Blog

  • ရှင်သန်ခြင်း(၂)

    ရှင်သန်ခြင်း(၂)

    ဒေါ်မိအောင် Daw Mi Aung

    မညီညာတဲ့ဘဝတွေမှာ ရှင်သန်နိုင်ဖို့ကို အမျိုးမျိုးအဖုံဖုံ ရုန်းကန်လှုပ်ရှားနေကြရတာပါ။ ကျမကတော့ ဒီလိုရုန်းကန်ရတာကို စိတ်ပျက်စရာလို့ တခါဘူးမှမတွေးခဲ့ဘူးပါဘူး။ အသက်ရှင်နေသရွေ့၊အသိရှိနေသေးသရွေ့၊​ကိုယ်ခန္ဓာသန်စွမ်းနေသေးသရွေ့ ကြိုးစားပြီးလုပ်ကိုင်စားသောက်လို့ရပါတယ်။ ဒါပေမဲ့ မော်တော်ကားကြီးတဝီဝီနဲ့သူဌေးကြီးတော့ ချက်ချင်းမဖြစ်နိုင်ဘူးပေါ့။ (ကံအကြောင်းတရားလဲရှိသေးတာမို့။)

    ဒဂုံအိမ်ကို စက်တင်ဘာလ၊၁၉၉၃ခုနှစ် မှာပြောင်းလာပြီး၊ဖေဖေါ်ဝါရီလ၊၁၉၉၄ခုနှစ်ရောက်တော့ စာမေးပွဲကြီးတွေပြီးပြီမို့ ကျမစာမသင်ရတော့ပါဘူး။ ညီမဝက်ပေါရဲ့လခတစ်ခုထဲမို့ နဲနဲ ကသီ တာပေါ့။ အိမ်မှာနေရင်း ဘာလုပ်ရရင်ကောင်းမလဲလို့ စားရင်း၊နေရင်း၊အိပ်ရင်းနဲ့ကိုတွေးတာလေ၊ ကျမတို့ငယ်ငယ်၊ အဖေဆုံးပြီးကာစက အမေတစ်ယောက် ဆေးပေါ့လိပ်ကြီးနဲ့ ညဖက်မအိပ်နိုင်ဘဲထိုင်တွေးနေတတ်တာကို ကိုယ်ချင်းစာမိပါတယ်။ “မကျေး”ဆေးပေါ့လိပ်ကိုသောက်တာများ ၂၅လိပ်ပါတဲ့ အစီးကို ၂ရက်နဲ့ကုန်တာ။

    အမေကသတင်းစာမဖတ်ရရင်မဖြစ်လို့၊ ဝက်ပေါကရုံးမှာသတင်းစာမှာထားပြီး ညနေမှဖတ်ရပါတယ်။ သတင်းစာမှာကြော်ငြာ လေးတစ်ခုဖတ်မိတော့ ပျော်လိုက်တာများ။ ဖြတ်ပိုင်းလေးကိုဖြတ်ပြီး၊ မနက်ဖက်ဝက်ပေါရုံးဖယ်ရီနဲ့လိုက်သွား၊ နုနုကိုခေါ်လို့ သတင်းစာကြော်ငြာကအိမ်ကိုလိုက် ရှာရတာ။ ဗောဓိရိပ်သာလမ်းက ဒေါ်ထားထားအေးရဲ့အိမ်ပါ။ (နုနုရော၊ အန်တီဒေါ်ထား ထားအေးကိုရော တကယ်ကျေးဇူးတင်မိတာပါ။) အန်တီကကျမကို အင်တာဗျူးတာပေါ့။ စာအုပ်တစ်အုပ်ချပေးပြီး၊ “ဒါလေးလို ချင်ရင် ဘယ်ကစရမလဲ” တဲ့လေ။ တစ်ချောင်းထိုးပုံစံ (Crochet Pattern) လေးတစ်ခုပါ။ ကျမကိုသဘောကျပြီး၊ “ဒါဆိုချည် ဘယ်လောက်သုံးမလဲ” လို့မေးပြီး ဇာထိုးဖို့ချည်တွေထည့်ပေးလိုက်ပါတယ်။ အလုပ်တစ်ခုရပြီဆိုပြီး၊အတော်ပျော်ခဲ့ဘူးပါတယ်။ ဘယ်နေ့ပြီးအောင်လုပ်ပေးပါလို့တော့မှာလိုက်တာပေါ့။ ချက်ချင်းတွေ့၊ချက်ချင်းယုံကြည်ပြီး အလုပ်အပ်လိုက် တဲ့ကျေးဇူး ကိုမမေ့နိုင်အောင်ပါဘဲ။

    ခက်တာက အိမ်မှာမီးမရသေးတော့ ညဖက်ကို ဖယောင်းတိုင်မီးနဲ့ အလုပ်လုပ်ရတာပါ။ ဧည့်ခန်းစားပွဲတင်တစ်ခု၊ ဆိုဖါဆက်တီကျောမှီတစ်စုံစာနဲ့လက်တင်အတွက်တစ်စုံစာကို တစ်ပါတ်အချိန်ပေးပြီး အလုပ်အပ်လိုက်ပါတယ်။ ပထမဆုံး ယုံကြည်မှုနဲ့ခိုင်းလိုက်တာမို့ နေ့မအားညမနားလုပ်ရတော့တာပါဘဲ။ အမေကဆို “မျက်စေ့တွေ ပျက်ပါမယ်အေ” ဆိုပြီး အတင်းအိပ်ခိုင်းတတ်တာ။ စျေးကိုလဲ ကိုယ့်ကြိုက်စျေးပေးလို့ ကြိုးစားရတာပေါ့။ (Crochetထိုးတဲ့ပညာလေးကတော့ ဝက်ပေါတို့ အထက ၅ ကဆရာမဒေါ်စန်းလွင်က၊သူတို့ကိုသင်ပေးလို့၊ ညီမလေးဆီကတဆင့်တတ်မြောက်ခဲ့တာမို့၊ ဆရာမရဲ့ကျေးဇူး၊ ညီမကတဆင့်ပြန်ရခဲ့တဲ့ ပညာကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။) (ကျောင်းမှာတုန်းကတော့ အိမ်တွင်းမှုသင်ပေးခဲ့တဲ့ ဆရာမကြီးမစ္စစ်မြင့်သိန်းက နှစ်ချောင်ထိုး-Knitting သင်ပေးခဲ့တာပါ။) တန်ဖိုးမဖြတ်နိုင်တဲ့ပညာပါဘဲ။ ဘုရားရှိခိုးတိုင်းလဲ “ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဘူးသူတိုင်းကို၊ကျမပြုတဲ့ကုသိုလ်အားလုံးနဲ့ကျေးဇူးဆပ်ပါတယ်”၊ လို့ ဘုရားရှေ့မှာနေ့စဥ်ဝန်ချကန်တော့လျက်ပါ။

    နောက်တော့ တောထဲမှာဒီအတိုင်းမနေနဲ့လေ၊ အလုပ်ထွက်လုပ်ရမယ်ဆိုပြီး၊ မနှစ်ကမှကွယ်လွန်သွားပြီဖြစ်တဲ့သူငယ်ချင်း တင်တင်မာက သူ့အလုပ်မှာ အလုပ်သွင်းပေးခဲ့တာပါ။ မင်္ဂလာစျေးမှာပါ။ တခါ အစ်မစျေးထဲမှာမဖြစ်ပါဘူးဆိုပြီး၊ ညီမမသိုက်က သူ့ယောကျာ်းကုမ္ပဏီမှာလုပ်ခိုင်းပြန်ပါရော။ မိသားစုလိုနေခဲ့ရတာမို့ပျော်ပါတယ်။ ဦးမျိုးထွန်းနဲ့မသိုက်၊ ဦးဝင်းထင် (ကိုငယ်) နဲ့မေပြုံးမြင့်၊ ညီမလေးခင်မျိုးမြင့် (မျိုးမျိုး) တို့ဟာလဲ ကျမနဲ့မိသားစုအားလုံးအတွက် ကျေးဇူးပြုခဲ့သူများပါ။

    အော်၊ သေချာတွေးကြည့်ရင် ကျမဘဝဟာအတော်ကိုမတည်ငြိမ်တာပါ။ အချို့လူတွေကတော့ အလုပ်တစ်ခုကို ဇောက်ချပြီး မလုပ်ဘူးလို့ဝေဖန်တတ်ကြသေးတာ။ အလုပ်တစ်ခုနဲ့တစ်ခုအပြောင်းမှာ ဘာတစ်ခုမှ အပြစ်အနာအဆာမရှိ၊ ဘယ်အချိန် ပြန်တွေ့တွေ့ အမုန်းမဖက်အပြုံးနဲ့ဘဲ ပြန်ဆုံနိုင်ကြသူတွေချည်းပါဘဲ။ ဘေးကအမြင်ကတော့ သူ့အမြင်နဲ့သူ့အထင်အတိုင်းမို့ မသိသလို မကြားသလိုနေတတ်ဖို့တော့အရေးကြီးပါတယ်။ လူ့သဘာဝတွေပါ။

    ဖြစ်၊တည်၊ပျက် ဆိုတဲ့သဘောလေးကိုတွေးတတ်မယ်၊နားလည်တတ်ကြမယ်ဆိုရင်တော့၊- – – – – – –

  • ရှင်သန်ခြင်း(၃)

    ရှင်သန်ခြင်း(၃)

    ဒေါ်မိအောင် Daw Mi Aung

    ဖြစ်၊တည်၊ပျက် လို့ဆိုတဲ့သဘောသဘာဝလေးကိုတွေးမိတာတော့ “တည်”ဆိုတာက ခဏလေးမှတကယ်ခဏလေးပါလား။ ကျမ PIC.မှာအလုပ်ဝင်ပြီးလို့မကြာမတင်လေးမှာဘဲ စိန်ဂျွန်းစျေး(တ-၁၀)ဆိုင်ကိုရောင်းလိုက်ရပါတယ်။ ဝက်ပေါလေးကတော့ နောက်တစ်နှစ်လောက်မှ မြေအသုံးချရေးဓါတ်ခွဲခန်း၊စိုက်ပျိုးရေး မှာအလုပ်ဝင်လုပ်ခဲ့ရတာပါ။ (ကျမကို PIC မှာအလုပ် သွင်းပေးခဲ့တဲ့ ဦးလေး ဦးသိန်းဖေနဲ့ ညီမလေးကို စိုက်ပျိုးရေးမှာအလုပ်သွင်းပေးခဲ့တဲ့ ဦးလေးဦးညွန့်စိန်တို့ရဲ့ကျေးဇူး ကိုအမြဲ သတိရကန်တော့လျက်ပါ။) ကျမတို့ညီအစ်မကတော့ အမေဖြစ်စေချင်တဲ့ ကုန်သည်လုပ်ငန်းရှင်မဖြစ်တော့ဘူးပေါ့လေ။ မောင်လေးဝင်းမောင်က ၉တန်း၊ ညီမလေး မိမာက ၇တန်း၊အငယ်ဆုံးလေးဖိုးချိုက၄တန်းပါ။ ကျမတို့ညီအစ်မရဲ့လစာ နဲ့အိမ် တာဝန်ကိုထမ်းကြရတာပါ။ အမေကတော့ သားသ္မီးတွေအတွက်ချက်လိုက်ပြုတ်လိုက်ပေါ့။

    ဝက်ပေါလေးက ငယ်ကထဲကအတွက်အချက်တော်တော့ အိမ်ရဲ့ဝင်ငွေထွက်ငွေကို၊ချင့်ချိန်သုံးစွဲတတ်ရှာတယ်။ နောက်ပိုင်း ဝက်ပေါလေးကသူဘဲစျေးဝယ်ပြီး၊ရုံးမသွားခင်ချက်ပေးခဲ့တာ။ အဲ့ဒီခေတ်က ရုံးတွေမှာ ဝန်ထမ်းတွေကို ဆန်၊ ဆပ်ပြာ၊ ဖယောင်းတိုင်စတဲ့ပစ္စည်းတွေ ရောင်းပေးတာမို့၊ ရလာတဲ့ပစ္စည်းလေးတွေကို သေသေသပ်သပ်လေးသိမ်းဆည်းထားရတာ။ နောက်ပြီး သတင်းစာကို၁၀အုပ်တစ်ထပ် စီပြီးသိမ်းရတာ။ (အမေက သတင်းစာကို အစကနေအဆုံးဖတ်တတ်တော့ အိမ်မှာသတင်းစာယူရပါတယ်။) ဝန်ထမ်းဘဝ ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံး ဆိုသလိုဘဲ၊ လကုန်ခါနီး ပိုက်ဆံပြတ်ခါနီးရင် သိမ်းထားတဲ့ဆပ်ပြာ၊ဖယောင်းတိုင်စတာလေးတွေကိုစျေးမှာသွားရောင်းရပါတယ်။ (သတင်းစာကတော့ ၄၂အုပ်ပြည့် မှတစ်ပိသာဆိုတော့ တစ်လတစ်ခါမရောင်းဘဲစုထားရတာပေါ့။) တော်သေးတာက ဝန်ထမ်းဘဝ တစ်ဆိုင်ကပစ္စည်း အကြွေးယူပြီး အခြားတစ်ဆိုင်မှာရရာစျေးနဲ့ရောင်းလို့ မိသားစုအရေးကိုမဖြည့်တင်းခဲ့ဘူးတာဘဲ ကံကောင်းလှပါတယ်။ ဝန်ထမ်းတွေ နစ်သထက်နစ်တယ်ဆိုတာ ဒီအဖြစ်မျိုးတွေကြောင့်လို့ထင်ပါရဲ့။ နေတတ်စားတတ်ရင် ကြွေးကင်းပြီး၊ မရှိမှန်းလဲလူမသိရဘူးပေါ့လေ။ သဘာဝကလဲ မရှိတဲ့လူကိုနှိမ့်ချဆက်ဆံတတ်ကြတာမို့ပါ။ ဟန်လုပ်ရမည်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။

    အမေလေ ကျမတို့အလုပ်သွားနေတုန်း၊ ငါးသလောက်တစ်ကောင်လုံး ဝယ်ပြီး ကြော်လိုက်တာ၊ အဲ့ဒီညဖျားတော့တာပါဘဲ။ နောက်ပြီး သူ့ရဲ့ပေါင်မှာ အနာရှိတော့ ငန်းမန်းတွေတက်ပြီး၊ဂယောင်ဂတမ်းနဲ့။ ကျမတို့ဘာလုပ်ရမှန်းမသိနဲ့၊ ကျမတို့လမ်းထဲက ဒေါက်တာမောင်မောင်လှကြိုင်ကို ပြေးခေါ်ရတာပေါ့။ သူကအနာကိုကြည့်၊ဆေးထိုးပေးတော့မှ နဲနဲနေသာထိုင်သာရှိသွားတာ။ မနက်စောစောတော့ ကျမသူငယ်ချင်းဒေါက်တာမစိန်ရည်ရောက်လာပြီး၊ရန်ကုန်ဆေးရုံကြီးကိုလိုက်တင်ပေးတာပါ။

    (ကျမတို့မိသားစုရဲ့ ကျန်းမာရေးဆိုရင်အချိန်မဆိုင်း ​အပြေးရောက်လာပြီး ကူညီပေးတတ်တဲ့သူငယ်ချင်းမစိန်ရည်နဲ့ သူ့ခင်ပွန်း ဦးလှမင်းတို့ရဲ့ကျေးဇူးကိုမမေ့တာတော့ တစ်သက်စာပါဘဲ။)

    အမေ့ရဲ့အဒေါ်အငယ်ဆုံး ဖွားလေးမတင်ညွန့်ကတော့ ဆေးရုံလိုက်စောင့်ပေးမယ်လို့ပြောခဲ့ရှာတာ၊ အမေ့အောက်မောင် ဦးလေး ဦးတင်ရွှေကပိုက်ဆံလေး၂၀ကျပ် အတင်းထည့်ပေးတာလဲအမြဲအမှတ်ရစရာတွေပါဘဲ။

    ရန်ကုန်ဆေးရုံကြီးမှာတော့ ဆရာဝန်ကြီးဒေါက်တာဦးသိန်းညွန့်က အမေ့ရဲ့အနာကလဲဆန်းသမို့ အထူးဂရုစိုက်ခြင်းကို ခံခဲ့ရပါတယ်။ အမြဲကန်တော့ပါတယ်။ တော်ကြာ သင်တန်းဆင်းဆရာဝန်လေးတွေရောက်လာ၊ အမေ့အနာကိုလှန်ကြည့်နဲ့ သူက မော်ဒယ်ကိုဖြစ်လို့။ အဲ့ဒီပေါင်မှာအနာကြီးဖြစ်တုန်းကသာ သေသွားခဲ့ရင် ကျမအမေအသက်၉၆နှစ်အထိနေပြီး၊ တရားဘာဝနာအလုပ်နဲ့ လွဲခဲ့ရမှာ။ ထူးထူးဆန်းဆန်း ကျမတို့လုံးဝမသိလိုက်ရတာကတော့၊ ကျမညီမဝမ်းကွဲလေး ရွှေပေါမကိုသူငယ်ချင်းမြင့်ခင်က အမေ့ကိုဆေးရုံမှာလာကြည့်ရင်းတွေ့ပြီး ပိုးခဲ့တာလို့ပြောတာပါဘဲ။???

    ကျေးဇူးရှင်တွေထဲမှာတော့ ကျမရဲ့ဆရာ (PIC, MD) အန်ကယ်ဦးတင်မောင်အေးနဲ့ဇနီးဒေါ်တင်မမ အပါအဝင် သူငယ်ချင်းတွေ ကိုပါမမေ့ပါဘူး။ ဆေးရုံကြီးအပေါ်ထပ်မှာ လည်ပင်းခွဲနေရတဲ့ ဦးစိုးမြင့် (PIC)ကိုလည်း အမေ့ကိုလာကြည့်ပြီး အားပေးခဲ့ လို့ကျေးဇူးတင်ပါတယ်။

    အမေလေ အနာပေါက်တာကုလို့ ပျောက်သွားပြီးကထဲက သမုဒယတွေကိုလွှတ်ချခဲ့ပြီး၊ တရားစခန်းတွေဘဲသွားနေတော့တာ။ သံသရာမလည်ချင်တော့လို့ တရားဘဲရှာချင်ရှာတော့တာ။ ဟုတ်မှာပါ ဘဝမှာအဆိုးနဲ့အကောင်းဒွန်တွဲနေကြတာဆိုပေမဲ့ အမေ့အတွက်တော့ဘဝဟာကြမ်းတမ်းလွန်းလှပါတယ်။ သူ့ခမြာ ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ပြီး၊လောကဓံကို ကြန့်ကြန့်ခံရင်းရုန်းကန်ခဲ့ရရှာတာ။ (ကျမကအမေ့ကို “အမေတို့များကွာအသက်၃၈နှစ်လောက်မှာ ယောကျာ်းလဲရ၊ ကလေးတွေလဲရ၊ မုဆိုးမလဲဖြစ်ဘူး ဆိုတော့အားကျလိုက်တာ”လို့ပြောရင်မျက်စောင်း ထိုးတတ်ပါတယ်။)

    တော်သေးတာက အမေ့ခမြာ အိုကံကောင်းရှာပေလို့သာပါဘဲ။

    ကလေးတွေကအတန်းကြီးလာကြတော့ မောင်လေးဝင်းမောင်က ကျောင်းမတက်တော့ဘဲ၊အစ်မတွေနဲ့အတူ အလုပ် လုပ်ကျွေးရှာပါတယ်။ ကျမလေ စကားဝါပင်လမ်းအိမ်မှာ မောင်နှမတွေ ဘာလေးနဲ့စားရ၊ စားရပျော်နေကြတာ လေးကို အမြဲမြင်ယောင်နေမိတာ။ ညမိုးချုပ်လို့ တီဗွီအစီအစဥ်ပြီးခါနီးရင် ဝင်းမောင်က တဖက်ခန်းမှာတီဗွီကြည့်နေတဲ့ကျမတို့ကို ထမင်းကြော်စားမလားလို့လှမ်းမေးပြီး၊ ညနေကထမင်းကျန်တာနဲရင် ထပ်ချက်ပြီးကြော်ကျွေးတတ်တာ။ ကြက်သွန်လေးလှီး၊ ဆီသပ်ပြီးကြော်လို့။ စားပွဲဝိုင်းကြီးခင်းပြီးစားကြတာ။ အဖေအကျင့်လုပ်ခဲ့တဲ့ ညလည်စာလေးပေါ့။ ကျမတို့ရဲ့ခြေရင်းခန်းမှာ အမေ့ရဲ့မောင်အလတ်၊ ကျမတို့ရဲ့ဦးလေးဗိုလ်ကြီးထွန်းရွှေမိသားစုနေကြပါတယ်။ အိမ်မှာတီဗွီမရှိလို့ ဦးတို့အခန်းမှာကြည့်ကြရတာ။ ကျမတို့သွားမကြည့်ရင်လဲ ဦးက တရရခေါ်နေရှာတတ်တာ။

    လွမ်းမိသား။ ဦးကတော့ ကျမတို့တူမတွေရဲ့အချစ်တော်ပါ။ ပျော်လိုက်ရွှင်လိုက်ငိုကာ၊ရယ်ကာ ဘယ်ဟာမတည်မြဲ ဆိုတဲ့ ဘဝသံသရာကြီးပါလား။

    ရုန်းရင်းကန်ရင်းလှုပ်ရှားကြရင်းနဲ့ဘဲ – – – -။ ။

  • တသသအလွမ်း

    တသသအလွမ်း

    ဒေါ်မိအောင် Daw Mi Aung

    အပူအပင်ကင်းပြီး၊သောကဆိုတာဂျိုနဲ့လားလို့ဆိုပြီးပျော်ခဲ့ကြရတာတော့ ကလေးဘဝ၊ကျောင်းနေစဥ်ဘဝတွေပါဘဲ။ မိဘအစုံအလင်နဲ့ဆိုရင်တော့လဲ အတိုင်းထက်အလွန်ပေါ့လေ။မိစုံဘစုံနဲ့နေရတဲ့ကာလမှာ ငွေကြေးမပြည့်စုံလဲ နေလို့ပျော်ကြမှာအမှန်ပါ။

    အဖေမရှိတော့လို့ အမေကဘယ်လိုဘဲပြည့်စုံအောင်ထားပေးပေမဲ့၊အလိုလိုနေရင်း စိတ်ကသိမ်ငယ်နေတာပါဘဲ။ ဒါပေမဲ့ လူငယ်သဘာဝမို့တခါတလေဝမ်းနည်းတာကိုအသာချထားလို့ ပျော်ခဲ့ဘူးကြမှာပါ။ ၁၀တန်းအောင်တော့ အဖေ့ကိုလွမ်းတာကတစ်ပိုင်း၊ပျော်တာကတစ်ပိုင်းပါဘဲ။ ကျမက၁၀တန်းကို၂ခါဖြေပြီးမှအောင်တာပါ။ ၁၀တန်းကျတဲ့နှစ်က သ္မီးကျောင်းမတက်တော့ဘူး၊အလုပ်ထွက်လုပ်တော့မယ်ဆိုတော့ အမေကစိတ်ဆိုးလိုက်တာ။ “အဖေမရှိလို့ ပညာမပြည့်စုံတာမလိုချင်ဘူး၊ဘွဲ့ရအောင်သင်ရမယ်”လို့တစ်ချက်လွတ်အမိန့်ပေးခဲ့တာ။ ဥာဏ်ကြီးပုံများ ၁၀တန်းအောင်ရင် အလုပ်ထွက်လုပ်မယ်လို့ ထပ်မပြောရအောင်တခါထဲ ပိတ်ပြီးပြောထားလိုက်တာပါ။

    ကျမ တတိယနှစ်အရောက်မှာ ညီမအလတ်ဝက်ပေါက ၁၀ တန်းအောင်ပါတယ်။အဲ့ဒီနှစ်က ပထမနှစ်တွေ သမိုင်းကသဘာဝသိပ္ပံတက္ကသိုလ်မှာတက်ရပါတယ်။လက်တွေ့ခန်း(Practical)မဝင်ရတဲ့နေ့တွေကတော့ ဝက်ပေါတစ်ယောက်ကို Main ထဲမှာဘဲတွေ့ မှာ။ ပျော်ခဲ့ကြတာမမေ့နိုင်အောင်ပါဘဲ။ ပြန်တွေးရင်အပျော်မျက်နှာနဲ့ပြုံးမိနေတတ်တာ။ ကျမတို့ညီအစ်မက ဝက်ပေါကထောက်ပံ့ကြေး (Stipend) ရပြီး၊ကျမကကျောင်းလခကင်းလွတ်ခွင့် (Free Tuition) ပါ။ တကယ်တော့အဲ့ဒီအချိန်အခါကကျောင်းထားနိုင်လောက်တဲ့ ကြွယ်ဝမှု အမေ့မှာရှိပါတယ်။ မပြည့်စုံတာကတော့ အဖေမဲ့ခဲ့ခြင်း ပါဘဲ။ ထောက်ပံ့ကြေးပေးဖို့အတွက်လာပြီးစစ်တဲ့သမာသမတ်ရှိသောဆရာကြီး၊ဆရာမကြီးတွေကိုကျေးဇူးတင်စွာနဲ့အမြဲကန်တော့လျက်ပါ။

    ကျမတို့တစ်နှစ်ထဲအောင်ခဲ့တာက ကျမနဲ့အေးအေးချိုက မေဂျာအတူ၊ ကြည်ကြည်ခင်ကစီးပွါးရေးတက္ကသိုလ် မအေးသန်းကရူပဗေဒ၊ကျောင်းသွားအတူ၊ကျောင်းပြန်အတူ ကြည့်မြင်တိုင်သူတွေ။နတ်စင်လမ်းက ကားမှတ်တိုင်မှာ၄ ယောက်ပေါင်းပေါ့။ ဝက်ပေါနဲ့တင်တင်လှကအတူအောင်လာပြန်ရော။နောက်ပြီး ဝက်ပေါတို့နဲ့တစ်ကျောင်းထဲထွက်လာတဲ့ ဝင်းနိုင်(သစ်တော)နဲ့သူငယ်ချင်းတွေကမင်းအောင်မင်း၊သန့်ဇင်၊ထွေးမြင့်၊အင်သန်း၊မြင့်စိုး၊ညွန့်ဝေ။ ဒီအုပ်စုကြီးက သွားအတူ၊လာအတူ၊စားအတူဆိုတော့လဲ ဘယ်သူကပ်ဝံ့ပါမလဲ။~ကျမနဲ့မေဂျာအတူ အတန်းဖေါ်တွေကတော့ အေးအေးချို၊ညိုညိမြတ်(Susan Aung)အေးအေးဝင်းနဲ့ခင်ဆွေလဲ့တို့ပါ။ စတိုင်ပင်ထုတ်ရတဲ့နေ့တွေဆိုရင်တော့ အုပ်စုလိုက်ကြီး ဘွဲ့နှင်းသဘင်ခန်းမမှာထုတ်ကြရပါတယ်။

    ဝက်ပေါ၊တင်တင်လှ၊ဝင်းနိုင်၊မြင့်စိုး၊အင်သန်း၊ညွန့်ဝေတို့ကစတိုင်ပင်ရကြတာဆိုတော့ အဲ့ဒီရက်တွေမှာ သူကျွေးမယ်ငါကျွေးမယ်နဲ့ အင်းယားကန်ဘေးက ဗူးသီးကြော်ဆိုင်ကို ကန်ထရိုက်ဆွဲထားကြတာ။ဆိုကြ ကကြ စားကြသောက်ကြနဲ့ပါ။ (ဝက်ပေါရဲ့သူငယ်ချင်းလဲကျမသူငယ်ချင်း၊ ကျမရဲ့သူငယ်ချင်းလဲဝက်ပေါသူငယ်ချင်းပါဘဲ။) တနေရာရာသွားဖို့များ ကျမတို့အတန်းတက်နေရင် အတန်းရှေ့မှာ ရစ်သီရစ်သီလာလုပ်နေတော့တာပါဘဲ။တခါများ ဆရာမကြီးဒေါ်ခင်စိန်(ကျားခင်စိန်) စာသင်နေတုန်း ဝင်းနိုင်ကိုအတန်းရှေ့မှာ ဘာလာလုပ်နေတာလဲထွက်မေးခံရတာ။ အဲ့ဒီတုန်းကကြောက်ပေမဲ့ နောက်ကျတော့ ပြောပြောပြီးရယ်ရတာ မျက်ရည်ကိုထွက်ရော။

    ကျောင်းသားဘဝ ပိုက်ဆံမရှိကြတော့ဘူးဆိုရင်တော့ရေသောက်၊လမ်းလျှောက်ပေါ့။ ဝက်ပေါနဲ့တင်တင်လှဆိုရင်ပိုက်ဆံရှိလဲ မန္တလေးဆောင်နဲ့ကျမတို့သိပ္ပံဆောင်ကို တစ်နေ့ဘယ်နှစ်ခေါက်မှန်းမသိအောင် ကူးချည်သန်းချည်လုပ်နေကြတာ။ တနေ့တော့ သမတမှာ ရုပ်ရှင်သွားကြည့်ကြဖို့ကားငှါးစီးတာ အုပ်စုလိုက်ကြီး ညီညီညွတ်ညွတ်တက်ထိုင်လိုက်ကြတာ ကားထဲအကုန်ဆံ့သွားတာပါဘဲ။ရုပ်ရှင်ကြည့်ပြီး ဒန်ပေါက်ကလဲစားချင်ကြသေးအအေးကလဲသောက်ချင်သေး၊ ငွေတစ်ရာကျပ်ထဲနဲ့ အကုန်လုပ်လို့ရတဲ့ခေတ်။

    ကျမတို့ထဲမှာတောသားမင်းအောင်မင်းက ဒန်ပေါက်မှကြိုက်တာ။ မင်းအောင်မင်း၊သန့်ဇင်၊ထွေးမြင့်နဲ့အင်သန်းတို့က နယ်ကနေကျောင်းလာတက်ကြတာမို့၊အိမ်ကပိုက်ဆံပို့တဲ့အချိန်မှာ ပိုက်ဆံသုံးနိုင်ပြီး၊ကျန်တဲ့အချိန်မှာတော့ ဆောရီးပါဘဲ။

    ကျမတို့တွေက တနေ့လုံးကျောင်းမှာတွေ့ပြီးကြရင်လဲ၊ အိမ်ပြန်ရောက်လို့ထမင်းစားပြီးတာနဲ့ ဝေဠုဝန်မှာနေတဲ့မအေးသန်းနဲ့တင်တင်လှက မီးရထားလမ်းကိုကူးလာပြီး၊ ဌာနာလမ်းကကြညိကြည်ခင်ကိုခေါ်လို့ စကားဝါပင်လမ်းကကျမတို့အိမ်ကိုရောက်လာကြပြန်ရော။ လူကြီးတွေအမြင်မှာတော့ အရည်မရ၊ အဖတ်မရဘာတွေပြောနေကြမှန်းမသိဘူးလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ သူတို့ကိုကျမတို့ညီအစ်မကပြန်လိုက်ပို့ရင်း၊ တခါတလေများဓါတ်မီးတိုင်အောက်မှာ ရပ်ပြီးပြောကြသေးတာ။ ပိုက်ဆံလက်ထဲကိုင်လာမိရင်တော့လဲ ဌာနာလမ်းထိပ်က မနီရဲ့အအေးဆိုင်မှာ သံပုရာရည်လေးမှာသောက်ပြီး လေကန်ကြသေးတာပေါ့။ မိုးကြီးချုပ်လဲ သွားရလာရတာအန္တရာယ်ကင်းတာပါဘဲ။ ငြိမ်းချမ်းလှပါတယ်။

    ဝင်းနိုင်ကတော့ ဒုတိယနှစ်မှာဘဲ အိမ်ထောင်ကျတာပါ။သူကစတိုင်ခပ်မိုက်မိုက်မို့ မိန်းကလေးတွေက သိပ်ကိုသဘောကျကြပါတယ်။မင်းသားပေါ့လေ။ မင်းအောင်မင်းကတော့ အပိုးသန်တာပေါ့။ ထွေးမြင့်ကတော့ညက်ညက်ကလေး။ ညွန့်ဝေကစွံတယ်။ မြင့်စိုးကလူရိုးကြီးပုံ။ အင်သန်းကတော့ကျမနဲ့မအေးသန်းတို့ကိုဘော်ဒီဂတ်လုပ်နေရလို့ သူ့ခမြာမိန်းမပိုးချိန်မရ။(ကျမတို့အလစ်မှာတော့မသိဘူးပေါ့) သန့်ဇင်ကတော့ ခပ်စောစောကထဲက နံပါတ်ချိတ်ထားတော့လှုပ်မရ။

    အမေက သူငယ်ချင်းတွေဘယ်နှစ်ယောက်လာလာ မငြိုမငြင်ကျွေးတတ်တာ။တခါတလေများ အောင်မင်းတို့အုပ်စု ဝက်ဆီဖတ်ထုပ်လေးနဲ့ ကျမတို့ကျောင်းသွားနေတုန်းအိမ်ကိုရောက်လာရင် ကြက်သွန်နဲ့သုပ်ပြီးထမင်းကျွေးတတ်တာ။ ရေနွေးကြမ်းတစ်အိုးနဲ့ အိမ်ရှေ့ခန်းမှာဖျာခင်းလို့အိပ်လိုက်စားလိုက်နဲ့၊ညနေစောင်းမှ ပြန်ကြတာ။ အိမ်မှာချိတ်ထားတဲ့ငှက်ပျောသီးဖီးကြမ်းလေးတောင် ညစားဖို့သယ်သွားတတ်သေး။ “အဆောင်မှာနေတာ အစားဆင်းရဲတယ်သ္မီးတို့ရဲ့”လို့ အမေကပြောတတ်တာ။ (ဝက်ဆီဖတ် သတင်းစာစက္ကူလေးနဲ့ထုပ်လို့တမတ်ဖိုးဝယ်လို့ရတယ်။)

    အသက်တွေကြီးလာကြပေမဲ့ ပြန်ဆုံကြတဲ့အခါမှာတော့ ငယ်ဘဝတွေကိုပြန်ပြောင်းပြောကြရင်းနဲ့ ငယ်တုန်းကလို သူတစ်ပေါက်ငါတစ်ပေါက်အပြိုင်လုပြောရတာပေါ့။ ညွန့်ဝေ၊တင်တင်လှ၊ထွေးမြင့်နဲ့မြင့်စိုးတို့ကတော့ မပြန်လာတော့မည့်အဝေးကိုထွက်သွားကြပြီ။ လူ့လောကြီးမှာရှိနေရက်နဲ့လုံးဝအစပျောက်မတွေ့ရတော့တာက မအေးသန်း။ ကျန်တဲ့သူငယ်ချင်းတို့ရေ အန္တရာယ်ကင်းကင်း၊ကျန်းကျန်းမာမာနဲ့ ပြန်ဆုံနိုင်ခွင့်လေးကို မျှော်လင့်စောင့်စားလျက်ပါ။

    ညနေထမင်းစားရင်း အရေးကြီးတဲ့ပုဂ္ဂိုလ်မှကျန်နေခဲ့လို့ပါ။ ယောကျာ်းလေးသူငယ်ချင်းတွေအားလုံးက အ ထ က(၅)ကြည့်မြင်တိုင်ကလူတော်လေးတွေပါ။ “မြင့်ခင်”ဆိုတဲ့သူငယ်ချင်းRIT ကျောင်းသားလေးကိုမေ့ထားခဲ့ရင်စိတ်ကောက်တော့မှာ။ သူကကျမတို့ရဲ့ မတ်သူငယ်ချင်းလေးပါ။ ဘယ်အချိန်ကညီမဝမ်းကွဲ ရွှေပေါ (ခင်စန်းနုရဲ့ညီမအရင်း)ကို ပိုးပမ်းပြီး၊အရယူသွားနိုင်သူပါဘဲ။ နေ့မကူးခင်သတိရမိပေလို့ဘဲ၊နို့မို့ဆို ရွှေပေါလေးကို ဟောက်ဟိန်းနေတော့မှာ။

  • ဇွဲ

    ဇွဲ

    ဒေါ်မိအောင် Daw Mi Aung

    “လူသာသေပါစေ၊နံမယ်မသေစေနဲ့” “ဂတိလဲတည်ပါစေ” လို့အမေအမြဲပြောတတ်တဲ့စကား၊ ဘာဖြစ်လို့များမကြာခဏ ပြောတတ်ပါလိမ့်။ အမေကလေ အလုပ်တစ်ခုကိုလုပ်ရင်းနဲ့၊ဘာထပ်လုပ်ရင်ပိုကောင်းမလဲလို့အမြဲတွေးတတ်သူပါ။ စျေးထဲမှာဆိုတော့လဲ၊အိမ်မှာနေတာထက်တော့ပိုပြီးအမြင်ကျယ်လာတာပေါ့လေ။အမေက သူများလုပ်တဲ့အလုပ်မျိုးကို နောက်ကလိုက်မလုပ်ချင်တဲ့လူမျိုး။ အပေးအကမ်းကလဲရက်ရောပါ့။ အမေကြီးကအမြဲပြောတတ်တယ်။ ရွာမှာအလှူအတန်းရှိလို့ကတော့ လက်ဝတ်လက်စားတွေအပြည့်ဝတ်သွားပြီး၊သူငယ်ချင်းတွေကိုပေးဝတ်တာ သူ့မှာဘာမှမကျန်အောင်ဘဲတဲ့။ အမေတို့အဖွါး ဒေါ်နှင်းမြိုင်ကအလှူရောက်လို့ သူ့မြေးဘာမှဝတ်မထားရင် အမေကြီးကိုမရိုက်ယုံတစ်မယ် ဆူတတ်တာလို့ပြောဘူးပါတယ်။ (ရှေးခေတ်က မိန်းမတွေက ယောက်ခမကို​ရိုသေရတာထင်ပါရဲ့။)

    R T B စျေးမှာတက်ထွန်တွေရောင်းတာမို့ အနယ်နယ်အရပ်ရပ်က စျေးရောင်းစျေးဝယ်တွေနဲ့ဆုံရတာ၊အမေ့အတွက် နောက်ထပ်ခြေလှမ်းသစ်စဖို့ပါဘဲ။ အကြွေးပေးလဲရက်စက်သူမို့၊ဦးလေးကိုလှစိန်က မကြာခဏစိတ်ဆိုးရတယ်။ (ဦးလေးကဝန်ထမ်းဘဝကနေ အမေ့အလုပ်ကိုကူပေးနေသူဆိုတော့၊ကြွေးဆုံးမှာအားကြီးကြောက်တတ်တာ။) နောက်တနေ့ ဆိုင်ကိုမလာတော့ရင်၊ “လှစိန်တော့ စိတ်ဆိုးသွားပြန်ပြီ၊သူ့မိန်းမ(မခင်ဆင့်)ကိုသွားခေါ်ချည်” ဆိုရင်တော့လဲပြီးသွားတတ်တာပါဘဲ။ အကြွေးပေးတာများ နေရပ်လိပ်စာမသိဘဲနဲ့ကိုပေးတတ်တာ။ နောက်ပြီး အမေကနေ့လည်ဖက် စကော့စျေးမှာ၁၀ပြား(ရေအိမ်)သွားရင်းနဲ့လဲ၊အဆင်ဆန်းအသားကောင်းတဲ့အထည်လေးများတွေ့ရင် အုပ်လိုက်ယူလာတတ်တာ။သားအမိ၊ယောင်းမကစလို့ ချုပ်ဝတ်ခိုင်းဖို့တဲ့။ ယ္ခင်ကစကော့စျေးလမ်းကြားထဲမှာ ဗန်းကလေးတွေထဲမှာပိတ်အုပ်လေးတွေကိုသရေပင်ကြိုးနဲ့စည်းပြီးရောင်းတဲ့ဆိုင်လေးတွေရှိပါတယ်။ မှောင်ခိုတန်းလို့​ခေါ်ကြတယ်။ အဲ့ဒီလိုခေါ်တာကိုသိပ်မုန်းတာ။

    မကြာခင်ဘဲ ဒေါ်ခင်မေတို့ခြေလှမ်းသစ်စပြီဆိုတော့၊အမေက ဝက်ပေါ၊မိမာ၊မခင်ဆင့်နဲ့မအုန်းမေတို့ကိုခေါ်ပြီး၊ မန္တလေးသွားကြပါတယ်။ မိမာတို့ကတော့ ဒူးရင်းသီးတွေစားပြီး၊ရထားပေါ်မှာပူလှချည်နဲ့ ဂျီထိုးလို့ ရထားတွဲကရေအိမ်မှာ နဲနဲငြိမ်အောင်ရေချိုးပေးရတယ်လို့ပြောပြီးရယ်ရသေးတယ်။ (အဲ့ဒီအခါက ရထားတွေကသန့်ပြန့်ပြီး၊အချိန်လဲမှန်ပါ့။ ရန်ကုန်ကမနက်၆နာရီထွက်ရင်မန္တလေးကိုညနေ၆နာရီတိတိရောက်တာ။ ကြိုပေးရတဲ့သူလဲ အဆင်ပြေတာပေါ့။) မောင်လေးနှစ်ယောက်နဲ့နေခဲ့ရတာတော့ကျမပါဘဲ။ဝက်ပေါကဥာဏ်လဲကောင်း၊ပါးရေနပ်ရေလဲရှိတော့ ၊သူ့ကိုအမေကအမြဲခေါ်သွားတတ်တာလေ။ ပိုးချည်တွေမန္တလေးမှာရောင်းဖို့ အမရပူရဖက်ကယက္ကန်းစင်တွေအထိသွားစပ်တာ။ မန္တလေးကအန်ကယ်ဦးမောင်မောင်ဝင်းတို့လျှပ်စစ်ဝင်းထဲကအိမ်မှာမှာတည်းကြရတယ်။အန်ကယ်ရဲ့သ္မီးShirley Win@အေးအေးဝင်းကSt.Philomena’s ကကျမရဲ့သူငယ်ချင်းပါ။

    နောက်ထပ်ရောက်လာတဲ့သူတွေကတော့ဒေါ်ခိုင်ကျော်ဦး၊ဒေါ်မေနုဖြူ၊ဒေါ်လှနုဖြူစတဲ့နံမည်လှလှလေးတွေနဲ့ရခိုင်ကကုန်သည်တွေပါဘဲ။သူတို့ကပိုးချည်တွေလာရောင်းကြတာပါ။ သူတို့ပြန်ရင်တက်ထွန်၊ပါတိတ်လုံချည်၊ အချိုမှုန့်စတာတွေဝယ်ပြီးပြန်ကြတာပါ။ ပိုးချည်ကအန္ဒိယဖက်ကဝင်တာပါ။ ထားဝယ်သူဒေါ်ဟန်ကြည်ကတော့ အမေနဲ့ညီအစ်မအရင်းတမျှပါဘဲ။ သူ့ယောကျာ်းက အောင်မြင့်သိန်းစက်လှေကစက်ဆရာ ဦးစိုးပါ။ မြိတ်ကနေ ပါတိတ်လုံချည်၊အချိုမှုန့်၊ငပိငံပြာရည်စတာတွေကို စက်လှေနဲ့တင်ပေးပြီးတာနဲ့ အန်တီမဟန်ကြည်ကရန်ကုန်ကိုလေယာဥ်နဲ့လာတာ။ စက်လှေမဆိုက်မချင်းတော့ ကျမတို့ညီအစ်မတွေနဲ့ရုပ်ရှင်ကြည့်၊ဘုရားသွားပေါ့။ ဦးလေးကိုလဲကြောက်ရတော့၊လှေဆိုက်တာနဲ့ ရောင်းစရာဝယ်စရာတွေကလွဲရင် ပွဲလမ်းအကြောင်းမဟရဲတော့တာ။ လှေပြန်ထွက်ရင်တော့ ပုဆိုးကြမ်း၊ဆေးရွက်ကြီးစတဲ့ကုန်တွေပြန်တင်သွားကြပြန်ပါရော။ အန်တီပေါ့ကျမတို့ကိုအမြဲပြောတတ်တာ၊ “မိန်းကလေးဆိုတာမိုးလင်းတာနဲ့ရေမိုးချိုးထား၊ခေါ်တဲ့လူရှိရင်ချက်ချင်းထလိုက်သွားရုံ” ဘဲတဲ့။ပြောပုံများ၊ကျမတို့က အန်တီစကားကြီးကလဲဆိုတော့မှ “နင်တို့အမေကို ‘မမရယ်’ကလေးတွေနဲ့ရုပ်ရှင်သွားကြည့်မယ်နော်၊ လို့ ပြောပြီး ခွင့်ပြုချက်ရမှ ရေမိုးချိုး၊ပြင်ဆင်နေလို့ ကြာသွားရင် စိတ်ပြောင်းပြီး မသွားနဲ့တော့ဆိုရင်ဘယ်လိုလုပ်မလဲ” တဲ့လေ။ သူပြောတာလဲဟုတ်တာဘဲ။

    မြစ်ကြီးနားကကုန်သည်တွေကတော့ ချည်ထုပ်(၂/၈၀၊ ၂/၆၄ စတဲ့ ချည်စစ် cotton)ကိုလာဝယ်ကြတာပါ။ သူတို့ကတော့ ကချင်လွယ်အိပ်၊ကချင်လုံချည်စတာတွေယက်ဖို့ပါဘဲ။ မန္တလေးကိုတော့ပိုးချည်တွေပို့ပေးရတာပေါ့။ ပိုးချိတ်၊ကြိုးကြီးချိတ်စတာတွေယက်ဖို့။ ခုထိ ကျမ အဖြေမထွက်သေးတာက ပိုးချည်ရော၊ချည်ထုပ်ရော “မှောင်ခို “တဲ့။ ဒါပေမဲ့ စကော့စျေးက ပိုးထည်ချည်ထည်ဆိုင်ကြီးတွေကတော့ ဟီးထနေတာကိုပါ။ အန်တီမဟန်ကြည်ဆိုလို့အဖေ့ကိုအမှတ်ရမိသွားပြန်ရော။ အန်တီကအဖေဆုံးတဲ့နေ့မနက်အစောလေယာဥ်နဲ့ပြန်မှာ၊ ကွင်းချိန်းက၅နာရီမို့အိပ်ယာကထပြီးပြင်ဆင်တော့ ကျမတို့နိုးမှာစိုးလို့ အတွင်းခန်းမီးကိုမဖွင့်ဘဲအိမ်ရှေ့အထွက်မှာ အမေက “သူခိုး”ဆိုပြီးလန့်အော်တာ။ အဲ့ဒီအချိန်ကထဲက အဖေလဲလန့်ပြီး သွေးတိုးသွားတာလေလား။ ကျမတို့မောင်နှမတွေက အိမ်ကိုလာတဲ့ကုန်သည်တွေနဲ့ဘဲအနေများခဲ့တာ။ သူတို့ဆုံးမတာတွေ၊ သူတို့ရဲအပြုအမူအနေထိုင်နဲ့သူတို့ရဲ့စရိုက်တွေကိုကြည့်ပြီး၊ ဆောင်သင့်ရှောင်သင့်တာတွေကိုဆောင်ခဲ့ရှောင်ခဲ့ပြီးကြီးပြင်းခဲ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူတွေပါ။ သူတို့အားလုံးနဲ့ဆွေမျိုးရင်းခြာပမာ နေခဲ့ရတော့ ဘယ်တော့မှမကွဲဘူးလို့ထင်ခဲ့မိတာ။ ဘယ်ဟုတ်လိမ့်မလဲ ဆန်ဆုံစား၊ ကံကုန်သွား ဆိုသလိုဘဲ၊ ဘယ်ဆီဘယ်ဝယ်တွေရောက်ပြီး၊ ရှိကြလေသေးလား၊ မရှိကြတော့ဘူးလားဆိုတာကိုတောင်မသိရတော့တာပါ။

    ပေါင်းတည် ကအမေဒေါ်ခင်မြင့်ကအမြဲပြောတတ်တယ်။ “ဆန်ဆုံစား၊ကံကုန်သွားတွေပါအေ၊သိပ်မတွယ်တာနဲ့” တဲ့။ မှန်လိုက်တာ။

    ကံကြမ္မာဆိုတာ တရားသေတွက်ထားလို့မရတာတော့တကယ်ကိုပါဘဲ။ အချိန်ရှိခိုက် ရှာကြဖွေကြပေမဲ့၊မမြင်ရတဲ့ အကြောင်းကံလေးတွေကပေါ်လာပြီဆိုရင် ဘာမှလုပ်ကိုင်ခွင့်မရနိုင်တော့တာပါဘဲ။ ဦးသန့်အရေးအခင်းဖြစ်လို့ ဆိုင်ပိတ်လိုက်ရပြီဆိုကထဲက ဝင်ငွေကနတ္ထိ။အကြွေးတွေက လာပေးကြချင်ပေမဲ့ လမ်းခရီးကအစဥ်မပြေ။ အရေးအခင်းပြီးတော့RTBစျေးကဖျက်ရ။ ယ္ခု ဂျပန်ဆေးရုံနေရာမှာဆိုင်ခန်းလေး(တ-၁၀)ပြန်ရပါရဲ့။ ရောင်းဝယ်နေကြစျေးဝယ်တွေကဆိုင်ရှာမတွေ့၊ငွေရင်းကနဲ။ လူတွေအတော်ဒုက္ခရောက်ခဲ့ကြရတာ။ ဒါပေမဲ့ ဒေါ်ခင်မေရဲ့မူအတိုင်း “ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်မယ်။ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော်မယ်” ဆိုပြီးပြန်လည်ရုန်းထခဲ့ကြပြန်ပါရော။ နံမည်ပျက်မရှိ၊ဂတိတည်ခဲ့လို့သာ ပြန်လည်ရပ်တည်နိုင်ခဲ့ကြတာပါ။

    အလံမလှဲစတမ်း ပေါ့လေ။

  • တာဝန်ကျေလွန်းသူ

    တာဝန်ကျေလွန်းသူ

    ဒေါ်မိအောင် Daw Mi Aung

    အမေနဲ့ကတော့ မျက်နှာချင်းဆိုင်လို့ စကားသုံးခွန်းပြောရင် နှစ်ခွန်းမြောက်မှာမတည့်တော့ဘူး။အဲ့ဒါက သိတတ်တဲ့အရွယ်ကစပြီး၊ ယ္ခုအမေကွယ်လွန်တဲ့အချိန်အထိပါဘဲ။ ကျမတို့ညီအစ်မတွေနဲ့အမေက စိတ်သဘောချင်းမတိုက်ဆိုင်လို့ဖြစ်ပါလိမ့်မယ်။ စကားပြောမတည့်ကြလို့အချေအတင်ဖြစ်ရင်တော့ အမေက “ထပ်မပြောနဲ့၊ မိဘက ဝါးလုံးကြီးမြင်ရဲ့သားနဲ့ ဝါးခြမ်းလို့ပြောရင် ခြမ်းပစ်လိုက်ရမယ်” ဆိုပြီး၊အနိုင်နဲ့ပိုင်းတတ်တာ။ ဟီးဟီး၊မိဘ ပါဝါ အပြည့်သုံးလိုက်တာလေ။

    ကျမတို့က အဖေကိုဘဲချစ်တဲ့ကလေးတွေလေ။ အဖေဆုံးတုန်းကများဆို” အဖေရေ၊သ္မီးတို့ဘယ်သူနဲ့နေရမလဲ “ဆိုပြီး၊ အော်ငိုလိုက်တာပါ။ တကယ်တွေးကြည့်တော့ အမေကသနားစရာကောင်းလှပါတယ်။ အဖေဆုံးတော့ သူ့ခမြာ သားသ္မီးတွေ မျက်နှာမငယ်ရအောင် အတော်ရုန်းကန်ခဲ့ရရှာတာပါ။ တွေးပြီးအမေ့ကိုအားနာမိတာ။

    နောက်ပြီးတော့ ကြည့်မြင်တိုင်ကန္နားစျေး အဝတ်အထည်တန်းမှာဆိုင်လေးတစ်ဆိုင်ဝယ်လိုက်ပြီး၊ စျေးမှာဘဲအထည်ရောင်းမည်လို့အကြံနဲ့ထင်ပါရဲ့။ ဘာလို့ဆိုင်ဝယ်လိုက်ရတာလဲအမေလို့မေးတော့၊ “သ္မီးတို့နားမလည်သေးပါဘူး၊ဆိုင်တစ်ဆိုင်ရှိထားရင် ထမင်းစားဖို့မပူရဘူး” တဲ့။ ဒါပေမဲ့ ကုန်သည်တွေက အိမ်ကိုဘဲ ပစ္စည်းလာပို့၊လာရောင်းနေကြတာဆိုတော့၊အမေကဆိုင်ကိုမသွားနိုင်ပါဘူး။

    ဝက်ပေါလေးကနေ့လည်မှကျောင်းတက်ရတာဆိုတော့၊မနက်စောစောဆိုင်ဖွင့်ရပါတယ်။ပြီးရင်စျေးထဲကိုလာဝယ်တဲ့သူတွေက ဘာပစ္စည်းလိုချင်တယ်ဆိုရင် စာရင်းယူထားပြီး၊အိမ်ကနေပို့ပေးရပါတယ်။ အဲ့ဒီအချိန် ကထဲက ဝက်ပေါလေးက လယ်လယ်ဝယ်ဝယ်ရောင်းတတ်၊ဝယ်တတ်၊တွက်ချက်တတ်နေပြီ။ကျမကတော့ မနက်ပိုင်းကျောင်းတက်ရတာမို့၊မနက် ၅နာရီ၊ ပြည်ရထားနဲ့ပါလာတဲ့ကုန်ပစ္စည်း တွေကိုစာရင်းမှတ်ထားပေး၊အထည်တွေလာယူမည့်သူအတွက် အထုပ်တွေနဲ့ပစ္စည်းစာရင်းလုပ်ပေးပြီးမှ ကျောင်းတက်ရပါတယ်။ညနေ ညီအစ်မနှစ်ယောက်ပိုက်ဆံသွားရှင်းကြရတာ။

    ( နေ့စဥ်အလုပ်တွေပါ။)

    ပြည်ရထားဆိုလို့၊ ဒီလိုအချိန်ဆို အိမ်မှာ သြဇာသီးဝယ်မစားရပါဘူး။ မှော်ဇာက သြဇာသီးဆိုရှယ်ဘဲ။ ခြင်းတွေနဲ့ကိုပို့ပေးတာ။ ကျမတို့အိမ်ရဲ့ထပ်ခိုးပေါ်မှာ ဖြန့်ထားရတယ်။ ကျမတို့ညီအစ်မတွေက ရင်ကြပ်တတ်တော့ အမေကသိပ်မကျွေးပါဘူး။ တနေ့တော့ဝက်ပေါတစ်ယောက် အိမ်ပေါ်ထပ်ကို တိတ်တိတ်လေးတက်ပြီး သြဇာသီးကို အကြိုက်ထိုင်စားပစ်လိုက်တာ၊ချောင်းတွေ တအားဆိုး ချွဲတွေထွက်လို့ ရင်ကြပ်သက်သာသွားတယ်ဆိုဘဲ။ သူ့ဆေးနဲ့သူ ဟန်ကျလိုက်ပုံများ။

    မောင်နှမတွေ အစားမက်တာများ ကျမတို့အမေကြီး(အမေ့ရဲ့အမေ)အမြဲပြောတတ်တာ “ဒီကလေးတွေက စားရလေ ငတ်လေ။ ဝါးရုံကုန်တို့၊ကျွေးမဝတို့ ” တဲ့လေ။ ဟုတ်လဲဟုတ်တာဘဲ။ဒူးရင်းသီးဝယ်ကျွေးရင်နှစ်လုံးလောက်ဘဲဆို နံ တောင်မဆွတ်ဘူး။ အမေက ဘယ်လိုလုပ်သလဲဆိုတော့၊– ကျမတို့အိမ်ရှေ့အိမ်က’ ရတနာမြိုင် ‘ဆိုတဲ့ဘတ်(စ)ကားကြီးထောင်ထားတယ အဲ့ဒီကားကြီးက ရန်ကုန်နဲ့မော်လမြိုင်သွားတဲ့ကားကြီး။ ဒူးရင်းသီးပေါ်ချိန်ဆို ကျိုက္ကော်ကဒူးရင်းသီးတွေတင်လာတာ၊ ကျမတို့လမ်းကိုညမိုးချုပ်ရင် ကားဆိုက်ပြီ။ ကားဝင်လာကထဲကဒူးရင်းသီးနံ့တွေ လှိုင်လို့၊ အိမ်ကကလေးတွေကလဲ ဒူးရင်းသီးစားဖို့ ရွစိ ရွစိ ဖြစ်နေကြပြီ။ ကျိုက္ကော်ကဒူးရင်းသီးသည်ဒေါ်စီက ယူကြဦးမလားလို့လှမ်းမေးတာတောင် မစောင့်နိုင်ဘူး။ အမေ့ခမြာမှာ အိမ်ကစကောတစ်ချပ်ယူပြီး ဒူးရင်းသီးသွားရွေးရတော့တာပါဘဲ။ ဝယ်လာပြီး မောင်နှမတွေကို “လာခဲ့၊တစ်ယောက်တစ်လုံးကြိုက်တာယူ၊ကိုယ့်ဒူးရင်းသီးကိုယ်စား၊စကားမများနဲ့” ဆိုပြီးကျွေးတော့တာပါဘဲ။ ကျမတို့ကတော့ ဘယ်လောက်ကျွေးကျွေး ရတနာမြိုင်ကားဆိုက်လာလို့ကတော့ အမေရေဒူးရင်းသီးစားမယ်လို့ ပူဆာကြတော့တာပါ။ မညည်းညူစတမ်း ဖြည့်ပေးတာလဲ အမေပါဘဲ။

    ကျောင်းရက်ရှည်ပိတ်တာနဲ့ ခရီးသွားဖို့ စိုင်းပြင်တော့တာလဲအမေပါဘဲ။ သူ့ကလေးတွေကို အဖေမရှိလို့ သူများပြောတဲ့စကားကိုဘဲ အငေးသားနားထောင်နေရမှာစိုးရိမ်လို့ပါတဲ့။ အမေက မနှမြောတတ်ဘူး။ သူ့မှာအခြွေအရံကလဲပေါပါ့။ ခရီးသွားမယ်ဆိုရင် အမေ့ဆိုင်မှာ ကူညီညာလုပ်ပေးတဲ့ဦးလေးကိုလှစိန်(ကုန်သွယ်ရေးကဝန်ထမ်းတွေလျှော့လို့အလုပ်မရှိ)နဲ့သူမိန်းမ မလှဆင့်နဲ့ကလေးနှစ်ယောက်၊ ပုတီးကုန်းကဦးလေးကိုမူတူးတို့မိသားစုတို့တွေကိုပါခေါ်ပြီး ကားတစ်စီးငှားလို့ခရီးထွက်ကြတော့တာပါဘဲ။ (၁၉၇၀ခုနှစ်က အမေလိုက်ပို့လို့သာ ပုဂံကိုရောက်ဘူးလိုက်တာ၊ခုချိန်အထိ ကျမပုဂံကိုထပ်ပြီးမသွားဖြစ်သေးပါ။ အမေကသွားချင်တယ်ဆိုတာလဲ၊ ကိုဗစ်ကစလိုက်တော့ လိုက်မပို့လိုက်ရတာ အလွန်ဝမ်းနည်းမိပါတယ်။)

    နောက်ပိုင်း အမေကဘယ်လောက်များအလှမ်းကျယ်လိုက်သလဲဆိုရင်၊ RTB စျေးမှာဆိုင်ခန်းတစ်ခန်း ဝယ်လိုက်ပြီး၊ အဲ့ဒီခေတ်က မှောင်ခိုလို့ခေါ်ကြတဲ့ တက်ထွန်ပိတ်စတွေရောင်းတဲ့ လက္ကားဆိုင်ဖွင့်လိုက်ပြန်ရော။ မနက်မိုးမလင်းခင် တောင်ဥက္ကလာပ( ၁၀ )ရပ်ကွက်စျေးမှာ ပစ္စည်းတွေစျေးဖြတ်ပြီး၊ RTB စျေးကိုကားနဲ့သယ်လာရတယ်။ မော်လမြိုင်ကသယ်လာတဲ့ကုန်သည်တွေကိုတော့ RTB စျေးဆိုင်ကိုရောက်မှငွေချေရပါတယ်။ (မော်လမြိုင်ကတက်ထွန်သယ်လာတဲသူတွေဆိုသိပ်သနားဖို့ကောင်းတာပါဘဲ။ ပိတ်စတွေကိုကိုယ်မှာပတ်ပြီး၊သရေကြိုးစည်းထားရသေးတယ်။ အဲ့ဒီအပေါ်ကမှအင်္ကျီထပ်ဝတ်ရတာ။ ပူကြရှာမှာ။ အမေကသူ့ဆိုင်မှာသောက်ရေအိုးကိုအမြဲသတိထားပြီးရေဖြည့်ပေးခိုင်းတတ်ပါတယ်။) အဲ့ဒီအချိန်ကျတော့ ကျမ တက္ကသိုလ်ရောက်ပါပြီ။ ဦးလေး ကိုလှစိန်ကိုတစ်လ၃၀၀ကျပ်ပေးပြီး ၊ဆိုင်မှာကူခိုင်းတာမို့ကျမတို့စျေးကိုမလိုက်ရတော့ပါဘူး။ အမေကလေ ပိတ်စသာရောင်းတာ၊ ကိုက်တံကိုင်ပြီးကိုက်မထိုးခဲ့ရဘူး။ သူ့မှာဝိုင်းဝန်းမည့်သူတွေအပြည့်။ အဲ့ဒီကာလကတော့ ပိုက်ဆံဆိုတာ အံဆွဲထဲကရတာလို့ဘဲ ထင်ခဲ့ကြရတာပါ။ အမေကသိပ်ဥာဏ်ကောင်းတာ။ ဒီနေ့ ပစ္စည်းဘယ်လောက်ဝင်တယ်၊ဘယ်စျေးနဲ့ဝယ်ပြီး၊ဘယ်စျေးနဲ့ရောင်းတယ်။အမြတ်ဘယ်လောက်ဆိုတာစိတ်တွက်တွက်ပြီးသား။ ညမိုးချုပ်ရင်တော့ ကျမကိုစာရင်းပြန်စစ်ခိုင်းတတ်ပါတယ်။ သူစိတ်နဲ့တွက်ထားတဲ့အဖြေနဲ့မကိုက်လို့ကတော့ အဲ့ဒီည ကောင်းကောင်းမအိပ်ရဘူး မှတ်ပေတော့။ ဒါပေမဲ့ ပိုက်ဆံဆိုတာ မျက်စေ့ပါတာမို့၊ သူ့ဖါသာတက်လာတတ်ပြီး၊ သူ့ဖါသာလဲပြန်ဆင်းသွားတတ်ကြပါတယ်လေ။ ။

  • လွမ်းမဆုံး

    လွမ်းမဆုံး

    ဒေါ်မိအောင် Daw Mi Aung

    ကျမတို့ငယ်စဥ်က ကြည့်မြင်တိုင်ဘူတာရဲ့အုတ်နံရံကိုကျောကပ်ပြီးစျေးတန်းကြီးရှိခဲ့ဘူးတယ်။ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာပါ။ ဘူတာရုံရှေ့ကနေပန်းပင်ကြီးလမ်းထိပ်အထိကိုစျေးတန်းကြီးကရှည်မျောမျောနဲ့ ပဲလင်းမြွေသီးကြီးလိုဘဲ။ ညနေဖက်ညစျေးတန်းလျှောက်ရမယ်ဆိုအရမ်းပျော်ပေါ့။ သကြားပလာတာကတစ်မတ်၊ကီးမားပလာတာဆိုရင်ပြား၆၀၊စားကောင်းတာတော့ ခုတွေးရင် ခုစားချင်တယ်။ ကိုမုံလာဖါလူဒါ သောက်ရင်၆၅ပြားရယ်။အဲ့ဒီကိုမုံလာက ကျမတို့စကားဝါပင်အောက်လမ်းမှာနေတာ။ ခေါက်ဆွဲကြော်၊ကြာဇံကြော်ဆိုင်တွေလဲရှိတာပေါ့။ အစားသရဲမို့ စားသောက်ဆိုင်တွေဘဲညွှန်းနေမိတာ။ တကယ်တော့ စျေးသည်အစုံပါဘဲ။

    ခေါက်ဆွဲကြော်၊ကြာဇံကြော်ကတော့ညစျေးတန်းကလွမ်းလောက်စရာမရှိလှပါဘူး။ကျမက အဖေ့ပုဆိုးစကိုဆွဲပြီး၊ အဖေဘယ်သွားသွားလိုက်နေကြဆိုတော့၊အဖေအရက်သွားသောက်လဲလိုက်တာဘဲ။ ပန်းပင်ကြီးလမ်းထိပ်က မအုန်းတို့ အနီတို့ မောင်နှမရဲ့ခေါက်ဆွဲကြော်ကမှမိုက်တာ။ အဖေအရက်သောက်ရင် ဘေးကနေအမြည်းလိုက်စားရတာကိုလဲသိပ်သဘောကျတာ။ အမေကအဖေ့နောက်ကိုလိုက်ဖို့ကျမကိုအမြဲထည့်တာ၊ကလေးပါရင်အရက်နဲနဲဘဲသောက်မှာမို့။ ကျမကအဖေ့ရဲ ဘော်ဒီဂတ်ပေါ့။ ဝက်ပေါ လမ်းလျှောက်တတ်တဲ့အရွယ်ရောက်တော့ အဖေ့ဘေးမှာညီအစ်မနှစ်ယောက်ဖြစ်သွားရော။

    တနင်္ဂနွေနေ့ဆိုရင်အဖေကသူငယ်ချင်းတွေနဲ့ (ဦးလေးကိုစိန်ဝင်း၊ဦးလေးကိုစိန်ရွှေ) မြင်းပွဲသွားမှာမို့ ကလေးပါရင်သွားလို့မရအောင် အတင်းကိုလိုက်ခိုင်းတာဘဲ။ အဖေတို့များ ကလေးခေါ်ခွင့်မရှိတဲ့မြင်းပွဲထဲကို ကျမကိုပါရအောင်ခေါ်တာ။ အမေဆိုတာ” သြချပါရဲ့”လို့တောင်ပြောယူရပါတယ်။ ဦးလေးတို့က မြင်းပွဲသွားမယ်ဆိုရင်ဘယ်တော့မှအိမ်ကိုလာမခေါ်ဘူး။ လမ်းမှာဘဲချိန်းကြတာ။ ဦးလေးကိုစိန်ဝင်းကတော့အမေ့ကို “မခင်မေက အကုန်တော်တယ်၊မြင်းပွဲသွားခါနီးရင်အရမ်း ဂိတ်ဆိုးတာမို့ပါ “တဲ့။ အမေကလဲ အိမ်ကထွက်ခါနီးတာနဲ့ “ရှုံးပါစေတော် ” လို့အမြဲပြောတတ်တာကို။ အဲ့ဒီဦးလေးကိုစိန်ဝင်းက အမေနဲ့အဖေမင်္ဂလာဆောင်မယ်ဆိုတော့ငိုလိုက်တာ တဲ့။ အမေနဲ့ယူပြီးနောက်ပိုင်းမှာတောင် သူသိပ်မူးလို့အိမ်မပြန်တော့ရင်အဖေတို့အမေတိုတို့ခြင်ထောင်ထဲမှာဘဲအတူအိပ်တတ်တာ။ အမေမကြာခဏပြောပြတာပါ။ အဖေ့ကိုသိပ်ချစ်ရှာတာ။

    (အဖေဆုံးပြီးတဲ့နောက်ပိုင်း ဦးလေးကကျောင်းပိတ်ရက်ဆိုတောင်ဥက္ကလာကနေကြည့်မြင်တိုင်ကိုစက်ဘီးစီးလာပြီး ကျမတို့ကိုပေါင်မုန့်လေးကစလို့မုန့်ဝယ်ကျွေးဖို့လာခဲ့ရှာတာ။) တွေးကြည့်တော့လဲ သမုဒယ တွေပေါ့လေ။

    အော်၊ အတော်သစ္စာကြီးကြတဲ့ဆိုးတူကောင်းဖက် မိတ်ဆွေသူငယ်ချင်းတွေပါလားလို့၊အားကျမိတာပါဘဲ

    ဘောလုံးပွဲလဲ ရွှေမိတို့ပါတာဘဲ။ ၁၂နှစ်၊၁၃နှစ်လောက်မှမလိုက်ရတော့တာ။ အဲ့ဒီအချိန်ကျတော့မောင်လေးဝင်းမောင် လိုက်ရတဲ့အလှည့်ပေါ့။

    အဲ့ဒီလိုအဖေ ပျော်ပျော်ပါးပါးနေခဲ့ရတဲ့အချိန်က၁၉၆၂ခုနှစ်ရဲ့အရှေ့ပိုင်းပေါ့လေ။

    အဖေတို့ညီအကိုတော် ဦးလေးတစ်ယောက်က ကျမကို”အရက်သမားသ္မီး”လို့အမြဲစတတ်တာ။ (ဘယ်သူဆိုပြီးနံမည်ထည့်မရေးတာ မမှတ်မိလို့မဟုတ်ပါ။) ကျမသိပ်မုန်းတာဘဲ။ ပြန်ပြီးတော့လဲရန်ဖြစ်တတ်သေးတာ။ ” ကျမအဖေ အရက်သောက်တာ သူ့ပိုက်ဆံနဲ့သူသောက်တာဘာဖြစ်လဲ၊ လူကြီးလူကောင်းလိုသောက်တာ” လို့ကိုပြန်ပြောပစ်လိုက်တာပေါ့။

    အဖေက တကယ်ကိုလူကောင်းပါ။ မိန်းမကိုလဲအလိုလိုက်၊သားသ္မီးကိုလဲသိပ်ချစ်တတ်ပြီး လိမ္မာအောင်လဲဆုံးမတတ်တယ်။ အဖေကသားအငယ်ဆုံးသာဆိုတယ်၊ အမေ့ရဲ့ညီမတွေ မောင်တွေကိုလဲ စောင့်ရှောက်တာမှ အမေ့ထက်ပိုသေးတယ်။ ဒါကြောင့် ကျမရဲ့ဦးလေးတွေ အဒေါ်တွေကသိပ်ချစ်ကြတာ။ ကျမရဲ့ညီမဝမ်းကွဲ ခင်စန်းနုဆိုရင် “သ္မီးကဘဘအောင်ကြည်ကိုဘဲချစ်တာ၊ကြီးကြီးမေကိုမချစ်ဘူး”လို့အမြဲပြောတတ်ပါတယ်။ (အမေ အိပ်ယာထဲလဲပြီလို့ဆိုပြီး ခင်စန်းနုကိုဖုန်းဆက်တော့ သူက “အမရေ သ္မီးတို့ဘဘအောင်ကြည်ကိုဘဲချစ်တယ်လို့” ပြောခဲ့မိတာဆိုပြီး၊ ညီအစ်မနှစ်ယောက်ဖုန်းပြောရင်းငိုလိုက်ရတာလေ။) တနင်္ဂနွေလိုအားလပ်တဲ့နေ့တွေမှာအဖေ ဟင်းချက်လို့ကတော့ ကျမတို့ကလေးတွေ အဖေ့ဘေးမှာဝ်ိုင်းပြီး၊နောက်ကျောကဖက်ထားတဲ့လူနဲ့အဖေ့ဗိုက်ခေါက်ကိုဆွဲတဲ့လူနဲ့ မျက်စေ့ထဲမှာမြင်ယောင်နေစဲပါ။ အမေကတော့ “မျက်စေ့ကိုနောက်နေတာဘဲလို့” အမြဲပြောတတ်တာ။

    ‘လူချစ်လူခင်များလွန်းလို့ စောစော သေတာလားအဖေရယ် ‘လို့တောင်တွေးမိတာ။ ၁၉၆၂ခုနှစ်ရဲ့နောက်ပိုင်းမှာတော့ အဖေက ၂နှစ်နီးပါး အိမ်မှာဘဲနေခဲ့ရပြီး၊စားဝတ်နေရေးအတွက်ကိုတော့အမေက စတင်လှုပ်ရှားရတော့တာပါဘဲ။ အဲ့ဒီ နှစ်နှစ်ပြီးနောက်ပိုင်းမှာတော့၊အဖေဘဲစီးပွါးရေးကိုဇောက်ချလုပ်ကိုင်ခဲ့တော့တာပါ။ အောင်မြင်တဲ့အဖေပါဘဲ။ နိုင်ငံရေးအလုပ်ကိုခဝါချခဲ့တာတော့၊ ရခိုင်လေဘေးအတွက် ဘဘဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်) ကငွေဖလားကြီးနဲ့အလှူခံထွက်တော့အဖေကပိုက်ဆံထွက်လှူတာပေါ့။ အဖေ့ကို” မောင်အောင်ကြည် မင်းလိမ္မာတော့” လို့ပြောခဲ့ ကထဲကပါဘဲ။

    အဖေကအရမ်းကျန်းမာတာပါ။ တခါဆိုတခါဘူးမှကို ဖျားနာဖို့နေနေသာသာ နှာတောင်မစေးဘူးတာ။ အမေကသာ ချူချာတာ။ မဆုံးခင်တစ်နှစ်တော့ အန်လိုက်၊ဝမ်းသွားလိုက်နဲ့ “အထက်လှန်၊အောက်လျှော”ဝေဒနာ တခါဖြစ်ဘူးလိုက်ပါတယ်။ အမေ့ဦးလေး၊ အဖေ့သူငယ်ချင်းဘဘဦးချိန်အေးတို့အိမ်မှာ ဦးထုပ်ချုပ်တဲ့ ဦးလေးကိုမြင့်က ဗေဒင်နဲနဲပါးပါးတွက်တတ်တော့၊ ခုတော့စိတ်ပူစရာမလိုဘူး၊နောက်နှစ် ဒီအချိန်တော့သတိထားလို့ ပြောခဲ့ဘူးတာကို အမှတ်တမဲ့ဘဲနေခဲ့မိကြပါတယ်။

    အဲ့ဒီခေတ်အခါက အရက်သောက်တဲ့သူတွေကိုစိတ္တဇဆေးရုံမှာ အရက်ဖြတ်ကြတာအတော်ကိုခေတ်စားတာပါလား။ အမေကလေ ဘယ်ကကြားလာတယ်မသိပါဘူး၊အဖေ့ကိုပူဆာတော့တာပါဘဲ။တကယ်တော့ အဖေက မသောက်ရမနေနိုင်တဲ့သူလဲ မဟုတ်တာအမှန်ပါ။ ဝါတွင်းတစ်တွင်းလုံးသတ်သတ်လွတ်စားပြီး၊ အရက် လုံးဝ (လုံးဝ)ကိုမသောက်ဘဲနေနိုင်တာ။ မိန်းမကိုချစ်တာများလေ၊ နယုန်လကွယ်နေ့ကျရင်ဆေးရုံမှာသွားပြီးအရက်ဖြတ်မယ်လို့ဂတိပေးလိုက်တာ။ အမေကတော့သိပ်ပျော်သွားတာပေါ့။ ကျမကသိတတ်တဲ့အရွယ်ရောက်နေပြီမို့ဆိုင်မှာမသောက်တော့ဘဲ၊ အဖေကအိမ်မှာ ထမင်းစားခါနီးပုံမှန်သောက်နေကျကို အမေကကြည့်လို့ကိုမရတာ။ ကျမတို့တတွေကတော့အဖေ့နားမှာဝိုင်းထိုင်ပြီးစားကြသောက်ကြနဲ့ပါဘဲ။အဖေကထမင်းဝိုင်းမှာသားသ္မီးတွေကိဆုံးမတတ်ပါသေးတယ်။ အဲ့ဒီတုန်းကအမေကပြောသေးတာ။ “ဒီရက်တွေ မှာ ရှင်ကြိုက်သလိုသောက်၊နယုန်လကွယ်နေ့ နောက်ဆုံးဘဲ” လို့၊ ပါးစပ်နမိတ်တွေများလား။ အဖိတ်နေ့ညနေကျတော့ သူငယ်ချင်းတွေကိုတိုက်ဖို့ ‘အနီနဲ့မအုန်းတို့ခေါက်ဆွဲဆိုင်’ကို သွားသောက်ကြပါတယ်။ ကျမတို့အဖေက နယုန်လကွယ်နေ့ အိပ်ယာကထ၊အိမ်ရှေ့ကတန်းလျားပေါ်မှာပြန်ပြီးလှဲနေပါတယ်။ ကျမကျောင်းသွားခါနီးနှုတ်ဆက်လို့တောင်မှ ကောင်းကောင်းသွားလို့လှမ်းပြောလိုက်ပါသေးတယ်။နောက်ပြီး ဝက်ပေါလေးကို အဖေအုန်းနို့ခေါက်ဆွဲစားမယ်၊ဝယ်ပေးလို့ပြောပြီး၊ အမေကတော့ဆေးရုံသွားဖို့ပြင်ဆင်နေတာပေါ့။ ဝက်ပေါလေးက အဖေရေစားမယ်လေ ထတော့လို့ပြောတော့၊အဖေကသူထလို့မရတော့ဘူးတဲ့။ ညီမလေးကလဲ အဖေမနောက်နဲ့ဆိုပြီးဆွဲထူတော့ လက်တစ်ဖက်မလို့ကိုမရတော့တာလို့ပြောပါတယ်။ (ဝက်ပေါရဲ့ကျောင်းနေ့လည်မှတက်ရတာ။) အမေ့ကိုအော်ခေါ်ပြီးကမန်းကတမ်းဆွဲထူတော့၊အဖေကိုလဲ မလို့မနိုင်နဲ့။ ဗမာဆရာက စုပ်တွေထိုးတာပေါ့လေ။ မနက်၆နာရီလောက်စဖြစ်တာ၉နာရီခွဲလောက်ကျတော့အဖေသတိလစ်သွားပြီ။ ညနေ၃နာရီလောက် လမ်းထဲကဆွေမျိုးလိုနေတဲ့ဆရာဝန်ဒေါက်တာမောင်မောင်လှကြိုင်ရောက်လာပြီး ရန်ကုန်ဆေးရုံကြီးကိုတင်လိုက်ပါတယ်။ လေဖြတ်တယ်လို့လူကြီးတွေကပြောကြတာပေါ့။ တကယ်တော့ သွေးတအားတိုးပြီးဦးနှောက်ကြောပြတ်သွားရတာပါ။ ခုခေတ်လိုဆေးကောင်းဝါးကောင်းတွေသာရှိရင်တော့၊ အဖေပြန်ကောင်းမှာ။ ညနေ၆နာရီ ၃၅မိနစ်မှာတော့ အဖေက အားလုံးကိုထားသွားခဲ့ပြီ။ (၁၉၆၈ခုနှစ်၊ဇွန်လ ၂၄ ရက်နေ့။)

    ခေါက်ဆွဲဆိုင်က မအုန်းကအဖေဆုံးတာကိုသတင်းမေးလာတော့မှ ဝက်ဆီဖတ်တွေတစ်ပန်းကန်ပြားကြီးစားတာ တဲ့။ အင်မတန် ဝက်သားကြိုက်တဲ့အဖေ ။ ။

  • အမှတ်ရစရာလေးမို့

    အမှတ်ရစရာလေးမို့

    ဒေါ်မိအောင် Daw Mi Aung

    ဘာလိုလိုနဲ့အမေ အပြီးခွဲသွားတာ ၇လတောင်ရှိသွားပြီ။မြန်လိုက်တာ၊မနေ့တနေ့ကလိုပါဘဲ။မနက်အစောအိပ်ယာထပြီး ဝက်သားကိုငြုပ်သီးယောင်ယောင်လေးနဲ့ဆီပြန်ဟင်း၊ကြက်ဂွေးတောက်သောက်ဆမ်းလေးနဲ့ပုစွန်ထုပ်ဆီပြန် ချက်ပြီး၊ အမေ ၁၉၉၈ခုနှစ် ကထဲက တစ်ပါတ်မပျက်အမြဲတမ်းတရားစခန်းဝင်ခဲ့တဲ့ ရွှေခြံဓမ္မရိပ်သာ(ဒဂုံအရှေ့၁၃ ရပ်ကွက်)ကျောင်းကိုဆွမ်းဟင်းပို့မှာပါ။ဆရာတော်အတွက် ဘရင်းကြက်ပေါင်းရည်တစ်ဒါဇင်လဲပါပါတယ်။ (ကုသိုလ်အားလုံးကိုအမျှပေးဝေပါတယ်။)

    ပစွန်ထုပ်လေးချက်တော့ အဖေပြောတာလေး ပြန်ကြားယောင်ရင်းသတိရမိပြန်ပါရော။”ပုစွန်ထုပ်က အကြာကြီးမချက်ရဘူး၊ ပုစွန်ကွေးကွေးငါးနွေးနွေး မို့ ပုစွန်ထုပ်ကွေးရင် ကျက်ပြီသ္မီးရဲ့” လို့သင်ပေးခဲ့တာ။ နောက်ပြီးကျမတို့ဆွမ်းဟင်းချက်လှူရင်ဝက်သားဟင်းတခွက်အမြဲပါပါတယ်။ အဖေကဝက်သားဟင်းမပါရင်ကျမတို့လမ်းထိပ်က’ မစိမ်းထမင်းဆိုင်’မှာတစ်မတ်ဖိုးဝယ်ပေးရတယ်။ အမေဆူမှာစိုးလို့ ဝက်ပေါလေးကိုအိမ်နောက်ဖေးကနေသွားဝယ်ခိုင်းတာ။(ကျမတို့အိမ်ကလမ်းထိပ်နဲ့ ၂အိမ်ဘဲခြားပါတယ်။)

    အဲ့ဒီအချိန်တုန်းက နောက်ဖေးလမ်းသာဆိုတယ်၊သန့်ရှင်းနေတော့ လမ်းသွားလို့ကောင်းပါတယ်။ သင်္ကြန်ဆိုရင်လဲ၊ အုန်းဖေလက်ဖက်ရည်ဆိုင်မှာ “ရွှေတိုင်မောင်မယ်” သင်္ကြန်မဏ္ဍပ်လုပ်တော့၊ အိမ်နောက်ဖေးဖက်ကနေသွားကြည့်ရတာ။မဏ္ဍပ်ကအလှမယ်လေးတွေက ကပြလို့၊သင်္ကြန်အဖွဲ့တွေကသံချပ်တွေတိုင်လို့၊အလွန်ပျော်စရာကောင်းခဲ့တာပါ။ကမ္ဘာကျော်ငွေလှိုင်ဦးစီးတဲ့” ဟာသမဟာစင်တော်ကြီးအဖွဲ့”ကည ၂နာရီလောက်မှာလာလဲ ထွက်ပြီးကြည့်ကြတာပါဘဲ။ *မသူတော် တွေမရှိတဲ့အချိန်မို့သာတော်တော့တယ်။

    နောက်ပိုင်းအမေကလဲဝက်သားဟင်းနေ့တိုင်းလိုစားပြီးပြောသေးတယ်။ “အမေလဲ ညည်းတို့အဖေ ဝဍ်တွေကောင်းကောင်းလည်တာဘဲ” တဲ့လေ။သူကအဖေ့ထက်ပိုဆိုးသေး။ ထမင်းစားရင် ဝက်သားကိုအဆီတစ်တုံးချန်ထားပြီး၊နောက်ဆုံးမှဝက်သားတုံးပေါ် ငပိရည်လေးဆမ်းပြီး “အစာပိတ်”စားတတ်တာ။ ၊တရားစခန်းဝင်ရင်လဲ ရိပ်သာက ဆွမ်းချက်တဲ့ဝေယျာဝစ္စအဖွဲ့က အမေ့အကြောင်းသိနေတော့ ဘာဟင်းချက်ချက် အမေတို့ဆွမ်းဝိုင်းကို ဝက်သားဟင်းတစ်ခွက်တော့ပါအောင်ချပေးတတ်ကြပါတယ်။အမေ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ရတဲ့သူတွေပါ။

    အမေကတစ်လကို ၂ကြိမ်တရားစခန်းဝင်ပါတယ်။ အင်္ဂလိပ်လဆန်း၅ ရက်မှာတစ်ကြိမ်၊၁၉ ရက်မှာတစ်ကြိမ်။ ရိပ်သာသွားရင်လဲ စုံနေအောင်ယူသွားတတ်တာ။ပခုံးတင်တဲ့ယောဂီတဘက်ဆို ရင်၄/၅ထည်ယူလို့ကျမတို့ကပြောရင်၊”သ္မီးတို့ကဘာသိလို့လဲ၊ ပါမလာတဲ့သူကိုပေးရတာပေါ့” တဲ့။ မုန့်ဆိုရင်လဲအိမ်မှာရှိတာအကုန်သယ်တာ။ မုန့်မပါတဲ့သူတွေအတွက်။ အမေတို့ဆွမ်းစားပြီးလို့ ၊အခန်းထဲပြန်ရောက်ရင် သူ့ဘေးနားမှာယောဂီတွေဝိုင်းဝိုင်းလည်လို့။အချိုပွဲစားကြတာ။ အမေ့ရဲ့လက်ဖက်နှပ်ကို ကြိုက်ကြလို့ပါတဲ့။ အမေကလဲတရားစခန်းသွားရမည်ဆိုရင်၊တက်ကြွ ပြီး၊ မသွားခင်တစ်ပါတ်လောက်ကထဲက ပြင်ဆင်ရတာမမောနိုင်အောင်ပါဘဲ။အသက်၉၄ နှစ်လောက်အထိတရားစခန်းဝင်နိုင်တုန်းပါ။သူ့အဝတ်ကိုသူ့ဖါသာလျှော်တာ။ ကျမ အလုပ်ကအပြန်မှာ အမေလဲထားတဲ့အဝတ်တွေ ဝင်ပြီးယူတဲ့အခါ၊ မိတ်ဆွေယောဂီတွေက တိုင်ကြတောကြ တော့တာပါဘဲ။ရေချိုးတာကြာလို့၊အင်္ကျီကိုဖွက်ယူသွားပြီးလျှော်လို့ပါ။ ရိပ်သာနဲ့အိမ်ကလမ်းလျှေက်သွားရင်၁၀မိနစ်လောက်ဘဲလျှောက်ရပါတယ်။ အမေဥပုသ်စောင့်သွားရင်တော့ ဆိုက်ကားနဲ့ပို့ခိုင်း ကြိုခိုင်းရပါတယ်။

    ကြည့်မြင်တိုင်မှာနေတုန်းကတော့ တက္ကသိုလ်ရိပ်သာလမ်းက ဇနိတာရာမကျောင်းမှာစခန်းဝင်တာ။အဲ့ဒီအချိန်တုန်းကတော့ စခန်းဝင်ဖို့စာရင်းသွင်းပေးပါဦးဆိုပြီး တစ်ယောက်ပြီးတစ်ယောက်လာပြောကြလို့၊မနက်အစော ထထပြီးစာရင်းသွားသွင်းပေးရတာ တရားစခန်းစဖို့တစ်ရက်လောက်အလိုအထိ မမောနိုင်မပမ်းနိုင်ပါဘဲ။ကျမတို့ အမေကနားလေးတော့၊ကုက္ကိုင်းလမ်းမကြီးကိုကားလမ်းကူးရတာစိတ်မချလို့ပြောရင်၊ “သ္မီးတို့ရယ်၊ကုသိုလ်ရတယ်၊ နိဗ္ဗာန်ကူးတို့ပေါ့ ၊ကိုယ်ကူညီလိုက်တဲ့သူ တရားရသွားရင် ကိုယ်လဲကုသိုလ်ရတယ်” လို့ပြောတတ်သေးတာပါ။

    အဖေဆုံးပြီးနောက် စီးပွားရေးတွေလဲအလျင်ရနေတော့ အတော်အဆင်ပြေပါတယ်။ ဒါပေမဲ့အမေက ထုံးစံအတိုင်းသဘောကောင်း၊လူတိုင်းကိုယုံတတ်တော့ သူများလိမ်တာလဲခံရ။ ဦးသန့်အရေးအခင်းကာလမှာ ဆိုင်ကလဲပိတ်ထားရနဲ့ကျမတတိယနှစ်ရောက်တဲ့နှစ်မှာဘဲ စီးပွါးပျက်သွားတယ်လို့ပြောရမှာပေါ့။ အမေ့ဆိုင်ကအရင် RTBစျေးလို့ခေါ်ပြီး၊ယ္ခု ဗိုလ်ချုပ်စျေးသစ်နေရာမှာရှိတာပါ။ အမေ​က ရှိတာလဲလူမသိ၊မရှိတာလဲလူမသိအောင်နေတတ်လို့သာ ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ကြရတာ။ အမေတို့ငယ်ငယ်တုန်းက ကိုးကွယ်တဲ့ဆရာတော်ကြီးတွေ မိန့်ခဲ့တာလေးကို အမေအမြဲပြောပြီး ကျမတို့ကိုသင်တတ်တယ်။

    သူများငပိနဲ့စားရင် ကိုယ်လဲငပိနဲ့စားတယ် -လို့ဘဲပြောရမယ်တဲ့။

    မှတ်သားလိုက်နာစရာမို့

  • နိမ့်တုံ-မြင့်တုံ

    နိမ့်တုံ-မြင့်တုံ

    ဒေါ်မိအောင် Daw Mi Aung

    မွေးစမှသေသည့်တိုင်အောင်၊ ပြည့်ပြည့်စုံစုံနဲ့တသမတ်ထဲ အတည်တကျရှိနေသူတွေဟာသိပ်ကံကောင်းကြပါလားလို့တွေးမိပါတယ်။ အမေပြောဘူးတာလေးကတော့၊သူ့ကံနဲ့သူပါလာပြီးသားတွေပါတဲ့။ အမေတို့လေတစ်သက်လုံးစားမကုန်သောက်မကုန်၊ ဆင်းရဲဖို့ဆိုတာမစဥ်းစားဘူးပါဘူးတဲ့။အမေတို့အဖေဆုံးပြီး၊အမေတို့အဖွါးကသားစိတ်နဲ့ဆုံးသွားပြန်တော့၊လက်ရှိနေရတဲ့အိမ်ကလေးတောင် သစ္စာရှိတဲ့သူခိုးက ဂရံလေး လာပြန်ထားလို့၊ အိမ်ပိုင်လေးနဲ့နေခဲ့ကြရတာကို။

    “ငါ့သ္မီးကတော့ကွာ မြင်းပြိုင်ကွင်းကနေအိမ်ကိုလမ်းလျှောက်ပြန်ရအောင်ကိုအကျိုးပေးတာ၊ဒီကြားထဲ ဆီချက်ခေါက်ဆွဲလေးစားချင်သေးတာ”တဲ့။ (ဆီချက်ခေါက်ဆွဲက တစ်ပွဲမှတစ်မတ်ရယ်။) မြင်းပွဲရှုံးလို့ခြေကျင်ပြန်ခဲ့ရပြီး၊အိမ်မှာမိန်းမကဗိုက်နာနေတာ။အမေကလဲအဖေနဲ့အပြိုင်”ရွတ်”ပုံများကတော့ အနှီးပိတ်တောင်မဝယ်ထားဘူး။ကျမကိုစကားဝါပင်လမ်းမှာ ဝမ်းဆွဲဆရာမဒေါ်မယ်သန့်ကမွေးပေးတာပါ။အင်း၊မတ်လ ၂၇ ရက်၊တော်လှန်ရေးနေ့ပေါ့။ ကျမသိနားလည်တတ်တဲ့အချိန်မှာအဖေပြောလိုက်တဲ့စကားတခွန်းကိုကိုရင်ထဲစွဲသွားတာမို့ ” အကျိုးပေးတဲ့သ္မီးဖြစ်ရမယ်”လို့စိတ်မှတ်ထားလိုက်ပါတယ်။

    ဥယျာဥ်လမ်းအိမ်ရောက်တော့ ညီမဝက်ပေါကိုမွေးတာပါ။ဒပ်ဖရင်(ဗဟိုအမျိုးသ္မီးဆေးရုံ)၊ ပိုက်ဆံခန်းမှာမွေးတာပါ။ အမေတို့ပြောတာ ညီမလေးက မျက်နှာဖုံးလေးနဲ့လို့ပြောပါတယ်။လူချစ်လူခင်ပေါတယ်တဲ့။သူက ပါးဖေါင်းဖေါင်းလေးနဲ့မို့ ဝက်ပေါလို့ချစ်စနိုးခေါ်တာ၊ကျမကတော့ခုချိန်အထိ ဒီလိုဘဲခေါ်တယ်။ သူ့ကိုမွေးပြီးနောက်တစ်လကျတော့၊ ကျမအဒေါ်စိန်စိန်ကဒုတိယသ္မီးလေးမွေးတော့ အော်တိုမစ်တစ်ရွှေပေါဖြစ်သွားပါရော။စွာတေးမခင်စန်းနုရဲ့ညီမ။

    အဖေက သခင်ကျော်ထွန်းရဲ့ ယခုခေတ်အခေါ်တော့ PA.ပေါ့။လယ်ယာနဲ့သစ်တောဝန်ကြီးလို့ပြောပါတယ်။အဲ့ဒီအချိန်ကအိမ်မှာဧည့်သည်တရုန်းရုန်း၊”အင်း”လေလံစွဲချင်တဲ့သူတွေ၊ဘကြီးအောင်ခင်(အဖေ့ရဲ့ဒုတိယအကို)က ထန်းတပင်အမတ် ဝင်ရွေးမှာမို့လာတဲ့သူတွေကို အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ကျွေးရတာ ကိုတော့မှတ်မိနေတာလေးပါ။ အမေကမောင်လေးဝင်းမောင်ကိုမွေးခါနီး၊ဗိုက်နာလို့ဒပ်ဖရင်ပို့လိုက်ပါရော။ ၂ရက်နေလို့မမွေးတော့၊အိမ်ကိုစိတ်မချတဲ့ကျမတို့အမေက ဆေးရုံကအတင်းဆင်းလာတာ။ဟောတော့၊ ညလဲကျရောအမေကဗိုက်နာလာတာနဲ့ လက်မှတ်ရ သားဖွါးဆရာမကြီးဒေါ်စက်မေကိုခေါ်ပြီး စကားဝါပင်လမ်းအိမ်မှာမွေးလိုက်ရပါတယ်။ တော်တော်နောက်တဲ့မောင်လေး။

    ဗါးဂရာလမ်းကဦးဘဖေဆေးရုံမှာ ညီမလေးမိမာကိုမွေးတာပါ။အဖေကဆေးရုံကိုခေါ်လို့သွားလိုက်ကြည့်တော့ နှာတံပေါ်ပေါ်၊မျက်လုံးလှလှလေးနဲ့ချစ်ဖို့ကောင်းတာ။အဖေက “ငါ့သ္မီးကတော့အချောဆုံးဘဲ၊ ညိုမြရုပ်လေး” တဲ့လေ။ မိမာငယ်ငယ်ကတအားဂျီကျတာ။သူငိုရင်အလုပ်လုပ်ရတာအဆင်မပြေဘူးလို့ အမေကပြောထားတဲ့အတွက်အရမ်းအလိုလိုက်ရပါတယ်။

    အငယ်ဆုံးမောင်လေးဖိုးချိုကိုတော့ ဒပ်ဖရင်မှာမွေးပြီး၊ ၄/၅လသားလောက်ကထဲက အဖေသွားလေရာ နို့ဗူးနဲ့ခေါ်သွားတာ။အလုပ်အကိုင်တွေကသိပ်ကိုအဆင်ပြေတဲ့အချိန်၊အမေကအိမ်မှာကုန်သည်နဲ့အလုပ်စကားပြော၊အဖေက ကားတစီးနဲ့ပစ္စည်းတွေကိုလိုက်ပို့ပေးတာ။ ပိုက်ဆံမှာမျက်စေ့နဲ့ခြေထောက်ပါတယ်။သူလာချင်ရင်တက်လာပြီး မနေချင်တော့ရင်လဲပြန်ဆင်းသွားတတ်တာ။ ~ဖိုးချိုလေးတစ်နှစ်သား သာသာလေးမှာကျမတို့အဖေကဆုံးသွားပါတယ်။ သိပ်ပြီး ကစင့်ကရဲ မဖြစ်လိုက်တာကတော့ အမေက အဖေ့ကိုတအားမမှီခိုဘဲ ယောကျာ်းနဲ့ဒိုးတူပေါင်ဖက်အလုပ်လုပ်ခဲ့သူမို့ပါ။

    သားတွေသ္မီးတွေနဲ့ပျော်ပျော်ပါးပါးနေချင်ရှာတာ။ထမင်းစားပွဲကိုတောင် တစ်ဝိုင်းထဲစားလို့ရအောင် ပုတီးကုန်းမှာထမင်းစားစားပွဲအကြီးကြီး၂လုံးလုပ်ခိုင်းတာ။ တူတွေတူမတွေအတွက်ရောပေါ့လေ။အဖေဆုံးတော့၄၆နှစ်။

    တကယ်တော့ ကံစီမံရာကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ လောဘ၊ဒေါသ၊မာန်မာနတွေမရှိကြတော့ရင်၊ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။

  • စံ ထားထိုက်သူ

    စံ ထားထိုက်သူ

    ဒေါ်မိအောင် Daw Mi Aung

    ငယ်ငယ်တုန်းက၊ စားခဲ့ရတဲ့ခေါက်ဆွဲသုတ်လေးကိုသတိရမိလို့ပါ။အော်၊ “ချင်”တွေကိုဖြတ်ပါမယ်ဆိုမှလေ။ ရသတဏှာလေးကဖြစ်လာရသေးတယ်။ကျောင်းပိတ်တဲ့နေ့တွေကျရင်ကျမနဲ့ညီမဝက်ပေါလေးတို့ကိုမနက်စောစော အဖေကလက်ဆွဲပြီးမုန့်လိုက်ဝယ်ကျွေးတာ။စောစောလဲလမ်းလျှောက်ရင်းပေါ့။စလင်းကျောင်းတိုက်ကြီးကိုဖြတ်ရင် ဖိနပ်ချွတ်ရမှာမို့ စလင်းဘောလုံးကွင်းကနေ ပန်းပင်ကြီးလမ်းအတိုင်းဆင်းလို့၊ ဗိုလ်သူရလမ်းနဲ့ဦးရွှေစိုးလမ်းဒေါင့်ကမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲအစုံရောင်းတဲ့ဆိုင်မှာထိုင်စားကြတာ။ အဲ့ဒီအဒေါ်ကြီးရဲ့လက်ရာကိုမမေ့ဘူး။ကြက်သွန်ကြော်ဆီချက်ကိုနနွင်းလေးကဲပြီးချက်ထားတာ။ဂျုံခေါက်ဆွဲကို ကြက်သွန်နီ၊ပုစွန်ခြောက်မှုန့်၊ပဲမှုန့်၊ မန်ကျည်းမှည့်အချဥ်ရည်လေးနဲ့သုတ်ပေးတာ။ ကျမကငြုပ်ဆီတွေနဲ့စပ်ထားတဲ့အချဥ်ရည်ကိုမကြိုက်ဘူး။ဂေါ်ဖီတွေလှီးထည့်ရင်လဲမကြိုက်တတ်ဘူး။

    ဟီးဟီး၊ကျမတို့သားအဖတွေပြန်ရောက်ရင်အမေအိပ်ယာကနိုးနေပြီ။မောင်လေးရဲ့ ရှူးပေါက်ထားတဲ့အဝတ်တွေကပုံလို့။ ကျမတို့သားအဖတွေကိုမျက်စောင်းကလဲထိုးလိုက်သေးတယ်။(မနက်အစောစာကို အပြင်မှာစားတာသူမကြိုက်ဘူး။ အိမ်မှာဘဲစားစေချင်တာ။ အမေတို့ငယ်ငယ်တုန်းက ကောက်ညှင်းထုပ် တစ်ထုပ်ကိုမောင်နှမနှစ်ယောက် တစ်ပိုင်းစီကျွေးတာ တဲ့။အမေ့ရဲ့အဖွါးဒေါ်နှင်းမြိုင်က ပိုက်ဆံချမ်းသာပြီး၊သိပ်ပြီးစည်းကမ်းကြီးတာ။) အနှီးတွေကအဖေဘဲအမြဲလျှော်ပေးတာ။သူ့မိန်းမကညဖက် ကလေး နို့တိုက်ရတာပင်ပမ်းလို့တဲ့။အဖေလိုလူမျိုးရှာမှရှားပါဘဲ။

    ခုချိန်အထိ ကျမတို့မောင်နှမတွေ မနက်အစောကိုအိမ်မှာဘဲစားတတ်တာအကျင့်ဖြစ်နေပါတယ်။ ကြည့်မြင်တိုင်အိမ်မှာတုန်းကဆိုရင်၊ကျမတို့နောက်ဖက်အိမ်ကမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲရောင်းတာပါ။ ဟင်းအိုးနံ့ထွက်လာတာနဲ့ “မိုးသကြားရေ မုန့်ဟင်းခါး ဗူးသီးကြော်နဲ့ ၂ ပွဲနော်”လို့မှာထားပြီး မနက်လင်းမှမုန့်ဟင်းခါးဂျိုင့်ယူပြီးမောင်နှမတွေ စားပွဲဝိုင်းကြီးချလို့ထမင်းနဲ့စားကြရတာ။ (မောင်နှမ ၅ ယောက်ကို တစ်ယောက်တစ်ပွဲဝယ်ကျွေးနိုင်တာပေါ့၊ဒါပေမဲ့လက်ရေတပြင်တည်းစားကြရအောင်၊မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက်ညှာတာတတ်ကြအောင်၊ကြင်ကြင်နာနာရှိကြရအောင်လို့ ပုံစံချပေးထားတာပါ။) ဒါကြောင့်အဖေက အမေ့ကို “ဥာဏ်ကြယ်လေး” လို့ခေါ်တာ။အတွေးအခေါ်မြင့်မားတဲ့အမေရဲ့ကျေးဇူးကြောင့် ခုချိန်အထိ လူရာဝင်တဲ့ အပေါင်းအသင့်ဆံ့တဲ့သူဖြစ်ရတာပါ။

    အမေ အမြဲပြောတဲ့ ဆင်းရဲလဲပြောင်ပြောင်၊ချမ်းသာလဲပြောင်ပြောင်နေတတ်ရမယ်ဆိုတာသိပ်မှန်တဲ့စကားပါ။ အဖေဆုံးတော့ ကျမက ၈တန်းဘဲရှိသေးတာ။မောင်လေးဖိုးချိုကအခါလည်သာသာကျန်ခဲ့ပြီး၊ညီမလေး မိမာဆိုရင်ကျောင်းတောင်မနေရသေးပါဘူး။ ဒုတိယညီမနဲ့ မောင်လေးအကြီး ဝင်းမောင်ကကျောင်းတက်နေပါပြီ။ ဒီလူလားမမြောက်တဲ့ကလေး ၅ယောက်နဲ့အမေရုန်းကန်ခဲ့ရတာ၊စည်းစနစ်လေးရှိလို့ခံသာတာပါ။ အဖေဆုံးတော့ အမေအရွယ်ကောင်းပါ။ သားသ္မီးတွေကို ကြက်မကြီးကကြက်ကလေးတွေကိုစောင့်ရှောက်သလိုမျိုးစောင့်ရှောက်ပြီးပြုစုပျိုးထောင်ခဲ့ရှာတာမို့၊ ကျေးဇူးဆပ်လို့မကုန်နိုင်လောက်အောင်ပါဘဲ။ မုဆိုးမငယ်ငယ်၊ပိုက်ဆံအသင့်အတင့်ရှိ၊စီးပွါးလဲရှာတတ်တဲ့မိန်းမကို အမျိုးမျိုး “နှဲ့”ချင်တတ်တဲ့သူတွေလဲဒုနဲ့ဒေးပါဘဲ။ မယိုင်မလဲခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ အနေအထိုင်တတ်တဲ့အမေမို့ကျမတို့မောင်နှမတွေအဖို့ တန်ဖိုးကြီးလှပါတယ်။

  • ဂဂျီဂဂျောင်အမေ

    ဂဂျီဂဂျောင်အမေ

    ဒေါ်မိအောင် Daw Mi Aung

    အမေပြောတတ်တဲ့စကားလေးတွေဟာကျမအတွက်တော့သင်ခန်းစာလေးတွေပါဘဲ။သားလေးရလာတော့ “မိန်းကလေးထက်ယောကျာ်းလေးကပိုအရေးကြီးတယ်” တဲ့။ အမေကလဲသားကိုပိုချစ်လို့ဒီစကားမျိုးပြောတယ်လို့ထင်ခဲ့မိတာ။

    အမေနဲ့အဖေ ရန်ဖြစ်တတ်တာတော့မကြာခဏပါဘဲ။

    အဖေကအပေါင်းအသင်းလဲများ၊သဘောလဲကောင်းပြီးအရက်လဲသောက်တတ်တယ်။

    အမေကနဲနဲမှမကြိုက်။အဖေသောက်လာမှန်းသိရင် မျက်စောင်းတစ်ထိုးထိုးနဲ့ထမင်းလဲခူးမကျွေးဘူး။

    သောက်တဲ့သူက မရစ်ဘူး။အမေကတအားရစ်တာ၊မပြီးနိုင်မစီးနိုင်။

    တစ်ရက်တော့ အဖေအိပ်နေတာကိုကျောပေါ်ခွစီးပြီး သနပ်ခါးတုံးနဲ့ခေါင်းကိုထုတာ၊အဖေက “ဟာဒီမိန်းမတော့” ဆိုပြီးကျောကိုလှည့်လိုက်တော့ အမေလေ တစ်အိမ်လုံးပတ်ပြေးလိုက်တာ၊အဖေက အော်အော်ပြီးရယ်လို့ အမေက အဝေးကနေပစ္စည်းတွေနဲ့ ကောက်ပေါက်နေသေး။

    (တော်တော်ဆိုးတဲ့အမေ။)

    အမေက ပါးတယ်၊သူကသေးသေးလေး၊အဖေကဝတုတ်ကြီးဆိုတော့ပူးပြီးဘယ်သတ်လိမ့်မတုန်း။

    တခါကတော့ အဖေက’ စတီး သားလှီးဓါး’တစ်ချောင်းတစ်ကျပ်ခွဲနဲ့ဝယ်လာလို့ ရန်လုပ်တာများလေ တစ်ညလုံး အိပ်နေတဲ့သူကိုနှိုး၊နှိုးပြီးတော့ကိုပြောတာ။

    (အဖေက ချက်တာပြုတ်တာ ဝါသနာပါတော့ မီးဖိုချောင်သုံးပစ္စည်းလေးတွေဝယ်တတ်တယ်။)

    အဖေကလေ ” မူးတာဘယ်ရောက်သွားမှန်းမသိတော့ပါဘူးကွာ” လို့ပြောရရှာတော့တာ။

    (အရက်သောက်ထားတဲ့သူထက် သွေးဆိုးတဲ့၊ဂျီကျတဲ့အမေ)

    ဝါတွင်းကျပြန်တော့ အဖေကလုံးဝမသောက်ဘဲ၊သတ်သတ်လွတ်စားသေးတာ။သိပ်သဘောကောင်းတဲ့အဖေ။

    ကျမကအဖေ့သ္မီး၊အဖေ့ကိုသိပ်ချစ်တာ။

    အမေ့ကိုတော့လေ၊အဖေမရှိတဲ့နောက်ပိုင်း မိန်းမသားပေမဲ့ သားသ္မီး ၅ ယောက်ကိုလူတန်းစေ့အောင် ထားနိုင်ဖို့ လှုပ်ရှားရုန်းကန်ရလို့ သိပ်သနားတာ။

    ဒါပေမဲ့ အမေကအဖေ့ကို သိပ်ဦးစားပေးတာပါ။အလုပ်အကိုင်အတွက်စကားပြောရင်တောင် အဖေ့ကိုဘဲရှေ့တန်းတင်တတ်တဲ့မိန်းမမျိုး။ အဖေအလုပ်အကိုင်မရှိတဲ့အချိန်ကလဲ မငြိုမငြင်ထားတဲ့မိန်းမမျိုး။

    တကယ်တော်တဲ့ကျမတို့အမေပါ။တစ်ခုဘဲ အဖေ့ဆီက အရက်နံ့နဲနဲရတာနဲ့ ရန်ဖြစ်ဖို့၊ဂျီကျဖို့ တာစူတတ်တော့တာ။

    (ကျမအသက်ကြီးလာတော့ အမေ့ကိုမေးကြည့်မိတယ်။ အဖေက အမေနဲ့ရမှအရက်သောက်တတ်တာလားလို့။အဲ့ဒီတော့” မဟုတ်ပါဘူးအေ၊လူပျိုထဲကသောက်တာပါ”တဲ့။

    ပြီးတော့ “အမေ့ကိုယူပြီးရင်မသောက်တော့ပါဘူး”လို့ပြောသတဲ့။ ငြိမ်းငြိမ်းတို့ပြောပြတာကတော့ “ညည်းအဖေမူးလာရင်တစ်လမ်းလုံးပြည့်အောင်လမ်းလျှောက်ပြီးဝင်လာတတ်တာ၊ ဒါပေမဲ့သိပ်သဘောကောင်းပြီးရန်မဖြစ်တတ်ဘူး”တဲ့။ ကျမလေ အော်ရယ်တာ၊ ယောကျာ်းစကားများယုံလို့အမေရယ် လို့တွေးမိသွားတာပါ။

    အမေပြောတဲ့ယောကျာ်းလေးပိုအရေးကြီးတယ်ဆိုတာဟုတ်မှာ။တကယ်တော့ အိမ်မှာဖူးဖူးမှုတ်ခံထားရတဲ့သားအငယ်ဆုံးအဖေဟာ နေ့တဓူဝသောက်စားခြင်းမရှိတော့တာ၊ အမေ့ရဲ့လိမ္မာပါးနပ်မှုတွေကြောင့်ပါ။

    အမေပြောတယ်လေ၊ ယောကျာ်းလေးဘယ်လောက်ဆိုးဆိုး၊မိန်းမကလိမ္မာရင်ဆွဲခေါ်နိုင်တယ်။ မိန်းမ မလိမ္မာတာရလို့များတော့ယောကျာ်းက အဝိဇိတောင်ကျနိုင်တယ်။”တဲ့။ ဆိုလိုတာကတော့ ယောကျာ်းဆိုတာမိန်းမက ဝတ်ချင်စားချင်၊လိုချင်ရမက်ကြီးရင် ဓါးပြလဲဖြစ်နိုင်တယ်၊သူခိုးလဲဖြစ်နိုင်တာမို့ပါ။

    မှတ်ချက်။ ။အမှတ်ရတာလေးတွေရေးတာမို့ဝေဖန်နိုင်ပါတယ်။