ဒေါ်မိအောင် Daw Mi Aung
ဖက်ဖူးရောင်လေးနဲ့သိပ်လှတာဘဲလို့ဘယ်သူပြောခဲ့တာပါလိမ့်။
ဒီလိုနဲ့ဘဲတို့အမေ အိမ်ထောင်ရှင်မဖြစ်ခဲ့တာ။သ္မီးအကြီးဆုံး၊အလိုလိုက်ခံရဆုံးမို့ မီးဖိုချောင်ဝင်တာက အမေနဲ့အဝေးကြီး။သို့သော်လဲ ယောကျာ်းကိုကျွေးချင်တဲ့စိတ်စေတနာအပြည့်ဖြစ်မယ်ထင်တာပါဘဲ။
အမေ့အဒေါ်ရဲ့ယောကျာ်းနဲ့အဖေနဲ့ကသူငယ်ချင်း(ထန်းတပင်သား)တွေ၊သိပ်လှတာဘဲလို့ပြောတဲ့အသံတွေအမြဲကြားနေရတာမို့ကြွေပြီပေါ့။
(လှတယ်လို့ပြောရင် မကြိုက်ဘူးဆိုတဲ့မိန်းမမရှိဘူးလေ။)
အမေကြီး(အဖွား)က သိပ်ရိုးတာ။အဖိုးဆုံးတော့သ္မီးသုံးယောက်၊သားသုံးယောက်နဲ့ ပင်ပမ်းရှာတယ်လို့အမေပြောဘူးတယ်။
အမေတို့ညီအစ်မသုံးယောက်က ဘော်လီချုပ်ကြရ။ ဒီလိုနဲ့တို့အမေလဲအိမ်ထောင်ကျတော့ အဖေ့ကိုအမေတို့ မိသားစုက ဝိုင်းချစ်ကြတာ။
ဇာတ်လမ်းက ညီအစ်မသုံးယောက် မချက်တတ်ချက်တတ်နဲ့အမေကဝက်သားချဥ်ဟင်း၊ အဒေါ်အလတ်ငြိမ်းငြိမ်းကငပိဆီကြော်နဲ့အဒေါ်အငယ်ဆုံးစိန်စိန်ကကင်ပွန်းရွက်ဟင်းချိုတဲ့။
စားချင်စဖွယ်ထမင်းဝိုင်းလေးပေါ့။
(ကျမတို့က အဒေါ်တွေရဲ့နံမည်အဖျားလေးတွေကိုခေါ်တတ်တာပါ။ဝဍ်လည်တတ်တယ်ဆိုတာလေ ခုလဲတူမတွေက ကျမတို့ညီအစ်မကို မိမိ၊မြင့်မြင့်လို့ခေါ်ကြတာ။)
ကြည့်မြင်တိုင်အိမ်က အိမ်ရှေ့မှာထမင်းဝိုင်းပြင်ပြီးစားကြတော့ လမ်းမပေါ်ကလှမ်းနှုတ်ဆက်လို့၊စကားလှမ်းပြောလို့ရပါတယ်။
ဦးချိန်အေး(အမေ့အဒေါ်ယောကျာ်း၊အဖေ့သူငယ်ချင်းက စပ်စပ်စုစု”အောင်ကြည်ရေဘာဟင်းတွေလဲကွ” ဆိုတော့၊အဖေက “လာစားလေ ~မင်းတူမချက်တာ”တဲ့။
ဘဘက ဝက်သားဟင်းကို ယူစားပြီး၊ “အမယ်လေး ခင်မေရယ်ချဥ်လှချည်လား “လို့ပြောသတဲ့။
(အဖေတို့များမိန်းမကိုချစ်လိုက်တာ။ နောက်ပိုင်း သူကိုယ်တိုင်ချက်ကျွေးတော့တာ။ ရုံးအလုပ်လဲလုပ်ရသေးတယ်။ ကျမအထင်တော့ တာဝန်ယူတတ်တဲ့ယောကျာ်းမို့ပါ။)
အမေကဝက်သားအစိတ်သားကိုရှောက်သီးတစ်လုံးညှစ်ထဲ့ပြီးချက်သတဲ့။ငြိမ်းငြိမ်းရဲ့ငပိဆီကြော်ကတူးတူးခါးခါးလေးနဲ့စိန်စိန်ရဲ့ကင်ပွန်းချဥ်ဟင်းကကင်ပွန်းသီးပြုတ်နံ့တထောင်းထောင်းပါတဲ့။ ဒါပေမဲ့ စေတနာမေတ္တာအပြည့်နဲ့ချက်ကျွေးကြရှာတာပါ။
အဖေကလဲ မကောင်းဘူးလို့ပြောကိုမပြောတာ။
တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတာသိပ်မှန်တာဘဲ။
အဖေပြောတဲ့ဖက်ဖူးရောင်မိန်းမချောလေးရဲ့ချစ်ခြင်းမေတ္တာဟာတကယ်တော့အတိုင်းအဆမရှိပါဘူး။

Leave a comment