Author: Hla Min (Lifelong Learner)

  • စိတ်

    မင်္ဂလာဆောင်ဖိတ်စာလေးက “အမျိုးသားအောင်ပွဲနေ့” တဲ့။ “အစ်မရေ နင်သွားလိုက်ပါ”ဆိုတော့လည်း၊ အမေ မရှိတော့ လူမှုရေးကိစ္စက ကိုယ့်တာဝန်ပေါ့လေ။

    ပြီးခဲ့တဲ့နှစ်ကစလို့ နှစ်နှစ်အတွင်းမှာ ဘယ်မှလဲမသွားဖြစ်၊ လူမှုရေးကိစ္စတွေအားလုံးကိုလဲ လစ်လျူရှုထားရတဲ့ကာလပါ။ အမေက (၅-၂-၂၀၂၁)မှာကွယ်လွန်သွားခဲ့တော့၊ဘယ်ကိုမှမသွားချင်၊ အလှအပလဲပြင်ချင်စိတ်မရှိ၊ အဝတ်သစ်အစားအသစ်ဆိုတာလဲ မလိုချင်နဲ့၊ စိတ်ပျက်နေတာကြာပေါ့။

    ခုတော့ သူ့အကြောင်း၊ ကိုယ့်အကြောင်း မသွားမဖြစ်တဲ့အခြေအနေဆိုတော့လဲ၊ လူ့ကျင့်ဝတ်အရ ဝတ်ရစားရပြင်ရဆင်ရပေါ့။ ကိုယ်လဲအသက်က(၇၀)တန်းရောက်နေပြီဆိုတော့လဲ၊ တော်သင့်ရုံပေါ့လေ။ ဒါပေမဲ့လို့၊ သွားဖို့ ပြင်ဆင်ရတော့မယ်ဆိုတော့ ပထမဆုံး မင်္ဂလာဆောင်တဲ့သူရဲ့ဂုဏ်ကို ချီးမြှင့်ရမှာမို့ အိမ်နေရင်းအဝတ်အစားနဲ့သွားလို့မှမဖြစ်တာ။ မဝတ်ဖြစ်တာကြာပြီဖြစ်တဲ့အဝတ်အစားတွေကိုမွှေရတော့တာပေါ့။တော်တာရော၊မတော်တော့တာရောပါဘဲ။

    သွားမည့်နေ့ နံနက်စောစောစာ ချက်ပြုတ်ပြီး၊ ဆွမ်းတော်ကပ်၊စားသောက်ပြီးတာနဲ့၊ သွားရေးလာရေးအတွက် “စလုံးရေစ”ရပါပြီ။ ခြေသည်းလေးကအစပေါ့လေ၊ညစ်ပတ်နေမှာစိုးလို့၊ ​လက်သည်းညှပ်လေးကိုင်ပြီးခါမှ၊ တစ်သက်လုံး အလှကြိုက်တဲ့ “အငုံစိတ်”လေးထလာပြီးခြေသည်းဆိုးပစ်မိသွားတာပါ။ (အမေသာရှိရင်မေးငေါ့ပြီး၊ “လှချင်ရက်စက်စက်ယို”လို့ပြောမှာ။) ကိုယ့်ကိုကိုယ်လဲ “မဲတင်း” လိုက်သေးတာက၊အသက်(၇၀)ဆိုရင်ဘဲ အလှမပြင်ရတော့ဘူးလားလို့ပေါ့။

    အော် တရားအလုပ်လုပ်တာနဲ့ အလှပြင်တာ၊တခြားစီပါလားလို့ပေါ့နော်။

    အော်မေ့လို့။ မျက်ခုံးမွှေးဆွဲတံအသစ်တစ်ချောင်းညီမက စျေးကြီးပေးပြီးဝယ်ထားပေးတာဆိုတော့၊ ဘယ်ကစဖွင့်ပြီးဆွဲ ရမှန်း လဲမသိ။ အိမ်မှာတူမတွေရှိရင်တော့လဲ သူတို့ကိုမေးရရဲ့။ ခုတော့အဖုံးကိုဖွင့်ပြီးကြည့်လိုက်ပြန်တော့ ထိပ်မှာကပလပ်စတစ် အမာကြီး။ ခုတခါကမျက်မှန်နဲ့ကြည့်လို့ ပလပ်စတစ်မှန်းသိတာ။ ဒါကြောင့် ရှေ့တစ်ရက်ကဆွဲတာ မထင်တာကိုး။ အဲ့ဒီနေ့ကပြောလိုက်သေးတာ။ “ဝက်ပေါရေ နင်တော့ အလိမ်ခံရပြီ၊ ခြောက်ကပ်နေတာဘဲ၊ဆွဲလို့မရဘူးတော့” လို့။ ဒီနေ့တော့ ” ဟေ့၊ ညီမ ငါ လက်သည်းညှပ်နဲ့ထိပ်ကိုညှပ်ပစ်လိုက်မယ်၊ ပျက်သွားတော့လဲ ခင်စန်းနုကိုပေးရမည့် ခဲတံကို သူဘယ်လို သုံးရမလဲသိသွားတာပေါ့”လို့လဲပြောလိုက်သေးတာ။ (on line ကနေမှာတာ ၃၆၀၀၀/-တစ်ချောင်းဝယ်ရင်၊ တစ်ချောင်းလက် ဆောင်ရတာလေ။) နောက်မှသတိရပြီး၊ fb ပြန်ဖွင့်ရှာကြည့်တော့မှ ကိုယ်ညှပ်ပစ်မည့် ပလပ်စတစ်က အတွင်းကအဖုံးမှန်း သိရပါတော့တယ်။ ညံ့ချက်ကတော့လေ။

    ဒီလိုအသေးအဖွဲကိစ္စလေးတစ်ခုနဲ့တင်ကျမတို့သိရတော့မှာက – ခေတ်ကလေးတွေနဲ့ ယှဥ်လို့မရတော့ဘူးလို့။ သူတို့ကအတော်ကို ဥာဏ်ရည်ထက်မြက်ကြတာ။

    မျက်ခုံးမွှေးဆွဲတံကိစ္စပြီးသွားလို့၊ ပြင်ဆင်ပြန်တော့ ခေါင်းကဖွေးဖွေးလှုပ်နေပြီ။ နှုတ်ခမ်းနီကို အရောင်ဖျော့တာလေး ဘဲဆိုးမယ် ပေါ့။

    ဟင်း အမြဲတန်း ရဲရဲနီမှကြိုက်တာမို့၊ ဖျော့ရင်လူမမာနဲ့တူတယ်။ ဘာဖြစ်လဲ ဘယ်အရွယ်ဖြစ်ဖြစ် လှချင်တာဆန်းတာမှာ မဟုတ် တာ၊ နီနီရဲရဲဘဲဆိုးပစ်လိုက်တာပေါ့။ ကြည့်ကောင်းသား။

    သွားစလာစလေးဖြစ်လာပြန်တော့သွားရင်းလာရင်းနဲ့ဘာပစ္စည်းလေးဖြစ်ဖြစ်၊ လိုချင်တဲ့စိတ်လေးဖြစ်လာပြန်ရော။အော် ” တဏှာ”ဆိုတဲ့တပ်မက်မှုလေးကြောင့်” ဥပါဒန်” ဆိုတဲ့ စွဲလန်းမှုလေးက ကပ်ပါလာလေရဲ့။ အိမ်ပြန်ရောက်တော့ “အစ်မကို ခုဝတ်သွားတဲ့ လုံချည်မျိုးလေး ထပ်ဝယ်ပေးပါဦး” လို့ကိုပြောမိသွားပါတယ်။ ခုကာလမှ ညီမက “ဘာလေးဖြစ်ဖြစ်ဝယ်ရအောင်” လို့ပြောတိုင်း၊ ငြင်းတတ်တဲ့ ကျမက ခုတော့လုံချည်လေး လိုချင်တာကိုပြောမိလို့အံ့သြရှာမှာပါ။

    ဒါပေမဲ့လေ၊ တဒင်္ဂ လိုချင်မိလို့ ပြောလိုက်မိတာလေးကိုပြန်ပြီး၊ ဘရိတ်အုပ်လိုက်ပါတယ်။ “ညီမရေ အမှတ်တမဲ့မို့ပြောလိုက်မိတာ၊ တကယ်တော့ဘာကိုမှအပိုမသုံးသင့်ပါဘူး” လို့။ ခဲဖျက်လေးနဲ့ အမှားပြင်ခြင်းပေါ့။

    တကယ်တော့ ခုကာလက ထမင်းစားဖို့နဲ့ ကျန်းမာဖို့ဘဲအဓိကထားရမှာ။

    တကယ်တော့ လုပ်သင့်တာနဲ့မလုပ်သင့်တာကိုခွဲခြားနိုင်စွမ်းရှိကြရမှာလေ။

    ကိုယ့်တဖို့ထဲကြည့်ပြီး၊လုပ်ချင်တာလုပ်ကြရင်တော့ အမှားများစွာဖြစ်တော့မှာ။(လောဘစိတ် ကင်းမှ အမှားကင်းမှာ။)

    အလှအပကြိုက်တာ အပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ “အဓိကနဲ့ သာမည”ကိုခွဲခြားတတ်ရမှာပါ။(ဘယ်ကိစ္စမဆိုပါနော်။)

    အချိန်ကာလကို သိတတ်ကြပါစေ။

  • အေးမြမေတ္တာ

    “မေတ္တာသံဝေ” ဆိုတဲ့သီချင်းသံလေးကို နားထောင်မိပြီးတော့၊ စိတ်ထဲမှာကြည်နူးမိတာမို့ fb မှာတင်ပေးလိုက်တဲ့ “မို့မို့ဟန်”ကိုကျေးဇူးတင်မိပါတယ်။ ငယ်စဥ်တုန်းကတော့ နံနက်စောစောရေဒီယိုလေးဖွင့်လိုက်တာနဲ့ ဒီလိုမင်္ဂလာရှိလှတဲ့သီချင်းသံလေးတွေကိုအမြဲကြားနေရတာဆိုတော့ လူတွေရဲ့စိတ်ထဲမှာမေတ္တာတွေပွါးလို့ ယဥ်ကျေးသိမ်မွေ့ကြတာလားလို့လဲ အတွေးရောက်မိပြန်ရော။

    ခုများတော့ နံနက်ပိုင်းမှာကြားရတာတွေက ဆူညံသံတွေချည်းပါဘဲ။တချို့အိမ်တွေကတော့ ပရိတ်၊ပဌာန်း၊မဟာသမယသုတ်စတာတွေကိုခုနှစ်အိမ်လောက်ကြားရအောင်ဖွင့်ထားတတ်ကြပါတယ်။ ကိုယ်တိုင်မရွတ်မဖတ်ဘဲ၊ဆရာတော်ကြီးတွေကို ရွတ်ခိုင်းနေကြသလားမှတ်ရတာ။ သိပ်ပြီးကျယ်ကျယ်လောင်လောင်ဖွင့်ထားတတ်ကြတာမို့ ကုသိုလ်စိတ်လေးနဲ့နားထောင်ရတာမဟုတ်ဘဲ၊ ဆူသံညံသံသက်သက်ဖြစ်နေသလိုမို့၊တခါတလေများဒေါသစိတ်တောင်ဖြစ်မိပါရဲ့။နေရင်းထိုင်ရင်းအကုသိုလ်ဖြစ်တာလေ။ တကယ်တော့ “ကြားပြီးရင်ပျက်ရ”မှာကို။ (ပြောမိတဲ့ လူအဖို့မှာတော့ ဘာသာရေး မကိုင်းရှိုင်းတတ်သူလိုလိုဖြစ်တတ်ကြတာမို့၊ နားထဲကလျှံထွက်သွားတဲ့တရားသံပေါ့။)

    ကျယ်လောင်လှတဲ့အသံစုံကိုဥပက္ခာပြုပြီး ၊မျက်စိနှစ်လုံးပွင့်လို့ အိပ်ယာကနိုးလာကထဲက၊ ဘုရားဆွမ်းတော်ကပ်ဖို့၊ ဘုန်းကြီးကို ဆွမ်းလောင်းဖို့ဆိုတဲ့စိတ်က ထိပ်ဆုံးမှာနေရာယူပြီးသားပါ။ အဲ့ဒီတော့ အင်မတန်အေးချမ်းပြီးသာယာနာပျော်တဲ့တေးသံလေးတွေကြားရတာဟာရင်ထဲမှာကြည်နူးစိတ်အပြည့်နဲ့၊ မမောနိုင်မပမ်းနိုင် ချက်ပြုတ်ရတော့ ကုသိုလ်တွေကအပြည့်အဝ ရနေတော့တာပါဘဲ။

    ချက်ပြုတ်လို့ပြီးပြန်တော့ ဆွမ်းတော်ပွဲပြင်ရ၊ ဆွမ်းလောင်းဖို့စီစဥ်ရဆိုတာတွေကတော့ နေ့တဓူဝလုပ်ငန်းဆောင်တာတွေပါ။ ပြုပြုသမျှ ဒါန၊သီလ၊ဘာဝနာစတဲ့ကုသိုလ်တွေကို နေ့စဥ်ညစဥ်မျှဝေကြရတာလဲ မင်္ဂလာတစ်ပါးပါဘဲ။ နိုးထချိန်မှစပြီး ညအိပ်ယာဝင်သည့်တိုင်အောင် ကြည်ကြည်လင်လင်လေးများနေရရင်သိပ်ကောင်းမှာပါ။ ##ဒီ “ချင်” လေးကတော့ “လောဘ”မပါတဲ့”လိုချင်မှု”လေးသက်သက်မို့ “တမ်းတကောင်း” တဲ့အရာလို့ထင်မိပါတယ်။ (ကိုယ့်လိုဘဲ လိုချင်၊ဖြစ်ချင်နေကြမှာပါ။)

    သောကတွေ၊ဒုက္ခတွေကင်းဝေးပြီး၊ တစ်ဦးကိုတစ်ဦးမေတ္တာတွေနဲ့သာနေကြရရင်၊ အပူလဲကင်း၊မျက်ရည်ဆိုတာလဲမရှိနဲ့။ ဘယ်လောက်များအေးချမ်းလိုက်မလဲလို့။ သူတော်ကောင်းသူမြတ်လောင်းတွေ ပို့သတဲ့ မေတ္တာတွေကို မိမိအပါအဝင် လူသားအားလုံးရကြစေချင်လွန်းလှပါတယ်။

    မေတ္တာရိပ်မှာခိုလှုံပြီး – – – #စေတနာထက်သန်စွာနဲ့ ပေးဝေတဲ့ မေတ္တာသံလေးတွေကြားကြ၊သိကြပါစေ။ #သိကြ ကြားကြတဲ့ အတိုင်းလဲ မေတ္တာထားတတ်ကြပါစေ။ #အေးချမ်းသာယာရှိကြပါစေ#ကပ်ကြီး သုံးပါးမှ ကင်းဝေးကြပါစေ။