
” လောကခုံရုံးမှာ ”
တက္ကသိုလ် မိုးဝါ Tekkatho Moe War
ဘယ်လောက်ပဲ အရေခွံလဲလဲ
ညှို့ဆွဲ ထောင်ချောက် မြွေဟောက်ဟာ
မြွေဟောက် အသေပေါက်မှာပဲ…။
ဘယ်လောက်ပဲ အရောင်ပြောင်းပြောင်း
ချောင်းမြောင်း အဟုတ်ထင်
ပုတ်သင်ဟာ ပုတ်သင်ပါပဲ…။
အသားမျိုဆို့ နွားနို့သောက်စား၊
ဆိုဖာကျားပေါ် ဖားလျား ဘယ်လောက်ပဲအိပ်အိပ်
တိတ်တိတ် အမြီးခါ…
ခွေးဟာခွေးပါပဲ။
ပခုံးနှစ်ဖက်ကြား ခေါင်းကား တစ်လုံး၊
ဆံခြည်ဖုံးလွှမ်း မတ်တတ်လမ်းသွား၊
သွေးသားနဲ့သူ
လူဟာ လူပါပဲလို့ ပြောဖို့ ခက်ခဲ….။
မြွေဟောက်ဟာ မြွေဟောက်
ပုတ်သင်ဟာ ပုတ်သင်
ခွေးဟာခွေးပေမဲ့….။
လူဟာလူဟုတ်မဟုတ်
သူ့ရဲ့လုပ်ရပ်
ဆုံးဖြတ်ကြိုးကိုင်သွားလိမ့်မယ်။ ။
တက္က သို လ် မိုး ဝါ
၁၅ – ၉ – ၁၉၈၇
Leave a comment