Blog

  • မစပ်စု

    မစပ်စု

    ဒေါ်မိအောင် Daw Mi Aung

    (ဓါးပြကြည့်ချင်တယ်)၂

    မုန့်စားချင်တယ်ဆိုပြီး ငိုတာဆိုရင်လဲမုန့်ကျွေးလို့ရရဲ့။အိမ်ကကုန်စုံဆိုင်ကြီးမို့။

    ညောင်စောက်မှာ ပိုက်ဆံလဲချမ်းသာတဲ့ဒေါ်နှင်းမြိုင်မှာ သားတစ်ယောက်ထဲရှိတော့ရိုးလွန်းတဲ့ အမေကြီးနဲ့လက်ဆက်ပေးပြီး၊ မြေးတွေအများကြီးနဲ့နေချင်သတဲ့။ အမေကြီးကလဲကလေးတွေတစ်ကျိတ်လောက်ကိုမွေးတာ။ ကျမသိမှီသလောက်ကတော့အမေတို့မောင်နှစ်မခြောက်ယောက်ပါ။

    အဲ့ဒီခေတ်အခါက ညနေ နေမဝင်ခင် ညစာစားကြရပြီး၊ကိုယ့်အိမ်ကိုယ်မအိပ်ရဲဘဲ၊အခြားအိမ်တွေမှာ ကိုယ်ယောင်ဖြောက်ပြီးသွားအိပ်ကြရတာ။တစ်နေ့တစ်အိမ်ပေါ့။ပုံသေလဲသွားပြီးစတဲချလို့မရပါဘူးတဲ့။

    အဲ တစ်ခုရှိသေးတာက ကိုယ့်ကိုမိရင် အရိုက်ခံရမှာစိုးလို့ အိတ်ရှုံ့လေးတွေကိုယ်စီမှာ ရွှေတိုရွှေစလေးတွေ ဆောင်ထားကြရသေးတာ။

    ပိုက်ဆံချမ်းသာပြီး မအေးချမ်းရတဲ့ဘဝ၊စည်းစိမ်မရှိတဲ့ဘဝတွေမို့ မက်လောက်စရာမရှိပါ လားလို့၊တွေးမိ တရားကျမိပါတယ်။

    တစ်ညတော့ ရွာကိုဓါးပြတွေဝင်လာပါရော၊အဖိုးတို့အိမ်ကိုအဓိကပေါ့။ကိုယ်လွတ်ရုန်းပြေးကြရတာ ကလေးတစ်ယောက် ကဓါးပြလက်ထဲကျန်ခဲ့ပြီး၊ကျန်တဲ့သူတွေလွတ်သွားပါတယ်။ရွာကလူစုပြီးလဲလိုက်ကြရော ဓါးပြကအိမ်က ၃၆ ကောင်မုန့်တွေခါးပိုက်ထဲထည့်၊ ကလေးကိုပခုံးပေါ်ထမ်းလို့ “ကလေးပါတယ်၊ကလေးပါတယ်” လို့အော်ပြီးပြေးတာ၊ရွာထိပ်က မုန့်ပြားသလက်သည်ဆီရောက်မှကလေးကိုအသေအချာအပ်ခဲ့တာ။

    (ကလေးမှာလက်ကောက်ဘယ်နှစ်ကွင်း၊နားဋောင်း၊ဆွဲကြိုးစာရင်းနဲ့) ၃၆ ကောင်မုန့်က ကလေးကိုကျွေးဖို့ယူလာတာ။

    ကလေးရော ပစ္စည်းရောကို အသေအချာပြန်မပေးရင် သတ်ပစ်မယ်ဆိုဘဲ။

    သစ္စာရှိကြပါပေရဲ့။

    အချိန်သိပ်မကြာခင်ဘဲ ဓါးပြတွေမိတယ်ဆိုလို့၊ဓါးစာခံပါသွားတဲ့ကလေးကို သက်သေခေါ်ပါရော။

    အဖိုးကအသေအချာမှာပါတယ်။ “သ္မီးရေမသိဘူး၊မမှတ်မိဘူး ” လို့ပြောနော်လို့။

    အဖေ့စကားနားထောင်လိုက်တာမှ အသေအချာကို “သူ့ကိုချီသွားတာဒီလူ၊ဘေးကပါလာတာကဒီလူ”ဆိုပြီး၊ ဂတ်အဝရောက်ကထဲကပြောတော့တာပါဘဲတဲ့။မှတ်ကရော။

    အဖိုးလဲဒီမှာဆက်နေလို့တော့မဖြစ်ဘူးဆိုပြီး၊ညောင်တုန်းမှာပြောင်းနေကြရပါရော။

    နှစ်တွေကြာလို့ ရန်ကုန်ရောက်တော့ အဖိုးတို့အိမ်ကိုတိုက်တဲ့ဓါးပြကြီးက ဘုရားဒကာအမည်ခံသူဌေးကြီးဖြစ်လို့။

    ကလေးကိုလဲမြင်မြင်ချင်းမှတ်မိပြီး”Sကောင်မလေး ငါသာသတ်ပစ်လိုက်ရင် သေပြီ”လို့ပြောသတဲ့လေ။

    တွေးကြည့်တော့ သူကလူမသတ်ခဲ့ဘူး၊ဓါးပြဖြစ်ခဲ့ပေမဲ့သစ္စာရှိတယ်၊ဒါတွေကြောင့်လဲ လက်ရှိမှာ လူရိုသေ၊ ရှင်ရိုသေဘဝတစ်ခုရခဲ့တယ်လို့ထင်မိပါတယ်။

    ဓါးပြ ကြည့်ချင်သူကတော့ ကျမရဲ့မာတာမိခင်ဒေါ်ခင်မေ ပေါ့ရှင်။

  • ချစ်တတ်သူတို့နှလုံးသား

    ချစ်တတ်သူတို့နှလုံးသား

    ဒေါ်မိအောင် Daw Mi Aung

    ဖက်ဖူးရောင်လေးနဲ့သိပ်လှတာဘဲလို့ဘယ်သူပြောခဲ့တာပါလိမ့်။

    ဒီလိုနဲ့ဘဲတို့အမေ အိမ်ထောင်ရှင်မဖြစ်ခဲ့တာ။သ္မီးအကြီးဆုံး၊အလိုလိုက်ခံရဆုံးမို့ မီးဖိုချောင်ဝင်တာက အမေနဲ့အဝေးကြီး။သို့သော်လဲ ယောကျာ်းကိုကျွေးချင်တဲ့စိတ်စေတနာအပြည့်ဖြစ်မယ်ထင်တာပါဘဲ။

    အမေ့အဒေါ်ရဲ့ယောကျာ်းနဲ့အဖေနဲ့ကသူငယ်ချင်း(ထန်းတပင်သား)တွေ၊သိပ်လှတာဘဲလို့ပြောတဲ့အသံတွေအမြဲကြားနေရတာမို့ကြွေပြီပေါ့။

    (လှတယ်လို့ပြောရင် မကြိုက်ဘူးဆိုတဲ့မိန်းမမရှိဘူးလေ။)

    အမေကြီး(အဖွား)က သိပ်ရိုးတာ။အဖိုးဆုံးတော့သ္မီးသုံးယောက်၊သားသုံးယောက်နဲ့ ပင်ပမ်းရှာတယ်လို့အမေပြောဘူးတယ်။

    အမေတို့ညီအစ်မသုံးယောက်က ဘော်လီချုပ်ကြရ။ ဒီလိုနဲ့တို့အမေလဲအိမ်ထောင်ကျတော့ အဖေ့ကိုအမေတို့ မိသားစုက ဝိုင်းချစ်ကြတာ။

    ဇာတ်လမ်းက ညီအစ်မသုံးယောက် မချက်တတ်ချက်တတ်နဲ့အမေကဝက်သားချဥ်ဟင်း၊ အဒေါ်အလတ်ငြိမ်းငြိမ်းကငပိဆီကြော်နဲ့အဒေါ်အငယ်ဆုံးစိန်စိန်ကကင်ပွန်းရွက်ဟင်းချိုတဲ့။

    စားချင်စဖွယ်ထမင်းဝိုင်းလေးပေါ့။

    (ကျမတို့က အဒေါ်တွေရဲ့နံမည်အဖျားလေးတွေကိုခေါ်တတ်တာပါ။ဝဍ်လည်တတ်တယ်ဆိုတာလေ ခုလဲတူမတွေက ကျမတို့ညီအစ်မကို မိမိ၊မြင့်မြင့်လို့ခေါ်ကြတာ။)

    ကြည့်မြင်တိုင်အိမ်က အိမ်ရှေ့မှာထမင်းဝိုင်းပြင်ပြီးစားကြတော့ လမ်းမပေါ်ကလှမ်းနှုတ်ဆက်လို့၊စကားလှမ်းပြောလို့ရပါတယ်။

    ဦးချိန်အေး(အမေ့အဒေါ်ယောကျာ်း၊အဖေ့သူငယ်ချင်းက စပ်စပ်စုစု”အောင်ကြည်ရေဘာဟင်းတွေလဲကွ” ဆိုတော့၊အဖေက “လာစားလေ ~မင်းတူမချက်တာ”တဲ့။

    ဘဘက ဝက်သားဟင်းကို ယူစားပြီး၊ “အမယ်လေး ခင်မေရယ်ချဥ်လှချည်လား “လို့ပြောသတဲ့။

    (အဖေတို့များမိန်းမကိုချစ်လိုက်တာ။ နောက်ပိုင်း သူကိုယ်တိုင်ချက်ကျွေးတော့တာ။ ရုံးအလုပ်လဲလုပ်ရသေးတယ်။ ကျမအထင်တော့ တာဝန်ယူတတ်တဲ့ယောကျာ်းမို့ပါ။)

    အမေကဝက်သားအစိတ်သားကိုရှောက်သီးတစ်လုံးညှစ်ထဲ့ပြီးချက်သတဲ့။ငြိမ်းငြိမ်းရဲ့ငပိဆီကြော်ကတူးတူးခါးခါးလေးနဲ့စိန်စိန်ရဲ့ကင်ပွန်းချဥ်ဟင်းကကင်ပွန်းသီးပြုတ်နံ့တထောင်းထောင်းပါတဲ့။ ဒါပေမဲ့ စေတနာမေတ္တာအပြည့်နဲ့ချက်ကျွေးကြရှာတာပါ။

    အဖေကလဲ မကောင်းဘူးလို့ပြောကိုမပြောတာ။

    တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတာသိပ်မှန်တာဘဲ။

    အဖေပြောတဲ့ဖက်ဖူးရောင်မိန်းမချောလေးရဲ့ချစ်ခြင်းမေတ္တာဟာတကယ်တော့အတိုင်းအဆမရှိပါဘူး။

  • တော်ဝင်သူ

    တော်ဝင်သူ

    ဒေါ်မိအောင် Daw Mi Aung

    ဒီမနက်တော့ဟင်းချက်ရင်းနဲ့အမေ့ကိုသတိရသွားလို့ပါ။

    သားသ္မီးနဲ့လင်ယောကျာ်းကိုဦီးစားပေးတတ်တာမို့အတုယူထားတာလေးထဲကတစ်ခုပေါ့။

    အဖေကနိုင်ငံရေးသမားမို့ ၁၉၆၂ခုနှစ်အာဏာမသိမ်းခင်အချိန်ကစလို့ရုံးကလစာမပေးနိုင်ပါဘူး။

    သိမ်းပြီးနောက်ပိုဆိုးတာပေါ့လေ။

    ဒီကြားထဲမှာသ္မီးကြီးကို Convent ကျောင်းမှာထားတော့ ကျောင်းလခ(၁၅/-)ကျောင်းကားခ(၁၀/-)စရိတ်ကလစဥ်။

    အမေကလေ ရှပ်အင်္ကျီကြယ်သီးပေါက်ချုပ်တာတစ်ကျပ်တစ်မတ်လောက်ရရင်၊ အမဲသားတစ်ဆယ်သားပြား၃၀၊ ဆီတစ်ဆယ်သား၃၅ပြား၊ခရမ်းချဥ်သီးလေးဆယ်ပြားဖိုးနဲ့ အသားလေးကိုနုတ်နုတ်စင်းလို့ကြက်သွန်နီ၊ခရမ်းချဥ်သီးတို့နဲ့ စင်းကောလေးချက်တာပါ။ အဲ့ဒီဟင်းတစ်ခွက်ကိုအဖေ့အတွက်ခူးခပ်ပြီး၊အိုးလူးခွက်လူး အသားဟင်းလေးစားကောင်းအောင် ထည့်ပြီး ကျမတို့ညီအစ်မနှစ်ယောက်ကိုခွံ့ကျွေးတာ။

    ခုထိဒီအရသာလေးကိုမမေ့နိုင်ပါဘူး။

    အဖေ အလုပ်မလုပ်ဘူးလားလို့မထင်လိုက်ကြပါနဲ့။အာဏာသိမ်းပြီးနောက်တစ်နှစ်ကျော်လောက်အထိ စောင့်ကြည့်ခံထားရတာ အဖေဘယ်သွားသွား၊ဘယ်လာလာပေါ့။

    တကယ်တော့ဥပဒေနဲ့မလွတ်ကင်းတာဘာဆိုဘာမှမလုပ်ခဲ့တဲ့ အဖွားရဲ့ပိုက်ဆံနဲ့နိုင်ငံရေးလုပ်ခဲ့ကြတာပါ။

    (အဖေတို့ညီအစ်ကိုလေးယောက် နိုင်ငံရေးလုပ်လိုက်ကြတာ၊ရွှေဆိုင်နဲ့ပန်းထိမ်ဖိုပါပြောင်ရော)

    အမေကကုန်သည်သားသ္မီးဆိုတော့စီးပွါးရေးအမြင်ရှိတယ်လေ။

    အဲ့ဒီအချိန်ကကုန်ပစ္စည်း၃၇မျိုးလားကန့်သတ်လိုက်တော့ – – – –

    နောက်မှဆက်ရေးမယ်နော်။

    လင်သားနဲ့သားသ္မီးဟာ သူ့ဘဝအတွက် အရေးအကြီးဆုံးလို့ခံယူထားတာကျမတို့အမေပါ။

  • နိမ့်တုံ မြင့်တုံ

    နိမ့်တုံ မြင့်တုံ

    ဒေါ်မိအောင် Daw Mi Aung

    ဒီနေ့ ကွန်ဗင့်ကျောင်းသူဖြစ်တဲ့နေ့ပေါ့။

    အဖေကမနက်စောစော ရေမိုးချိုးသနပ်ခါးလိမ်းပေးပြီး၊ အင်္ကျီကိုလည်းကျကျနနဝတ်ပေး၊ကုလားထိုင်ပေါ်မှာကျမကိုတင်ပြီးဖိနပ်စီးပေးတာ ဘယ်တော့မှမမေ့နိုင်ပါဘူး။သ္မီးအကြီးဆုံးမို့ တော်စေ၊တတ်စေချင်တာ အရမ်းကိုပါဘဲ။ (အဖေ ရည်မှန်းသလောက်တော်တဲ့အထဲမှာ ကျမက”စံ”မဝင်လို့ ၊ခုချိန်ထိအဖေ့ကိုတောင်းပန်နေရပါတယ်။)

    St. Philomena’s Convent ကိုကျောင်းစတက်တော့Middle Kg. Teacher Mrs. Ba Ba ရဲ့အတန်းမှာပါ။ ပထမဦးဆုံးရတဲ့သူငယ်ချင်းအသစ်လေးကတော့ အလွန်သွက်လှသောPansy Nyi (မိမိအေးအေး) ပေါ့။

    {ကျမကဌာနာလမ်းထိပ်ကကျောင်းယ္ခုအထက(၅)ကြည့်မြင်တိုင်ကဒုတိယတန်းအောင်ပြီးကျောင်းပြောင်းခဲ့တာ။ကွန်ဗင့်ကျောင်းကျတော့ဘာသာစုံအင်္ဂလိပ်လိုသင်ခဲ့ရတယ်။ ဒါပေမဲ့ ကျောင်းတွေကိုပြည်သူပိုင်လဲသိမ်းလိုက်ပါရော ၅တန်းကျမှအင်္ဂလိပ်စာပြန်သင်ကြရတော့တာ။ အထက်မကျ၊အောက်မကျနဲ့ ဂွကျကျဖြစ်ရတာပါဘဲ။}

    အရင်ကျောင်းကကျမရဲ့သူငယ်ချင်းတချို့ကတော့ကျမထက် ၂နှစ်လောက်စောပြီးဘွဲ့ရကုန်ကြတာ။

    ဒါကြောင့်မို့ ဘယ်ကျောင်းမှကောင်းတယ်၊စာလဲသင်တာကောင်းတယ်လို့မယူဆစေချင်ပါဘူး။

    ကျမညီမလေးက အထက(၅)ကဘဲ၁၀တန်းအောင်တော့ဓါတုဗေဒတောင်ဂုဏ်ထူးရပါသေးတယ်။ ပေးတဲ့သူဆီက ရအောင်ယူတတ်ဖို့အဓိကပါ။

    Higher KG (Tr.Mrs.Ba Sein.), 1st. Std: (Tr. Mabel), 2nd.Std:(Tr. Parli Mra Tun.) တို့ရဲ့အတန်းတွေမှာပညာသင်ခဲ့ရပြီး တတိယတန်းမတက်ရဘဲစတုတ္ထတန်းကို ကျမ၊ Pansy, Sheila Tun Mg, Daisy Saw, Dolly Sein)တို့တက်ရတာပါ။

    အဖေကတေ့ာသူ့သ္မီးတော်လှဆိုပြီးသဘောတွေကျလို့။စတုတ္ထတန်းတက်တဲ့နှစ်ဘဲ ကျောင်းကပြည်သူပိုင်အသိမ်းခံလိုက်ရတာပါ။ သိပ်ချစ်စရာကောင်းပြီးကျက်သရေရှိလှတဲ့ Tr. Dorothy ရဲ့အတန်းမှာတက်ရပါတယ်။

    အဖေကအလှအပကြိုက်သလောက် အမေကသနပ်ခါးလိမ်းတာကလွဲလို့ လုံးဝအလှမပြင်ပါဘူး။နဂိုချောမို့သာတော်တော့တယ်။ တို့ပတ်ပုဝါတောင်အဖေလုပ်ပေးတာ။စွပ်ကျယ်အပိုင်းလေးကိုသန့်အောင်လျှော်၊သနပ်ခါးရည်လေးထဲနှစ်လို့ နေရိပ်မှာခြောက်အောင်ထားရပါတယ်။(နေပူမှာလှန်းရင် တင်းတိတ်ဖြစ်တတ်သတဲ့။) ဒေါ်ခင်မေတို့ကမင်္ဂလာဆောင်တဲ့တစ်ခါ၊ကျမဘွဲ့ယူတော့တစ်ခါနဲ့မှနှစ်ခါဘဲနှုတ်ခမ်းနီဆိုးဘူးတာ။

    ကျမနဲ့တော့လုံးဝမတူ။ (အဖေကနှုတ်ခမ်းနီဆိုးပေးရင် သ္မီးရေပါးစပ်လေးကို’အို’လို့ဆိုပြီးမှ ဟထားတဲ့နှုတ်ခမ်းကိုဆိုးရတယ်လို့သင်ပေးတာ။)

    တော်ဝင်သူအမေ စပြီးရုန်းကန်ခဲ့ရတဲ့နှစ်ပါဘဲ။

    အမေ့ခမြာမှာအဖေစိတ်ဓါတ်မကျရအောင်၊ပင်ပမ်းတကြီးကြိုးစားရုန်းကန်ခဲ့ရတာ၊အဖေလဲပြန်ပြီးစီးပွါးရေးလောကထဲဝင်လို့အတော်လေးအထိုင်ကျရော အဖေကဆုံးတော့တာပါဘဲ။

    အဖေမဆုံးခင်စီးပွါးရေးအဆင်ပြေတုန်းအချိန်မှာဘဲမောင်လေးအောက်ညီမလေးတစ်ယောက်မွေးပါတယ်။မိမာပါ။

    ညီမလေးကတစ်နှစ်သ္မီးလောက်မှာနေမကောင်းဖြစ်နေတုန်း ငရုတ်သီးညှော်မိတာ၊ ရင်ကလဲကြပ်တော့ကမန်းကတမ်းဆေးရုံပြေးတော့။ဆုံဆို့နာဖြစ်တာမို့လည်ပင်းမှာအပေါက်ဖေါက်ပြီး ကန်တော်လေးကကူးစက်ဆေးရုံမှာ ၃လနီးပါးပါဘဲ။ မသေလို့သာပါ။ အမေကအပြုအစုကောင်းတာလဲပါသမို့။လည်ပင်းကအပေါက်လေးကချွဲဆို့သွားရင်သေတတ်တာမို့တချိန်လုံးကြည့်နေရရှာတာ။ အိမ်သာသွားရင်တောင်ချီသွားပြီးလည်ပင်းကအပေါက်ကိုကြည့်နေရတာ။

    ဘဝ ဆိုတာ အတက်အကျအနိမ့်အမြင့်တွေများလွန်းလှပါတယ်။

    လူတွေဟာဘာဖြစ်လို့များ လောဘ မာန်မာနတွေဖုံးလွှမ်းနေကြပါလိမ့်။ မသိမှုအဝိဇ္ဇာတွေဖုံးလွှမ်းနေကြတာသနားစရာပါ။

    ကျမအဖေဆိုလုပ်ငန်းတွေလဲအဆင်ပြေ၊သားသ္မီးတွေပြည့်ပြည့်စုံစုံ (မိမာမွေးပြီးမောင်လေးဖိုးချိုလဲအပါအဝင်၊မောင်နှမ ၅ ယောက်) နဲ့သိပ်ပျော်ခဲ့ရှာတာပါ။ ဒီကြားထဲမှာ တနင်္ဂနွေနေ့ဆို အမေ့ရဲ့မောင်နှမတွေကမွေးတဲ့ကလေးတွေအားလုံးကို အမျိုးမျိုးမရိုးရအောင်ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရင်းပျော်နေတာ။ကံကြမ္မာက ရက်စက်လာတော့ – – – ခဏပျော်ပေါ့လေ။

  • သတိ

    သတိ

    ဒေါ် မိ အောင် Daw Mi Aung

    စွဲလန်းတယ်ဆိုတာ ဘာကိုစွဲလန်းတတ်တာမှ မကောင်းပါဘူး။ မသိဘူးလားဆိုတော့သိကြပါတယ်။ ဒါပေမဲ့လို့ အတ္တလို့ဘဲ ခေါ်လေမလား။ စိတ်အလိုလိုက်နေမိကြတယ်လို့ဘဲခေါ်လေမလား။

    ကိုယ်ကြိုက်တဲ့ပစ္စည်းသေးသေးမွှားမွှားလေးကအစ ဟောင်းနွမ်းလို့၊ သုံးမရတော့ဘူးဆိုရင်တောင်မှ လွှင့်မပစ်ရက်ဘဲ၊ ဒီ ပစ္စည်းလေးက ဘယ်ကရတာ၊ ဘယ်သူပေးထားတာ ဆိုတာမျိုးလေးကိုတသသ ပြန်တွေးရင်းနဲ့အနှစ်နှစ် အလလစွဲစွဲ လန်းလန်း သိမ်းထားတတ်ကြတာ။ ” စွဲလန်းမှု ” တဏှာ တွေပါလား။

    ကျမကို သူများတွေကပြောကြတယ်။ “မှတ်ဥာဏ်ကောင်းလှချည်လား ” တဲ့။ ပြန်တွေးကြည့်ရင် ရှက်မိသလိုပါဘဲ။ နောက် ကြောင်းကို ပြန်တွေးပြီး “ဖြစ်ကြောများရှည်” နေလေရော့သလားလို့ပါ။ သူတော်ကောင်းတွေ ကြောက်တဲ့ အလုပ်တွေပါ။

    ငယ်ငယ်တုန်းက ဆရာမကကျောင်းခန်းထဲမှာ စကားမပြောရဘူးဆိုရင် တယ်ပြောချင်ကြတာကိုး။ (ကျမတို့ရဲ့ အတန်းခေါင်း ဆောင် မိမိအေးအေး ကဆို ၊”စကားမပြောနဲ့နော်၊ပြောရင်တီချယ်နဲ့တိုင်မယ်” ဆိုတာချည်းဘဲ။) ဘာရမလဲ၊ စာရွက်လေးမှာ စာရေးပြီးပြောကြရတာ သိပ်ပျော်စရာကောင်းခဲ့တာ။ အဲ့ဒီလိုရေးပြီးစကားပြောခဲ့ကြတဲ့ စာရွက်အပိုင်းအစလေးတွေကအစ ကျမမှာရှိခဲ့ဘူးပါတယ်။ စာအိတ်လေးတွေနဲ့အစီအရီထည့်သိမ်းထားခဲ့တာ။ ကလေးဘဝများ အပူအပင်ကင်းစွာနဲ့ ရှာကြံပြီး ပျော်စရာဖန်တီးတတ်ကြတာ။ (နာဂစ် မွှေလိုက်လို့သာ နှမျောတသစွာနဲ့ လွှင့်ပစ်လိုက်ရတာပါ။ ငယ်ငယ်ကဓါတ်ပုံလေးတွေဆို ပြန်ကြည့်လို့ကို အဆင်မပြေတော့တာမို့ပစ်လိုက်ရပါတယ်။)

    ဝတ်လို့ကို မတော်တော့တဲ့အင်္ကျီဆိုရင်လဲ၊ အထူးသဖြင့် လက်ဆောင်ရထားတာလေးဆိုရင် သူများလဲမပေးရက်၊ လွှင့်လဲမပစ် ရက်၊ကိုယ်လဲဝတ်မရနဲ့၊ အဝတ်အစားတွေရှင်းတဲ့အခါတိုင်း ကိုင်ကြည့်လိုက်၊ပြန်သိမ်းလိုက်နဲ့ ရှုပ်နေတော့တာပါဘဲ။ (အိမ်မှာအမှိုက်ပုံကြီးကိုဖြစ်လို့ပါ။) အဖေတို့၊မောင်လေးတို့ ရဲ့ကျန်နေတဲ့ပစ္စည်းလေးတွေဆိုရင်လဲ ဒီလိုပါဘဲ။ တကယ်တော့ လူတွေတောင်မရှိတော့တာချည်းကိုကျမတို့ကစွဲလန်းနေမိတာပါ။

    ကျမတို့အမေ (5 – 2 – 2021)မှာကွယ်လွန်သွားတော့မှဘဲ၊ ကျမရဲ့ အစွဲအလန်းလေး အတန်အသင့်ပျောက်သွားတော့တယ်။ အမေ့ပစ္စည်းလေးတွေကိုတစ်ခုပြီးတစ်ခုသင့်သလို ပေးပစ်နေမိတာ။ အမေလဲ ကုသိုလ် ရအောင်လို့ပါ။ ဒါတွေသိမ်းထားလို့လဲ အမေက ပြန်ရှင်လာမှာမှ မဟုတ်တော့တာနော်။

    ကျမရေးခဲ့ဘူးပါတယ်။ အဖေ ကျန်ခဲ့ပြီးအမေကသာ အရင်ကွယ်လွန်သွားခဲ့မယ်ဆိုရင်လို့ – -ကျမရဲ့အဖေက လူချော လူခန့် မိန်းမတွေ ကျလောက်တဲ့လူမို့ နောက်မိန်းမများယူလေမလားလို့ စဥ်းစားခဲ့ဘူးပါတယ်။ ဟင့်အင်း၊ ကျမတော့ မထင်ပါဘူး။ အဖေက သူ့သားသ္မီးတွေကို ထားစရာမရှိအောင်ကိုချစ်တာ။ ဘယ်တော့မှ လက်လွတ်စပယ် ထားတတ်တဲ့လူမျိုးမဟုတ်ပါဘူး။ သူ့သားသ္မီးတွေကို အမေအရင်းနဲ့တောင်မှ စိတ်မချတာလေ။

    နောက်ပြီး၊ အဖေက သူ့ရည်းစားတွေ အများကြီးထဲက အမေ့ကို မြတ်မြတ်နိုးနိုး ယူထားခဲ့တာ။ ဘယ် အစားထိုးလို့ ရနိုင်ပါ လိမ့်မလဲ။ အဖေကလဲ အစွဲအလန်းကြီးတဲ့သူဘဲလေ။

    ပြီးတော့ ကျမတို့ ငယ်ငယ်က အော်တိုစာအုပ်လေးတွေထားခဲ့ကြတာမို့၊ ကျမရဲ့စာအုပ်လေးထဲမှာ ကျမရဲ့ သူငယ်ချင်း ကြည် ကြည်အေး (Gay Khin Mg Aye) က “မမြဲမှန်းသိရင် အစွဲအလန်းမကြီးနဲ့ “လို့ရေးပေးဘူးပါတယ်။ ဟုတ်တာပေါ့၊ ဘာကများ မြဲတာရှိလို့လဲ။ ကြည်ကြည်အေးက ငယ်ငယ်ကထဲက တရားရှိတဲ့သူပါ။

    အော်၊ တွေးကြည့်ရင် လူတွေဟာ သိပ်ကိုသနားစရာကောင်းကြပါတယ်။ *ရပြီးသား၊ရှိပြီးသားလေးကိုလဲ မစွန့်ပစ်နိုင်၊* မရသေးတာလေးကိုလဲ လိုချင်၊ ဘယ်လောက်များစိတ်ပင်ပမ်းလိုက်ကြလေမလဲ။

    လိုချင်တဲ့ လောဘတွေနဲ့ အပြူးအပြဲ ရှာကြဖွေကြနဲ့ ဘယ်မှာများ”ငြိမ်း”တယ်ဆိုတာ ရှိကြလို့လဲ။ ကြောက်စရာကောင်း လိုက်တာနော်။ လောဘဆိုတာလဲ လိုချင်တပ်မက်မှုနဲ့စွဲလန်းမှုကြောင့်ပါ။

    အသိလေးနဲ့ သတိလေးထားပြီး တဏှာကိုပယ်လို့ ဆင်ချင်နိုင်ကြရင်တော့ – –

  • လမ်းကြိုက်ခင်

    လမ်းကြိုက်ခင်

    ဒေါ် မိအောင် Daw Mi Aung

    အချိန်ကာလများ ကုန်လွယ်လိုက်တာ။ အချိန်တွေ ကုန်သွားသလိုများ လူတွေ၊ ကိုယ်အပါအဝင်ပေါ့ အသိဥာဏ်ပညာ၊အလိမ္မာနဲ့စာနာစိတ်တွေသာ တိုးလာကြမယ်ဆိုရင်ဘယ်လောက်များကောင်းလိုက်မလဲနော်။ မနေ့တနေ့ကလိုဘဲထင်နေပေမဲ့ အမေ ခွဲသွားတာ ဒီနေ့ {2-10-2021}( ၈ )လတင်းတင်းပြည့်သွားပြီ။

    ဒီမနက်တော့ ရွှေခြံဓမ္မရိပ်သာကျောင်းကိုဆွမ်းဟင်းဂျိုင့် ပို့ပါမယ်။ မနေ့ ကစျေးဝယ်ပြီးကထဲက ဆိတ်သားကို ဆား နနွင်းနယ်ပြီးဒိန်ချဥ်နဲ့ နှပ်ထားတာ။ ဆိတ်သားဟင်း၊ငါးသလဲထိုးကြော်၊ ကညွတ်ကြော်ချက်လေး နဲ့ ခရမ်းချဥ်သီးပန်ထွေဖျော် လေးပါ။ ကိုယ်နိုင်တဲ့အားလေးနဲ့ အမေ့အတွက်ရည်စူးအလှူလေးမို့ အမေနဲ့တကွ ဝေနေယျသတ္တဝါအားလုံး အမျှ အမျှ အမျှရ၍ချမ်းသာကြပါစေ။

    ရွှေခြံဆရာတော် ဘဒ္ဒန္တရဇာဂရိယျ ကအမေ့ရဲ့သိက္ခာထပ်ထားတဲ့ ဆရာတော်ပါ။ သိက္ခာမထပ်ခင်ကထဲက အမေကမောင်လေးဖိုးချိုနဲ့ တူတာမို့သူ့သားလိုဘဲ စိတ်ထဲထည့်ထားရှာတာပါ။ ဆရာတော်ကလဲ ရိပ်သာမှာ အမေက အသက်အကြီးဆုံးယောဂီမို့ ဂရုစိုက်ရှာပါတယ်။ အမေ အသက်၉၀နားကပ်လာကထဲက အမေ့ကိုရိပ်သာဝင်ရင် ဂီလာနယောဂီလို အမေ့အတွက်ညနေစာကို ဝေယျာဝစ္စအဖွဲ့ကိုစီစဥ်ပေးဖို့ မှာထားပါတယ်။

    ညီမဝက်ပေါ စိုက်ပျိုးရေးက ပင်စင်ယူတော့၊ သူ့ရဲ့ Gratuity လေးရလာပါတယ်။ “အစ်မရေ ဆရာတော်ကိုသိက္ခာထပ်ရအောင်၊ အမေလဲစိတ်ချမ်းသာအောင်ပေါ့ ” တဲ့။ “ဝက်ပေါရေ ၊အစ်မတို့ ဒီပိုက်ဆံတွေ မရခင်တုန်းကလဲ ထမင်းစားရတာပါဘဲ၊ လှူသာလှူ” လို့လဲ ပြောလိုက်ရော၊ချက်ချင်းကို စီစဥ်ပြီးလှူဖြစ်သွားကြတာ။ ထောပတ်ထမင်း ကို “ရွှေပြည်စိုး”၊ ညီမလေးမျိုးမျိုး တို့ဆီက မှာကျွေးတာပါ။ ကျမတို့သားအမိတွေ ဘယ်လောက်များပျော်လိုက်ကြသလဲဆိုရင်၊ ကိုယ့်ဝမ်းကိုတောင်မဖြည့်မိကြပါဘူးဆို။ ဝက်ပေါကလဲ နှစ်ပေါင်းသုံးဆယ်အလုပ်လုပ်လာခဲတဲ့ သန့်ရှင်းသောပိုက်ဆံနဲ့လှူရတာမို့ ပိုပြီး ကြည်နူးရတာပါ။

    အဲ့ဒီနှစ်မှာဘဲ မိုးကုတ်ကိုသွားဖို့ ၊ထုံးစံအတိုင်းကိုတင်ထွန်းတို့ကဆော်သြပြန်ပါရော။ ဝက်ပေါက “အစ်မရေ ကုန်ကုန်ခမ်းခမ်း၊ ဒီတခါတော့ မိသားစုအားလုံးသွားကြမယ်” တဲ့။ – အမေ၊ဝက်ပေါ၊မိမာ၊ သ္မီးသုံးယောက်နဲ့ကျမ – ကိုတင်ထွန်း – ခင်စန်းနု – ကိုပေါက်(မြင့်ခင်)- ရွှေပေါ၊သ္မီးမေသူခိုင် – ဘုရင့်နောင်တာဝါက အန်တီအေး။ – ဘုရင့်နောင်တာဝါက ချိုချိုနဲ့ သူ့သူငယ်ချင်း – အစ်မ မချို၊ – သူငယ်ချင်း မစိန်ရည်။ ဘယ်လောက်များအုပ်စုတောင့်လိုက်သလဲလို့။ ရန်ကုန်ကမန္တလေးကို အဝေးပြေးကားကြီးနဲ့ညကားပေါ့။ ထုံးစံအတိုင်း လမ်းတွေကြပ်နေလို့ ကြည့်မြင်တိုင်ကလာရတဲ့လူတွေက ကားမမှီလို့ ဖုံးတွေဆက်ပြီးရင်တထိတ်ထိတ်နဲ့။ နောက်တော့ မြို့အထွက်က Terminal ဆီဆိုင်ရှေ့ကို အမှီလာခိုင်းလို့ အဆင်ပြေသွားရတာ။ကျမတို့ကတော့ မစိန်ရည်ကို အင်းစိန်၊ ဘိုကုန်းမှာဝင်ခေါ်ပြီး၊ အဝေးပြေးဂိတ်ကိုအချိန် မှီရောက်သွားလို့သာတော်တော့တယ်။

    မနက်အစော မန္တလေးရောက်တော့ မိုးကုတ်ကမောင်လေး မောင်သန်းဌေးက ကားနဲ့လာကြိုရရှာတာ။ကားနှစ်စီးနဲ့ မိုးကုတ်ကိုတက်လိုက်ကြတာ။ မိုးကုတ်အတက်လမ်း၊ လက်ပန်လှက ထမင်းဆိုင်ကလဲ စားစရာအစုံရတော့၊ ကိုယ့်အိမ်ကိုယ့်ယာမှာစားကြရသလိုပါဘဲ။ အဲ့ဒီအချိန်က မိုးကုတ်မှာ “တောင်နေကြာတွေပွင့်နေပြီ”လို့ ယောင်းမလေးမခင်ရီကလှမ်းခေါ်တာ။ ဟုတ်ပါ့၊ တောင်စောင်းမှာ ဝါဝါထိန်နေတာလှလိုက်တာ။ ဆတ်စလူးအုပ်စုက – -“တောင်နေကြာပွင့်”တာကို အကြောင်းပြုလို့၊ မိုးကုတ်တခွင် လှည့်လည်လိုက်ကြတာပေါ့။

    အသက်အကြီးဆုံးအမေက အေးဆေးပါဘဲ။ ကျမညီမအငယ်မိမာကတော့ မိုးကုတ်သွားတဲ့လမ်းပေါ်မှာ ဗိုက်နာလို့ ၊လမ်းဘေးမှာကားရပ်ခိုင်းပြီး၊ကိစ္စရှင်းခိုင်းရတာ၊ ပြောမဆုံးပေါင်၊တောသုံးတောင် ဆိုသလိုပါဘဲ။သူက ငယ်ငယ်ကထဲက လုပ်ချင်တာလုပ်ရမှ၊ သိပ်သီးမခံတတ်ပါဘူး။ခုဆိုရင်တော့ သူ့သ္မီးသုံးယောက်နဲ့ အမြဲ ပူညံဆူညံပါ။

    အမေ့ကို ဆရာတော်ကမလိုက်စေချင်လို့ ကျောင်းမှာဘဲနေခဲ့ခိုင်းတာပါ။ အမေတို့များ မလိုက်ရမှာစိုးလို့ ဆရာတော်ကို “သားရယ် စိတ်မပူပါနဲ့၊ အမေကမိုးကုတ်အထိလိုက်မသွားပါဘူး၊မန္တလေးကအမျိုးအိမ်မှာနေခဲ့မှာပါ” လို့ကျေနပ်အောင် နှစ်သိမ့်ခဲ့သေးတာ။ တရားစခန်းပွဲရက်လဲဖြစ်နေတော့၊ “ဒီလောက်အေးတာ မယ်တော်ကြီးကိုခေါ်သွားရမလား “ဆိုပြီး၊ အပြစ်တင်နေတာတဲ့။ သူ့မယ်တော်ကြီးက ခရီးသွားချင်လိုက်တာမှ” ပြာ”နေတာကိုမသိရှာဘူး။

    ကျမတို့ ယောင်းမရတာ ကံကောင်းတာများ၊ မိုးကုတ်အိမ်ကိုရောက်တာနဲ့ မောင်သန်းဌေးနဲ့ဇနီးမခင်ရီက အမေ့ကို သိုးမွှေးဆွယ်တာနဲ့ချည်ကတ္တီပါ လုံချည်ကို ထိုင်ကန်တော့ကြတာ။အမေလဲပါလာမယ် ဆိုတာနဲ့ လျှပ်စစ်စောင်ကအစ ပြင်ဆင်ထားကြရှာတာ။ အိပ်ကြရတာတော့ တိုးတိုးဝှေ့ဝှေ့ပေါ့။ တအားအေးတာနဲ့အတော်ပါဘဲ။

    အေးတယ်သာဆိုပါတယ်။အမေကတော့ အစောကြီးရေချိုးခန်းဝင်ပြီး၊ရေချိုးထွက်လာလို့ သူ့ကိုစိတ်ပူရသေးတာ။ ပြောလိုက်သေးတယ်။”သူများက ကိုယ့်ကိုမစောင့်ရစေနဲ့” တဲ့။ ခရီးသွားရင် ဘယ်လိုမျိုးနေရမယ်ဆိုတဲ့ သင်ခန်းစာကိုလဲ သင်ပေးသွားတာပါ။ မိုးကုတ်ရောက်ပြီး နောက်တစ်နေ့မနက် မောင်လေးတို့အိမ်မှာ အလှူလုပ်တာမို့ မစားဘူးတဲ့ “နန်တုံ” လဲစားခဲ့ရဘူးပါသေးတယ်။~မိုးကုတ်တခွင်လှည့်ပြီးတော့ မေမြို့ကိုဆင်းလာကြပြီး၊ ချိုချိုရဲ့မိတ်ဆွေအိမ်မှာညအိပ်ကြပါတယ်။ အိမ်ရှင်က အိမ်ထဲမှာပစ္စည်း အပြည့်အစုံရှိတယ်၊ ကြိုက်သလောက်နေဆိုပြီး သော့ပေးလိုက်တာမို့၊ ကျမတို့အဖွဲ့ လွတ်လွတ်လပ်လပ်နေခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်လို့မဆုံးပါဘူး။

    မေမြို့တစ်ခွင်လည်ပတ်ပြီးတော့မှ ရန်ကုန်ကို ညကားစီးပြီးပြန်လာခဲ့ကြတာပါ။

    စိတ်အေးချမ်းသာစွာ သွားခဲ့ကြရတာမို့ – – – – နောက်ထပ်သွားချင်ကြသေးလားလို့တော့ မမေးမိစေနဲ့နော်။ ။

  • အများစာမို့

    အများစာမို့

    ဒေါ်မိအောင် Daw Mi Aung

    မီးဖိုချောင်ကိုရှင်းလင်းလိုက်တာတကယ်ကိုအမြတ်ရသွားတာပါဘဲ။ ပလပ်စတစ်ဗူးတစ်ခု ထဲမှာကောက်ညှင်းဆန် လေးနို့ဆီဗူးသုံးလုံးကို တွေ့တော့သိပ်ကိုဝမ်းသာသွားတာ။ ကိုယ်ကစျေးသွားတဲ့သူမဟုတ်တော့၊ လိုချင်တာမှာပါဆိုပေမဲ့ ကျန်းမာရေးနဲ့မကိုက်ညီတာဆိုရင်တော့၊မေ့ချင်ယောင်ဆောင်ပြီး ဝယ်မပေးတတ်တာမို့။ (ဝက်ပေါလေးက အစ်မကိုစားစရာတော့စုံနေအောင်ဝယ်ပေးထားပါတယ်။)

    ကျမလေ အခုမှ အမေ့ကိုပြောမိတဲ့ဝဍ်တွေလည်တော့တာပါဘဲ။ ထမင်းစားပြီးလဲ ဟိုစပ်စပ်၊ဒီစပ်စပ်စားတတ်တာလေ။ သူများအိမ်မှာသာ နေရရင် ဒုက္ခပါဘဲ။ ညအိပ်ယာက တရေးနိုးရင်လဲ” ကလောက်ကလက်” နဲ့မုန့်ဗူးတွေဖွင့်ပြီး စားတတ်သေးတာပါ။ အမေ့ထက်ကိုပိုဆိုးနေတော့တာပါဘဲ။ (ညီမဝမ်းကွဲတွေသိအောင်ပြောထားတာနော်။)

    ကောက်ညှင်းဆန်လေးတွေ့တဲ့အတွက်၊စျေးကိုအုန်းသီးရယ်၊နှမ်းရယ်မှာတော့၊”ဘာလုပ်မလို့လဲ”လို့အစစ်ခံရသေး။ ထမနဲထိုးချင်လို့လေ။ “ထမနဲရာသီမဟုတ်ဘူးလေ” ဆိုတော့ “အေးဟေ့၊အခုက စမ်းပြီးထိုးမလို့၊ တပို့တွဲလကြရင် ( ၄ ) ပြီလောက်ထိုးမလားလို့” လို့ပြောလိုက်တော့ ၊ “နောက်မှ လက်ကိုက်တယ်လို့မပြောနဲ့နော်”တဲ့လေ။ ဟီးဟီး၊မလုပ်နဲ့လို့မပြောဘူး။ ထမနဲကြိုက်တာမို့။

    မနက်ကထဲက ကောက်ညှင်းဆန်စိမ်ထားပြီး၊ဂျင်းလှီး၊ အုန်းသီးကိုခွဲပြီး အုန်းသီးဆန်ကိုပါးပါးလှီး ၊နေလေးပြထားလိုက်ရတယ်။ တစ်ယောက်ထဲကြဲနေလိုက်တာ။ ညနေစောင်းမှ အုန်းသီးကြော်ပြီး၊ထမနဲ စပြီးထိုးလိုက်တာ၊ မီးမှောင်မှောင်ထဲမှာ မိုးချုပ်မှပြီးတော့တယ်။ မီးကပျက်နေတာမို့။

    ကျမအတွက်တော့ သိပ်ကိုအကျိုးရှိပါတယ်။ ဘေးအိမ်လေးတွေကို မနက်ဆွမ်းတော်ကပ်ဖို့ဝေလိုက်သလို၊ အိမ်မှာလဲဆွမ်းတော်ကပ်ရတယ်။

    ကိုယ်တတ်နိုင်တဲ့ “နှစ်ဦးအလှူလေး”မို့ ပီတိဖြစ်ရတာ တကယ်အဖိုးတန်လှပါတယ်။ #ညောင်စေ့လေးလောက်လှူလိုက်ရတဲ့ ကုသိုလ်ကိုလဲမျှဝေပါတယ်။

    မနက်အိပ်ယာကထတော့လေ၊ လက်က ဆုပ်လို့တောင်မရဘူး။

    ပီတိနဲ့ လဲလိုက်တာပါ။

    အလှူဒါနဆိုလို့၊ ငယ်စဥ်ကတော့ အလှူလုပ်တော့မယ်ဆိုရင် အားလုံးလတ်လတ်ဆပ်ဆပ်မှဝယ်ပြီးချက်ချင်တာ။ လူကြီးတွေပြောတဲ့ “ကြားသား၊မြင်သား မစားဘူး” ဆိုတဲ့စကားကိုလဲနားမလည်ခဲ့ပါဘူး။ စျေးခြင်းတောင်းထဲမှာပါလာတဲ့ ရှင်နေသေးတဲ့ငါးဆိုရင်လဲ၊ ထုပစ်လိုက်တာဘဲ။ (အထူးသဖြင့်ငါးပြေမဝယ်လာရင် ရှင်နေတာများပါတယ်။) ဂဏန်းဟင်းစားချင်တယ်ဆိုရင်လဲ သံစျေးကို တခုတ်တရသွားဝယ်ပြီး၊ ရေနွေးအိုးထဲထည့် အပေါ်က အလေးနဲ့ဖိထားလိုက်တာဘဲ။ ဂဏန်းကအသေဝယ်ရင်ပုပ်သွားတတ်တယ်ဆိုလို့၊ ကိုင်လဲမကိုင်ရဲ။ ခုမှတွေးပြီးဝဍ်လည်မှာကြောက်လိုက်တာ။ (ပြန်တွေးမိတာ ကြက်သီးတောင်ထမိပါရဲ့၊ သူတို့လေးတွေခမြာမှာ အိုးပေါ်ကိုကုတ်ကပ်ပြီးတက်ရှာကြတာ။)

    သေရမှာကြောက်ကြရှာတာကို။

    အမေသိရင်တော့ “သ္မီးရယ် အများစားဖို့ကိုဒီလိုမလုပ်ရဘူး” လို့ပြောတတ်ပါတယ်။ သိပ်ပြီးနားမလည်ခဲ့တာအမှန်ပါ။ ခုတော့ စျေးဝယ်လာလို့ အရှင်ပါလာရင် ရေမြောင်းထဲကို လွှတ်ပစ်လိုက်တာ။ စာတွေဖတ်၊တရားတွေနာတဲ့အခါကြတော့မှ အမေပြောခဲ့တဲစကားကိုနားလည်ပြီး၊ ကြောက်မိတော့တာပါဘဲ။

    ဟုတ်ပါရဲ့၊အားလုံးစားဖို့ကို သတ်ဖြတ်ပြီးချက်ပြုတ်ကျွေးတဲ့အခါ၊ စားတဲ့သူကကောင်းလိုက်တာလို့ပြောယုံပါဘဲ။ လုပ်ကိုင်ပေးရတဲ့သူသာ “ဝဍ်”ခံရမှာပါလားလို့တွေးမိပြီး၊ ပြုခဲ့ဘူးတဲ့အကုသိုလ်ကိုတွေးမိလေကြောက်လေပါဘဲ။

    တကယ်တော့ အမေပြောခဲ့တဲ့စကားလေးဟာ ကိုယ့်အတွက်တော့ သိပ်ကိုအဖိုးတန်တာပါ။

    စားရေး၊နေရေး၊စီးပွါးရေးကစလို့ တွေးလိုက်ရင်အရှည်ကြီးပါဘဲ။ ကိုယ့်ရဲ့မောင်ဘွား၊ တူတူမတွေအားလုံးကိုအမြဲသင်ရ၊ သတိပေးရပါတယ်။

    ” အများစာကို၊ တစ်ယောက်ထဲမခံရစေနဲ့နော်” ဆိုတာ”အလကားစကား”မှမဟုတ်တာဘဲ။ တွေးကြည့်လေနက်နဲလေမို့ ။ ဒါကြောင့် မမေ့ရလေအောင် ထပ်ခါ၊ထပ်ခါ သတိပေးနေရတာပါ။

    ဆင်ခြင်နိုင်မှ တန်ယုံဘဲ ရှိမှာမို့ သတိထားကြတတ်ရင်တော့ – – –

  • ကြုံလေ ဘုံပွေ

    ကြုံလေ ဘုံပွေ

    ဒေါ်မိအောင် Daw Mi Aung

    ၁၉၉၀ခုနှစ်အလွန်နှစ်ဆီတုန်းက – – -သတင်းစာကြော်ငြာလေးတွေကြည့် ကိုယ်နဲ့ကိုက်ညီမည်ထင်တဲ့ အလုပ်ကလေး တွေ တွေ့ရင် ခဲတံအနီလေးနဲ့ခြစ်ပြီးမှတ်ထား။ အဲ့ဒီအချိန်တုန်းက ယ္ခုခေတ်လို လွယ်လွယ်ကူကူ ဆက်သွယ်မေးမြန်းနိုင်တဲ့ တယ်လီ ဖုန်းကလဲမရှိဆိုတော့၊ ကိုယ်တိုင်ဘဲအပင်ပမ်းခံပြီး လိုက်စုံစမ်းရတာပါ။ “ထီးဖြူ၊ ဖိနပ်ပါး” ရတာများပါတယ်။

    တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတဲ့ကြော်ငြာလေးကတော့ ခနောင်(အရှေ့)ကျေးရွာက တွဲဖက်အထက်တန်းကျောင်းအတွက် ဆရာမတွေခေါ်တာပါ။ ဘယ်နေ့၊ဘယ်အချိန် လူကိုယ်တိုင် လာရောက်လျှောက်ထားပြီး၊ အင်တာဗျူးပါ​ တခါထဲဖြေရမယ် ဆိုတော့ အပြေးအလွှားသွားရတာပေါ့။ သာကေတက ဆရာကြီးဦးအောင်ချိန်ရဲ့အိမ်မှာ ရွာကဘုန်းဘုန်းကိုယ်တိုင် မေးမြန်းပြီး၊ တခါထဲ ခန့်မှာပါ။ (ဆရာကြီးဦးအောင်ချိန်က စည်းကမ်းအလွန်ကြီးပြီး၊ အလွန်သမာသမတ်ရှိပါတယ်။) အလုပ်သွားလျှောက်တယ်ဆိုကထဲက ကိုယ့်အားကိုယ်ကိုးပြီးသွားရမှာမို့၊ သာကေတကိုမေးမြန်းပြီးသွားရတော့တာပေါ့လေ။

    လိပ်စာလေးကိုင်ပြီး စုံစမ်းနေတုန်းမှာဘဲ ကိုယ့်ထက်နဲနဲလေးငယ်မယ်ထင်ရတဲ့ အမျိုးသ္မီးလေးကလဲ ဆရာမလျှောက် ဖို့လာ တာပါ။ သူက အင်္ဂလိပ်စာသင်မှာတဲ့။ ဒီလိုနဲ့ ကျမတို့ရှာနေတဲ့အိမ်လဲတွေ့လို့ ဘုန်းဘုန်းနဲ့ ဆရာကြီးတို့မေးသမျှဖြေပြီး၊ လစာတွေသတ်မှတ်လို့ တစ်နှစ်စာချုပ်ချုပ်ပြီး၊ တစ်နှစ်မပြည့်ခင်ထွက်ရင်တော့ လစာပြန်လျှော်ရမယ်လို့ သတ်မှတ်ပါတယ်။ စုစုပေါင်းကျမအပါအဝင်ဆရာမ (၅) ယောက်ပါ။

    သွားရမည့်နေ့နဲ့အချိန်တွေကိုသတ်မှတ်ပေးပြီး၊ “စုရပ်” က ကျောက်တန်းကူးတို့ဆိပ်မှာပါ။ အင်္ကျီအဖြူ၊လုံချည်အစိမ်းတွေ ကမန်းကတမ်းချုပ်လို့၊ သယ်သွားရမည့်ပစ္စည်းတွေပြင်ဆင်ရတာပေါ့၊ လျှပ်စစ်မီးမရှိတာမို့ မီးသွေးမီးပူကအစ ပါအောင် သယ်ရတာ။ (တစ်အိမ်ထောင်စာပါဘဲ။) သွားရမည့်နေ့ကျတော့ညီမဝက်ပေါနဲ့မောင်လေးဖိုးချိုတို့က ကျောက်တန်းကို လိုက်ပို့ပေးကြပါတယ်။ ခနောင်သွားမည့်မော်တော်က ရေလှည့်နဲ့ထွက်တာမို့ ရေတက်ရေကျကို စောင့်ပြီးမှထွက်တာပါ။ ကျမကို အတူသွားမည့်အဖေါ်တွေနဲ့ထားခဲ့ပြီး၊ ဝက်ပေါနဲ့မောင်လေးပြန်သွားတော့ ငိုချင်လိုက်တာလေ။

    နေ့လည်လောက်ကျမှ မော်တော်ထွက်ရတော့ ညနေ အတော်ကြီးစောင်းတော့မှ ခနောင်ရွာကိုရောက်ပါတော့တယ်။ ဆရာမ (၅ ) ယောက်နေဖို့ အိမ်တစ်လုံး သီးသန့် ငှားပေးထားတာပါ။ ကျမ၊ ဒေါ်တင်လေးအောင်၊ ဒေါ်ရီရီဆွေ၊ ဒေါ်အမာရီတို့က အရင် ရောက်ပြီး၊ သင်္ချာနဲ့ရူပဗေဒသင်မည့်ဆရာမလေးက နောက်မှရောက်လာတာပါ။ ရောက်တဲ့ညကတော့ အိမ်ကပါလာ တဲ့ထမင်း လေးဘဲစားပြီး၊နောက်နေ့မနက်ကစလို့ ရွာက တစ်လတိတိ တစ်နေ့တစ်အိမ်ထမင်းကျွေးကြတာပါ။

    တစ်လပြည့်လို့ကိုယ့်ထမင်းကိုယ်ချက်စားရတော့၊ ဆန့်နို့ဆီဗူးတစ်လုံးချက်ရင်း၊ ဘဲဥ၂လုံးပါတခါထဲထည့်ပြုတ်လိုက်တာပါဘဲ။ ဆွမ်းတော်ကပ်ဖို့နဲ့ ည၊ မနက်စာပါ။ ညနေ ကျောင်းကပြန်ရောက်လို့၊ ထမင်းစားတဲ့အခါများမျက်ရည် ပိုးပိုးပေါက် ပေါက်ကျ ရတော့တာပါဘဲ။ သံပုံးလေးပေါ်ဖယောင်းတိုင်မီးလေးတင်ပြီးထွန်းလို့၊ မုန့်ပုံးပေါ်ထမင်းစားပန်းကန်ပြားလေးတင်ပြီး၊ ဘဲဥပြုတ်တစ်လုံးရယ်၊အိမ်ကသယ်လာတဲ့အခြောက်အခြမ်းလေးတွေနဲ့ညစာစားကြရတာပါ။ ကျမကတော့အိမ်နဲ့လဲတခါမှ မခွဲဘူးတာမို့ ညမိုးချုပ်ရင်လဲငိုရတာပါဘဲ။

    ကျောင်းဆောင်က ဆောက်လို့မပြီးသေးတော့ ဘုန်းကြီးကျောင်းမှာ (၉ ) တန်းနဲ့ ( ၁၀) တန်းကိုသင်ရပါတယ်။ တွဲဖက်အထက် တန်းကျောင်းမို့ အဲ့ဒီ အတန်း ၂တန်းအတွက် မြေစိုက် ထရံ တဝက်ကာပြီး ဓနိမိုးထားတဲ့ ၂ခန်းစာလေးပါ။ မိုးရွာရင် မိုးပက် ပါသေးတယ်။ ရွာမှာစာသင်ရတဲ့ ကလေးတွေခမျာ တဲတန်းကြီးကိုစာသင်ခန်းလုပ်လို့၊ ကျူရှင်ဆိုတာဘာမှန်း မသိကြရှာတာမို့ သိပ်ကိုသနားစရာကောင်းတာပါ။ အဲ့ဒီတုန်းကတော့ ရွာမှာ သြဇာရှိတာဘုန်းကြီး မို့ လူတွေအားလုံး ကဘုန်းဘုန်းရဲ့ စကား ကိုနားထောင်ကြပါတယ်။

    ညဖက်ကျရင်တော့ ဆရာမတွေအိမ်ကို ကလေးတွေက ကိုယ့်ဖယောင်းတိုင်လေးကိုယ်ယူလာကြပြီး၊ မသိတဲ့စာမေးရင်း စာ ကျက်ကြပါတယ်။ ည ၉နာရီလောက်ကျရင်တော့ အိမ်ပြန်သွားကြရှာတာ။ ၉ တန်းကျောင်းသူ နွယ်နွယ်ဦးဆို တဲ့သ္မီးလေးက တော့ ကျမနားမှာလာနေပေးပါတယ်။ ကျမတို့ ရောက်စဥ်အချိန်တုန်းကတော့ အိမ်တိုင်းမှာအိမ်သာ မရှိဘူးဆိုရင် ယုံပါ့မ လားဘဲ။ ခုတော့ တိုးတက်နေလောက်ပါပြီ။

    စနေ၊ တနင်္ဂနွေကျောင်းပိတ်တာနဲ့ အိမ်ပြန်ဖို့ကိုသောကြာနေ့ညကထဲကပြင်ဆင်ရတာ။ ခနောင်ကနေစားစရာ(ဘဲဥနဲ့ ငါးပု ဇွန် ) တွေဝယ်ပြီး၊ အိမ်ကိုသယ်လာ၊ ရန်ကုန်ကစားစရာတွေဝယ်ပြီးခနောင်ကိုပြန်နဲ့၊ ရတဲ့လစာမလောက်ပါဘူးဆို။ နောက်တော့ အမေက “ပြန်လာခဲ့၊ ညည်းလစာလဲပြန်ရော်ခဲ့”ဆိုပြီး၊ တချက်လွတ်အမိန့်ပေးတော့တာပါဘဲ။ မော်တော်နဲ့ ပင်လယ်ဝက နေ သွားရတာမို့ မိုးနဲ့လေနဲ့ စိတ်ပူနေတာ အိပ်မပျော်ဘူးတဲ့လေ။ (ရန်ကုန်ကိုအပတ်စဥ်ပြန်တာက ကျမတစ်ယောက်ထဲမို့ ရွာမှာ ကျန်ခဲ့တဲ့ဆရာမလေးတွေစားချင်ရှာကြမှာဆိုပြီး၊ ဝက်သားပေါက်စီကစလို့စုံစီနဖါ ဝယ်လာခဲ့တာပါ။)

    ခနောင်ကိုပြန်ဖို့ကတော့ – ကျမတို့ကြည့်မြင်တိုင်အိမ်ကနေ မနက် ၈နာရီ လောက်ပုဇွန်တောင်-ညောင်တန်းသင်္ဘော ဆိပ် ကိုသွား၊ သီတာသင်္ဘောနဲ့သန်လျင်ကိုကူး၊ကျောက်တန်းကိုကားစီး၊ ကျောက်တန်းမော်တော်ဆိပ်ကနေမော်တော်စီးရင် ညနေ မိုးချုပ်ခါနီးမှ ခနောင်ကိုရောက်တာပါ။ ခုတော့ ကားလမ်းလဲပေါက်၊ လျှပ်စစ်မီးလဲရနေပြီဆိုတော့ မြို့ကြီးဖြစ် နေ လောက်ပါပြီ။

    ဖေါ်ရွေလှတဲ့ အကျွေးအမွေး ရက်ရောလှတဲ့သူတွေနေတဲ့ ခနောင်ရွာလေးကို တစ်ခေါက်လောက်တော့ ရောက်အောင်သွား ချင်ပါသေးတယ်။ ခုလောက်ဆိုကလေးတွေက လူကြီးတွေဖြစ်ပြီး၊ သူတို့ကို ခဏလောက်သာ စာသင်ခဲ့ဘူးတဲ့ဆရာမကို မှတ်မိပါ့မလားဘဲ။ ကျမကတော့ သူတို့ရွာကပြန်ရမယ်ဆိုတာသိသိ ချင်းဘဲ အမှတ်တရလေးဖြစ်ရ လေအောင် ကိုယ်သင် ရတဲ့ဘာသာရပ်နဲ့ မဆိုင်ပေမဲ့၊ မြန်မာစာဆရာမကိုခွင့်တောင်းပြီး “တို့ဆရာမ” ဆိုတဲ့ခေါင်းစဥ် လေးနဲ့စာစီစာကုံး လေးတစ် ပုဒ်ရေးခိုင်းပြီး၊ မကြာခဏ ဖတ်ပြီးလွမ်းနေမိတာ။ နာဂစ်ဖြစ်မှ သူတို့လေးတွေရဲ့ စာရွက်လေးတွေ ရေမျောသွားရတာပါ။ ကျမက ဇီဝဗေဒ နဲ့ ဓါတုဗေဒ သင်ရတာပါ။ (ခနောင်ကပြန်ရောက်တာနဲ့ ဖက်စပ် ၇ မှာအလုပ်ဝင်ရပြန်ပါရော။)

    သံယောဇဥ် ထားတတ်လေ ဒုက္ခများရလေပါဘဲလား – – – –

    အေးအတူ ပူအမျှနေခဲ့ကြတဲ့ သူငယ်ချင်းဆရာမတွေကိုလဲ အမြဲသတိရနေတာပါ။

    ကျမ ပွေလီပုံက တစ်မျိုးနော်၊ အလုပ်မရှိရင်မနေနိုင်တာလေ။ ခုတောင် အလုပ်ခန့်မည့်သူများရှိရင် – – –

  • သတိရမိတာလေးများ

    သတိရမိတာလေးများ

    ဒေါ်မိအောင် Daw Mi Aung

    တချိန်တုန်းက ရန်ကုန်တိုင်း၊ထန်းတပင်ဆိုတာ မြို့ပိုင်ရုံးစိုက်ရာမြို့လို့၊လူကြီးတွေပြောသံ ကြားခဲ့ဘူးပါတယ်။ ကျမငယ်ငယ်ကတော့ အသွားအလာခက်ခဲတယ်ထင်လို့သိပ်မကြိုက်လှပါဘူး။ ဒါပေမဲ့ ကလေးသဘာဝမို့ ကြည့်မြင်တိုင်၊ ကျောက်တံတားဆိပ်ကမ်းကနေညောင်တုန်းသင်္ဘော၊ဘောလယ်သင်္ဘောကြီးစသဖြင့် စီးပြီးသွားရတာမို့သိပ်သွားချင်တာပါ။ လှေကလေးတွေကပ်လာပြီး၊ ခံတောင်းလေးနဲ့ထည့်လာတဲ့ အစားအသောက်တွေကို သိပ်မက်တာ။ ဒါပေမဲ့ ကျွန်းငူမှာ သင်္ဘောဆိုက်လို့ ဆိပ်ကမ်းကိုတက်ရတာတော့ ခက်လှပါတယ်။ ကြောက်တာလဲပါတာပေါ့။ အဖေနဲ့မြေးတွေလာရင် အမေကြီး (အဖေ့ရဲ့အမေ) က သိပ်သဘောကြတာ။ ထန်းတပင်အိမ်မှာရှိတဲ့မြေးတွေက နဲနဲကြီးနေကြပြီမို့။ ရန်ကုန်အိမ်ကနေပြောင်းသွားတော့ အမေကြီးက ကျမတို့ရဲ့ဘကြီး ဦးမောင်မောင်ကြီးရဲ့မိသားစု၊ဘကြီးဦးအောင်ခင်ရဲ့မိသားစု၊ အဖေချစ်လှိုင် (အဖေ့အထက်ကဘကြီး) တို့နဲ့အတူနေကြတာ။ သားတွေနဲ့မခွဲဘဲ သေသည်အထိအတူနေကြတာ။

    ကျမရဲ့အမေတစ်ယောက်ဘဲ အိမ်ခွဲနေခဲ့တာဆိုတော့ အမေကြီးက သူ့သားအငယ်ဆုံးလေးရောက်လာရင်၊ အိမ်ရှေ့က ကုလားထိုင်ကြီးပေါ်မှာထိုင်ပြီး လာသမျှစျေးသည်ခေါ်တော့တာဘဲ။ ပြီးရင် ကြီးကြီးမလှမြိုင်ကို “လှမြိုင်ရေ ထည့်စရာယူခဲ့စမ်း” ဆိုပြီး၊ စျေးဝယ်တော့တာပါ။ ပြီးတော့ ကြီးကြီးကဒိုင်ခံချက်ရတာပေါ့။ (ကြီးကြီးမလှမြိုင်က ဘကြီးမောင်မောင်ကြီးရဲ့ဇနီးပါ။) ထန်းတပင်ကမြသိန်းတန်ဘုရားပွဲချိန်ဘဲ အဖေကလိုက်ပို့ဘူးတာ။ အဲ့ဒီအချိန်ဆို မြို့မှာနေသူတွေက ရွာမှာဆုံကြတာကို။ အဖေတို့ညီအကိုတွေနဲ့အတူ မြို့ကပြန်လာတဲ့သူငယ်ချင်း၊ ရွာမှာရှိတဲ့သူငယ်ချင်းတွေဆုံပြီး၊ သောက်ကြစားကြတာလဲရှိသမို့၊ ပွဲစည်တာပေါ့လေ။ ဘကြီးမောင်မောင်ကြီးတစ်ယောက်ဘဲ အသောက်အစားမရှိတာ။ သူကတော့ဆေးပြင်းလိပ်ကြီးခဲလို့ပေါ့။ အဖေ့ရဲ့အစ်ကိုနှစ်ယောက်ကအရက်သောက်ပြီးရင်စကားများတော့တာဘဲ။ အဖေချစ်လှိုင်နဲ့ဘကြီးအောင်ခင်စကားများကြပြီဆိုရင်တော့ အဖေက”သ္မီးတို့ထ၊ မြို့ပိုင်ရဲ့မော်တော်ငှားပြီး ရန်ကုန်ပြန်မယ်” ရင်တော့ငြိမ်သွားကြပြန်ရော။ အမေကြီးကတော့ သူ့အခန်းထဲစောစောဝင်အိပ်တတ်လို့မသိရှာဘူး။ ဒါပေမဲ့ ဘကြီး မောင်မောင်ကြီးက “ညီလေးတို့ တော်ကြတော့ကွာ” လို့တစ်ချက်ဟန့်လိုက်ရင်လဲပြီးသွားတတ်ကြတာ။ အဖေတို့ညီအစ်ကိုတွေက ခွန်းကြီးခွန်းငယ်နဲ့ရန်မဖြစ်တတ်တာ ၊ အားကြီးချစ်စရာကောင်းလှတယ်။ အရက်သောက်ပြီးစကားများရင်တောင် ကိုကြီး၊ညီလေးနဲ့ အပ်ကြောင်းထပ်ကြတာ။

    အမေအမြဲပြောတတ်တာ -“သူတို့ညီအစ်ကိုတွေတော်တာများအေ၊ မအေရေချိုးရင် သနပ်ခါးသွေးတဲ့သူနဲ့၊ အိုးထဲရေ ငင်ပေး တဲ့သူနဲ့၊ မျက်နှာသုတ်ပုဝါနဲ့ ရေလဲလုံချည်ပေးတဲ့သူနဲ့၊ ချွတ်လိုက်တဲ့ထမီကိုဖွပ်ပေးတဲ့သူနဲ့မို့၊ ချွေးမတွေက သူတို့ယောကျ်ား တွေလုပ်နေတာ မကောင်းပါဘူးဆိုပြီး ဝင်လုပ်ကြရတာပေါ့အေ” တဲ့။ သားတွေချည်းမွေးထားပေမဲ့ သ္မီးမိန်းကလေး မွေးထား တာထက်တောင်သာသေးတာ။ အဲ့ဒီအချိန်တုန်းကတော့ ထန်းတပင်မှာဒေါ်ငွေခဲက ပိုက်ဆံလဲရှိ သြဇာလဲရှိတာပါ။ အဖေတို့ညီအစ်ကိုတွေ လူပျိုတုန်းကဆိုရင်၊ မိုးချုပ်လို့များ သူ့သားတွေအိမ်ပေါ်ပြန်မရောက်သေးလို့ကတော့၊ ရွာရဲ့ တာလမ်း ပေါ်ကနေ “ငါ့သားတွေကို ဘယ်ကောင်မတွေက ဒီအချိန်အထိ လက်ခံထားလဲ” လို့ အော်တတ်သေးတာတဲ့။ “အတော်ကြီးကျယ် တဲ့ မိန်းမကြီး”လို့ အတင်းတုတ်ကြမယ်ထင်တာဘဲ။ ဟုတ်ပါ့၊ အမေကြီးက အဖေ ၆နှစ်သားလောက်ကထဲက မုဆိုးမဖြစ်တာ၊ ဘယ်သူ့အကူအညီမှမယူဘဲ သားတွေကို လူတလုံးသူတလုံးဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး၊ သားချည်း ဘဲမွေးတာမို့ အချို့မိန်းမတွေနဲ့ဆိုရင် ကြမ်းတပြေးထဲတောင်မထိုင်ပါဘူး၊ တဲ့လေ။ ဓနိခြံကြီးလဲရှိတာမို့ အိမ်မှာဓနိထိုးတဲ့ သူတွေနဲ့ ပျော်စရာကြီး။ ဓနိခြံဆိုလို့ အမေကြီးစိတ်ထက်တာကိုအဖေမကြာခဏပြောတတ်တာ။ အိမ်နောက်ဖက်မှာ ဓနိတွေထားတော့ ဓနိဖေါင်လာခိုးတဲ့သူခိုးကို၊ “ကိုပွရေ၊ တစ်ခုခုနဲ့ကောက်ပစ်လိုက်ပါလား”လို့၊ သူ့ယောကျာ်းကိုပြောသတဲ့။ အဖိုးက သူခိုးကို ထိရင်နာသွားမှာစိုးလို့ ထင်းစအသေးရှာနေတာ ၊အမေကြီးကစိတ်မရှည်တာနဲ့ အဖိုးကို ထင်းစနဲ့ကောက်ပေါက်ပစ်လိုက်ပါရော လို့ပြောပြီးရယ်နေတတ်တာ။ (အဖေတို့ရဲ့အဖေနံမည်က ဦးပွ ပါ။)

    ကျမတို့ ဘကြီးအငယ်ဆုံး အဖေချစ်လှိုင်ကတော့ တူတွေ တူမတွေကိုသိပ်ချစ်ရှာတာ။ညဖက် သောက်ထားလို့မူးပေမဲ့၊ မနက်အစောအိပ်ယာကထပြီး၊ထမင်းကြမ်းမရှိရင် ထမင်းထပ်ချက်လို့၊ မနက်အစောစာကို ထမင်းကြော်ကျွေးတတ်တာ။ အဖေ့ကိုသိပ်ချစ်တော့ ကျမတို့ကိုဆိုရင် ကျန်တဲ့ကလေးတွေထက်ပိုသေးတာ။ တခါတလေမှလာတဲ့သူတွေမို့ထင်ပါရဲ့။

    ဘကြီးအောင်ခင်ကတော့ “မင်းသား”ပါဘဲ။မူးရင်ပြောပြောပြီးငိုတတ်တာ။ ဘကြီးက ထန်းတပင်အမတ် သခင်အောင်ခင်ပါ။ သူကသ္မီးတစ်ယောက်ထဲရှိတာ။ အစ်မခင်သန်းဆွေပါ။ ကိုယ့်ဘကြီးမကောင်းကြောင်းပြောတာမဟုတ်ပါဘူး။ ဘကြီးက အမေ မမြကျင်ဆုံးတယ်ဆိုလို့၊ အဖေထန်းတပင်ကိုသွားတော့ “ညီလေးရေ မင်းမရီးမရှိတော့ဘူး “ဆိုပြီး၊ ငိုလိုက်တာ တဲ့။ အဖျောက်က ကြီးကြီးမလေးခင်က “အောင်ကြည်ရေ၊ နင့်အစ်ကို ကတော့ လက်ကြားထဲကဘယ်သူ့ယူရမလဲ ချောင်းနေတာ” လို့ပြောလို့ အဖေကစိတ်ဆိုးသေးတာ။ ဟင်း၊ ဘကြီးကမကြာခင်ဘဲ မိန်းမယူတာမို့၊ အဖေချစ်လှိုင်က သူ့တူမလေး အစ်မခင်သန်းဆွေကို သနားပြီး ၊ မကြာခဏရန်ဖြစ်ကြတာ။ အော် ၊ဘကြီးတို့များ မချစ်ရရင်မနေနိုင်လို့ထင်ပါရဲ့။

    ကျမတို့ကိုတော့ အစ်မတွေကဘုရားပွဲလိုက်ပို့တတ်ပါတယ်။ အဲ့ဒီတုန်းကတော့ ဗန္ဓုလကျော်စိန် ဇာတ်ပွဲကိုကြည့်ကြရတာပါ။ ဝက်ပေါကတော့ ထန်းလျက်နဲ့မြေပဲရောပြီးကြိုထားပြီး စက္ကူအညိုကြီးပေါ်မှာခဲထားတဲ့ မြေပဲယိုကိုသိပ်ကြိုက်တာ။ ညနေစောင်းလို့ အိမ်ပြန်ချင်တယ်ပြောရင် အစ်မတို့က အမြဲဝယ်ကျွေးပြီးချော့ကြတာ။ အစ်မမတင်ဦး၊ အစ်မခင်မသန်းဆွေ တို့ကအပျိုအရွယ်တွေပေါ့။ အဖေ့ဖက်မှာလဲ အစ်မတွေ၊အစ်ကိုတွေ၊မောင်တွေနဲ့ တစ်ရွာတည်လို့ရပါတယ်နော်။ ဆွေမျိုး များကြောင်း ကြွားရတာပါ။ ဒါတောင် အဖျောက်တို့ ဓနုဖြူတို့ ဟင်္သာတတို့မှာရှိတဲ့၊ တခါနှစ်ခါသာ မြင်ဘူးတဲ့ အစ်မတွေ အစ်ကိုတွေ သာစုံလိုက်လို့ကတော့ မြို့တည်လို့များ ရလေမလားလို့ပါ။ အဖေ့ရဲ့ရွာကိုမှ ရောက်ဘူးသေးတာ၊ အမေ့ဇာတိ ရွာဖြစ်တဲ့ ဆားမလောက်တို့ သဇင်ရေကျော်တို့ကို မရောက်ဘူးသေးလို့၊ အေးချမ်းသာယာတဲ့ အချိန်လေးရောက်လာရင်တော့ – – – – စိတ်ကူးရင်းနဲ့ အားယူလို့ ။ ။

  • ကြုံရ ဘုံဘဝ

    ကြုံရ ဘုံဘဝ

    ဒေါ်မိအောင် Daw Mi Aung

    အမြဲစူးစမ်းလေ့လာနေတတ်တာကတော့ ကျမတို့အမေဒေါ်ခင်မေပါ။ စီးပွါးရေးအကွက်ကိုအမြဲချောင်းနေတတ်သူပါ။ ဒါလဲ သူချမ်းသာချင်လို့မဟုတ်ပါဘူး။ သားသ္မီးတွေ မျက်နှာမငယ်ရ၊လူတန်းစေ့နေနိုင်အောင်ထားချင်တဲ့ စေတနာသက်သက်ဘဲ ရှိတယ် ဆိုတာကိုတော့ ကိုယ့်အမေမို့ သိတာပေါ့။

    ကျမတို့အလုပ်သွားနေတာ အိမ်ပြန်ရောက်တော့အမေ့ကိုရှာမတွေ့လို့။ လိုက်မေးရတာပေါ့။ ရှာရှာကြံကြံ ငါးခြောက်တို့ ဘဲဥတို့ရောင်းတဲ့အဒေါ်ကြီးနဲ့လိုက်သွားတယ်။ ဘဲဥတွေ ငါးခြောက်တွေရောင်းဖို့လိုက်ဝယ်တာတဲ့လေ။ဘယ်ကိုလဲမေးပါဦး၊ ပင်လယ်ဝနားက ရွာကိုပါတဲ့။ ပြန်မရောက်မချင်း စိတ်ပူလိုက်ရတာလေ။ ပြန်လဲရောက်ရော ဘဲဥတွေ၊ငါးခြောက်တွေပါ လာပါရဲ့။ အမေကမှလမ်းဘေးမှာ ထိုင်ပြီးစျေးမရောင်းရဲရှာတာ။ အဲ့ဒီအဒေါ်ကြီးကကြည့်မြင်တိုင်၊ ဥယျာဥ်လမ်းထိပ်က ကုက္ကိုလ်ပင်ကြီးအောက်မှာထိုင်ရောင်းတာ။ သူ့ကိုဘဲ ပစ္စည်းတွေပေးပြီးရောင်းခိုင်းရတာဆိုတော့ သူပြန်ပေးမှကိုယ် ပြန်ရ မှာလေ။ ဝက်ပေါက တကယ်သတ္တိကောင်းတာ။ မနက်ဆို အဲ့ဒီမိန်းမကြီးနားမှာ စျေးကွဲတဲ့အထိထိုင်စောင့်ပြီး ရသမျှပိုက်ဆံ လေးကို ပြန်တောင်းယူရရှာတယ်။ အချို့သောသူများကလဲ ကိုယ့်လက်ထဲရောက်လာတဲ့ ပိုက်ဆံကို ပြန်ပေးရမှာ အတော် ကြောက်တာ။ တစ်ပါတ်လောက်ကို ညီမလေး သူစျေးရောင်းတဲ့နားထိုင်ပြီးစောင့်တောင်းမှဘဲ အမေ့ရဲ့အရင်းလေး ပြန်ရ တော့တယ်။

    အမေ့ရဲ့”မူ”ကအထည်ဘဲဖြစ်ဖြစ်၊ဘာပစ္စည်းဘဲဖြစ်ဖြစ် လက်ထဲမှာကျန်မနေစေချင်ဘူး။ (ဟီးဟီး သူ့ကိုကိုက်မှာစိုးလို့ထင်ပါရဲ့။) “နောက်မှလာပေးမယ်၊ ယူသွားမယ်မမမေ” ဆိုလို့ကတော့၊ရောင်းရတယ်လို့မှတ် ၊ပစ္စည်းကုန်လို့ သူ့မျက်စေ့ရှေ့မှာမမြ ရတော့ ရင်ကျေနပ်နေရော။ စာအုပ်ထဲမှာတော့ အမေ့ပိုက်ဆံတွေအများကြီးဘဲ။ (ဒဂုံပြောင်းတဲ့အထိတောင် အမေ့စာရင်းစာအုပ် တွေပါ လာသေးတယ်။) အမြတ်ဘယ်လောက်ဆိုတာကိုတောင်တွက်ပြီးသား။ အမေ စိတ်တွက်နဲ့တွက်တာ၊ကျမတို့စာရွက်ပေါ်မှာ ချရေးပြီးတွက်တာထက်တောင်မှ မြန်ပြီး မှန်သေးတာ။ ကြွေးလိုက်တောင်းရသူကတော့ ကျမညီမလေးဝက်ပေါ- ပေါ့။ ရတာ လဲရ၊ မရတာလဲမရပေါ့လေ။

    တခါတော့ လားရှိုးမှာ မျက်နှာသုတ်ပုဝါတို့၊ အခြားတိုလီမိုလီပစ္စည်းတွေပေါ့လေ၊ ရန်ကုန်မှာပြန်ရောင်းရင် “ကိုက်တယ်”ဆိုလို့၊ သူလိုက်သွားကြည့်မယ်တဲ့။ ကျမတို့ကတော့စိတ်ပူတာပေါ့။ ဒါပေမဲ့ အမေက ဇွတ်သမားမို့ တားမရဘူး။ ကျမတို့အမေက ကုန်ရောင်းကုန်ဝယ်သွားတဲ့ စတိုင်မှမဟုတ်ဘဲ။ အလည်အပတ်ခရီးထွက်သလိုဘဲသွားတတ်တာ။ စားစရာသောက်စရာ ဂျိုင့်ကြီးဂျိုင့်ငယ်နဲ့။ လားရှိုးဘူတာမှာ စျေးဆိုင်တည်ထားတဲ့ ပုတီးကုန်းကဦးလေးကိုမူတူးတို့မိသားစုကလဲရှိတာမို့ အမေကသွားချင်တာ။ (ဦးလေးက ကျမတို့ကိုသူ့သွေးသားလိုစောင့်ရှောက်ခဲ့ရှာတာမို့ ဘယ်လိုအခြေအနေလဲ၊ အဆင်ပြေရဲ့လား သိချင်တာမို့။) ဒေါ်ခင်မေတို့ပြန်လဲလာရော နောင်ချိုမှာမိုင်းထိလို့ ရထားကဆက်မသွားနိုင်ဘူးတဲ့။ နောက်ရထားတစ်စီး ကိုပြောင်းရတော့ သူ့ပစ္စည်းတွေသူမသယ်နိုင်တော့ ၊ဒီအတိုင်းထားပြီး စားစရာခြင်းကိုဘဲ အရဆွဲလာတာဆိုဘဲ။ ဒေသထွက် စားစရာကို စုံအောင်ဝယ်လာတာ။ မျှစ်ကအစပြောင်းဖူးအဆုံးသယ်လာတာ။ သူ့ခုံနဲ့မျက်နှာချင်းဆိုင်မှာထိုင်လာတဲ့သူကဘဲ၊ အမေ ကျနော်သယ်ပေးမယ်ဆိုပြီး သယ်ပေးလို့သာ အမေ့ပစ္စည်းတွေပြန်ပါလာတာပါ။ ဦးလေးထည့်ပေးလိုက်တဲ့စားစရာ တွေကိုလဲ ကူပြီးသယ်ပေးတဲ့သူတွေကို ကျေးဇူးတင်လွန်းလို့ တလမ်းလုံး ပါးစပ်မနားရအောင်ကိုကျွေးလာတာတဲ့။

    မြိတ်ကိုလိုက်သွားမလို့ လေယာဥ်လက်မှတ်ဝယ်ပြီးပြီ၊ မောင်လေးဖိုးချိုကိုပါခေါ်သွားမယ်တဲ့ ဖြစ်ပြန်ရော။ အဲ့ဒီခေတ်က ငရုပ်သီးစိမ်းတစ်ခြင်းနဲ့ ဘုရားပန်းတစ်ပွေ့ ယူသွားရင် လေယာဥ်လက်မှတ်ဖိုး ကြေတယ်လေ။ အမေခရီးသွားမယ်ဆိုရင် ကျန်ခဲ့တဲ့မောင်နှမတွေအားလုံး လေယာဥ်ကွင်းဖြစ်ဖြစ်၊ဘူတာဖြစ်ဖြစ်လိုက်ပို့ပေးရတယ်။ အပြန်ကြိုရင်လဲဒီလိုဘဲ။ (မောင်နှမ မစုံလို့ကတော့ – – – – အကြီး၂ယောက် နာပြီမှတ်။) လေယာဥ်ကွင်းလိုက်ပို့ပြီး၊လေယာဥ်ထွက်လို့ ကျမတို့အိမ်ပြန်ရောက် ၊ခဏ နားရုံဘဲရှိသေးတယ်၊အိမ်ရှေ့က “သ္မီးတို့ရေ” – လို့ အမေ့ခေါ်သံကြားတော့ လန့်လိုက်တာလေ။ ကြံကြံဖန်ဖန် မြိတ်ရောက်တော့ လေယာဥ်က ဘီးချလို့မရလို့တဲ့ ရန်ကုန်ကိုပြန်လှည့်လာရတာ။ “သ္မီးရေ လေယာဥ်မောင်းတဲ့သူတော်လို့ အမေတို့မသေတာ ” တဲ့။လေယာဥ်ကွင်းထဲမှာလဲမီးသတ်ကားတွေအပြည့်ဘဲတဲ့။ နောက်နေ့မှပြန်သွားရမယ်တဲ့။ ကျမတို့ကတော့စိတ်ပူပြီး မသွား စေချင်တော့ဘူးပေါ့။ အမေကတော့ခပ်အေးအေးဘဲ၊ရောက်အောင်ကိုသွားမှာ တဲ့လေ။ ဒါပေမဲ့ မနက်စောစောထပြီး ကျမတို့ အိမ်ကိုကြွတဲ့ ဘုန်းဘုန်းကို ယတြာသွားတောင်းတာ။ကလေးကြောင့် ကံကောင်းတာလို့ပြောပြီး ယတြာလုပ်ခိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ မြိတ်ကိုသွားဖြစ် သွားပြန်ပါရော။ (အဲ့ဒီအချိန်တုန်းက လေယာဥ်အဆင်မပြေ လို့ပြန်လာရတဲ့ခရီးသည်တွေကို လေဆိပ်မှာ ညစာစားချိန်မို့ ထမင်းကျွေးပါတယ်။)

    ရန်ကုန်ပြန်ရောက်တော့ မြိတ်ကမအေးတင်တို့က အမေတို့ကို ကမ္ဘာ့ရေကြောင်းရှိတဲ့ဆီအထိ လိုက်ပြတယ်ဆိုတာပြောမဆုံး။ မောင်လေးက ခရုတွေစားတာပြောမဆုံး။ ကျမကတော့ အမြဲတမ်းအိမ်မှာကျန်နေခဲ့ရသူမို့ အငေးသားနားထောင် နေရ တာပေါ့လေ။ ပြန်လာတော့ ပိတ်စအဆန်းလေးတွေ၊ပါတိတ်လုံချည်၊ တက်ထွန်လုံချည်တစ်ကွင်းချင်းလေးတွေ၊စုံလို့ပါဘဲ။ ပြန်ရောင်းဖို့ဝယ်လာတာလေ။ ကျမတို့ညီအစ်မက “အမေဒါယူမယ်နော်” ဆိုရင်တော့” နိုး” ပါဘဲ။ “ပြန်ရောင်းဖို့လာယူတဲ့ သူမကြိုက်တာမှ သ္မီးတို့ယူရမယ်”တဲ့လေ။ ရောင်းဖို့လာယူတဲ့ မိန်းမ (မခင်သောင်း) ကလဲ အမေယူလာတဲ့ပစ္စည်းအကုန် ကိုကြိုက်နေတော့တာ။ သေတ္တာလိုက်ကို အကြိုက် “မချ”သွားတော့တာပါဘဲ။ “အမေရေ ပိုက်ဆံပေးမသွားဘူးလား” လို့မေးတော့၊ “လာပေးလိမ့်မယ်” တဲ့။ ဟားဟား၊- ဒီတခါတော့ ဝက်ပေါလေးလဲမတတ်နိုင်။ လုံးဝကို စုံးစုံးမြုပ် ၊မခင်သောင်းလဲ တခါထဲ ပျောက်သွားတော့တာ။ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကိုယ့်လက်ထဲမှာ ကျန်တာဘဲ ကိုယ့်ပစ္စည်းဆိုတာကိုတော့ သင်ခန်းစာရလိုက်ပါရဲ့လေ။

    ဒီလိုဆုံးရှုံးခဲ့ရတာတွေများခဲ့ပေမဲ့လဲ ” စေတနာ- ကံ ” ဖွဲ့တာမို့ အမေက ဘယ်တော့မှလူလုံးမလှ မဖြစ်ခဲ့ဘူးပါဘူး။ အမေတရားရဖို့ကို သူတို့ကအထောက်အပံ့ပေးခဲ့တယ်လို့ဘဲ အမေကယူဆခဲ့လေသလားတော့ ကျမတို့မသိနိုင်ခဲ့ပါဘူး။ ကျမတို့ကတော့ လူငယ်မို့ စိတ်ဆိုး၊ ဒေါသဖြစ်တာပေါ့လေ။ အမေကတော့ အကုသိုလ် ထပ်မယူနဲ့လို့ဘဲပြောတာပါဘဲ။

    လူ့ဘဝဆိုတာ ဆန်းကျယ်လွန်းလှပြီး၊ လူအမျိုးမျိုးနဲ့လဲတွေ့ရ၊ ဆိုးကောင်းနှစ်တန်မို့ သင်ခန်းစာတွေလဲရခဲ့ပါရဲ့ – – – – – အသက်ရှင်နေသမျှကာလပတ်လုံးကြုံရဦးတော့မှာပါလားနော်။ ။