အားနာတတ်ရင်
မနက်အစောစာ ချက်ပြုတ်နေရင်းအတွေးတွေက စုံစိနဖါ။ တရားသဘောနဲ့ကြည့်ရင်တော့ “သတိ” လက်လွတ်တွေးနေ လိုပါဘဲ။ တွေးနေမိပါလားဆိုတာသိနေရင် “သတိမလွတ်ပါဘူးလို့ဆိုရမှာပေါ့လေ။ ကိုယ့်ကိုကိုယ် “ဖေါ့”တွေးတာမဟုတ်ပါဘူး။ ချက်ပြုတ်နေတာကြာနေလို့ သူတို့များဆာနေကြပြီလား။ တခါတလေများ ကမန်းကတမ်းလုပ်လို့ ဆီပူတောင်လောင် တတ် သေး။ ကိုယ်က သူများကိုအားနာတတ်တာကို။ မနက်ဘုရားရှိခိုးရင်လဲ ကိုယ်ဘုရားရှိခိုးနေတာကြာသွားလို့ သူတို့ စိတ်ထဲ “မြက်” သွားရင်၊ သူတို့ ငရဲကြီးသွားမလား။ ကျမကို သူငယ်ချင်း ခင်ချောလေးက “တစ်နာရီလောက်ရအောင်တရားထိုင်ပါ “တဲ့။ အိမ်မှာတော့ အိမ်စိတ်မို့ မနက်ပိုင်းတော့ တစ်နာရီ မထိုင်ဖြစ်ပါဘူး။ အကြံပေးတာကိုတော့ တကယ်ကိုကျေးဇူးတင်ပါတယ်။
အားနာတတ်တာ ဆိုလို့ – – – ကျမတို့ ရပ်ကွက်က ဝန်ထမ်းရပ်ကွက်လေးမို့ ဟိုးအရင်ကတော့ စည်းကမ်းတကျ လေးနေတတ် ကြပါတယ်။ တစ်နေ့တော့ ဝက်ပေါတို့နဲ့တစ်ရုံးထဲ အလုပ်လုပ်တဲ့ အမျိုးသားတစ်ယောက်က “မမိရေ ငွေ ၅၀၀/-လောက်ချေးပါ။ လကုန်ရင်ပြန်ပေးပါ့မယ်” တဲ့။ ဟုတ်တာပေါ့လေ ဝန်ထမ်းဆိုတာမျိုးက လကုန်ခါနီးရင် ပိုက်ဆံပြတ်သွားတတ်တာကို။ ကိုယ်တိုင်လဲ ဝန်ထမ်းဘဝနဲ့ နေခဲ့ရဘူးတော့ ကိုယ်ချင်းစာပါတယ်။ လခထုတ်ပြီး အလုပ်ကအပြန် သူ့အိမ်ကိုတောင်အရင် မသွားဘဲ ပိုက်ဆံငါးရာကို လာပြန်ဆပ်ရှာတာပါ။ နောက်တစ်လလဲ ဒီလိုဘဲ လာချေးတတ်တော့ ၊ ကျမမှာ ပြန်ရတဲ့ ပိုက်ဆံလေး ငါးရာကို ကျမရဲ့အနက်ရောင်ပိုက်ဆံအိတ်လေးရဲ့ အတွင်းအိတ်ကပ်လေးထဲမှာ “သုံးခွင့်မရှိသောပိုက်ဆံ” လို့သဘောထားပြီး သိမ်းထားရပါတော့တယ်။
ကျမတွေးကြည့်မိတာကလေ၊ သူ့ခမြာ သူများဆီကပိုက်ဆံချေးကထဲက မျက်နှာချိုသွေးပြီးချေးရရှာမှာ။ မရရင်လဲ ရှက်ရှာမှာ။ အဲ့ဒါကြောင့်မို့ ကိုယ်တစ်ခုခု ဝယ်ချင်လို့ ပိုက်ဆံလိုရင်တောင် သိမ်းထားတဲ့ပိုက်ဆံလေးငါးရာကျပ်ကို မထိရဲပါဘူး။ မပေးလိုက် နိုင်မှာကို အားနာလို့ပါ။
တနေ့ကတော့ ဝက်ပေါကို အားနာနာနဲ့ဘဲ၊ အဖေချက်တဲ့ ဝက်သားနဲ့ချဥ်ပေါင်လေးစားချင်တယ်လို့ ဝယ်ခိုင်းရပါတယ်။ ညီမက လဲ ဝက်သားသုံးထပ်သား၊ချဥ်ပေါင်နဲ့မျှစ်တို့ဝယ်လာပေးရှာပါတယ်။တကယ်ကျေးဇူးတင်တာ။ မနေ့တုန်းကတော့ သုံးထပ်သား ကို အဖေ ချက်သလိုချက်၊ ချဥ်ပေါင်လေးကိုမွှေပြီးချက်ထားတဲ့ဝက်သားဟင်းလေးနဲ့ရော၊ မျှစ်နဲ့ငရုပ်သီးစိမ်း လေးထည့်ပြီးချက် လိုက်တာ ကောင်းလိုက်တာ။ ငပိရည်ဖျော်လေးနဲ့ ကြောင်လျှာပွင့်လေးရေစင်စင်ဆေးပြီး တို့လို့ပေါ့။ ဒီတခါတော့ ကြောင်လျှာ ပွင့်ကိုမပြုတ်ဘဲအစိမ်းတို့စားတာ။ ညီမခင်စန်းနုရဲ့ နည်းပေါ့။
ဒီတခါတော့ ကိုယ်စားချင်တာ စိတ်တိုင်းကျချက်စားပစ်လိုက်တာပါ။ ကျမရဲ့ စရိုက်က သူများက ဒီဟင်းလေးစား ကောင်းတယ် ဆိုရင် လက်ရှောင်တတ်တာ။ ကျမကို ဘယ်သူကဘဲဖြစ်ဖြစ် စားစေချင်လို့ကျမပန်းကန်ထဲထည့်ပေးလို့ကတော့ မကြိုက်လဲ မြန်မြန်ကုန်ရင်အေးရောဆိုပြီး စားပစ်တတ်တာ။အဲ့ဒီတော့ ကျမကြိုက်တယ်ထင်ပြီး ထပ်ထည့်ပေးပြန်တော့လဲ ကြိတ်မှိတ်ပြီး စားပစ်လိုက်တတ်ပြန်ပါရော။ အားနာတတ်ခြင်းရဲ့အကျိုးပေါ့လေ။
ဒေါ်ကြွယ်ကြွယ်ကတော့ :-“အားနာတတ်ရင် ၊ အားပါလိမ့်မယ်” လို့ ဆိုထားသလားလို့ပါ။ ။
Categories: Mi Aung