ဒေါ်မိအောင် Daw Mi Aung
ဒီနေ့တော့ စောစောစီးစီး အိမ်အလုပ်လေးတွေလုပ်ပြီးသွားလို့၊ ရေမိုးချိုးပြီးမှန်ရှေ့အကျအနထိုင်မိတော့မှဘဲ၊ ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်မိတာပါ။ အမေ (19-9- 2020)နေ့၊ စပြီးနေမကောင်းဖြစ်ကထဲက မှန်နဲ့ လူနဲ့ မတွဲဖြစ်တော့တာ။
အမေ့ကိုပြုစုရင်းနဲ့တော့ “အော်၊ငါတို့အမေရဲ့ခန္ဓာကြီးက တဖြည်းဖြည်း “ပျက်” လာလိုက်တာလို့ “သံဝေဂ” လေးရခဲ့မိပါရဲ့။ “အားဖြစ်အောင် စားပါအမေရယ်”လို့ ချော့မော့ပြောရင်တော့ “ဝမ်းထဲကကိုလက်မခံတာပါသ္မီးရယ်”လို့ ပြန်ပြောတတ်တာ။ ကိုယ်တွေကလဲ အစား စားနိုင်ရင် အားပြည့်ပြီးပြန်ကောင်းမယ်လို့ဘဲ မျှော်လင့်ခဲ့တာကို။ အဲ့ဒီအချိန်မှာတကယ့်ကို သိလိုက်ရတာကတော့ *”သားသ္မီးတွေ မိဘကို စားနိုင်တုန်းကျွေးကြရမယ်” * ဆိုတာလေးပါဘဲ။ ကျမတို့ ညီအစ်မတွေအဖို့ ဒီအတွက်တော့ နောင်တရစရာ တစ်ကွက်မှ မရှိလို့ဖြေသာပါသေးတယ်။ လိုအပ်တာတော့ မလစ်ဟင်းရအောင် အားလုံးဖြည့်ပေးနိုင်ခဲ့တာကိုတော့ “သစ္စာ”ဆိုဝံ့တာမို့၊ * “ဤမှန်သောသစ္စာစကားကြောင့် အေးချမ်းသာယာရှိကြပါစေ။”* လို့။
မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်ကြည့်မိတော့ အတော်ကိုအပျက်တွေများနေပါပေါ့လား လို့တွေးမိတယ်ဆိုတာထက်၊ မြင်မိတာကပိုမှန်ပါလိမ့်မယ်။ ခေါင်းတခေါင်းလုံးလဲ ဖွေးလို့ပါဘဲ။ ဒါက ဆံပင်ဆေးဆိုးပြီး ပြုပြင်လို့ရသေးတယ်ထားပါဦး။ သနပ်ခါးလိမ်းတော့မှ နဖူးကအရေးအကြောင်းတွေနဲ့ မျက်စေ့တဝိုက်မှာက ကြက်ခြေ၊ပါးစပ်ရဲ့ဘေးပတ်လည်ကလဲ အရေးအကြောင်းထင်နေပါပေါ့လား။ အရင်တုန်းကလိုလဲမျက်နှာမှာ သနပ်ခါး လိမ်းရတာ တင်းတင်းရင်းရင်းမရှိနဲ့။ “ဇရာ” ရဲ့ သင်္ကေတတွေ ပြနေတာပါ။
လည်ပင်းတဝိုက်ကိုကြည့်လိုက်ပြန်တော့လဲ၊ ငယ်တုန်းက လည်တိုင်မျိုး ဘယ်ကိုရောက်သွားပါလိမ့်။ တွန့်ရွဲလို့ပါလား။ လက်မောင်း၊ ခြေသလုံးတွေကလဲ တင်းတင်းရင်းရင်းမဟုတ်၊ ပျော့အိပျော့တွဲ။ ငါတို့လဲ မဝေးတော့တဲ့ခရီးဟာ ပိုလို့နီးလာပါပြီကောလို့။ မေ့မေ့လျော့လျော့နဲ့ ဘုရားမှန်းတရားမှန်းမသိနဲ့ နေလို့ကတော့၊လုံးဝမဖြစ်တော့ဘူးနော်။ လက်ရှိ အနေအထားလေးထက်ပိုပြီး မဆိုးရွားအောင်၊ “ရင်းစား”လေးတော့ပြန်ရဖို့အတွက် “တရားကို ပိုပြီးကြိုးစားအားထုတ်မှ တန်ကာကြတော့မယ်” လို့ ကျမနဲ့ရွယ်တူတွေကို “အချက်ပေးခေါင်းလောင်းလေး” ထိုးလိုက်တာပါ။ မှတ်ချက်။ ။ဆရာကြီးလုပ်ခြင်းမဟုတ်၊မေတ္တာဖြင့် မျှဝေခြင်းသာဖြစ်ပါသည်။
သနပ်ခါးလိမ်းပြီးများဇိုးကနဲဇတ်ကနဲ ပြန်ထဖို့ကတော့မစဥ်းစားလေနဲ့။ လေးဘက်ကုန်းပြီး အားတင်းလို့ထရတာ။ “တကျွတ်ကျွတ်” နဲ့ စုပ်သပ်ရတာကပါသေး။ ” မင်းတော်တော် အိုလာပြီ၊” တဲ့။
အော်၊ ဒီလိုလေး သံဝေဂ ရစရာလေးတွေမြင်မိတော့လဲ၊ ကိုယ်ကအစပေါ့လေ “ဘာလို့များ မာနတွေထားနေကြပါလိမ့် “လို့ဆင်ခြင်မိပြန်ပါရော။ “ဘာလို့များ လောဘတွေ အတောမသတ်ဘဲ လိုချင်ရမက်တွေ ငမ်းငမ်းတက်နေရပါလိမ့်။
အလိုဆန္ဒတွေ၊လောဘတွေ၊မာနတွေ များနေသရွေ့ အတော်ကို ပူလောင်ကြရှာမှာ။
အပူခံပြီး လွှတ်မချသေးသရွေ့ကတော့ – – –
ကိုယ်သေရင်ပါမှာက ကိုယ်ပြုခဲ့တဲ့ တရားနဲ့ကိုယ့် ရဲ့ကောင်းသတင်း၊ ဆိုးသတင်းမို့၊ လောဘ၊ဒေါသ၊မောဟ၊မာန တွေကို လွှင့်ပစ်နိုင်ရင်တော့ – – –
တရားရှာ ၊ကိုယ်မှာတွေ့ ဆိုတာလေး – သိပ်ကိုမှန်ပါလားလို့ပါ။*လောဘ၊ဒေါသ၊မာန်မာနတွေ ကင်းဝေးကြပါစေ။
Leave a comment