ဒေါ်မိအောင် Daw Mi Aung
သိတတ်တဲ့အရွယ်ကစလို့ အလုပ်တွေလုပ်လာလိုက်ရတာ၊ တကယ်ကိုမနားရတာပါဘဲ။ ဒါကြောင့်ကလေးတွေကို နားရတုန်း လေးနားကြပါလို့ပြောရတာ။ သူတို့လေးတွေကလဲ ပညာဆုံးခန်းတိုင်တာနဲ့ အလုပ်ရှာကြတာ၊ ပြန်တွေးကြည့်တော့ အတော် ကိုသနားဖို့ကောင်းတာပါ။
ခုကာလကြီးက ကျမတို့ ဘွဲ့ရခဲ့တဲ့ကာလနဲ့ နဲနဲလေးမှကိုမတူတာပါ။ ခုခေတ်မှာ ဘွဲ့တစ်ခုရယုံနဲ့တော့ အလုပ်အကိုင် အခွင့် အလမ်းကဘယ်လိုမှရဖို့လမ်းမရှိတာပါ။ (အော်၊ ဒါကြောင့်လဲ သူသူငါငါအပြိုင် ကြိုးစားကြရတာကို။)
လူ့လောကကို “အူဝဲ”ဆိုပြီးရောက်လာတဲ့အချိန်ကနေ အခုဆိုရင်တော့ အသက်(၃)နှစ်လောက်ကစပြီး မိဘတွေက မူကြို ကျောင်းကိုပို့ကြပြီး၊ (၅)နှစ်လဲပြည့်ရော ကျောင်းစပြီးထားကြတော့တာပါဘဲ။ကလေးတွေခမျာမှာ မိဘရင်ခွင်မှာ နားရတဲ့ အချိန်မရှိသလောက်ကိုရှားပါးကြရှာတာ။ မိဘတိုင်းက သားသ္မီးကို ကိုယ့်ထက်ပိုပြီးတတ်စေချင် တော်စေချင်ကြတာကတော့ အပြစ်မဆိုသာပေမဲ့၊ တချို့သောမိဘတွေကြတော့လဲ အင်မတန်ကို လောဘကြီးကြတာကလား။
ကိုယ့်သားသ္မီးရဲ့ ဥာဏ်ရည်ကလိုက်လိုမှီပါ့မလား မကြည့်ဘဲ၊ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ “လောဘ”တစ် ခုထဲနဲ့ တွန်းအားပေးတတ်ကြတော့တာပါဘဲ။ (တကယ်တော့ ကလေးအတွက်ထက် မိဘတွေကသူတို့ လူ့အသိုင်းအဝိုင်းမှာ “ကြွားဝါ” ဖို့အတွက်လေလားလို့။)
တချို့လဲမိဘကတွန်းအားပေးတာကို ခံနိုင်ရည်ရှိကြပေမဲ့၊ တချို့ကလေးတွေကတော့ လမ်းမှားကိုရောက်သွားတတ်ကြတာ။ အလွန်နှမျောစရာကောင်းလှပါတယ်။ တကယ်တော့ မိဘဆိုတာ ကိုယ့်သားသ္မီးရဲ့အခြေအနေကို သိရမှာပါ။ သူ့ရဲ့စွမ်းအားက တစ်မတ်ဖိုးတတ်နိုင်တာကို တစ်ကျပ်ဖိုးသုံးဖို့ အတင်းရိုက်သွင်းလို့မရနိုင်ပါဘူး။
ခုခေတ်မှာတော့ ခေတ်မှီတိုးတက်လာတာနှင့်အမျှ တချို့သောကလေးတွေက သူတို့တိုးတက်ရာတိုးတက်ကြောင်းကို ကြိုးစား ပမ်းစားလုပ်ကြပေမဲ့၊ တချို့ကလေးတွေကတော့ ပေါ့ပေါ့ဆဆနေတတ်တာပါ။ တချို့ကလေးတွေများဆိုရင် အတုယူ တောင် မှားနေတတ်ကြသေးတာမို့၊ ခေတ်မှီလာခြင်းဟာလဲ “အကောင်းတဝက်၊ အဆိုးတဝက်”ပါဘဲ။ ဒါကတော့ ခံယူသူ နဲ့သာသက် ဆိုင်တာပါ။
ပညာဆိုတာတော့ ရှာလို့ကိုမဆုံးနိုင်တာမို့၊သတ်မှတ်ထားတဲ့ အတန်းပညာပြည့်စုံရင် လုပ်ငန်းခွင်ဝင်ဖို့အားထုတ်ရ၊ အလုပ်ရှာရနဲ့၊ လုပ်ငန်းခွင်ဝင်ရပြီဆိုတာနဲ့တော့ မပြီးဆုံးနိုင်တဲ့ သံသရာထဲကိုရောက်သွားကြရတော့တာပါဘဲ။ ခုခေတ်မှာ အသက်(၆၀) ပြည့်လို့ ပင်စင်ယူရပြီဆိုရင်တောင်၊ ကိုယ်လဲကျန်းမာနေလို့ကတော့ နောက်ထပ် အလုပ်တစ်ခုကိုရှာဖွေပြီးလုပ်နေကြရသေးတာ။ ဘယ် မှာများ “နားရတဲ့အချိန်” ရှိကြလို့လဲ။ (လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ခေတ်လေ။)
ကြာခဲ့ပါပြီ။ အိမ်ထောင်ဦးစီးဖခင်တစ်ယောက်ထဲရဲ့လစာနဲ့ မိသားစုကို ပြည့်စုံအောင်ထားနိုင်တဲ့ခေတ်အခြေအနေက ဟိုးပဝေ သဏီ ခေတ်ကပါ။
(၃)နှစ်အရွယ်ကစပြီး မူကြိုပို့ကြရတာကလဲ ရှင်းရှင်းလင်းလင်းတွေးကြည့်ရင် အမေလုပ်သူကတဖက်တလမ်းက ဝင်ငွေလေး ရဖို့အတွက် အလုပ်လုပ်ချင်လို့ ကလေးထိန်းပို့ကြရတာပါ။ အဲ့ဒီတော့ ခုခေတ်ကလေးတွေခမြာမှာ (၃)နှစ်အရွယ်ကစလို့ အသက် (၆၀)ရောက်မှ အနားယူပေတော့ပေါ့။
ဒါကြောင့်မို့ အိမ်ကကလေးတွေကိုတော့ လုပ်ငန်းခွင်ဝင်ဖို့သိပ်ဆန္ဒမစောကြပါနဲ့လို့ အမြဲပြောနေရတာ။ ကိုယ်တွေက ကိုယ်ပိုင် လုပ်ငန်းလုပ်နိုင်ဖို့လဲ ငွေပုံပေးနိုင်တဲ့ အရည်အချင်းမှမရှိကြတာ။ အဲ့ဒီတော့လဲ လုပ်ငန်းခွင်ဝင်ဖို့အတွက် ကိုယ့်ဖက်က အရည် အချင်းပြည့်ဖို့ကို အရင်ကြိုးစားပြီးမှသာ အလုပ်ဝင်ကြပါလို့။ ရှေ့တန်းရောက်ဖို့က လက်နက်အပြည့်အစုံနဲ့ အရည်အချင်းပြည့်မှီမှ ဖြစ်မှာလေ။
တွေးကြည့်ရင်တော့ –
လောဘနဲရင် သက်သာသလို၊လောဘကြီးတာနဲ့အမျှ ပင်ပမ်းကြရမှာမလွဲပါဘူး။
မနိုင်ဝန်ကိုမထမ်းကြရင်လဲ သက်သာတာပါဘဲ။
အသက်ရှိနေသေးသရွေ့ အလုပ်လုပ်ကြရမှာမို့၊
အခြေအနေလေးပေးသရွေ့ အနားရတုန်းလေး နားနားနေနေ နေတတ်ကြပါစေ။
“အပျင်း”တော့မဖက်ကြနဲ့ပေါ့။ “ပျင်း”နေရင်တော့ “ထမင်းမဝ” ဖြစ်ရမည့်ကာလမို့ပါ။

Leave a comment