အေးချမ်းသာယာစေချင်

ဒေါ်မိအောင် Daw Mi Aung

ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုက ကံအကျိုးပေးနဲ့ ဘဝပေးကုသိုလ်တွေပါ။ ချမ်းသာတယ်ဆိုပြီးမာန်မတက်လေနဲ့။ ဆင်းရဲ တယ်ဆိုပြီးလဲ ဝမ်းမနဲပါနဲ့။

တချို့လူတွေက ချမ်းသာတဲ့ဒဏ်မခံနိုင်ကြဘဲပျက်ဆီးတတ်ကြသလို၊ တချို့သူတွေက ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ဘဲ ပျက်ဆီး တတ်ကြတာကို တွေ့မြင်ခဲ့ရဘူးလို့ပါ။ ဒါမျိုးကတော့ ” ကံ” နဲ့မဆိုင်တော့ပါဘူးလို့ ထင်မိတာပါဘဲ။

သွန်သင်ဆုံးမတတ်တဲ့သူနဲ့အတူနေရတာရယ်၊ နာခံသူရဲ့ နာခံတတ်တဲ့ ခံယူမှုရယ်က ပိုအရေးကြီးလေသလားလို့ပါ။ ချွင်းချက် အနေနဲ့ကတော့ ပင်ကိုယ်ဗီဇလဲကောင်းဖို့လိုပါတယ်။

အမေကအမြဲပြောတတ်တာလေးအမှတ်ရမိလို့ပါ။ “အိုးသည်ဆိုတာ အိုးကောင်းကောင်းသုံးချင်ရင် နာနာရိုက်ရတယ်၊ သားသ္မီး လဲ တတ်သိလိမ္မာစေချင်ရင် ကြုံလာသမျှကို သတိပေးဆုံးမရတယ်” တဲ့။ ဟုတ်မှာပါ။

ဒါပေမဲ့၊ ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူတာမှန်ငြားသော်လည်း၊ ခေါင်းပေါင်းသားက မကောင်းရင်တော့လည်း၊ ဖွပ် သလောက်တော့ မဖြူနိုင်တာအမှန်ပါ။

ခေတ်မှီတိုးတက်လာပြီဖြစ်တဲ့ ယနေ့ခေတ်အခါမှာတော့ မိဘနဲ့သားသ္မီးတွေ အလှမ်းဝေးနေသလိုပါဘဲ။ လက်ပွန်းတစ် တီးမရှိ ကြသလိုမို့။ ကျမတို့ငယ်စဥ်ကလို ၊ အဖေတစ်ယောက်အလုပ်လုပ်ရင် မိသားစုအားလုံးကို အပြည့်အစုံထား နိုင်တဲ့အခြေ အနေ မျိုးမဟုတ်ပြန်ပါဘူး။ အမေကပါ တဖက်တစ်လမ်းက အလုပ်လုပ်နိုင်ပါမှ နဲနဲအသက်ရှူချောင်နိုင်တဲ့ခေတ်ပါ။ သားသ္မီးကို အနီး ကပ်ဆုံးမနိုင်ဖို့ မဆိုထားနဲ့၊ သိတတ်ခါစကလေးကိုတောင် ညအိပ်ယာဝင်ပုံပြင်မပြောနိုင်ကြတော့ပါဘူး။

ခုခေတ် ကလေးတွေကို ကျမအမြင်ကတော့ အစွန်းတစ်ဖက်စီရောက်နေကြသလိုပါဘဲ။ တချို့ကလေးတွေက တိုးတက်မှုကို တအားကြံဆကြိုးစားနေကြတဲ့အချိန်မှာ၊တချို့ကလေးတွေက ဘဝကို မျှောပစ်ပြီး ပျက်စီးကြောင်းတွေ ကိုဘဲအာရုံစိုက် နေ တတ်ကြပါတယ်။ ဆင်းရဲ ချမ်းသာ မရွေးပါဘဲ။ ဒါတွေကိုမြင်နေရတော့ အနာဂတ်လူငယ်လေးတွေကိုနှမျောမိတာပါ။ မိမိကိုယ် တိုင်က သိပ်တတ်၊ သိပ်တော်သူတော့ မဟုတ်ပေမဲ့၊ ကိုယ်က အသက်အရွယ်ရလာတဲ့အချိန်မှာ တွေးဆတတ်မိလာတာမို့။ ကိုယ့်နဲ့ရွယ်တူတွေ သိပ်ကိုအောင်မြင်နေတာမြင်ရတဲ့အခါ၊ ကိုယ်ကသူတို့လောက် မကြိုးစားခဲ့မိလေခြင်းဆိုတဲ့ “နောင်တ” ဟာ အချိန်လွန်မှသိရတာ။ (မနာလို၊ ဝန်တိုစိတ်နဲ့ လုံးဝမဟုတ်ပါဘူး။)

ဥာဏ်လဲထက်နေတုန်းအချိန်လေးမှာ ကြိုးစားမှလဲ ပိုပြီးအောင်မြင်ကြမှာ။ ချမ်းသာဖို့ဆိုတာထက်၊ အတွေးအခေါ်မြင့် မားဖို့ ဆိုတာက ပိုပြီးအရေးကြီးသလားလို့ပါ။ တချို့ကလဲ ချမ်းသာဖို့ပိုအရေးကြီးတယ်လို့ယူဆကောင်း ယူဆကြပါလိမ့်မယ်။ အတွေးတွေ၊သဘောထားတွေဟာ အမျိုးမျိုးကွဲလွဲ နိုင်ကြတာမို့၊ သူတပါးကိုမထိခိုက်စေနိုင်တဲ့ အတွေးနဲ့ လုပ်ဆောင်ချက် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ဆင်းရဲလို့ ငွေကြေးမတတ်နိုင်လိို့ ပညာတောင်မသင်ကြရတဲ့ကလေးတွေလဲ ဒုနဲ့ဒေးပါဘဲ။ ဒါပေမဲ့ဆင်းရဲပေမဲ့ ကြိုးစားချင် စိတ်ရှိတဲ့ လူတချို့ လောကကြီးမှာအောင်မြင်ကျော်ကြားနေကြတာလဲအများကြီးပါဘဲ။ ဒါကြောင့် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇ အရည်အသွေးကသာ သူ့ ရဲ့အောင်မြင်မှုကိုဖြစ်စေမှာပါ။

ချမ်းသာသူတချို့ကတော့ ငွေဂုဏ်မောက်ပြီး၊ ထင်ရာစိုင်းတတ်ကြတာမို့ ပျက်စီးစေတတ်တာတွေဟာလဲ၊ တရား သဘော နဲ့ကြည့်ရင် မမြဲတဲ့တရားတွေပါ။ ကျမတို့ငယ်ငယ်ကသင်ခဲ့ရတဲ့ကုဋေ ၈၀ သူဌေးသား လိုပါဘဲ။ ဘယ်လောက်ပင် ချမ်းသာ သော်လည်း စာပေမတတ် အသိပညာနုံနဲ ရင်တော့ ပျက်စီးကြရမှာမလွဲပါဘူး။

ကျမတို့လို အလယ်အလတ်တန်းစားလူမျိုးတွေအဖို့တော့ နေတတ်ရင်ကြေနပ်စရာချည်းပါဘဲ။ မချမ်းသာချင်တဲ့ လူတော့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ချမ်းသာပြီး၊ ” ကြောင့်ကြမှု “တွေနဲ့စိတ်ပင်ပမ်းနေရတာထက်စာရင်၊ အေးချမ်းတဲ့ဘဝလေးက ပိုပြီး သာယာပါလိမ့်မယ်။

ကျမကတော့လေ ခုလက်ရှိနေရတဲ့ အခြေအနေထက်၊ ကြည့်မြင်တိုင်မှာနေခဲ့ရတဲ့ မောင်နှမ (အကြီး) သုံးယောက် ရုန်းကန် လှုပ်ရှားရင်းနဲ့ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ခဲ့ရတာလေးကိုဘဲ တမ်းတနေမိတာပါ။

ခေတ်မှီတိုးတက်လာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် တစ်မိုးအောက်ထဲနေပြီး “ဝေး” နေကြရတာတော့ သိပ်ကို ဝမ်း နည်းစရာကောင်လွန်းလှပါတယ်။

ချမ်းသာဖို့ဘဲ အာရုံစိုက်နေကြပြီး၊ ငွေ – ငွေဆိုတဲ့နောက်ကို အတင်းလိုက်နေကြရတော့ မိသားစုဆိုတာက နောက်ရောက် နေ တတ်ကြတာမို့ ချမ်းသာတဲ့သားသ္မီးတချို့ ပျက်ဆီးခြင်းမက ပျက်ဆီးနေကြတာ ဝမ်းနည်းစရာပါ။

အတွေးလေးတွေ မှန်ပြီး မိသားစုနွေးထွေးနိုင်ကြပါစေ။

သောက ကင်းဝေးကြပါစေ။

Comments

Leave a comment