Blog

  • အေးချမ်းသာယာစေချင်

    အေးချမ်းသာယာစေချင်

    ဒေါ်မိအောင် Daw Mi Aung

    ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုက ကံအကျိုးပေးနဲ့ ဘဝပေးကုသိုလ်တွေပါ။ ချမ်းသာတယ်ဆိုပြီးမာန်မတက်လေနဲ့။ ဆင်းရဲ တယ်ဆိုပြီးလဲ ဝမ်းမနဲပါနဲ့။

    တချို့လူတွေက ချမ်းသာတဲ့ဒဏ်မခံနိုင်ကြဘဲပျက်ဆီးတတ်ကြသလို၊ တချို့သူတွေက ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ဘဲ ပျက်ဆီး တတ်ကြတာကို တွေ့မြင်ခဲ့ရဘူးလို့ပါ။ ဒါမျိုးကတော့ ” ကံ” နဲ့မဆိုင်တော့ပါဘူးလို့ ထင်မိတာပါဘဲ။

    သွန်သင်ဆုံးမတတ်တဲ့သူနဲ့အတူနေရတာရယ်၊ နာခံသူရဲ့ နာခံတတ်တဲ့ ခံယူမှုရယ်က ပိုအရေးကြီးလေသလားလို့ပါ။ ချွင်းချက် အနေနဲ့ကတော့ ပင်ကိုယ်ဗီဇလဲကောင်းဖို့လိုပါတယ်။

    အမေကအမြဲပြောတတ်တာလေးအမှတ်ရမိလို့ပါ။ “အိုးသည်ဆိုတာ အိုးကောင်းကောင်းသုံးချင်ရင် နာနာရိုက်ရတယ်၊ သားသ္မီး လဲ တတ်သိလိမ္မာစေချင်ရင် ကြုံလာသမျှကို သတိပေးဆုံးမရတယ်” တဲ့။ ဟုတ်မှာပါ။

    ဒါပေမဲ့၊ ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူတာမှန်ငြားသော်လည်း၊ ခေါင်းပေါင်းသားက မကောင်းရင်တော့လည်း၊ ဖွပ် သလောက်တော့ မဖြူနိုင်တာအမှန်ပါ။

    ခေတ်မှီတိုးတက်လာပြီဖြစ်တဲ့ ယနေ့ခေတ်အခါမှာတော့ မိဘနဲ့သားသ္မီးတွေ အလှမ်းဝေးနေသလိုပါဘဲ။ လက်ပွန်းတစ် တီးမရှိ ကြသလိုမို့။ ကျမတို့ငယ်စဥ်ကလို ၊ အဖေတစ်ယောက်အလုပ်လုပ်ရင် မိသားစုအားလုံးကို အပြည့်အစုံထား နိုင်တဲ့အခြေ အနေ မျိုးမဟုတ်ပြန်ပါဘူး။ အမေကပါ တဖက်တစ်လမ်းက အလုပ်လုပ်နိုင်ပါမှ နဲနဲအသက်ရှူချောင်နိုင်တဲ့ခေတ်ပါ။ သားသ္မီးကို အနီး ကပ်ဆုံးမနိုင်ဖို့ မဆိုထားနဲ့၊ သိတတ်ခါစကလေးကိုတောင် ညအိပ်ယာဝင်ပုံပြင်မပြောနိုင်ကြတော့ပါဘူး။

    ခုခေတ် ကလေးတွေကို ကျမအမြင်ကတော့ အစွန်းတစ်ဖက်စီရောက်နေကြသလိုပါဘဲ။ တချို့ကလေးတွေက တိုးတက်မှုကို တအားကြံဆကြိုးစားနေကြတဲ့အချိန်မှာ၊တချို့ကလေးတွေက ဘဝကို မျှောပစ်ပြီး ပျက်စီးကြောင်းတွေ ကိုဘဲအာရုံစိုက် နေ တတ်ကြပါတယ်။ ဆင်းရဲ ချမ်းသာ မရွေးပါဘဲ။ ဒါတွေကိုမြင်နေရတော့ အနာဂတ်လူငယ်လေးတွေကိုနှမျောမိတာပါ။ မိမိကိုယ် တိုင်က သိပ်တတ်၊ သိပ်တော်သူတော့ မဟုတ်ပေမဲ့၊ ကိုယ်က အသက်အရွယ်ရလာတဲ့အချိန်မှာ တွေးဆတတ်မိလာတာမို့။ ကိုယ့်နဲ့ရွယ်တူတွေ သိပ်ကိုအောင်မြင်နေတာမြင်ရတဲ့အခါ၊ ကိုယ်ကသူတို့လောက် မကြိုးစားခဲ့မိလေခြင်းဆိုတဲ့ “နောင်တ” ဟာ အချိန်လွန်မှသိရတာ။ (မနာလို၊ ဝန်တိုစိတ်နဲ့ လုံးဝမဟုတ်ပါဘူး။)

    ဥာဏ်လဲထက်နေတုန်းအချိန်လေးမှာ ကြိုးစားမှလဲ ပိုပြီးအောင်မြင်ကြမှာ။ ချမ်းသာဖို့ဆိုတာထက်၊ အတွေးအခေါ်မြင့် မားဖို့ ဆိုတာက ပိုပြီးအရေးကြီးသလားလို့ပါ။ တချို့ကလဲ ချမ်းသာဖို့ပိုအရေးကြီးတယ်လို့ယူဆကောင်း ယူဆကြပါလိမ့်မယ်။ အတွေးတွေ၊သဘောထားတွေဟာ အမျိုးမျိုးကွဲလွဲ နိုင်ကြတာမို့၊ သူတပါးကိုမထိခိုက်စေနိုင်တဲ့ အတွေးနဲ့ လုပ်ဆောင်ချက် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

    ဆင်းရဲလို့ ငွေကြေးမတတ်နိုင်လိို့ ပညာတောင်မသင်ကြရတဲ့ကလေးတွေလဲ ဒုနဲ့ဒေးပါဘဲ။ ဒါပေမဲ့ဆင်းရဲပေမဲ့ ကြိုးစားချင် စိတ်ရှိတဲ့ လူတချို့ လောကကြီးမှာအောင်မြင်ကျော်ကြားနေကြတာလဲအများကြီးပါဘဲ။ ဒါကြောင့် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇ အရည်အသွေးကသာ သူ့ ရဲ့အောင်မြင်မှုကိုဖြစ်စေမှာပါ။

    ချမ်းသာသူတချို့ကတော့ ငွေဂုဏ်မောက်ပြီး၊ ထင်ရာစိုင်းတတ်ကြတာမို့ ပျက်စီးစေတတ်တာတွေဟာလဲ၊ တရား သဘော နဲ့ကြည့်ရင် မမြဲတဲ့တရားတွေပါ။ ကျမတို့ငယ်ငယ်ကသင်ခဲ့ရတဲ့ကုဋေ ၈၀ သူဌေးသား လိုပါဘဲ။ ဘယ်လောက်ပင် ချမ်းသာ သော်လည်း စာပေမတတ် အသိပညာနုံနဲ ရင်တော့ ပျက်စီးကြရမှာမလွဲပါဘူး။

    ကျမတို့လို အလယ်အလတ်တန်းစားလူမျိုးတွေအဖို့တော့ နေတတ်ရင်ကြေနပ်စရာချည်းပါဘဲ။ မချမ်းသာချင်တဲ့ လူတော့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ချမ်းသာပြီး၊ ” ကြောင့်ကြမှု “တွေနဲ့စိတ်ပင်ပမ်းနေရတာထက်စာရင်၊ အေးချမ်းတဲ့ဘဝလေးက ပိုပြီး သာယာပါလိမ့်မယ်။

    ကျမကတော့လေ ခုလက်ရှိနေရတဲ့ အခြေအနေထက်၊ ကြည့်မြင်တိုင်မှာနေခဲ့ရတဲ့ မောင်နှမ (အကြီး) သုံးယောက် ရုန်းကန် လှုပ်ရှားရင်းနဲ့ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ခဲ့ရတာလေးကိုဘဲ တမ်းတနေမိတာပါ။

    ခေတ်မှီတိုးတက်လာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် တစ်မိုးအောက်ထဲနေပြီး “ဝေး” နေကြရတာတော့ သိပ်ကို ဝမ်း နည်းစရာကောင်လွန်းလှပါတယ်။

    ချမ်းသာဖို့ဘဲ အာရုံစိုက်နေကြပြီး၊ ငွေ – ငွေဆိုတဲ့နောက်ကို အတင်းလိုက်နေကြရတော့ မိသားစုဆိုတာက နောက်ရောက် နေ တတ်ကြတာမို့ ချမ်းသာတဲ့သားသ္မီးတချို့ ပျက်ဆီးခြင်းမက ပျက်ဆီးနေကြတာ ဝမ်းနည်းစရာပါ။

    အတွေးလေးတွေ မှန်ပြီး မိသားစုနွေးထွေးနိုင်ကြပါစေ။

    သောက ကင်းဝေးကြပါစေ။

  • ပျော် မော လေး

    ပျော် မော လေး

    ဒေါ်မိအောင် Daw Mi Aung

    လူတွေကပြောတတ်ကြတယ်။ ” စုန်ရေ” ဘဲရှိတယ်။ “ဆန်ရေ” ဆိုတာမရှိဘူးတဲ့။ ကျမ အမုန်းဆုံးစကားပါဘဲ။ ကျမတို့မိ ဘတွေက ကျမတို့ကို ကျွေးမွေးပြုစုခဲ့တာ၊ ဘာတွေမှ ပြန်ရဖို့ကို မမျှော်ကိုးခဲ့ဘူးဆိုတာ သိနေလို့ပါဘဲ။ သားသ္မီးဆိုတာကတော့ မိဘက ပေးတာယူ၊ ကျွေးတာစား ဆိုတာကတော့ သဘာဝတရားပါ။

    အချိန်တန် အရွယ်ရောက်၊အတောင်အလက်စုံလို့ လူလားမြောက်လာကြရင်တော့လဲ သူတို့လဲ သူတို့လမ်းကိုသူ တို့လျှောက် ကြမှာပေါ့လေ။ ကျမတို့မိဘတွေလဲ ဒီလမ်းကိုဘဲလျှောက်ခဲ့ကြတာမို့၊ ပိုလို့မထူးဆန်းလောက်ပါဘူးနော်။

    ဒီခေတ်ကြီးထဲမှာ တချို့လဲ အိမ်ထောင်ပြုကြလို့ ကိုယ့်မိသားစုအတွက်ရုန်းကန်ကြရင်းနဲ့ မိဘဆီကို ခြေဦးမလှည့်နိုင်တာလဲ ရှိကောင်းရှိပါလိမ့်မယ်။ သူ့မိသားစုမှာမှ မနဲကိုဘဲ၊မလောက်ငှလို့ ကြိုးစားရှာဖွေနေကြရရင်၊ ဘယ်လိုလုပ်ပြီး မိဘညီ အစ်ကို မောင်နှမဘက်ကို ငဲ့စောင်းလို့ကြည့်နိုင်ပါ့မလဲ။

    ကျမကို နိုင်ငံခြားသားမိတ်ဆွေ တစ်ယောက်ကပြောဘူးပါတယ်။ သူက ကျမကိုမိသားစုအကြောင်းမေးတဲ့အခါကြတော့၊ ကျမမှာ “အမေ၊ ညီမ ၂ ယောက်၊ မောင်၂ ယောက်နဲ့ ကျမအပါအဝင် မိသားစု ၆ ယောက်ရှိတယ်” လို့​ ပြန်ပြောလိုက်ပါတယ်။ သူက “No, it’s not your real family. Your mother’s family. ” လို့ပြောခဲ့တာ။ ခု အသက်ကြီးလာမှ သူပြောတာမှန်ပါလားလို့ တွေးမိ တာပါ။

    မိဘရင်ခွင်ကခွါပြီး အိမ်ထောင်ပြုသွားသူတွေကလည်း၊ မိဘညီအစ်ကိုမောင်နှမကို မချစ်လို့တော့ မဟုတ်ပါဘူး။ ချစ်ကြပါ လိမ့် မယ်။ ဒါပေမဲ့ ၊ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးတဲ့အချိန်အခါမျိုးမှာတော့သူတို့ရဲ့မိသားစုသည်သာ သူတို့အတွက် အရေး အကြီးဆုံးဖြစ်ပါလိမ့်မယ်။ အပြစ်ပြောလို့ဘယ်ရပါမလဲ။ အိမ်ထောင်ပြုသွားတဲ့သားသ္မီးက ပြည့်စုံကြွယ်ဝနေပါရက်နဲ့ မိဘ ကို ပြန်လှည့်မကြည့်ဘူးဆိုရင်တော့ အပြစ်အကြီးကြီးဖြစ်သွားတယ်လို့၊ ကျမခံစားမိတာပါ။ ဒါတောင်မှ သူတို့ပြည့်စုံဖို့၊ သူ့သားသ္မီး ပြည့်စုံဖို့ကို နေ့မအား၊ ညမနားသာ အလုပ်နဲ့နပမ်းလုံးနေရရင် မိဘဆီ ပြန်လှည့်နိုင်ဖို့ဝေးပါလိမ့်မယ်။ ဒါပေမဲ့လို့ သားသ္မီးတွေ အနေနဲ့ မိဘအတွက် နဲနဲလေးဖြစ်ဖြစ် အချိန်ပေးမိကြရင်တော့၊ ဒီ “ဆန်ရေ”ကိစ္စလေးဟာ နဲနဲများအဆင်ပြေသွားမလားလို့ပါ။ မိဘဆိုတာကတော့ သားသ္မီးကို ဘာမျှော်လင့်ချက်နဲ့မှ ကျွေးမွေးပြုစုခဲ့တာမဟုတ်ဘူးဆိုတာကိုတော့၊ ကိုယ်လဲ ကိုယ့်ထက် အငယ်တွေကို မိဘနေရာကနေ စောင့်ရှောက်ခဲ့တာမို့ သိသင့်သလောက်သိပါတယ်။ နောက်ပြီး အိမ်ထောင်ပြုသွား သူ ကလေး တွေအနေနဲ့ကလည်း သူတို့ရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့၊ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ တို့ကလည်း “ဘက်မျှ” ဦးပါမှ။

    (တကယ်စဥ်းစားကြည့်ရင် အတော်ကို နက်နဲတာမို့၊ ကာယကံရှင်ကလွဲလို့၊ ဘယ်သူမှ မသိနားမလည်နိုင်တဲ့ အရေးကိစ္စတွေပါ။)

    လူပျိုအပျို လူလွတ်တွေအဖို့ကတော့ မိဘနဲ့အတူနေ အတူစားပြီး၊နေထိုင်ရင်းနဲ့ မိဘကို အရေးမစိုက် မကျွေး မမွေးဘဲ၊ စောင်းငဲ့လို့မကြည့်ဘူးဆိုရင်တော့ အပြစ်ပေါ့လေ။

    မိဘက ပညာတွေသင်ပေးခဲ့လို့ အလုပ်အကိုင်တွေရ၊ အိမ်ထောင်လဲမပြုပါဘဲနဲ့ မိဘကိုကျွေးရမှန်းမသိတဲ့သားသ္မီးမျိုးတွေလဲ မြင်ဘူးခဲ့တာပါ။ သူ့အကြောင်းနဲ့သူပါဘဲလေ။ ဒီလိုမျိုးတွေ ကိုယ်မလုပ်မိဖို့နဲ့၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားတတ်ဖို့သာဘဲ အရေးကြီးပါတယ်။

    ကျမကတော့ ကိုယ်က အစ်မအကြီးဆုံးဖြစ်တာမို့၊ ကိုယ်နိုင်တဲ့ “ဝန်” ကို တတ်နိုင်သရွေ့ ပြည့်စုံအောင် လုပ်ပေးလိုက်တာပါဘဲ။ “ငါ့ကို သူတို့ပြန်ကြည့်ပါ့မလား”ဆိုတဲ့အတွေးမျိုး တခါဘူးမျှ မတွေးဘူးတာပါ။ ကျမအနေနဲ့ကတော့ “စုန်” လဲ စုန်ခဲ့ဘူးပြီး၊ “အဆန်” ကိုလဲ မငြီးမငြူ “ဆန်”ခဲ့တာမို့ ။ တချို့ကတော့ မိဘဆီမှာ ရစရာရှိတဲ့ “အမွေ” ဆိုတာကိုမျှော်ကိုးရင်းနဲ့ ၊ မိဘရဲ့ဝန်ကို မကြိုက်လဲထမ်း၊ကြိုက်လဲထမ်း ဆိုတဲ့လူမျိုးတွေလဲ တွေ့ ခဲ့ဘူးပါရဲ့။ တွေးကြည့်ရင်တော့ အကြောင်းအကျိုးတွေချည်းပါဘဲ။

    ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ အားလုံးဟာ “ကံ” အတိုင်းဖြစ်လာတာလို့သာတွေးမိရင် – – – – –

    “စုန်ရေ”ကို မျှောခဲ့တယ်ဆိုတာလဲ မလွယ်လှပါဘူး။ကြိုးစားပြီး အားမာန်အပြည့်နဲ့ရုန်းခဲ့ရတာပါ။၊ “ဆန်ရေ”ကိုလဲ မမောတမ်း ပျော်ပျော်ပါးပါး ရုန်းခဲ့ရတာပါ ဘဲလေ – – – -။

    ဆန်လာမဲ့”ဆန်ရေ”ဆိုတာကိုသာ၊ မမျှော်လင့်ဘဲနေနိုင်ကြရင်တော့ စိတ်ချမ်းသာကြရမှာပါဘဲ။

    ဘဝမှာ အစုန်၊ အဆန် သွားခဲ့ရတာလဲ၊ တွေးကြည့်ရင်တော့ ဘဝခရီးမို့ အတက်အကျနဲ့ပျော်စရာပါဘဲ။

  • အတွေး – ၂

    အတွေး – ၂

    ဒေါ်မိအောင် Daw Mi Aung

    လူ့ဘဝ တိုတိုလေးကို ရလာကထဲကရုန်းကန်လိုက်ကြရတာ၊ နားရတဲ့အချိန်ကိုမရှိသလောက်ပါဘဲ။ ရုပ်ခန္ဓာကြီးက နားနေကြ ရင်လဲ၊ စိတ်ကမှမနားရပါဘဲလား။

    စိတ်ကမနားရတာများ၊ ထိုင်ရင်း အိပ်ရင်းနဲ့ကို “အတွေး” တစ်ခုဝင်လာလိုက်ရင်လေ၊ အိပ်လို့ကိုမပျော်တော့တဲ့ အခြေအနေပါ။ အတော်ဆိုးတာပါလား။ ပိုက်ဆံတွေရှိတဲ့သူ၊ကျိကျိတက်ချမ်းသာတဲ့သူတွေက ရှိတာလေးပျောက်ပျက်သွားမှာစိုးရိမ်တဲ့ “သော က”၊ မရှိတဲ့သူတွေက တို့ရဲ့နက်ဖန်ကို ဘယ်လိုရှာဖွေစားသောက်ကြရမလဲဆိုတဲ့ “သောက’။ ဘာများကောင်းတာရှိလို့လဲ။ “သောက’ဆိုတဲ့အပူတွေရင်ထဲမှာ ပိုက်ထားကြရတာ။

    ကျမ ခပ်ငယ်ငယ်က နေစရာ၊ စားစရာ ထိုက်သင့်သလိုရှိတဲ့ လူတစ်ယောက်ကပြောဘူးပါတယ်။ “ခုချိန်မှာတော့ လက်ထဲမှာ ရှိတဲ့ပိုက်ဆံ၊ ရင်းနှီးမြှုပ်နှံထားတဲ့ဆီကရလာမည့် ငွေတိုးလေးနဲ့ စားဝတ်နေရေးအဆင်ပြေနေပေမဲ့၊ နောက်လာမည့် ဆယ်နှစ် တန်သည်၊ ဆယ့်ငါးနှစ်တန်သည် အချိန်တစ်ခုရောက်လို့ တက်လာမည့်ကုန်စျေးနှုန်း၊ ကြီးမြင့်လာမည့် လူနေမှုစရိတ်စ သည်တို့ နှင့်မလောက်ငှရင်တော့ သေပစ်လိုက်မယ်” ဆိုတာမို့။ ဒါပေမဲ့ အဲ့ဒီအချိန်မတိုင်မီ မှာဘဲ၊ လောကကြီးကို ကျောခိုင်းသွားရတာမျိုး ကို မြင်ခဲ့တွေခဲ့ရဘူးပါတယ်။ (သေချင်တိုင်းသေလို့၊ နေချင်တိုင်းနေလို့မှမရတာကိုတော့ ထည့်မတွက်မိကြတာ။)

    “နောင်ရေး”ဆိုတာမျိုးက တွေးရမယ်၊ထိုက်သင့်သလောက်စီစဥ်ထားရမှာ မှန်ပါတယ်။ သို့ပေမဲ့ အလွန်အကျူး ပူပန်မှုမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်မိလို့ပါ။ ကျမတို့မောင်နှမတွေဆိုရင် အဖေက ငယ်ကထဲက ဆုံးပါးသွားတာပါ။ အဖေလဲ မိသားစုရဲ့ ရှေ့ရေး ကိုစဥ်းစားကောင်းစဥ်းစားခဲ့ပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်ချိန်ကိုမရရှိခဲ့ဘဲ လူမမယ်သားသ္မီးတွေကိုထားခဲ့ပြီး၊ လောကကြီး က ထွက်သွားရတာပါ။ ကျမ၇တန်းရောက်တဲ့နှစ်က မိတ်ဆွေတစ်ယောက် နိုင်ခြားကပါလာတဲ့ ဇာလုံချည်လေးကို “ငါ့သ္မီး ဘွဲ့ယူ ရင်ဝတ်ဖို့” ဆိုပြီးဝယ်ပေးခဲ့တာလေးတစ်ခုဘဲ “အမွေ”ပေးနိုင်ခဲ့တာပါ။ (စီးပွါးဥစ္စာတော့ အသင့်အတင့်ရှာပေးခဲ့တာပေါ့လေ။)

    ခုလဲ ကိုယ့်မျက်စေ့ရှေ့မှာမြင်နေရတာ၊ နားထဲမှာကြားနေရတာတွေ အတွက် အပူမရှိအပူရှာသောက များမိနေတာမို့၊ ကိုယ်ရေး တာလေးဖတ်မိပြီး၊ စဥ်းစားဆင်ချင်မိကြလေမလားလို့။ (မနေတတ် မထိုင်တတ်၊ အပူ ရှာမိတဲ့သူကကျမဖြစ်နေပါလား။)

    လူတချို့က ငါ့အသက် ဘယ်အရွယ်အထိနေရရင်၊ ခုရှာထားတဲ့ပစ္စည်းဥစ္စာနဲ့ဆိုရင်တော့ ကြောင့်ကြစရာ၊ပူပ န်စရာမလိုဘူး လို့ဘဲ တွေးတတ်ကြပါတယ်။

    သက်တမ်းနဲ့တွေးရင်တော့လဲဟုတ်တာပေါ့လေ

    ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ၊ နေ့မြင်ညပျောက် ဆိုတာလေးကို မေ့နေကြမှာစိုးရိမ်မိလို့ပါ။

    အဲ့ဒါကြောင့် မိမိ လုပ်သင့်တာကို နေ့ညမစိုင်းဘဲလုပ်သင့်တာကိုလုပ်ထားကြရင်ကောင်းမလားလို့ တွေးမိတာ။

    ဘာမဆို ဖြစ်ချင်တိုင်းဖြစ်ခွင့်မှမရှိတာဘဲ။တရားတွေ သိပ်သိနေတယ်လို့မဟုတ်ပေမဲ့ ကိုယ်ရပ်တည်ခဲ့ရတဲ့ ဘဝနဲ့ အတွေ့ အကြုံလေးအရပါ။ ကျမတို့ရဲ့ ပညာရှိအမေရဲ့ အတွေးမှန်ခဲ့လ်ို့သာ လူ့လောကမှာရပ်တည်နိုင်ခဲ့တာပါ။”အမေက ပညာအမွေ ဘဲပေးနိုင်မယ်၊ ရအောင်ယူကြ” ဆိုလို့သာ၊ စီးပွါးဥစ္စာဆိုတာ မြဲခြင်းမှမရှိတာလေ။

    လူတွေဟာ အတွက်အချက်နဲ့နေထိုင်ကြတာပေမဲ့၊ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်ဘူးဆိုတာကိုတော့အမှတ်မထားမိဘဲ မေ့နေ ကြ တယ် ထင်ပါရဲ့။

    နောက်ပြီး၊ အမေပြောဘူးတယ်။ “သိပ်မပူပါနဲ့သ္မီးရယ် ၊”တရား”ကကျွေးပါလိမ့်မယ်”ဆိုတာလဲ ဟုတ်မှာလို့။ ကျမရဲ့အမေမှာ ဝင်ငွေလဲမရှိ၊ ပစ္စည်းဥစ္စာလဲ သိမ်းဆည်းထားတာမရှိခဲ့ပေမဲ့၊ အသက်( ၉၆ )နှစ် ကွယ်လွန်ချိန်အထိ၊ ကြောင့်ကြောင့်ကျကျ မနေခဲ့ရပါဘူး။ ကျွေးမည့်သားသ္မီးတွေ ရှိလို့ရယ်မဟုတ်ပါဘူး။ လူဆိုတာ သူ့ကံနဲ့သူမို့၊ ငါ့မှာကြည့်ရှုမည့်သားသ္မီးမှ မရှိတာ ဆိုတဲ့ “အတွေး” ကိုလွှင့်သာပစ်လိုက်ကြပါလို့။

    စေတနာကောင်းရင် ကံကောင်းပါတယ် – – – –

    မမြဲသောသဘောကို ဆင်ချင်ရင်းနဲ့ – – – –

    “သောက”တွေကင်းကြပါစေ။ ။

  • ပန်းပျိုးသူ

    ပန်းပျိုးသူ

    ဒေါ် မိအောင် Daw Mi Aung

    ဆိတ်ဖလူးပန်းပင်လေးလိုချင်လွန်းလို့ စျေးကနေ အပင်ပေါက်လေးကို ၇၀၀ကျပ်ပေးပြီးဝယ်လာခဲ့တာ။ အပင်ကတစ်တောင် လောက်ဘဲရှိတာလေ။ စိုက်ဖို့နေရာရွေးရင်းနဲ့ အိမ်ရှေ့မှာချထားမိတာ၊ ကြက်က လာပြီးဆိတ်လို့ ၊ စိတ်တိုပြီးတွေ့တာနဲ့ ကောက် ပေါက်ပစ်လိုက်တာပေါ့။ တဒင်္ဂစိတ်မထိန်းနိုင်တာလေ။ ကြက်ဆိုတဲ့အမျိုးကလဲ မျက်စိလျင်ပါ့။ ပြေးလိုက်တာ တန်းနေ ရောဘဲ။

    ခုတော့ သူ့ကိုနေရာတကျစိုက်ထားတာ ၇ပေလောက်တောင်ရှိနေပြီး၊ အခက်အလက်တွေဝေဝေဆာဆာနဲ့။ သူများတွေဆီမှာ ဆိတ်ဖလူးပန်းတွေ ပွင့်ပြီး ကြွေကျနေတာများ ကောက်လို့တောင်မနိုင်ဘူးဆိုတော့၊ မနက်တိုင်း သွားကြည့်ရတာအမောပါဘဲ။ တကယ့်ကို “မျှော်တော်ယောင်”ပါ။

    အမေ့ရဲ့သရက်ပင်တွေကြီးလာတော့လဲ၊ဒီလိုပါဘဲ။ အမေက သရက်ပင်အတော်ကြီးလာတဲ့အထိ ရေလောင်းစိုက်ခဲ့ရရှာတာ။ အမေကစိုက်ထားတယ်ဆိုတော့လဲ၊ ကျမကလမ်းသွားရင်းနဲ့ သရက်ပင်မြင်တိုင်း မော့ကြည့်မိပြန်ရော။ သူများအပင်တွေမှာ သရက်တွေဖူးပြီဆိုရင်၊ အိမ်ပြန်ရောက်တာနဲ့ ကိုယ့်အိမ်က အပင်ကို မော့ မော့ပြီးကြည့်ရတာ၊ ဇက်တောင်နာပါတယ်ဆို။ အဲ့ဒါကို တွေးကြည့်တော့ လူဆိုတာ မနာလိုစိတ် အနည်း နဲ့ အများဆိုသလို ရှိတတ်ကြမှာပါလားလို့ပါ။ သူများအပင်ဖူးတာ ကိုတွေ့တာနဲ့ ငါတို့ရဲ့အပင်လေးရော ဖူးမှဖူးသေးရဲ့လားလို့ ယှဥ်ကြည့်မိတာကိုက “ပြိုင်ချင်ဆိုင်ချင်” တတ် တာမဟုတ်ပါလား။

    သရက်သီးလေးတွေသီးလာပြန်တော့လဲ၊ ကြီးစေချင်လှပြီ။ သရက်သီးအကင်းလေးတွေ ကြွေပြန်တော့လဲ အိပ်ယာကနိုးတာနဲ့ ကောက်ဖို့အလုပ်ပိုတစ်ခုတိုးပြန်ရော။ ကောက်ပြီးရင်လဲ ဟိုပေးချင် ဒီပေးချင်နဲ့ရှုပ်ရှက်ကိုခတ်နေတော့တာပါဘဲ။ သရက်သီး တွေကြီးလာပြန်တော့လဲ၊ အပင်ကကြီးတော့ ခူးလို့ကမမှီ၊ ခူးဖို့လူခေါ်ရ၊ ခူးပြီးတော့ သိမ်းရ၊ မှည့်အောင် ကုက္ကိုရွက်၊ ပိတောက် ရွက်တွေခူးပြီးအုပ်ရနဲ့။ မှည့်ပြန်တော့ အမျိုးတွေ၊မိတ်ဆွေတွေပေးချင်နဲ့။

    လူတွေများ ရှင်းအောင်ကိုမနေတတ်ကြပါလား၊ တော်တော်အရှုပ်ကြိုက်ကြတာဘဲ။

    “သရက်သီးဘဲ ဝယ်စားနိုင်ကြပါတယ်အမေရယ်” လို့ပြောမိတဲ့အခါများ၊ “မတူဘူးလေအေ၊ ဒီအသီးက ဆေးတို့ပြီး မှည့်တာ မဟုတ်ဘူး၊ ပိုကောင်းတယ်” တဲ့လေ။ ကိုယ့်ပစ္စည်းမှ ပိုကောင်းတယ် ဆိုတဲ့ “အစွဲ”လေးတွေပေါ့လေ။

    ပစ္စည်းလေးတောင် ကိုယ့်ပစ္စည်းမှပိုကောင်းတယ်ထင်တတ်ကြရင်၊ ကိုယ့်သားသ္မီးဆိုရင်ပိုဆိုးတော့မှာပေါ့နော်။ သူများထက် ပိုကောင်းစေချင်၊တော်စေ တတ်စေချင်တာမိဘတိုင်းပါဘဲ။ကောင်းတာလေးမှလဲစားစေ့ချင်ကြတာပါ။

    မိဘဆိုလို့ ဟိုးလွန်ခဲ့တဲ့အနှစ် (၃၀) ကျော်လောက်ကိုစိတ်က ပြန်တွေးမိသွားတာလေးပါ။ စနေ၊ တနင်္ဂနွေလိုနေ့မျိုး ဆိုသူငယ် ချင်းတွေက ကျမရဲ့အိမ်မှာဆုံကြတာများပါတယ်။ သူတို့ကလေ “မိအောင် ချက်တာမှစားကောင်းတယ်” ဆိုတော့လဲ အမြှောက် ကြိုက်တဲ့ကျမက ချက်ရပြုတ်ရတာပေါ့။ များများစားစား အကောင်းစားချည်းမဟုတ်ပါဘူး။ မုန်လာဥချဥ်းရေဟင်း လေးကိုနံနံ ပင်လေးအုပ်လို့၊ ငပိရည်လေးဖျော်လို့၊ ငါးကြင်းခပ်ရွယ်ရွယ်လေးတစ်ကောင်ကိုကြော်ပြီး၊ အာလူးလေးလဲလေးစိတ်စိပ်ပြီးကြော်၊ ကြက်သွန်အကွင်းလိုက်၊ခရမ်းချဥ်သီးအကွင်းလိုက်လေးနဲ့ငါးကြင်းကြော်နဲ့ရောသမလိုက်တာပါ။ (ဟင်းပွါးသွားအောင် အကြံ အဖန်လုပ်ရတာလေ။ အဲ့ဒီအချိန်က “ဝန်ထမ်းဘဝ”မို့ပါ။ ကျွေးလဲကျွေးချင်၊ အကုန်အကျလဲသက်သာ၊ စားလဲစား ကောင်း ရအောင်။)

    နုနုတို့ မစိန်ရည်တို့က ကလေးတွေတောင် အတော်ကြီးနေကြပါပြီ။ များသောအားဖြင့်တော့ နုနုက သားသားနဲ့မီးမီးကိုပါ ခေါ် လာတတ်တာ။ သူက သူ့ကလေးတွေကိုဘယ်သူနဲ့မှစိတ်မချရှာဘူး။ တကယ့်ကို “တော်ဝင်”တဲ့မိန်းမ၊ သားသ္မီးကိုသိပ်ဂရု စိုက် တဲ့မိန်းမပါ။ (သူငယ်ချင်းနုနုအတွက် အမြဲ ဂုဏ်ယူရပါတယ်။)

    ကျမက “သားတို့စားကောင်းရဲ့လား “လို့မေးရင် ကလေးတွေကရယ်ပြတတ်ပါတယ်။ နောက်တော့မှ “စားကောင်းပါတယ် အန်တီ၊ မေမေရှေ့မှာ စားကောင်းတယ်ပြောရင်၊ အဲ့ဒီဟင်းဘဲ အမြဲချက်ကျွေးမှာစိုးလို ပြန်မပြောတာပါ” တဲ့လေ။ ကျမလေ ရယ်လိုက်ရတာ။ ခုတော့ ပြန်တွေးမိပါတယ်။ ဒါလဲ သားသ္မီးအပေါ်ထားတဲ့ “အမေ့မေတ္တာအနန္တပါလား” လို့။

    မစိန်ရည်ရဲ့ သားနှစ်ယောက်ဆိုလဲ ကျမတို့ကချစ်ရတာပါဘဲ။ သက်မင်းဇော်နဲ့ရဲမာန်လေး ၂ယောက်လုံးကိုပါ။ ကိုလှမင်းနဲ့မစိန် ရည်ကတော့ကလေးတွေကို “ကိုယ့်အားကိုယ်ကိုး”တတ်အောင်ထားတတ်တဲ့မိဘမျိုးလို့ဆိုရမှာပေါ့။ ကျမတို့အိမ်ကို လာတဲ့ အခါ၊ သား၂ယောက်ကို သူတို့အဖွားနဲ့ဘဲထားခဲ့တတ်တာ။ ဒါပေမဲ့ သက်မင်းဇော်လေးငယ်ငယ်က ကျမရဲ့မွေးနေ့မို့ အိမ်မှာ ခေါက်ဆွဲကြော်ကျွေးတာ။ စားကြဖို့စားပွဲကခင်းထားပြီး၊ ကျမက ဟင်းချိုပန်းကန်ကိုစားပွဲပေါ်တင်ထားတယ်။ “မစိန်ရည်ရေ ကလေးကိုကြည့်နော်လို့”ပြောပြီး အိမ်ထဲဝင်ခါရှိသေးတယ် ကလေးက စားပွဲပေါ်တက်လိုက်ပါလိမ့်မယ်၊ ဟင်းရည်ပူတွေ လောင် သွားတာ၊ ကျမလေ လန့်လဲလန့်၊စိတ်လဲပူနဲ့ ဘာလုပ်ရမှန်းကိုမသိတော့တာ။ အမယ်လေး မမနဲ့ ကိုယ်တော်ချောက သတင်းစာ ကြည့်နေတာကိုး။ နောက်တော့မှ ကလေးကိုချီပြီး၊ အိမ်ပြန်ပြေးကြတာ။ ကြီးကြီးမားမား ဘာမှဖြစ်မသွားဘူးဆိုတာတောင် ကလေးမှာ အနာရွတ်တော့ထင်သွားရှာတာ။ကလေးကို တခါလေးခေါ်လာပါတယ်။ (အမေဆို သိပ်ကိုစိတ်ဆိုးတာ၊ သူကလဲ သားသ္မီးကို ပိုးမွေးသလိုမွေးတတ်တာမို့။)

    ကျမရဲ့သူငယ်ချင်းနှစ်ယောက်က တစ်ယောက်တစ်မျိုးစီပါဆို။ နုနု သားသ္မီးကိုထိန်းကျောင်းပုံနဲ့ မစိန်ရည်ထိန်းကျောင်းပုံ မတူ တာကိုပြောတာပါ။ ဒါပေမဲ့ ကလေးတွေအားလုံးက လိမ္မာကြရှာတော့ မိဘတွေ ရင်အေးကြရတာပေါ့။

    ခု ပြန်တွေးမိတော့လဲ ရယ်စရာတွေချည်းပါဘဲ။

    အပင်လေးတွေလဲ အတူတူပါဘဲ။ ဂရုစိုက်လိုက်ကြရတာ။ ကြက်ဆိတ်မှာစိုးရိမ်ရတာနဲ့၊ လူခူးမှာစိုးရိမ်ရတာနဲ့ အရိပ်တကြည့် ကြည့်နေလာကြရတာ။ သူငယ်ချင်းတွေ သားသ္မီးမွေးထားသလိုပါဘဲလားလို့ နှိုင်းယှဥ်ပြီးတွေးမိသွားတာပါ။

    အနှစ်နှစ်အလလပြုစုပျိုးထောင်လာလိုက်ရတာ။ ဟိုရှေ့ရက်တွေက လေတွေတိုက်လို့ သစ်ကိုင်းတွေအိမ်ပေါ်ကျတာနဲ့၊ အပင် တွေခုတ်ပစ်လိုက်ရတာနှမျောလိုက်တာ။ ကျမအိမ်က အပင်တွေဆို ၂၈နှစ်နီးပါး ဂရုတစိုက် ပြုစုခဲ့ရတာပါ။ ခုတ်ပစ်လိုက်တော့ လဲ တစ်မနက်နဲ့ကုန်သွားတာပါလား။

    အော် ပျိုးထောင်ခဲ့ရတာကအနှစ်နှစ်အလလ၊ဖျက်ဆီးပစ်လိုက်တော့ တစ်ခဏပါလား။ ။

    တွေးကြည့်ဘူးကြပါရဲ့လားလို့ – – – – –

  • လူဆိုး

    လူဆိုး

    ဒေါ်မိအောင် Daw Mi Aung

    P I C မှာ၁၉၇၈ ခုနှစ်၊ မေလ( ၂ )ရက်နေ့မှာစပြီးအလုပ်ဝင်ခဲ့ပါတယ်။ ရပ်ဆွေရပ်မျိုးဖြစ်တဲ့ ဦးလေး ဦးသိမ်းဖေရဲ့ ထောက်ခံချက် နဲ့ အလုပ်ရခဲ့ရတာပါ။ (ရေနံဓါတုဗေဒလုပ်ငန်း ကော်ပိုရေးရှင်း၊ Petrochemical Industry Corporation.) ရေနံရုံးတို့ အခွန် ရုံးတို့ဆိုတာ လူခံမရှိရင် အလုပ်ဝင်လို့မရတာမို့ ဦးလေးကိုကျေးဇူးတင်လို့မဆုံးပါဘူး။

    ပထမဦးဆုံး ရေနံဓါတု-စီမံရေးဌာနရဲ့ ပြည်တွင်းဝယ်ယူရေးဌာနမှာပါ။ ကနဦးဆရာကတော့ ဌာနမှူး ဦးအောင်မြင့်ပါဘဲ။ အလွန်သဘောကောင်းတာမို့ သူ့ဌာနကလူတွေက သိပ်မကြောက်ကြပါဘူး။ အလုပ်စတက်တဲ့နေ့ကတော့ သိတဲ့သူမရှိလို့ ယောင်ချာချာနဲ့ ဒီနေရာမှာထိုင်ဆိုလို့သာ စားပွဲကုလားထိုင်နဲ့ထိုင်နေလိုက်ရတယ်၊ အတော်ကိုအူကြောင်ကြောင်နိုင်တာပါဘဲ။ ၁၀ နာရီလောက်ရောက်တော့ ကျမစားပွဲရှေ့ကခုံကိုအစ်မတစ်ယောက် ရောက်လာလို့ ကြည့်လိုက်တဲ့အခါ၊ “ထခုန်မိမ တတ်” ကိုပျော်သွားရပါတယ်။ “အားကိုးရာ”တွေ့သွားတဲ့ကလေးလိုပါဘဲ။ St.Philomena’s က စီနီယာမမ Kathleen Than (ဒေါ်သန်းသန်းအေး) ရယ်ပေါ့။ အစ်မက ဖေးဖေးမမ သင်ပေးခဲ့၊ စောင့်ရှောက်ခဲ့တာပါ။

    ကျမကိုဌာနမှူးက ဒေါ်ခင်မိမိအောင်လို့ခေါ်လိုက်တော့၊ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ဘူးတာ “ဒေါ် ” တပ်ပြီးခေါ်လိုက်လို့ပါ။ ကျောင်းပြီးခါစ ကလေးတွေးမို့ ရယ်စရာကြီးဖြစ်နေမိရပါတယ်။ စာရွက်တစ်ထပ်၊ ခဲတံတစ်ချောင်းနဲ့ မျဥ်းလုံးတစ်ခုပေးပြီး၊ မျဥ်းကြောင်းတားခိုင်းတာဆိုတော့၊ အမယ်လေးတော်၊ လူကိုနှိမ်လိုက်တာလို့အောက်မေ့မိတာပါဘဲ။ တကယ်တော့ မျဥ်းလုံး နဲ့ညီအောင်တားတာလဲ မလွယ်လှတာမို့ ပညာတစ်ခု အသင်ခံလိုက်ရတာပါ။ စာရေးမအသစ်ချပ်ချွတ်၊ ရုံးကို ရောက်စမှာဘာ လုပ်တတ်မှာလိုက်လို့။ ခုမှနားလည်မိတာ၊ မူကြိုကလေးကို ခဲတံနဲ့စာအုပ်ပေးပြီး၊ ဝလုံးဖြစ်ပြီးရော ရေးခိုင်းသလိုပါလားလို့။

    တစ်ပါတ်လောက်နေတော့မှ ဖိုင်လေးတွေ တွဲပုံနဲ့ ပစ္စည်းအမှာစာလေးတွေကို သင်ရေးလေး၊ရေးခိုင်းတာပါ။ အလုပ်ရဲ့လက်ဦး ဆရာပါဘဲ။ ကိုယ့်ဌာနနဲ့မဆိုင်တဲ့အလုပ် လာခိုင်းလို့ကတော့ မမKathleen က လုပ်ပေးစရာမလိုဘူး၊ ထားလိုက်လို့ ပြောပြီး၊ ခပ်တည်တည်နဲ့ “မိမိ မလုပ်ပေးနဲ့” လို့ပြောတာမှတ်မိနေပါသေးတယ်။

    အလုပ်စဝင်တော့ တစ်နေ့၅ကျပ်ပြား၄၀နဲ့ နေ့စားလရှင်း လုပ်ခဲ့ရတာ။ တစ်နှစ်နီးပါးကြာတော့မှ တစ်လကို ၁၈၅ကျပ် ဖြစ်သွား တာ။ ဒါပေမဲ့ အဲ့ဒီအချိန်က ညီအစ်မ ၂ယောက် ရတဲ့ပိုက်ဆံလေးနဲ့ မောင်လေး၂ယောက်နဲ့ညီမလေးကို ကျောင်းထား နိုင်ခဲ့ ပါ တယ်။ နေ့လည်ဖက်လည်း နေ့စဥ်မဟုတ်ရင်တောင် ရက်ခြားလောက် ရုံးအောက်ကိုဆင်းပြီး မုန့်စားနိုင်ပါသေးတယ်။ ရုံးက လွစ္စလမ်းအောက်ဖက်မှာမို့ ပန်းဆိုးတန်း ဘဏ်တွေကြားမှာရောင်းတဲ့ အစားအသောက်တွေကို မက်မက်စက်စက်ကိုသွားစားကြရတာပါ။

    တစ်နှစ်ခွဲလောက်ကြာတော့ ညွှန်မှူး (စီမံ)ရဲ့ဌာနမှာ မမလေး (ဒေါ်သီရိတင့်)နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ရပြန်ပါရော။ အဲ့ဒီတုန်းက လူကလဲငယ်သေး သွက်သွက်လက်လက်လဲရှိတာမို့ များပြားလှတဲ့အလုပ်တွေကို လုပ်နိုင်ခဲ့တာ။ ခုချိန်မှာဆို ဘယ် လုပ်နိုင်ပါလိမ့်မလဲ။ နောက်အန်ကယ်ဦးတင်မောင်အေးက ရာထူးတိုးပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြန်တော့ မမလေးနဲ့ ကျမတို့ တာဝန်အရမ်းပိ ခဲ့ကြရ ပါတယ်။ ကျမတို့ရဲ့စွမ်းအင်ဝန်ကြီးကလဲ အလုပ်တအားလုပ်တာမို့ အန်ကယ် ရဲ့အနားမှာနေ ရတဲ့သူတွေ နေ့မအား ညမနား အလုပ်လုပ်ခဲ့ကြရတာ။ ဒါပေမဲ့ ကျမတို့ဝန်ထမ်းတွေကမငြီးမငြူဘဲ ပျော်ပျော်ပါးပါးကို အလုပ် လုပ်ခဲ့ကြတာပါ။ မိသားစုစိတ်ဓါတ်ရှိတဲ့ လူကြီးနားနေခဲ့ရတာမို့လဲ ကျေးဇူးတင်ရပါတယ်။

    ရုံးကတော့ ယောက်လမ်းကိုတခါရွှေ့၊နောက်ပြီး မင်းရဲကျော်စွာလမ်းကိုတခါရွှေ့ ခဲ့ကြရပါသေးတယ်။ မင်းရဲကျော်စွာလမ်းရုံးက ယ္ခုကုတင်၅၀၀ဆေးရုံဆောက်ထားတဲ့နေရာပါ။ တကယ်ကိုဘဲ ဘေးဘီမှာဝယ်စားစရာမရှိလေတော့၊ လွစ္စလမ်းရုံးနဲ့ ယောက် လမ်းရုံးကိုလွမ်းခဲ့မိပါသေးတယ်။ ကျမတို့က အစားသမားတွေလေ။ နောက်ပိုင်း ကိုထွန်းကျော်၊ ကိုခင်မောင်လှိုင် နဲ့ကျမတို့ ဌာန စိတ်မှူးရာထူးတိုးတော့လစာ ၃၂၀ကျပ်ရပါတယ်။ ခုခေတ်အဆိုအရတော့ အရာရှိငယ်ပေါ့လေ။

    ၁၉၈၆ခုနှစ်ကုန်ခါနီး ရာထူးတိုးပြီး၊ ၁၉၈၇ခုနှစ်၊ဇွန်လမှာ အလုပ်နှုတ်ထွက်စာတင်၊ အလုပ်ကထွက်လာခဲ့တာပါ။ တခါတလေ လူ့ဘဝဆိုတာ မှန်းတာကတစ်မျိုး၊ ဖြစ်လာတတ်တာကတစ်မျိုးမို့ ဘာကိုမှ ပုံသေတွက်ထားလို့မရပါဘူး။ ၁၉၈၈ ခုနှစ်၊ ဇန္နဝါရီ လရောက်မှ နှုတ်ထွက်ခွင့် အမိန့်စာကျတာမို့ လစာကရနေပါသေးတယ်။ လစာအိတ်လေးတွေက အန်ကယ်အိမ်မှာရောက် နေလို့သွားယူတဲ့နေ့က မှတ်မှတ်ရရ ၂၅ကျပ်တန်၊ ၃၅ကျပ်တန် နဲ့၇၅ကျပ်တန် တွေသိမ်းတာကြေငြာတဲ့နေ့ပါ။ ကံမကောင်း လိုက်ပုံများ သုံးလစာ စာအိတ်ထဲမှာ သုံးလို့ရတဲ့ပိုက်ဆံက တစ်ရာကျော်လေးဘဲပါပါတယ်။ အန်ကယ့်ရဲ့ဇနီး တီတီ (ဒေါ်တင်မမ)က သုံးဖို့ တစ်ရာထပ်ပေးလိုက်လို့သာတော်တော့တယ်။ အန်ကယ်နဲ့တီတီ တို့က ကျမတို့ရဲ့ကျေးဇူးရှင်တွေပါ။

    ဝက်ပေါနဲ့မိမာလေးက သူတို့ရွှေလေးတွေ ပေါင်နှံပြီးအရင်းအနှီးလုပ်လို့၊ မုံရွာကစောင်တွေယူရောင်းတော့၊ ရတဲ့ပိုက်ဆံကလဲ သိမ်းတဲ့အထဲမိနေပြန်တာမို့၊ လူတွေအတော် အနေကြပ်ကြတာပါလားလို့။

    လူ့ဘဝများ အကောင်းနဲ့အဆိုး ရောပြွမ်းနေကြတာ၊ တွေးကြည့်ရင် အလွန်ကြောက်စရာကောင်းတာဘဲ။

    ကျမတို့တွေ အလုပ်စလုပ်ကထဲက တစ်နေ့တော့ “ရာထူးရာခံလေး” ရှိအောင်ကြိုးစားကြမယ်ဆိုတဲ့စိတ်လေးတွေ ကိုယ်စီ ရှိကြမှာပါ။

    ကျမအဖြစ်ကတော့ – ရာဇပလ္လင်နဲ့ မထိုက်တန်ဘူးထင်ပါရဲ့လေ။ စိတ်မြန်လက်မြန်နဲ့ လုပ်ချင်တာကို ဇွတ်လုပ် တတ်တဲ့ ဥာဥ်ဆိုးကြောင့်လဲပါ ပါတယ်။

    (ကျမက အလုပ်ကိုမကြောက်တတ်တော့ ဒီအလုပ်မဟုတ်ရင် နောက်အလုပ်တစ်ခုလုပ်မယ်ဆိုတဲ့ စိတ်မျိုးကရှိတာကိုး။ ဘာအလုပ်မှမရှိရင် မုန့်ဟင်းခါးချက်ရောင်းမယ်ဆိုတဲ့လူမျိုးပါ။)

    အမေနဲ့တူလို့ဆိုးတာလား?
    အဖေနဲ့တူလို့ဆိုးတာလား?
    မိဘ ခေါင်းကိုလွှဲချတာမဟုတ်ပါဘူးနော်။
    မိဘဆိုတာ သားသ္မီးကို လိမ္မာအောင်၊ လူမှုဆက်ဆံရေးပြေပြစ်အောင် သင်ကြားပေးတတ်တာချည်းမို့ ၊ ကျမရဲ့မိဘတွေလဲ ထို့အတူပါဘဲ။
    ဘယ်သူနဲ့ဘဲတူတူ ဒီဇွတ်လုပ်တတ်တဲ့ ဥာဥ်ကို အမြစ်ဖြတ်ပစ်ရမှာ။

    လူဆိုးပါဆို – – –

  • အတွေး

    အတွေး

    ဒေါ်မိအောင် Daw Mi Aung

    မိဘကို လုပ်ကျွေးပြုစုပါ။ ဂရုစိုက်ပါ။ မိဘကိုအလုပ်အကျွေးပြုတဲ့သူဟာ ဘယ်တော့မှမဆင်းရဲဘူး၊ ဒုက္ခမရောက်ဘူး။ လူမှုကွန်ယက်မှာ ဒီလိုမျိုးတွေ အမြဲတန်းလိုတွေ့နေရ၊ ဖတ်နေရတော့ ကျမခေါင်းထဲမှာ အတွေးလေးတစ်ခုပေါ်လာမိလို့ပါ။

    မိဘမစုံတဲ့ဘဝမှာ ကျင်လည်ခဲ့ရဘူးသူမို့ မိဘရဲ့တန်ဖိုးကြီးလှပုံကို ငယ်ကထဲကသိခဲ့ရပါတယ်။ အဖေက လွန်ခဲ့တဲ့ (၅၃)နှစ် ကထဲက ကျမတို့မိသားစုကို ခွဲသွားခဲ့တာမို့ အဖေ့ကို အလုပ်အကျွေးမပြုခဲ့ရပါဘူး။ အမေကတော့ အသက်(၉၆)နှစ်အထိ ကျန်းကျန်းမာမာနဲ့နေခဲ့ရပြီး၊ လွန်ခဲ့တဲ့( ၈ )လကမှကွယ်လွန်သွားခဲ့ရှာတာပါ။

    သားသ္မီး( ၅ ) ယောက်ကိုလူတန်းစေ့ထားနိုင်အောင် ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးတွေဟာ တကယ်တော့ ဆပ်လို့မကုန် နိုင်အောင် ပါဘဲ။ အမေကသိပ်ကိုကျန်းမာတာမို့ သူ့အတွက်ကိုဘာမှ”ကရိကထ”မများခဲ့ပါဘူး။ ကျမတို့ညီအစ်မ အစိုးရအလုပ် စလုပ်ပြီး၊ ၂နှစ်လောက်မှာတော့ အမေ့ပေါင်မှာအနာပေါက်တာ သေလုမျောပါးခံခဲ့ရလို့၊ ဆေးရုံတင်ပြီး ကုသခဲ့ရတဲ့အချိန်လေးဘဲ ပြုစု ခဲ့ရဘူးပါတယ်။

    (အဲ့ဒီအချိန်မှာ ကျမတို့အတွက်အသိတစ်ခုကောင်းကောင်းရလိုက်တာကတော့၊ “စားနိုင်တုန်းကျွေး၊နေမကောင်းမှ လူမြင် ကောင်းရုံ ဓါတ်စာဆိုပြီး၊ ဟန်ပြ မထားနဲ့” ဆိုတာပါဘဲ။)

    အမေက “အမေသာ အဲ့ဒီအချိန်က သေသွားခဲ့ရင်လို့သဘောထားပြီး၊ လစဥ်တရားစခန်းကို သွားတော့မယ်” ဆိုပြီး ၊ စီးပွါးရေးလဲ မလုပ်တော့ပါဘူး။ မောင်လေးဝင်းမောင်ကတော့ ၉တန်းအောင်ပြီး၊ အလုပ်လုပ်လို့ အစ်မကြီး ၂ယောက်ကို တစ်ဖက်တစ် လမ်း က ကူညီပေးရှာပါတယ်။

    (ကျမအတွေးပေါ့လေ၊ ဒါလဲ မောင်လေးကမိဘကို ကျေးဇူးဆပ်ခြင်း တစ်ခုလေဘဲလား။)

    ညီမလေးမိမာနဲ့ မောင်လေးဖိုးချိုတို့က ပညာသင်လက်စမို့၊ အကြီးသုံးယောက်ရဲ့တာဝန်ပေါ့။ သနားစရာကောင်းတာကတော့၊ အမေစီးပွါးရှာစဥ်တုန်းကလိုတော့ ကျမတို့က ကလေးတွေကိုပြည့်စုံအောင်မလုပ်ပေးနိုင်ခဲ့တာပါဘဲ။ အဲ့ဒီခေတ်က စာသင်ဝိုင်း တွေနဲ့သင်ကြတာမို့၊ ကိုယ့်ကလေးတွေကို “ဝိုင်း”မထားနိုင်ခဲ့ပေမဲ့၊ကလေးတွေက ၁၀တန်းကို အောင်အောင်ဖြေပေးကြလို့၊ ကျေးဇူးတင်ရပါတယ်။

    (ကလေးတွေအနေနဲ့ အမေ့ကိုကျေးဇူးဆပ်ခြင်းတစ်ခုပါ။) ဒါပေမဲ့လို့ ဖိုးချိုလေး ၁၀တန်းဖြေခါနီး ၃လလောက်အလိုမှာတော့၊ ကျမတို့ရုက္ခဗေဒဘွဲ့ရအသင်းက မမဒေါ်ခင်လှမြိုင်က သူ့ရဲ့”ဝိုင်း”တွေမှာ ဖိုးချိုလေးကိုခေါ်ပြီးစာသင်ပေးပါတယ်။ လခလုံးဝမပေးရပါဘူး။ တကယ်ကိုကျေးဇူးတင်နေမိပါတယ်။

    မောင်လေးတို့ညီမလေးတို့အတွက် ပုဆိုး၊ထမီစတာလေးတွေကိုလဲ ညီမဝက်ပေါက သူ့ရုံးမှာ လပေးနဲ့ရောင်းတာလေးတွေ ဝယ်လာတတ်တာမို့၊ ကလေးတွေ မချို့ငဲ့ရအောင်ထားနိုင်ခဲ့ပါတယ်။

    အမေအမြဲပြောဘူးတာလေးတွေကို နားထဲမှာကြားယောင်ရင်းနဲ့ မောင်နှမတွေကြိုးစားရုန်းကန်ခဲ့ကြလို့လဲ၊ကျမတို့ အခြေတကျနေနိုင်ခဲ့ကြတာပါ။

    “သားသ္မီးတွေ အားလုံး လူလားမြောက်လာတဲ့အချိန်မှာမှ၊ မတိုးတက်ရင် ဘယ်တော့မှ လူလိုသူလိုနေရတော့မှာမဟုတ်ဘူး” တဲ့ ၊အမေပြောတတ်တဲ့စကားလေးပါ။

    အမေကလေ “တရားစခန်းမှာ မုဆိုးမတွေစုပြီးလှူမလို့၊ ပိုက်ဆံပို့ပေးပါဦး” လို့များ လူကြုံနဲ့မှာလိုက်လို့ကတော့၊ ကမန်းကတမ်း ပြေးပြီးပို့ပေးကြတာ။ အမေစိတ်ချမ်းသာရအောင်လို့ပါ။ ကျမတို့ရဲ့ခြေရင်းခန်းမှာနေတဲ့ ဦးလေး (အမေ့ရဲ့မောင် ဗိုလ်ကြီး ထွန်းရွှေ)က ဆိုရင်၊ ကျမတို့ညီအစ်မတွေကိုသနားလို့ “မမေကတော့ကွာ၊အတော်ခက်တာဘဲ” လို့ ပြောရင်၊ ” ဦးငရဲကြီး ပါ့မယ်၊မပြောပါနဲ့” လို့ တားရတာ မကြာခဏပါဘဲ။ *ကျေးဇူးဆပ်ခြင်း “မည်” ပါလားလို့ပါ။

    ကျမလေ အမေ့ကိုအမြဲပြောတတ်တယ်။”သ္မီးက အမေသေရင်မငိုဘူး၊ အမေရှိတုန်း အမေလိုချင်တာ၊ အမေလုပ်ချင်တာ၊ အမေစားချင်တာ အားလုံးပြည့်စုံအောင်လုပ်ပေးမယ်” လို့။တကယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ခုချိန်ထိ အမေ့အကြောင်းကို မတွေးဝံ့သလောက်ပါလား။

    ဒဂုံရောက်တော့ ညဖက်လဲ မြို့ထဲ မသွားဖြစ်၊ မသွားဝံ့ကြတာမို့၊ အမေက ကြေးအိုးသောက်ချင်တယ်ဆိုရင်၊ ( ၃၆ )လမ်းကနေ ဝယ်လာပြီး၊ ဘတ်(စ)ကားကြပ်ကြပ်နဲ့ ရအောင်သယ်လာပေးခဲ့ဘူးပါတယ်။ တက္ကဆီငှားစီးချင်လို့လဲ၊ ညနေစောင်းရင် ကျမတို့ဒဂုံကို ငှားလို့မရဘူးလေ။ (ကြည့်မြင်တိုင်မှာနေတုန်းကဆိုရင်တော့ အချိန်မရွေး လမ်းသွားလို့အဆင်ပြေတာကို။)

    အမေ့မေတ္တာအပြည့်အဝရခဲ့တာကတော့ ကျမတို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။~အမေ့ရဲ့ကျေးဇူးတွေကလဲ များလွန်းလို့ ကျမတို့ဆပ်လို့မကုန်နိုင်ပါဘူး။

    ဒါပေမဲ့ ကိုယ်က အမေ့ကိုလုပ်ပေးနိုင်တာတော့ ဘာကိုမှ မငဲ့ဘဲ လုပ်ပေးနိုင်ခဲ့တာမို့ ၊ ကိုယ့်ကိုကိုယ်ရော၊ ကိုယ့် ကိုယ်စောင့်နတ်ကိုရော ကျေးဇူးတင်မိပါတယ်။

    အဓိက ဘဝင်မကျတာလေး – – – – –

    “မိဘကို လုပ်ကျွေးပြုစုတဲ့သူဟာ ဘယ်တော့မှမဆင်းရဲဘူး၊ ဒုက္ခမရောက်ဘူး” ဆိုတာကိုပါ။

    သူများတော့မသိပါဘူး။ ကျမအတွေးကတော့ “အတုံ့အလှဲ့ အနေနဲ့ပြန်ရဖို့ အတွက်” မိဘကိုပြုစုတာမျိုး မဟုတ်ပါဘူး ဆိုတာပါဘဲ။

    မိဘနဲ့သားသ္မီးကြားမှာ အပြန်အလှန်ကျေးဇူးပြုကြမယ်ဆိုတာမျိုးမဟုတ်ဘဲ၊ သားသ္မီးတွေက မိဘအပေါ် တာဝန်ကျေကြစေချင်တာပါ။

    အကျိုးမျှော်ပြီး လုပ်ရတဲ့ အလုပ်ဟာ ဘာအလုပ်မှ မကောင်းဘူးလို့ ယူဆမိလို့ပါ။

    အတွေးလေးသက်သက်မို့ – – – -မှား၏၊ မှန်၏ ဆိုတာတော့ – – – –

  • အားနာ၊သနားမိ

    အားနာ၊သနားမိ

    ဒေါ်မိအောင် Daw Mi Aung

    နုနယ်လှတဲ့ကလေးတွေဟာ ငယ်စဥ်အခါက ကြား သိ ကြုံတွေ့ခဲ့ဘူးတာလေးတွေကိုစွဲစွဲမြဲမြဲမှတ်မိနေတတ်ကြလေသလားလို့။ အမေနဲ့အဖေ စိတ်ဆိုးလို့ အဖေတို့ရဲ့အိမ်ကနေ အမေကသေတ္တာဆွဲပြီးဆင်းသွားတာ၊ ဝမ်းကွဲအစ်မ မတင်ဦးက ကျမကိုခါးထစ် ခွင်ချီပြီးချော့ခဲ့တာတွေကို ရုပ်ရှင်ကြည့်သလို ပြန်ပြီးမြင်ယောင်မိတာ စသဖြင့်ပေါ့။ (၃နှစ်သ္မီးသာသာလောက်ကပေါ့။)

    အဖေက လွန်ခဲ့တဲ့( ၅၃ )နှစ်ကထဲက ကွယ်လွန်သွားခဲ့တာမို့( ၁၀)နှစ်စာသာသာလောက်ကိုသာ အဖေ့စရိုက်၊ အဖေ့အကြောင်း တွေကို မှတ်မိနေရတာပါ။ ရှေ့ သုံးနှစ်သ္မီးလောက်ကတော့သိတာမရေရာလှပေမဲ့၊( ၄ ) နှစ်သ္မီးလောက်ကျတော့ အတော်လေး မှတ်မိလာခဲ့ပါပြီ။

    အဖေ ဆုံးတော့လေ စိတ်ထဲမှာ ငါတို့အဖေမှ သေရတယ်လို့ ရှက်နေမိတာ။ လူတောထဲတောင် မသွားရဲသလိုကိုခံစားရတာပါ။ သူများတွေကတော့ အဖေရှိကြတာပါလားရယ်လို့လဲ မနာလိုဖြစ်ခဲ့ဘူးတာပါ။

    တကယ်တော့ အားကိုးစရာအဖေမရှိတော့တာကို ဝမ်းနည်းအားငယ်နေတာပါလားဆိုတာ အတော်လေးကြာမှ သိနားလည် ခဲ့ပါတယ်။

    ကျမတို့မောင်နှမတွေက အမေ့ထက်အဖေ့ကိုပိုချစ်ကြတာ။ အဖေက အလိုလိုက်တာကို။ စားချင်တာဆိုလဲ အချိန်တော်တယ်၊ မတော်ဘူး တွေးမနေဘဲ သားသ္မီးကို ကျွေးတတ်တာ။ အမေကတော့ ညမိုးချုပ်ရင် အစာမကြေမှာ နေမကောင်းဖြစ်မှာစိုးရိမ်လို့ ဘယ်သောအခါမှ အလိုမလိုက်တတ်ဘူး။

    အဖေကတခါဘူးမှကိုကျမတို့မောင်နှမတွေကို ရိုက်ဖို့နေနေသာသာ၊လက်နဲ့တောင်မရွယ်တတ်ပေမဲ့၊ အဖေ ခပ်တည်တည်နေ တဲ့အခါများမှာတော့ ပြန်မပြောဝံ့ဘဲ ငြိမ်နေကြရတာ။ လွန်ခဲ့တဲ့တစ်ပါတ်လောက်ကတော့ မိုးလင်းနေမှကြံကြံဖန်ဖန် အိပ်မက် မက်တာ၊ အဖေက ကျမကိုရိုက်လို့ ရှိုက်ကြီးတငင်ငိုလိုက်ရတာ။ “ဝက်ပေါက အစ်မဘာဖြစ်လို့လဲ” လို့မေးတာ ကိုတောင် “အဖေက ငါ့ကိုတခါဘူးမှမရိုက်ဘဲ၊ ခုအဖေရိုက်လို့” လို့ပြန်ဖြေပြီးတော့ကို ဆက်ငိုနေမိသေးတာ။ ငိုရတာမောလိုက်တာလေ။ အမယ်လေး အမေကတော့ ဆူလိုက်၊ ရိုက်လိုက်၊ လိမ်ဆွဲလိုက် လုပ်တတ်ပေမဲ့ သိပ်မကြောက်ပါဘူး။

    ဝက်ပေါ ငယ်ငယ်ကဆို သိပ်ဆော့တာ။ကျောင်းသွားဖို့ အချိန်နီးလို့ ဝက်ပေါဆော့နေရာကပြန်မရောက်သေးရင် အဖေက ကြိမ်လုံးကိုင်ပြီး၊ “သ္မီးရေ”လို့ခေါ်လို့ကတော့ ဝက်ပေါက အိမ်ကို အရင်ဦးအောင်ပြေးလာပြီး အဖေလိုက်လို့မရတဲ့နေရာကနေ အဖေ့ကို “အဖေ လာရိုက်လေ”လို့ခေါ်ရင် အဖေကအော်ရယ်တတ်တာ။ (ကျမတို့ ကြည့်မြင်တိုင်အိမ်ရဲ့နောက်ဖက် ရေကပြင်က ညွတ်နေလို့၊ အဖေက ဝဝကြီးမို့ မသွားရဲဘူး။) နောက်ပြီး ဝက်ပေါရဲ့ကျောင်းက နေ့လည်ကျောင်းမို့ တစ်မနက်လုံး ဗြောင်းဆန် အောင်ဆော့တတ်တာပါ။

    မောင်လေးဝင်းမောင်ကိုတော့ ယောကျ်ားလေးဖြစ်ပြီး၊စိတ်ကောက်တတ်တာမို့ အဖေကခြောက်လှန့်ရုံလေး ရိုက်တတ်ပါတယ်။ ညီမလေးမိမာနဲ့မောင်လေးဖိုးချိုတို့ကတော့ အတော်ငယ်ကြသေးတာမို့ အဖေ့ကို မှတ်မိသလို မမှတ်မိသလို ဇဝေဇဝါဖြစ် နေ ကြမှာပါ။ မိမာဆိုရင်ကျောင်းတောင်မနေရသေးပါဘူး။ ဖိုးချိုလေးကတော့ အဖေသွားလေရာခေါ်သွားတတ်ပေမဲ့ လုံးဝ မမှတ် မိလောက်ပါဘူး။ သူတို့နှစ်ယောက်ကသနားစရာပါ။

    တခါတော့ အမေသိပ်သဘောကျတဲ့ ဟင်းသောက်ပန်းကန်လုံးကြီးကို ကျမက ချခွဲပစ်လိုက်တော့၊ အဖေလေ ပန်းကန်လုံးကို မီးဖိုအောက်ထဲ ကမန်းကတမ်းထိုးထည့်ထားလိုက်တာ။ပြီးတော့ ပြောလိုက်သေးတယ်။ (ထင်းမီးဖိုခုံ အောက်ကနိမ့်တော့ ငုံ့ပြီး သေသေချာချာကြည့်မှ မြင်ရတာမို့။) “တိတ်တိတ်နေ၊နင့်မိထွေး မသိစေနဲ့” တဲ့။ တစ်ရက်ကျတော့ ကျမက “အဖေ နော်၊ ပန်းကန် လုံးကွဲသွားတဲ့အကြောင်း အမေ့ကိုတိုင်လိုက်မယ်” လို့ပြောတော့ အဖေရယ်လိုက်တာလေ၊ ခုထိ မြင်ယောင်နေ မိပါသေးတော့ တယ်။ အော် ကလေးဆိုတော့ ကိုယ်အရိုက်ခံရမယ်ဆိုတာမတွေးမိတာပါလားလို့။

    အဖေ အမြဲ ကျမတို့ကိုပြောတတ်တဲ့ “မိထွေး”ဆိုတဲ့ စကားလေးဟာ ရင်ထဲစွဲပြီး အမှတ်ရနေတာမို့၊အမေက တကယ်များ တို့ “မိထွေး” လေလားလို့ ထင်မိယောင်မှားဖြစ်ခဲ့ဘူးပါတယ်။ ဒါကြောင့် ကလေးတွေကို စကားပြောရင် မိဘတွေ သတိထားသင့် ကြဖို့ နဲ့ စိတ်အနာဖြစ်စေမည့်စကားမျိုးတွေကို မပြောမိစေဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အမေနဲ့ကျမက ချွတ်စွပ်ကိုတူတာပါ။

    အဖေဆုံးတော့ “သ္မီးတို့ ဘယ်သူနဲ့နေရမှာလဲ” လို့အော်ငိုမိတာ ၊ နောက်မှ အမေ့ကိုအားလဲနာ၊ သနားလဲသနားလိုက်တာ။ အမေက အရင်ကွယ်လွန်ခဲ့ပြီး အဖေကျန်နေခဲ့ရင် ကျမတို့ ဘယ်လိုအခြေအနေ ဖြစ်လာနိုင်မလဲ ဆိုတာလဲ ခုနစ်စဥ်အမျှင်တန်း တွေးမိတာ – – –

    သူတော်ကောင်းတွေအမြင်မှာတော့ “အကုသိုလ်စိတ်” လို့ပြောကြလေမလား – – –

    လူမမယ် ကလေးငါးယောက်ရဲ့ တာဝန်ကို အမေမို့သာ ထမ်းနိုင်ခဲ့တာ – – – –

  • ဖြေတတ်ပါစေ

    ဖြေတတ်ပါစေ

    ဒေါ်မိအောင် Daw Mi Aung

    ကြားဘူးတာလေးကတော့၊”လွမ်းစရာရှိရင် နာစရာနဲ့ဖြေ”။”နာစရာရှိရင် လွမ်းစရာနဲ့ဖြေ” ။ လို့ ဆိုတတ်ကြတာ။ ကျမကတော့ ဘာမဆို လွမ်းစရာနဲ့ဘဲဖြေ တတ်တာပါ။ ကိုယ်ရည်သွေးခြင်းမဟုတ်တာတော့အမှန်ပါလို့ သစ္စာဆိုဝံ့ပါတယ်။

    ဆွေမျိုး၊ညီအစ်ကိုမောင်နှမ၊မိတ်သင်္ဂဟ အားလုံးကို အမြဲတန်းမေတ္တာမပျက် ပေါင်းချင်ခဲ့တာမို့၊ ကိုယ်ကဘဲ စိတ်လျော့ပြီးပေါင်းတတ်တာပါ။ အဲ့ဒီလိုပေါင်းတတ်ပြန်တော့ လူ့သဘာဝက”နိုင်နင်းချင်”တတ်ကြပြန်ပါရော။ မခက်ပါလား။

    အသက်ငယ်တုန်းကတောင် ဘာမဆို သည်းခံပေါင်းနိုင်ရင်၊ အသက်၇၀တန်းရောက်ကြပြီလေ။သေခါနီးမှ ဘာမာန်တွေတက်နေစရာလိုသေးလို့လဲ။ တကယ်တော့ “လက်ဗလာ” နဲ့ပြန်ကြရမည့်သူတွေချည်းပါနော်။

    ကျမရဲ့ နားထဲကို တချို့သော ဆွေမျိုး၊မိတ်သင်္ဂဟ ဆိုသူတွေရဲ့ပြောစကား၊တိုက်ခိုက်မှုတွေ သိရကြားရပြန်တော့လဲ၊ ဗြုန်းကနဲဆို ဒေါသကငယ်ထိပ်ရောက်တတ်ပြန်ပါသေးတယ်။ အရင့်အမာ တရားပြည့်နေတဲ့သူလဲမဟုတ်ဘူးလေ။ ဒါပေမဲ့လဲ သူ ကိုယ့်ကို ဘယ်တုန်းက ဘာလေးလုပ်ပေးဘူးပါလား ဆိုတာမျိုးလေးကို ပြန်တွေးလိုက်ရင်တော့လဲ “အော်၊သူအထင်လွဲတာပါ” လို့ ဖြေတွေးလေး တွေးရပြန်ပါတယ်။

    တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်တဲ့အချိန်များမှာတော့ ဘာပြောပြော “အပြစ်”သာမြင်နေတတ်ကြတာ သဘာဝမို့၊ အေးဆေးတဲ့အချိန်ရောက်လာရင်တော့ “အော်၊ လေထဲကစကား၊လေထဲမှာဘဲပျောက်သွားတတ်ပါလား”လို့ ပြန်စဥ်းမိတတ်ကြပါလိမ့်မယ်။ ဆရာလုပ်နေတယ်လို့မထင်လိုက်ပါနဲ့။တကယ်ကိုယ်တွေ့တွေမို့ပါ။

    အထူးသဖြင့် ညီအစ်ကိုမောင်နှမတွေ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့၊စိတ်ဆိုးကြ၊စကားတွေများတတ်ကြပြီး၊ တကယ်ကို သူတစိမ်းနဲ့ ပြသနာဖြစ်လို့ အရေးပေါ်လာရင်တော့ ကိုယ့်ညီအစ်ကိုမောင်နှမတွေဘဲ ကျောချင်းကပ်တတ်ကြတာပါ။ ” လက်သည်းဆိတ်ရင် လက်ထိပ်နာ “တတ်ကြတာလေ။~ကျမတော့လေ စိတ်သဘောချင်းမတိုက်ဆိုင်လို့၊ လမ်းခွဲကြရင်လဲ ဘယ်အခါတွေ့တွေ့ ပြန် ပြုံးပြနိုင်ကြစေချင်တယ်။ ရန်သူကြီးတွေလို မဖြစ်ကြစေချင်တာအမှန်ပါ။

    ဘယ်သူတရားပျက်ပျက်၊ကိုယ်မပျက်ပါစေနဲ့လို့ အမေတို့ကသင်ထားတာမို့။ ငယ်ငယ်တုန်းကတော့ အမေတို့က ” သည်းခံပါသ္မီးရယ် ” ဆိုရင်၊ “ဟင်း၊ ကိုယ်ကလဲ ခံရသေးတယ်၊ သည်းခံရမယ်လဲပြောသေးတယ်၊ဆိုတော့ ကိုယ်ချည်းခံရတာပါလား” လို့ ဒေါသတွေး တွေးမိတတ်ပါတယ်။ ခုတော့၊ ကိုယ့်ကို စော်ကားတဲ့စကား၊အပြုအမူတွေဟာ ၊ ကိုယ့်အတွက် “သည်းခံခြင်းတရား” ဖြစ်အောင် လုပ်ပေးသူတွေပါလားလို့ ကျေးဇူးတွေတင်မိရပြန်ပါတယ်။

    အဲ့ဒီလို သည်းခံစိတ်တွေမွေးတတ်မိလို့သာ၊ ကိုယ်မထူသာမထောင်သာ ဖြစ်နေတတ်တဲ့အချိန်မှာ ကူညီကြတဲ့ သူငယ်ချင်းတွေ အတော်များများနဲ့ကြုံခဲ့ရပြီး၊အကူအညီပေးတာ ခံခဲ့ရပါတယ်။ ငါတို့တော့ဘယ်သွားမယ်၊ ဘာလုပ်ကြမယ်ဆိုရင် သူငယ်ချင်းတွေက ကိုယ့်ကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြတာကိုတော့၊ သတိမလွတ်သေးသရွေ့ အမြဲ ကျေးဇူးတင်နေမှာပါ။ တစ်ရက်မပျက်လဲ ကျန်းမာချမ်းသာစေဖို့ မေတ္တာလဲပို့လျက်ပါ။

    ကျမရဲ့မိသားစုတာဝန်ကိုတော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ရုန်းကန်ပြီး၊ရင်ဆိုင်ခဲ့တာပါ။ အဖေ့ကျေးဇူး၊အမေ့ကျေးဇူးတွေနဲ့ ဘဝကို ရဲရဲရပ်တည်နိုင်ခဲ့တာတော့ ကျေနပ်မဆုံးနိုင်အောင်ပါဘဲ။ အဖေနဲ့အမေ့ကို သတိရတိုင်း၊ “သတိရနေမိတဲ့စိတ်အနာကို လွမ်းစရာနဲ့ဖြေ “နေရပါတယ်။ အလေ့ အကျင့်လေးတစ်ခုပါ။

    **ကျမကို နှုတ်အားဖြင့်လည်းကောင်း၊အကြံဥာဏ်ပေးခြင်းအားဖြင့်လည်းကောင်း၊အစစအရာရာကျေးဇူးပြုခဲ့ဘူးသူအားလုံးကို အမြဲမေတ္တာပို့လျက်ပါ – – – – – **စိတ်အေးချမ်းသာရှိကြပါစေ၊ အတွေးအမြင်တွေ မှန်ကန်ကြပါစေ။**

  • စိတ်ဖြေရာ

    စိတ်ဖြေရာ

    ဒေါ်မိအောင် Daw Mi Aung

    အတွေးနဲ့ပျော်ရတာလဲ၊တကယ့်ကို ပျော်ခဲ့ရတဲ့အချိန်ကို ရောက်သွားသလိုပါဘဲ။ ခံစားဘူးကြမှာပါ။ မနေ့က ညီမခင်စန်းနုတို့ အိမ်မှာ ထမင်းစားကြရင်း၊ အစ်မရေ ခရီးသွားချင်လှပြီဆို့လို့။

    အမှတ်ရမိသွားတာက- “မိုးကုတ် နှစ်ရှစ်ရာပြည့်ပွဲလေးကို သွားမယ်၊ အစ်မလိုက်ခဲ့ပါလား” တဲ့။ မယ်လိုက်ချင်ကလဲ သိပ်အားနာတတ်တာမို့ မငြင်းချင်ဘူးလေ။ သူတို့ ဘုရင့်နောင်တာဝါက အုပ်စုလဲ ပါမှာဆိုတော့ ကျမကိုအရခေါ်တာလေ။ “နေပါဦး၊ ငါ ဝက်ပေါကိုမေးဦးမယ်”ဆိုတော့၊ ဝက်ပေါကလဲ မလိုက်ချင်ရှာပါဘူး။ သူ့အတွက်ပါ ကားလက်မှတ်ဝယ်လိုက်ဆိုဘဲ။

    ခရီးတွေထွက်တိုင်း ကျမတို့ ညီအစ်မလေးယောက်က တက်ညီ လက်ညီမို့ သိပ်မတိုက်တွန်းရပါဘူး။ ဒီတစ်ခေါက်တော့ ငြိမ်းငြိမ်းရဲ့သ္မီးကြီး နန်ဦးလဲပါတာပေါ့။ ရန်ကုန်ကနေ မန္တလေးကို ည၆နာရီကားနဲ့ စီးသွားလိုက်ကြတာ မန္တလေးကိုမနက်ရောက်တော့ မိုးကုတ်က မောင်လေး မောင်သန်းဌေးက မိုးကုတ်ကို တခါထဲတက်ဖို့ ကားစီစဥ်ပေးထားပါတယ်။ (မောင်သန်းဌေးက ခင်စန်းနုရဲ့မောင်လေးအငယ်ဆုံးပါ။ ယောင်းမလေးမခင်ရီနဲ့ညီမလေးတွေအားလုံးက ဧည့်ဝတ် အင်မတန်ကျေကြတာ။)

    လူကလဲသိပ်မများပါဘူး။ ကျမတို့ညီအစ်မ၅ယောက်၊ မိုးမိုးနဲ့စန္ဒာညီအစ်မ၂ယောက်၊ ခင်ပြုံးချို၊ အန်တီအေးနဲ့သူတို့ရဲ့မိတ်ဆွေ တစ်ယောက်။ ကျမတို့ရဲ့ ဆရာကြီးကိုတင်ထွန်းကတော့ မပါလို့မဖြစ်။

    နံနက်အစောစာကိုတော့ မေမြို့ရောက်မှ မလိုင်စားချင်တဲ့သူနဲ့ ပလာတာစားမည့်သူနဲ့၊ ဆိတ်စွပ်သောက်မည့်သူနဲ့၊ ဆိုင်ရှင်မျက်စေ့လည်ရောပါဘဲ။ မိုးကုတ်ကိုနေ့လည်ခင်းရောက်သွားတော့ မောင်လေးတို့အိမ်မှာ နေရာထိုင်ခင်းကစီစဥ်ထားပြီးသား။ ညစာဘာမှမချက်နဲ့၊ တို့တွေ စျေးတန်းကြီးက ဒေသထွက်စားစရာတွေ လျှောက်စားကြမယ်ဆိုပြီး၊ ညနေဖက်လမ်းထွက်ကြတာပေါ့။ နှစ်ရှစ်ရာပြည့်ပွဲတော်ကြီး ဆိုတော့လဲ စျေးတန်းကြီက ဟီးထနေတာပါ။စားစရာတွေကလဲ ပုံမှန်စျေးဘဲ။ကြိုက်တဲ့ဆိုင်ဝင်စားကြ၊ တကယ်ပါဘဲ၊ မြန်မာတွေပွဲလမ်းသဘင်ကြိုက်ကြပုံများတော့ စျေးဆိုင်တိုင်းလူအပြည့်။ အပျော်မက်ကြတာကို။ ကိုယ်လဲအပါအဝင်ပါဘဲ။~စားသောက်ပြီးကြတော့ “ပြပွဲအခင်းအကျင်း” ဆီလဲ လျှောက်ကြည့်ချင်သပ ဆိုလို့ ၊အမယ်လေးတစ်ယောက်နဲ့တစ်ယောက် ပျောက်သွားမှာစိုးလို့ လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားရတာ။ လူကွဲသွားရင် ဘယ်နားမှာပြန်ဆုံမယ်နော်။ဖုန်းဆက်လို့

    မှာထားကြရသေးတာ။ စည်လိုက်တာ ဝက်ဝက်ကွဲ။ ဒါတောင် လူတွေ စီးပွါးရေးမကောင်းလို့။~နောက်နေ့မနက်ကျတော့ မိုးကုတ်မှာဘုရားတွေလျှောက်ဖူးကြတာပေါ့။ဒေါ်နန်းကြည်တောင်တို့ ဘော်ပတန်းတို့။ အမယ်လေး ဘော်ပတန်းမှာများကားဆိုက်လိုက်တာနဲ့ ဘုရားပေါ်မတက်ခင် ရေသန့်ဘူးပေးပြီး၊ ခေါက်ဆွဲကြော်ကျွေးတာ၊ ကြက်သားနဲ့လား ဝက်သားနဲ့လား မမှားစေရဘူး၊ဧည့်ခံကြတာ။ စားပြီးအဆောက်အဦကပြန်အထွက်မှာတော့ ရေနွေးကြမ်းနဲ့လက်ဖက်ကိုစားပွဲရှည်ကြီးမှာ ကျကျနနတည်ခင်းပြီးကျွေးတာ။ မစားချင်ပါဘူးဆိုလဲ နဲနဲတော့စားပါဆိုလို့ စားကြည့်လိုက်တာ ဇွန်းတောင်ပြန်မချတော့ပါဘူး။ ခုတောင်ပြေးပြီးစားလိုက်ချင်ပါသေးတယ်။ ဘုရားတက်ဖူးပြီး ပြန်အဆင်းမှာတော့ကိုယ့်ရဲ့ကားနားအထိ အအေးဘူးကမ်းသေးတာ။ အလှူအတန်းရက်ရောလွန်းလှပါတယ်။ #မနက်ဖန် ကျွေးမည့်အစီအစဥ်တောင်ကြေငြာထားသေးတာမို့ နီးနီးနားနားသာဆိုလို့ကတော့ – –

    ညနေ မြို့ထဲပြန်အဝင်မှာတော့ မိုးကုတ်မြို့မှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံက ဝတ်စုံပြည့်တွေဝတ်လို့ စီတန်းလှည့်လည်ကြတာ။ တမျှော်တခေါ်ပါဘဲ။ သိပ်ကိုလှကြတာပါ။ တခါမှကိုမမြင်ဘူး၊မသိဘူးတဲ့ လူမျိုးစုတွေတောင်ပါပါတယ်။

    ဒီလောက်လူမျိုးပေါင်းစုံတဲ့ မိုးကုတ်မြို့ကလူတွေဟာ တကယ်ကိုချစ်ခင်စည်းလုံးကြလို့သာ ဒီလိုမျိုးပွဲကြီးကျင်းပနိုင်ပြီး၊ ခိုက်ရန်ဖြစ်ပွါးခြင်းလဲအလျဥ်းမရှိတာတော့ သိပ်ကို ဂုဏ်ယူစရာကောင်းလှပါတယ်။

    နောက်တနေ့တော့ မိုးကုတ်မြို့ထဲကဘုရားတွေစုံအောင်ဖူးကြပြီး၊ ညနေပိုင်းမှာ “ထာပွဲ “ကိုသွားကြပါတယ်။ ကျောက်တွေကို စုံလို့ပါဘဲ။ ကျမတော့မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ ထူးတဲ့စားစရာတစ်မျိုးကိုတော့စားခဲ့ရပါတယ်။ ကျမတို့ငယ်ကထဲက အမေက မတည့်မှာစိုးရိမ်လို့ ဘယ်တော့မှမကျွေးခဲ့တဲ့ ပဲမြစ် ကို သုံပုရာသီးလေးညှစ်ပြီး၊ နှမ်းလေးဖြူးလို့သုတ်တာပါ။ စားလို့ကောင်းလိုက်တာမှ ဆွေမျိုးတောင်မေ့သလောက်ပါဘဲလား။ ကျမတို့သိခဲ့ဘူးတာက ပဲမြစ်နဲ့ အချဥ်တွဲပြီး မစားရ ဘူးလားလို့ပါ။ ညစာအတွက်ကို့တော့ မောင်လေးရဲ့ ခယ်မလေးမိုးမိုးနဲ့ သူငယ်ချင်းမလေးမိန်မိန်းက အိမ်မှာ ဟော့ပေါ့ လုပ်ကျွေးပါတယ်။ ခင်မောငထွန်းရဲ့ချစ်ဇနီးကချက်တာပေါ့။အသီးအရွက်တွေကလဲလတ်ဆတ်တော့ ကျမတို့ အုပ်စု ခေါင်းတောင် မဖေါ်ဘဲ စားကြတာ။ မောင်လေးတို့မိသားစုအားလုံး ကျန်းမာချမ်းသာပြီး၊အလှူကြီးအတန်းကြီး ပေးနိုင်ကြပါစေ။

    နောက်တနေ့ မနက်အစော ကားတစ်စီးငှားပြီး မေမြို့ကိုဆင်းလာ၊ မေမြို့ဘုရားဖူးပြီး ညဖက်ကားနဲ့ ရန်ကုန်ကိုပြန် လာခဲ့ကြ တာပေါ့။ ဓါတ်ပုံတွေရိုက်ကြတော့လဲ ညီအစ်မ၂ယောက်တစ်စုံတွဲစီ ရိုက်ကြတာမို့ နန်းဦးကတော့ တစ်ယောက်ထဲ အားငယ်လိုက်တာဆိုလို့ ရယ်ကြရသေးတယ်။

    ခရီးသွားခြင်းဟာလဲ စိတ်အပန်းပြေစေပြီး၊ပူပန်သောကတွေရှိရင်လဲ ခေတ္တခဏတော့ပြေပျောက်စေတာမို့ – – – – -” အေးချမ်းသာယာတဲ့ကာလလဲဖြစ်၊ ကိုယ်တိုင်လဲကိုယ့်ဝန် ကိုယ်ထမ်းနိုင်လို့ကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးတွေ သွားပစ်လိုက်ဦးမှာ ။ ။

  • ငယ်သူငယ်ချင်း

    ငယ်သူငယ်ချင်း

    ဒေါ်မိအောင် Daw Mi Aung

    မိတ်ဆွေအပေါင်းအသင်းများခြင်းသည်လဲ မင်္ဂလာတစ်ပါးပါလား။ ငယ်ကပေါင်းခဲ့တဲ့ငယ်ပေါင်းတွေဆိုတော့လဲ၊ ပြောမနာ ဆိုမနာနဲ့၊ ခုချိန်ထိတစ်ဦးနဲ့တစ်ဦးလဲ တွေ့ကြရင်ဖြင့် ထုထောင်းရိုက်ပုတ်ပြီးနေတတ်ကြတာပါဘဲ။ ဟန်ဆောင်မှုကင်းကင်းနဲ့မို့ ပိုပြီးအဆင်ပြေသလို။ ငယ်စဥ်တုန်းကတော့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့တာ၊ အတင်းပြောတာ မျိုးစုံ ကြုံခဲ့ရတာပေါ့လေ။

    သူငယ်ချင်းတစ်ယောက်ရဲ့သားမင်္ဂလာဆောင်မှာ ဆုံမိကြလို့ ခရီးထွက်ကြမည့်အစီအစဥ်လေး၊ ရုတ်တရက်ပေါ်လာတာ။ ချက်ချင်းထစီစဥ်လိုက်လို့သာ၊နို့မို့ဆိုပျက်ဦးမှာ။

    အလောင်းတော်ကဿဖ သွားကြမလို့။မုံရွာမှာ သစ်တောကသူငယ်ချင်းဝင်းနိုင်ရှိတယ်။ အိုကေပေါ့။ သူကလဲ “ငါပင်စင်မယူခင် လာခဲ့” တဲ့လေ။

    ဒီက “မယ်မငြင်း “တို့ညီအစ်မတွေက အမြဲခရီးသွားဖို့ ချောင်းနေတာ။ ကျမရယ်၊ဝက်ပေါရယ်၊ တူမသုံးယောက်ရယ်။ မြင့်ခင်နဲ့ရွှေပေါရယ်၊ သ္မီးလေးမေသူခိုင်ရယ်။ စိုးမြင့်ရယ်သူ့ဇနီး ဆွေရယ်။ လူစုလို့ရသွားပြီပေါ့။ ခင်စန်းနု အိမ်မှာဖုံးဆက်ပြီး လူစုတော့ ခင်စန်းနုပါ လိုက်ချင်လာပြန်ရော။ကိုတင်ထွန်းကသူ့မိန်းမကိုကြည်ကြည်သာသာထည့်လိုက်ရှာပါတယ်။

    ဒီလိုနဲ့ လက်မှတ်စီစဥ်ပြီးလို့ အဝေးပြေးမှာဆုံကြမယ်ပေါ့။ အဝေးပြေးကားဂိတ်ကိုသွားရတာကားလမ်းတွေကကြပ်။ အမယ်လေး စထွက်ကထဲက ယဥ်သကို ပါဘဲ။ ကိုစိုးမြင့်ကမှတ်ပုံတင်ကျန်ခဲ့လို့ ကြည့်မြင်တိုင်ကိုပြန်ယူရသတဲ့။ ကံကောင်းလို့ ကျန်ခဲ့ တော့ မလို့။

    ကားလမ်းတွေ တအားကြပ်လို့ အဝေးပြေးဂိတ်က ၆ နာရီထွက်မည့်ကားက ၈နာရီလောက်မှထွက်ဖြစ်တာမို့တော်သေးတာ။ ရန်ကုန်ကနေ မုံရွာ တိုက်ရိုက်ကားထဲမှာ၊ ကျမတို့အဖွဲ့က ၁၁ ယောက်ဆိုတော့ စထွက်ကထဲကပျော်ကြတာ။ နောက်ကျမှ ထွက်ရတယ်ဆိုပေမဲ့လဲ မနက်၅နာရီခွဲလောက်တော့ မုံရွာကိုရောက်ပါတယ်။ ဝင်းနိုင်က အလောင်းတော်ကဿဖကို တိုက်ရိုက်သွားဖို့ ကားကစီစဥ်ထားပြီးသား။ ကျမတို့ကို နံနက်စာကျွေးပြီး ကားနဲ့တင်ပေးလိုက်တာပေါ့။ လမ်းကနဲနဲဆိုးတော့ ကားပေါ်မှာ အန်လိုက်ကြတာ၊ အစားတွေ နင်းကန်စားလာကြတာကိုလို့။ ခက်ရချည်ရဲ့လို့ ထင်မိတာ။ ရယ်လဲရယ်ရ။

    ဘုရားတန်ခိုးကြောင့်ပါဘဲ။ ဆင်စခန်းရောက်တော့လဲ လန်းလန်းဆန်းဆန်းကြည်ကြည်လင်လင်မို့ တော်သေးရဲ့။ စခန်းက ထမင်းဆိုင်မှာ ဘုရားကအပြန်စားဖို့ မှာထားခဲ့ရပါတယ်။အစားကလဲ မက်ကြတော့ မစားရမှာ စိုးရိမ်တာလေ။ ဘုရားဖူးပြီး ပြန်ကြတော့မှ အလောင်းတော်ကဿဖ ခရီးက သိပ်စိတ်ဝင်စားစရာကောင်းတာကိုတွေ့ရတာ။ အသွားတုန်းကတော့ မနက် စောစောဖြစ်တာရယ် အန်နေကြတာရယ်မို့ ခရီးလမ်းကိုမကြည့်နိုင်ပါဘူး။

    အပြန်လမ်းမှာတော့ ရွာတွေရဲ့ထိပ်ကအလှူခံမဏ္ဍပ်တွေမှာပိုက်ဆံလှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ စားစရာတွေ အတင်း ကိုပေးကြ၊ ကျွေးကြတာ။ မုံရွာပြန်ရောက်တော့ စာကလေးခွေတွေ၊ ဇီးသီးတွေ၊ ကျွတ်ကျွတ်အိတ်တွေထဲအပြည့်။ မယူပါဘူး ဆိုလဲအတင်းထည့်ပေးကြတာ။ စေတနာကောင်းလိုက်ကြတာ။ မုံရွာကဝန်ထမ်းအိမ်ကလေးတွေကကျဥ်းတော့ ကျမတို့က လူအများကြီးမို့၊ ဝင်းနိုင်က ဘုန်းကြီးကျောင်းမှာ ညအိပ်ဖို့စီစဥ်ပေးထားပါတယ်။ ညစာကိုတော့ စားသောက် ဆိုင်ကြီးမှာလိုက်ပြီး ကျွေးရှာတာပါ။ မနက်စောစော ကားနဲ့လာခေါ်ပြီး၊ မုံရွာမှာရှိတဲ့ဘုရားစုံကိုပို့ပေးပါတယ်။ တကယ်ကိုတာဝန်ကျေ တဲ့သူငယ် ချင်းပါ။

    ညနေ၃နာရီ မန္တလေးသွားဖို့ကားလက်မှတ်ကိုစီစဥ်ပေးထားပြီး၊ မန္တလေးမှာတာဝန်ကျနေတဲ့ မင်းအောင်မင်းကို ဖုန်းဆက်ပေး ထားပါတယ်။ မင်းအောင်မင်းရဲ့အိမ်ကတော့ အခန်း၂ခန်းနဲ့ဧည့်ခန်းမို့၊ သူက ဧည့်ဂေဟာမှာစီစဥ်ပေးရှာပေမဲ့လည်း၊ ကျမတို့ ဗရုတ်အုပ်စုက အိမ်မှာဘဲဖြစ်သလိုနေမယ်လို့။ ပျော်လိုက်တာ၊ တစ်သက်မမေ့ပါဘူး။ စိုးမြင့်နဲ့မြင့်ခင်ကို အိမ်ရှေ့ခန်းမှာ စီစဥ်ပေးပြီး၊ မိန်းမ၉ယောက်ကတော့ နှစ်ယောက်အိပ်ကုတင်တစ်လုံးရှိတဲ့အခန်းထဲမှာ ခင်စန်းနု၊ ဆွေ၊ ရွှေပေါနဲ့ကျမတို့ ကကုတင်ပေါ်မှာ၊ ဝက်ပေါနဲ့တူမလေးယောက်က ကုတင်အောက်ကို ခြေထောက်ထိုးပြီးဖြစ်အောင်အိပ်ကြတာ။

    မနက်ကျတော့ မေမြို့တက်ဖို့ အောင်မင်းက ကားစီစဥ်ပေးလို့၊ အလည်အပတ်ထွက်လိုက်ကြပါတယ်။ မေမြို့ကပြန်လာတော့ ဟင်းသီးဟင်းရွက်တွေ ဝယ်လာပြီးချက်ပြုတ်စားသောက်ကြတာ။အောင်မင်းကသတ်သတ်လွတ်စားတာမို့။

    ဦးဝင်းနိုင်ရဲ့ဇနီး အမာစီ၊ မင်းအောင်မင်းရဲ့ဇနီး ခင်အေးမူတို့ကလဲ ကျမတို့သူငယ်ချင်းအားလုံးနဲ့ချစ်ခင်ကြသူတွေမို့ ကျမတ နားလည်ကြတာပါ။တော်ရုံမိန်းမမျိုးတွေသာဆို လင်မယားရန်ဖြစ်ကြမှာ။သူငယ်ချင်းတွေက အတော်မွှေတတ်ကြတာ။

    နောက်နေ့မနက်ကျတော့ မန္တလေးဘုရားကြီးနဲ့ မန္တလေးတောင်တက်ကြတာပေါ့။ ဦးပိန်တံတားဖက်သွားကြပြီး၊ အမရပူရ ဖက်က ဒေါ်အေးကျင်ထမင်းဆိုင်မှာစားရတာကိုတော့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ အလှူအိမ်မှာ ကျွေးသလိုမျိုးက တာပါ။

    မန္တလေးက ည ၉နာရီထွက်တဲ့ကားနဲ့ပြန်လာကြပါတယ်။ ပျော်စရာကောင်းတဲ့ ဒီခရီးစဥ်မျိုးလေး သူများတွေ သွားဘူးမယ် မထင်ပါဘူး။ လူတစ်ယောက် ပေါင်းလို့ကောင်း၊မကောင်းကိုခရီးအတူသွားကြည့်ရင်သိတယ် လို့ဆိုတတ်ကြတယ်။ ယ္ခုသွားခဲ့ကြတဲ့လူတွေနဲ့ နောက်ထပ်သွားချင်ပါသေးတယ်ဆိုရင် – – – – –

    ချစ်သောသူငယ်ချင်းဝင်းနိုင်နဲ့မင်းအောင်မင်းတို့ကိုလဲ သိပ်ကိုကျေးဇူးတင်ပါတယ်နော်။

    နောက်ထပ်သွားဖို့လဲ ၊ ကိုယ့်အရိုးကိုယ်သယ်နိုင်တုန်းလေး မှာလေ – – – – –

    ကိုကြီးဝင်းနိုင်ရေ စီစဥ်ပေးရင်ငြင်းပါဘူးလို့- – – – – – – –

    စိတ်တွေမွမ်းကြပ်လွန်းလို့ပါ ။ ။