စိုးရိမ်ပူပန်မှုတွေကင်းဝေးတဲ့သူတွေဟာ အတော်ငြိမ်းချမ်းမှာဘဲ။ အတွေးတစ်စများရလို့ကတော့ အိပ်ယာကတောင် ငုတ်တုတ်ထ ထိုင်မိတဲ့အဖြစ်မျိုးကြုံဘူးကြလေမလားမသိပါဘူး။ ( ဒီတစ်လ အသုံးစရိတ်အဆင်ပြေသွားပြီဆိုရင်၊ နောက်လအတွက် ကြိုပြီး တွေးပူမိလို့၊ အိပ်ယာကနေ ငုတ်တုတ် ထပြီးထိုင်မိတဲ့အဖြစ်မျိုး။)
ခုလည်းဘဲ တဖြည်းဖြည်း လူတွေ ကြပ်တည်းလာကြတာမြင်ရတော့၊ လောလောဆယ် ကိုယ်က အထိုက်အလျောက်နေနိုင်ကြပေမဲ့၊ ကိုယ်လဲတစ်နေ့ မကြပ်တည်းဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။ တချို့များဆို ညနေစောင်းချိန်အထိ ချက်စရာဆန်မရှိလို့ ရှာနေကြ ရတာ တွေမြင်တွေ့နေရတော့ အတော်ကိုစိတ်မကောင်းဖြစ်ရတာ။
တွေးနိုင်တယ်ဆိုတာကလဲ စိတ်ကအားနေသလိုမို့သာပါ။တောင်တွေး၊မြောက်တွေးစိတ်မအေးနိုင်အောင်ပါဘဲ။တကယ်တော့ သတိလက်လွတ်သာလွှတ်ထားလိုက်ကြည့်ရင် တစ်ထိုင်ထဲနဲ့ မြန်မာပြည်အနှံ့တင်မက၊ ကမ္ဘာတောင်ပတ်လိုက်သေးတယ်။ “အမှတ်သတိ” ကိုချွန်းမအုပ်နိုင်တာများ၊ ဟောပြောတဲ့ဆရာတော်ကြီးတွေကို အားနာမိပါရဲ့။
“စားရေး”ကနေပြီးတော့ “နေရေး” ကိုရောက်သွားပြန်တော့လဲ၊ ” ငါတို့ကလဲအိုလာပြီ၊ အိမ်ကြီးကလဲယိုင်လာပြီ” ဆိုပြီး၊ တွေးလိုက် မိလို့ကတော့ ရင်ထဲကိုပူလာတာပါလား။ အတော်ဆိုးတဲ့အတွေးပါလားနော်။ တကယ်တော့တွေးပြီးပူနေလို့ ဘာများဖြစ် လာ မှာမို့ပါလိမ့်။ ” အကုသိုလ်စိတ် ” ဘဲဖြစ်တော့မှာပေါ့။မသိလို့လဲမဟုတ်ပြန်ပါဘူး။ တရားကသပ်သပ်၊ ကိုယ်ကသပ် သပ်ဖြစ် နေမိတာပါ။ (နေစရာမရှိတဲ့သူတွေကိုငဲ့စောင်းလို့ကြည့်မိပြန်တော့လဲ၊ ကိုယ့်ဘဝကမှ နေသာပါသေးတယ်။)
စားဝတ်နေရေးဆိုပေမဲ့ ၊ ဝတ်ရေးကိုတော့မပူဘူးပါဘူး။ အခုဆို အပြင်လဲမထွက်တော့၊ အိမ်နေအဝတ် စုတ်စုတ်လေး နဲ့နေလို့ထိုင် လို့ အားကြီးကောင်းတာ။ အစားမက်တဲ့သူတွေမို့ မစားရမှာများတော့ သိပ်ကိုကြောက်မိတာပါ။
ထမင်းကလဲ သုံးနပ်စားသေး၊ သရေစာကလဲမလွတ်၊ နောက်တော့ သူများ အမြင်ကတ်မှာစိုးလို့ “အသက်ကြီးလာတော့ ၊ဟိုစပ်စပ် ဒီစပ်စပ် ချိုချိုချဥ်ချဥ်လေး၊ဂျိုးဂျိုးဂျွတ်ဂျွတ်လေးကလဲ ဝါးချင်သေးတာ” လို့ အရှက်ပြေပြောရပါသေးတယ်။ အသက်ကြီးလာတာ ကိုယိုးမယ်ဖွဲ့ရတာအတော်ဆိုးတာပါဘဲ။ တကယ်တော့ အမေ့ကိုပြောမိတာ “ဝဍ်လည်”တာပါ။ ” ဝဍ် “ဆိုတာ ဘဝမကူးပါ လားနော်။ (အမေကလေ ထမင်းစားပြီးရင်လဲ၊ သူစားဖို့ မုန့်တွေဝယ်ပေးထားရက်နဲ့၊ ဆိုင်ထဲက မုန့်ကိုလှမ်းတတ်သေးတာ။ ဖွင့်စားပြီးမကြိုက်ရင် ပြန်ချထားခဲ့တတ်တာ။)
ကော်ဖီလေးကလဲမလွတ်။ တော်သေးတာက ညီမတွေက စေတနာမပျက်ကြလို့သာ။ ဝက်ပေါကဆိုရင် ထမင်းကလွဲလို့ မုန့်ပဲ သရေစာမစားတတ်ဘူး။ ဒါပေမဲ့ သူအလုပ်ကပြန်လာရင်တော့ အစ်မအတွက် ထွေလီကာလီလေးတွေ ဝယ်လာပေးရှာတာ။ သိပ်ကိုကျေးဇူးတင်ရပါတယ်။
တော်သေးတာကတော့ ကိုယ့်အနေနဲ့ အိမ်မှုကိစ္စ ဝေယျာဝစ္စတွေလုပ်နိုင်သေးတာပါ။ ဒါကိုလဲတွေးပူမိသေးတာ။ ငါမလုပ်နိုင်တဲ့ အခါကျရင် ဆိုတာမျိုး။ ညီမတွေကပြောပါတယ်။ “မလုပ်နိုင်ရင်မလုပ်နဲ့ပေါ့” တဲ့။ တကယ်တော့ မဖြစ်သေးတာကို ပူပန်နေ တာကိုက ပစ္စုပ္ပန်တည့်တည့်မရှုနိုင်သေးတာပါ။ တရားနဲ့အတော်ဝေးနေမှန်းလဲ ကိုယ့်ကိုကိုယ်သိပါတယ်။ အတော်ကို ဆင်ခြင် ရဦးတော့မှာပါ။
ဒါကြောင့်မို့ – –
စိုးရိမ်ပူပန်ခြင်းဆိုတဲ့ “သောက”မှကင်းဝေးကြပါစေ။
သတိလေးနဲ့လဲ ဆင်ခြင်နိုင်ကြပါစေ။
“ဝဍ်ဒုက္ခ” တွေမှလဲ လွတ်ကင်းကြပါစေ။
Leave a comment