From Silence

“တိတ်ဆိတ်ငြိမ်သက်ခြင်း မှသည်….”

တက္ကသိုလ် မိုးဝါ Tekkatho Moe War

အသံဗလံ၊ ဆူညံပွက်လော
ဟိုက်မော ထိခိုက်၊ နား၌ ခန္ဓာ၌
တူးနှိုက် ဆုံးတိုင်၊ အခြေမခိုင်တော့….။

တစ်လောကလုံး၊ အုံးအုံးကျွက်ကျွက်
ဘဝဂ်တိုင်အောင်၊ ဗလောင်ဝှန်ဆူ
နေပူလည်းနှိပ်စက်၊ ထွက်သက်လည်းမမှန်
ဒဏ်ရာ ရှာမရ၊ နုန်းခွေလျနှင့်။

တစ်လောကလုံး၊ တရုန်းရုန်းဖြစ်
သနစ်သကန်၊ အသံဗလံ
ဆူညံ ညစ်ညမ်း၊ စိတ်ကိုဖမ်းချုပ်
ရုပ်ကိုလည်းမနိုင်၊ ငါမပိုင်သလို….။

သည်နေ့တော့ဖြင့်
ဖျောလျော့ မထင်၊ နေခြည်မျှင်ရိပ်
တိတ်ဆိတ်လျက်ပင်၊ ဟင်းလင်းပြင်
အခင်း ငြိမ်သက်ခြင်းတစ်ခု၊ ရင်တွင်းသိမ့်နွေး
ငြိမ်းအေးခြင်းရသ
အင်အားပြတဲ့၊ စူးရှ ဖောက်ထွင်း
မြားအစင်းပေါင်းများစွာ လေလွှာထုမှ တစ်ဆင့်…. ။ ။

တက္က သို လ် မိုး ဝါ
၂၄ – ၃ – ၂၀၂၁ ( နံနက် ၉ နာရီခွဲ )

၂၅ မတ် ၂ဝ၂၁ နေ့ရဲ့ ခံစားမှု….။

Short Poem with Lengthy Heading

အရှည်လျားဆုံး ခေါင်းစဉ်နဲ့ အတိုဆုံးစာကိုယ်ပါတဲ့ ကဗျာ

“ ဆို့နစ်ကြေကွဲ မျက်ရည်ဝဲကာ ကိုက်ခဲနာကျင်၊

ရင်မှာနုံးချည့်၊

ပြည့်သိပ်ညှိုးချုံး

အော့နှလုံးနာလို့၊

ဒဏ်ရာဖူးရောင်ပြီး

အမှောင်တွင်းကျသွားတဲ့ ဖြစ်ရပ်ကဗျာ….”

ပုရစ် မဖူးတဲ့ …..

နွေဦး တပေါင်း

ခညောင်း ရွက်ကြွေ ကျဲပြန့်နေ….။ ။

(သူရဲကောင်းအားလုံး … သို့)

တက္ကသိုလ် မိုးဝါ

၂၅-၃-၂ဝ၂၁ (နံနက် – ၁ဝ နာရီခွဲ )

Comments

Leave a comment