တစ်နေ့တစ်နေ့ အချိန်တွေကုန်တာမြန်လွန်းလို့။ ထိုင်နေရင်တော့လဲ ကြာသလိုထင်ရပေမဲ့၊ အလုပ်တွေလုပ်နေရင်တော့ အချိန် ကိုမလောက်နိုင်ပါဘူး။
မျက်စေ့နှစ်လုံးစပွင့်ကထဲက အလုပ်တွေကတန်းစီပြီးစောင့်နေကြတာ။ တမင်ထိုင်လိုက်မှ အလုပ်ကအားသွားရတာမို့။ ဒါပေမဲ့လဲလေ၊ အမေပြောသလို “ကိုယ့်အိမ်အလုပ်ကိုမှ ကိုယ်မလုပ်ရင် ဘယ်သူလုပ်မှာလဲ” ဆိုတာ၊ ခုမှမှန်မှန်းသိပါတော့တယ်။ “အမေရယ်မလုပ်ပါနဲ့” လို့ကျမတို့ကပြောနေကြစကားကိုအမြဲတုံ့ပြန်တတ်တာမို့၊ ခုတော့ အမေ့စကားတွေက ကိုယ်ပြောတဲ့ အလှည့်ဖြစ်နေပြီ။ အမေကတော့ ဒီနေ့ဆို ဝဍ်ကျွတ်သွားတာ ( ၉ )လပြည့်သွားပါပြီ။ ရွှေခြံကျောင်းကသံဃာ တွေအတွက် ကြက် သားဟင်း၊ ကကတစ်ကြော်နှပ်နဲ့ပဲလိပ်ပြာလေးလဲနှပ်ပြီး၊ ဆွမ်းဟင်းပို့လိုက်ပါတယ်။ “ဝဍ်” ဆိုတာချက်ချင်း ကိုလည်တတ်တာ။ နောင်ဘဝမကူးဘူးဆိုတာ အသေအချာပါဘဲ။
ကိုယ်တွေရဲ့အသက်အရွယ်အရ အလုပ်တွေချည်းတော့ ဇောကပ်နေလို့ မဖြစ်သေးပါဘူး။”သေမင်း”က အလုပ်အားမှခေါ် မှာမှမဟုတ်တာဘဲ။ ခုလိုအချိန်ကာလမှာတော့ ဘုရားရှိခိုး၊ ပုတီးစိတ်၊ ဘုရားစာတွေရွတ်ဖတ်ရုံလောက်နဲ့ဘဲ တစ်နေ့တာကို ဖြတ်သန်းနေရတာ။ အိမ်မှာတရားထိုင်ဖို့ဆိုတာကလဲ အလွန်ဆုံး နာရီဝက်အပြင်၊ပိုမလုပ်နိုင်တာကိုတော့ ရိုးသားစွာဝန်ခံပါတယ်။ အိမ်မှာနေရတော့ “အိမ်စိတ်” မို့၊ အလုပ်ကိုနားပြီး၊ တရားလေးထိုင်မယ်လို့ ကြံကာရှိသေး၊ “အော် – င့ါနှယ်ဟိုဟာ လေးလုပ်စရာ ရှိပါသေးလား၊ မိုးကရွာပြီ၊အဝတ်တွေက ရုတ်ရဦးမှာပါလား” နဲ့ တရားလေးချပြီး၊ အလုပ်ထလုပ်ရပြန်ပါရော။
“မရှိတောင့်တ၊ ရှိကြောင့်ကြ” ဆိုတဲ့စကားများ တယ်မှန်တာပါလား။ အဲ့ဒီ “ကြောင့်ကြစိတ်” ဟာ “အပါယ်”အထိကို ရောက်အောင် ဆွဲချမှာ။ သိရက်နဲ့ မိုက်နေကြတာ ဆိုးလိုက်တာနော်။
တကယ်တော့ အားလုံးဟာ သေရင်ထားခဲ့ရမှာချည်းပါဘဲ။ တွယ်ငြိနေတဲ့ သံယောဇဥ်ဆိုတဲ့ အနှောင်အဖွဲ့လေးကို လွတ်အောင် ရုန်းရမှာ။ “မသိလို့လား” လို့မေးရင်တော့ “သိပါတယ်” ရုန်းထွက်နိုင်ဖို့ အတော်ကို ကြိုးစားရမှာ။မရုန်းနိုင်သေးတော့လဲ ခံပေါ့လေ။
ဟိုး၊ အရင် အမေရှိတုန်းကမှ သင်္ကြန်တွင်း(၁၀)ရက်တရားစခန်းလေးကို ဝင်ဖြစ်ပါသေးတယ်။ ခုကာလကတော့ တရားစခန်း တွေကလဲမဖွင့်နိုင်၊ ဥပုသ် သီလဆောက်တည်ဖို့တောင်မှ ခဲယဥ်းနေပြန်တော့ ကိုယ့်ဖို့တကယ်ပါမည့် “ကုသိုလ်အထုပ်” ကို မဆွဲနိုင်ဖြစ်နေတော့တာပါလား
ဒီလောက် တရားတွေကျနေမှတော့ ၊ အားလုံးကိုထားခဲ့ပြီး၊ သီလရှင်ဝတ်ပါလားလို့ ပြောကြလေမလားပါဘဲ။ ကျမကနှုတ် ခမ်းနီမဆိုးရရင်၊ မျက်ခုံးမွှေးမဆွဲရရင် မနေနိုင်တာမို့ သီလရှင်တော့ မဝတ်နိုင်သေးတာအမှန်ပါဘဲ။ ပုထုစဥ်မို့ လှချင်သေးတာကိုး။
ကျမတို့အသက်အရွယ်တွေ အနေနဲ့ အိမ်မှုတာဝန်နဲ့ ကိုယ့်ရဲ့ဘဝကူးလေးကောင်းဖို့အတွက်ကြိုးစားရုန်းကန်နေရရင် – – – – –
လူငယ်လူရွယ်လေးတွေအဖို့ -ဘဝတလျှောက်လုံးလူတန်းစေ့နေထိုင်နိုင်ဖို့ကိုတောင် အတော်ကြိုးစားကြရရှာမှာ။ ဒီထက်ပိုပြီးမျှော်လင့်ကြပြီး၊ ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေဖို့ ဆိုရင်တော့ ပိုပြီးရုန်းကြရဦးမှာ။
ကျမတို့လို အိုနေကြပြီဖြစ်တဲ့အရွယ်တွေအနေနဲ့လောကုတ္တရာအတွက်ကြိုးစားပြင်ဆင်ရသလို၊လူငယ်လေးတွေအဖို့တော့ ရှေ့ဆက်ရမည့်ဘဝခရီးအတွက်ကိုတော့ အပြောကျယ်လှတဲ့ ပင်လယ်ကြီးကိုကူးရသလို၊ ရုန်းကြရဦးမှာဧကန်ပါဘဲ။
ခုလို ခေတ်မှီတိုးတက်နေတဲ့အခါကြီးမှာ ပိုလို့တောင်ဆိုးသေးတာမို့၊ ကလေးတွေအတွက်စဥ်းစားရင်း၊စိတ်ပူမိတာမို့၊ ကျမလဲမနေနိုင်မထိုင်နိုင် ကိုယ့်ဒုက္ခ ကိုယ်ရှာနေမိတာပါလားနော်။ ပုထုစဥ်မို့ အပူရှာတော့ အကုသိုလ်ဖြစ်ပြီး၊ဒီအတွေးနဲ့သာ သေလို့ကတော့ ဒယ်အိုးထဲဇောက်ထိုးကျတော့မယ်။ အသိခေါက်ခက်လှတဲ့ အဖွားကြီးတွေရဲ့ဒုက္ခ မသေးလှပါလား။
ဝဍ် ကိုလဲကြောက်လှပါရဲ့။အပါယ်သွားရမှာလဲကြောက်လှပါရဲ့။
ကြောင့်ကြစရာတွေကိုလဲ လွှတ်ချရင်း၊တွယ်တာမှုကိုဖယ်ခွါလို့၊
သံသရာဝဍ်က လွတ်အောင်ရုန်းကြဦးပါမှဘဲ