ကကြိုးစုံလင်

ဒေါ်မိအောင် Daw Mi Aung

ဘကုံးနဲ့၊ဝလုံးနဲ့ပေါင်းပြီး “ဘဝ” မို့လို့သာဘဲ။ဒီထက်များရှည်ရင်တော့ မတွေးတတ်အောင်ပါလား။ “လူ့ဘဝရခဲပါဘိခြင်း၊ ဘဝဆိုတာ တိုတောင်းလှပါတယ်” လို့သာဆိုကြတယ်၊လူတွေအဖို့တော့ ရယ်တခါငိုတလှည့်၊ ဆင်းရဲတခါချမ်းသာတလှည့်နဲ့ ရှည်လျားလွန်းလေသလားလို့။ အမျိုးမျိုးအဖုံဖုံကြုံဆုံလို့ မွေးစမှသေသည့်တိုင်အောင် ရုန်းကန်လှုပ်ရှားကြရတာများ မနားရအောင်ပါဘဲ။

ကျမတက္ကသိုလ်နောက်ဆုံးနှစ်ဖြေပြီးတော့၊အောင်စာရင်းမထွက်ခင်ယောင်ချာချာနဲ့။ ရှင်းရှင်းဆိုရရင်တော့ ပညာတတ် မာန်လေးနဲ့ဟိုအလုပ်လဲကိုယ်နဲ့မတန်သလို၊ဒီအလုပ်လဲနိမ့်ကျသလိုနဲ့ ဟန်ထည်ပြီးနေကြည့်တာပေါ့လေ။ တကယ်ဆို စျေးရောင်းတာက ကိုယ်နဲ့မစိမ်းတဲ့အလုပ်ပါ။ နောက်တော့လဲ ကိုယ့်မှာဆိုင်ရှိတာဘဲစျေးရောင်းပေါ့။ အမေ့လက်ထက်ကလို အထည်ဒိုင်ကြီးတော့မဖြစ်ပါဘူး။ငွေရင်းကလဲမထည့်နိုင်တော့လို့ပါ။ ၁၀ ရပ်ကွက်စျေးကို မနက်စောစောသွား၊ ပိတ်စအဆင် သစ်လေးတွေရွေးကောက်ဝယ်ပြီး၊ စိန်ဂျွန်းစျေး တ-၁၀ မှာပိတ်ဂိုက်ထိုး လက်လီရောင်းရတာပေါ့။ (ကျမစျေးဆိုင်ကို တီချယ် Alice @ဒေါ်သန်းသန်းကပိတ်စလာဝယ်တော့ “ညည်းကိုသင်ထားတာ တစ်ကိုက်ကို၃၆လက္မနော်” ဆိုပြီး ကျီစယ်သွားတာ အမြဲအမှတ်ရနေမိပါတယ်။)

အမေက အလုပ်ကိုချောက်တီးချောက်ချက်လုပ်ချင်တဲ့သူမျိုးမဟုတ်ပါဘူး။ ဦးသန့်အရေးအခင်းဆိုင်ပိတ်ထားရ၊ စျေးဖျက်လို့ ရွှေ့ရနဲ့ ကမောက်ကမတွေဖြစ်ကုန်ရတာ။ လုပ်ငန်းအလျင်ပြတ်သွားတာပေါ့။

အမေကမိန်းမသာဆိုတယ်။ အမြင်တအားရှိတာ။ စက်ရုံတွေကပစ္စည်းလဲ လေလံဆွဲလိုက်တာဘဲ။ စစ်မှုထမ်းဟောင်းတွေက အင်ဂျင်တွေလေလံဆွဲမယ်ဆိုလဲရအောင်ဆွဲလိုက်တာပါဘဲ။ အင်ဂျင်သက်သက်ကြီးဘဲပြန်ရောင်းရင်၊တွက်ခြေမကိုက်တော့ မော်တော်ကားဆင်ခိုင်းတာ ။ပြီးမှမော်တော်ယာဥ်လိုင်စင်ဝင်ပြီး၊ပြန်ရောင်းခိုင်းတာ။ ဆောင်းတွင်းကြီး၊ မန္တလေးမှာ Willy Jeepကားဆင်ပြီး၊ လိုင်စင်ဝင်ဖို့သွားကြတာ ကားကတံတားဘောင်ကိုဝင်တိုက်မိလို့၊ အမေနဲ့ဝက်ပေါ ကံကြီးပေလို့သာ ဘာမှမဖြစ်ကြတာ။ ချည်စက်က ချည်ပျက်တွေလေလံဆွဲတော့လဲ၊ အိမ်ရောက်လို့ဖွင့်လိုက်တော့ ချည်ကနဲနဲ၊ ဂျွတ်စတွေက အများကြီးမို့ နောက်ဆုံးစက်လှေတွေကိုဆီးဂျေးသုတ်ဖို့ ရတဲ့စျေးနဲ့ရောင်းလိုက်ရတာ။

တကယ်တော့ ပျက်ချင်လာရင် အမှားတွေ ဆက်တိုက်ဖြစ်လာတတ်တာပါဘဲ။

အမေလေ မြိတ်၊ထားဝယ်ဆိုလဲ အန်တီမဟန်ကြည်တို့နဲ့လိုက်သွားပြီး ဝယ်ခြမ်းရောင်းတာ၊ လားရှိုးဖက်က ပစ္စည်းတွေ သွားဝယ်ပြီးရောင်းတာ၊ ဘာတစ်ခုမှသိပ်အဆင်မပြေလှတော့ပါဘူး။ ခရီးသွားပြီးပြန်ရောက်ပြီဆိုတာနဲ့ “မမခင်မေရေ ပစ္စည်းယူသွားမယ်၊ရောင်းပြီးလာပေးမယ်”ဆိုပြီးလာယူသွားကြတာ နောက်ဆုံးတစ်ပြားမှကို လာပြန်မပေးတော့တဲ့ အခြေအနေဆိုတော့ ပိုက်ဆံကစာအုပ်ထဲမှာဘဲရှိတော့တာပေါ့။

ကျမကလဲ အမေ့သ္မီးမို့ အမေ့လိုလုပ်ငန်းကြီးလုပ်ဖို့မစွမ်းလှပေမဲ့၊ အစားအသောက်ကတော့ စွမ်းတယ်ဆိုမလားဘဲ။ တနေ့တော့ကျမတို့ဆိုင်ရှေ့က ထားဝယ်သားကောင်လေး (မောင်ကျော်ညွန့်) တို့အိမ်ကအလှူဖိတ်လို့ သွားကြတော့၊ ကြာဇံချက်ကျွေးပါတယ်။ ထားဝယ်ကြာဇံချက်တဲ့၊ အုန်းနို့နဲ့ချက်တာ။ အတော်စားကောင်းတာဘဲ။ ကျမတွေးမိလိုက်တာက စိန်ဂျွန်းစျေးထဲမှာ မြိတ်၊ထားဝယ်ကလူတွေများတော့ ကြာဇံချက်ရောင်းမယ်လို့၊ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်နဲ့ တိုင်ပင်ပြီး တ-၁၀ မှာကြာဇံချက်ရောင်းကြတာပေါ့။ တစ်ပွဲမှ တစ်ကျပ်၊ပြား၅၀ ဆိုတော့ မနက်အစောလေးရောင်းပြီးရင်၊ မနက်၁၀နာရီလောက်ဆို အထည်ဆိုင်ပြန်ဖွင့်ပြီးရောင်းယုံဘဲ။ အိုးတွေခွက်တွေကိုမောင်လေးကအိမ်ကိုပြန်သယ်သွားပါတယ်။ (အစားသမားမို့ သူများအိမ်ကစားလာပြီးရင်း၊အိမ်မှာစမ်းပြီးချက်တတ်တဲ့ဝါသနာ။) ညနေကျတော့ ညီမလေးဝက်ပေါက ညစျေးကနေ ကြက်သားတို့ကြာဇံတို့အုန်းသီးတို့ဝယ်ထားပေးပါတယ်။ ကျမစိန်ဂျွန်းစျေးကပြန်ရောက်တော့မှ ချက်ရတာ။ ကြက်သားဆီသတ်ထားပြီးမနက်စောစောကြာဇံတို့၊ကျန်တဲ့အစာပလာတို့ထည့်ရတာပေါ့။ (ချက်နည်းကိုပြောပြပေးတဲ့ မောင်ကျော်ညွန့်တို့ကိုလဲကျေးဇူးတင်ပါတယ်။) အဆင်ကိုပြေလို့။

အဆင်မပြေတာကတော့ ကျမတို့မာတာမိခင်ပါဘဲ။ “ညည်းတို့ကြာဇံချက် ဆက်ပြီးရောင်းရင် ကျုပ်စျေးကိုမလာတော့ပါဘူး” ဆိုလို့။ ဖြစ်ရတာများတော့လေ – – – – -။”တစ်သက်လုံးအထည်ရောင်းလာတာ၊ညည်းတို့ကျမှ” တဲ့။ ။

အသက်ကြီးလာမှပြန်တွေးမိတာလေးပါ။ အမေ မှားတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ သင်ခန်းစာရတယ်လို့ခေါ်ရမှာပေါ့လေ။

အမှားတစ်ခုလုပ်မိလို့မှားမှန်းသိရင်ပြင်။မပြင်လို့ကတော့ ဆက်တိုက်မှားပြီးရင်းမှားရင်း – – — – – – – – – –

Comments

Leave a comment