သတိ

ဒေါ် မိ အောင် Daw Mi Aung

စွဲလန်းတယ်ဆိုတာ ဘာကိုစွဲလန်းတတ်တာမှ မကောင်းပါဘူး။ မသိဘူးလားဆိုတော့သိကြပါတယ်။ ဒါပေမဲ့လို့ အတ္တလို့ဘဲ ခေါ်လေမလား။ စိတ်အလိုလိုက်နေမိကြတယ်လို့ဘဲခေါ်လေမလား။

ကိုယ်ကြိုက်တဲ့ပစ္စည်းသေးသေးမွှားမွှားလေးကအစ ဟောင်းနွမ်းလို့၊ သုံးမရတော့ဘူးဆိုရင်တောင်မှ လွှင့်မပစ်ရက်ဘဲ၊ ဒီ ပစ္စည်းလေးက ဘယ်ကရတာ၊ ဘယ်သူပေးထားတာ ဆိုတာမျိုးလေးကိုတသသ ပြန်တွေးရင်းနဲ့အနှစ်နှစ် အလလစွဲစွဲ လန်းလန်း သိမ်းထားတတ်ကြတာ။ ” စွဲလန်းမှု ” တဏှာ တွေပါလား။

ကျမကို သူများတွေကပြောကြတယ်။ “မှတ်ဥာဏ်ကောင်းလှချည်လား ” တဲ့။ ပြန်တွေးကြည့်ရင် ရှက်မိသလိုပါဘဲ။ နောက် ကြောင်းကို ပြန်တွေးပြီး “ဖြစ်ကြောများရှည်” နေလေရော့သလားလို့ပါ။ သူတော်ကောင်းတွေ ကြောက်တဲ့ အလုပ်တွေပါ။

ငယ်ငယ်တုန်းက ဆရာမကကျောင်းခန်းထဲမှာ စကားမပြောရဘူးဆိုရင် တယ်ပြောချင်ကြတာကိုး။ (ကျမတို့ရဲ့ အတန်းခေါင်း ဆောင် မိမိအေးအေး ကဆို ၊”စကားမပြောနဲ့နော်၊ပြောရင်တီချယ်နဲ့တိုင်မယ်” ဆိုတာချည်းဘဲ။) ဘာရမလဲ၊ စာရွက်လေးမှာ စာရေးပြီးပြောကြရတာ သိပ်ပျော်စရာကောင်းခဲ့တာ။ အဲ့ဒီလိုရေးပြီးစကားပြောခဲ့ကြတဲ့ စာရွက်အပိုင်းအစလေးတွေကအစ ကျမမှာရှိခဲ့ဘူးပါတယ်။ စာအိတ်လေးတွေနဲ့အစီအရီထည့်သိမ်းထားခဲ့တာ။ ကလေးဘဝများ အပူအပင်ကင်းစွာနဲ့ ရှာကြံပြီး ပျော်စရာဖန်တီးတတ်ကြတာ။ (နာဂစ် မွှေလိုက်လို့သာ နှမျောတသစွာနဲ့ လွှင့်ပစ်လိုက်ရတာပါ။ ငယ်ငယ်ကဓါတ်ပုံလေးတွေဆို ပြန်ကြည့်လို့ကို အဆင်မပြေတော့တာမို့ပစ်လိုက်ရပါတယ်။)

ဝတ်လို့ကို မတော်တော့တဲ့အင်္ကျီဆိုရင်လဲ၊ အထူးသဖြင့် လက်ဆောင်ရထားတာလေးဆိုရင် သူများလဲမပေးရက်၊ လွှင့်လဲမပစ် ရက်၊ကိုယ်လဲဝတ်မရနဲ့၊ အဝတ်အစားတွေရှင်းတဲ့အခါတိုင်း ကိုင်ကြည့်လိုက်၊ပြန်သိမ်းလိုက်နဲ့ ရှုပ်နေတော့တာပါဘဲ။ (အိမ်မှာအမှိုက်ပုံကြီးကိုဖြစ်လို့ပါ။) အဖေတို့၊မောင်လေးတို့ ရဲ့ကျန်နေတဲ့ပစ္စည်းလေးတွေဆိုရင်လဲ ဒီလိုပါဘဲ။ တကယ်တော့ လူတွေတောင်မရှိတော့တာချည်းကိုကျမတို့ကစွဲလန်းနေမိတာပါ။

ကျမတို့အမေ (5 – 2 – 2021)မှာကွယ်လွန်သွားတော့မှဘဲ၊ ကျမရဲ့ အစွဲအလန်းလေး အတန်အသင့်ပျောက်သွားတော့တယ်။ အမေ့ပစ္စည်းလေးတွေကိုတစ်ခုပြီးတစ်ခုသင့်သလို ပေးပစ်နေမိတာ။ အမေလဲ ကုသိုလ် ရအောင်လို့ပါ။ ဒါတွေသိမ်းထားလို့လဲ အမေက ပြန်ရှင်လာမှာမှ မဟုတ်တော့တာနော်။

ကျမရေးခဲ့ဘူးပါတယ်။ အဖေ ကျန်ခဲ့ပြီးအမေကသာ အရင်ကွယ်လွန်သွားခဲ့မယ်ဆိုရင်လို့ – -ကျမရဲ့အဖေက လူချော လူခန့် မိန်းမတွေ ကျလောက်တဲ့လူမို့ နောက်မိန်းမများယူလေမလားလို့ စဥ်းစားခဲ့ဘူးပါတယ်။ ဟင့်အင်း၊ ကျမတော့ မထင်ပါဘူး။ အဖေက သူ့သားသ္မီးတွေကို ထားစရာမရှိအောင်ကိုချစ်တာ။ ဘယ်တော့မှ လက်လွတ်စပယ် ထားတတ်တဲ့လူမျိုးမဟုတ်ပါဘူး။ သူ့သားသ္မီးတွေကို အမေအရင်းနဲ့တောင်မှ စိတ်မချတာလေ။

နောက်ပြီး၊ အဖေက သူ့ရည်းစားတွေ အများကြီးထဲက အမေ့ကို မြတ်မြတ်နိုးနိုး ယူထားခဲ့တာ။ ဘယ် အစားထိုးလို့ ရနိုင်ပါ လိမ့်မလဲ။ အဖေကလဲ အစွဲအလန်းကြီးတဲ့သူဘဲလေ။

ပြီးတော့ ကျမတို့ ငယ်ငယ်က အော်တိုစာအုပ်လေးတွေထားခဲ့ကြတာမို့၊ ကျမရဲ့စာအုပ်လေးထဲမှာ ကျမရဲ့ သူငယ်ချင်း ကြည် ကြည်အေး (Gay Khin Mg Aye) က “မမြဲမှန်းသိရင် အစွဲအလန်းမကြီးနဲ့ “လို့ရေးပေးဘူးပါတယ်။ ဟုတ်တာပေါ့၊ ဘာကများ မြဲတာရှိလို့လဲ။ ကြည်ကြည်အေးက ငယ်ငယ်ကထဲက တရားရှိတဲ့သူပါ။

အော်၊ တွေးကြည့်ရင် လူတွေဟာ သိပ်ကိုသနားစရာကောင်းကြပါတယ်။ *ရပြီးသား၊ရှိပြီးသားလေးကိုလဲ မစွန့်ပစ်နိုင်၊* မရသေးတာလေးကိုလဲ လိုချင်၊ ဘယ်လောက်များစိတ်ပင်ပမ်းလိုက်ကြလေမလဲ။

လိုချင်တဲ့ လောဘတွေနဲ့ အပြူးအပြဲ ရှာကြဖွေကြနဲ့ ဘယ်မှာများ”ငြိမ်း”တယ်ဆိုတာ ရှိကြလို့လဲ။ ကြောက်စရာကောင်း လိုက်တာနော်။ လောဘဆိုတာလဲ လိုချင်တပ်မက်မှုနဲ့စွဲလန်းမှုကြောင့်ပါ။

အသိလေးနဲ့ သတိလေးထားပြီး တဏှာကိုပယ်လို့ ဆင်ချင်နိုင်ကြရင်တော့ – –

Comments

Leave a comment