ဒေါ်မိအောင် Daw Mi Aung
ကျမတို့အိမ် အကြီးကြီးဖြစ်သွားပါပြီ။ ဒဂုံကိုပြောင်းလာခါစတုန်းကတော့ အမေရယ်၊ ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်၊ ကျမရယ် ( ၄ )ယောက်ပေါ့။ အဲဒီတုန်းကတော့ ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီး၊ အမေရလိုက်တဲ့အမွေဝေစုနဲ့ ကျမနဲ့ဝက်ပေါ ရဲ့လက်ဝတ်လက်စားလေးတွေထုခွဲပြီး၊ “ကျောချစရာ”နေရာလေးရအောင် စီစဥ်ခဲ့ရတာမို့၊ အောက်ထပ်ကသံမံ သလင်း မခင်းနိုင်သေးဘဲ၊ မြေကြီးနဲ့ နေခဲ့ရတာ။ ကြည့်မြင်တိုင်အိမ်ကို ငွေအကျေ ချေပြီးတာနဲ့ ပြောင်းနိုင်ဖို့ကို မောင်နှမ သုံးယောက် ကြိုးစားခဲ့ရတာ။ အောက်ထပ်ကို မြေကြီးသိပ်နေအောင်လို့ သစ်သားဒင်နဲ့ တစ်ယောက်တလဲ “ထု”ကြရတာများ လက်တွေကို အသားမာ တက်ရောပါဘဲ။ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးဖြစ်တော့မှာမို့ ပင်ပမ်းတယ်လို့မထင်ဘဲ၊ ပျော်ပျော်ပါးပါးကို လုပ်ကြတာပါ။
မိမာလေးက အိမ်ထောင်ကျပြီး၊ သ္မီးကြီး ၅လသ္မီးမှာ ကျမတို့က ဒဂုံအိမ်ကို ရွှေ့လာခဲ့တာ။ သိပ်မကြာခင်မှာဘဲ မောင်လေးဝင်း မောင် က ကော့သောင်မှာအလုပ်သွားလုပ်တော့ ကျမတို့သားအမိသုံးယောက်ဘဲကျန်ခဲ့တော့တာ။ နောက်တော့မောင်လေးဖိုးချို က ဒဂုံမှာ လာနေတော့ သားအမိလေးယောက်။ မောင်လေးဖိုးချိုဆုံးပြီးတော့မှ မိမာတို့က ဒဂုံမှာမြေလေးဝယ်ပြီးအိမ်ဆောက်လို့ ကျမတို့နဲ့မလှမ်းမကမ်းလေးကိုပြောင်းလာကြပြန်ပါတယ်။ လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးမှာ “နေရေး” ကအရေး အကြီးဆုံးပါဘဲ။ “ကိုယ့်အိမ်ထဲမှာ ငပိနဲ့စားစား၊လူမသိဘူး။ကျောချစရာနေရာရှိဖို့ကအရေးကြီးတယ်”ဆိုတာ သိပ်ကိုမှန်တာပါ။ ကျမတို့ ငယ်ငယ်က ကိုယ်ပိုင်အိမ်မရှိလို့ အမွေဆိုင်အိမ်မှာ နေခဲ့ရတော့၊ နေဖို့ဆိုတာ အတော်အရေးကြီးမှန်းသိခဲ့ရတာမို့ပါ။
အပြောင်းအလဲတွေဆိုတာကလဲ ဒီနေ့တစ်မျိုး၊နက်ဖန်တစ်မျိုးမို့ မတည်မြဲလိုက်တာ။ “ဘဝသံသရာ” သီချင်းလိုပါဘဲ၊” ဘယ်ဟာ မတည်မြဲ ဖေါက်လွဲဖေါက်ပြန်၊ အကြောင်းကံ ကမ္မသကာ” ဆိုတာလေ။ မိမာရဲ့အမျိုးသားက သစ်စက်မှာအိမ်ခန်းရလို့ ပြောင်းနေ မှဖြစ်မယ်ဆိုတာနဲ့ သ္မီးကြီးနဲ့သ္မီးအလတ်ကိုကျမတို့နဲ့ထားပြီးပြောင်းသွားကြပြန်ပါရော။ အကြီးမ ၉ တန်းရောက်တော့ ကျူရှင် ထားမှဖြစ်မှာမို့၊ ကလေးကျောင်းက ၈နာရီလောက်မှပြန်လွှတ်ရင်၊ လမ်းထိပ်က ကားဂိတ်မှာ မိုးထဲရေထဲ စောင့်ကြိုရတာ။ ကျမတူမလေးတွေကို ကျေးဇူးတင်မိတာကတော့ သူများတွေလို ဝိုင်းကျူရှင်တွေ မတက်ရဘဲ ၁၀ တန်းကိုနှစ်ချင်း ပေါက် အောင်လို့ပါ။ (အဒေါ် တွေ ပင်ပမ်းခံရ ကျိုးနပ်ပါတယ်။)
တခါ မိမာရဲ့ ခင်ပွန်းက ကျန်းမာရေးမကောင်းတာနဲ့ အငယ်ဆုံးမလေးကိုပါ ကျမတို့နဲ့ လာထားပြန်တော့ အိမ်မှာ မိမာရဲ့သ္မီးသုံး ယောက်ရယ် ကျမတို့သားအမိသုံးယောက်ရယ်ဖြစ်သွားပြန်ပါရော။ ကျမနဲ့ဝက်ပေါက နေ့လည်အလုပ်သွားရတာမို့၊ အမေက ကလေးသုံးယောက်ကိုကြည့်ရပြန်တာပါ။ သက်ထားလေးက ငယ်တော့ အိမ်နားကကျောင်းကို အသွားအပြန်ဂရုစိုက်ရတာပေါ့။ ကလေးတွေ ငယ်တုန်းကတော့ အဒေါ်တွေ အလုပ်သွားခါနီး ချက်ပေးခဲ့တာကိုစားကြတာပါဘဲ။ ( အရွယ်လေးရလာကြတော့ သူတို့ကအမေ၊ ကျမတို့ကသ္မီးဖြစ်သွားရပြန်ပါရော။ ခုခေတ်ကလေးတွေက ပိုသိပိုတတ်ကြတာကို။)
ဒီလိုနဲ့ သက်ထားလေး စတုတ္ထတန်းအရောက်မှာတော့ သူတို့အဖေ ကွယ်လွန်သွားခဲ့တာမို့၊ မိမာပါ ကျမတို့နဲ့အတူ လာနေ ပြန် ပါတယ်။ ကျမတို့သားအမိသုံးယောက်နဲ့ မိမာတို့သားအမိလေးယောက်ဆိုတောလဲ အိမ်က သေးသေးလေးဖြစ်သွားရပြန်ပါရော။ ခုတော့ အငယ်ဆုံးသက်ထားလေးတောင် ဒဿမတန်းအောင်ပြီဆိုတော့၊ အကြီးနှစ်ယောက်က အလုပ်အကိုင် ကိုယ်စီဖြစ် ကြပြီလေ။ အကြီးမကြီးက အိမ်ခန်းရတာမို့၊ သူတစ်ယောက်ထဲ နေဖို့ကလဲမဖြစ်နိုင်ဘူးလေ။ သူတို့မိသားစု အားလုံး၊ ဒီနေ့ဘဲ ပြောင်းသွားကြပါတယ်။( မိမာလဲ ခုမှ သူ့သ္မီးတွေနဲ့ လူကြီးစတိုင်နဲ့ နေရတော့မှာမို့ ကျမကကျေနပ်နေမိတာ။အစ်မတွေနဲ့ဆို ကလေးထက်နဲနဲဘဲ သာတာမို့ပါ။)
သူတို့ပြောင်းသွားကြတော့ အိမ်မှာဝက်ပေါလေးနဲ့ကျမဘဲရှိတော့တာမို့၊ အိမ်အကြီးကြီးဖြစ်သွား ပြန်ပါပြီ။ (အမေကတော့ ကျမတို့ကိုထားခဲ့တာ နိုဝင်ဘာလ ၅ ရက်ဆို( ၉ )လပြည့်တော့မယ်။)
ညီမတွေ၊ မောင်တွေက သားသ္မီးလိုဖြစ်နေတာမို့၊ သူတို့နဲ့အတူရှိနေတဲ့အခါ၊ အဆင်ပြေတဲ့အခါလဲ “တပျော်တပါး၊” အဆင် မပြေတဲ့အခါလဲ “စကားများ”ပေါ့လေ။
အမြဲအဆင်ပြေနေရင် ဘယ်ပျော်စရာကောင်းပါတော့မလဲ။ အိမ်ကြီးက ဆူသံပူသံ မကြားရရင်လဲ အတော်ပျင်းစရာကောင်းမှာ။
မောင်နှမတွေဆိုတာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်မို့ – – – –
အိမ်ဆိုတာ လူတွေတိုးလာရင်သာ မသိသာတာ၊ နဲနဲရော့သွားတာနဲ့ သိပ် သိသာတာလေ။
ကြုံဘူးကြမှာပါ။ ။
မိမာကို သူ့အမျိုးသားဖက်က လာတောင်းလို့ ထည့်ပေးလိုက်ရတော့ အမေခံစားခဲ့ဘူးတဲ့၊ “မိခင်သောက” ကို ခံစားမိတာလေးပါ။

Leave a comment