ဒေါ်မိအောင် Daw Mi Aung
ငယ်သူငယ်ချင်းဆိုတာ သိတတ်ခါစအရွယ်ကထဲက စိတ်တူကိုယ်တူပေါင်းသင်းခဲ့တဲသူတွေကိုခေါ်တာလား။
ဟိုး ကျောင်းနေစအရွယ်တုန်းက သူငယ်ချင်းတချို့ကိုတော့ ကောင်းကောင်းမှတ်မိတဲ့သူကနဲနဲဘဲရှိပါတယ်။ကျန်တဲ့သူတွေကို မမှတ်မိဘူးဆိုတာကတော့ ကျမက St.Philomena’s Convent ကိုကျောင်းပြောင်းတက်ခဲ့ရလို့သာပါ။
Convent ကျောင်းရောက်စမှာ ကျမကို ပျူငှာစွာခေါ်ပြောခဲ့တဲ့ သူငယ်ချင်း Pansy Nyi (မိမိအေးအေး) ကတော့ ခုချိန်ထိကို ချစ်ခင်မပျက်ရှိနေစဲပါဘဲ။ Middle KG ကနေ ၅တန်း ၆တန်းလောက်အထိကတော့ အတွဲမပျက်ခဲ့ကြပေမဲ့၊ ကျမကဘဲ ပွေပွေ လီလီ အပေါင်းအသင်းများလို့လားမသိပါဘူး၊အခြားသူငယ်ချင်းတွေနဲ့တွဲဖြစ်သွားတာပါ။ Pansy, Sheila, Daisyနဲ့ ကျမတို့က လေးတန်းလောက်ရောက်တော့ အသီးသီး အခြား သူငယ်ချင်းတွေနဲ့ တွဲဖြစ်သွားကြသလို ကျမကတော့ ထူးထူးငွေ၊ အေးအေး ချစ်တို့နဲ့အဖွဲ့ကျသွားပြန်ပါရော။ Pansyနဲ့ Sheilaကတော့ Dolly Sein နဲ့ Kathleen Tun တို့နဲ့ ပေါင်းမိသွားကြပြန်ပါတယ်။ ငယ်သူတွေမို့ မတည်ငြိမ်သေးတဲ့သင်္ကေတတွေပေါ့လေ။
နောက် ၆တန်းလောက်ရောက်တော့ ကျမရယ်၊ မစိန်ရည်ရယ်၊ ကြည်ကြည်အေးရယ်၊ Mary Yie Sein ရယ် တွဲမိခဲ့တာတော့ ယခုတိုင်အောင်ပါဘဲ။ နောက်တော့ ခင်ခင်စန်းကပါလာပြန်ရော။ တကယ်တော့ သူငယ်ချင်းအားလုံးနဲ့ခုချိန်အထိကို ချစ်ခင် မပျက်ဆုံမိကြစဲပါ။ မစိန်ရည်နဲ့ကျမကတော့ စသိကထဲက ရန်ဖြစ်ပြီးမှ ခင်ခဲ့ကြသူမို့၊ ခုလဲတကျက်ကျက်ပါဘဲ။ ဒါပေမဲ့ ကျမ ဘယ်ရောက်ရောက် မစိန်ရည်ကတော့ မရအရလိုက်ရှာပြီးတွေ့တတ်တာမို့ “ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်ပါဘဲ။” ကြည်ကြည် အေးနဲ့ Mary Yie Sein ကတော့ ဖြန်ဖြေရေးသမားတွေပေါ့။
ဒီလိုနဲ့ဘဲ ၁၀တန်းရောက်လို့ အောင်သွားကြသူတွေ၊ စာမေးပွဲကျကျန်ခဲ့သူတွေနဲ့ အိမ်ထောင်ကျသွားကြသူတွေနဲ့မို့ တစ်ယောက် နဲ့တစ်ယောက်အနေဝေးခဲ့ကြရပြန်ပါတယ်။ ကျမတို့အုပ်စုထဲက ခင်ခင်စန်းဆို ၈တန်းဖြေပြီးကထဲက အိမ်ထောင်ကျသွား တော့ တာမို့ လုံးဝကိုအဆက်ပြတ်သွားရတာပါ။
(ကျမက သူငယ်ချင်းဆို ရှာဖွေနေတတ်တော့၊ ခင်ခင်စန်းရဲ့အမျိုးသားဆုံးတော့ကိုရောက်အောင်သွားခဲ့ပါသေးတယ်။)
ဒီလိုပါဘဲ မစိန်ရည်ကလဲ ကျမ ပထမနှစ်အတက်မှာ ဆေးကျောင်းတက်ရင်းနဲ့ အိမ်ထောင်ပြုလိုက်ပြန်ပါရော။ Mary Yie Sein (နုနု)ကလဲ ကျမ ဒုတိယနှစ်အရောက်မှာဘဲ အိမ်ထောင်ပြုခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်အထိ ကျမတို့ လေးယောက်က အဆက်မ ပြတ်ကြသေးပါဘူး။
နောက်တော့လဲ တာဝန်ကိုယ်စီနဲ့မို့အနေဝေးခဲ့ကြရပြန်တာပါဘဲ။ ကြည်ကြည်အေးက စီးပွါးရေးတက္ကသိုလ်မှာ ကျောင်းတက် တာမို့ ကျမနဲ့ တခါတလေတွေ့ကြပါသေးတယ်။ ကျမဘွဲ့ယူတော့ကို ကြည်ကြည်အေးနဲ့ မိမိအေးအေးတို့ရောက်လာခဲ့တာမို့ တကယ်ပျော်မိတာပါ။
ငယ်ကပေါင်းခဲ့တဲ့ငယ်ပေါင်းနဲ့ ကြီးမှပေါင်းရတဲ့ကြီးပေါင်းကတော့ နဲနဲကွာတာတော့အမှန်ပါဘဲ။ ဒါတောင်မှ ငယ်သူငယ်ချင်း တွေနဲ့ကိုဘဲ အသက်ကြီးပိုင်းရောက်လာလို့ ဆက်ဆံရတာ သိပ်အဆင်မပြေလှသူတွေနဲ့တော့ ပိုလို့ဝေးသွားကြတော့တာပါ။
ငယ်တုန်းက သူဘာလဲ၊ကိုယ်ဘာလဲ၊ သူ့မိဘဘာလဲဆိုတာမျိုးတွေကို ဘေးချိတ်ပြီး၊ ပေါင်းသင်းခဲ့ကြရတာကတော့ တကယ်ကို “မရောင်မဆိုးတဲ့ချစ်ခြင်း”နဲ့ ချစ်ခင်ခဲ့ကြတာပါ။
KGတန်းကထဲက ပေါင်းတာမဟုတ်ဘဲ၊ ကျမ၁၀တန်းကျလို့ နောက်ထပ်တွေ့ခဲ့ရတဲ့သူငယ်ချင်း ညောင်လေးပင်သူ စိန်စိန်အုံး နဲ့ပြွန်တန်ဆာသူ မြသီတာတို့ကိုတော့ ပေါင်းသင်းလို့ကောင်းတာမို့ ကျမအတွက်တော့ ငယ်စာရင်းသွင်းထားရပါတယ်။ (စိန်စိန်အုံးကတော့ ကျမတို့နဲ့ညီအစ်မအရင်းတမျှပါဘဲ။ မြသီတာနဲ့ကတော့ အကြာကြီးကွဲသွားပေမဲ့၊တွေ့ရတဲ့အခိုက်လေးမှာ ဟန်ပန်မရှိ ချစ်ခင်ရင်းနှီးစွာပြုမူခဲ့လို့ဝမ်းသာမိခဲ့ရတာပါ။) ၁၀တန်းကျတဲ့နှစ်မှာ လှလှမြင့် (Helen Mg) နဲ့လဲ ကျူရှင်အတူ တက်ခဲ့ရပါသေးတယ်။ Helenတို့အဖေဆို တခါတလေကျူရှင်ကအပြန်ကို ပြန်ပို့ပေးတတ်ပါသေးတယ်။ ၁၀တန်းအောင်လို့ သူက စက်မှုတက္ကသိုလ်တက်တော့မှအဆက်ပြတ်သွားပေမဲ့၊ သူမင်္ဂလာဆောင်တဲ့အခါကျတော့ သေသေချာချာကို လာပြီးဖိတ် တာမို့ဝမ်းသာမိခဲ့ရပါတယ်။
တက္ကသိုလ်တက်တော့ ကျမတို့ St.Philo ကနေ ၁၀တန်းအောင်ခဲ့တဲ့သူချည်းဘဲတွဲခဲ့ကြတာပါ။ (ညိုညိုမြတ် (Susan), အေးအေး ချို (Alice)အေးအေးဝင်း (Ellener Aye )နဲ့ ကျမတို့ပါ။) လေးနှစ်လုံးအတူတွဲလို့ပျော်မဆုံးပါဘဲ။ ဒါပေမဲ့ ဘွဲ့ယူပြီးကထဲက ပြန်မဆုံခဲ့ကြတာပါ။ သူငယ်ချင်းဖြစ်ခဲ့ဘူးကြပေမဲ့၊အခြေအနေတွေပြောင်းလို့ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ကြလေသလားပါဘဲ။ လမ်းခွဲခဲ့ကြတာ ဝမ်းနည်းစရာမဟုတ်ကြပေမဲ့လဲ၊ ကျမကသူငယ်ချင်း “မင်”တတ်သူမို့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါဘဲ။
သူငယ်ချင်းတွေအများကြီးပါဘဲ။ မတွေ့မဆုံကြရလို့သာ၊ ခုကာလ အသက်ကလဲကြီးလာ၊ ရောဂါဆန်းတွေကလဲဖြစ်ကြမို့ အိမ်ထဲကအိမ်ပြင်မထွက်ရဲကြတာနဲ့မို့ အားလုံးအဆက်ပြတ်လုနီးနီးပါဘဲ။ တွေးမိတိုင်းအတော်ဝမ်းနည်းနေရတာပါ။
အရင်ကဆို သူငယ်ချင်းတွေ သီးသန့်မဆုံဖြစ်ကြရင်တောင်မှ တစ်နှစ်တစ်ကြိမ်တော့ “အာစရိယပူဇော်ပွဲ” မှာဆုံဖြစ်ကြတာမို့၊ အေးချမ်းသာယာတဲ့အချိန်ကာလလေးကို တမ်းတရင်း – – – – – – – –
မှတ်ချက်။ ။ စာရေးတဲ့အထဲမှာ နံမည်တွေမပါ ပေမဲ့ သူငယ်ချင်းတွေအားလုံးကို ရင်ထဲမှာ အမြဲရှိပါတယ်လို့။

Leave a comment