Author: Hla Min (Lifelong Learner)

  • ပဲ့တင်သံ

    ပဲ့တင်သံ

    စေတနာဟံ ဘိက္ခဝေ
    ကမ္မံ ဝဒါမိ
    ဟောရှိသည့်ဒေသနာ ။

    ကိုယ်ပြုသည့်ကံ
    ပဲ့တင်သံ
    ကိုယ့်ထံသို့သာ
    ပြန်လာမှာဖြင့် ဘယ်မလွဲ ။

    သရုပ်သကန်
    မဟုတ်မဟန်
    အရှုပ်ကြံ
    အမှန်မလုပ်လျှင်
    ပစ္စုပ္ပန် သံသရာ ဝဲမှာ
    မြုပ်တော့မှာပဲ ။

    မောင်ညွန့်ဌေး (အထက်မင်းလှ)
    ၃.၁၁.၂၀၂၀. Crd. to Photo.

    ECHO

    One’s volition (cetana)
    Bikkhus
    Effects one’s action (kamma)
    Per Buddha’s teaching

    One’s deeds (physical, verbal, mental)
    Like echo
    Back to oneself
    Returns for sure

    Insincere
    Fabricated
    Devious thoughts
    Not acting truthfully
    In this world
    and in samsara (rounds of rebirth)
    will go deep down into the whirlpool .

    Translated by
    Hla Min ( EC 69)

  • SPHS Teachers

    My Class Teachers

    My class teachers at SPHS were
    IVD : Mrs. A Benjamin
    VD: Mrs. Violet Boudville
    VID: Saya U Pe Maung Tin
    VIID: Saya Nge
    VIIIA: Brother Anthony
    IXA: Brother Xavier
    XA: Brother Austin

    Dr. Thane Oke Kyaw Myint wrote :

    I also joined at IVD, moving from St Philomena’ boy school (across the road from Convent). Like you wrote you start with D, then worked your way up to A. Our class teacher was Mrs Benjamin, who had to teach newcomers and plodders from earlier SPHS classes. Once when she was upset with us she shouted “Do you all know that IV D is the waste basket of St Paul’s?“. Nice to know that you were in IV D like me at the start.

  • IM(1) Field Trip in the 60s

    • Dr. Thane Oke Kyaw Myint (SPHS60) graduated from the Institute of Medicine 1 in 1967.
    • IM(1) medical students took a field trip.
    • They played a “friendly” football match where legs were hovering near the heads.
    Field Trip of IM(1) Students 
    • The referee could not give “red cards” to spoil the match, and had to be contented giving out “yellow cards” and also be prepared to run away from the crowd once the match ended.
    • Despite having a reasonably good goal keeper, the IM(1) team lost by 8 goals. The locals graciously hosted a sumptuous dinner to brag their victory and hospitality.
  • CTK Project

    *** CTK — မြန်မာ project

    ** Children’s Treasury of Knowledge

    ကလေး / လူငယ် / ကျောင်းသူကျောင်းသား

    သိကောင်းစရာ / ဗဟုသုတ

    ဘဏ္ဍာ တိုက် / ရတနာ (သိုက်)

    —-

    ** ကနဦး

    * Japanese Version

    ကလေးသူငယ် များ အတွက် ဘာသာရပ် ဆယ် ခု ကို ဂျပန်ဘာသာ နဲ့ စ ထုတ်။

    —-

    ** နောက်တော့

    * English Version

    Illustration & Layout မ ပြောင်း ခိုင်း။

    စာသား တွေဘဲ Translate လုပ်။

    —-

    ** မြန်မာနိင်ငံ ပညာရေး အတွက်

    * UNESCO Project

    ပညာရှင် အများစု —

    တက္ကသိုလ် ဆရာဆရာမများ

    တက္ကသိုလ်များ ပုံနှိပ်တိုက် ဝန်ထမ်း တချို့

    —-

    English Version ကို မြန်မာ ဘာသာ နဲ့ Translate လုပ်။

    Same restrictions

    ပုံ နဲ့ Layout မပြောင်းခိုင်း။

    စာမျက်နှာ ပို လို့မရ။

    စာသားတွေဘဲ Translate လုပ်။

    —-

    * အခက်အခဲ များ

    ဘောင်ဝင် အောင် ကျစ်ကျစ်လစ်လစ်ဘာသာ ပြန် ကြ။ တည်းဖြတ်ကြ။

    Project ပြီးခါနီးမှာ ပြဿနာ တက်။

    Revised မြန်မာသတ်ပုံကျမ်း အရ “တ” တွေ ကို “တစ်” ပြင်ခိုင်း။

    Layout အတွင်း စာလုံးတွေ မဆန့်တော့။

    Back to Square One

    CTK ထုတ်ဝေ ဖြန့်ချီရေး တန့် သွား။

    —-

  • တမ်းတမိ

    မနေ့က နေအတော်ပူတာဘဲ။ နေပူလိုက် မိုးစပ်စပ်လေးရွာလိုက်ဆိုရင်တော့ မင်းသားလေးတွေထွက်လာ တာတွေ့ရ တတ် တယ်။ အိမ်ရဲ့ဘေးတံခါးပေါက်ကြီးဖွင့်ထားတော့ အိမ်ကကြောင်တွေလဲအိုက်ရှာတာမို့ အပေါက်ဝမှာထိုင်နေရင်း၊ ဇတ်ခနဲ ဆိုကြောင်ကငုတ်တုတ် ထထိုင်လိုက်တာ။ ကြောင်တွေတနေရာရာကို အသေအချာစိုက်ကြည့်နေပြီဆိုရင် သတိထား ရတော့ တယ်။ တစ်ခုခုတွေ့လို့ဆိုတာ သိသာတာမို့ ကြည့်လိုက်တော့၊ ဘုရားဘုရား – – နဲတဲ့အကောင်ကြီးမဟုတ်ပါလား။

    ( တော်ရုံ အကောင်သေးသေးလေးဆိုရင်တော့ ကြောင်တွေက အလွတ်မပေးဘဲ ခုတ်တတ်ပါတယ်။ ဒါဆိုရင်လဲ အိမ်ထဲကို ချီလာမှာစိုးလို့ လိုက်ကြည့်ပြီး၊မောင်းထုတ်နေရတာ။) သရက်ကိုင်းကျိုးအောက်ကထွက်သွားတာ။ ​ တံခါးမကြီးကို ကမန်းက မ်းပိတ်ပြီး ကြောင်တွေကိုလဲ အိမ်ထဲမောင်းသွင်းရတော့တာပေါ့။ ကြောင်လေးတွေကိုလဲကျေးဇူးတင်နေရပါသေးတယ်။

    ကျမတို့တော့ အဲ့ဒီလိုသာတွေ့ပြီးရင် အိမ်ထဲမှာနေရင်းတောင် နေစရာမရှိဘူး။ခြေမချရဲဘူး။ သိပ်ကြောက်တာပါဘဲ။ (သတ္တိကောင်းတာပြောပါတယ်။) အမေသာရှိရင် ဓါးတစ်ချောင်းကိုင်ပြီး၊ ခြံရှင်းတော့မှာအသေအချာပါ။ ကျမတို့ကတော့ ခြံထဲကို လုံးဝ မဆင်းဝံ့တော့တာ။ အမေနဲ့ ရန်လဲဖြစ်ကြရဦးမှာ။ ကိုယ်တွေကတော့ အမေ့ကို နဲနဲလေးမှ အပင်ပမ်းမခံစေချင်တာ၊ အန္တရာယ်ဖြစ်မှာကိုစိုးရိမ်တာမို့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ တားဆီးခဲ့မိတာပါနော်။ ခုတော့လဲ သတိရ လွမ်းဆွတ်နေကြယုံ မှတပါး။

    လေတွေတိုက်တဲ့နေ့က ကွမ်းသီးပင်ကြီး အလယ်ကကွဲထွက်ပြီး၊ အိမ်ဘေးအဖီလေးပေါ်ကိုကျိုးကျနေတာမို့ ရှင်းဖို့လူခေါ် ထားပါတယ်။ ခြံလဲရှင်းခိုင်းဖို့ပါ။ ဒါပေမဲ့ မိုးကမပြတ်တော့ အပင်ပေါ်တက်ခိုင်းဖို့မဖြစ်ပြန်ဘူး။ နေသာတဲ့နေ့မှဘဲ – – – –

    အလုပ်လုပ်ဖို့ လူခေါ်ရင် ချက်ချင်းလုပ်ပေးချင်ကြရှာတာပါ။ (အလုပ်တွေလဲမရှိရှာကြဘူးလေ။) ဒါပေမဲ့လို့ ကိုယ့်အိမ်အလုပ် လုပ်ရင်း အန္တရာယ်မဖြစ်စေချင်လို့ ခဏတားထားရပါတယ်။ ခုလိုကာလမှာ နေရာတကာချွေတာနေရပေမဲ့လဲ မလုပ်ရင် မဖြစ်တာလေးတွေအတွက်တော့ အကုန်အကျခံရတာပေါ့လေ။ဘာတတ်နိုင်မှာလဲ။ မျှစားကြရတာပေါ့ ။ ကိုယ်ကတော့ စားသောက်နေကြပြီး၊ ကိုယ့်ပတ်ဝန်းကျင်က မစားကြရရင်လဲ မျိုမကျပါဘူး။ အားလုံးကို ဝေမျှပေးဖို့ကလဲ မတတ်နိုင်။

    လူသားအားလုံး သတ္တဝါအားလုံး အေးအေးချမ်းချမ်းနဲ့ စားရေး နေရေး အဆင်ပြေကြပါစေ။

    ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

    အော် ၊ အဖေတို့ မောင်လေးတို့နဲ့ အမေ့ကိုသတိရရင်း – – – – –

    * သေသူကိုရှင်သူက “တ”နေရတာပါလား* လို့ – – – ။ ။

  • အားနာတတ်ရင်

    မနက်အစောစာ ချက်ပြုတ်နေရင်းအတွေးတွေက စုံစိနဖါ။ တရားသဘောနဲ့ကြည့်ရင်တော့ “သတိ” လက်လွတ်တွေးနေ လိုပါဘဲ။ တွေးနေမိပါလားဆိုတာသိနေရင် “သတိမလွတ်ပါဘူးလို့ဆိုရမှာပေါ့လေ။ ကိုယ့်ကိုကိုယ် “ဖေါ့”တွေးတာမဟုတ်ပါဘူး။ ချက်ပြုတ်နေတာကြာနေလို့ သူတို့များဆာနေကြပြီလား။ တခါတလေများ ကမန်းကတမ်းလုပ်လို့ ဆီပူတောင်လောင် တတ် သေး။ ကိုယ်က သူများကိုအားနာတတ်တာကို။ မနက်ဘုရားရှိခိုးရင်လဲ ကိုယ်ဘုရားရှိခိုးနေတာကြာသွားလို့ သူတို့ စိတ်ထဲ “မြက်” သွားရင်၊ သူတို့ ငရဲကြီးသွားမလား။ ကျမကို သူငယ်ချင်း ခင်ချောလေးက “တစ်နာရီလောက်ရအောင်တရားထိုင်ပါ “တဲ့။ အိမ်မှာတော့ အိမ်စိတ်မို့ မနက်ပိုင်းတော့ တစ်နာရီ မထိုင်ဖြစ်ပါဘူး။ အကြံပေးတာကိုတော့ တကယ်ကိုကျေးဇူးတင်ပါတယ်။

    အားနာတတ်တာ ဆိုလို့ – – – ကျမတို့ ရပ်ကွက်က ဝန်ထမ်းရပ်ကွက်လေးမို့ ဟိုးအရင်ကတော့ စည်းကမ်းတကျ လေးနေတတ် ကြပါတယ်။ တစ်နေ့တော့ ဝက်ပေါတို့နဲ့တစ်ရုံးထဲ အလုပ်လုပ်တဲ့ အမျိုးသားတစ်ယောက်က “မမိရေ ငွေ ၅၀၀/-လောက်ချေးပါ။ လကုန်ရင်ပြန်ပေးပါ့မယ်” တဲ့။ ဟုတ်တာပေါ့လေ ဝန်ထမ်းဆိုတာမျိုးက လကုန်ခါနီးရင် ပိုက်ဆံပြတ်သွားတတ်တာကို။ ကိုယ်တိုင်လဲ ဝန်ထမ်းဘဝနဲ့ နေခဲ့ရဘူးတော့ ကိုယ်ချင်းစာပါတယ်။ လခထုတ်ပြီး အလုပ်ကအပြန် သူ့အိမ်ကိုတောင်အရင် မသွားဘဲ ပိုက်ဆံငါးရာကို လာပြန်ဆပ်ရှာတာပါ။ နောက်တစ်လလဲ ဒီလိုဘဲ လာချေးတတ်တော့ ၊ ကျမမှာ ပြန်ရတဲ့ ပိုက်ဆံလေး ငါးရာကို ကျမရဲ့အနက်ရောင်ပိုက်ဆံအိတ်လေးရဲ့ အတွင်းအိတ်ကပ်လေးထဲမှာ “သုံးခွင့်မရှိသောပိုက်ဆံ” လို့သဘောထားပြီး သိမ်းထားရပါတော့တယ်။

    ကျမတွေးကြည့်မိတာကလေ၊ သူ့ခမြာ သူများဆီကပိုက်ဆံချေးကထဲက မျက်နှာချိုသွေးပြီးချေးရရှာမှာ။ မရရင်လဲ ရှက်ရှာမှာ။ အဲ့ဒါကြောင့်မို့ ကိုယ်တစ်ခုခု ဝယ်ချင်လို့ ပိုက်ဆံလိုရင်တောင် သိမ်းထားတဲ့ပိုက်ဆံလေးငါးရာကျပ်ကို မထိရဲပါဘူး။ မပေးလိုက် နိုင်မှာကို အားနာလို့ပါ။

    တနေ့ကတော့ ဝက်ပေါကို အားနာနာနဲ့ဘဲ၊ အဖေချက်တဲ့ ဝက်သားနဲ့ချဥ်ပေါင်လေးစားချင်တယ်လို့ ဝယ်ခိုင်းရပါတယ်။ ညီမက လဲ ဝက်သားသုံးထပ်သား၊ချဥ်ပေါင်နဲ့မျှစ်တို့ဝယ်လာပေးရှာပါတယ်။တကယ်ကျေးဇူးတင်တာ။ မနေ့တုန်းကတော့ သုံးထပ်သား ကို အဖေ ချက်သလိုချက်၊ ချဥ်ပေါင်လေးကိုမွှေပြီးချက်ထားတဲ့ဝက်သားဟင်းလေးနဲ့ရော၊ မျှစ်နဲ့ငရုပ်သီးစိမ်း လေးထည့်ပြီးချက် လိုက်တာ ကောင်းလိုက်တာ။ ငပိရည်ဖျော်လေးနဲ့ ကြောင်လျှာပွင့်လေးရေစင်စင်ဆေးပြီး တို့လို့ပေါ့။ ဒီတခါတော့ ကြောင်လျှာ ပွင့်ကိုမပြုတ်ဘဲအစိမ်းတို့စားတာ။ ညီမခင်စန်းနုရဲ့ နည်းပေါ့။

    ဒီတခါတော့ ကိုယ်စားချင်တာ စိတ်တိုင်းကျချက်စားပစ်လိုက်တာပါ။ ကျမရဲ့ စရိုက်က သူများက ဒီဟင်းလေးစား ကောင်းတယ် ဆိုရင် လက်ရှောင်တတ်တာ။ ကျမကို ဘယ်သူကဘဲဖြစ်ဖြစ် စားစေချင်လို့ကျမပန်းကန်ထဲထည့်ပေးလို့ကတော့ မကြိုက်လဲ မြန်မြန်ကုန်ရင်အေးရောဆိုပြီး စားပစ်တတ်တာ။အဲ့ဒီတော့ ကျမကြိုက်တယ်ထင်ပြီး ထပ်ထည့်ပေးပြန်တော့လဲ ကြိတ်မှိတ်ပြီး စားပစ်လိုက်တတ်ပြန်ပါရော။ အားနာတတ်ခြင်းရဲ့အကျိုးပေါ့လေ။

    ဒေါ်ကြွယ်ကြွယ်ကတော့ :-“အားနာတတ်ရင် ၊ အားပါလိမ့်မယ်” လို့ ဆိုထားသလားလို့ပါ။ ။

  • သတိရမိတာ

    တစ်နေ့ကမိုးတွေသိပ်ရွာလို့၊ ငယ်တုန်းက အဖေနဲ့ တံစက်မြိတ်အောက်မှာ အိုးတွေချပြီးတိုက်ကြတာလေးကို အမှတ် ရနေ မိတယ်။ မိုးရေနဲ့တိုက်ချွတ်ဆေးကြောလိုက်တဲ့ ဒန်အိုးလေးတွေများပြောင်လက်သွားတာပါဘဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျမ တို့လဲအိမ်တွေရှင်းရင်း၊ ရှိတာတွေ အကုန်ချပြီး ဝက်ပေါကဆေး၊ ကျမကသိမ်းနေရတာ။ လွှင့်ပစ်ရတာတွေကတစ်ပုံပေါ့။ မိုးရွာထဲတော့မဟုတ်တော့ပါ။ အခုအသက်အရွယ်နဲ့အခြေအနေကတော့ မိုးရွာထဲကို ဘယ်လိုများဆင်းဝံ့ပါလိမ့်မလဲ။ ခုချိန်မှာ ဖျားနာလို့ကတော့ တခါထဲ နောင်ဘဝ ရောက်သွားလေမလားဘဲ။

    ခပ်ငယ်ငယ် ပျော်ခဲ့ရတဲ့အချိန်လေးတွေကိုလဲမမေ့ပါဘူး။သူငယ်ချင်းတွေကိုလဲ သတိရနေစဲပါဘဲ။ ကျောင်းနေစဥ်ကထဲက ခင်မင်ခဲ့ကြသူတွေမဟုတ်ပေမဲ့၊ ညီရင်းအစ်ကိုမောင်ရင်းတမျှပမာချစ်ခင်ကြတာပါ။ အဲ့ဒီအချိန်က သူ့ကိုယ်မသိ၊ ကိုယ့်သူ မသိနဲ့ဘဲ တစ်ယောက်စကား တစ်ယောက်နားနဲ့ “ရုက္ခဗေဒဘွဲ့ရအသင်း” ကိုတည်ထောင်ခဲ့ကြရပါတယ်။ ဝန်ထမ်းတွေ၊ ကုန်သည်၊စျေးသည်၊ ဘွဲ့ရခါစလူငယ်လေးတွေစုံလို့ပါဘဲ။ ဘာအကျိုးအမြတ်ကိုမှမမြှော်ကိုးဘဲ၊ အသင်းအတွက် ရံပုံ ငွေရှာ ကြမယ်ဆိုလဲတပျော်တပါးပါဘဲ။

    ကျမတို့မှာ ရုပ်ရှင်လက်မှတ်တွေ လိုက်ပြီးရောင်းရသလို၊ ဘူးသီးကြော်သည်လဲလုပ်ကြရပါသေးတယ်။ နင်မှပင်ပမ်းတယ်၊ ငါမှပင်ပမ်းတယ်ဆိုတာလဲမရှိ၊ တစ်ယောက်နဲ့တစ်ယောက် “တွက်ကပ်”ခြင်းလဲမရှိကြပါဘူး။ မှတ်မှတ်ရရ တပ်မတော်ကပွဲရုံမှာ “လွမ်းရတဲ့အဖြစ်လေးတွေ” ဆိုတဲ့ရုပ်ရှင်လေးကို ပြပြီးအသင်းအတွက်ပိုက်ဆံရှာခဲ့ကြမိလို့များ၊ ခုချိန်ခါမှာ သူငယ်ချင်းတွေ တကွဲတပြားစီဖြစ်ပြီး လွမ်းနေကြရသလားလို့ပါ။ ရုပ်ရှင်လက်မှတ်တွေကို” RC” ထဲမှာလဲ ပြေးရောင်းလိုက်၊ မိတ်ဆွေ တွေကို အနိုင်ကျင့်ပြီးရောင်းလိုက်နဲ့ အားနာရမှန်းလဲမသိခဲ့ပါဘူး။

    ရွှေတိဂုံဘုရားပွဲမှာ ဘူးသီးကြော်ရောင်းခဲ့ကြတာတော့ ပျော်လဲပျော်၊ စိတ်လဲညစ်ပါဘဲ။ မိုးစုတ်စုတ်ချုပ်မှ ဘူးသီးကြော် ၊ ဘရာ ကြော် ကြော်ပေးတဲ့စျေးသည်ကိုတော့ ကျမရဲ့သူငယ်ချင်း၊ ယ္ခုကွယ်လွန်သွားပြီဖြစ်တဲ့ “တင်တင်မာ” ခမြာမှာညတိုင်းကို ပြန်လိုက်ပို့ပေးရရှာတာ။ သူကအားလုံးကိုအနွံတာခံရှာတာ။ တင်တင်မာရဲ့ဘော်ဒီဂတ်ကတော့ ကိုမင်းဇော်၊ ကိုဇော် ဝင်းနဲ့ကို တင်အောင်ပေါ့။ ကျမတို့ အမြဲတန်းရယ်ပွဲဖွဲ့ခဲ့ရတာတော့ တင်တင်မာက ” အမယ်လေး၊ ကံကောင်းလို့ ဘရာကြော် ကတော် မဖြစ်တယ်” တဲ့လေ။

    တင်တင်မာနဲ့စပြီးခင်ခဲ့ကြတာကတော့၊ ဘွဲ့ရအသင်းသူ၊ အသင်းသားတွေ မိတ်ဆက်ကြတဲ့ ဒေးစွန်ပါဘုရား ကိုသွား ဖူးကြ တဲ့နေ့ပါဘဲ။ကျမနဲ့အေးအေးချိုက လမ်းမှာစားကြဖို့ ဝက်သားပေါက်ဆီတွေ ဝယ်သွားကြတာ။ တင်တင်မာနဲ့ဝင်းဝင်းအေးက ကျမတို့နောက်ကခုံမှာထိုင်လို့ပေါ့။ ဘုမသိ၊ ဘမသိနဲ့ ကျမကဝက်သားပေါက်ဆီကို တင်တင်မာဆီ အတင်းထိုး ပေးပြီး ကျွေးနေ မိတာ။ သူကတော့လက်ကလေးကာပြီး၊ ရယ်လို့။ အားနာလို့ထင်ပြီးအတင်းကိုပေးတော့မှ၊ သူကအစ္စလမ်ဖြစ်နေမှန်းသိရတာ။ အဲ့ဒီတော့မှ အားနာလိုက်တာလေ။ ၁၉၈၅ခုနှစ်ကပါ။

    အသက်ငယ်တုန်းကတော့၊မိုးရွာမကြောက်၊ နေပူမကြောက် ဘယ်နေရာမဆို သွားကြမယ်ဆိုတာချည်းပါဘဲ။ ဆတ်ဆတ်ဆော့ ဆော့ ရွာသာကြီးကို ပျော်ပွဲစားထွက်မယ်။ ကြံကြံဖန်ဖန် ငါးမျှားပြီးချက်စားကြမယ်ဆိုလို့ မိုးရွာထဲလဲသွားကြတာပါဘဲ။ ရွှံထဲဗွက်ထဲမှာ “ယနုံး” ထိုးကြတာ၊ ဘာငါးမှလဲမရ။ ဗွက်တွေပေ၊ ရေတွေစိုလို့။ တော်သေးတာက ပဲကုလားဟင်းတစ် အိုးနဲ့ ဗလခြောင်ကြော်လေးချက်လာကြလို့သာ၊ အဲ့ဒီနေ့ကထမင်းမငတ်ကြတာ။ ရွာသာကြီးက ကိုနန္ဒတို့ ကိုတင်အောင် တို့ရဲ့ မိတ်ဆွေ”တဲ”လေးမှာထမင်းစားကြရတာ။ ငယ်တုန်းတော့ကြံဖန်ပြီးပျော်ကြတာပါဘဲ။ မရိုသေစကား မလီ (Lily Ba Thein) နဲ့ နီနီကရှူးပေါက်ချင်လှပြီဆိုလို့၊ ရထားလမ်းဘေးမှာ “တို့တွေကာထားပေးမယ်”ဆိုပြီး၊ တာလပတ်အစကြီးကို ကျမကတဖက်၊ အေးအေးချိုကတစ်ဖက်ဆွဲပြီးကာထားရတာ။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရထားကြီးကလဲဖြတ်လာရော၊ တာလ ပတ်ကြီးက လေတိုးလို့လန်သွားပါလေရော။ လေတိုက်တိုင်းရယ်ကြရတယ်ဆိုတာ ဒါမျိုးနေမှာ။ သွားကြတာကလဲ ပတ်ပ လစ်ကာအမိုးဖွင့်၊ မိုးတွေကရွာလို့၊ ဒါပေမဲ့ ဖျားရ၊ နာရမှန်းလုံးဝမသိ။ ပျော်ဖို့သာစဥ်းစားကြတဲ့အရွယ်တွေကိုး။

    ငြိမ်ငြိမ်ကိုမနေတတ်ကြတဲ့အရွယ်တွေဆိုတော့၊ တော်ကြာ သံလျင်သွားကြဦးမယ်ဖြစ်ပြန်ရော။ ကျောက်တန်းရေလည် ဘုရား ကိုတော့ သံလျင်ကနေကျောက်တန်းကိုသွားတဲ့လိုင်းကားကိုစီး၊ ဘုရားဖူးပြီးအပြန် “ထမလုံ” မှာဆင်းလို့၊ သီဟိုခြံမှာထမင်း စားပြီး၊ ညနေစောင်းမှ သီတာသင်္ဘောကြီးစီးပြီး ပြန်ခဲ့ကြတော့၊ ခရီးစဥ်တစ်ခု အောင်မြင်စွာပြီးဆုံလေသတည်းပေါ့။

    ခုများတော့လဲ တစ်မြို့ထဲနေကြပြီး၊ လုံးဝကိုအဆက်အသွယ်ပြတ်သွားကြတာများလေ၊ ကိုယ်လိုဘဲ အမှတ်ထင်ထင် သတိရ နေ တဲ့သူရှိသလို၊ “ဟုတ်လား၊ အဲ့ဒီတုန်းက ဒီလိုမျိုးလား”ဆိုပြီး မေ့နေကြသူတွေလဲရှိကြမှာ။ နှစ်တွေလဲကြာခဲ့ပြီလေ။ ကျမတို့ အသင်းက တက္ကသိုလ်ဌာနပေါင်းစုံက ဆရာကြီး၊ ဆရာမကြီးတွေကိုလဲ တက္ကသိုလ်ဓမ္မာရုံကြီးမှာ အာစရိယပူဇော်ပွဲတွေလဲ ကျင်းပနိုင်ခဲ့ကြပါသေးတယ်။

    ခုချိန်ခါမှာပြန်တွေးကြည့်တော့လဲ အိပ်မက်လိုပါဘဲလား။

    ဆုံလိုက်ကြ၊ ခွဲခွါသွားလိုက်ကြနဲ့ပါဘဲ။

    ပျော်ခဲ့ကြဘူးတာလေးတွေကိုဘဲသတိရရင်းနဲ့၊ ဘဝရဲ့လက်ကျန်အချိန်လေးတွေကို ကုသိုလ်စိတ်လေးတွေထားပြီးနေထိုင်ကြရတော့မှာ ။

    လူငယ်လူရွယ်လေးတွေ ဥာဏ်ရည်လဲထက်မြက်တုန်း၊ ခွန်အားလဲပြည့်တုန်းအခိုက်မှာ မိမိရဲ့ဘဝကို လိုအပ်တဲ့နေရာမှာ အစွမ်းကုန်ကြိုးစားကြရမှာ။ အချိန်လွန်မှကြိုးစားဖို့ဆိုတာကတော့ ရတော့ရနိုင်ကောင်းပါရဲ့။ သို့ပေမဲ့လဲ စိတ်ထင်တိုင်းမပေါက်ရောက်နိုင်ပါဘူး။ ပျော်လဲပျော်ကြ၊ ကြိုးစားလဲကြိုးစားနိုင်ကြပါစေ။

    အခွင့်အရေးဆိုတာ၂ခါမလာပါဘူး။

    အေးချမ်းသာယာကြပါစေ။

  • ရုန်းကြဦးစို့

    တစ်နေ့တစ်နေ့ အချိန်တွေကုန်တာမြန်လွန်းလို့။ ထိုင်နေရင်တော့လဲ ကြာသလိုထင်ရပေမဲ့၊ အလုပ်တွေလုပ်နေရင်တော့ အချိန် ကိုမလောက်နိုင်ပါဘူး။

    မျက်စေ့နှစ်လုံးစပွင့်ကထဲက အလုပ်တွေကတန်းစီပြီးစောင့်နေကြတာ။ တမင်ထိုင်လိုက်မှ အလုပ်ကအားသွားရတာမို့။ ဒါပေမဲ့လဲလေ၊ အမေပြောသလို “ကိုယ့်အိမ်အလုပ်ကိုမှ ကိုယ်မလုပ်ရင် ဘယ်သူလုပ်မှာလဲ” ဆိုတာ၊ ခုမှမှန်မှန်းသိပါတော့တယ်။ “အမေရယ်မလုပ်ပါနဲ့” လို့ကျမတို့ကပြောနေကြစကားကိုအမြဲတုံ့ပြန်တတ်တာမို့၊ ခုတော့ အမေ့စကားတွေက ကိုယ်ပြောတဲ့ အလှည့်ဖြစ်နေပြီ။ အမေကတော့ ဒီနေ့ဆို ဝဍ်ကျွတ်သွားတာ ( ၉ )လပြည့်သွားပါပြီ။ ရွှေခြံကျောင်းကသံဃာ တွေအတွက် ကြက် သားဟင်း၊ ကကတစ်ကြော်နှပ်နဲ့ပဲလိပ်ပြာလေးလဲနှပ်ပြီး၊ ဆွမ်းဟင်းပို့လိုက်ပါတယ်။ “ဝဍ်” ဆိုတာချက်ချင်း ကိုလည်တတ်တာ။ နောင်ဘဝမကူးဘူးဆိုတာ အသေအချာပါဘဲ။

    ကိုယ်တွေရဲ့အသက်အရွယ်အရ အလုပ်တွေချည်းတော့ ဇောကပ်နေလို့ မဖြစ်သေးပါဘူး။”သေမင်း”က အလုပ်အားမှခေါ် မှာမှမဟုတ်တာဘဲ။ ခုလိုအချိန်ကာလမှာတော့ ဘုရားရှိခိုး၊ ပုတီးစိတ်၊ ဘုရားစာတွေရွတ်ဖတ်ရုံလောက်နဲ့ဘဲ တစ်နေ့တာကို ဖြတ်သန်းနေရတာ။ အိမ်မှာတရားထိုင်ဖို့ဆိုတာကလဲ အလွန်ဆုံး နာရီဝက်အပြင်၊ပိုမလုပ်နိုင်တာကိုတော့ ရိုးသားစွာဝန်ခံပါတယ်။ အိမ်မှာနေရတော့ “အိမ်စိတ်” မို့၊ အလုပ်ကိုနားပြီး၊ တရားလေးထိုင်မယ်လို့ ကြံကာရှိသေး၊ “အော် – င့ါနှယ်ဟိုဟာ လေးလုပ်စရာ ရှိပါသေးလား၊ မိုးကရွာပြီ၊အဝတ်တွေက ရုတ်ရဦးမှာပါလား” နဲ့ တရားလေးချပြီး၊ အလုပ်ထလုပ်ရပြန်ပါရော။

    “မရှိတောင့်တ၊ ရှိကြောင့်ကြ” ဆိုတဲ့စကားများ တယ်မှန်တာပါလား။ အဲ့ဒီ “ကြောင့်ကြစိတ်” ဟာ “အပါယ်”အထိကို ရောက်အောင် ဆွဲချမှာ။ သိရက်နဲ့ မိုက်နေကြတာ ဆိုးလိုက်တာနော်။

    တကယ်တော့ အားလုံးဟာ သေရင်ထားခဲ့ရမှာချည်းပါဘဲ။ တွယ်ငြိနေတဲ့ သံယောဇဥ်ဆိုတဲ့ အနှောင်အဖွဲ့လေးကို လွတ်အောင် ရုန်းရမှာ။ “မသိလို့လား” လို့မေးရင်တော့ “သိပါတယ်” ရုန်းထွက်နိုင်ဖို့ အတော်ကို ကြိုးစားရမှာ။မရုန်းနိုင်သေးတော့လဲ ခံပေါ့လေ။

    ဟိုး၊ အရင် အမေရှိတုန်းကမှ သင်္ကြန်တွင်း(၁၀)ရက်တရားစခန်းလေးကို ဝင်ဖြစ်ပါသေးတယ်။ ခုကာလကတော့ တရားစခန်း တွေကလဲမဖွင့်နိုင်၊ ဥပုသ် သီလဆောက်တည်ဖို့တောင်မှ ခဲယဥ်းနေပြန်တော့ ကိုယ့်ဖို့တကယ်ပါမည့် “ကုသိုလ်အထုပ်” ကို မဆွဲနိုင်ဖြစ်နေတော့တာပါလား

    ဒီလောက် တရားတွေကျနေမှတော့ ၊ အားလုံးကိုထားခဲ့ပြီး၊ သီလရှင်ဝတ်ပါလားလို့ ပြောကြလေမလားပါဘဲ။ ကျမကနှုတ် ခမ်းနီမဆိုးရရင်၊ မျက်ခုံးမွှေးမဆွဲရရင် မနေနိုင်တာမို့ သီလရှင်တော့ မဝတ်နိုင်သေးတာအမှန်ပါဘဲ။ ပုထုစဥ်မို့ လှချင်သေးတာကိုး။

    ကျမတို့အသက်အရွယ်တွေ အနေနဲ့ အိမ်မှုတာဝန်နဲ့ ကိုယ့်ရဲ့ဘဝကူးလေးကောင်းဖို့အတွက်ကြိုးစားရုန်းကန်နေရရင် – – – – –

    လူငယ်လူရွယ်လေးတွေအဖို့ -ဘဝတလျှောက်လုံးလူတန်းစေ့နေထိုင်နိုင်ဖို့ကိုတောင် အတော်ကြိုးစားကြရရှာမှာ။ ဒီထက်ပိုပြီးမျှော်လင့်ကြပြီး၊ ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေဖို့ ဆိုရင်တော့ ပိုပြီးရုန်းကြရဦးမှာ။

    ကျမတို့လို အိုနေကြပြီဖြစ်တဲ့အရွယ်တွေအနေနဲ့လောကုတ္တရာအတွက်ကြိုးစားပြင်ဆင်ရသလို၊လူငယ်လေးတွေအဖို့တော့ ရှေ့ဆက်ရမည့်ဘဝခရီးအတွက်ကိုတော့ အပြောကျယ်လှတဲ့ ပင်လယ်ကြီးကိုကူးရသလို၊ ရုန်းကြရဦးမှာဧကန်ပါဘဲ။

    ခုလို ခေတ်မှီတိုးတက်နေတဲ့အခါကြီးမှာ ပိုလို့တောင်ဆိုးသေးတာမို့၊ ကလေးတွေအတွက်စဥ်းစားရင်း၊စိတ်ပူမိတာမို့၊ ကျမလဲမနေနိုင်မထိုင်နိုင် ကိုယ့်ဒုက္ခ ကိုယ်ရှာနေမိတာပါလားနော်။ ပုထုစဥ်မို့ အပူရှာတော့ အကုသိုလ်ဖြစ်ပြီး၊ဒီအတွေးနဲ့သာ သေလို့ကတော့ ဒယ်အိုးထဲဇောက်ထိုးကျတော့မယ်။ အသိခေါက်ခက်လှတဲ့ အဖွားကြီးတွေရဲ့ဒုက္ခ မသေးလှပါလား။

    ဝဍ် ကိုလဲကြောက်လှပါရဲ့။အပါယ်သွားရမှာလဲကြောက်လှပါရဲ့။

    ကြောင့်ကြစရာတွေကိုလဲ လွှတ်ချရင်း၊တွယ်တာမှုကိုဖယ်ခွါလို့၊

    သံသရာဝဍ်က လွတ်အောင်ရုန်းကြဦးပါမှဘဲ

  • သောက

    စိုးရိမ်ပူပန်မှုတွေကင်းဝေးတဲ့သူတွေဟာ အတော်ငြိမ်းချမ်းမှာဘဲ။ အတွေးတစ်စများရလို့ကတော့ အိပ်ယာကတောင် ငုတ်တုတ်ထ ထိုင်မိတဲ့အဖြစ်မျိုးကြုံဘူးကြလေမလားမသိပါဘူး။ ( ဒီတစ်လ အသုံးစရိတ်အဆင်ပြေသွားပြီဆိုရင်၊ နောက်လအတွက် ကြိုပြီး တွေးပူမိလို့၊ အိပ်ယာကနေ ငုတ်တုတ် ထပြီးထိုင်မိတဲ့အဖြစ်မျိုး။)

    ခုလည်းဘဲ တဖြည်းဖြည်း လူတွေ ကြပ်တည်းလာကြတာမြင်ရတော့၊ လောလောဆယ် ကိုယ်က အထိုက်အလျောက်နေနိုင်ကြပေမဲ့၊ ကိုယ်လဲတစ်နေ့ မကြပ်တည်းဘူးလို့​ ဘယ်ပြောနိုင်ပါ့မလဲ။ တချို့များဆို ညနေစောင်းချိန်အထိ ချက်စရာဆန်မရှိလို့ ရှာနေကြ ရတာ တွေမြင်တွေ့နေရတော့ အတော်ကိုစိတ်မကောင်းဖြစ်ရတာ။

    တွေးနိုင်တယ်ဆိုတာကလဲ စိတ်ကအားနေသလိုမို့သာပါ။တောင်တွေး၊မြောက်တွေးစိတ်မအေးနိုင်အောင်ပါဘဲ။တကယ်တော့ သတိလက်လွတ်သာလွှတ်ထားလိုက်ကြည့်ရင် တစ်ထိုင်ထဲနဲ့ မြန်မာပြည်အနှံ့တင်မက၊ ကမ္ဘာတောင်ပတ်လိုက်သေးတယ်။ “အမှတ်သတိ” ကိုချွန်းမအုပ်နိုင်တာများ၊ ဟောပြောတဲ့ဆရာတော်ကြီးတွေကို အားနာမိပါရဲ့။

    “စားရေး”ကနေပြီးတော့ “နေရေး” ကိုရောက်သွားပြန်တော့လဲ၊ ” ငါတို့ကလဲအိုလာပြီ၊ အိမ်ကြီးကလဲယိုင်လာပြီ” ဆိုပြီး၊ တွေးလိုက် မိလို့ကတော့ ရင်ထဲကိုပူလာတာပါလား။ အတော်ဆိုးတဲ့အတွေးပါလားနော်။ တကယ်တော့တွေးပြီးပူနေလို့ ဘာများဖြစ် လာ မှာမို့ပါလိမ့်။ ” အကုသိုလ်စိတ် ” ဘဲဖြစ်တော့မှာပေါ့။မသိလို့လဲမဟုတ်ပြန်ပါဘူး။ တရားကသပ်သပ်၊ ကိုယ်ကသပ် သပ်ဖြစ် နေမိတာပါ။ (နေစရာမရှိတဲ့သူတွေကိုငဲ့စောင်းလို့ကြည့်မိပြန်တော့လဲ၊ ကိုယ့်ဘဝကမှ နေသာပါသေးတယ်။)

    စားဝတ်နေရေးဆိုပေမဲ့ ၊ ဝတ်ရေးကိုတော့မပူဘူးပါဘူး။ အခုဆို အပြင်လဲမထွက်တော့၊ အိမ်နေအဝတ် စုတ်စုတ်လေး နဲ့နေလို့ထိုင် လို့ အားကြီးကောင်းတာ။ အစားမက်တဲ့သူတွေမို့ မစားရမှာများတော့ သိပ်ကိုကြောက်မိတာပါ။

    ထမင်းကလဲ သုံးနပ်စားသေး၊ သရေစာကလဲမလွတ်၊ နောက်တော့ သူများ အမြင်ကတ်မှာစိုးလို့ “အသက်ကြီးလာတော့ ၊ဟိုစပ်စပ် ဒီစပ်စပ် ချိုချိုချဥ်ချဥ်လေး၊ဂျိုးဂျိုးဂျွတ်ဂျွတ်လေးကလဲ ဝါးချင်သေးတာ” လို့ အရှက်ပြေပြောရပါသေးတယ်။ အသက်ကြီးလာတာ ကိုယိုးမယ်ဖွဲ့ရတာအတော်ဆိုးတာပါဘဲ။ တကယ်တော့ အမေ့ကိုပြောမိတာ “ဝဍ်လည်”တာပါ။ ” ဝဍ် “ဆိုတာ ဘဝမကူးပါ လားနော်။ (အမေကလေ ထမင်းစားပြီးရင်လဲ၊ သူစားဖို့ မုန့်တွေဝယ်ပေးထားရက်နဲ့၊ ဆိုင်ထဲက မုန့်ကိုလှမ်းတတ်သေးတာ။ ဖွင့်စားပြီးမကြိုက်ရင် ပြန်ချထားခဲ့တတ်တာ။)

    ကော်ဖီလေးကလဲမလွတ်။ တော်သေးတာက ညီမတွေက စေတနာမပျက်ကြလို့သာ။ ဝက်ပေါကဆိုရင် ထမင်းကလွဲလို့ မုန့်ပဲ သရေစာမစားတတ်ဘူး။ ဒါပေမဲ့ သူအလုပ်ကပြန်လာရင်တော့ အစ်မအတွက် ထွေလီကာလီလေးတွေ ဝယ်လာပေးရှာတာ။ သိပ်ကိုကျေးဇူးတင်ရပါတယ်။

    တော်သေးတာကတော့ ကိုယ့်အနေနဲ့ အိမ်မှုကိစ္စ ဝေယျာဝစ္စတွေလုပ်နိုင်သေးတာပါ။ ဒါကိုလဲတွေးပူမိသေးတာ။ ငါမလုပ်နိုင်တဲ့ အခါကျရင် ဆိုတာမျိုး။ ညီမတွေကပြောပါတယ်။ “မလုပ်နိုင်ရင်မလုပ်နဲ့ပေါ့” တဲ့။ တကယ်တော့ မဖြစ်သေးတာကို ပူပန်နေ တာကိုက ပစ္စုပ္ပန်တည့်တည့်မရှုနိုင်သေးတာပါ။ တရားနဲ့အတော်ဝေးနေမှန်းလဲ ကိုယ့်ကိုကိုယ်သိပါတယ်။ အတော်ကို ဆင်ခြင် ရဦးတော့မှာပါ။

    ဒါကြောင့်မို့ – –

    စိုးရိမ်ပူပန်ခြင်းဆိုတဲ့ “သောက”မှကင်းဝေးကြပါစေ။

    သတိလေးနဲ့လဲ ဆင်ခြင်နိုင်ကြပါစေ။

    “ဝဍ်ဒုက္ခ” တွေမှလဲ လွတ်ကင်းကြပါစေ။

  • သူခိုးကြီးည

    ဒီနှစ်တန်ဆောင်တိုင်ကတော့ မကြုံဘူးလောက်အောင်ကိုထူးကဲလွန်းလို့ပါ။ အံ့ဘွယ်အတိပါဘဲ။တခါဘူးလေးမှမကြုံခဲ့ဘူးတဲ့ ကျမတို့ ရပ်ကွက်ရဲ့ ပျော်ရွှင်မှုမျိုးကို အသက်၇၀ပြည့်ခါနီးမှ ပထမဆုံးကြုံဘူးတာပါ။

    ကျမတို့ငယ်ငယ်လေးကထဲက ကြားဘူးတာလေး၊ လူကြီးမိဘတွေဆောင်ရွက်လို့သိခဲ့ရတဲ့ “ပံ့သကူပစ်ခြင်းဓလေ့လေး ” ဟာ အင်မတန်ချစ်စရာကောင်းခဲ့တာပါ။

    ခုတော့ သူများရပ်ကွက်တွေမှာတော့ ဘယ်လိုဆောင်ရွက်ကြတယ်မသိပါဘူး။ကျမတို့ရပ်ကွက်မှာတော့ “ကျားစားဖါးစား”နဲ့ ဟီးလေးတိုက်ပြီးအော်ကြ၊ ဟစ်ကြ၊ ပြေးလွှားကြနဲ့ အတော်ကြောက်စရာကောင်းလှလို့။

    ဟိုးအရင်က” ပံ့သကူ” ပစ်မယ်ဆိုရင်၊ အဝတ်အစားလေးထဲမှာ ငွေစလေးထည့်လို့၊ လမ်းဆုံလမ်းခွမှာ ဘယ်သူမှမမြင်အောင် သွားပြီး ချထားခဲ့တတ်ကြတာပါ။ ကိုယ် သွားပစ်ခဲ့တာကိုလဲ ဘယ်သူ့ကိုမှ မသိစေခဲ့ပါဘူး။

    ဘယ်သူဘဲရရ၊ ထိုက်သူရစေဆိုတဲ့ စေတနာလေးနဲ့ပစ်ခဲ့ကြတာပါ။ ပစ်တဲ့သူကိုလဲ သိစရာမလိုသလို၊ ရတဲ့သူကိုလဲ မသိရပါဘူး။ နိဗ္ဗန္န ပစ္စယော ပါဘဲ။ သိပ်ချစ်စရာကောင်းတဲ့အလေ့အထလေးပါ။

    မနက်အစော အလုပ်သွားကြရတဲ့ လက်လုပ်လက်စား လေးတွေအဖို့ ပံ့သကူပစ်ထားတဲ့ အထုပ်ကလေးရခဲ့ရင် တနည်းတဖုံ တော့သူ့အတွက်အထောက်အပံ့လေးဖြစ်မှာပါ။ ပစ်တဲ့သူရဲ့စေတနာလေးလဲအကျိုးရှိ၊ကောက်ရတဲ့သူလဲအကျိုးရှိတဲ့ ကြည်နူး စရာလုပ်ရပ်လေးပါ။

    ယနေ့ခေတ် လူတွေကဘဲ ပြေးကြလွှားကြရတာ ကိုနှစ်သက်နေကြလေသလားလို့တောင်တွေးမိပါတယ်။ စိတ်စေရာကြောင့် ဖြစ်နေတဲ့ခေတ်ကြီးပေလားလို့ပါ။

    လှူချင်တဲ့သူကလဲ ဂုဏ်ဖေါ်ချင်နေကြတာလား။ တချို့ဆို ဒီနေ့ ငွေဘယ်လောက် “ပံ့သကူပစ်” မယ်ဆိုတာ ကြေငြာတတ် ကြသေးတာ။ ဒီတော့လဲ ပစ်မည့် ပိုက်ဆံကိုကောက်ဖို့ ဒီလူအိမ်ကအထွက်ကိုစောင့်ပြီးလိုက်ကြတော့တာပါဘဲ။ ပစ်လိုက် တဲ့ပိုက်ဆံလေးကိုရဖို့အတွက်၊ ကောက်မည့်လူတွေခမြာလဲ ကျီးကန်းအစာကောက်ဖို့စောင့်သလို ဂဏာမငြိမ် ပြေးကြ လွှားကြနဲ့ပေါ့။

    ဒီလိုလုပ်ရပ်က အလှူမှာပိုက်ဆံကြဲတဲ့ပုံစံပါ။”ပံ့သကူပစ်” တာမဟုတ်တော့ပါဘူး။ ချစ်စရာကောင်းတဲ့ဓလေ့လေးကို ဖျက်ပစ် လိုက်ကြတာပါဘဲ။

    ဝုန်းဒိုင်းကြဲ လိုက်ပြီးကောက်တဲ့သူတွေကိုတော့အပြစ်မပြောလိုပါဘူး။

    ရှားပါးလှတဲ့ခေတ်အခါမို့ ငါးရာရရ၊တစ်ထောင်ရရ ပိုက်ဆံလိုချင်ကြရှာတာကိုး။

    တချို့လူများဆို မော်တော်ကားပေါ်ကနေတောင် ပိုက်ဆံကြဲတတ်ကြတာမို့၊ လိုက်ပြီးကောက်ကြတာလဲ ပွဲတော်ကြီးတမျှပါဘဲ။ မလုပ်သင့်တာပါ။

    မော်တော်ကားပေါ်ကပစ်ချတာမို့ အပြေးအလွှားလိုက်ကောက်ကြတဲ့ လူတွေအတွက်လဲ အန္တရာယ်များလွန်းလှပါတယ်။ ဘာဘဲဖြစ်ဖြစ် လိုချင်လို့လိုက်ကောက်တဲ့သူတွေရဲ့အပြစ်မဟုတ်ပေမဲ့၊ ပစ်ချသူမှာဘဲအပြစ်ရှိတယ်လို့ ခံစားမိတာပါ။

    ဒီလိုပါဘဲ “ကျီးမနိုးပွဲ” ကစားကြတဲ့အလေ့အထလေးဟာလဲ၊ပျော်စရာဓလေ့တစ်ခုပါ။ ကျမတို့ငယ်ငယ်ကဆို တန်ဆောင်မုန်းလပြည့်ကျော်၁ရက်နေ့ညနေရောက်ရင် အမေက ကိုယ့်ပစ္စည်းတွေ အပြင်မှာဘာမှမကျန်စေနဲ့နော်။ အိမ်ထဲထည့်သိမ်းလို့ပြောထားတာ။ အိမ်ပြင်မှာထားခဲ့လို့ကတော့ ကိုယ့်ပစ္စည်းလမ်းမပေါ်ရောက်ပြီမှတ်။ ဒါပေမဲ့ ဘာပစ္စည်းကိုမှ ဖျက်လိုဖျက်ဆီးမလုပ်ခဲ့ကြပါဘူး။ အပျော်သဘော စကြနောက်ကြယုံလေးပါဘဲ။ ကျမတို့ငယ်စဥ်ကတော့ လမ်းနှစ်လမ်းရဲ့နောက်ဖေးလမ်းထိပ်မှာ ကွမ်းယာဆိုင်လေးတွေရှိပါတယ်။ အခိုင်အမာဆောက်ထားတာမဟုတ်ပါဘူး။ တွန်းလို့ရွှေ့လိုရတာမို့ “ကျီးမနိုးပွဲ”ကစားကြတဲ့သူများဟာ၊ ကွမ်းယာဆိုင်လေးကို မော်တော်ကားလမ်းအလယ်ကို ရွှေ့ထားတတ်ကြတာ။ မနက်လင်းမှ ဆူဆူညံညံနဲ့ ဝိုင်းဝန်းပြီးပျော်ပျော်ပါးပါး ပြန်ရွှေ့ကြရတာပါ။ ဘာမှကိုဖျက်လို ဖျက်ဆီးလုပ်ထားခြင်းမရှိတဲ့အတွက်လဲ ခိုက်ရန်ဖြစ်ပွါးခြင်း အလျဥ်းမရှိပါဘူး။ အိမ်ရှေ့မှာထားတဲ့ပန်းအိုးတွေဆိုရင်လဲ ဟိုဖက်အိမ်က ပန်းအိုး ကိုဒီဖက်ရွှေ့၊ ဒီဖက်အိမ်ကပန်းအိုးကို ဟိုဖက်ရွှေ့ဆိုတာမျိုးလောက်ပါဘဲ။ ခုခေတ်မှာတော့ “ရောင်တော်ပြန်နဲ့ရောလွှတ်” ဆိုသလိုပါဘဲ ပန်းအိုးတွေ အစအန မကျန်အောင်ပျောက်သွားတတ်ကြပါတယ်။

    အဲ့ဒါကတော့ “အပျော်”မဟုတ်တော့ဘဲ၊ “အဖျက်” ဖြစ်သွားတော့တာမို့ “ချစ်စရာဓလေ့”မဟုတ်ဘဲ၊ “ရှက်စရာဓလေ့” ဖြစ်သွားတော့တာပါဘဲ။

    ဒီနှစ်တော့ ထူးထူးဆန်းဆန်း ဘယ်အရပ်ကဓလေ့မှန်းမသိတဲ့ လုပ်ရပ်ကိုတွေ့မိတော့၊ သိပ်ကိုအံ့သြမိပါတယ်။ သူတို့နဲ့သိတဲ့ အိမ်တချို့မှာ အတင်းအကြပ် ပိုက်ဆံတောင်းကြတာပါ။ ဆူဆူညံညံမို့လန့်များတောင်လန့်မိပါရဲ့။

    ကျမတို့ငယ်စဥ်တုန်းကတော့၊ ဦးလေးလူပျိုတွေရှိတာမို့ သူငယ်ချင်းလူငယ်ကာလသားတွေစုပြီး ကြက်သားကာလသားဟင်း ချက်စားကြတာမျိုးမြင်ဘူးပါတယ်။ ဘယ်သူ့ဆီကမှ အတင်းအကြပ် ပိုက်ဆံတောင်းကြတာမတွေ့ဘူးပါဘူး။ (မိမိအိမ်က ဆန်ယူလာသူနဲ့ ဆီယူလာသူနဲ့)

    နောင် လူရွယ်လူကြီး ဖြစ်လာမည့်ကလေးတွေ အတုယူမှားမှာ၊ အမှတ်မှားကြမှာစိုးရိမ်မိလို့ပါ။

    သူခိုးကြီးညလို့ ပြောစမှတ်ပြုကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ညမှာ မိုက်ကြေးခွဲသလို ပိုက်ဆံတောင်းပြီး သောက်စားမူးယစ်ကြတဲ့ ဓလေ့ဆိုးကို အဟုတ်မှတ်နေကြမှာစိုးရိမ်မိပါတယ်။

    ယဥ်ကျေးသိမ်မွေ့တဲ့ ” ပံ့သကူပစ်ခြင်း “ဆိုတဲ့ပျော်စရာဓလေ့လေးကို ဖျက်ဆီးပစ်ခြင်းမှ ကင်းဝေးကြပါစေ။

    ပျော်ရွှင်စရာ” သူခိုးကြီးည ” လေးကိုအရုပ်ဆိုး၊ အကျည်းတန်စေခြင်းမှကင်းဝေးကြပါစေ။

    ချစ်စရာဓလေ့လေး မပျက်ဆီးကြပါစေနဲ့ လို့ – – –