မနေ့က နေအတော်ပူတာဘဲ။ နေပူလိုက် မိုးစပ်စပ်လေးရွာလိုက်ဆိုရင်တော့ မင်းသားလေးတွေထွက်လာ တာတွေ့ရ တတ် တယ်။ အိမ်ရဲ့ဘေးတံခါးပေါက်ကြီးဖွင့်ထားတော့ အိမ်ကကြောင်တွေလဲအိုက်ရှာတာမို့ အပေါက်ဝမှာထိုင်နေရင်း၊ ဇတ်ခနဲ ဆိုကြောင်ကငုတ်တုတ် ထထိုင်လိုက်တာ။ ကြောင်တွေတနေရာရာကို အသေအချာစိုက်ကြည့်နေပြီဆိုရင် သတိထား ရတော့ တယ်။ တစ်ခုခုတွေ့လို့ဆိုတာ သိသာတာမို့ ကြည့်လိုက်တော့၊ ဘုရားဘုရား – – နဲတဲ့အကောင်ကြီးမဟုတ်ပါလား။
( တော်ရုံ အကောင်သေးသေးလေးဆိုရင်တော့ ကြောင်တွေက အလွတ်မပေးဘဲ ခုတ်တတ်ပါတယ်။ ဒါဆိုရင်လဲ အိမ်ထဲကို ချီလာမှာစိုးလို့ လိုက်ကြည့်ပြီး၊မောင်းထုတ်နေရတာ။) သရက်ကိုင်းကျိုးအောက်ကထွက်သွားတာ။ တံခါးမကြီးကို ကမန်းက မ်းပိတ်ပြီး ကြောင်တွေကိုလဲ အိမ်ထဲမောင်းသွင်းရတော့တာပေါ့။ ကြောင်လေးတွေကိုလဲကျေးဇူးတင်နေရပါသေးတယ်။
ကျမတို့တော့ အဲ့ဒီလိုသာတွေ့ပြီးရင် အိမ်ထဲမှာနေရင်းတောင် နေစရာမရှိဘူး။ခြေမချရဲဘူး။ သိပ်ကြောက်တာပါဘဲ။ (သတ္တိကောင်းတာပြောပါတယ်။) အမေသာရှိရင် ဓါးတစ်ချောင်းကိုင်ပြီး၊ ခြံရှင်းတော့မှာအသေအချာပါ။ ကျမတို့ကတော့ ခြံထဲကို လုံးဝ မဆင်းဝံ့တော့တာ။ အမေနဲ့ ရန်လဲဖြစ်ကြရဦးမှာ။ ကိုယ်တွေကတော့ အမေ့ကို နဲနဲလေးမှ အပင်ပမ်းမခံစေချင်တာ၊ အန္တရာယ်ဖြစ်မှာကိုစိုးရိမ်တာမို့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ တားဆီးခဲ့မိတာပါနော်။ ခုတော့လဲ သတိရ လွမ်းဆွတ်နေကြယုံ မှတပါး။
လေတွေတိုက်တဲ့နေ့က ကွမ်းသီးပင်ကြီး အလယ်ကကွဲထွက်ပြီး၊ အိမ်ဘေးအဖီလေးပေါ်ကိုကျိုးကျနေတာမို့ ရှင်းဖို့လူခေါ် ထားပါတယ်။ ခြံလဲရှင်းခိုင်းဖို့ပါ။ ဒါပေမဲ့ မိုးကမပြတ်တော့ အပင်ပေါ်တက်ခိုင်းဖို့မဖြစ်ပြန်ဘူး။ နေသာတဲ့နေ့မှဘဲ – – – –
အလုပ်လုပ်ဖို့ လူခေါ်ရင် ချက်ချင်းလုပ်ပေးချင်ကြရှာတာပါ။ (အလုပ်တွေလဲမရှိရှာကြဘူးလေ။) ဒါပေမဲ့လို့ ကိုယ့်အိမ်အလုပ် လုပ်ရင်း အန္တရာယ်မဖြစ်စေချင်လို့ ခဏတားထားရပါတယ်။ ခုလိုကာလမှာ နေရာတကာချွေတာနေရပေမဲ့လဲ မလုပ်ရင် မဖြစ်တာလေးတွေအတွက်တော့ အကုန်အကျခံရတာပေါ့လေ။ဘာတတ်နိုင်မှာလဲ။ မျှစားကြရတာပေါ့ ။ ကိုယ်ကတော့ စားသောက်နေကြပြီး၊ ကိုယ့်ပတ်ဝန်းကျင်က မစားကြရရင်လဲ မျိုမကျပါဘူး။ အားလုံးကို ဝေမျှပေးဖို့ကလဲ မတတ်နိုင်။
လူသားအားလုံး သတ္တဝါအားလုံး အေးအေးချမ်းချမ်းနဲ့ စားရေး နေရေး အဆင်ပြေကြပါစေ။
ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
အော် ၊ အဖေတို့ မောင်လေးတို့နဲ့ အမေ့ကိုသတိရရင်း – – – – –
* သေသူကိုရှင်သူက “တ”နေရတာပါလား* လို့ – – – ။ ။
Leave a comment