Category: Burma

  • Once upon a time at RIT

    By Maung Aw

    5th Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    အူကြောင်ကြောင် ဆရာပေါက်စ

    ၁၉၇၄ ခုနှစ်

    ကျောင်းဆရာလုပ်သက် ၃ နှစ်ခန့်ရှိသော်လည်း လူငယ်စိတ်မပျောက်သည့်အရွယ်မို့ ရှေ့နောက် မစဉ်းစား ဘဲ စိတ်ထင်ရာလုပ်တတ်သည့်အရွယ်ဖြစ်သည်။

    ဆရာပေါက်စ၏အူကြောင် ကြောင်အမှတ်ရစရာ လုပ်ရပ်တခုပါ။

    ရန်ကုန်စက်မှုတက္ကသိုလ်၊ ယခင် ပုံဆွဲသောအခန်း ဖြစ်သည့် L sheds တွင် နောက်ပိုင်း၌လူငယ်ရေးရာ လဘက်ရည်ဆိုင်ဖွင့်လှစ်သည်။

    မြို့ပြဌာနမှ လူရွယ် ဆရာငယ် သုံး ဦး သည်ထိုဆိုင်၌ လဘက်ရည်သောက်နေကြသည်။

    တစ်ဦးဖြစ်သော ဆရာ မဒန်ချန်း က “ဟေ့ .. မောင်ဩ မင်း မနေ့တုံးက ဘယ်ပျောက်နေလဲ”

    မောင်ဩ “ ဆရာ ဒေါက်တာအောင်ကြီး ခိုင်း လို့ ၊ ငါ့ကား နဲ့ ဧည်သည် ပါမောက္ခ ကို အင်ယားလိပ်ဟော်တယ်မှာ သွားကြိုပြီး ကျောင်း ခေါ်လာရတာ ”

    ဆရာ ကိုအောင်မြင့် က တစခန်းထ ကာ “ ဧည်သည် ပါမောက္ခကြို တာ အမှန်တော့ ရုံး ကိစ္စ ၊ ဆရာ့ ရဲ့ ကိုယ်ရေးကိစ္စမဟုတ်ဘူး။ မင်း ခရီးစရိပ် တရားဝင် တင်လို့ရတယ်။ အပြင်ဌာနတွေမှာ အဲဒိလိုပဲ လုပ်ကြတာ ”

    မဒန်ချန်း “အေး … အဲဒိအကြံ ကောင်းတယ်။ ပိုက်ဆံ ရရင် ငါတို့ ၃ ယောက် နွေး အေးဆိုင် မှာ အဝ စားကြမယ်”

    ယင်း စီမံကိန်းအကောင်အထည်ဖေါ်ရန် မြို့ပြအင်ယာဌာနဆီသို့ သွားကြသည်။

    ငွေတောင်းပုံစံဖြည့် ခြင်း၊ ခရီးစရိပ်တွက်ချက်ခြင်း ကိစ္စ၌ ကျွမ်းကျင်သော စာရေးကြီး ဦးသိန်းဟန် အား အကူညီတောင်းရသည်။

    ခရီးစရိပ် ဓါတ်ဆီဖိုး ၆ကျပ်၁၅ပြား တောင်းခံရန် ငွေတောင်းပုံစံ စာရွက်ကိုင်ကာ ပါမောက္ခချုပ်ရုံးခန်းတွင်းသို့ မောင်ဩ ရှေ့ဆုံးမှဝင်သွား၏။

    ဝင်လာသည်ကိုမြင်သဖြင့်

    ပါမောက္ခချုပ် ဆရာဒေါက်တာအောင်ကြီး က

    “ဟေ့ မောင်ဩ ဘာကိစ္စလဲ”

    “ဆရာ့ ခွင့်ပြု ချက် လက်မှတ်ထိုးပေးဖို့ပါ။”

    ပုံစံ စာရွက်ကို မောင်ဩ ပါမောက္ခချုပ်အားပေးလိုက်၏။

    ဆရာ ဖတ်ရှု့ ပြီးနောက်..ဆရာ့မျက်နှာတင်းသွားသည်ကိုသတိပြုမိလိုက်သည်။

    “ အေး …. မင်းဒီလောက်ငွေလို နေရင် ငါလက်မှတ်ထိုးပေးမယ်။”

    ဆရာ၏ မကျေမချမ်း စကားသံကြားလိုက်သည်နှင့် တပြိုင်နက် မောင်ဩထိတ်လန့်ကာ ပြာပြာသလဲဖြစ်သွား၏။

    “ဆရာ …. ကျွန်တော်မယူတော့ပါဘူး ခင်ဗျ” ဟု ဆိုကာ ပုံစံ စာရွက် ပြန်ယူလိုက်၏။

    ထို့နောက် ပြန်ထွက်လာသောအခါ အခါတော်ပေး သူကောင်းသား ၂ယောက် ၏ အရိပ်အယောင် အနီးအနားတွင် မတွေ့ရတော့ချေ။

    နောက်မှရပ်ကြည့်နေရင်း အခြေအနေမကောင်းကြောင်း ရိပ်စား မိသောအခါ ကိုယ်ရောင်ဖျောက်၍ နှစ်ယောက် စလုံးလစ်ထွက်သွား၏။

    ကံဆိုးသူမောင်ရှင် သာ ဆရာ့ရှေ့မှာ ကားယား ယား မှောက်ရက်လဲ၍ ဒူးပြဲသည့်ကိန်းဆိုက်ခဲ့ရသည်။

    အားကိုးရသော သူငယ်ချင်းများ။

    တနာရီခန့် ကြာသောအခါ…

    ကော်ရစ်ဒါတလျောက် လမ်းလျောက်လာသောပါမောက္ခချုပ်သည် မြို့ပြ ဌာနရှေ့ သို့ရောက်သော် ရုံးခန်းအတွင်း၌ထိုင်နေသော တပည့်ရင်း စာရေးကြီးအားလှမ်း၍..

    “ ဟေ့… သိန်းဟန် မင်းတို့ဌာနက ဘာလဲ၊

    ကျောင်းသားတွေကိုစာသင်ယုံမကဘူး၊ တက္ကစီပါထောင်ပြီး စီပွါးရှာနေကြတာလား” ဟု စကားရွဲ့သုံးကာ ဆူပူသွားလေသည်။

    မထင်မှတ်ထားသည့်ကိစ္စမို့ ဆရာသည် သူတပည့်အပေါ်ဒေါသပုန်ထခြင်းဟုနားလည်မိသည်။

    စိတ်ကူးပေါက်ကာ မဆင်မခြင်လုပ်ရပ်တခုဖြစ်သော်လည်း လုံးဝ မှားယွင်းသည့် လုပ်ရပ်တော့မဟုတ်ပေ။

    သို့သော် ထိုဖြစ်ရပ်ကို တွေးမိ တိုင်း ယခုတိုင် ရှက်ရွံ့ စိတ်ပေါ်မိ၏။

    နှစ်များစွာကြာသောအခါ ဆရာက တပည့်ဖြစ်သူ အား တောင်းပန်သည်။

    “ အေးကွာ ၊ ငါ အလုပ်ရှုပ်ပြီးစိတ်မကြည်ချိန်မို့ ပြောလိုက်တာပါ၊ “

    “ကိစ္စမရှိပါဘူး ..ဆရာ ၊ ကျွန်တော် က ကို့ယို ကားယာ လာလုပ်မိတာပါ”

    အရှိန်အဝါသုံးလျက်နည်းမှန်လမ်းမှန်မဟုတ်ဘဲငွေကြေး၊ဥစ္စာပစ္စည်း အခွင့်အာဏာ ရယူပိုင်ဆိုင်သူတို့ရှိကြသည်။

    ယခုအခါထိုလူစားမျိုး အရည်အတွက်များလှ၏။

    သူတို့ သည် မိမိတို့လုပ်ရပ်အပေါ် ရှက်ရွံ့စိတ်ဖြစ်ပေါ်ရန်ခဲယဉ်းလိမ့်မည်ဟု မျက်မှောက်အခြေအနေအရ သုံးသပ်မိ၏။

    အသေးအဖွဲကိစ္စအတွက်ရှက်ရွံ့ နေမိသူ ကျောင်းဆရာ မောင်ဩသည်သာ လက်ရှိကာလ တွင် ထူးဆန်းသည့် သတ္တဝါ ဖြစ်နေမည်လားမသိပေ။

  • Once upon a time at RIT

    By Maung Aw

    4th Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    ၁၉၆၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ၂၆နှစ်ကြာ ကိုယ့် ဘဝ အစိပ်ပိုင်းသည် စက်မှုတက္ကသိုလ်မှာကျင်လည်ခဲ့ရသည်။

    ကျောင်သားဘဝ ၆နှစ် ၊ ကျောင်းဆရာဘဝ အနှစ်၂၀ ဖြစ်၏။

    ကျောင်းဆရာတဦး၏အမှတ်တရအဖြစ်အပျက်…

    ၂၀၀၄ ခုနှစ်ဝန်းကျင်

    – စင်္ကာပူ KPE421 – မြေအောက် အမြန်လမ်းတည်ဆောက် ရေး ပရောဂျက်

    – Project Director Mr Lin Kok Hin လက်အောက်၌ Senior Engineer အဖြစ် မောင်ဩ လုပ်ကိုင်ရသည်။

    မစ္စတာ လင်း သည် လုပ်ငန်းမစမှီ နံနက် ၇ နာရီအချိန် တွင် ပရောဂျက်ရုံးခန်းအနီးရှိလက်ဖက်ရည်ဆိုင်၌ ဝန်ထမ်းတို့ နှင့် နံနက်စာ အတူ စားရင်း အလုပ်ကိစ္စနှင့်ပတ်သက်၍သော်၄င်း၊ အခြားထွေရာ လေးပါးအကြောင်းအရာများ ကို သော်၄င်း ပြောဆိုလေ့ရှိသည်။

    မစ္စတာလင်း …. “ မောင်ဩ … ဒီနေ့ မင့် အကြောင်း ပြောစရာရှိတယ် ။ တခြား ဆိုက် တွေ ရောက်လို့ မြန်မာအင်ဂျင်နီယာတွေနဲ့ တွေ့တဲ့အခါ မင်းကို သိလားလို့ ငါမေးကြည့်တယ်။

    တော်တော် များ များ သိကြတယ်။ သူတို့ကိုစာသင်ပေးခဲ့ တဲ့ဆရာလို့ ဖြေကြတယ်။

    မင်း စင်္ကာပူ မလာခင် တက္ကသိုလ်မှာ ဆရာလုပ်ခဲ့ တာ ငါသိတယ်၊

    အခုချိန်မှာ မင်း ဆရာအလုပ် မ လုပ်တော့ ဘူးလေ။ ဒါပေမဲ့ သူတို့က မင့်အပေါ် အခုထိ လေးစားကြ တုန်းဆိုတာ ငါသတိပြုမိတယ်။”

    ဆက်လက်၍… စင်္ကာပူအမျိုးသား တက္ကသိုလ်ကျောင်းထွက် (NUS)မစ္စတာ လင်း က “ ငါ ဆို တက္ကသိုလ် တုံးက စာသင်ပေးခဲ့ တဲ့ ဆရာတွေရဲ့ နာမည်ကိုတောင် ကောင်းကောင်း မမှတ်မိတော့ဘူး။ တခြားသူတွေလည်း ငါ လိုပဲ။ ကွာတော့ ကွာတယ်”

    မောင်ဩ .. “ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်း ပြောပြ ပါရစေ။ ၅မိနစ်လောက် အချိန်ပေးပါ “

    ၁၉၈၂ ခုနှစ် ကာလ….

    ဆရာ မောင်ဩ မြို့ပြအင်ဂျင်နီယာဌာနရုံးခန်းအတွင်းသို့ ဝင်လာပြီး စာရေးကြီး ဦးသိန်းဟန် အား

    “ ကိုသိန်းဟန်… မြေဖြူ ၂ဘူးလောက် ထုတ်ပေးပါဦး။ ကုန်တော့မယ်။”

    ဦးသိန်းဟန်… “ ဌာနမှာ မြေဖြူ ကုန်နေတယ် ဆရာ။ ”

    မောင်ဩ… “ ပါမောက္ခချုပ်ရုံးခန်းက စတိုမှာသွားထုတ်လေဗျာ”

    ဦးသိန်းဟန် ….. “ အဲဒိမှာလည်း ကုန်နေတယ်။ မှာထားတာ ၂ပတ်လောက်ဆို ရောက်မယ်လို့ပြောတယ် ”

    “ ခက်တာပဲ။ ဒီကြားထဲ မြေဖြူ မပါပဲ စာဘယ်လို သင်ရမှာ တုံး။ အင်ဂျင်နီယာဘာသာ ကို ပါးစပ်က ကွက်စိပ်ဆရာလို တောက်လျောက်တတွတ် တွတ်ရွတ်ပြီး သင်လို့ မရဘူး လေ။”

    ငြီးတွားရင်းမြို့ပြအင်ဂျင်နီယာ ပါမောက္ခရုံးခန်းမှ ထွက်လာခဲ့၏။

    လုပ်ဖေါ်ကိုင်ဖက်များဖြစ်သော ဌာနမှ သူငယ်ချင်း ဆရာကိုအောင်ရှိန်း နှင့် ဆရာကိုရဲမြင့် တို့လည်း မောင်ဩနည်းတူ မြေဖြူလက်ကျန်မရှိသလောက် နည်းနေကြပြီ။

    ဤအခက်အခဲကို ကိုယ်ထူ ကိုယ်ထ ၊ ကိုယ့်နည်းကိုယ့်ဟန် သုံးပြီးဖြေရှင်း ရန်သာ ရှိ တော့သည်။

    နောက်တနေ့ အတန်းအားချိန် သူငယ်ချင်း သုံး ယောက် သည် သိမ်ကြီးဈေး နှင့် မဝေး လှသော လေဟာပြင်ဈေး သို့ သွားကြသည်။

    စာရေးကိရိယာဆိုင် တစ်ဆိုင်မှ အမျိုးအစားကောင်းမွန်သော Carara တံဆိပ် မြေဖြူ ၃ဘူးစီနှင့် စစ်တောင်း စက္ကူ ၁ ထုပ်စီ ဝယ် ကာ ကျောင်းသို့ပြန်ခဲ့ကြ သည်။

    လမ်းခရီး၌ အသက် ၃၄ နှစ်ဝန်းကျင် လူပျို မဟိုင်း တဟိုင်း ဆရာ နှစ်ဦး တို့ ဘာတွေ တွေးနေကြသည်ကို မောင်ဩမသိပါ။

    သား ၂ ယောက် ဖခင်ဖြစ်သော မောင်ဩ ၏အတွေးမှာကား………

    သားငယ် နို့မှုန့်ဘူး အတွက် ဒီလ ဖဲ့ချန်ထားတဲ့ ငွေ ပဲ့သွားပြီ။ မလောက်တော့ဘူး။ နောက်တစ်ပတ်ကြာ လခထုတ်တဲ့ အခါကျမှပဲဖြည့် ဝယ်တော့မယ် ဟူ၍။

    စင်စစ် ဤကိစ္စသည် စာမဖွဲ့လောက်သောကျောင်းဆရာ ၃ ဦး တို့၏ အမှတ်မထင် သာမန် လုပ်ရပ် တစ်ခုမျှသာ ဖြစ်၏။

    သို့သော်….အမှတ်မထင်လုပ်ရပ်တို့သည် တဆင့် တဆင့် ကြားသိကြသောအခါတွင်မူ၊ တပည့်တို့ ၏ ရင်၌ ဖျောက် ဖျက်မရ သည့် ဆရာ တို့ ၏ စေတနာ မေတ္တာ အခြေခံသော ကျေးဇူးတရားဖြစ်လာသည်။

    နှစ်ပေါင်း ၄၀ ကျော်ခဲ့ပေပြီ။ သို့သော်အသက်၇၇နှစ် အရွယ်ဆရာဟောင်း၏ရင်၌ တခါက RIT ဆရာဘဝ အဖြစ်အပျက် အား သတိရနေဆဲ…

  • Once upon a time at RIT

    By Maung Aw

    2nd Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    အိုး .. ဟင်… ဟာ

    ၁၉၆၄ ခုနှစ် ကျောင်းဖွင့်ချိန်တွင် သမိုင်းဆောင်နေ အာအိုင်တီ ပထမနှစ်ကျောင်းသားတို့အား ဟီနိုးကားများဖြင့် ကြို့ကုန်း မှ သမိုင်းသို့ ကြို့ပို့ပေးခဲ့သည်။

    ထိုစဉ်က ယခု ပါရမီလမ်းဟုခေါ်သော လမ်းမရှိသေး၊ ဖောက်လုပ်ရန် ကျောက်တုံးများခင်းထားသည့်အဆင့်သာရှိသေး၏။

    အင်းစိန်လမ်းမ မှ အုတ်ကျဉ်းအလွန် စန္ဒာမြိုင်ရုပ်ရှင်အရောက်တွင် ချိုးဝင်ကာ ယခင်က နဂါးဖန်မြေမှန်မြေ စက်ရုံ ရှေ့ လမ်းမှ ကားများဝင်ထွက်၍ အဆောင်များဆီသို့သွားရသည်။

    ကျောင်းမှပြန်လာတိုင်း နေထိုင်ရာ အမှတ်၃ အင်းလေးဆောင် မရောက်ခင် ဦးစွာ အမှတ်၄ နတ်မောက်ဆောင် (နောက် ဟန်းလင်းဆောင် ဟု ပြောင်း)ရှေ့ ကားဖြတ်သွားရ၏။

    ဟေ့ အသင့်ပြင်၊ နတ်မောက်ဆောင် နားဖြတ်တော့မယ်။

    ၁… ၂… ၃.. ဘိုးဘွားဆောင်က အဖိုးကြီးတွေ ၊ သင်းချိုင်းကုန်း ခြေတစ်ဖက်လှမ်းကြီးတွေ၊ ကောင်းကောင်းနေကြ။ ကြားလား။

    ဟား…. ဟား

    အဆောင်ရှေ့ဖြတ်မောင်းသွားသောကျောင်းကားမှ အသံများ

    ကျောင်းကြိုဟီးနိုးကားအတွင်းစီးနှင်းလိုက်ပါကြသူများမှာ အင်းလေးဆောင် နေ အသက် ၁၆နှစ်ဝန်းကျင် RIT ပထမနှစ် အင်ဂျင်နီယာကျောင်းသားများဖြစ်၏။

    နောက်ပြောင်ခံရသူများမှာ နတ်မောက်ဆောင်နေကြ

    သည့် လုပ်ငန်းဌာနမှခွင့်ဖြင့် ပညာရေးတက္ကသိုလ်သို့ ဘီအီးဒီ ဘွဲ့အတွက် သင်တန်းတက်နေသော အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာများဖြစ်သည်။

    နေ့စဉ် ညနေပိုင်း ကျောင်းဆင်းချိန်အဆောင်ရှေ့ဖြတ်တိုင်း မပျက်မကွက် အော်ဟစ်နောက်ပြောင်ခဲ့ရာ တစ်လခန့်ကြာသော တစ်ညနေတွင်

    အားလုံး အသင့်ပြင် ၁… ၂… ၃… ဘိုးဘွား…

    အိုး .. ဟင်… ဟာ

    RIT ကျောင်းသားတို့ ဆက်မအော်နိုင်တော့ပေ။

    ဆွံ့အ သွားကြသည်။

    ခဏကြာသော်..

    ဟေး…လူကြီး တွေ ညစ်ပတ်တယ် ညစ်ပတ်တယ်

    ဟူသောအသံများကားထဲတွင် ထွက်ပေါ်လာ၏။

    ဆရာ ၆ ဦး တို့သည် နတ်မောက်ဆောင်၏မျက်နှာစာ တတိယထပ် ဝရန်တာ တွင် တန်းစီရပ်ကာကျောင်းကြိုကားအလာကိုစောင့်နေကြသည်။အဆောင်ရှေ့ ကျောင်းကြိုဟီးနိုးကားစဖြတ်သည်နှင့် အားလုံး တပြိုင်နက် ပုဆိုးများ ဆွဲလှန်ကာ “မတင်ညွန့်” လုပ်ပြကြ၏။

    သို့အတွက် အင်ဂျင်နီယာကျောင်းသားတို့ ပါးစပ်ဟကာ တခဏ ဆွံ့အ ကြပြီး ဆက်မအော်နိုင်ကြတော့ပေ။

    ဤသို့ဖြင့် လူငယ်သဘာဝ နောက်ပြောင် အော်ဟစ်ကျီစယ် ခြင်းကို ဆရာများ၏ “မတင်ညွန့်” လက်နက်ဖြင့် ချေမှုန်းခြင်း ခံလိုက်ရလေသည်။

    ( သတင်းတပုဒ် ၌ ထဘီလှန်ပြသော မတင်ညွန့် ဖြစ်ရပ် ကို မှီး)

  • Once upon a time at RIT

    By Maung Aw

    First Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    ကိုသိပ်ခက်တယ် သိပ်ခက်လှတယ်…ကွယ်

    အင်းလေးဆောင် နှစ်ပတ်လည် ညစာ စားပွဲ နှင့် စန္ဒရား လှထွဋ် တီးဝိုင်း

    ထိုစဉ်ကတက္ကသိုလ်ဆောင်တွေမှာ နှစ်ပတ်လည်ညစာစားပွဲ့တွေကျင်းပသည့်အစဉ်လာရှိပါသည်။

    အသစ်ဖွင့်စ RIT ၏ သမိုင်းအင်းလေးဆောင်မှာလည်း ၁၉၆၄/၆၅ နှစ်ပတ်လည်ညစာစားပွဲလုပ်ကြသည့်အခါ တီးဝိုင်းထည့်သွင်းရန် အဆောင်မှုးဆရာဦးရွှေလှိုင် နှင့်ကျောင်းသားတစုတို့ စန္ဒရား လှထွဋ် တီးဝိုင်း ကို သွားငှါးကြ၏။

    စန္ဒရား လှထွဋ် ” ဆရာတို့ အိမ်တိုင် ရာရောက် ကျွန်တော့ အဖွဲ့ကို လာငှားရမ်းတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လက်မခံပါရစေနဲ့။ အားနာနာနဲ့ ငြင်းပါရစေ။”

    ၁၉၆၀ ဝန်းကျင်က ခေတ်ပေါ်စတူတီယိုတေးဂီတ များ မပေါ်ပေါက်သေး။ ပွဲလမ်းသဘင် အခမ်းအနားများတွင် တေးဂီတ ဝိုင်းများ ကို ငှားရမ်း လေ့ရှိ၏။

    ငြင်းဆိုသည့် အကြောင်းရင်းမှာ မကြာမီက အင်းလေးဆောင်နှင့်မနီးမဝေးရှိ မေခဆောင် နှင့် ဇွဲကပင်ဆောင်ညစာ စားပွဲများ၌ အမျိုးသမီးအဆိုတော်များ သီချင်းသီဆို ဖြေဖျော်နေစဉ် ကျောင်းသားအချို့က နောက်ပြောင်ခဲ့သောကြောင့်ဖြစ်သည်။ စင်စစ် ထိုကျောင်းသားများမှာ အခြားသူများမဟုတ်၊ အင်းလေးဆောင်မှ လူပျော်လူပြောင် ပဲခူး ဦးမြင့် (သတ္ထုတွင်း ၇၀)တို့ အုပ်စု ဖြစ်သည်။

    အင်းလေးအဆောင်မှုး ” ကျွန်တော်တို့ အင်းလေးဆောင်ပွဲ မှာ အရင်က လို မဖြစ်စေရပါဘူး ၊ ကျွန်တော် တာဝန် ယူပါတယ်။”

    ဆရာ အရဲစွန့်၍ တာဝန်ယူလိုက်မှုကြောင့် အင်းလေးဆောင် နှစ်ပတ်လည် ညစာ စားပွဲ သည် စန္ဒရား လှထွဋ် တီးဝိုင်း ဖြေဖျော် မှု နှင့် ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ခဲ့၏။

    ပွဲဆူတတ်သော လူပျော်လူပြောင် ပဲခူး ဦးမြင့် တို့ အုပ်စုအား အဆောင်မှုးသည်ပါးနပ်စွာ စတိတ်ခုံနှင့်နီးကပ်သော ခုံများ၌ နေရာချထားပေးလိုက်သည်။ “ကိုသိပ်ခက်တယ် သိပ်ခက်လှတယ် …ကွယ် “သီချင်းကို အမျိုးသမီးအဆိုတော် မာသီ သည် မြူး မြူး ကြွ ကြွ ညုတုတု သီဆိုနေစဉ် မြင့်ဦး တို့ အုပ်စု ငြိမ်ငြိမ်သက်စွာ သွားဖြီး၍ နားထောင်နေကြသည်။ သူကောင်းသား တို့ရင်ထဲ၌လောင်ချင် လှောင်ချင်စိတ်များဖြင့်ပြည့်နေမည် ဟု သူတို့ နှင့်ခပ်လှမ်းလှမ်း၌ထိုင်နေသော မောင်ဩ တွေးမိသည်။

    မင်းတို့ငယ်ပါသေးတယ် …တပည့်တို့ရာ ဟု ထိုစဉ်က လူပျိုကြီး အဆောင်မှုး ဆရာဦးရွှေလှိုင် တကွက်ပြသွားသည်ကို ဦးမြင့်တို့တသိုက်ခံလိုက်ရ၏။

  • RIT 60th Anniversary & Engineering Education Centennial

    By San Lin (M87)

    RIT ရန်ကုန်စက်မှုတက္ကသိုလ်နှစ်(၆၀)၊ မြန်မာအင်ဂျင်နီယာသမိုင်းရာပြည့် (၂၀၂၄)

    ဒီနှစ်(၂၀၂၄) ခုနှစ်ဟာ မြန်မာပြည်အင်ဂျင်နီယာသမိုင်းအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အင်ဂျင်နီယာတွေ အများဆုံးကို မွေးထုတ်ပေးရာ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီး နှစ်(၆၀) ပြည့်ပြီဖြစ်သလို မြန်မာပြည်အင်ဂျင်နီယာသမိုင်းလည်း ရာပြည့်တဲ့နှစ်ဖြစ်ပါတယ်။

    ရန်ကုန်စက်မှုတက္ကသိုလ် RIT ရဲ့ မူလအစ အမြုတေ အင်ဂျင်နီယာ တက္ကသိုလ်ကျောင်းကို အင်္ဂလိပ်ကိုလိုနီခေတ်(၁၉၂၄) ခုနှစ် မှာ စတင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်( Rangoon University) ရဲ့ လက်အောက်ခံ အင်ဂျင်နီယာဌာန (Department of Engineering) အဖြစ် စတင်ခဲ့တာပါ။ စာသင်ဆောင်အဖြစ် ရန်ကုန်မြို့လည်က ရန်ကုန်ဆေးရုံကြီး (Rangoon General Hospital) ထဲမှာ တိုးချဲ့ဆောင်ဆောက်လုပ်ခဲ့တယ်။ စာသင်ပေမဲ့ဆရာ (Lecture) နှစ်ဦး၊ ကျောင်းသား(၁၇)ဦး နဲ့ စတင်ခဲ့တယ်လို့ သိရတယ်။

    နောက်သုံးနှစ်အကြာ(၁၉၂၇) ခုနှစ်ရောက်မှရန်ကုန်တက္ကသိုလ်အတွင်းမှာ ဘီအိုစီ BOC(Burmah Oil Company) ရေနံကုမ္ပဏီရဲ့အလှူငွေနဲ့တည်ဆောက်တဲ့ ဘီအိုစီအင်ဂျင်နီယာကောလိပ် (BOC College of Engineering and Mining) အသစ်ကို ရွှေ့ပြောင်းခဲ့တယ်။ အင်ဂျင်နီယာကောလိပ်ဖွင့်စမှာ မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering) တစ်ခုကိုသာ သင်ကြားပေးနိုင်ခဲ့ပြီး (၁၉၃၈)ခုနှစ်ရောက်မှသာ စက်မှုအင်ဂျင်နီယာ (Mechanical Engineering) နဲ့ လျှပ်စစ်အင်ဂျင်နီယာ (Electrical Engineering) ဘာသာရပ်နှစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။

    ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၆)ခုနှစ်အရောက်မှာတော့ အင်ဂျင်နီယာကောလိပ်အဆင့်ကနေ ရန်ကုန်တက္ကသိုလ်လက်အောက်မှာရှိတဲ့ အင်ဂျင်နီယာမဟာဌာနကြီး (Faculty of Engineering) အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး လွတ်လပ်ရေးရပြီး (၁၉၄၈)ခုနှစ်မှာတော့ သတ္ထုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering) ၊ ဓာတုအင်ဂျင်နီယာ (Chemical engineering) ၊ သတ္တုဗေဒအင်ဂျင်နီယာ (Metallurgy Engineering) ဘာသာရပ်တွေကို တိုးမြှင့်သင်ကြားနိုင်ခဲ့တယ်။ (၁၉၅၄)ခုနှစ်မှာ ပုံစံဒီဇိုင်း ထုတ်လုပ်ရေး ( Architecture) နဲ့ (၁၉၅၅)ခုနှစ်မှာ ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ (Textile Engineering) ဘာသာရပ်များကို တိုးချဲ့သင်ကြားနိုင်ခဲ့တယ်။

    (၁၉၆၁)ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဗမာစက်မှုတက္ကသိုလ် BIT (Burma Institute of Technology) အဖြစ် သီးခြားတက္ကသိုလ်အဆင့် တိုးမြှင့်ခံခဲ့ရပြီး ဆိုဗီယက်ယူနီယံအကူအညီ (မြန်မာက ဆန်အကူအညီပြန်ပေးခဲ့ရ) နဲ့ ကြို့ကုန်း(အင်းစိန်) မှာ ကျောင်းအသစ်စတင်တည်ဆောက်ခဲ့တယ်။

    (၁၉၆၄)ခုနှစ်မှာ ကျောင်းအဆောက်အအုံတွေအားလုံးပြီးစီးတဲ့အတွက် အင်ဂျင်နီယာတက္ကသိုလ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ သီးခြားတက္ကသိုလ်တစ်ခုအဖြစ် နေရာသစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ် RIT (Rangoon Institute of Technology) အဖြစ် နာမည်အသစ်ပေးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်လက်အောက်မှာရှိစဉ်က ဘွဲ့ပေးတဲ့အခါ သိပ္ပံဘွဲ့ B.Sc ( Engineering) အဖြစ် ပေးအပ်ခဲ့တာဖြစ်ပြီး RIT အဖြစ် သီးခြားရပ်တည်နိုင်မှသာ အင်ဂျင်နီယာဘွဲ့ B.E (Bachelor of Engineering) အဖြစ် စတင်ပေးအပ်နိုင်ခဲ့တယ်။ အင်ဂျင်နီယာမဟာဘွဲ့ M. E (Master of Engineering) တွေ တိုးချဲ့ပေးအပ်ခဲ့တယ်။

    (၁၉၈၈)ခုနှစ် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးအပြီး စစ်တပ်ကအာဏာသိမ်းအပြီးနောက် တက္ကသိုလ်တွေပိတ်ထားရချိန် (၁၉၉၀)မှာ RIT ကျောင်းကို သူပုန်ကျောင်းလို့ဆိုပြီး စစ်အစိုးရက သူတို့စိတ်ကြိုက်အမည် YIT (Yangon Institute of Technology) အဖြစ် အမည်ပြောင်းခဲ့တယ်။

    (၁၉၉၆)ခုနှစ် ရန်ကုန်တက္ကသိုလ်အနီးက လှည်းတန်းလမ်းဆုံမှာ တက္ကသိုလ်ကျောင်းသားများဆန္ဒပြပွဲကြောင့် တက္ကသိုလ်တွေကို ပိတ်လိုက်ရပြန်တယ်။ ဒီလိုတက္ကသိုလ်တွေပိတ်ထားရချိန် (၁၉၉၇)ခုနှစ်မှာ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအဖြစ် ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကို ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ လွှဲပြောင်းရယူခဲ့တယ်။

    သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ပထမဆုံး ဝန်ကြီးဖြစ်တဲ့ ဦးသောင်း(ဗမက) က ‘RIT ကျောင်းဟာ သူပုန်ကျောင်းဖြစ်တယ်၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ မူလအစကျောင်းသားလှုပ်ရှားမှုကိုလည်း ဒီကျောင်းကပဲ စတင်ခဲ့တယ်၊ မြန်မာနိုင်ငံမှာ တစ်ခုတည်းသာရှိတဲ့ ဒီအင်ဂျင်နီယာတက္ကသိုလ်ကြီးသမိုင်းကို တစ်စစီဖြစ်အောင်လုပ်ပြီး ဖြိုဖျက်ရမယ်’ လို့ စီမံကိန်းစနစ်တကျရေးဆွဲပြီး စတင်အကောင်အထည်ဖော်တယ်။

    (၁၉၉၈)ခုနှစ်မှာ ကျောင်းတော်ကြီးကို ရန်ကုန်နည်းပညာတက္ကသိုလ် YTU (Yangon Technical University) အဖြစ်အမည်သစ်ပြောင်းလဲတယ်။ (၁၉၉၉) ခုနှစ်မှာ လှိုင်သာယာမြို့နယ်အတွင်းက လယ်ကွင်းပြင်အတွင်း ကျောင်းသစ်ဆောက်လုပ်ကာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်။ ကြို့ကုန်းက မူလကျောင်းနေရာမှာ အင်ဂျင်နီယာမဟာတန်းအနည်းငယ်ကိုသာ လက်ခံသင်ကြားပေးပြီး RIT သမိုင်းဖျောက်ဖို့ လုပ်ဆောင်ခဲ့တယ်။ မြန်မာပြည်အနှံ့မှာလည်း နည်းပညာတက္ကသိုလ်အသစ်တွေ ဖွင့်လှစ်စေခဲ့တယ်။ သင်ထောက်ကူပစ္စည်းမရှိ၊ ဆရာမလုံလောက်တဲ့ နည်းပညာတက္ကသိုလ်တွေများစွာကြောင့် မြန်မာအင်ဂျင်နီယာတွေရဲ့ အရည်အသွေးကို များစွာထိခိုက်ကျဆင်းစေခဲ့တယ်။

    ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ကိုလည်း ကျောင်းတော်ကြီးဟာ အလူးအလိမ့်ခံစားခဲ့ရတယ်။ စစ်အစိုးရတွေအဆက်ဆက်က ပစ်ထားခဲ့တဲ့အတွက် ကျောင်းတော်ကြီးဟာ အမိုးတွေပျက်စီး၊ မြက်တောကြီးတွေ ခြုံတွေအပြည့်၊ ဖုန်တွေအလိမ်းလိမ်းနဲ့ ဟောင်းနွမ်းဆွေးမြည့် ဖြစ်ချင်တိုင်းဖြစ်နေခဲ့ရတယ်။

    ကျောင်းတော်ကြီးပျက်စီးယိုယွင်းနေတာ မကြည့်ရက်တဲ့ ကျောင်းသားဟောင်းတွေက ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်ပါ့မယ် ခွင့်ပြုပေးပါလို့ တောင်းပန်တဲ့အတွက် ဦးသိန်းစိန်အစိုးရခေတ်၂၀၁၁ ခုနှစ်မှာပြန်လည်ပြုပြင်ခွင့်ရခဲ့တယ်။ ကျောင်းသားဟောင်းတွေရဲ့ စုပေါင်းပြုပြင်မှုကြောင့် ကျောင်းကြီးဟာ ပြန်လည်အသက်ဝင်လာခဲ့ပြန်တယ်။ ဆရာတွေရဲ့နေအိမ်တွေ၊ စာသင်အဆောင်တွေကို ပြုပြင်ပေးနိုင်ခဲ့တဲ့အပြင် သင်ထောက်ကူပစ္စည်းတွေဖြစ်တဲ့ ပုံဆွဲခုံတွေ၊ ဓာတ်ခွဲခန်းပစ္စည်းတွေ၊ ခေတ်မှီအင်ဂျင်နီယာစာအုပ်တွေကိုပါ ပံ့ပိုးပေးနိုင်ခဲ့တယ်။ စာကြည့်တိုက်အသစ်ကြီးကိုလည်း တည်ဆောက်ပေးနိုင်ခဲ့တယ်။ နိုင်ငံတကာအသိအမှတ်ပြု COE (Center of Excellence)ကျောင်းအဖြစ် အဆင့်မီ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့တယ်။ (၂၀၁၄) ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ရွှေရတုပွဲကို ကျောင်းတော်ကြီးအတွင်းမှာ စည်ကားစွာ ကျင်းပနိုင်ခဲ့ကြတယ်။

    ဒါတွေအပြင် ကျောင်းသားဟောင်းအသင်း RITAA ဖွဲ့စည့်နိုင်ခဲ့တယ်။ အငြိမ်းစားဆရာဆရာမတွေရဲ့ ကျန်းမာရေး၊လူမှုရေးတွေ ကူညီပေးဖို့ စွယ်တော်ရိပ်ဖောင်ဒေးရှင်းအဖြစ် စနစ်တကျထူထောင်နိုင်ခဲ့တယ်။ ကမ္ဘာအနှံ့မှာရှိနေတဲ့ကျောင်းသားဟောင်းတွေရဲ့ တွေ့ဆုံပွဲကြီးတွေ ဆရာကန်တော့ပွဲကြီးတွေ ကျင်းပပြုလုပ်နိုင်ခဲ့တယ်။ ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားတွေအတွက် ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်နိုင်ခဲ့တယ်။

    (၂၀၂၁)ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြန်တဲ့အတွက် မြန်မာပြည်ပညာရေးဟာ ချောက်ထဲကို ဆွဲချခံရပြန်တာ ယခုအထိပါပဲ။ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ CDM ကျောင်းအဖြစ် ရပ်တည်ပြီး ဆရာအများစု၊ ကျောင်းသားအများစုက CDM လုပ်ခဲ့ကြပေမဲ့ စကစရဲ့ဖိအားတွေကြောင့် လူနည်းစုနဲ့ ပြန်လည်ဖွင့်လှစ်သင်ကြားနေတယ်လို့သိရတယ်။ ကျောင်းသားဟောင်းတွေအများစုကတော့ ကျောင်းတော်ကြီးရဲ့ အတွင်းကို သွားရောက်လည်ပတ်မှုတောင် မလုပ်ကြတော့ပါဘူး။

    (၂၀၂၄)ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်ခြောက်ဆယ်ပြည့်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာကျင်းပရင်း အင်ဂျင်နီယာသမိုင်းရာပြည့်ပွဲကို ဆင်နွှဲရမှာဖြစ်တယ်။ (၂၀၂၄)ဟာ ပြည်သူ့အောင်ပွဲနှစ်ဖြစ်ခဲ့ရင်တော့ ဒီဇင်ဘာလနှစ်မကုန်ခင်မှာ ဖြစ်အောင် လုပ်ကြမှာပါပဲ။ (၂၀၂၄)ခုနှစ်ကို ပြည်သူ့အောင်ပွဲနှစ်ဖြစ်ဖို့ အားလုံးက တတ်နိုင်တဲ့ဘက်က ဝိုင်းကူညီပေးကြပါလို့ ထပ်မံတိုက်တွန်းပါရစေ။

  • RU English Department

    Sayas and Sayamas

    Saya U Myo Min was Professor & Head of the English Department at Rangoon University. He co-authored the Archway Reader series. His pen name is Nwe Soe (နွယ်စိုး). He was involved in Khit San Sar Pay.

    Lecturers include Daw Thein Nyunt, Daw Tin Saw Mu and U Ohn Khin.

    Group Photo

    *** ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ဆရာ ဆရာမ များ

    ** ရှေ့တန်း / ထိုင် Seated

    • ဒေါ်နုနုအေး၊ Daw Nu Nu Aye
    • ဒေါ်ခင်မျိုးမြင့်၊ Daw Khin Myo Myint
    • ဒေါ် Tiny
    • ဒေါ်သိန်းညွန့်၊ Daw Thein Nyunt
    • ဦးမျိုးမင်း၊ U Myo Min
    • ဒေါ်တင်စောမူ၊ Daw Tin Saw Mu
    • ဦးအုန်းခင်၊ U Ohn Khin
    • ဒေါ်ချိုချိုအေး၊ Daw Cho Co Aye
    • ဒေါ် Winnie Wayne

    ** အလယ်တန်း / ရပ် Middle Row

    • ဦး Pha Tha Htaw,
    • ဦးချစ်သိန်းဦး၊ U Chit Thein Oo
    • ဒေါ် Lily Chan Soon,
    • ဒေါ် Gita Dutt,
    • ဒေါ် Jeanne သန်းဝင်း၊
    • ဒေါ်ဖွားရင်၊ Daw Phwa Yin
    • ဒေါ် Nancy Gosh,
    • ဒေါ် Nang Lao Haeng,
    • ဒေါ် Olga,
    • xxx

    ** နောက်ဆုံးတန်း / ရပ် Last row

    • စဝ် Kan Kaio Mangrai,
    • xxx,
    • ဒေါ်တင်စာမော်နိုင်၊ Daw Tinsa Maw Naing
    • ဒေါ်ခင်သီတာ၊ Daw Khin Thida
    • ဒေါ် E J ကံကြီး၊
    • ဒေါ်လှမေ၊ Daw Hla May
    • ဒေါ်ခင်အေးပွင့်၊ Daw Khin Aye Pwint
    • ဦး Alfred ဇံ၊
    • စဝ်ကံကြီး၊ Sao Kan Gyi
    • စဝ်ဆေးဟုန် Sao Hso Hom

    ** Credit

    ဒေါ်ခင်အေးပွင့်

  • RIT Poets

    အင်ဂျင်နီယာ ကဗျာ ဆရာ များ

    Several sayas and alumni collectively published a collection of poems about their alma mater.

    Poets

    • Saya U Moe Aung (EE) / Tekkatho Moe War
    • Saya U Aung Myaing (ChE) / Okpo Maung Yin Maung
    • U Win Myint (M72) / Kabyaung
    • Saya U Nyunt Htay (Met) / Maung Nyunt Htay – Ah Htet Min Hla
    • U Toee Maung (C) / Ko Toee — Myit Che

    Illustrator

    • U Myo Myint (M73) / Bagyee Myat Myo Myint

    စွယ်တော်ရိပ်ဆီ လွမ်းဖွဲ့သီ

    တက္ကသိုလ်မိုးဝါ

    * ဦးမိုးအောင် — လျှပ်စစ်အင်ဂျင်နီယာ

    * စာတည်းချုပ် — မဂ္ဂဇင်း၊ စာစောင် များ

    * စွယ်တော်ရိပ် အနုပညာ အသင်း

    အုတ်ဖိုမောင်ရင်မောင်

    * ဦးအောင်မြိုင် — ဓာတုအင်ဂျင်နီယာ

    * Poetic Art Series — စီစဉ်သူ

    မောင်ညွန့်ဌေး (အထက်မင်းလှ)

    * ဦးညွန့်ဌေး — သတ္တုဗေဒအင်ဂျင်နီယာ

    * စာတည်း — မဂ္ဂဇင်း၊ စာစောင်များ

    ဝင်းမြင့် (M72)

    * ဦးဝင်းမြင့် — စက်မှုအင်ဂျင်နီယာ

    * ကဗျောင်

    ကိုတိုး (မြစ်ခြေ)

    * ဦးတိုးမောင် — မြို့ပြအင်ဂျင်နီယာ

    * ဇာတ်ဆရာ

    မောင်စိန်ဝင်း (ပုတီးကုန်း)

    * ဦးစိန်ဝင်း — စက်မှုအင်ဂျင်နီယာ

    * ကဗျာ၊ ဝတ္ထု၊ စာပေဟောပြောပွဲ

    ပန်းချီမြတ်မျိုးမြင့်

    * ဦးမျိုးမြင့် — စက်မှုအင်ဂျင်နီယာ

    * ကဗျာသရုပ်ဖေါ် ပန်းချီ Poetic Art

  • Rangoon University

    ရန်ကုန်တက္ကသိုလ် မှတ်တမ်း (တချို့)

    အကသ — အင်ဂျင်နီယာကျောင်းသားသမဂ္ဂ

    မဂ္ဂဇင်း ကော်မတီ 1951 – 52

    သတ္တုတွင်းအင်ဂျင်နီယာဌာန

    * ဆရာ နဲ့ ကျောင်းသားများ 1956 – 57

    ရန်ကုန်တက္ကသိုလ်ကလောင်အသင်း

    * အမှုဆောင်အဖွဲ့ 1959 – 60

    ပုဂံကျောင်းဆောင်

    * 1960 – 62

    * 1960 – 61

    * Credit: ဆရာဦးထွန်းရွှေ (စက်မှု 1960)

  • 1965 Mechanical Engineering

    1965 စက်မှုအင်ဂျင်နီယာ များ

    ** Mechanical Engineering ဌာန

    * Agricultural Engineering ဌာနခွဲ

    * Automobile Engineering ဌာနခွဲ

    ** ရှေ့တန်း / ထိုင် — ဆရာများ

    * ဦးကြင်စိုး — Mech / Auto (နောက် ပါချုပ်)

    * ဦးတင်လှိုင် (ကွယ်) — Agri ဌာနခွဲမှူး

    * ဦးဝင်းကြိုင် (ကွယ်) — Pet. Prod. ဌာနခွဲမှူး

    * Mr. ဆိုင်မွန် (ကွယ်) — Workshop Sup.

    * ဦးရုံးမို (ကွယ်) — ပါချုပ်

    * ဦးဘသန်း — Mech ဌာနမှူး (နောက် ပါမောက္ခ)

    * ဦးတင်မောင်ညွန့် — Mech / Agri

    * ဦးတင်ဝင်း — Mech (နောက် Dr.)

    * ဦးကြည် — Mech (နောက် Aero)

    ** ဒုတိယတန်း / ရပ် — ကျောင်းသားများ

    * ဟန်ထွန်း (ကွယ်) — နောက် ဆရာ

    * စစ်လွင်ဦး

    * ညိုဝင်း — နောက် ဆရာ၊ Dr., SPZP-2000

    * ဝီလျံဆိုင်မွန်

    * မူတူး

    * ခင်မောင်ဦး

    * ကျော်စိန် (ကွယ်) — Engg FB, နောက် ဆရာ

    * လှမြင့် — Swimming Water Polo, နောက် ဆရာ

    ** နောက်တန်း / ရပ် — ကျောင်းသားများ

    * ကိုကိုကြီး

    * ကြည်ဝင်း

    * သိန်းမောင်

    * သက်ထွန်း

    * မောင်ဝင်း

    * ခင်ညွန့်

    * လှိုင်ရွှေ

    * အက်စ် ကျော်အေး (ကွယ်) — နောက် ဆရာ

    ဆရာပူဇော်ပွဲ

    * ဆရာ Dr. ကျော်စိန် (M65)

    အလေးမ / ကာယဗလ၊ အနုပညာအသင်း

    * ဆရာ ဦးမျိုးဝင်း (M/Ag65, ကွယ်)

    RIT Automobile Club

  • Estonian Monk

    Estonian ဘုန်းကြီး

    Friedrich V Lustig

    * ဆရာ — Karlis Tennison

    Buddhist Archbishop of Latvia and Estonia

    * ရွှေတိဂုံဘုရား အလယ်ပစ္စယံ မှာ သီတင်းသုံးကြ

    ** Nickname — မုတ်ဆိတ်ဘုန်းကြီး

    * (နောက်)

    မုတ်ဆိတ်ရိပ် — ရှင်အာနန္ဒာ

    ** ကဗျာ ဆရာ

    * မြန်မာကဗျာ — အင်္ဂလိပ် ဘာသာပြန်

    * အင်္ဂလိပ်ကဗျာ

    Lilac Laureate of Poetry