ဒေါ်မိအောင် Daw Mi Aung
ဖြစ်ချင်၊လုပ်ချင်တာနှင့် ဖြစ်သင့်၊လုပ်သင့်တာဆိုတာမျိုးမှာ ဘယ်တစ်ခုကိုဦးစားပေးပြီးလုပ်မိကြပါလိမ့်။ စိတ်အလိုလိုက် ထင်တိုင်းကြဲတတ်သူအဖို့တော့ဖြစ်ချင်ရာဖြစ်ပါစေ၊ လုပ်ချင်တာလုပ်ပြစ်တတ်ကြမှာပါ။ တဒင်္ဂတော့ အတော်စိတ်ချမ်း သာကြ ရမယ်ထင်ပါတယ်။
မနေ့က မီးဖိုချောင်လေးကို ပြန်ပြုပြင်ရပါတယ်။ လုပ်ချင်တာလေးကတော့ အားလုံးကိုဖြိုချပြီး အသစ်ပြန်လုပ်ချင်မိတာပေါ့။ ဒါပေမဲ့လဲ ခုလိုကာလကြီးမှာ လုပ်သင့်တာကိုဘဲစဥ်းစားပြီး၊ ပြင်ပေးမည့်သူလဲရှိတုန်း ပြင်လိုက်တော့လဲ၊ ပေါက်နေပြဲနေတာ ထက်စာရင်တော့ အသစ်ကလေးရပါလားလို့တွေးလိုက်ရပါတယ်။ ပြင်ပေးတဲ့အိမ်ရှေ့အိမ်ကလက်သမား ဆရာကြီးကိုလဲ ကျေးဇူးတင်ရပါတယ်။ နှစ်ပိသာဝင်တဲ့ဂက်(စ)မီးဖိုကို ကြမ်းမှာချပြီးချက်ရတာမို့၊ အသက်လေးရလာတော့ ဟင်းအိုးမွှေရတာ ကုန်းကုန်းကွကွနဲ့ဖြစ်နေတော့ ခါးကနာတတ်လာပြီလေ။ မီးဖိုတင်ဖို့ ကျောက်ခုံလေးလုပ်ဖို့၊ အိမ်မှာရှိတဲ့ဘိလပ်မြေ၊ အုတ်လေးနဲ့ လက်ကျန်သဲလေးအပြင် သဲအိတ်လေးနှစ်အိတ်နဲ့ ဘိလပ်မြေလေးနှစ်ပိသာထပ်ဝယ်ပြီး၊ အကုန်အကျသက်သာရအောင် ဖြစ်အောင်လုပ်ပေးရှာတာ။ကြမ်းခင်းအက်နေတာကိုလဲဖါထေးပေးရှာတာ။ မီးဖိုခုံလေးကလှနေတော့ စိတ်ချမ်းသာလိုက်တာ။ လက်လုပ်လက်စား ဘဝတူခြင်း “ကိုယ်ချင်းစာတတ်တဲ့စိတ်လေး” ကို ထွင်းဖေါက်မြင်မိခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် သန့်ရှင်း အောင်လုပ်၊ ဟိုဘက်ကပစ္စည်းဒီဖက်ရွှေ့နဲ့ ပြင်ဆင်လိုက်တော့လဲ ဟန်ကိုကျလို့။ ဒီမနက်တော့ လှမ်းပြောရှာသေးတာ။ “ဆရာမရေ၊ အလုပ်လုပ်ဖို့လာခေါ်ပြန်ပြီ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာမှန်လိုက်တာ” တဲ့လေ။ ဟုတ်ပါတယ်။
မနေ့က ညနေ၅နာရီလောက်မှရေချိုးရတော့ ဖျားနာမှာလဲကြောက်ရသေးတာ။ လုပ်ချင်တာကိုစိတ်အလိုလိုက် ပြီးလုပ်လိုက် မိတော့၊ စိတ်ဒုက္ခလေးတော့ ခံစားလိုက်ရတာပေါ့လေ။ တကယ့်သင်ခန်းစာစစ်စစ်ပါဘဲ။ (ဆန္ဒကိုဦးစားပေးမိတဲ့”သောက”ပါ။)
အလုပ်တွေပြီးသွားသလားဆိုတော့လဲ တချို့ကျန်နေတဲ့အလုပ် တန်းလန်းတွေကို မိုးချုပ်တဲ့အထိလုပ်ရတာများ တတောက် တောက်နဲ့မနားရပါဘူး။ (အလုပ်ဆိုတာတော့ ဘယ်အခါမှပြီးသွားတယ်ဆိုတာမရှိပါဘူး။ အသက်ရှင်နေသရွေ့ပေါ့။ အမေပြောတဲ့ အလုပ်ကို”လောဘတကြီး” မလုပ်ပါနဲ့ဆိုတာလေးပြန်သတိရမိပါတယ်။) “လောဘ ” ဆိုတာဘယ်နေရာမှမကောင်းပါလား။
ဒီလိုပါဘဲ ဘာအလုပ်မဆို စဥ်းစားချင့်ချိန်ပြီးသာ လုပ်တတ်ကြမည်ဆိုရင်၊ ဆုံးဖြတ်ချက်မှားခဲ့ရင်တောင်မှ အမှားသက်သာ ကြ မှာပါ။ အမှားဆိုတာလဲ ပြင်လို့ရတာရှိသလို၊ ပြင်လို့မရတော့တဲ့အမှားမျိုးတွေလဲရှိတတ်တာမို့၊ စပြီးအလုပ်လုပ်တော့မည်ဆို ကထဲက၊ လုပ်သင့်ရဲ့လား၊မလုပ်သင့်ဘူးလား ဆိုတာကိုချင့်ချိန်သင့်ကြပါတယ်။
ကျမတို့ငယ်ငယ်က သတ်ပုံရေးကြရင်ဖြစ်ဖြစ်၊ သင်္ချာတွက်ကြရင်ဖြစ်ဖြစ် ဆရာမဆီကိုစာအုပ်မထပ်ခင်အထိ ခဲဖျက်လေး နဲ့ပြန် ပြင်ခွင့်ရှိကြပေမဲ့၊ စာအုပ်က ဆရာမလက်ထဲရောက်သွားပြီးရင်တော့ မှားရင်ကြက်ချေခတ်ပစ်လိုက်မှာပါ။ စာအုပ်ပြန်ရလို့ အမှားပြင်ဆင်ခြင်း (Correction) ဆိုပြီး၊ ဘယ်နှစ်ခေါက်ဘဲပြင်ပြင်၊ ” မှားခဲ့တယ်” ဆိုတာကတော့ ပြင်လို့ မရပါဘူး။ ကျမရဲ့ အမြင်နဲ့အတွေးမို့ မှားခဲ့ရင်တော့လည်း ကျမပြောပြီး ၊ရေးပြီးသားဖြစ်ခဲ့ပြီမို့ ပြန်ပြင်လို့မရတော့ပါဘူး။ တောင်းပန်ရုံကလွဲ လို့မ တတ်နိုင်တော့တဲ့ကိစ္စမျိုးဖြစ်သွားပါပြီ။
ဘဝမှာ မမှားဘူးတဲ့လူတော့ လုံးဝရှိမယ်မထင်မိပါဘူး။ ပြင်လို့ရတဲ့အမှားကိုပြုခဲ့သူနဲ့၊ လုံးဝပြင်လို့မရတော့တဲ့အမှား ကိုပြု ခဲ့ကြသူဘဲကွာမှာပါ။ စိတ်အလိုလိုက်ပြီး ချင့်ချိန်မှုမရှိကြရင်တော့ အမှားနဲ့ဘဲ မိတ်ဆွေဖြစ်ကြတော့မှာ။
ပြန်ပြင်လို့မရတော့တဲ့ အမှားမျိုး ပြုခဲ့မိတတ်သူဆိုတာမျိုးကလဲ မှားပြီးရင်းမှားရင်းနဲ့၊ မထူးတော့တဲ့ဇာတ်ခင်းရင်း၊ အမှားကို ဖုံးဖိဖို့ကြိုးစားရင်းနဲ့ ဆက်တိုက်ဆိုသလို မှားကုန်တတ်ကြတာမို့၊ မှားသူရဲ့စာအုပ်ထဲမှာ”မှင်နီတစ်သောင်းမက” ဖြစ်တော့မှာ ဧကန်ပါဘဲ။
တွေးလေကြောက်စရာကောင်းလေမို့၊ အမှားကိုရှောင်ရင်း နေရထိုင်ရတာတော့ အနေကြပ်ချင်တော့လဲကြပ်ကြမှာပေါ့။ ဒါပေမဲ့ အမှားကင်းရင်တော့ စိတ်ထဲမှာအနေချောင်ပြီး၊ပေါ့ပါးလန်းဆန်းကြမှာ မလွဲပါဘူး။ စိတ်ကြည်ရင် ရုပ်ကြည်သလို နေလို့လဲကောင်း ပါတယ်။
တခါက ရီးစားလေးထားမိတာ ရင်ဖွင့်ချင်လို့ သူငယ်ချင်းကို ပြောပြမိတဲ့အမှားမျိုးလိုပေါ့။ တစ်သက်စာ မှတ်လောက်စရာ ဖြစ် သွားခဲ့တော့တာပါဘဲ။ ခဲဖျက်ရော၊ Correction Pen ရော မကယ်နိုင် ဖြစ်ရတာ ဆိုတာမျိုးလိုပေါ့။ (စိတ်ထဲမှာလဲ မှားမိလေ ခြင်းဆိုတဲ့ “နောင်တ” က သေတဲ့အထိသတိရနေမှာမို့။ သေခါနီးအထိစွဲနေမိမှာစိုးရိမ်တဲ့စိတ်ကလည်း အလွန်ကြောက် စရာ ကောင်းလှပါတယ်။)
ဒါကြောင့် – လုပ်ချင်ကြတာထက်၊ လုပ်သင့်တာကိုလုပ်တတ်ကြပါစေ။ အမှားကင်းကြပါစေ။ စိတ်ဆန္ဒကို ဦးစားပေးခြင်း မှကင်း ကြပါစေ။ လို့ စေတနာစကားလေးပါးပါရစေ။

Leave a comment