြီး ၅လသ္မီးမှာ ကျမတို့က ဒဂုံအိမ်ကို ရွှေ့လာခဲ့တာ။ သိပ်မကြာခင်မှာဘဲ မောင်လေးဝင်း မောင် က ကော့သောင်မှာအလုပ်သွားလုပ်တော့ ကျမတို့သားအမိသုံးယောက်ဘဲကျန်ခဲ့တော့တာ။ နောက်တော့မောင်လေးဖိုးချို က ဒဂုံမှာ လာနေတော့ သားအမိလေးယောက်။ မောင်လေးဖိုးချိုဆုံးပြီးတော့မှ မိမာတို့က ဒဂုံမှာမြေလေးဝယ်ပြီးအိမ်ဆောက်လို့ ကျမတို့နဲ့မလှမ်းမကမ်းလေးကိုပြောင်းလာကြပြန်ပါတယ်။ လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးမှာ “နေရေး” ကအရေး အကြီးဆုံးပါဘဲ။ “ကိုယ့်အိမ်ထဲမှာ ငပိနဲ့စားစား၊လူမသိဘူး။ကျောချစရာနေရာရှိဖို့ကအရေးကြီးတယ်”ဆိုတာ သိပ်ကိုမှန်တာပါ။ ကျမတို့ ငယ်ငယ်က ကိုယ်ပိုင်အိမ်မရှိလို့ အမွေဆိုင်အိမ်မှာ နေခဲ့ရတော့၊ နေဖို့ဆိုတာ အတော်အရေးကြီးမှန်းသိခဲ့ရတာမို့ပါ။

    အပြောင်းအလဲတွေဆိုတာကလဲ ဒီနေ့တစ်မျိုး၊နက်ဖန်တစ်မျိုးမို့ မတည်မြဲလိုက်တာ။ “ဘဝသံသရာ” သီချင်းလိုပါဘဲ၊” ဘယ်ဟာ မတည်မြဲ ဖေါက်လွဲဖေါက်ပြန်၊ အကြောင်းကံ ကမ္မသကာ” ဆိုတာလေ။ မိမာရဲ့အမျိုးသားက သစ်စက်မှာအိမ်ခန်းရလို့ ပြောင်းနေ မှဖြစ်မယ်ဆိုတာနဲ့ သ္မီးကြီးနဲ့သ္မီးအလတ်ကိုကျမတို့နဲ့ထားပြီးပြောင်းသွားကြပြန်ပါရော။ အကြီးမ ၉ တန်းရောက်တော့ ကျူရှင် ထားမှဖြစ်မှာမို့၊ ကလေးကျောင်းက ၈နာရီလောက်မှပြန်လွှတ်ရင်၊ လမ်းထိပ်က ကားဂိတ်မှာ မိုးထဲရေထဲ စောင့်ကြိုရတာ။ ကျမတူမလေးတွေကို ကျေးဇူးတင်မိတာကတော့ သူများတွေလို ဝိုင်းကျူရှင်တွေ မတက်ရဘဲ ၁၀ တန်းကိုနှစ်ချင်း ပေါက် အောင်လို့ပါ။ (အဒေါ် တွေ ပင်ပမ်းခံရ ကျိုးနပ်ပါတယ်။)

    တခါ မိမာရဲ့ ခင်ပွန်းက ကျန်းမာရေးမကောင်းတာနဲ့ အငယ်ဆုံးမလေးကိုပါ ကျမတို့နဲ့ လာထားပြန်တော့ အိမ်မှာ မိမာရဲ့သ္မီးသုံး ယောက်ရယ် ကျမတို့သားအမိသုံးယောက်ရယ်ဖြစ်သွားပြန်ပါရော။ ကျမနဲ့ဝက်ပေါက နေ့လည်အလုပ်သွားရတာမို့၊ အမေက ကလေးသုံးယောက်ကိုကြည့်ရပြန်တာပါ။ သက်ထားလေးက ငယ်တော့ အိမ်နားကကျောင်းကို အသွားအပြန်ဂရုစိုက်ရတာပေါ့။ ကလေးတွေ ငယ်တုန်းကတော့ အဒေါ်တွေ အလုပ်သွားခါနီး ချက်ပေးခဲ့တာကိုစားကြတာပါဘဲ။ ( အရွယ်လေးရလာကြတော့ သူတို့ကအမေ၊ ကျမတို့ကသ္မီးဖြစ်သွားရပြန်ပါရော။ ခုခေတ်ကလေးတွေက ပိုသိပိုတတ်ကြတာကို။)

    ဒီလိုနဲ့ သက်ထားလေး စတုတ္ထတန်းအရောက်မှာတော့ သူတို့အဖေ ကွယ်လွန်သွားခဲ့တာမို့၊ မိမာပါ ကျမတို့နဲ့အတူ လာနေ ပြန် ပါတယ်။ ကျမတို့သားအမိသုံးယောက်နဲ့ မိမာတို့သားအမိလေးယောက်ဆိုတောလဲ အိမ်က သေးသေးလေးဖြစ်သွားရပြန်ပါရော။ ခုတော့ အငယ်ဆုံးသက်ထားလေးတောင် ဒဿမတန်းအောင်ပြီဆိုတော့၊ အကြီးနှစ်ယောက်က အလုပ်အကိုင် ကိုယ်စီဖြစ် ကြပြီလေ။ အကြီးမကြီးက အိမ်ခန်းရတာမို့၊ သူတစ်ယောက်ထဲ နေဖို့ကလဲမဖြစ်နိုင်ဘူးလေ။ သူတို့မိသားစု အားလုံး၊ ဒီနေ့ဘဲ ပြောင်းသွားကြပါတယ်။( မိမာလဲ ခုမှ သူ့သ္မီးတွေနဲ့ လူကြီးစတိုင်နဲ့ နေရတော့မှာမို့ ကျမကကျေနပ်နေမိတာ။အစ်မတွေနဲ့ဆို ကလေးထက်နဲနဲဘဲ သာတာမို့ပါ။)

    သူတို့ပြောင်းသွားကြတော့ အိမ်မှာဝက်ပေါလေးနဲ့ကျမဘဲရှိတော့တာမို့၊ အိမ်အကြီးကြီးဖြစ်သွား ပြန်ပါပြီ။ (အမေကတော့ ကျမတို့ကိုထားခဲ့တာ နိုဝင်ဘာလ ၅ ရက်ဆို( ၉ )လပြည့်တော့မယ်။)

    ညီမတွေ၊ မောင်တွေက သားသ္မီးလိုဖြစ်နေတာမို့၊ သူတို့နဲ့အတူရှိနေတဲ့အခါ၊ အဆင်ပြေတဲ့အခါလဲ “တပျော်တပါး၊” အဆင် မပြေတဲ့အခါလဲ “စကားများ”ပေါ့လေ။

    အမြဲအဆင်ပြေနေရင် ဘယ်ပျော်စရာကောင်းပါတော့မလဲ။ အိမ်ကြီးက ဆူသံပူသံ မကြားရရင်လဲ အတော်ပျင်းစရာကောင်းမှာ။

    မောင်နှမတွေဆိုတာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်မို့ – – – –

    အိမ်ဆိုတာ လူတွေတိုးလာရင်သာ မသိသာတာ၊ နဲနဲရော့သွားတာနဲ့ သိပ် သိသာတာလေ။

    ကြုံဘူးကြမှာပါ။ ။

    မိမာကို သူ့အမျိုးသားဖက်က လာတောင်းလို့ ထည့်ပေးလိုက်ရတော့ အမေခံစားခဲ့ဘူးတဲ့၊ “မိခင်သောက” ကို ခံစားမိတာလေးပါ။

  • အေးချမ်းသာယာစေချင်

    အေးချမ်းသာယာစေချင်

    ဒေါ်မိအောင် Daw Mi Aung

    ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုက ကံအကျိုးပေးနဲ့ ဘဝပေးကုသိုလ်တွေပါ။ ချမ်းသာတယ်ဆိုပြီးမာန်မတက်လေနဲ့။ ဆင်းရဲ တယ်ဆိုပြီးလဲ ဝမ်းမနဲပါနဲ့။

    တချို့လူတွေက ချမ်းသာတဲ့ဒဏ်မခံနိုင်ကြဘဲပျက်ဆီးတတ်ကြသလို၊ တချို့သူတွေက ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ဘဲ ပျက်ဆီး တတ်ကြတာကို တွေ့မြင်ခဲ့ရဘူးလို့ပါ။ ဒါမျိုးကတော့ ” ကံ” နဲ့မဆိုင်တော့ပါဘူးလို့ ထင်မိတာပါဘဲ။

    သွန်သင်ဆုံးမတတ်တဲ့သူနဲ့အတူနေရတာရယ်၊ နာခံသူရဲ့ နာခံတတ်တဲ့ ခံယူမှုရယ်က ပိုအရေးကြီးလေသလားလို့ပါ။ ချွင်းချက် အနေနဲ့ကတော့ ပင်ကိုယ်ဗီဇလဲကောင်းဖို့လိုပါတယ်။

    အမေကအမြဲပြောတတ်တာလေးအမှတ်ရမိလို့ပါ။ “အိုးသည်ဆိုတာ အိုးကောင်းကောင်းသုံးချင်ရင် နာနာရိုက်ရတယ်၊ သားသ္မီး လဲ တတ်သိလိမ္မာစေချင်ရင် ကြုံလာသမျှကို သတိပေးဆုံးမရတယ်” တဲ့။ ဟုတ်မှာပါ။

    ဒါပေမဲ့၊ ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူတာမှန်ငြားသော်လည်း၊ ခေါင်းပေါင်းသားက မကောင်းရင်တော့လည်း၊ ဖွပ် သလောက်တော့ မဖြူနိုင်တာအမှန်ပါ။

    ခေတ်မှီတိုးတက်လာပြီဖြစ်တဲ့ ယနေ့ခေတ်အခါမှာတော့ မိဘနဲ့သားသ္မီးတွေ အလှမ်းဝေးနေသလိုပါဘဲ။ လက်ပွန်းတစ် တီးမရှိ ကြသလိုမို့။ ကျမတို့ငယ်စဥ်ကလို ၊ အဖေတစ်ယောက်အလုပ်လုပ်ရင် မိသားစုအားလုံးကို အပြည့်အစုံထား နိုင်တဲ့အခြေ အနေ မျိုးမဟုတ်ပြန်ပါဘူး။ အမေကပါ တဖက်တစ်လမ်းက အလုပ်လုပ်နိုင်ပါမှ နဲနဲအသက်ရှူချောင်နိုင်တဲ့ခေတ်ပါ။ သားသ္မီးကို အနီး ကပ်ဆုံးမနိုင်ဖို့ မဆိုထားနဲ့၊ သိတတ်ခါစကလေးကိုတောင် ညအိပ်ယာဝင်ပုံပြင်မပြောနိုင်ကြတော့ပါဘူး။

    ခုခေတ် ကလေးတွေကို ကျမအမြင်ကတော့ အစွန်းတစ်ဖက်စီရောက်နေကြသလိုပါဘဲ။ တချို့ကလေးတွေက တိုးတက်မှုကို တအားကြံဆကြိုးစားနေကြတဲ့အချိန်မှာ၊တချို့ကလေးတွေက ဘဝကို မျှောပစ်ပြီး ပျက်စီးကြောင်းတွေ ကိုဘဲအာရုံစိုက် နေ တတ်ကြပါတယ်။ ဆင်းရဲ ချမ်းသာ မရွေးပါဘဲ။ ဒါတွေကိုမြင်နေရတော့ အနာဂတ်လူငယ်လေးတွေကိုနှမျောမိတာပါ။ မိမိကိုယ် တိုင်က သိပ်တတ်၊ သိပ်တော်သူတော့ မဟုတ်ပေမဲ့၊ ကိုယ်က အသက်အရွယ်ရလာတဲ့အချိန်မှာ တွေးဆတတ်မိလာတာမို့။ ကိုယ့်နဲ့ရွယ်တူတွေ သိပ်ကိုအောင်မြင်နေတာမြင်ရတဲ့အခါ၊ ကိုယ်ကသူတို့လောက် မကြိုးစားခဲ့မိလေခြင်းဆိုတဲ့ “နောင်တ” ဟာ အချိန်လွန်မှသိရတာ။ (မနာလို၊ ဝန်တိုစိတ်နဲ့ လုံးဝမဟုတ်ပါဘူး။)

    ဥာဏ်လဲထက်နေတုန်းအချိန်လေးမှာ ကြိုးစားမှလဲ ပိုပြီးအောင်မြင်ကြမှာ။ ချမ်းသာဖို့ဆိုတာထက်၊ အတွေးအခေါ်မြင့် မားဖို့ ဆိုတာက ပိုပြီးအရေးကြီးသလားလို့ပါ။ တချို့ကလဲ ချမ်းသာဖို့ပိုအရေးကြီးတယ်လို့ယူဆကောင်း ယူဆကြပါလိမ့်မယ်။ အတွေးတွေ၊သဘောထားတွေဟာ အမျိုးမျိုးကွဲလွဲ နိုင်ကြတာမို့၊ သူတပါးကိုမထိခိုက်စေနိုင်တဲ့ အတွေးနဲ့ လုပ်ဆောင်ချက် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

    ဆင်းရဲလို့ ငွေကြေးမတတ်နိုင်လိို့ ပညာတောင်မသင်ကြရတဲ့ကလေးတွေလဲ ဒုနဲ့ဒေးပါဘဲ။ ဒါပေမဲ့ဆင်းရဲပေမဲ့ ကြိုးစားချင် စိတ်ရှိတဲ့ လူတချို့ လောကကြီးမှာအောင်မြင်ကျော်ကြားနေကြတာလဲအများကြီးပါဘဲ။ ဒါကြောင့် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇ အရည်အသွေးကသာ သူ့ ရဲ့အောင်မြင်မှုကိုဖြစ်စေမှာပါ။

    ချမ်းသာသူတချို့ကတော့ ငွေဂုဏ်မောက်ပြီး၊ ထင်ရာစိုင်းတတ်ကြတာမို့ ပျက်စီးစေတတ်တာတွေဟာလဲ၊ တရား သဘော နဲ့ကြည့်ရင် မမြဲတဲ့တရားတွေပါ။ ကျမတို့ငယ်ငယ်ကသင်ခဲ့ရတဲ့ကုဋေ ၈၀ သူဌေးသား လိုပါဘဲ။ ဘယ်လောက်ပင် ချမ်းသာ သော်လည်း စာပေမတတ် အသိပညာနုံနဲ ရင်တော့ ပျက်စီးကြရမှာမလွဲပါဘူး။

    ကျမတို့လို အလယ်အလတ်တန်းစားလူမျိုးတွေအဖို့တော့ နေတတ်ရင်ကြေနပ်စရာချည်းပါဘဲ။ မချမ်းသာချင်တဲ့ လူတော့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ချမ်းသာပြီး၊ ” ကြောင့်ကြမှု “တွေနဲ့စိတ်ပင်ပမ်းနေရတာထက်စာရင်၊ အေးချမ်းတဲ့ဘဝလေးက ပိုပြီး သာယာပါလိမ့်မယ်။

    ကျမကတော့လေ ခုလက်ရှိနေရတဲ့ အခြေအနေထက်၊ ကြည့်မြင်တိုင်မှာနေခဲ့ရတဲ့ မောင်နှမ (အကြီး) သုံးယောက် ရုန်းကန် လှုပ်ရှားရင်းနဲ့ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ခဲ့ရတာလေးကိုဘဲ တမ်းတနေမိတာပါ။

    ခေတ်မှီတိုးတက်လာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် တစ်မိုးအောက်ထဲနေပြီး “ဝေး” နေကြရတာတော့ သိပ်ကို ဝမ်း နည်းစရာကောင်လွန်းလှပါတယ်။

    ချမ်းသာဖို့ဘဲ အာရုံစိုက်နေကြပြီး၊ ငွေ – ငွေဆိုတဲ့နောက်ကို အတင်းလိုက်နေကြရတော့ မိသားစုဆိုတာက နောက်ရောက် နေ တတ်ကြတာမို့ ချမ်းသာတဲ့သားသ္မီးတချို့ ပျက်ဆီးခြင်းမက ပျက်ဆီးနေကြတာ ဝမ်းနည်းစရာပါ။

    အတွေးလေးတွေ မှန်ပြီး မိသားစုနွေးထွေးနိုင်ကြပါစေ။

    သောက ကင်းဝေးကြပါစေ။

  • ပျော် မော လေး

    ပျော် မော လေး

    ဒေါ်မိအောင် Daw Mi Aung

    လူတွေကပြောတတ်ကြတယ်။ ” စုန်ရေ” ဘဲရှိတယ်။ “ဆန်ရေ” ဆိုတာမရှိဘူးတဲ့။ ကျမ အမုန်းဆုံးစကားပါဘဲ။ ကျမတို့မိ ဘတွေက ကျမတို့ကို ကျွေးမွေးပြုစုခဲ့တာ၊ ဘာတွေမှ ပြန်ရဖို့ကို မမျှော်ကိုးခဲ့ဘူးဆိုတာ သိနေလို့ပါဘဲ။ သားသ္မီးဆိုတာကတော့ မိဘက ပေးတာယူ၊ ကျွေးတာစား ဆိုတာကတော့ သဘာဝတရားပါ။

    အချိန်တန် အရွယ်ရောက်၊အတောင်အလက်စုံလို့ လူလားမြောက်လာကြရင်တော့လဲ သူတို့လဲ သူတို့လမ်းကိုသူ တို့လျှောက် ကြမှာပေါ့လေ။ ကျမတို့မိဘတွေလဲ ဒီလမ်းကိုဘဲလျှောက်ခဲ့ကြတာမို့၊ ပိုလို့မထူးဆန်းလောက်ပါဘူးနော်။

    ဒီခေတ်ကြီးထဲမှာ တချို့လဲ အိမ်ထောင်ပြုကြလို့ ကိုယ့်မိသားစုအတွက်ရုန်းကန်ကြရင်းနဲ့ မိဘဆီကို ခြေဦးမလှည့်နိုင်တာလဲ ရှိကောင်းရှိပါလိမ့်မယ်။ သူ့မိသားစုမှာမှ မနဲကိုဘဲ၊မလောက်ငှလို့ ကြိုးစားရှာဖွေနေကြရရင်၊ ဘယ်လိုလုပ်ပြီး မိဘညီ အစ်ကို မောင်နှမဘက်ကို ငဲ့စောင်းလို့ကြည့်နိုင်ပါ့မလဲ။

    ကျမကို နိုင်ငံခြားသားမိတ်ဆွေ တစ်ယောက်ကပြောဘူးပါတယ်။ သူက ကျမကိုမိသားစုအကြောင်းမေးတဲ့အခါကြတော့၊ ကျမမှာ “အမေ၊ ညီမ ၂ ယောက်၊ မောင်၂ ယောက်နဲ့ ကျမအပါအဝင် မိသားစု ၆ ယောက်ရှိတယ်” လို့​ ပြန်ပြောလိုက်ပါတယ်။ သူက “No, it’s not your real family. Your mother’s family. ” လို့ပြောခဲ့တာ။ ခု အသက်ကြီးလာမှ သူပြောတာမှန်ပါလားလို့ တွေးမိ တာပါ။

    မိဘရင်ခွင်ကခွါပြီး အိမ်ထောင်ပြုသွားသူတွေကလည်း၊ မိဘညီအစ်ကိုမောင်နှမကို မချစ်လို့တော့ မဟုတ်ပါဘူး။ ချစ်ကြပါ လိမ့် မယ်။ ဒါပေမဲ့ ၊ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးတဲ့အချိန်အခါမျိုးမှာတော့သူတို့ရဲ့မိသားစုသည်သာ သူတို့အတွက် အရေး အကြီးဆုံးဖြစ်ပါလိမ့်မယ်။ အပြစ်ပြောလို့ဘယ်ရပါမလဲ။ အိမ်ထောင်ပြုသွားတဲ့သားသ္မီးက ပြည့်စုံကြွယ်ဝနေပါရက်နဲ့ မိဘ ကို ပြန်လှည့်မကြည့်ဘူးဆိုရင်တော့ အပြစ်အကြီးကြီးဖြစ်သွားတယ်လို့၊ ကျမခံစားမိတာပါ။ ဒါတောင်မှ သူတို့ပြည့်စုံဖို့၊ သူ့သားသ္မီး ပြည့်စုံဖို့ကို နေ့မအား၊ ညမနားသာ အလုပ်နဲ့နပမ်းလုံးနေရရင် မိဘဆီ ပြန်လှည့်နိုင်ဖို့ဝေးပါလိမ့်မယ်။ ဒါပေမဲ့လို့ သားသ္မီးတွေ အနေနဲ့ မိဘအတွက် နဲနဲလေးဖြစ်ဖြစ် အချိန်ပေးမိကြရင်တော့၊ ဒီ “ဆန်ရေ”ကိစ္စလေးဟာ နဲနဲများအဆင်ပြေသွားမလားလို့ပါ။ မိဘဆိုတာကတော့ သားသ္မီးကို ဘာမျှော်လင့်ချက်နဲ့မှ ကျွေးမွေးပြုစုခဲ့တာမဟုတ်ဘူးဆိုတာကိုတော့၊ ကိုယ်လဲ ကိုယ့်ထက် အငယ်တွေကို မိဘနေရာကနေ စောင့်ရှောက်ခဲ့တာမို့ သိသင့်သလောက်သိပါတယ်။ နောက်ပြီး အိမ်ထောင်ပြုသွား သူ ကလေး တွေအနေနဲ့ကလည်း သူတို့ရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့၊ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ တို့ကလည်း “ဘက်မျှ” ဦးပါမှ။

    (တကယ်စဥ်းစားကြည့်ရင် အတော်ကို နက်နဲတာမို့၊ ကာယကံရှင်ကလွဲလို့၊ ဘယ်သူမှ မသိနားမလည်နိုင်တဲ့ အရေးကိစ္စတွေပါ။)

    လူပျိုအပျို လူလွတ်တွေအဖို့ကတော့ မိဘနဲ့အတူနေ အတူစားပြီး၊နေထိုင်ရင်းနဲ့ မိဘကို အရေးမစိုက် မကျွေး မမွေးဘဲ၊ စောင်းငဲ့လို့မကြည့်ဘူးဆိုရင်တော့ အပြစ်ပေါ့လေ။

    မိဘက ပညာတွေသင်ပေးခဲ့လို့ အလုပ်အကိုင်တွေရ၊ အိမ်ထောင်လဲမပြုပါဘဲနဲ့ မိဘကိုကျွေးရမှန်းမသိတဲ့သားသ္မီးမျိုးတွေလဲ မြင်ဘူးခဲ့တာပါ။ သူ့အကြောင်းနဲ့သူပါဘဲလေ။ ဒီလိုမျိုးတွေ ကိုယ်မလုပ်မိဖို့နဲ့၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားတတ်ဖို့သာဘဲ အရေးကြီးပါတယ်။

    ကျမကတော့ ကိုယ်က အစ်မအကြီးဆုံးဖြစ်တာမို့၊ ကိုယ်နိုင်တဲ့ “ဝန်” ကို တတ်နိုင်သရွေ့ ပြည့်စုံအောင် လုပ်ပေးလိုက်တာပါဘဲ။ “ငါ့ကို သူတို့ပြန်ကြည့်ပါ့မလား”ဆိုတဲ့အတွေးမျိုး တခါဘူးမျှ မတွေးဘူးတာပါ။ ကျမအနေနဲ့ကတော့ “စုန်” လဲ စုန်ခဲ့ဘူးပြီး၊ “အဆန်” ကိုလဲ မငြီးမငြူ “ဆန်”ခဲ့တာမို့ ။ တချို့ကတော့ မိဘဆီမှာ ရစရာရှိတဲ့ “အမွေ” ဆိုတာကိုမျှော်ကိုးရင်းနဲ့ ၊ မိဘရဲ့ဝန်ကို မကြိုက်လဲထမ်း၊ကြိုက်လဲထမ်း ဆိုတဲ့လူမျိုးတွေလဲ တွေ့ ခဲ့ဘူးပါရဲ့။ တွေးကြည့်ရင်တော့ အကြောင်းအကျိုးတွေချည်းပါဘဲ။

    ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ အားလုံးဟာ “ကံ” အတိုင်းဖြစ်လာတာလို့သာတွေးမိရင် – – – – –

    “စုန်ရေ”ကို မျှောခဲ့တယ်ဆိုတာလဲ မလွယ်လှပါဘူး။ကြိုးစားပြီး အားမာန်အပြည့်နဲ့ရုန်းခဲ့ရတာပါ။၊ “ဆန်ရေ”ကိုလဲ မမောတမ်း ပျော်ပျော်ပါးပါး ရုန်းခဲ့ရတာပါ ဘဲလေ – – – -။

    ဆန်လာမဲ့”ဆန်ရေ”ဆိုတာကိုသာ၊ မမျှော်လင့်ဘဲနေနိုင်ကြရင်တော့ စိတ်ချမ်းသာကြရမှာပါဘဲ။

    ဘဝမှာ အစုန်၊ အဆန် သွားခဲ့ရတာလဲ၊ တွေးကြည့်ရင်တော့ ဘဝခရီးမို့ အတက်အကျနဲ့ပျော်စရာပါဘဲ။

  • အတွေး – ၂

    အတွေး – ၂

    ဒေါ်မိအောင် Daw Mi Aung

    လူ့ဘဝ တိုတိုလေးကို ရလာကထဲကရုန်းကန်လိုက်ကြရတာ၊ နားရတဲ့အချိန်ကိုမရှိသလောက်ပါဘဲ။ ရုပ်ခန္ဓာကြီးက နားနေကြ ရင်လဲ၊ စိတ်ကမှမနားရပါဘဲလား။

    စိတ်ကမနားရတာများ၊ ထိုင်ရင်း အိပ်ရင်းနဲ့ကို “အတွေး” တစ်ခုဝင်လာလိုက်ရင်လေ၊ အိပ်လို့ကိုမပျော်တော့တဲ့ အခြေအနေပါ။ အတော်ဆိုးတာပါလား။ ပိုက်ဆံတွေရှိတဲ့သူ၊ကျိကျိတက်ချမ်းသာတဲ့သူတွေက ရှိတာလေးပျောက်ပျက်သွားမှာစိုးရိမ်တဲ့ “သော က”၊ မရှိတဲ့သူတွေက တို့ရဲ့နက်ဖန်ကို ဘယ်လိုရှာဖွေစားသောက်ကြရမလဲဆိုတဲ့ “သောက’။ ဘာများကောင်းတာရှိလို့လဲ။ “သောက’ဆိုတဲ့အပူတွေရင်ထဲမှာ ပိုက်ထားကြရတာ။

    ကျမ ခပ်ငယ်ငယ်က နေစရာ၊ စားစရာ ထိုက်သင့်သလိုရှိတဲ့ လူတစ်ယောက်ကပြောဘူးပါတယ်။ “ခုချိန်မှာတော့ လက်ထဲမှာ ရှိတဲ့ပိုက်ဆံ၊ ရင်းနှီးမြှုပ်နှံထားတဲ့ဆီကရလာမည့် ငွေတိုးလေးနဲ့ စားဝတ်နေရေးအဆင်ပြေနေပေမဲ့၊ နောက်လာမည့် ဆယ်နှစ် တန်သည်၊ ဆယ့်ငါးနှစ်တန်သည် အချိန်တစ်ခုရောက်လို့ တက်လာမည့်ကုန်စျေးနှုန်း၊ ကြီးမြင့်လာမည့် လူနေမှုစရိတ်စ သည်တို့ နှင့်မလောက်ငှရင်တော့ သေပစ်လိုက်မယ်” ဆိုတာမို့။ ဒါပေမဲ့ အဲ့ဒီအချိန်မတိုင်မီ မှာဘဲ၊ လောကကြီးကို ကျောခိုင်းသွားရတာမျိုး ကို မြင်ခဲ့တွေခဲ့ရဘူးပါတယ်။ (သေချင်တိုင်းသေလို့၊ နေချင်တိုင်းနေလို့မှမရတာကိုတော့ ထည့်မတွက်မိကြတာ။)

    “နောင်ရေး”ဆိုတာမျိုးက တွေးရမယ်၊ထိုက်သင့်သလောက်စီစဥ်ထားရမှာ မှန်ပါတယ်။ သို့ပေမဲ့ အလွန်အကျူး ပူပန်မှုမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်မိလို့ပါ။ ကျမတို့မောင်နှမတွေဆိုရင် အဖေက ငယ်ကထဲက ဆုံးပါးသွားတာပါ။ အဖေလဲ မိသားစုရဲ့ ရှေ့ရေး ကိုစဥ်းစားကောင်းစဥ်းစားခဲ့ပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်ချိန်ကိုမရရှိခဲ့ဘဲ လူမမယ်သားသ္မီးတွေကိုထားခဲ့ပြီး၊ လောကကြီး က ထွက်သွားရတာပါ။ ကျမ၇တန်းရောက်တဲ့နှစ်က မိတ်ဆွေတစ်ယောက် နိုင်ခြားကပါလာတဲ့ ဇာလုံချည်လေးကို “ငါ့သ္မီး ဘွဲ့ယူ ရင်ဝတ်ဖို့” ဆိုပြီးဝယ်ပေးခဲ့တာလေးတစ်ခုဘဲ “အမွေ”ပေးနိုင်ခဲ့တာပါ။ (စီးပွါးဥစ္စာတော့ အသင့်အတင့်ရှာပေးခဲ့တာပေါ့လေ။)

    ခုလဲ ကိုယ့်မျက်စေ့ရှေ့မှာမြင်နေရတာ၊ နားထဲမှာကြားနေရတာတွေ အတွက် အပူမရှိအပူရှာသောက များမိနေတာမို့၊ ကိုယ်ရေး တာလေးဖတ်မိပြီး၊ စဥ်းစားဆင်ချင်မိကြလေမလားလို့။ (မနေတတ် မထိုင်တတ်၊ အပူ ရှာမိတဲ့သူကကျမဖြစ်နေပါလား။)

    လူတချို့က ငါ့အသက် ဘယ်အရွယ်အထိနေရရင်၊ ခုရှာထားတဲ့ပစ္စည်းဥစ္စာနဲ့ဆိုရင်တော့ ကြောင့်ကြစရာ၊ပူပ န်စရာမလိုဘူး လို့ဘဲ တွေးတတ်ကြပါတယ်။

    သက်တမ်းနဲ့တွေးရင်တော့လဲဟုတ်တာပေါ့လေ

    ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ၊ နေ့မြင်ညပျောက် ဆိုတာလေးကို မေ့နေကြမှာစိုးရိမ်မိလို့ပါ။

    အဲ့ဒါကြောင့် မိမိ လုပ်သင့်တာကို နေ့ညမစိုင်းဘဲလုပ်သင့်တာကိုလုပ်ထားကြရင်ကောင်းမလားလို့ တွေးမိတာ။

    ဘာမဆို ဖြစ်ချင်တိုင်းဖြစ်ခွင့်မှမရှိတာဘဲ။တရားတွေ သိပ်သိနေတယ်လို့မဟုတ်ပေမဲ့ ကိုယ်ရပ်တည်ခဲ့ရတဲ့ ဘဝနဲ့ အတွေ့ အကြုံလေးအရပါ။ ကျမတို့ရဲ့ ပညာရှိအမေရဲ့ အတွေးမှန်ခဲ့လ်ို့သာ လူ့လောကမှာရပ်တည်နိုင်ခဲ့တာပါ။”အမေက ပညာအမွေ ဘဲပေးနိုင်မယ်၊ ရအောင်ယူကြ” ဆိုလို့သာ၊ စီးပွါးဥစ္စာဆိုတာ မြဲခြင်းမှမရှိတာလေ။

    လူတွေဟာ အတွက်အချက်နဲ့နေထိုင်ကြတာပေမဲ့၊ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်ဘူးဆိုတာကိုတော့အမှတ်မထားမိဘဲ မေ့နေ ကြ တယ် ထင်ပါရဲ့။

    နောက်ပြီး၊ အမေပြောဘူးတယ်။ “သိပ်မပူပါနဲ့သ္မီးရယ် ၊”တရား”ကကျွေးပါလိမ့်မယ်”ဆိုတာလဲ ဟုတ်မှာလို့။ ကျမရဲ့အမေမှာ ဝင်ငွေလဲမရှိ၊ ပစ္စည်းဥစ္စာလဲ သိမ်းဆည်းထားတာမရှိခဲ့ပေမဲ့၊ အသက်( ၉၆ )နှစ် ကွယ်လွန်ချိန်အထိ၊ ကြောင့်ကြောင့်ကျကျ မနေခဲ့ရပါဘူး။ ကျွေးမည့်သားသ္မီးတွေ ရှိလို့ရယ်မဟုတ်ပါဘူး။ လူဆိုတာ သူ့ကံနဲ့သူမို့၊ ငါ့မှာကြည့်ရှုမည့်သားသ္မီးမှ မရှိတာ ဆိုတဲ့ “အတွေး” ကိုလွှင့်သာပစ်လိုက်ကြပါလို့။

    စေတနာကောင်းရင် ကံကောင်းပါတယ် – – – –

    မမြဲသောသဘောကို ဆင်ချင်ရင်းနဲ့ – – – –

    “သောက”တွေကင်းကြပါစေ။ ။