ဖြေတတ်ပါစေ

ဒေါ်မိအောင် Daw Mi Aung

ကြားဘူးတာလေးကတော့၊”လွမ်းစရာရှိရင် နာစရာနဲ့ဖြေ”။”နာစရာရှိရင် လွမ်းစရာနဲ့ဖြေ” ။ လို့ ဆိုတတ်ကြတာ။ ကျမကတော့ ဘာမဆို လွမ်းစရာနဲ့ဘဲဖြေ တတ်တာပါ။ ကိုယ်ရည်သွေးခြင်းမဟုတ်တာတော့အမှန်ပါလို့ သစ္စာဆိုဝံ့ပါတယ်။

ဆွေမျိုး၊ညီအစ်ကိုမောင်နှမ၊မိတ်သင်္ဂဟ အားလုံးကို အမြဲတန်းမေတ္တာမပျက် ပေါင်းချင်ခဲ့တာမို့၊ ကိုယ်ကဘဲ စိတ်လျော့ပြီးပေါင်းတတ်တာပါ။ အဲ့ဒီလိုပေါင်းတတ်ပြန်တော့ လူ့သဘာဝက”နိုင်နင်းချင်”တတ်ကြပြန်ပါရော။ မခက်ပါလား။

အသက်ငယ်တုန်းကတောင် ဘာမဆို သည်းခံပေါင်းနိုင်ရင်၊ အသက်၇၀တန်းရောက်ကြပြီလေ။သေခါနီးမှ ဘာမာန်တွေတက်နေစရာလိုသေးလို့လဲ။ တကယ်တော့ “လက်ဗလာ” နဲ့ပြန်ကြရမည့်သူတွေချည်းပါနော်။

ကျမရဲ့ နားထဲကို တချို့သော ဆွေမျိုး၊မိတ်သင်္ဂဟ ဆိုသူတွေရဲ့ပြောစကား၊တိုက်ခိုက်မှုတွေ သိရကြားရပြန်တော့လဲ၊ ဗြုန်းကနဲဆို ဒေါသကငယ်ထိပ်ရောက်တတ်ပြန်ပါသေးတယ်။ အရင့်အမာ တရားပြည့်နေတဲ့သူလဲမဟုတ်ဘူးလေ။ ဒါပေမဲ့လဲ သူ ကိုယ့်ကို ဘယ်တုန်းက ဘာလေးလုပ်ပေးဘူးပါလား ဆိုတာမျိုးလေးကို ပြန်တွေးလိုက်ရင်တော့လဲ “အော်၊သူအထင်လွဲတာပါ” လို့ ဖြေတွေးလေး တွေးရပြန်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်တဲ့အချိန်များမှာတော့ ဘာပြောပြော “အပြစ်”သာမြင်နေတတ်ကြတာ သဘာဝမို့၊ အေးဆေးတဲ့အချိန်ရောက်လာရင်တော့ “အော်၊ လေထဲကစကား၊လေထဲမှာဘဲပျောက်သွားတတ်ပါလား”လို့ ပြန်စဥ်းမိတတ်ကြပါလိမ့်မယ်။ ဆရာလုပ်နေတယ်လို့မထင်လိုက်ပါနဲ့။တကယ်ကိုယ်တွေ့တွေမို့ပါ။

အထူးသဖြင့် ညီအစ်ကိုမောင်နှမတွေ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့၊စိတ်ဆိုးကြ၊စကားတွေများတတ်ကြပြီး၊ တကယ်ကို သူတစိမ်းနဲ့ ပြသနာဖြစ်လို့ အရေးပေါ်လာရင်တော့ ကိုယ့်ညီအစ်ကိုမောင်နှမတွေဘဲ ကျောချင်းကပ်တတ်ကြတာပါ။ ” လက်သည်းဆိတ်ရင် လက်ထိပ်နာ “တတ်ကြတာလေ။~ကျမတော့လေ စိတ်သဘောချင်းမတိုက်ဆိုင်လို့၊ လမ်းခွဲကြရင်လဲ ဘယ်အခါတွေ့တွေ့ ပြန် ပြုံးပြနိုင်ကြစေချင်တယ်။ ရန်သူကြီးတွေလို မဖြစ်ကြစေချင်တာအမှန်ပါ။

ဘယ်သူတရားပျက်ပျက်၊ကိုယ်မပျက်ပါစေနဲ့လို့ အမေတို့ကသင်ထားတာမို့။ ငယ်ငယ်တုန်းကတော့ အမေတို့က ” သည်းခံပါသ္မီးရယ် ” ဆိုရင်၊ “ဟင်း၊ ကိုယ်ကလဲ ခံရသေးတယ်၊ သည်းခံရမယ်လဲပြောသေးတယ်၊ဆိုတော့ ကိုယ်ချည်းခံရတာပါလား” လို့ ဒေါသတွေး တွေးမိတတ်ပါတယ်။ ခုတော့၊ ကိုယ့်ကို စော်ကားတဲ့စကား၊အပြုအမူတွေဟာ ၊ ကိုယ့်အတွက် “သည်းခံခြင်းတရား” ဖြစ်အောင် လုပ်ပေးသူတွေပါလားလို့ ကျေးဇူးတွေတင်မိရပြန်ပါတယ်။

အဲ့ဒီလို သည်းခံစိတ်တွေမွေးတတ်မိလို့သာ၊ ကိုယ်မထူသာမထောင်သာ ဖြစ်နေတတ်တဲ့အချိန်မှာ ကူညီကြတဲ့ သူငယ်ချင်းတွေ အတော်များများနဲ့ကြုံခဲ့ရပြီး၊အကူအညီပေးတာ ခံခဲ့ရပါတယ်။ ငါတို့တော့ဘယ်သွားမယ်၊ ဘာလုပ်ကြမယ်ဆိုရင် သူငယ်ချင်းတွေက ကိုယ့်ကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြတာကိုတော့၊ သတိမလွတ်သေးသရွေ့ အမြဲ ကျေးဇူးတင်နေမှာပါ။ တစ်ရက်မပျက်လဲ ကျန်းမာချမ်းသာစေဖို့ မေတ္တာလဲပို့လျက်ပါ။

ကျမရဲ့မိသားစုတာဝန်ကိုတော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ရုန်းကန်ပြီး၊ရင်ဆိုင်ခဲ့တာပါ။ အဖေ့ကျေးဇူး၊အမေ့ကျေးဇူးတွေနဲ့ ဘဝကို ရဲရဲရပ်တည်နိုင်ခဲ့တာတော့ ကျေနပ်မဆုံးနိုင်အောင်ပါဘဲ။ အဖေနဲ့အမေ့ကို သတိရတိုင်း၊ “သတိရနေမိတဲ့စိတ်အနာကို လွမ်းစရာနဲ့ဖြေ “နေရပါတယ်။ အလေ့ အကျင့်လေးတစ်ခုပါ။

**ကျမကို နှုတ်အားဖြင့်လည်းကောင်း၊အကြံဥာဏ်ပေးခြင်းအားဖြင့်လည်းကောင်း၊အစစအရာရာကျေးဇူးပြုခဲ့ဘူးသူအားလုံးကို အမြဲမေတ္တာပို့လျက်ပါ – – – – – **စိတ်အေးချမ်းသာရှိကြပါစေ၊ အတွေးအမြင်တွေ မှန်ကန်ကြပါစေ။**

Comments

Leave a comment