အတွေး – ၂

ဒေါ်မိအောင် Daw Mi Aung

လူ့ဘဝ တိုတိုလေးကို ရလာကထဲကရုန်းကန်လိုက်ကြရတာ၊ နားရတဲ့အချိန်ကိုမရှိသလောက်ပါဘဲ။ ရုပ်ခန္ဓာကြီးက နားနေကြ ရင်လဲ၊ စိတ်ကမှမနားရပါဘဲလား။

စိတ်ကမနားရတာများ၊ ထိုင်ရင်း အိပ်ရင်းနဲ့ကို “အတွေး” တစ်ခုဝင်လာလိုက်ရင်လေ၊ အိပ်လို့ကိုမပျော်တော့တဲ့ အခြေအနေပါ။ အတော်ဆိုးတာပါလား။ ပိုက်ဆံတွေရှိတဲ့သူ၊ကျိကျိတက်ချမ်းသာတဲ့သူတွေက ရှိတာလေးပျောက်ပျက်သွားမှာစိုးရိမ်တဲ့ “သော က”၊ မရှိတဲ့သူတွေက တို့ရဲ့နက်ဖန်ကို ဘယ်လိုရှာဖွေစားသောက်ကြရမလဲဆိုတဲ့ “သောက’။ ဘာများကောင်းတာရှိလို့လဲ။ “သောက’ဆိုတဲ့အပူတွေရင်ထဲမှာ ပိုက်ထားကြရတာ။

ကျမ ခပ်ငယ်ငယ်က နေစရာ၊ စားစရာ ထိုက်သင့်သလိုရှိတဲ့ လူတစ်ယောက်ကပြောဘူးပါတယ်။ “ခုချိန်မှာတော့ လက်ထဲမှာ ရှိတဲ့ပိုက်ဆံ၊ ရင်းနှီးမြှုပ်နှံထားတဲ့ဆီကရလာမည့် ငွေတိုးလေးနဲ့ စားဝတ်နေရေးအဆင်ပြေနေပေမဲ့၊ နောက်လာမည့် ဆယ်နှစ် တန်သည်၊ ဆယ့်ငါးနှစ်တန်သည် အချိန်တစ်ခုရောက်လို့ တက်လာမည့်ကုန်စျေးနှုန်း၊ ကြီးမြင့်လာမည့် လူနေမှုစရိတ်စ သည်တို့ နှင့်မလောက်ငှရင်တော့ သေပစ်လိုက်မယ်” ဆိုတာမို့။ ဒါပေမဲ့ အဲ့ဒီအချိန်မတိုင်မီ မှာဘဲ၊ လောကကြီးကို ကျောခိုင်းသွားရတာမျိုး ကို မြင်ခဲ့တွေခဲ့ရဘူးပါတယ်။ (သေချင်တိုင်းသေလို့၊ နေချင်တိုင်းနေလို့မှမရတာကိုတော့ ထည့်မတွက်မိကြတာ။)

“နောင်ရေး”ဆိုတာမျိုးက တွေးရမယ်၊ထိုက်သင့်သလောက်စီစဥ်ထားရမှာ မှန်ပါတယ်။ သို့ပေမဲ့ အလွန်အကျူး ပူပန်မှုမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်မိလို့ပါ။ ကျမတို့မောင်နှမတွေဆိုရင် အဖေက ငယ်ကထဲက ဆုံးပါးသွားတာပါ။ အဖေလဲ မိသားစုရဲ့ ရှေ့ရေး ကိုစဥ်းစားကောင်းစဥ်းစားခဲ့ပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်ချိန်ကိုမရရှိခဲ့ဘဲ လူမမယ်သားသ္မီးတွေကိုထားခဲ့ပြီး၊ လောကကြီး က ထွက်သွားရတာပါ။ ကျမ၇တန်းရောက်တဲ့နှစ်က မိတ်ဆွေတစ်ယောက် နိုင်ခြားကပါလာတဲ့ ဇာလုံချည်လေးကို “ငါ့သ္မီး ဘွဲ့ယူ ရင်ဝတ်ဖို့” ဆိုပြီးဝယ်ပေးခဲ့တာလေးတစ်ခုဘဲ “အမွေ”ပေးနိုင်ခဲ့တာပါ။ (စီးပွါးဥစ္စာတော့ အသင့်အတင့်ရှာပေးခဲ့တာပေါ့လေ။)

ခုလဲ ကိုယ့်မျက်စေ့ရှေ့မှာမြင်နေရတာ၊ နားထဲမှာကြားနေရတာတွေ အတွက် အပူမရှိအပူရှာသောက များမိနေတာမို့၊ ကိုယ်ရေး တာလေးဖတ်မိပြီး၊ စဥ်းစားဆင်ချင်မိကြလေမလားလို့။ (မနေတတ် မထိုင်တတ်၊ အပူ ရှာမိတဲ့သူကကျမဖြစ်နေပါလား။)

လူတချို့က ငါ့အသက် ဘယ်အရွယ်အထိနေရရင်၊ ခုရှာထားတဲ့ပစ္စည်းဥစ္စာနဲ့ဆိုရင်တော့ ကြောင့်ကြစရာ၊ပူပ န်စရာမလိုဘူး လို့ဘဲ တွေးတတ်ကြပါတယ်။

သက်တမ်းနဲ့တွေးရင်တော့လဲဟုတ်တာပေါ့လေ

ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ၊ နေ့မြင်ညပျောက် ဆိုတာလေးကို မေ့နေကြမှာစိုးရိမ်မိလို့ပါ။

အဲ့ဒါကြောင့် မိမိ လုပ်သင့်တာကို နေ့ညမစိုင်းဘဲလုပ်သင့်တာကိုလုပ်ထားကြရင်ကောင်းမလားလို့ တွေးမိတာ။

ဘာမဆို ဖြစ်ချင်တိုင်းဖြစ်ခွင့်မှမရှိတာဘဲ။တရားတွေ သိပ်သိနေတယ်လို့မဟုတ်ပေမဲ့ ကိုယ်ရပ်တည်ခဲ့ရတဲ့ ဘဝနဲ့ အတွေ့ အကြုံလေးအရပါ။ ကျမတို့ရဲ့ ပညာရှိအမေရဲ့ အတွေးမှန်ခဲ့လ်ို့သာ လူ့လောကမှာရပ်တည်နိုင်ခဲ့တာပါ။”အမေက ပညာအမွေ ဘဲပေးနိုင်မယ်၊ ရအောင်ယူကြ” ဆိုလို့သာ၊ စီးပွါးဥစ္စာဆိုတာ မြဲခြင်းမှမရှိတာလေ။

လူတွေဟာ အတွက်အချက်နဲ့နေထိုင်ကြတာပေမဲ့၊ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်ဘူးဆိုတာကိုတော့အမှတ်မထားမိဘဲ မေ့နေ ကြ တယ် ထင်ပါရဲ့။

နောက်ပြီး၊ အမေပြောဘူးတယ်။ “သိပ်မပူပါနဲ့သ္မီးရယ် ၊”တရား”ကကျွေးပါလိမ့်မယ်”ဆိုတာလဲ ဟုတ်မှာလို့။ ကျမရဲ့အမေမှာ ဝင်ငွေလဲမရှိ၊ ပစ္စည်းဥစ္စာလဲ သိမ်းဆည်းထားတာမရှိခဲ့ပေမဲ့၊ အသက်( ၉၆ )နှစ် ကွယ်လွန်ချိန်အထိ၊ ကြောင့်ကြောင့်ကျကျ မနေခဲ့ရပါဘူး။ ကျွေးမည့်သားသ္မီးတွေ ရှိလို့ရယ်မဟုတ်ပါဘူး။ လူဆိုတာ သူ့ကံနဲ့သူမို့၊ ငါ့မှာကြည့်ရှုမည့်သားသ္မီးမှ မရှိတာ ဆိုတဲ့ “အတွေး” ကိုလွှင့်သာပစ်လိုက်ကြပါလို့။

စေတနာကောင်းရင် ကံကောင်းပါတယ် – – – –

မမြဲသောသဘောကို ဆင်ချင်ရင်းနဲ့ – – – –

“သောက”တွေကင်းကြပါစေ။ ။

Comments

Leave a comment