ဒေါ် မိ အောင် Daw Mi Aung

ဓါတ်ပုံလေးတွေပြန်ကြည့်မိတော့၊ Teacher Monica (ဒေါ်ဆွေဆွေတင်) ရဲ့အတန်းက ဓါတ်ပုံလေးပြန်တွေ့မိပါတယ်။ အဌမတန်းနှစ်၊ ကျမရဲ့အဖေကွယ်လွန်တဲ့နှစ်ကဓါတ်ပုံလေးဆိုတော့ ၊ ၅၃နှစ်ကြာခဲ့ပါပြီ။ “အတ္တကင်းပြီး၊ဟန်ပန်မရှိ၊ မာန်မာနကင်းတဲ့ဖြူဖြူစင်စင်ရုပ်လေးတွေမို့သိပ်ကိုချစ်စရာကောင်းလှပါတယ်။”
သူငယ်ချင်းလေးတွေတော်တော်များများရဲ့မျက်နှာလေးတွေကိုကြည့်မိတော့ နုနုနယ်နယ် အပြစ်ကင်းလှတဲ့ ပုံရိပ် လေးတွေ ပါလားလို့ ရင်ထဲမှာခံစားမိတာပါ။ ၈တန်းနှစ်ဖြေပြီးတော့၊ ဝိဇ္ဇာနဲ့သိပ္ပံ ခွဲလိုက်တာမို့ ၉တန်းတက်တဲ့နှစ်မှာ အတန်းတွေ ကွဲသွားကြတာ။ သိပ္ပံတန်းကိုအတူတူတက်ခဲ့ကြတဲ့သူငယ်ချင်းတွေတောင်မှ ၁၀တန်းဖြေပြီးကထဲက ကွဲကွာသွားကြတာ၊ ဝိဇ္ဇာတန်းဖက်ရောက်သွားတဲ့သူတွေနဲ့တော့ ပိုပြီးဝေးခဲ့ကြရတာပါဘဲ။
၉တန်း၊၁၀တန်းအထိ အတူရှိနေပြီး၊ အမှတ်မိဆုံးအနီးကပ်ဆုံးသူငယ်ချင်းတွေလဲ ၁၀တန်းဖြေပြီး၊ အောင်သွားသူနဲ့ ကျကျန်ခဲ့တဲ့သူနဲ့၊ မတွေ့ကြတော့တဲ့သူတွေလဲအများကြီးပါ။ ယ္ခုအသက်၇၀တန်းရောက်တဲ့အထိကိုလုံးဝမတွေ့ကြရတော့တာမို့ တွေးကြည့်မိရင် အတော်ဝမ်းနည်းစရာကောင်းတာ။ (တွေ့တုန်းကြုံတုန်းလေးမှာ ချစ်ချစ်ခင်ခင်ရှိကြဖို့ သင်ခန်းစာရလိုက်သလိုပါဘဲ။) တချို့သူငယ်ချင်းလေးတွေဆိုရင် တမလွန်ကိုတောင်ရောက်သွားကြပြီလို့ သတင်းကြားရတော့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ (ကိုယ်တွေလဲ တစ်နေ့ – – – – – – တကယ်တော့၊မလွန်ဆန်နိုင်တဲ့တရားပါ။)
၉တန်းတက်တော့ ကျမ၊ မစိန်ရည်၊ ကြည်ကြည်အေးတို့ကအတန်းတူကြပြီး၊ နုနုကအတန်းကွဲပါတယ်။ ဒါပေမဲ့ အတွဲမပျက်ခဲ့ပါဘူး။ ကျမတို့၈တန်းမှာအတူတွဲဖြစ်ခဲ့တဲ့ ခင်ခင်စန်းကတော့ အိမ်ထောင်ကျသွားလို့၊ ကျမတို့လေးယောက်ဘဲကျန်ခဲ့ရတာပါ။ မှတ်မိသလောက်ကတော့ စာကြိုးစားကြတဲ့ မိမိအေး၊ Kathleen, Dolly နဲ့ Sheila တို့ကလဲအတူတွဲလျက်။ ထူးထူးငွေ၊ Maisie Soe, ညိုညိုစိန်၊ Molly Lattတို့၊ Mitzi, May, Irene, Pamela,တို့၊ Amy, Muriel, တင်တင်အေး၊ နုနုအေးနဲ့Jasmine တို့၊ ခင်ခင်သိုက်၊ Lily, Nancy, Nora, Stellaတို့ အတွဲလိုက်လေးတွေလို့ထင်မိပါတယ်။
၉တန်း သိပ္ပံခန်းမှာပျော်ပျော်ပါးပါး ပညာသင်ခဲ့ကြပြီး၊ ၁၀တန်းရောက်တဲ့နှစ်မှာတော့ ဘဝအတွက် အကြိတ်အနယ် ကြိုးစားကြ ရတော့မှာပေါ့။ ကျောင်းသားဆိုတာ စာမေးပွဲဖြေကြရပြီဆိုကထဲက အောင်ချင်တတ်ကြတာပါ။ စာမေးပွဲ မအောင်ချင်တဲ့သူ ရှိမယ် မထင်ပါဘူး။ စာ မကျက် တဲ့ လူ လဲ အချိန်တန်ရင်တော့ အောင်ချင်ကြတာပါ။
၉တန်း၊ ၁၀တန်းလောက်ရောက်လာတော့ အထက်တန်းကျောင်းသူတွေဖြစ်ကြပြီလေ။ ငယ်စိတ်နဲ့ ဘဲ ဗရုတ်သုက္ခနေတတ် ကြ သူတွေရှိသလို၊ အပျိုကြီးဟန်ပန်နဲ့နေတတ်ကြသူတွေလဲရှိတာပေါ့။ တချို့များဆို ဆံပင်ပုံစံလေးကစလို့ပြောင်းသွားကြတာ။ ကျမတို့ခေတ်က အပျိုမလေးတွေဆို ပျားအုံဆံပင် (bee hive) လေးနဲ့။ တချို့ကတော့ ခေါင်းတောင်မှဖီးရဲ့လားမသိ ၊ဆံပင်စုတ် ဖွားလေးနဲ့။ ဘာဘဲပြောပြော “ငယ်ဂုဏ်”လေးရှိနေတော့ ချစ်စရာကောင်းသလို၊ လှလဲလှကြပါတယ်။
ကျမနဲ့နုနုက ၁၀တန်းကျလိုက်တော့ လေးယောက်တွဲလဲ လက်တွဲပြုတ်သွားရတာပါဘဲ။ နောက်တစ်နှစ်၁၀တန်းဖြေတော့ နုနုကျန်ခဲ့ပြန်ပါရော။ သူငယ်ချင်းတွေ ဒီလိုနဲ့တစ်ယောက်တစ်ကွဲစီပေါ့။ အမြဲတန်းတတွဲတွဲရှိခဲ့ကြသူတွေတောင် အတော်ကြာ ကြာမတွေ့ကြတာမို့၊ တစ်တန်းထဲနေပြီး အတူမတွဲကြသူတွေဆိုရင်တော့ ဘယ်လိုမှပြန်မဆုံနိုင်ကြတော့လောက်အောင်ပါဘဲ။
နောက်ပိုင်းအိမ်ထောင်တွေကြကုန်ကြတော့ပိုလို့တောင်ဆိုးပါသေးတယ်။ ၁၀တန်းအောင်ပြီး နုနုရဲ့မင်္ဂလာဆောင် မှာဆုံပြီးနောက် ပိုင်း အကြာကြီးကိုမတွေ့ကြတော့တာပါ။ မစိန်ရည်ရဲ့မင်္ဂလာဆောင်ကတော့ကျမမသိကိုမသိလိုက်ရတဲ့အဖြစ်ပါဘဲ။ ဒါပေမဲ့ကျမ ဘွဲ့ယူတော့ ကြည်ကြည်အေးနဲ့မိမိအေးက ရောက်လာလို့တကယ်ပျော်ခဲ့မိတာပါ။
လုပ်ငန်းခွင်ထဲရောက်သွားတော့ ပိုလို့ဝေးသွားကြပါပြီ။ တစ်ရက်တော့ကျမတို့ ရုံးပေါ်ကနေ လှမ်းကြည့်လိုက်တာ ကိုအောင်မိုး ဟိန်းကိုလှမ်းတွေ့လိုက်တာ။ သူကလဲ မိအောင်မဟုတ်လားဆိုပြီး၊ စကားပြောမိလို့သာ နုနုတို့ကစော်ဘွားကြီး ကုန်းအိမ်မှာ နေတယ်ဆိုတာသိလိုက်ရတာ။ ကိုအောင်မိုးဟိန်းက နုနုရဲ့အမျိုးသားလေ။ ကျမ၁၀တန်းကျခဲ့တဲ့နှစ်က သိမ်ဖြူလမ်းက ဆရာ ဦးမြင့်ဆွေ အင်္ဂလိပ်စာသင်တန်းကိုအတူတူတက်ခဲ့ကြတဲ့သူငယ်ချင်းတွေပါ။ သူက နုနုနဲ့တွေ့လိုက်ပါဦးဆိုပေမဲ့၊ မတွေ့ ဖြစ် ကြပါဘူး။ လှည်းတန်းစျေးမှာ တခါဘဲဆုံခဲ့ကြတာ။ ဘာ ကို မှ ပုံသေတွက်ထားလို့မရတဲ့လူ့ဘဝပါ။
သူငယ်ချင်းတွေအားလုံးထဲမှာတော့ မစိန်ရည်က ခြေအပေါက်ဆုံးပါဘဲ။ သူဘဲ ကျမတို့လေးယောက်ပြန်ဆုံနိုင်ဖို့ကြိုးစားခဲ့လို့သာ၊ ပြန်ဆုံဆည်းကြရတာပါ။တကယ်ကျေးဇူးတင်ရပါတယ်။ ဓာတ် ပုံလေးထဲက သူငယ်ချင်းတွေကတော့ အားလုံးပြန်ဆုံနိုင်ဖို့က၊ ဘယ်လိုမှမျှော်လင့်လို့မရတော့ပါဘူး။ သံယောဇဥ်ကြီးတတ်သူမို့လွမ်းမိပါရဲ့။
ကျမ သိမ်ဖြူလမ်းအလုပ်ကအပြန်၊ “မMable” လို့လှမ်းအော်ခေါ်သံလေးကိုလဲမမေ့ပါဘူး။ Mitzi နဲ့ May ရယ်လေ။ ကိုယ့်ကိုမှတ်မိပြီး လှမ်းခေါ်လိုက်ကြတာလေးကိုဘယ်အချိန်ပြန်ပြီးတွေးမိ၊ တွေးမိ ရင်ထဲမှာပီတိဖြစ်နေမိတာ။ ကျမကသူတို့ထက်အသက်ကြီးတာမို့ ကိုယ့်ညီမလေးတွေလိုပါဘဲ။
ခုဆို တဖြည်းဖြည်း အိုတဲ့ဘက်ကို ရောက်လာကြပြီမို့၊ ပြန်ဆုံနိုင်ခွင့်တောင်ရှိကြပါ့မလား။
အဝေး ကနေ မေတ္တာပို့ရင်းနဲ့ဘဲ – – – -ကျန်းမာစွာအသက်ရှည်ပြီး၊ တရားဘာဝနာများအားထုတ်နိုင်ကြပါစေ။
Leave a comment