By Maung Aw
7th Post
တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ
(Once upon a time at RIT)
အမှတ်တရ
အထက်ပါခေါင်းစဉ်အောက်တွင် … ချန်လှပ်ထား၍ မဖြစ်သော ကဏ္ဍတခုမှာ ကျေးဇူးရှင်ဆရာ(ကြီး) တို့နှင့်ပတ်သက်၍ ကျွန်တော် ထိတွေ့မှတ်သားရသည့်အမှတ်ထင်ထင် အကြောင်းရာအချို့ဟု ကျွန်တော် သုံးသပ်ပါသည်။— with Mg Mar Ga and U Hla Min .
အားလုံး မဟုတ်သော်လည်း ကျွန်တော် ကိုယ်တွေ့ဆက်ဆံခဲ့ရသောဆရာကြီးအချို့၏ အကြောင်းအရာအချို့ကို ဖော်ပြပါမည်။
ပထမဆုံး ဆရာကြီးမှာ…..
ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း၊ မြို့ပြအင်ဂျင်နီယာ ဌာနမှုး နှင့် ပါမောက္ခဟောင်း ဒေါက်တာအောင်ကြီး ဖြစ်သည်။
ယခုအခါ အသက်၉၃ နှစ် ကျော်အရွယ်ရှိပြီဖြစ်သော ဆရာကြီး ထံမှသူ့၉၃ နှစ်မွေးနေ့ဆုတောင်းစာအတွက် ကျွန်တော်ထံသို့ ပြန်ကြားသည့်စာအားဦးစွာဖော်ပြလိုပါသည်။
ဆရာ၏ရင်၌ခံစားရမှုကို စာတွင်တွေ့မြင်နိုင်ပါလိမ့်မည်။
Maung Aung and family,
Thanks for your birthday wishes. I really appreciate it. I am lucky to have good friends and good former students like you in my life. Hope I will be able to see you in person some time in future.
With Metta
Aung Gyi
Sent from my iPad
မိတ်ဆွေကောင်း၊ တပည့်ကောင်းများနှင့် ဆုံတွေ့ခွင့်ရခြင်းသည့် သူ့ဘဝတွင် ကုသိုလ်ကံထူးသည်ဟု ဆရာကြီးက ဆို ပါသည်။ ၇၇နှစ် တပည့်အို အား လူကိုယ်တိုင်ဆုံတွေ့ချင်သည့်၉၃ နှစ် ဆရာ့ဆန္ဒအား တပည့်ဖြည့်စွမ်းခွင့်ကြုံပါရစေဟုဆုတောင်းပါသည်။
ဧပြီလ၂၀၁၉ ခုနှစ်က ရေးသားခဲ့သည့် ဆရာကြီးဒေါက်တာအောင်ကြီး အကြောင်းပါ။
စွယ်တော်မြေ မှ ဆရာ့ပုံရိပ်အချို့
ပုံရိပ် ၁
ငပုတော သား ဆရာကြီး
၁၉၇ဝပြည့် နှစ် ကျော်ကာလ….
ရန်ကုန်စက်မှုတက္ကသိုလ် ကြို့ကုန်းဆောင်များ ၏နှစ်ပတ်လည် ညစာစားပွဲ ကျင်းပရာတွင် ကျောင်းသားကျောင်းသူတို့၏ စွယ်တော်ရိပ် အငြိမ့်ပါဝင်က ပြကြသည်။
လူရွှင်တော် တစ်ဦးက အခြားတစ်ဦးအား…
” မောင်ရင် ..မြန်မာပြည် မှာရှိတဲ့ မြို့တွေအကြောင်း ဘယ်လောက် ဗဟုသုတ ရှိသလဲ သိအောင် မေးမယ်”
” မေးစမ်းပါ”
” အာမထိ လျှာမထိ မြို့ နာမည် ပြောစမ်း “
” ဒါလေးများ .. မခက်ပါဘူး .. ဝေါ မို့လား”
“ကဲ .. ငါ့အလှည့် ငါမေးစမ်းမယ်”
” ဝန်ကြီး ဒေါက်တာညီညီ နဲ့ တို့ဆရာကြီး ဒေါက်တာအောင်ကြီးက တစ်မြို့တည်းသားတွေ၊ သူတို့ ဇာတိမြို့ကိုပြောပြစမ်း”
အမေးခံရသူ ခေါင်းကုပ်လျက်
” ဒါတော့ ငါ မသိဘူး ကွာ “
ခေါင်း ကို စက္ကူလိပ် နှင့် ဖြန်း ကနဲ ရိုက်ရင်း..
” မသေမချင်း မှတ်ထား ၊ငပုတော ကွ”
ဆရာကြီးအပါအဝင် ပရိသတ် ရယ်မောကြသည်။
အရပ်အနည်းငယ်ပုသော ဆရာ့အား ပျက်လုံး ထုတ်လိုက်ခြင်းဖြစ်သည်။
အမှန်စင်စစ် ဆရာ ဒေါက်တာ အောင်ကြီး ၏ မွေးဇာတိမှာ ရှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့ဖြစ်သည်။
ခေတ်အဆက်ဆက် ပါမောက္ခချုပ် အဖြစ်တာဝန် ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအနက် ရေပန်းအစားဆုံး ၊ ကျောင်းသား ကျောင်းသား များ၏ ချစ်ခင်လေးစားမှု အခံရဆုံး ဆရာ ဒေါက်တာ အောင်ကြီး အား ဒုတိယ နှစ်ကျောင်းသားဘဝ တွင် မြို့ပြ အင်ဂျင်နီယာ ဌာ န ၏ ဌာနမှုး ပါမောက္ခ အဖြစ် စတင်သိရှိသည်။
ကနေဒါနိုင်ငံ ရှိ နာမည်ကြီး တက္ကသိုလ် Edmonton University မှ ပါရဂူ ဘွဲ့ရ ယူပြီး မြန်မာပြည် သို့ ပြန်ရောက်လာသောအချိန် ၁၉၆၅ ခု နှစ်ကဖြစ်သည်။
၂နှစ် အကြာ မောင်သြ စတုတ္ထနှစ် သို့ ရောက်ရှိသောအခါ ဆရာ၏ သင်ကြားမှု စတင် ခံယူရသည်။
Steel နှင့် Timber Design ဘာသာရပ်ဖြစ်၏။
စာသင်အလွန်ကောင်း၏။ သူ သင်ကြားနေသည့်ဘာသာရပ် မှာ မခက်ခဲ လွယ်ကူ သည်ဟု ကျောင်းသားများ စိတ် တွင် ထင်မှတ်လောက်အောင် သင်ပြ နိုင်စွမ်းရှိသည်။
မြို့ပြ ကျောင်းသားများသာမက အခြားသော မေဂျာများမှဆရာ့သင်ကြားမှုကိုခံယူခဲ့သူကျောင်းသား သူငယ်ချင်း များကလည်း ထိုအချက် ကိုလက်ခံကြ၏။
စာသင်စဉ် ကော်ကိုင်း မျက်မှန် ၏ ဘေးဘက်ကို လက်ဖြင့် ပင့်ကာ ကျောင်းသား များဘက်သို့ လှည့်၍ စာရှင်းပြ ပုံ အား ယခုတိုင်မြင်ယောင်မိသည်။
ဆရာ့အသံ သည် မတိုး မကျယ် ဖြစ်၍ မောင်သြ တို့ကျောင်းသား များသည်မိမိတို့အားတစ်ဦးချင်း စာရှင်းပြနေသည်ဟု ခံစားရသည်။
Timber Design သင်ကြားစဉ် သူဒီဇိုင်းလုပ်ခဲ့ သော အောင်ဆန်းကွင်း အရှေ့ တောင်ထောင့်ရှိ မိုးလုံလေလုံအားကစားရုံ၏ အမိုးအကြောင်း ပြောပြသည်ကို မှတ်မိနေသည်။
” တရက် ဆရာ အောင်ဆန်းကွင်း အနောက်ဘက် အထူးတန်းမှာ တိုင်းနယ်ပြည်နယ် ဘောလုံး ပွဲ
သွားကြည့်တယ်။ ပရိသတ် များလွန်းတော့ အရှေ့ဘက်ပွဲကြည့်စင် မဆန့်လို့ အားကစားရုံ ရဲ့ အမိုးတစ်ဖက်ခြမ်း ပေါ် လူတွေအပြည့် တက်ကြည့်နေတာ မြင်လိုက်ရင်ပဲ ဆရာ ရင်ထိတ် သွားတယ်။ ဒီဇိုင်းလုပ်တုန်းက ဒီလိုလူအများ ကြီးတက်မဲ့ ဝန်အလေးချိန် ဘယ်လိုလုပ်ပြီး ထည့်စဉ်းစားမိမှာတုန်း။ ရင်တထိတ်ထိတ်နဲ့ ဘော့လုံးပွဲကောင်းကောင်း မကြည့် လိုက်ရပါဘူး “
စာသင်ကောင်းသော ဆရာတစ်ဦးဖြစ်သလို ဆရာ သည် ဉာဏ် အလွန်ထက်မျက်၍ ထူးချွန်သောကျောင်းသား တစ်ဦး ဖြစ်ခဲ့သည်ဟု ကြားသိရသည်။
အင်ဂျင်နီယာ လောက သာမက အခြား သောလုပ်ငန်းဌာန များ မှ အရာရှိပုဂ္ဂိုလ်များစွာကပင် ဆရာ့အား အထင်ကြီးချီးမွမ်းကြသည်။ အဘယ်ကြောင့်ဆိုသော် ဆရာနှင့် သူတို့ ရန်ကုန်တက္ကသိုလ် ဥပစာ တန်း ကို အတူတက်ခဲ့သဖြင့် အကြောင်းသိများဖြစ်ကြသောကြောင့် ဖြစ်သည်။
၁၉၇၁ခု နှစ်ကုန်ခါနီးတွင် ဆရာသည် ပါမောက္ခချုပ် ရာထူး တိုးမြှင့်ခြင်း ခံရ၏။ ၁၉၇၇ ခုနှစ် အထိ ၆နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ကုလသမဂ္ဂ ဆိုင်ရာအလုပ်တစ်ခုရရှိ၍ နိုင်ငံခြားသို့ ထွက်ခွာသွားသည်။
ပါမောက္ခချုပ်ရာထူး ထမ်းဆောင်စဉ်ကာလ မှိုင်းရာပြည့် နှင့် ဦးသန့် အရေးအခင်း စသော နိုင်ငံရေးမုန်တိုင်း များ နှင့် ဖြတ်သန်း ကြုံတွေ့ခဲ့၏။
အုပ်ချုပ်သူ အာဏာရှင်တို့ အလိုကျ အတိုင်း မဟုတ် ပဲ ကျောင်းသားအများစုဘက်မှ ရပ်တည် ကူညီ ခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူတို့၏ ချစ်ခင်လေးစားခြင်းခံရသည်။
သို့သော် အာဏာပိုင်များက ဆရာ့အပေါ် အစာမကြေလှပေ။
ကျောင်းလခ မသွင်းသဖြင့် စာမေးပွဲအောင်စာရင်း တွင် နာမည်မပါသော ကျောင်းသား အား ငွေစိုက်ထုတ်ကာ ကျောင်းလခသွင်းစေသော ပါမောက္ခချုပ်၊
စာမေးပွဲကျသဖြင့် စတိုင်ပင်ပြုတ်သွားသည့်ကျောင်းသား အား နယ်ရှိ မိဘအိမ်မီးလောင်သဖြင့် အခက်အခဲတွေ့နေစဉ် စတိုင်ပင်ပြန်ရရှိအောင်ကူညီခဲ့သော ပါမောက္ခချုပ်၊
ညသန်းကောင်ယံ ခြံဝင်းအတွင်း ရှိ အုန်းပင်ပေါ်တိတ်တစ်ခိုး တက်ကာ အပျော် အုန်းသီးလာခူးသောကျောင်းသားတစ်စုအား ဆာလောင်နေသည်ဟုယူဆကာ ဆူပူခြင်းမပြု၊ ကော်ဖီ နှင့် မုန့် ပါတိုက်ကျွေး သော ပါမောက္ခချုပ်၊
ထို ပါမောက္ခချုပ်အား ကျောင်းသားကျောင်းသူ တို့က ကြည်ညို ချစ်ခင်ကြသည်မှာ အဆန်းမဟုတ်ချေ။
ရန်ကုန်စက်မှုတက္ကသိုလ် တွင်အမှုထမ်းသက်တစ်တလျောက် အစွန်းအထင်းမရှိ အသက် ၈၇ နှစ်တိုင် ယနေ့ အထိ ဂုဏ်သတင်းမွှေး နေသော ဆရာသည် ကုသိုလ် ကံ ကောင်းသည်ဟု မောင်သြ ထင်မိသည်။
အများသတိမပြုမိသော ဆရာနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်ခု ရှိခဲ့သည်။ ထိုကိစ္စ တွင်အခြေမလှ ဖြစ်ခဲ့ခြင်း သည်ပင် ဆရာအဖို့ နောင်တွင် ဂုဏ်သိက္ခာ မထိခိုက် စေသော ကံကောင်းမှု ဖြစ်လာစေသည်။
၁၉၇၂ ခု နှစ် ဒုတိယ အကြိမ် ဆိုရှယ်လစ်ပါတီ အထွေထွေ ညီလာခံမတိုင်မီ…
အင်းစိန်မြို့နယ် မှ ညီလာခံတက်ရောက် မည့် ကိုယ်စားလှယ်လောင်းများ အား စက်မှု တက္ကသိုလ် ခန်းမ၌ ရွေးချယ်ရာ နံက် ၃ နာရီ တိုင်း မပြီးပြတ်နိုင် ပဲ အကြိတ်အနယ်ဖြစ်နေ၏။
မောင်သြ အဆောင်နည်းပြလုပ်နေသော Aဆောင်မှ အသံများ ကြားနေရသည်။
အင်းစိန်ပါတီယူနစ် ဥက္ကဌ ဦးအုန်းရွှေ တို့အုပ်စု မှ ဆရာဒေါက်တာအောင်ကြီး အား အင်းစိန်မြို့နယ်ကိုယ်စားလှယ်လောင်းစာရင်း တွင်ပါဝင်ခွင့်မရအောင် အစွမ်းကုန် ဆန့်ကျင်ကြိုးပမ်း သောကြောင့် နောက်ဆုံး ဆရာ အရွေးမခံရပဲ ပြုတ်ကျ ကျန်ရစ်ခဲ့သည်။
သို့နှင့် ဆရာ့ မိတ်ဆွေသူငယ်ချင်း ထိုစဉ်က ဝန်ကြီး ဒေါက်တာ ညီညီ ၏ ပန့်ပိုး မှုဖြင့် ပထမအဆင့်ညီလာခံကိုယ်စားလှယ် ၊နောက် ပါတီ ဗဟိုကော်မတီဝင် ၊ထို မှ တဆင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဤသို့ အဆင့်ဆင့် တက်လှမ်းရမည့် အခြေအနေ မှ ဆရာ ဝေးကွာ သွားရသည် ဟု မောင်သြ တို့သတင်းစကား ကြားသိရသည်။
မှန် မမှန် ကိုမူ ကာယကံရှင် ဆရာသာ လျင် သိပေလိမ့်မည်။
အကယ်၍ မဆလ အစိုးရ၏ ဝန်ကြီး တစ်ဦး ဖြစ်ခဲ့သော် နိုင်ငံရေးကိစ္စဆက်နွယ်လာသဖြင့် ဆရာ့ဂုဏ်သတင်း သည် ယခုကဲ့သို့ အစွန်းအထင်း မရှိ သင်းပျံ့ နေလိမ့်မည်မဟုတ် ဟု မောင်သြ ထင်မြင်မိသည်။
၄နှစ်ကြာ ကုလသမဂ္ဂဆိုင်ရာလုပ်ငန်းတွင် အမှုထမ်းပြီးနောက် ကုလသမဂ္ဂ ပင်စင် ခံစား ရရှိရန်အလို့ငှာ နှစ် အနည်းငယ် ငယ်ဆက်လက် အမှုထမ်း ခွင့်အတွက် ဆရာနှင့်မိသားစု၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျောက်ထားခြင်းကို မြန်မာအစိုးရ က လက်မခံ ၊ဆောင်ရွက်မပေးချေ။
ထိုကြောင့် မြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွှတ် လိုက်ရသည်ဟု ဆို၏။
အစိုးရပြန်တမ်း တွင် ဆရာ့အား ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ရာထူး မှ ထုတ်ပယ်လိုက်သည် ဆိုသောသတင်း ကို သတင်းစာတွင် မောင်သြ ဖတ်လိုက်ရသည်။
ဆရာသည် နှစ်အတန်ကြာ မြန်မာပြည် နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည်။
ဆရာ နှင့် ဆရာကတော် တို့ အား ၁၉၉၂ နှစ် နှစ်
ဆန်းပိုင်တွင် စင်္ကာပူ ၌ ပြန်လည်တွေ့ဆုံသည်။
ဆရာ နှင့်ပုဂ္ဂိုလ်ရေးရင်းနှီးသော တပည့် များကို ယခင်ကတည်းက ဆရာကတော်သည် သိကျွမ်းသော်လည်း မောင်ဩ ကိုမူ တွေ့စ၌ ကောင်းစွာမသိပေ။
ကျောင်းသားဘဝတွင်၄င်း ၊ကျောင်းဆရာပေါက်စဘဝတွင်၎င်း ၊ ဆရာနှင့် ၁၀ နှစ်ကျော် ထိတွေ့ ဆက်ဆံ ခဲ့သော်လည်း ပုဂ္ဂိုလ်ရေး အရ ဆရာနှင့် ရင်းနှီးခင်မင်သော တပည့် တစ်ဦး မဟုတ်ခဲ့ပေ။
၂၀၀၂ နှစ် နောက်ပိုင်း မှစ၍ ဆရာကန်တော့ ပွဲများ နှင့် မောင်သြ ရေးသားသော စာအုပ်များ အကြောင်း ပြု ကာ ဆရာတို့ ဇနီးမောင်နှံ နှင့် ပိုမို အကျွမ်းတဝင် ခင်မင် ခဲ့ကြသည်။
ကျန်းမာရေးကောင်းမွန်သော အသက် ၈၅ အရွယ် ဆရာသည် အကြားအာရုံ ချို့ယွင်းလာသော်လည်း အခြေအနေကောင်းလာအောင် အားမထုတ်ပဲနေခဲ့၏။
တစ်နေ့တွင် မြေးဖြစ်သူ ပြောစကား ကို မကြားမိသဖြင့်
မြေး “အဖိုး…ပြောတာလည်းမကြားဘူး၊ နားပင်းနေသလား”
မြေး၏ပြောစကားသည် ဆရာ့ ရင် ကိုထိသွားစေကာ ဆရာဝန်နှင့် တွေ့ပြီး နားကျပ် တပ် ဖြစ် သည် ဟု ဆရာပြန်ပြောပြ၏။
၂၀၁၉ခုနှစ် ဇန္နဝါရီလ ဆရာ ကနေဒါသို့ မပြန်မီ သူငယ်ချင်း ကိုဝင်းကျော် ( သတ္ထုဗေဒ ၇၁) ၏ သမီး မင်္ဂလာ ဆောင် ၌
ဆရာ : မောင်သြ …မင်းစာရေးကောင်းသားပဲ၊ စာရေးဆရာလုပ်ပြီး စာရေး စားရင် ချမ်းသာမယ်”
မောင်သြ: ဒီမှာ စာရေး စား ရင် ချမ်းသာဖို့ နေနေသာသာ ထမင်းတောင် နပ်မှန်ပါမလား ..မသိဘူး။ လူတော့မချမ်းသာဘူး၊ ဒါပေမဲ့ စိတ်တော့ချမ်းသာတယ် ..ဆရာ”
ဆရာသည် သဘောကျစွာ “ဟား ဟား..” ရယ်မောသည်။
အသက် ၈၇ နှစ် အရွယ် ပါမောက္ခချုပ်ဟောင်း နှင့် အသက် ၇၂နှစ် အရွယ် ကထိကဟောင်း သူ့တပည့်မောင်သြ တို့ သည် ပျော်ရွှင် စွာ နှုတ်ဆက်ရင်း ခွဲခွာ ခဲ့ကြသည်။
ဆရာ ဒေါက်တာအောင်ကြီး သက်ရှည် ကျန်းမာပါစေ။
( အနန္တဂိုဏ်း ဝင် ဆရာသခင် အား ဤ စာပုဒ် ကို အားထုတ်ရေးသား ၍ ပူဇော်အပ်ပါသည်)
မောင်သြ
၃ ဧပြီလ ၂၀၁၉