Blog

  • အမှတ်ရမိတယ်

    အမှတ်ရမိတယ်

    ဒေါ်မိအောင် Daw Mi Aung

    ထူးခြားတဲ့စွမ်းရည်ရှိတယ်ဆိုတာ သူ့ရဲ့ပင်ကိုယ်ဗီဇမို့ လုပ်ယူလို့မရပါဘူး။ အားကျလို့ကြိုးစားရင်တော့ ရနိုင်ပေမဲ့ သူ့လောက်တော့အစွမ်းထက်မှာမဟုတ်ပါ။

    အော်၊ ဒီမနက်ပုဇွန်ဆီလေးကို ကြက်သွန်ဖြူလေးဆီသတ်ရင်းနဲ့ အမေကြိုက်တတ်တာလေးမို့သတိတွေရပြီးလွမ်းမိသွားတာ။ ကျမတို့ဒဂုံကိုပြောင်းလာပြီး မကြာခင်မှာဘဲ ကျမတို့အိမ်ရှေ့အိမ်ကမီးစပြီးလောင်ပါရော။ နေ့လည်ဆို အမေတစ်ယောက် ထဲအိမ်မှာကျန်ခဲ့တာမို့၊ အိမ်ရှေ့တံခါးမကြီးကပိတ်ထားရပါတယ်။ အဲ့ဒီအချိန်မှာ အမေက နေ့လည်စာခေါက်ဆွဲပြုတ် လေးထိုင် သောက်နေတုန်း ခေါင်ရင်းပြူတင်းပေါက်လေးကို ကြည့်နေတာ၊ အိမ်ရှေ့အိမ်က မမြင့်က သူ့ရဲ့”ချိ”နေတဲ့သ္မီးလေးကို မနိုင်မနင်းနဲ့ဆွဲပြေးတာတွေ့လို့ထွက်ကြည့်မှမီးလောင်နေမှန်းသိရတာ။ အမေက နားလေးတော့ အော်သံမကြားရရှာဘူးလေ။ အမေလဲအိမ်ပေါ်ထပ်ကသေတ္တာကိုတက်ဆွဲသေးတာတဲ့။ မနိုင်တော့ ဒီအတိုင်းထားခဲ့ပြီး၊ဘေးပေါက်ကထွက်လို့ သော့ခတ်၊ အိမ်ရှေ့က ခြံစည်းရိိုးခတ်ထားတဲ့ ဝါးကပ်တွေကိုတွန်းလှဲပစ်တာ၊ ပြီးတော့မှနောက်ဖေးခြံစည်းရိုးက်ိုပါတွန်းလှဲပြီး၊ နောက်ဖေးခပ်လှမ်းလှမ်းကနေ အိမ်ကိုစောင့်ကြည့်နေရတယ်တဲ့။ မီးလောင်တယ်ဆိုလို့ ပြေးလာကြတဲ့ ဦးအေးသိန်းနဲ့ ဦးလှရွှေတို့က “အမေကြီးမကြောက်နဲ့” ဆိုပြီး၊လက်ကိုဆွဲထားကြတာ၊အိမ်ကိုဆွမ်းခံကြွတဲ့ဘုန်းကြီးနဲ့ကိုရင်လေးတွေကလဲ အိမ်က အုတ်ကန်ထဲကရေတွေနဲ့ခပ်ပြီး၊ပက်ကြတာပေါ့။ (အုတ်ကန်ကို ကျမတို့ညီအစ်မကအမြဲ ရေပြည့်အောင်ဖြည့်ထားတတ် လို့တော်ပါသေးရဲ့။ အလုပ်ကပြန်လာရင် ရေတုံကင်လေးကို သူအချက်တစ်ရာ၊ကိုယ်အချက်တစ်ရာနှိပ်ပြီး ရေဖြည့်ရတာ။) မီးသတ်ကားကလဲ လမ်းကိုပတ်ပြီးရှာနေရတာနဲ့အိမ်၂လုံးခွဲလောက်ကုန်သွားပြီးမှ မီးငြိမ်းသွားတာ။ အဲ့ဒီအချိန်က “မြို့”ဆိုပြီး သာ ပြီး၊ရေခပ်တိုက်ရသေးတာ။ ဥာဏ်ကလဲအတော်ပြေးတဲ့အမေ။ မီးလောင်တဲ့အကြောင်းကိုလာပြီး စစ်ကြ၊မေးမြန်းကြတော့ ကျမတို့အိမ်ထဲကို ဝင်ပြီးထိုင်ကြတော့ အမေကအိမ်ပေါ်ထပ်တက်တဲ့လှေခါးမှာထိုင်ကြည့်နေတာတဲ့။ အိမ်ပေါ်ကို လူတက်လို့ မရအောင်ပိတ်ပြီးထိုင်ထားတာပါတဲ့လေ။ သူဘဲတွေးမိတယ်။

    တနေ့လုံး အိမ်မှာတစ်ယောက်ထဲထားခဲ့ရတာစိတ်မချပေမဲ့လဲ၊ အလုပ်လုပ်မှဖြစ်မှာမို့ ထားခဲ့ရတာပါဘဲ။ ထားခဲ့ရင်လဲ ကျမတို့ လမ်းထိပ်မရောက်သေးဘူး၊ အမေက ဓါးတစ်ချောင်းနဲ့အပြင်ရောက်နေပြီ။ မြက်ကိုတစ်ပင်မှမကျန်အောင်ရှင်းတာ။ အမြစ်ပါကုန်မှ ပြန်မထွက်မှာလို့လဲပြောတတ်သေးတာ။ “အပြင်မထွက်ပါနဲ့အမေရယ်” လို့ပြောရင် “အေးပါ၊အေးပါအေ၊ အမေ့ကိုစိတ်မပူနဲ့၊အလုပ်ကိုသာဖြောင့်ဖြောင့်သွားလို့” ပြောပြီးထင်ရာလုပ်တော့တာ။

    နောက်တော့ အမေ အပြင်မထွက်အောင် ဥာဏ်ကူရတယ်။ စာစောင်တွေမှ ပြည်သူ့ခေတ်၊ ဆဲဗင်းဒေး၊ Good Health,စတဲ့ စာစောင်တွေ ဝယ်လာပေးရတာ။ စာဖတ်နေရင် အပြင်မထွက်တော့ဘူးလေ။ စာစောင်ဘဲဖြစ်ဖြစ် သတင်းစာဘဲဖြစ်ဖြစ် ဖတ်ပြီဆိုရင်တော့ အစကနေအဆုံးဖတ်တာ။ မှတ်လဲမှတ်မိပါ့။ တခါတလေ အမေရေ ရုရှားသမတကဘယ်သူပါလိမ့်ဆို “ပူတင်း”လေအေလို့ပြောလို့ရယ်ရသေးတာ။ (နားလေးတော့ အသံထွက်မမှန်တာပေါ့။) မိုးရွာနေရင်အပြင်မထွက်တော့ မိုးရွာနေပါစေလို့ ဘဲဆုတောင်းရမလို။ အမေကသိပ်ချမ်းတတ်တာ။ ကျမတို့တွေငယ်ငယ်ကဆို အမေချမ်းတယ်ဆိုရင် လိုက်ချမ်းရပြီး၊ အနွေးထည်ဝတ်ခိုင်းတတ်တာ။တခါတလေ ကျမတို့တွေကအနွေးထည်မဝတ်ချင်ရင်စိတ်တိုရတာပေါ့။ ဒါပေမဲ့ အမြဲတမ်းသူ့အလိုကိုလိုက်ခဲ့ကြရတာမို့ ခဏတော့ ဟန်ပြဝတ်လိုက်ကြရတာပါဘဲ။~

    အုန်းသီးခူးနည်းလေးလဲပေးပါရစေ။ကျ မတို့အလုပ်ကပြန်ရောက်တော့ လမ်းထိပ်ကမအေးကိုခေါ်ပေးစမ်း၊ အမေ အုန်းသီး တွေရောင်းမလို့”ဆိုတော့ အံ့သြပြီး၊ ဘယ်သူခူးပေးပါလိမ့်ပေါ့။ အမယ်လေး၊ အုန်းသီးကို အောက်ကနေ ဝါးလုံးနဲ့ထိုးချတာတဲ့။ အဲ့ဒီလို ဆိုးပါတယ်ဆို။ဝါးလုံးနဲ့ထိုးပြီးအမေကထွက်ပြေးတာပေါ့တဲ့လေ။ အမေ့ဆီမှာ ခြံရှင်းတဲ့လက်နက်အစုံရှိတယ်။ ကျမတို့ က လမ်းသွားခါနီးရင် အကုန်ဖွက်ထားခဲ့ကြရတာ။ ပြန်ရောက်ရင်တော့ သူ့ပစ္စည်းတွေရှာမတွေ့လို့ ပူညံ၊ပူညံ။ အပင်တွေရေ လောင်းရင်လဲ ကျမတို့ကအပူရှပ်မှာစိုးရိမ်လို့အော်၊ အမေကတော့ဂရုကိုမစိုက်တာ။ သရက်ပင်ကို တောင်ရေ လောင်းပါ တယ်ဆိုမှတော့။ ကလေးငယ်ငယ်မရှိပေမဲ့ အမြဲတမ်းအသံထွက်နေတာ ဒေါ်ခင်မေ တို့အိမ်ပါ။

    အမှတ်ရမိတာလေးတချို့ပါ။ ပြောလို့ကုန်နိုင်မှာမဟုတ်လို့ – – – –
    တကယ်တော့ အမေ တော်လို့သာ ဒီအခြေအနေအထိနေနိုင်တာပါ။သိပ်လွမ်းတာဘဲ။

  • ရှင်သန်ခြင်း( ၄ )

    ရှင်သန်ခြင်း( ၄ )

    ဒေါ်မိအောင် Daw Mi Aung

    သုံးပန်လှပန်းကလေးလို သုံးရောင်ပြောင်းလဲ ရှုချင်စဖွယ်လှနေသလို၊လူတွေဟာလဲ ဘယ်အချိန်မဆို တင့်တင့်တယ်တယ် ဖြစ်ကြရင် – – –

    ဘဝတစ်ခုမှာဖြစ်ချင်တာမဖြစ်ကြရပေမဲ့၊ဖြစ်သင့်တာကိုတော့ဖြစ်အောင်လုပ်ကြရမှာပါ။ တွေးခဲ့တာနဲ့ ဖြစ်လာတာနဲ့ တသမတ်ထဲဖြစ်လာကြတဲ့သူတွေကတော့ ကံအကျိုးပေးကောင်းလှသူတွေပါဘဲ။ ငါတော့လေ ဘွဲ့ရပြီးရင်ဝန်ထမ်း အလုပ်နဲ့အရာရှိဖြစ်အောင်လုပ်မယ်။ တည်တည်ငြိမ်ငြိမ်လေးပေါ့။ဖြစ်ချင်တာနဲ့ ဖြစ်လာတာကတော့တခြားစီပါဘဲ။ အမေပြောတဲ့ “ရာဇပလ္လင် ဖင်မပါတာ” ဖြစ်မှာပါ။

    ဝန်ထမ်းသက် ၁၀နှစ်မှာ အလုပ်ထွက်လာခဲ့ပြီးကထဲက တောက်လျောက်အလုပ်တွေလုပ်လာလိုက်တာ အသက်၇၀နားနီးမှဘဲ၊ ညီမတွေရဲ့ကျေးဇူးနဲ့ နားရတော့တာမို့၊ကျေးဇူးတင်လိုက်တာ။ ရှပ်အင်္ကျီ၁၀ထည်ချုပ်လို့ပြီးရင်၂၇ကျပ်ရတဲ့အလုပ်၊ (အမေကတော့စက်ချုပ်တဲ့အလုပ်ကိုအားမပေးပါဘူး၊ပင်ပမ်းလို့တဲ့။) ချည် ၁၀ပေါင်ထုတ် တစ်ထုပ်ကိုဖြူအောင်ချွတ်လျှော်၊ လှန်းပြီးခြောက်ရင် “ချား”ထဲမှာထည့်ပြီး အပ်ချည်လုံးဖြစ်အောင်ရစ်၊ ပြီးရင် ၅၀၀ကျပ် ရတဲ့အလုပ်မျိုးတွေလုပ်ခဲ့ဘူးတာ။ နောက်ပြီး ဝက်ပေါလေးက ရုံးမှာပလပ်စတစ်ကြိုးနဲ့ အိတ်တွေထိုးတဲ့အကြောင်းပြောရင်၊ ကျမကစပ်စပ်စုစု အိတ်ထိုးပြီးရောင်း ကြရအောင်ဆိုပြီး၊ကြိုးတွေ၊ လက်ကိုင်ကွင်းတွေဝယ်ပြီး စမ်းသပ်ကြတော့တာပါဘဲ။ ဖြစ်အောင်လုပ် ရင်ဖြစ်ပါတယ်။ ကြိုးတစ်ခွေကို စျေးဝယ်တဲ့အိတ်ထိုးရင်သုံးလုံးရပြီး၊ တွက်လိုက်ရင် ၆၀ကျပ်လောက်မြတ်တာ။ တစ်နေ့ကိုကြိုး ၃ခွေစာ လောက်ထိုးလို့ပြီးပါတယ်။ ဝက်ပေါလဲ ရုံးကပြန်ရောက်ရင် ကူရတာပေါ့။ (ဟီး ဟီး အိမ်မှာတော့ ပွရှုပ်နေ တော့တာပါဘဲ။) နောက်တဆင့်တက်တော့ သိမ်ကြီးစျေး”အီး” ရုံက သားရေ ချပ်တွေဝယ်၊ ငါးဖမ်းပိုက်ချည်နဲ့ တစ်ချောင်းထိုးထိုးပြီး၊ သားရေချပ်နဲ့ဆက်လို့၊ပိုက်ဆံအိတ်တွေထိုးရောင်း။ ဟန်ကိုကျလို့။ ဘာဘဲဖြစ်ဖြစ် ဌာနစိတ်မှူး တစ်လကို၃၂၀ကျပ် ရတာထက်တော့၊လူပင်ပမ်းတာကလွဲလို့အဆင်ပြေပါတယ်။ လှလှရွရွလေးမနေရတာကလွဲလို့ပေါ့။

    ဒါကြောင့်မို ပညာတစ်ခုတတ်ထားရင်အသုံးချတတ်ဖို့ဘဲလိုတယ်ဆိုတာမှန်တာဘဲ။

    နောက်တခါကျတော့ သတင်းစာမှာ ခနောင်ကျေးရွာတွဲဖက် အ ထ ကကျောင်းအတွက်ဆရာမလိုတယ်ဆိုလို့၊ လျှောက်လိုက် တာ ရပြန်ပါရော။ ပျော်ပျော်ပါးပါးပေါ့။ ရန်ကုန်နဲ့မဝေးလှပေမဲ့၊သွားရတဲ့ခရီးကတော့ခက်ခဲပါ့။ သီတာဆိပ်ကနေ သံလျင်ကို သီတာသင်္ဘောကြီးစီး၊ ကျောက်တန်းကိုကားနဲ့သွား၊ ကျောက်တန်းကနေခနောင်ကိုမော်တော်စီးရတာကရေလှည့်နဲ့မို့၊ မ်ကမနက်၉နာရီလောက်ထွက်ရင် ခနောင်ကိုမိုးချုပ်ခါနီးမှရောက်တော့တာ။ အိမ်နဲ့လဲတခါမှမခွဲဘူးတော့ ညကျရင် ငိုရတာအမော။ ဆရာမ ၅ယောက်ကို အိမ်တစ်လုံးငှားပေးထားတာမို့ လွတ်လပ်ပါတယ်။ ကျောင်းကခနောင်အရှေ့မှာပါ။ စရောက်တဲ့တစ်လလုံးလုံးရွာကအိမ်တွေကထမင်းကျွေးတာပါ။ ရွာကဆရာတော်ကြီးနဲ့ကျောင်းအုပ်ကြီးဦးအောင်ချိန်တို့ရဲ့စောင့်ရှောက်မှုကိုမမေ့သလို ကျေးဇူးလဲတင်ပါတယ်။

    မတည်ငြိမ်လိုက်တဲ့ဘဝများလေ။ စာသွားသင်နေတုန်း ဖက်စပ်(၇)မှာလျှောက်ထားတဲ့အလုပ်ရလို့၊ ကျောင်းစာချုပ်အရ ပိုက်ဆံပြန်ရော်ပြီး၊ ၁၉လမ်းထိပ်မှာဖွင့်ထားတဲ့ ဖက်စပ်(၇)မှာ အလုပ်လုပ်ရပြန်ပါတယ်။ အဲ့ဒီတော့လဲ အလုပ်ကို ဟိုခုန်ဒီခုန်နဲ့ဆိုပြီး ရှုံ့ချတဲ့အကြည့်နဲ့ အပြစ်စကားသံတွေမြည်လာပြန်ပါရော။ လူဆိုတာ ကိုယ့်လုပ်ရပ်ကိုကြိုက်တဲ့၊ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကြည့်တဲ့သူက အကောင်းမြင်တတ်ပေမဲ့၊ ကိုယ့်ကိုမနှစ်မြို့တဲ့သူကတော့ အပြစ်မြင်တတ်ကြမှာပါ။ ဒါလဲသဘာဝပါဘဲလေ။

    ဘယ်သူတွေဘာပြောပြော တကယ်တော့ ကိုယ့်ဝန် ကိုယ်ထမ်းကြရမှာပါ။

    မှန်တာလုပ်၊ဟုတ်တာပြော၊ သူများကိုမထိခိုက်စေနဲ့ – – – – – ဘယ်လောက်အေးချမ်းလိုက်မလဲ။

  • ကကြိုးစုံလင်

    ကကြိုးစုံလင်

    ဒေါ်မိအောင် Daw Mi Aung

    ဘကုံးနဲ့၊ဝလုံးနဲ့ပေါင်းပြီး “ဘဝ” မို့လို့သာဘဲ။ဒီထက်များရှည်ရင်တော့ မတွေးတတ်အောင်ပါလား။ “လူ့ဘဝရခဲပါဘိခြင်း၊ ဘဝဆိုတာ တိုတောင်းလှပါတယ်” လို့သာဆိုကြတယ်၊လူတွေအဖို့တော့ ရယ်တခါငိုတလှည့်၊ ဆင်းရဲတခါချမ်းသာတလှည့်နဲ့ ရှည်လျားလွန်းလေသလားလို့။ အမျိုးမျိုးအဖုံဖုံကြုံဆုံလို့ မွေးစမှသေသည့်တိုင်အောင် ရုန်းကန်လှုပ်ရှားကြရတာများ မနားရအောင်ပါဘဲ။

    ကျမတက္ကသိုလ်နောက်ဆုံးနှစ်ဖြေပြီးတော့၊အောင်စာရင်းမထွက်ခင်ယောင်ချာချာနဲ့။ ရှင်းရှင်းဆိုရရင်တော့ ပညာတတ် မာန်လေးနဲ့ဟိုအလုပ်လဲကိုယ်နဲ့မတန်သလို၊ဒီအလုပ်လဲနိမ့်ကျသလိုနဲ့ ဟန်ထည်ပြီးနေကြည့်တာပေါ့လေ။ တကယ်ဆို စျေးရောင်းတာက ကိုယ်နဲ့မစိမ်းတဲ့အလုပ်ပါ။ နောက်တော့လဲ ကိုယ့်မှာဆိုင်ရှိတာဘဲစျေးရောင်းပေါ့။ အမေ့လက်ထက်ကလို အထည်ဒိုင်ကြီးတော့မဖြစ်ပါဘူး။ငွေရင်းကလဲမထည့်နိုင်တော့လို့ပါ။ ၁၀ ရပ်ကွက်စျေးကို မနက်စောစောသွား၊ ပိတ်စအဆင် သစ်လေးတွေရွေးကောက်ဝယ်ပြီး၊ စိန်ဂျွန်းစျေး တ-၁၀ မှာပိတ်ဂိုက်ထိုး လက်လီရောင်းရတာပေါ့။ (ကျမစျေးဆိုင်ကို တီချယ် Alice @ဒေါ်သန်းသန်းကပိတ်စလာဝယ်တော့ “ညည်းကိုသင်ထားတာ တစ်ကိုက်ကို၃၆လက္မနော်” ဆိုပြီး ကျီစယ်သွားတာ အမြဲအမှတ်ရနေမိပါတယ်။)

    အမေက အလုပ်ကိုချောက်တီးချောက်ချက်လုပ်ချင်တဲ့သူမျိုးမဟုတ်ပါဘူး။ ဦးသန့်အရေးအခင်းဆိုင်ပိတ်ထားရ၊ စျေးဖျက်လို့ ရွှေ့ရနဲ့ ကမောက်ကမတွေဖြစ်ကုန်ရတာ။ လုပ်ငန်းအလျင်ပြတ်သွားတာပေါ့။

    အမေကမိန်းမသာဆိုတယ်။ အမြင်တအားရှိတာ။ စက်ရုံတွေကပစ္စည်းလဲ လေလံဆွဲလိုက်တာဘဲ။ စစ်မှုထမ်းဟောင်းတွေက အင်ဂျင်တွေလေလံဆွဲမယ်ဆိုလဲရအောင်ဆွဲလိုက်တာပါဘဲ။ အင်ဂျင်သက်သက်ကြီးဘဲပြန်ရောင်းရင်၊တွက်ခြေမကိုက်တော့ မော်တော်ကားဆင်ခိုင်းတာ ။ပြီးမှမော်တော်ယာဥ်လိုင်စင်ဝင်ပြီး၊ပြန်ရောင်းခိုင်းတာ။ ဆောင်းတွင်းကြီး၊ မန္တလေးမှာ Willy Jeepကားဆင်ပြီး၊ လိုင်စင်ဝင်ဖို့သွားကြတာ ကားကတံတားဘောင်ကိုဝင်တိုက်မိလို့၊ အမေနဲ့ဝက်ပေါ ကံကြီးပေလို့သာ ဘာမှမဖြစ်ကြတာ။ ချည်စက်က ချည်ပျက်တွေလေလံဆွဲတော့လဲ၊ အိမ်ရောက်လို့ဖွင့်လိုက်တော့ ချည်ကနဲနဲ၊ ဂျွတ်စတွေက အများကြီးမို့ နောက်ဆုံးစက်လှေတွေကိုဆီးဂျေးသုတ်ဖို့ ရတဲ့စျေးနဲ့ရောင်းလိုက်ရတာ။

    တကယ်တော့ ပျက်ချင်လာရင် အမှားတွေ ဆက်တိုက်ဖြစ်လာတတ်တာပါဘဲ။

    အမေလေ မြိတ်၊ထားဝယ်ဆိုလဲ အန်တီမဟန်ကြည်တို့နဲ့လိုက်သွားပြီး ဝယ်ခြမ်းရောင်းတာ၊ လားရှိုးဖက်က ပစ္စည်းတွေ သွားဝယ်ပြီးရောင်းတာ၊ ဘာတစ်ခုမှသိပ်အဆင်မပြေလှတော့ပါဘူး။ ခရီးသွားပြီးပြန်ရောက်ပြီဆိုတာနဲ့ “မမခင်မေရေ ပစ္စည်းယူသွားမယ်၊ရောင်းပြီးလာပေးမယ်”ဆိုပြီးလာယူသွားကြတာ နောက်ဆုံးတစ်ပြားမှကို လာပြန်မပေးတော့တဲ့ အခြေအနေဆိုတော့ ပိုက်ဆံကစာအုပ်ထဲမှာဘဲရှိတော့တာပေါ့။

    ကျမကလဲ အမေ့သ္မီးမို့ အမေ့လိုလုပ်ငန်းကြီးလုပ်ဖို့မစွမ်းလှပေမဲ့၊ အစားအသောက်ကတော့ စွမ်းတယ်ဆိုမလားဘဲ။ တနေ့တော့ကျမတို့ဆိုင်ရှေ့က ထားဝယ်သားကောင်လေး (မောင်ကျော်ညွန့်) တို့အိမ်ကအလှူဖိတ်လို့ သွားကြတော့၊ ကြာဇံချက်ကျွေးပါတယ်။ ထားဝယ်ကြာဇံချက်တဲ့၊ အုန်းနို့နဲ့ချက်တာ။ အတော်စားကောင်းတာဘဲ။ ကျမတွေးမိလိုက်တာက စိန်ဂျွန်းစျေးထဲမှာ မြိတ်၊ထားဝယ်ကလူတွေများတော့ ကြာဇံချက်ရောင်းမယ်လို့၊ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်နဲ့ တိုင်ပင်ပြီး တ-၁၀ မှာကြာဇံချက်ရောင်းကြတာပေါ့။ တစ်ပွဲမှ တစ်ကျပ်၊ပြား၅၀ ဆိုတော့ မနက်အစောလေးရောင်းပြီးရင်၊ မနက်၁၀နာရီလောက်ဆို အထည်ဆိုင်ပြန်ဖွင့်ပြီးရောင်းယုံဘဲ။ အိုးတွေခွက်တွေကိုမောင်လေးကအိမ်ကိုပြန်သယ်သွားပါတယ်။ (အစားသမားမို့ သူများအိမ်ကစားလာပြီးရင်း၊အိမ်မှာစမ်းပြီးချက်တတ်တဲ့ဝါသနာ။) ညနေကျတော့ ညီမလေးဝက်ပေါက ညစျေးကနေ ကြက်သားတို့ကြာဇံတို့အုန်းသီးတို့ဝယ်ထားပေးပါတယ်။ ကျမစိန်ဂျွန်းစျေးကပြန်ရောက်တော့မှ ချက်ရတာ။ ကြက်သားဆီသတ်ထားပြီးမနက်စောစောကြာဇံတို့၊ကျန်တဲ့အစာပလာတို့ထည့်ရတာပေါ့။ (ချက်နည်းကိုပြောပြပေးတဲ့ မောင်ကျော်ညွန့်တို့ကိုလဲကျေးဇူးတင်ပါတယ်။) အဆင်ကိုပြေလို့။

    အဆင်မပြေတာကတော့ ကျမတို့မာတာမိခင်ပါဘဲ။ “ညည်းတို့ကြာဇံချက် ဆက်ပြီးရောင်းရင် ကျုပ်စျေးကိုမလာတော့ပါဘူး” ဆိုလို့။ ဖြစ်ရတာများတော့လေ – – – – -။”တစ်သက်လုံးအထည်ရောင်းလာတာ၊ညည်းတို့ကျမှ” တဲ့။ ။

    အသက်ကြီးလာမှပြန်တွေးမိတာလေးပါ။ အမေ မှားတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ သင်ခန်းစာရတယ်လို့ခေါ်ရမှာပေါ့လေ။

    အမှားတစ်ခုလုပ်မိလို့မှားမှန်းသိရင်ပြင်။မပြင်လို့ကတော့ ဆက်တိုက်မှားပြီးရင်းမှားရင်း – – — – – – – – – –

  • ကံအကြောင်းတွေမို့

    ကံအကြောင်းတွေမို့

    ဒေါ်မိအောင် Daw Mi Aung

    လူရယ်လို့ဖြစ်လာရင်အကောင်းအဆိုးနှစ်တန်ဒွန်တွဲနေတတ်တာတော့အမှန်ပါဘဲ။ ကံ ဇာတ်ဆရာရဲ့အလိုအတိုင်းပေါ့လေ။ ကျနော်ကတော့ဖြင့်၊ကျမကတော့ဖြင့် ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်နေချင်လိုက်တာလို့ အော်ပြီးထွက်လာမယ်မထင်ပါဘူး။ အားလုံးအကောင်းဆုံးဖြစ်ချင်ကြမှာ အသေအချာပါ။ ရွှေပေါ်မြတင်နေလာခဲ့ရပြီးမှ ဆင်းရဲမွဲတေသွားကြတာလဲရှိ၊ ကုန်းကောက်စရာမရှိအောင်ဆင်းရဲနုံခြာတဲ့ဘဝကနေ သူဌေးသူကြွယ်ကြီးတွေဖြစ်သွားကြတာလဲရှိကြတာမို့၊ “သူကဘယ်လို၊ငါကဘယ်လို” စသည်ဖြင့် မာန်မာနတွေရင်ဝယ်ပိုက်နေကြတာ၊ သိပ်ကိုပူလောင်လှပါတ ဘဝဆိုတာတိုတောင်းလှပါတယ်လို့ သိကြရဲ့သားနဲ့ စိတ်ဆိုး ကြ၊ရန်ဖြစ်ကြ၊ လောဘတွေတက်ကြနဲ့ မတွေးတတ်နိုင်လောက်အောင်ပါဘဲ။

    ဟုတ်ပါတယ်။ တကယ်ကိုခဏလေးပါ။ ကျမရဲ့အဖေဆို အသက်(၄၆)နှစ်နဲ့မိသားစုကိုထားသွားလိုက်တာ။ သူချစ်တဲ့ဇနီး၊ သူတွယ်တာတဲ့သားသ္မီး(၅)ယောက်ကို စိတ်ချလို့ထားခဲ့တာမဟုတ်လောက်ပါဘူးလေ။ အဖေမရှိတော့ ကျန်တဲ့မိသားစုရဲ့ “ဝန် “ကိုအမေတစ်ယောက်ထဲထမ်းရတာသိပ်သနားစရာကောင်းလှပါတယ်။ ကျမကမှ ၈တန်းကျောင်းသူဆိုတော့၊ ကျန်တဲ့လူမမယ်မောင်ညီမလေးတွေအတွက် ရုန်းကန်ရင်ဆိုင်ရမှာတွေ။ အမေကလေ ညညဆို ဆေးလိပ်တစ်တိုနဲ့ မအိပ်နိုင်ဘဲစဥ်းစားတာထင်ပါရဲ့။ ကျမတို့အိမ်က ထပ်ခိုးမှာကျမတို့မ်ိသားစုကညအိပ်ပြီး၊ ကုန်သည်တွေကတော့အောက်ထပ်မှာအိပ်ကြပါတယ်။ အဖေဆုံးတာနဲ့ ပုတီးကုန်းက အဖေ့ကိုသိပ်ချစ်တဲ့ ဦးလေးကိုမူတူးက အိမ်ပေါ်ထပ်ကို အံဖုံးတံခါးလေးတပ်ပေးတာ ကျေးဇူးကြီးလွန်းလှလို့ အမြဲကျေးဇူးရှင်နေရာမှာထားပြီးကန်တော့ရပါတယ်။ ညညကျရင် အမေကလေ ခြင်ထောင်ကိုမပြီး၊သူ့သားသ္မီးတွေရဲ့ခြေထောက်ကိုလိုက်စမ်းတတ်တာ။ အမေဘာလုပ်တာလဲလို့မေးတော့ သူများအိပ်ယာထဲဝင်မှာစိုးလို့တဲ့။ စိတ်ပူရှာလွန်းသူပါ။ အမေ့အင်္ကျီရင်ဘတ်မှာလဲ ဆေးလိပ်မီးပေါက်တွေနဲ့။

    မနက်အစော ပြည်ရထားနဲ့လာတဲ့ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကိုကျမစာရင်းလုပ်ထားပြီး၊ ညနေ ၅နာရီခွဲလောက်ကြတော့၊ ညီမဝက်ပေါလေးနဲ့ ရန်ကုန်မြို့ထဲကရွှေတောင်တန်းလမ်း (မြဝတီ ဘော်လီဆိုင်ရှင်သူဌေး) အိမ်မှာ ကုန်ဖိုးသွားရှင်းရပါတယ်။ (ညီအစ်မနှစ်ယောက်၊လွယ်အိပ်လေးထဲကျောင်းစာအုပ်လေးထည့်လို့ နတ်စင်လမ်းကနေ နံပါတ် ၁ ဗိုက်ပူကားကြီးကိုစီးပြီးသွားရတာပါ။ အခြားသူတွေကို ငွေရှင်းနေတုန်းဆိုရင်တော့၊ကျောင်းစာအုပ်လေးထုတ်ဖတ်ပြီး၊ ကိုယ့်အလှည့်ကိုထိုင်စောင့်နေရတာ။ ပြီးရင် ည၁၀နာရီရထားနဲ့ ပြန်မည့်ကုန်သည်တွေကိုငွေရှင်းဖို့ ညီအစ်မနှစ်ယောက်အပြေးအလွှားအိမ်ကိုပြန်ကြရပြန်ရော။) တကယ့် ဘဝသံသရာပါဘဲ။

    အဲ့ဒီခေတ်က မိန်းကလေးငယ်ငယ်နှစ်ယောက်ထဲသွားလို့တင့်တယ်ပြီး မသူတော်လဲ ကင်းလို့ပါလို့တွေးမိပါတယ်။

    မောင်လေးဖိုးချိုငယ်ငယ်က ခဏခဏနေမကောင်းဖြစ်လို့ ဆရာဝန်သွားပြရင်တော့ ဝက်ပေါလေးကတာဝန်ယူပြီးသွားရတာ။ အမေကတော့ သူ့စီးပွါးရေးနဲ့သူ လုံးလည်လိုက်နေရရှာတာ။ နောက်ပြီးမောင်လေးကို ကလေးဆေးရုံ (ဟယ်လ်ပင်လမ်း) မှာOperationလုပ်တော့လဲ ဝက်ပေါလေးခမြာသုံးဘီးကားနဲ့လိုက်ပို့ပေးရတာ။ (ဆီးမသွားနိုင်လို့ သူရဲ့ရွှေပန်းလေးရဲ့ထိပ်ကလေးကို ဖြတ်ပေးဖို့။ ဆေးထည့်ဖို့လဲသွားရသေး။)

    ညီမလေးမိမာကတော့ အဖေဆုံးကထဲက ငြိမ်းငြိမ်းတို့အိမ်ကမပြန်တော့ပါဘူး။ ကျောင်းနေတော့မှ မနဲချော့ပြီးပြန်ခေါ်ရတာ။ အဲ့ဒါကြောင့်သူ့ကိုကျောင်းအပ်တော့ အမေကြီးက ငြိမ်းငြိမ်းရဲ့သ္မီးမွေးသက္ကရာဇ်နဲ့အပ်လိုက်တာ၊ သူဘွဲ့ရတဲ့အထိ ညီမဝမ်းကွဲ ညွန့်ညွန့်ဝင်း(စိန်ဘွင့်)ရဲ့မွေးသက္ကရာဇ်အတိုင်းဖြစ်နေရော။ ကျမတို့ညီအစ်မ မောင်နှမဝမ်းကွဲတွေ တစ်တွဲစီ အတွဲလိုက်လေးတွေမို့ သိပ်ချစ်ကြ၊ ဆုံကြရင်လဲသိပ်ပျော်စရာကောင်းကြတာ။ အဖေရှိစဥ်ကတနင်္ဂနွေလိုနေ့မျိုးဆိုအိမ်မှာခေါ်ပြီး၊ကိုယ်တိုင်ချက်ပြုတ်ကျွေးခဲ့တာ။ မိမာနဲ့ဖိုးချိုကတော့ ကိုယ့်သားသ္မီးလေးတွေလိုပြုစု ထိန်းကျောင်း မွေးမြူခဲ့ရပါတယ်။

    ဒါကြောင့် ဘဝတစ်ခုရလာရင် ကိုယ်ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာ ငယ်ကထဲကသိခဲ့လို့ ကြောက်လှပါတယ်။

    သံသရာရှည်မည့်အလုပ်တွေရှောင်ရင်း

    အသက်ရှိနေသေးသရွေ့တော့

  • ကျေးဇူးပြုဘူးသူများသို့

    ကျေးဇူးပြုဘူးသူများသို့

    ဒေါ်မိအောင် Daw Mi Aung

    ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာ ဘဝကံအကြောင်းကပေးတဲ့ အကျိုးမို့၊ ကျမတို့ရဲ့မိသားစုဘဝကတော့ ငါးပျံတစ်လှဲ့၊ဘုံလုံတစ်လှဲ့လို့ဆိုရမလိုပါဘဲ။ ဒါပေမဲ့လူတွေကတော့ပြောကြတယ်။ ကံ ဆိုတာအလုပ်တဲ့။ ” ကံမရှိ ဥာဏ်ရှိတိုင်းမွဲတတ်ကြတယ်”လို့လဲဆိုကြပြန်တော့ တွေးစရာတွေအများကြီးဖြစ်သွားပြီ။

    တကယ်တော့သိတတ်တဲ့အရွယ်ကထဲက မတွန့်တိုတတ်တဲ့မိဘကမွေးလာတာမို့ သိပ်ကိုပေးချင်ကမ်းချင်တတ်ခဲ့တာပါ။ အဖေမဆုံးခင်လေး တစ်ရက်မှာ အဖျောက်က အဖေတို့အစ်မဝမ်းကွဲတစ်ယောက် အိမ်ကိုလာလည်ပါတယ်။ကြီးကြီးဒေါ်လေးခင်တဲ့။တခါမှတခါထဲသာတွေ့ဘူးလိုက်ရပြီး၊သူ့သ္မီးမမလှကိုရောပါဘဲ။ ကျမကအဖေချစ်သ္မီးမို့ အဖေနဲ့ပတ်သက်သူတွေကို အမြဲစုံစမ်းနေတတ်တာပါ။ အဖေက သူ့ဦးကြီးရဲ့သ္မီး ကြီးကြီးဒေါ်ထားတင်အိမ်ကို အဖျောက်ကဧည့်သည်တွေကိုလိုက်ပို့တော့၊ကြည့်မြင်တိုင်၊နတ်စင်လမ်းကနေ အမှတ် (၁ ) ဗိုက်ပူဘတ်စ်ကားကြီးကိုစီးပြီး၊လွတ်စ်လမ်းကိုသွားကြရပါတယ်။ ကားပေါ်ရောက်တာနဲ့ကျမကပိုက်ဆံထုတ်ပြီး စပယ်ယာကိုပေးတာကိုအဖေကပြုံးပြုံးကြီးကြည့်ပြီးကျေနပ်နေတာပါ။ အိမ်ပြန်ရောက်တော့ အဖေက” မခင်မေရေ မင်းရဲ့သ္မီးကတော့ကွာ မနှမျောတတ်တာငါတို့လိုဘဲ” တဲ့။

    လက်မဖြန့်ချင်ဘူး။လက်ကိုမှောက်ထားချင်တာပါ။ ကိုယ်ကအထက်တက်ချင်တာကို။ယူရသူထက်၊ပေးရတဲ့သူဖြစ်ချင်ခဲ့လို့ပါ။ ကျမဘဝမှာပြည့်စုံတဲ့အချိန်ရှိခဲ့သလို မပြည့်စုံတဲ့အချိန်တွေလဲရှိခဲ့ပါတယ်။ကိုယ်ကချွေခဲ့သလို၊ကိုယ့်ကိုချွေခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေလဲအများကြီးပါ။ ကိုယ့်အပေါ်ပြန်သိတတ်တာကိုမမျှော်လင့်ခဲ့ဘူးပေမဲ့ ကိုယ့်ကိုချွေခဲ့ဘူးသူအားလုံး(အားလုံး)ကို၊တော့ အသိစိတ်ရှိနေသရွေ့ ကျေးဇူးမမေ့ဘဲမေတ္တာပို့ပေးနေမှာပါ။

    (အခုအချိန်မှာတော့ ကျမတတ်နိုင်တာ မေတ္တာပို့ပေးခြင်းဘဲမို့ ကျမရဲ့နောက်ဆုံးအချိန်အထိ မမေ့သင့်တာကိုမမေ့ဘဲရှိနေမှာဆိုတာ ကျမအပေါ် ကျေးဇူးပြုဘူးသူအားလုံး(အားလုံး) သံသယကင်းစေချင်ပါတယ်။)

    ဟိုး လွန်ခဲ့တဲ့ ၂တန်းနှစ်က ကျေးဇူးဆိုတာပါးစပ်ဖျားက Thank you. လို့ပြောရင်ပြီးစတမ်းလို့ဘဲသိခဲ့ဘူးတဲ့အချိန်ကအကြောင်းအရာလေးကိုတောင် ရင်ထဲမှာစွဲစွဲထင်ထင်ရှိပြီး၊ သိတတ်လာတဲ့အချိန်မှာတော့အမြဲကျေးဇူးတင်နေတာပါ။အဲ့ဒီအချိန်က ကွန်ဗင့်ကျောင်းကြီးမှာ ကျောင်းတက်ရတော့၊Christmas Party တို့ Fun Fairတို့စတဲ့ ပျော်ပွဲရွှင်ပွဲလေးတွေရှိတာပေါ့။ ၂တန်း Teacher Parli ရဲ့အတန်းမှာ Christmasပွဲလုပ်မယ်၊ Uniformမဟုတ်ဘဲ အပြင်အဝတ်အစားတွေဝတ်လို့ရတယ်ဆိုတော့၊ကလေးတွေပျော်ပြီး ဘယ်လိုဂါဝန်လှလှလေးတွေဝတ်ကြမယ်ဆိုပြီးတွတ်ထိုးနေကြတာ။ Pansy က”နင်လဲလာနော် “ဆိုတော့ “ကျမမှာအပြင်အဝတ်မရှိလို့မလာတော့ပါဘူး” လို့ပြောလိုက်မိတယ်။(အဖေက Tunic အပြာ၂ထည်နဲ့ Blouse အဖြူ လက်ဖေါင်း၂ထည်ကို တစ်စုံမှ ၂၀ကျပ်နဲ့ပြား၅၀ပေးရတာကို Sein Brothersကဝယ်ပေးတာ။ဖိနပ်ကို စကော့စျေး Bata ဖိနပ်ဆိုင်ကဝယ်ပေးပြီး၊ပြတ်ရင်ပြန်ချုပ်ပေးမယ်လို့အပြီးပြောထားပါတယ်။ ကျမကHalf shoeလေးစီးချင်တာ။)

    နောက်တနေ့ Pansyက ဇာအဖြူဂါဝန်အသစ်စက်စက်လေးကို ကျမဝတ်ဖို့ယူလာပေးတာ၊ ကျမတစ်သက်မေ့လောက်စရာမှာမဟုတ်တာဘဲ။သူ့နဲ့တွေ့တိုင်းပြောရင် “ဟုတ်လား၊ငါမမှတ်မိဘူး” တဲ့။ Pansy Nyiဆိုတာကျမရဲ့ပထမဆုံးသူငယ်ချင်းဖြစ်သလို၊ ခုချိန်ထိလဲချစ်ခင်နေကြစဲပါ။(မနေ့တနေ့ကတင် “ငါမေတ္တာပို့ရင် နင့်ကိုအရင်ဆုံးပို့တယ်၊နင်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းမိုလို့” တဲ့။)

    ကျေးဇူးသိတတ်ရင် ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ ဒုက္ခတော့အကြီးအကျယ်မရောက်ဘူး၊တဲ့။

    ဟုတ်မှာ

  • ဝမ်းတစ်ထွာ

    ဝမ်းတစ်ထွာ

    ဒေါ်မိအောင် Daw Mi Aung

    ကုန်သည်တွေနဲ့ နေ့တိုင်းပြည့်နေတတ်တဲ့ကျမတို့အိမ်။ ပြည်ခရိုင်ဖက်ကကုန်သည်က ၊မြိတ်၊ထားဝယ်ကကုန်ကိုဝယ်လို့ ပြည်ရထားကြီးစီးပြီးပြန်သူကပြန်၊ကားစင်းလုံးနဲ့လူစုပြီးပြန်သူကပြန်နဲ့၊ခေတ်အဆက်ဆက်ရှာဖွေစားသောက်ကြရတာ၊မမောနိုင်မပမ်းနိုင်ပါဘဲ။ အသက်ကြီးလာမှတွေးမိတာပါ။ ဘယ်လိုဘဲကျားခုတ်ကျားခဲလောဘမသတ်နိုင်ဘဲစီးပွါးရှာကြပေမဲ့လို့၊ ထမင်းစားတော့လဲတစ်နေ့ကိုအလွန်ဆုံးသုံးနပ်ပေါ့။ အချိန်တန်ရင်တော့အကုန်ထားခဲ့ပြီး လက်ဗလာနဲ့ပြန်ကြရမှာချည်းပါ။

    ကျမကို ၆တန်းတက်မည့်နှစ်၊ကျောင်းမဖွင့်ခင်ကထဲက လုပ်ငန်းခွင်ထဲဝင်ခိုင်းတာ။ ကြီးကြီးကျယ်ကျယ်လို့ထင်ကောင်းထင်ကြမှာ။ အဲ့ဒီအချိန်က ကျမအရွယ်နဲ့တော့ကြီးကျယ်တဲ့အလုပ်လို့ယူဆမိလို့ပါ။ ကျမကမနက်စောစောအိပ်ယာထရတာမကြိုက်ပေမဲ့၊အဲ့ဒီတုန်းကမနက်၄နာရီခွဲလောက်ဆို၊နှိုးပြီးမျက်နှာသစ်ခိုင်းတာ။၅နာရီ ပြည်ရထားဆိုက်ရင် ပုတီးကုန်း၊ဇီးကုန်း၊ပေါင်းတည်အစရှိတဲ့ဆီက ကုန်သည်တွေက အိမ်ရှေ့မှာဆိုက်ကားတွေတန်းစီပြီးရောက်လာကြပါတယ်။ (ပြည်ရထားက ကြည့်မြင်တိုင်ဘူတာမှာရပ်တော့၊ဘူတာကနေ အိမ်ကိုဆိုက်ကားတွေနဲ့လာကြတာ။) သူတို့ဆီကပါလာတဲ့ပိတ်စတွေ၊ပုဆိုးကြမ်းတွေ၊ခြင်ထောင်ဇာတွေမှ စုံလို့ပါဘဲ။လူတစ်ဦးစီကပါလာတဲ့ပစ္စည်းစာရင်း၊ကျမကိုလုပ်ခိုင်းတာပါ။ပစ္စည်းစာရင်းတွေရပြီဆိုတာနဲ့ ချက်ချင်းပြန်ချင်တဲ့လူအတွက် ပိုက်ဆံတွက်ပြီးရှင်းပေးရတာ။ ညရထားနဲ့ပြန်မည့်သူကြတော့လဲအေးအေးဆေးဆေးတွက်ပြီးရှင်းပေးရတာပေါ့။ တွက်ပေးတာမှားသွားလို့ကတော့ အဖေဘယ်တော့မှမဆူပါဘူး။ **အလုပ်လုပ်တာဘဲမှားတတ်တယ်။မှားမှန်းသိရင် ပြင်လိမ့်မယ်**တဲ့။ ဟုတ်တာပေါ့လေ ကျမတို့စာသင်ရင်တောင် မှားသွားရင် အမှားပြင်ခြင်း (Correction) ဆိုပြီး၊ပြင်ခဲ့ကြရသေးတာဘဲလေ။ အမှားကိုပြင်ပြီး၊အမှန်ကိုလုပ်နိုင်မှလူတော်လို့အဖေပြောခဲ့ဘူးတာလေးကကျမတို့အတွက်တစ်သက်တာမှတ်သားစရာပါ။

    မမေ့နိုင်တဲ့ရယ်စရာလေးတစ်ခုကတော့ ကျမတို့ဦးလေးအငယ်ဆုံး ဦးကိုရွှေ(ဦးမောင်ရွှေ)ကတက္ကသိုလ်ကျောင်းသား။ အမေတို့မောင်နှမ၆ယောက်မှာဦးကိုရွှေတစ်ယောက်ဘဲဘွဲ့ရတာ။သူ့ကိုစာရင်းတွက်ခိုင်းလိုက်တာ ဝယ်သူနဲ့ရောင်းသူရှေ့တင်စာရင်းတွက်ပေးပြီး၊အမြတ်ကဘယ်လောက်လို့ပြောလိုက်တော့၊စဥ်းစားသာကြည့်ကြပါတော့။ “ရောင်းသူတစ်မတ်၊ဝယ်သူတစ်ကျပ်”ဆိုပေမည့်လဲ၊လျို့ဝှက်သင့်တာ၊မသင့်တာကိုဝေဖန်တတ်ဖို့လဲ အရေးကြီးပါတယ်။

    နောက်ပြီး ခုထိကျမတွေးလို့မရတဲ့ပုစ္ဆာတစ်ပုဒ်လဲရှိပါသေးတယ်။ အဲ့ဒီအချိန်က ကျမတို့ရောင်းဝယ်ဖေါက်ကားတဲ့ကုန်ပစ္စည်းတွေကို “မှောင်ခိုကုန်ပစ္စည်း”လို့​သတ်မှတ်တာ ဘဝင်မကျလို့ပါ။ တကယ်တော့ ကိုယ့်ငွေနဲ့ကိုယ် အရင်းအနှီးပြုလို့၊ အန္တရာယ်လဲမဖြစ်စေတဲ့ပစ္စည်းကိုရောင်းဝယ်ကြတာဟိုကြောက်ရ ဒီကြောက်ရနဲ့ ကျီးလန့်စာစား လုပ်ခဲ့ကြရတာမို့။ တစ်ခုခုတော့မှားနေပုံပါဘဲ။ အဲ့ဒီအချိန်ကပြည်ရထားနဲ့လာရတဲ့သူတွေခမြာ၊ဖမ်းမှာလဲကြောက်ရ၊မိုင်းထိမှာလဲကြောက်ရနဲ့သနားဖို့အလွန်ကောင်းပါတယ်။ ရထားကို အိမ်လုပ်ပြီးရှာဖွေစားသောက်ကြရတာ။အင်ဖက်လေးနဲ့ထမင်းထုပ်ပြီး၊ဂျိုင့်လေးထဲမှာလက်ဖက်သုပ်၊အမဲသားကြော်၊မန်းကျီးသီးစိမ်းထောင်း၊မျှင်ငပိကြော်။ဘဲဥ၊ကြက်ဥပြုတ်စသဖြင့် ထည့်လာကြပြီး၊စာရင်းအပ်ပြီးတာနဲ့စားကြရှာတာ။

    ကျမတို့က ကလေးဆိုတော့ သူတို့စားတာကိုမြှော်တတ်တာ။ “လာ အပုလေး၊လာစားစမ်းပါ”လိုပြောတာနဲ့အားမနာတမ်း ဝင်စားကြတော့တာဘဲ။ သိပ်ပြီးစားလို့ကောင်းတာ။ခုတောင်စားချင်လာတယ်။ထမင်းကကောက်ညှင်းလေးလိုဘဲ၊အင်ဖက်နံ့သင်းသင်းလေးနဲ့။သူတို့အရပ်ကလူတွေက ကလေးကို “အပုလေး”လို့ခေါ်တတ်ကြတယ်။ဒါကြောင့်များကျမ ပုနေတာလားမသိဘူး။

    အဖေကဥာဏ်အမြှော်အမြင်ကြီးစွာနဲ့ ကျမကို အမေ့အလုပ်တွေဝင်ပြီးကူညီတတ်အောင်သင်ပေးခဲ့လို့သာ၊အဖေဆုံးတော့အမေ့အတွက်အထောက်အကူတစ်ခုဖြစ်ခဲ့ရပါတယ်။အဲ့ဒီအတွက်လဲ ကျမဘဝမှာကျေနပ်စွာနဲ့ နေပျော်ခဲ့ရပါတယ်။ ဒါပေမဲ့လို့ ဖြစ်ချိန်တန်ဖြစ်၊ပျက်ချိန်တန်ပျက်ရတဲ့သဘောကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်တာအမှန်တရားပါ။

    သတိလေးရှိရင်တော့ ခံသာတာပေါ့လေ။

  • ပညာရှိအဖေ

    ပညာရှိအဖေ

    ဒေါ်မိအောင် Daw Mi Aung

    ကျမတို့ရဲ့ ဘိုနံမည်တွေကိုမြန်မာနံမည်ပြောင်းကြတာ ၅တန်းရောက်တဲ့နှစ်မှာပါ။Pansy Nyiကမိမိအေးအေး၊ Sheilaကတိုးတိုးနဲ့ Dolly Sein ကတင့်တင့်စသဖြင့်ပေါ့လေ။ အဲ့ဒီသူငယ်ချင်းတွေထဲမှာမှ သိပ်ရိုးသားပြီးချစ်စရာကောင်းတဲ့”နော်ထီးစာ”ဆိုတာရှိသေးတယ်။ သူကလဲ မိမိခိုင်လို့နံမည်ပြောင်းလိုက်တယ်။ ကျမနဲ့မိမိအေးအေးတို့နံမည်နဲ့ဆင်တူချင်လို့တဲ့လေ။

    နော်ထီးစာက ဂန့်ဂေါကနေ အဒေါ်အိမ်မှာနေပြီး၊ကျောင်းတက်ရတာ။သူ့အဒေါ်က နာစ်မကြီး၊စမ်းချောင်း၊အောင်သပြေလမ်းမှာနေကြတာ။နောက်တော့ရန်ကင်းကိုပြောင်းသွားကြပြီး၊၆တန်းရောက်တဲ့နှစ်မှာလုံးဝမတွေ့ရတော့ပါ။ သူ့ကိုခုချိန်ထိ မမေ့နိုင်သေးဘဲ၊ကျမခရီးသွားရင်သော်လည်းကောင်း၊ဂန့်ဂေါဖက်ကလူဆိုရင်သော်လည်းကောင်းအမြဲစုံစမ်းမိပါတယ်။ယ္ခုလိုfbသုံးတဲ့အခါကျတော့ နံမည်တူလေးတွေ့တိုင်းရှာမိပါရဲ့။ အမှတ်ရစရာလေးဖြစ်တဲ့သူနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးက နာဂစ်မှာပျက်စီးသွားရပါတယ်။ သိပ်ကိုဝမ်းနဲခဲ့ရပါတယ်။ တကယ်တော့အပြစ်ကင်းတဲ့ကလေးဘဝ၊ပျော်ခဲ့ရတဲ့ကလေးဘဝကို ပြန်တမ်းတမိနေတတ်တာမို့။

    နောက်ပြီး” နောင်တ”နဲ့အမှတ်ရစရာအကြောင်းတစ်ခုကတော့ ရီးစားထားတယ်ဆိုတဲ့”အမဲစက်”ကြီးပါ။ တကယ်ဆိုရရင်တော့ ဘုမသိ၊ဘမသိနဲ့ဖြစ်ရတာ။” မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာ”တာလို့တွေးထင်စရာတော့ဖြစ်ပါလိမ့်မယ်။ ကျမဆီကိုစာတစ်စောင်ရောက်လာတယ်။ဖတ်လို့အလွန်ကောင်းပါတယ်။ကျမလဲစာပြန်ရေးပါတယ်။စာတွေအစောင်စောင်ပေါ့။အိမ်ကိုအသွားအလာရှိတဲ့လူတစ်ယောက်ဆီကတဆင့်ပါ။ *သူငယ်ချင်းတစ်ယောက်ကိုပြောပြမိပါတယ်။

    ဒီလိုစာတွေအသွားအလာလုပ်နေတယ်ဆိုတာ အဖေကစပြီးသိတော့၊ ကျမကောင်းကောင်းမှတ်မိပါသေးတယ်။ ကျမတို့အိမ်ရှေ့က အုန်းပင်ကြီးအောက်မှာအဖေက ပက်လက်ကုလားထိုင်ပေါ်ထိုင်လို့၊သူ့ဘေးမှာထိုင်ခိုင်းပြီး၊ “သ္မီးရေ ဘာလုပ်ချင်၊လုပ်ချင် အဖေ့ကိုပြော။ သ္မီးရဲ့ခေါင်းတစ်လုံးနဲ့စဥ်းစားတာထက်စာရင် အဖေနဲ့အတူခေါင်းနှစ်လုံးနဲ့စဥ်းစားရင်ပိုကောင်းတာပေါ့။ ရီးစားထားချင်ရင်တောင်အဖေ့ကိုပြော၊အဖေကူပြီးစဥ်းစားပေးမယ်။ သ္မီးအမေကိုမပြောနဲ့။” တဲ့။

    တကယ်ပညာရှိတဲ့အဖေပါ။ကျမလဲရှက်တာလေ၊မြေကြီးထဲဝင်သွားရင်ကောင်းမှာဘဲလို့တောင်တွေးမိတယ်။ တစ်သက်စာကိုမှတ်သွားတာပါဘဲ။

    အဖေသာ ဆူမယ်၊ရိုက်မယ်ဆိုရင်တော့ ကျမဘဝ တစ်မျိုးပြောင်းသွားလေမလား – – – -ကံကောင်းလို့သာပါ။

    ခုထိ ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်ဆုံးကတော့သူငယ်ချင်းကိုယုံစားမိခဲ့တာပါ။ ခုချိန်အထိ သူငယ်ချင်းတွေဆုံရင် “မိအောင်ကလေ ၅တန်းကထဲကရီးစားထားတာ၊ခုတော့သူဘဲယောကျာ်းမရသေးတာ” လို့ပြောတာ၊ စချင်နောက်ချင်တာလား၊အပုပ်ချချင်တာလားမသိပေမဲ့၊ကျမကတော့မှားခဲ့တာကိုနောင်တရလို့မဆုံးပါဘူး။{တကယ်တော့ ကျမနဲ့ သူ(ကျမရီးစားလို့အမည်တွင်သူ)နဲ့ကစကားတခွန်းလေးတောင်မပြောဘူးတဲ့”ဘုရားစူးရီးစားထား” ခဲ့ရခြင်းပါ။}

    မိမိအတွင်းရေးကို ဘယ်သူ့ကိုမှယုံစားပြီး၊ကုန်စင်အောင် မပြောသင့်ဘူး ဆိုတဲ့သင်ခန်းစာလေးတော့ တစ်ဘဝစာ မှတ်သားမိပါရဲ့။

  • ကျေးဇူးရှင်

    ကျေးဇူးရှင်

    ဒေါ်မိအောင် Daw Mi Aung

    ဒီမနက် ဝက်သားဟင်းချက်မလို့ အသားလှီးရင်းအဖေ့ကိုလွမ်းမိသွားတယ်။

    ကောင်းတာလေးမှကျွေးချင်တတ်တာ၊ကိုယ်တိုင်လဲကောင်းအောင်ချက်တတ်တာ၊တွေးလိုက်မိရင်း ပြုံးမိပါတယ်။ ဝက်သားလေးလှီးရင်တစ်တုံးချင်း နေရောင်မှာထောင်ကြည့်ပြီး၊ “အသားတုံးကညီညီလေးလှီးမှ နူးတာညီတာသ္မီးရဲ့”လို့ပြောပြတတ်တာ။ နောက်ပြီး သူချက်နေတဲ့ဘေးမှာထိုင်ခိုင်းထားပြီး ကြည့်နေခိုင်းတာ။ ဘာတစ်ခုလေးမှ ကူပြီးလုပ်မပေးရဘူး။ချက်တာပြုတ်တာကို မျက်စေ့ရည်ဝအောင်လို့တဲ့။ ခုမှတွေးပြီး တကယ်ကျေးဇူးတင်နေရတာပါ။

    အမေဝက်သားချဥ်ဟင်းချက်သလိုဖြစ်မှာစိုးလို့ထင်ပါရဲ့။

    ကျမ ၈တန်းရောက်တဲ့နှစ်မှာအဖေဆုံးသွားတာဆိုတော့၊စာမေးပွဲကြီးဖြေတဲ့အချိန်လဲရောက်ရော ကျမအဖေ့ကိုပိုပိုပြီးသတိရစရာဖြစ်လာတာပါ။

    (ကျမတို့က အထက’ ၁’စမ်းချောင်းမှာဖြေရတယ်။မနက်ပိုင်းတစ်ဘာသာ၊ညနေပိုင်းတစ်ဘာသာဖြေရတာ၊ အမေကသူ့စီးပွါးရေးတဖက်နဲ့မို့ ကျမတို့အိမ်ရှေ့အိမ်က ကြီးကြီးဒေါ်ခင်လှ(ကျောင်းဆရာမ၊သခင်မကြီး)ထမင်းလာပို့ပါတယ်။

    ကျေးဇူးတင်ထိုက်သူတစ်ဦးပါ။

    ထမင်းဘူးလေးဖွင့်လိုက်တာနဲ့ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရတာပါဘဲ၊(အဖေသာရှိရင်ဆိုပြီးတော့ပေါ့။) ထမင်းပျော့ပျော့ကို့ပြည့်သိပ်အောင်ထည့်ထားပြီး ဘဲဥပြုတ်အလုံးလိုက်ဆီဆမ်းထားတာ။ အမေတာဝန်မကျေတာမဟုတ်ဘူးနော်။အမေကသားသ္မီး ၅ ယောက်အတွက်ရုန်းကန်နေရတာ။

    အမေ အမြဲပြောတတ်တာကတော့ “ပညာတတ်အောင်သင်၊အမေအမွေပေးနိုင်တာပညာဘဲ” တဲ့။အဲ့ဒီတော့ စားရေးထက် စီးပွါးရေးကိုကျားခုတ်ကျားခဲလုပ်နေရရှာတာပါ။ ဘယ်သူချက်ကျွေးလဲမေးချင်ကြရှာမှာပါနော်။ကျမတို့အိမ်က ပုတီးကုန်း၊ဇီးကုန်းနဲ့မြိတ်ထားဝယ်၊အစရှိတဲ့ကုန်သည်တွေက အိမ်မှာ နေ့တဓူဝ ရှိနေတတ်ပါတယ်။ အမေဝယ်ပေးထားတဲ့စျေးခြင်းတောင်းကိုဆွဲယူပြီး သူတို့ထဲက တစ်ဦးမဟုတ်တစ်ဦး ချက်တာကိုစားကြရတာ။

    အမေကလေ ဘယ်လောက်များအလုပ်ကိုဘဲအာရုံစိုက်သလဲဆိုရင် ကျမတို့ ဘယ်အတန်းတွေရောက်နေပြီလဲဆိုတာတောင်မသိရှာဘူး။

    သူပြောထားတယ်လေ “သ္မီးတို့တာဝန်သ္မီးတို့ကျေအောင်လုပ်၊ လိုတာမှန်သမျှ အမေက အကုန်ဖြည့်ပေးမယ်”လို့ပြောရှာတာ။ သိပ်တော်တဲ့ကျမတို့အမေပါ။

    အဖေအမြဲပြောတတ်တာလေ။အမေ့ကို “ဥာဏ်ကျယ်လေး၊ ၁၀ တန်းလောက်သာအောင်ရင် ကမ္ဘာကိုတောင် ခါးစောင်းတင်မည့်မိန်းမ” တဲ့။အဖေဆုံးပြီးကထဲက လူတန်းစေ့အောင်ထားနိုင်တဲ့အမေပါ။

    ဘယ်လိုအခြေအနေ၊ဘယ်နေရာရောက်ရောက် နေတတ်ထိုင်တတ်ကြမယ်၊စိတ်ထားတတ်မယ်ဆိုရင်တော့ – – – – –

  • သံသရာ

    သံသရာ

    ဒေါ်မိအောင် Daw Mi Aung

    နေ့မနက် ညီမလေးရဲ့အလုပ်ကိစ္စလေးရှိလို့ သူ့ရုံးကိုတက္ကဆီနဲ့သွားကြတာ၊ မီးပွိုင့်တွေကပျက်နေတော့၊ လမ်းဆုံလမ်းခွမှာ ရှေ့တိုးမရ၊နောက်ဆုတ်မရနဲ့ ။တော်သေးတာက ခန္တီပါရမီလေးအတော်အသင့် ရထားပေလို့သာပါဘဲ။ ကျမကြည့်နေမိတာတော့ လူတွေဟာကိုယ့်အတွက်ဘဲ ကိုယ်ကြည့်ပြီး၊ သူ့ထက်ငါ အလုအယက် တိုးဝင်နေကြတော့ ဒီလမ်းကြီးပိတ်နေတာ ဘယ်ဆန်းတော့မှာလဲ။ အလျှော့ပေးချင်စိတ်ကိုမရှိကြတာပါလား။ တကယ်တော့ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ကိုယ် အရေးကြီးကြတာချည်းပါဘဲ။ဒါပေမဲ့ လျှော့သင့်တာလျှော့လို့၊ တိုးသင့်တာလေးကိုဘဲ တိုးမယ်ဆိုရင် တော့ အားလုံးအဆင်ပြေသွားကြမှာပါ။

    ကားမောင်းတဲ့ကလေးက စိတ်ရှည်ရှည်လေးနဲ့ တောင်ဥက္ကလာပက လမ်းခြားလေးတွေထဲ ဟိုဝင်ဒီထွက်နဲ့ မောင်းပေးရှာလို့သာ လိုရာခရီးကို အချိန်မှီလေးရောက်ရတော့တာ။ သွားရင်းနဲ့ မိုးတွေကလဲသဲသဲမဲမဲကိုရွာလိုက်တာမှ၊ ကျမတို့ ဒဂုံကနေ စထွက် တော့ နေပူတာမှ ကျဲကျဲတောက်ပါဘဲ။ အော် မိုးကလဲ ကွက်ကြားရွာတာတောင်သဲကြီးမဲကြီးပါလား။

    ဒီလိုနဲ့ ဟိုကွေ့၊ဒီရှောင်နဲ့ မောင်းလာလိုက်တာ ဦးဝိစာရလမ်းရောက်ခါနီးမီးပွိုင့် တစ်ခါမိတော့ ဘေးဘီကိုကြည့်ရင်း ငယ်တုန်း ခြေရာလေးတွေ ပြန်တွေးမိသွားတော့တာပါဘဲ။

    ကျမတို့ငယ်ငယ်တုန်းက တက္ကသိုလ်ကျောင်းသူဘဝ ၊ အတန်းလစ်ပြီးကြည့်ခဲ့ရတဲ့ ရုပ်ရှင်ရုံလေးမရှိတော့တာ ဝမ်းနဲမိတာပါ။ ခုခေတ်ကလေးတွေ ဒီနားမှာ ရုပ်ရှင်ရုံလေးရှိခဲ့ဘူးပါလားဆိုတာ သိကြမှာမဟုတ်ပါဘူး။ အမြဲတန်းအင်္ဂလိပ်ကား ဘဲတင်တတ် တဲ့ရုပ်ရှင်ရုံလေးပါ။ “ဝိဇယ” ရုပ်ရှင်ရုံလေးပေါ့။

    ဆိုးလိုက်ကြတဲ့ကျမတို့ပါ။မနက်ပိုင်းအတန်းပြီးတာနဲ့ လက်တွေ့ခန်းမဝင်ရလို့ကတော့ အနီးဆုံး ဝိဇယရုံကိုပြေး ကြတော့ တာပါဘဲ။ မာလာမှတ်တိုင်ကနေ မြေနီကုန်းအထိ ၊ နံပါတ်(၉)ကားကိုဆယ်ပြားပေးစီးပြီး၊ မြေနီကုန်းကနေ ရုပ်ရှင်ရုံကို အပြေးအလွှားလမ်းလျှောက်ကြရတာ။ ထမင်းဘူးလေးကို ရုပ်ရှင်ရုံထဲရောက်မှ ဖွင့်ပြီးစားခဲ့ကြတာ ပျော်စရာပါ။ အဲ့ဒီတုန်းက ၁ကျပ်ခွဲတန်းကကြည့်ရင်လဲအဆင်ပြေတာပါဘဲ။ ကျောင်းသူဘဝဆိုတော့လဲ၂ကျပ်တန်း၊ ၂ကျပ်ခွဲတန်းကို မကြည့်နိုင်ကြပါဘူး။ သောကြာနေ့ ရုံတင်သမျှကားကိုလဲကြည့်ချင်ကြသေးတာမဟုတ်ပါလား။ ကိုယ့်ရှေ့မှာငါးမူး (ပြားငါးဆယ်) တန်းနဲ့ သုံးမတ် (၇၅ပြား) တန်းရှိသေးတာလေ။

    ဝိဇယရုံကအပြန်ကျရင်တော့ မြေနီကုန်းညစျေးဝင်ပြီးမွှေကြတော့တာပါဘဲ။ ပိုက်ဆံနဲတဲ့အခါတော့ ကျိုက်လတ်ဦးမောင် တင်မုန့်ဟင်းခါးစားပြီး၊ မြေနီကုန်းကနေအိမ်ကို နတ်စင်လမ်းမှတ်တိုင်အထိအမှတ်(၁၆)ကားကို ဆယ်ပြားပေးစီးပြီး အိမ်ကို ပြန်ခဲ့ကြတာ။

    မြို့ထဲ ရုပ်ရှင်ရုံမှာမှကြည့်ကြမယ်ဆိုရင်တော့၊ ကျောင်းရောက်တာနဲ့ လူစုပြီး၊ပြေးကြရတော့တာ။ များသောအားဖြင့်တော့ ဂုဏ်ရုံ (Globe) က အင်္ဂလိပ်ကားကိုသွားကြည့်ဖြစ်ကြတာပါ။ မြန်မာကားကြည့်ချင်ရင်တော့ ရှေ့ဆောင် (Light House) မှာကြည့် ကြရပါတယ်။ အခြား ဝဇီယာ၊ ပပဝင်း၊ယုဇနစတဲ့ရုံတွေမှာလဲကြုံသလိုသွားကြည့်တတ်ကြတာ။ ခုဆို အဲ့ဒီရုပ်ရှင်ရုံတွေက မရှိတော့တာမို့ စိတ်မကောင်းဖြစ်မိတာ။ သမတရုံလောက်သာကျန်တော့တာပါ။

    တခါများဝက်ပေါတို့အုပ်စုနဲ့မဟုတ်ဘဲအခြားသူငယ်ချင်းတွေနဲ့ ဇော်ဝမ်းနဲ့စမ်းစမ်းအေးတို့ ပါတဲ့ “နေထွက်သော ည”ကိုတိတ် တိတ်လေးကြည့်ထားတာ။ ရုပ်ရှင်အကြောင်းပြောကြရင်း “နေထွက်သောည”မှာ ဇော်ဝမ်းက ထောင်ကထွက်လာပြီး၊ ငှက်ပျော သီးစားတာနဲ့ငှက်ပျောကြော်စားတာကို ငြင်းကြရင်းနဲ့ ရုပ်ရှင်ခိုးကြည့်တာပေါ်သွားတာပါဆို။

    ယ္ခု Savoy Hotelရှေ့ က သစ်သားအိမ်မည်းမည်းကြီးတွေကိုလဲ ပြန်ပြီးမြင်ယောင်မိပါတယ်။ ရေနံရည်ဝနေတဲ့အိမ်ကြီးတွေက ခန့်ထည်လွန်းလှလို့ သိပ်သဘောကျခဲ့ဘူးတာပါ။ ခုတော့လဲ ဘယ်နားကြည့်လိုက် ကြည့်လိုက် မိုးထိမြင့်မားတိုက်ကြီး တွေဖြစ် ကုန်ကြပါရောလား။ ယ္ခင်က သစ်ပင်ကြီးတွေရဲ့အေးမြတဲ့အရိပ်မျိုးကိုမခံစားကြရတော့၊ မြို့ထဲဖက် တခါလမ်း ထွက်ပြီး၊ အိမ်ပြန်ရောက်ရင် မောပမ်းနွမ်းနယ်နေတော့တာ။

    ဒါပေါ့လေ အသစ်အသစ်တွေတိုးလာတာနဲ့အမျှ အဟောင်းတွေ ကွယ်ပျောက်ကြရတာ ဓမ္မတာပါဘဲ။

    တစ်ခုပါဘဲ၊ ကိုယ့်ရဲ့ယဥ်ကျေးမှုလေးကိုတော့ မပျောက်ပျက်အောင်ထိန်းသိမ်းနိုင်ကြပါစေလို့သာ – – – –

    အဟောင်းတွေရဲ့နေရာမှာ အသစ် အသစ်တွေအစားထိုးကြရင်း၊ အသစ်အသစ်တွေဟာလဲ အဟောင်းတွေဖြစ်ကြရဦးမှာပါလား။

  • ပြန်ဆုံခွင့်

    ပြန်ဆုံခွင့်

    ဒေါ်မိအောင် Daw Mi Aung

    မနေ့က ပေါ်ဆန်းမွှေးလမ်း၊သုဝဏ္ဏ ကိုရောက်တော့ ညီအစ်မလိုနေခဲ့ကြတဲ့ သူငယ်ချင်း အေးအေးဝင်း (Shirley Win) ကို သတိရမိပါတယ်။သူနဲ့ကျမက တန်းခွဲမတူပါဘူး။ သူနဲ့ ၆တန်းနှစ်မှာ စပြီးခင်ခဲ့ကြတာပါ။ (သူက တီချယ် Rosie Tint ရဲ့ ( အေ) ခန်းနဲ့ ကျမက တီချယ် Betty Tintရဲ့ (ဘီ) ခန်းပါ။) ကျမက မိတ်ဆွေအပေါင်းအသင်းကိုများတာပါ။ (အမေကဆို “လူတွေသာ ပြောင်းသွားတယ်၊ ငါ့သ္မီးကတော့ ‘မလဲ’ဘူးနော်” လို့ပြောတတ်သေးတာပါ။)

    သူက ဝင်းနွဲ့ဆွေနဲ့ တွဲတာမို့၊ ကျမတို့သူငယ်ချင်းအေးအေးချစ်ကြောင့်ခင်မင်မိသွားကြတာပါ။ များသောအားဖြင့်မိန်းကလေး ကျောင်းတွေက “အချစ်တော်”ရောဂါ ထကြတာလေ။ ညနေဖက်ကျောင်းကားစောင့်ကြရင်းနဲ့လဲ စကားပြောဖေါ်ဖြစ်ကြတာပေါ့။ သူက အလုံ လျှပ်စစ်ဝင်းထဲမှာနေတာပါ။ သူတို့အဖေက ရန်ကုန်တိုင်းလျှပ်စစ်က ငွေစာရင်းအရာရှိပါ။ သူက ကျမတို့အတန်းက Nora Wong နဲ့ ကျောင်းကားတူပါတယ်။ (ခုချိန်ခါမှာတော့ အလုံက လျှပ်စစ် (EPC)ဝင်းရော၊ Nora တို့နေခဲ့တဲ့ ရေခဲစက်ဝင်း ကြီး ရော မရှိတော့ပါဘူး။)

    နောင်ခါကျတော့ Shirleyတို့နဲ့ မိသားစုလိုက်ခင်သွားကြတာ၊ သွားအတူစားအတူပါဘဲ။ သူတို့အဖေ အန်ကယ်ဦးမောင်မောင် ဝင်းကဆိုရင် ကျမတို့ညီအစ်မတွေကို သိပ်ချစ်တာ။ စာကျက်လို့တဲ့လေ။ Shirleyတို့က မောင်နှမတွေအများကြီး (၇)ယောက် တောင်မှ။ အန်တီဒေါ်တင်တင်ကဆို နားလေးတာမှ သူ့ကိုစကားပြောချင်ရင်လက်ဟန်ခြေဟန်နဲ့ပြောရတာ။ အားကြီးသဘော ကောင်းတာပါ။ အန်ကယ်က မန္တလေးကိုတာဝန်နဲ့ပြောင်းရတော့ Shirley က သူတို့အစ်ကို အကြီးဆုံး ကိုကိုစိုးဝင်းရဲ့ ပေါ်ဆန်း မွှေးလမ်း၊ သုဝဏ္ဏ အိမ်မှာနေခဲ့ရတာ။ သောကြာနေ့ညနေဆိုရင် ကျမတို့အိမ်မှာညအိပ်ပြီး၊ တနင်္ဂနွေနေ့ညမှ သုဝဏ္ဏကိုပြန် လိုက် ပို့ရတာပါ။

    အဲ့ဒီအချိန်တုန်းက သုဝဏ္ဏဆိုတာ ဝေးသီခေါင်ဖျားပါဘဲ။ ခုတော့လဲ ဘယ်လိုမှကိုမမှတ်မိနိုင်တော့တာမို့၊ သူတို့နေခဲ့တဲ့အိမ်ကို မှတ်မိဖို့နေနေသာသာ၊ မှန်းလို့တောင်မရပါဘူး။

    အမေတို့မန္တလေးသွားရင်လဲ သူတို့အိမ်မှာဘဲတည်းကြရတာပါ။ တစ်ဦးနဲ့တစ်ဦးအတော်ကို သံယောဇဥ်ရှိကြတဲ့ မိသားစုတွေ လို့ခေါ်ရမှာပေါ့။ ကျမ ၁၀တန်းအောင်ပြီးတဲ့အချိန်အထိကိုအဆက်အသွယ်မပြတ်ရှိခဲ့ကြတာ။ Shirley Winက ၁၀ တန်း မအောင်တော့၊ အန်ကယ်က မန္တလေးကိုပြန်ခေါ်ထားပါတယ်။ ကျမ ဘွဲ့ရတဲ့အထိကို သူတို့မန္တလေးမှာဘဲနေကြတာပါ။ ဒီလိုနဲ့ ကျမလဲ လုပ်ငန်းခွင်ဝင်ရပြီဆိုတော့ တဖြည်းဖြည်းအဆက်ပြတ်သွားလိုက်တာ အန်ကယ်ဆုံးတာရော၊ အန်တီဒေါ်တင်တင်ဆုံး တာရောကိုမသိလိုက်တော့ပါဘူး။

    ကျမတို့ စကားဝါပင်လမ်းမှာနေတဲ့အချိန်က သူ့မောင်လေး လာမှဘဲ အန်ကယ်နဲ့အန်တီဆုံးတာသိလိုက်ရတာ။ Shirley ကလဲ ကျမတို့ကို အဆက်အသွယ်လုံးဝမလုပ်လိုက်တာ ယနေ့အထိကိုပါဘဲ။ သူက ဘယ်သူနဲ့တွေ့တွေ့ အဆင်ပြေအောင်နေတတ်ပြီး စိတ်သဘောကောင်းတဲ့သူပါ။ ( သံယောဇဥ်ကြီးတဲ့ ကျမတို့ကသာ စုံစမ်းမေးမြန်းနေမိတာ။) လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် လောက်ကတော့ Shirleyရဲ့ အမျိုးသားဆုံးတာကို သတင်းစာမှာတွေ့လိုက်ရလို့ လိပ်စာလေးတောင် မှတ်ထားမိပါသေးတယ်။ ပြည်မှာပါ။ အခြေအနေပေးရင်တော့ သွားပြီးကို ရှာပါဦးမယ်။

    တကယ်တော့ “ဆန်ဆုံစား၊ကံကုန်သွား” ဆိုတာသိပ်ကိုမှန်တဲ့စကားပါ။

    မဆုံနိုင်ကြတော့ဘူးဆိုရင် ဘယ်လောက်ဘဲ ချစ်ပါတယ်၊သံယောဇဥ်ရှိကြပါတယ် ဆိုပေမဲ့ တစ်မြို့ထဲနေတာတောင် မတွေ့နိုင်ဘဲ “ဝေး”နေတတ်ကြတာ။

    ဆုံနိုင်ကြတုန်းလေးတော့ – – – –

    မဆုံနိုင်ကြတော့ဘူးဆိုရင်တော့လဲ သူနဲ့ကိုယ်နဲ့”ရေစက်” မရှိတော့လို့ ဘဲလို့မှတ်ရတော့မှာပါဘဲ။ * * *