တက္ကသိုလ် မိုးဝါ Tekkatho Moe War

အောင်ပြည့်….. Aung Pyie
စာရေးဆရာ၊ ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ၊ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့် နှင့် အစောပိုင်း ရင်းနှီးသမှုသိပ်မရှိခဲ့၊ နောက်ပိုင်း တော့အတော် ခင်မင်ရင်းနှီးပြီး တစ်ဦးပေါ်တစ်ဦးလေးစားစွာ ဆက်ဆံခဲ့သည်။ ခု ရက်ပိုင်းတွင်သူ့ကိုမကြာခဏ သတိတရ ဖြစ်နေရာက သူ (အောင်ပြည့်) တာဝန်ခံအယ်ဒီတာလုပ်သည့်ကာလ၊ ၁၉၈၆ တစ်ဝိုက်ထုတ်သည့် ချယ်ရီမဂ္ဂဇင်းများ ပြန်ကြည့် မိတော့ မိမိကြိုက်နှစ်သက်ခဲ့သော ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ် ပုံနှင့် တကွ စာမျက်နှာအပြည့် ။ အင်း…..။ သတိရစရာ မမေ့နိုင်စရာ မှတ်တိုင်တွေကိုး….။ အောင်ပြည့် ကွယ်လွန်ခဲ့သည်မှာ နှစ်? ?? မမှတ်မိတော့… ”
ဝိုင်းကြီးပတ်…
” အဝတ်ဟောင်းနွမ်း ပုံပန်းမပေါ်၊
ကြေး အညှော်နဲ့ ထော်လော် ကန့်လန့်၊
ခြေဆန့် လက်ပစ် လှေကားထစ်အဆင်း၊ စင်္ကြံပေါ်မှာ…။
ဘုရားလမ်းဘူတာ၊ လူစည်ပါပေ့
တစ်ရွေ့ရွေ့လှုပ်ရှား၊ ဘယ်ကိုသွားမလဲ
သွားတော့သွား၏
မျက်စိမျက်နှာ၊ လူးလာ ဆန်ခတ်
ခါးပတ်မှာ တွယ်၊ နွယ်လိမ် သီတုပ်
ခွက်စုတ် ပလုံးစုတ်၊ ချိုးရုပ် မြင်းရုပ်
ဖိုးတုတ် အိုးပုတ်၊ ‘ရတနာ’ ထုပ်ကို
ဥစ္စာသူရူး၊ ဝမ်းတွင်း မြူးဖောက်
ပျောက်မှာစိုးသလေ့၊ ကျစ်ကျစ်ပွေ့လို့
တစ်ရွေ့ရွေ့လှုပ်ရှား၊ ဘယ်ကိုသွားမလဲ
သွားတော့သွား၏….။
အရူးမှာက…
အထမြောက်မြောက်၊ ခရီးပေါက်လျက်
ရည်ရွယ်ချက်ရှိသလား။
အရူးမှာက…
ဒိဋ္ဌ မကွာ၊ ရင်မှာ တွယ်ဖက်
ခံယူချက်ရှိသလား…။
ရှိ၏ မရှိ၏၊ ငါ မသိ….
ကြည့်လိုက်ပြန်တော့၊ တစ်ကျော့ ညနစ်
နေ့ အသစ်မှာ၊ ခြေပစ် လက်ပစ်
လှေကားထစ်အဆင်း၊ စင်္ကြံ ပေါ်မှာ
သူ ရောက်လာပြန်
ဗလာဆိုင်းတီး၊ လှိုင်းမစီးနဲ့
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ…။ ။
တက္က သို လ် မိုး ဝါ
၃၀ – ၁၁ – ၁၉၈၅
ချယ်ရီမဂ္ဂဇင်း ၁၉၈၆ ဇူလိုင်လ။
Leave a comment