Author: Hla Min (Lifelong Learner)

  • စိတ်ဖြေရာ

    စိတ်ဖြေရာ

    ဒေါ်မိအောင် Daw Mi Aung

    အတွေးနဲ့ပျော်ရတာလဲ၊တကယ့်ကို ပျော်ခဲ့ရတဲ့အချိန်ကို ရောက်သွားသလိုပါဘဲ။ ခံစားဘူးကြမှာပါ။ မနေ့က ညီမခင်စန်းနုတို့ အိမ်မှာ ထမင်းစားကြရင်း၊ အစ်မရေ ခရီးသွားချင်လှပြီဆို့လို့။

    အမှတ်ရမိသွားတာက- “မိုးကုတ် နှစ်ရှစ်ရာပြည့်ပွဲလေးကို သွားမယ်၊ အစ်မလိုက်ခဲ့ပါလား” တဲ့။ မယ်လိုက်ချင်ကလဲ သိပ်အားနာတတ်တာမို့ မငြင်းချင်ဘူးလေ။ သူတို့ ဘုရင့်နောင်တာဝါက အုပ်စုလဲ ပါမှာဆိုတော့ ကျမကိုအရခေါ်တာလေ။ “နေပါဦး၊ ငါ ဝက်ပေါကိုမေးဦးမယ်”ဆိုတော့၊ ဝက်ပေါကလဲ မလိုက်ချင်ရှာပါဘူး။ သူ့အတွက်ပါ ကားလက်မှတ်ဝယ်လိုက်ဆိုဘဲ။

    ခရီးတွေထွက်တိုင်း ကျမတို့ ညီအစ်မလေးယောက်က တက်ညီ လက်ညီမို့ သိပ်မတိုက်တွန်းရပါဘူး။ ဒီတစ်ခေါက်တော့ ငြိမ်းငြိမ်းရဲ့သ္မီးကြီး နန်ဦးလဲပါတာပေါ့။ ရန်ကုန်ကနေ မန္တလေးကို ည၆နာရီကားနဲ့ စီးသွားလိုက်ကြတာ မန္တလေးကိုမနက်ရောက်တော့ မိုးကုတ်က မောင်လေး မောင်သန်းဌေးက မိုးကုတ်ကို တခါထဲတက်ဖို့ ကားစီစဥ်ပေးထားပါတယ်။ (မောင်သန်းဌေးက ခင်စန်းနုရဲ့မောင်လေးအငယ်ဆုံးပါ။ ယောင်းမလေးမခင်ရီနဲ့ညီမလေးတွေအားလုံးက ဧည့်ဝတ် အင်မတန်ကျေကြတာ။)

    လူကလဲသိပ်မများပါဘူး။ ကျမတို့ညီအစ်မ၅ယောက်၊ မိုးမိုးနဲ့စန္ဒာညီအစ်မ၂ယောက်၊ ခင်ပြုံးချို၊ အန်တီအေးနဲ့သူတို့ရဲ့မိတ်ဆွေ တစ်ယောက်။ ကျမတို့ရဲ့ ဆရာကြီးကိုတင်ထွန်းကတော့ မပါလို့မဖြစ်။

    နံနက်အစောစာကိုတော့ မေမြို့ရောက်မှ မလိုင်စားချင်တဲ့သူနဲ့ ပလာတာစားမည့်သူနဲ့၊ ဆိတ်စွပ်သောက်မည့်သူနဲ့၊ ဆိုင်ရှင်မျက်စေ့လည်ရောပါဘဲ။ မိုးကုတ်ကိုနေ့လည်ခင်းရောက်သွားတော့ မောင်လေးတို့အိမ်မှာ နေရာထိုင်ခင်းကစီစဥ်ထားပြီးသား။ ညစာဘာမှမချက်နဲ့၊ တို့တွေ စျေးတန်းကြီးက ဒေသထွက်စားစရာတွေ လျှောက်စားကြမယ်ဆိုပြီး၊ ညနေဖက်လမ်းထွက်ကြတာပေါ့။ နှစ်ရှစ်ရာပြည့်ပွဲတော်ကြီး ဆိုတော့လဲ စျေးတန်းကြီက ဟီးထနေတာပါ။စားစရာတွေကလဲ ပုံမှန်စျေးဘဲ။ကြိုက်တဲ့ဆိုင်ဝင်စားကြ၊ တကယ်ပါဘဲ၊ မြန်မာတွေပွဲလမ်းသဘင်ကြိုက်ကြပုံများတော့ စျေးဆိုင်တိုင်းလူအပြည့်။ အပျော်မက်ကြတာကို။ ကိုယ်လဲအပါအဝင်ပါဘဲ။~စားသောက်ပြီးကြတော့ “ပြပွဲအခင်းအကျင်း” ဆီလဲ လျှောက်ကြည့်ချင်သပ ဆိုလို့ ၊အမယ်လေးတစ်ယောက်နဲ့တစ်ယောက် ပျောက်သွားမှာစိုးလို့ လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားရတာ။ လူကွဲသွားရင် ဘယ်နားမှာပြန်ဆုံမယ်နော်။ဖုန်းဆက်လို့

    မှာထားကြရသေးတာ။ စည်လိုက်တာ ဝက်ဝက်ကွဲ။ ဒါတောင် လူတွေ စီးပွါးရေးမကောင်းလို့။~နောက်နေ့မနက်ကျတော့ မိုးကုတ်မှာဘုရားတွေလျှောက်ဖူးကြတာပေါ့။ဒေါ်နန်းကြည်တောင်တို့ ဘော်ပတန်းတို့။ အမယ်လေး ဘော်ပတန်းမှာများကားဆိုက်လိုက်တာနဲ့ ဘုရားပေါ်မတက်ခင် ရေသန့်ဘူးပေးပြီး၊ ခေါက်ဆွဲကြော်ကျွေးတာ၊ ကြက်သားနဲ့လား ဝက်သားနဲ့လား မမှားစေရဘူး၊ဧည့်ခံကြတာ။ စားပြီးအဆောက်အဦကပြန်အထွက်မှာတော့ ရေနွေးကြမ်းနဲ့လက်ဖက်ကိုစားပွဲရှည်ကြီးမှာ ကျကျနနတည်ခင်းပြီးကျွေးတာ။ မစားချင်ပါဘူးဆိုလဲ နဲနဲတော့စားပါဆိုလို့ စားကြည့်လိုက်တာ ဇွန်းတောင်ပြန်မချတော့ပါဘူး။ ခုတောင်ပြေးပြီးစားလိုက်ချင်ပါသေးတယ်။ ဘုရားတက်ဖူးပြီး ပြန်အဆင်းမှာတော့ကိုယ့်ရဲ့ကားနားအထိ အအေးဘူးကမ်းသေးတာ။ အလှူအတန်းရက်ရောလွန်းလှပါတယ်။ #မနက်ဖန် ကျွေးမည့်အစီအစဥ်တောင်ကြေငြာထားသေးတာမို့ နီးနီးနားနားသာဆိုလို့ကတော့ – –

    ညနေ မြို့ထဲပြန်အဝင်မှာတော့ မိုးကုတ်မြို့မှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံက ဝတ်စုံပြည့်တွေဝတ်လို့ စီတန်းလှည့်လည်ကြတာ။ တမျှော်တခေါ်ပါဘဲ။ သိပ်ကိုလှကြတာပါ။ တခါမှကိုမမြင်ဘူး၊မသိဘူးတဲ့ လူမျိုးစုတွေတောင်ပါပါတယ်။

    ဒီလောက်လူမျိုးပေါင်းစုံတဲ့ မိုးကုတ်မြို့ကလူတွေဟာ တကယ်ကိုချစ်ခင်စည်းလုံးကြလို့သာ ဒီလိုမျိုးပွဲကြီးကျင်းပနိုင်ပြီး၊ ခိုက်ရန်ဖြစ်ပွါးခြင်းလဲအလျဥ်းမရှိတာတော့ သိပ်ကို ဂုဏ်ယူစရာကောင်းလှပါတယ်။

    နောက်တနေ့တော့ မိုးကုတ်မြို့ထဲကဘုရားတွေစုံအောင်ဖူးကြပြီး၊ ညနေပိုင်းမှာ “ထာပွဲ “ကိုသွားကြပါတယ်။ ကျောက်တွေကို စုံလို့ပါဘဲ။ ကျမတော့မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ ထူးတဲ့စားစရာတစ်မျိုးကိုတော့စားခဲ့ရပါတယ်။ ကျမတို့ငယ်ကထဲက အမေက မတည့်မှာစိုးရိမ်လို့ ဘယ်တော့မှမကျွေးခဲ့တဲ့ ပဲမြစ် ကို သုံပုရာသီးလေးညှစ်ပြီး၊ နှမ်းလေးဖြူးလို့သုတ်တာပါ။ စားလို့ကောင်းလိုက်တာမှ ဆွေမျိုးတောင်မေ့သလောက်ပါဘဲလား။ ကျမတို့သိခဲ့ဘူးတာက ပဲမြစ်နဲ့ အချဥ်တွဲပြီး မစားရ ဘူးလားလို့ပါ။ ညစာအတွက်ကို့တော့ မောင်လေးရဲ့ ခယ်မလေးမိုးမိုးနဲ့ သူငယ်ချင်းမလေးမိန်မိန်းက အိမ်မှာ ဟော့ပေါ့ လုပ်ကျွေးပါတယ်။ ခင်မောငထွန်းရဲ့ချစ်ဇနီးကချက်တာပေါ့။အသီးအရွက်တွေကလဲလတ်ဆတ်တော့ ကျမတို့ အုပ်စု ခေါင်းတောင် မဖေါ်ဘဲ စားကြတာ။ မောင်လေးတို့မိသားစုအားလုံး ကျန်းမာချမ်းသာပြီး၊အလှူကြီးအတန်းကြီး ပေးနိုင်ကြပါစေ။

    နောက်တနေ့ မနက်အစော ကားတစ်စီးငှားပြီး မေမြို့ကိုဆင်းလာ၊ မေမြို့ဘုရားဖူးပြီး ညဖက်ကားနဲ့ ရန်ကုန်ကိုပြန် လာခဲ့ကြ တာပေါ့။ ဓါတ်ပုံတွေရိုက်ကြတော့လဲ ညီအစ်မ၂ယောက်တစ်စုံတွဲစီ ရိုက်ကြတာမို့ နန်းဦးကတော့ တစ်ယောက်ထဲ အားငယ်လိုက်တာဆိုလို့ ရယ်ကြရသေးတယ်။

    ခရီးသွားခြင်းဟာလဲ စိတ်အပန်းပြေစေပြီး၊ပူပန်သောကတွေရှိရင်လဲ ခေတ္တခဏတော့ပြေပျောက်စေတာမို့ – – – – -” အေးချမ်းသာယာတဲ့ကာလလဲဖြစ်၊ ကိုယ်တိုင်လဲကိုယ့်ဝန် ကိုယ်ထမ်းနိုင်လို့ကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးတွေ သွားပစ်လိုက်ဦးမှာ ။ ။

  • ငယ်သူငယ်ချင်း

    ငယ်သူငယ်ချင်း

    ဒေါ်မိအောင် Daw Mi Aung

    မိတ်ဆွေအပေါင်းအသင်းများခြင်းသည်လဲ မင်္ဂလာတစ်ပါးပါလား။ ငယ်ကပေါင်းခဲ့တဲ့ငယ်ပေါင်းတွေဆိုတော့လဲ၊ ပြောမနာ ဆိုမနာနဲ့၊ ခုချိန်ထိတစ်ဦးနဲ့တစ်ဦးလဲ တွေ့ကြရင်ဖြင့် ထုထောင်းရိုက်ပုတ်ပြီးနေတတ်ကြတာပါဘဲ။ ဟန်ဆောင်မှုကင်းကင်းနဲ့မို့ ပိုပြီးအဆင်ပြေသလို။ ငယ်စဥ်တုန်းကတော့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့တာ၊ အတင်းပြောတာ မျိုးစုံ ကြုံခဲ့ရတာပေါ့လေ။

    သူငယ်ချင်းတစ်ယောက်ရဲ့သားမင်္ဂလာဆောင်မှာ ဆုံမိကြလို့ ခရီးထွက်ကြမည့်အစီအစဥ်လေး၊ ရုတ်တရက်ပေါ်လာတာ။ ချက်ချင်းထစီစဥ်လိုက်လို့သာ၊နို့မို့ဆိုပျက်ဦးမှာ။

    အလောင်းတော်ကဿဖ သွားကြမလို့။မုံရွာမှာ သစ်တောကသူငယ်ချင်းဝင်းနိုင်ရှိတယ်။ အိုကေပေါ့။ သူကလဲ “ငါပင်စင်မယူခင် လာခဲ့” တဲ့လေ။

    ဒီက “မယ်မငြင်း “တို့ညီအစ်မတွေက အမြဲခရီးသွားဖို့ ချောင်းနေတာ။ ကျမရယ်၊ဝက်ပေါရယ်၊ တူမသုံးယောက်ရယ်။ မြင့်ခင်နဲ့ရွှေပေါရယ်၊ သ္မီးလေးမေသူခိုင်ရယ်။ စိုးမြင့်ရယ်သူ့ဇနီး ဆွေရယ်။ လူစုလို့ရသွားပြီပေါ့။ ခင်စန်းနု အိမ်မှာဖုံးဆက်ပြီး လူစုတော့ ခင်စန်းနုပါ လိုက်ချင်လာပြန်ရော။ကိုတင်ထွန်းကသူ့မိန်းမကိုကြည်ကြည်သာသာထည့်လိုက်ရှာပါတယ်။

    ဒီလိုနဲ့ လက်မှတ်စီစဥ်ပြီးလို့ အဝေးပြေးမှာဆုံကြမယ်ပေါ့။ အဝေးပြေးကားဂိတ်ကိုသွားရတာကားလမ်းတွေကကြပ်။ အမယ်လေး စထွက်ကထဲက ယဥ်သကို ပါဘဲ။ ကိုစိုးမြင့်ကမှတ်ပုံတင်ကျန်ခဲ့လို့ ကြည့်မြင်တိုင်ကိုပြန်ယူရသတဲ့။ ကံကောင်းလို့ ကျန်ခဲ့ တော့ မလို့။

    ကားလမ်းတွေ တအားကြပ်လို့ အဝေးပြေးဂိတ်က ၆ နာရီထွက်မည့်ကားက ၈နာရီလောက်မှထွက်ဖြစ်တာမို့တော်သေးတာ။ ရန်ကုန်ကနေ မုံရွာ တိုက်ရိုက်ကားထဲမှာ၊ ကျမတို့အဖွဲ့က ၁၁ ယောက်ဆိုတော့ စထွက်ကထဲကပျော်ကြတာ။ နောက်ကျမှ ထွက်ရတယ်ဆိုပေမဲ့လဲ မနက်၅နာရီခွဲလောက်တော့ မုံရွာကိုရောက်ပါတယ်။ ဝင်းနိုင်က အလောင်းတော်ကဿဖကို တိုက်ရိုက်သွားဖို့ ကားကစီစဥ်ထားပြီးသား။ ကျမတို့ကို နံနက်စာကျွေးပြီး ကားနဲ့တင်ပေးလိုက်တာပေါ့။ လမ်းကနဲနဲဆိုးတော့ ကားပေါ်မှာ အန်လိုက်ကြတာ၊ အစားတွေ နင်းကန်စားလာကြတာကိုလို့။ ခက်ရချည်ရဲ့လို့ ထင်မိတာ။ ရယ်လဲရယ်ရ။

    ဘုရားတန်ခိုးကြောင့်ပါဘဲ။ ဆင်စခန်းရောက်တော့လဲ လန်းလန်းဆန်းဆန်းကြည်ကြည်လင်လင်မို့ တော်သေးရဲ့။ စခန်းက ထမင်းဆိုင်မှာ ဘုရားကအပြန်စားဖို့ မှာထားခဲ့ရပါတယ်။အစားကလဲ မက်ကြတော့ မစားရမှာ စိုးရိမ်တာလေ။ ဘုရားဖူးပြီး ပြန်ကြတော့မှ အလောင်းတော်ကဿဖ ခရီးက သိပ်စိတ်ဝင်စားစရာကောင်းတာကိုတွေ့ရတာ။ အသွားတုန်းကတော့ မနက် စောစောဖြစ်တာရယ် အန်နေကြတာရယ်မို့ ခရီးလမ်းကိုမကြည့်နိုင်ပါဘူး။

    အပြန်လမ်းမှာတော့ ရွာတွေရဲ့ထိပ်ကအလှူခံမဏ္ဍပ်တွေမှာပိုက်ဆံလှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ စားစရာတွေ အတင်း ကိုပေးကြ၊ ကျွေးကြတာ။ မုံရွာပြန်ရောက်တော့ စာကလေးခွေတွေ၊ ဇီးသီးတွေ၊ ကျွတ်ကျွတ်အိတ်တွေထဲအပြည့်။ မယူပါဘူး ဆိုလဲအတင်းထည့်ပေးကြတာ။ စေတနာကောင်းလိုက်ကြတာ။ မုံရွာကဝန်ထမ်းအိမ်ကလေးတွေကကျဥ်းတော့ ကျမတို့က လူအများကြီးမို့၊ ဝင်းနိုင်က ဘုန်းကြီးကျောင်းမှာ ညအိပ်ဖို့စီစဥ်ပေးထားပါတယ်။ ညစာကိုတော့ စားသောက် ဆိုင်ကြီးမှာလိုက်ပြီး ကျွေးရှာတာပါ။ မနက်စောစော ကားနဲ့လာခေါ်ပြီး၊ မုံရွာမှာရှိတဲ့ဘုရားစုံကိုပို့ပေးပါတယ်။ တကယ်ကိုတာဝန်ကျေ တဲ့သူငယ် ချင်းပါ။

    ညနေ၃နာရီ မန္တလေးသွားဖို့ကားလက်မှတ်ကိုစီစဥ်ပေးထားပြီး၊ မန္တလေးမှာတာဝန်ကျနေတဲ့ မင်းအောင်မင်းကို ဖုန်းဆက်ပေး ထားပါတယ်။ မင်းအောင်မင်းရဲ့အိမ်ကတော့ အခန်း၂ခန်းနဲ့ဧည့်ခန်းမို့၊ သူက ဧည့်ဂေဟာမှာစီစဥ်ပေးရှာပေမဲ့လည်း၊ ကျမတို့ ဗရုတ်အုပ်စုက အိမ်မှာဘဲဖြစ်သလိုနေမယ်လို့။ ပျော်လိုက်တာ၊ တစ်သက်မမေ့ပါဘူး။ စိုးမြင့်နဲ့မြင့်ခင်ကို အိမ်ရှေ့ခန်းမှာ စီစဥ်ပေးပြီး၊ မိန်းမ၉ယောက်ကတော့ နှစ်ယောက်အိပ်ကုတင်တစ်လုံးရှိတဲ့အခန်းထဲမှာ ခင်စန်းနု၊ ဆွေ၊ ရွှေပေါနဲ့ကျမတို့ ကကုတင်ပေါ်မှာ၊ ဝက်ပေါနဲ့တူမလေးယောက်က ကုတင်အောက်ကို ခြေထောက်ထိုးပြီးဖြစ်အောင်အိပ်ကြတာ။

    မနက်ကျတော့ မေမြို့တက်ဖို့ အောင်မင်းက ကားစီစဥ်ပေးလို့၊ အလည်အပတ်ထွက်လိုက်ကြပါတယ်။ မေမြို့ကပြန်လာတော့ ဟင်းသီးဟင်းရွက်တွေ ဝယ်လာပြီးချက်ပြုတ်စားသောက်ကြတာ။အောင်မင်းကသတ်သတ်လွတ်စားတာမို့။

    ဦးဝင်းနိုင်ရဲ့ဇနီး အမာစီ၊ မင်းအောင်မင်းရဲ့ဇနီး ခင်အေးမူတို့ကလဲ ကျမတို့သူငယ်ချင်းအားလုံးနဲ့ချစ်ခင်ကြသူတွေမို့ ကျမတ နားလည်ကြတာပါ။တော်ရုံမိန်းမမျိုးတွေသာဆို လင်မယားရန်ဖြစ်ကြမှာ။သူငယ်ချင်းတွေက အတော်မွှေတတ်ကြတာ။

    နောက်နေ့မနက်ကျတော့ မန္တလေးဘုရားကြီးနဲ့ မန္တလေးတောင်တက်ကြတာပေါ့။ ဦးပိန်တံတားဖက်သွားကြပြီး၊ အမရပူရ ဖက်က ဒေါ်အေးကျင်ထမင်းဆိုင်မှာစားရတာကိုတော့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ အလှူအိမ်မှာ ကျွေးသလိုမျိုးက တာပါ။

    မန္တလေးက ည ၉နာရီထွက်တဲ့ကားနဲ့ပြန်လာကြပါတယ်။ ပျော်စရာကောင်းတဲ့ ဒီခရီးစဥ်မျိုးလေး သူများတွေ သွားဘူးမယ် မထင်ပါဘူး။ လူတစ်ယောက် ပေါင်းလို့ကောင်း၊မကောင်းကိုခရီးအတူသွားကြည့်ရင်သိတယ် လို့ဆိုတတ်ကြတယ်။ ယ္ခုသွားခဲ့ကြတဲ့လူတွေနဲ့ နောက်ထပ်သွားချင်ပါသေးတယ်ဆိုရင် – – – – –

    ချစ်သောသူငယ်ချင်းဝင်းနိုင်နဲ့မင်းအောင်မင်းတို့ကိုလဲ သိပ်ကိုကျေးဇူးတင်ပါတယ်နော်။

    နောက်ထပ်သွားဖို့လဲ ၊ ကိုယ့်အရိုးကိုယ်သယ်နိုင်တုန်းလေး မှာလေ – – – – –

    ကိုကြီးဝင်းနိုင်ရေ စီစဥ်ပေးရင်ငြင်းပါဘူးလို့- – – – – – – –

    စိတ်တွေမွမ်းကြပ်လွန်းလို့ပါ ။ ။

  • ထူးတဲ့မေပျို

    ထူးတဲ့မေပျို

    ဒေါ်မိအောင် Daw Mi Aung

    မကြုံစဘူး ထူးခြားဖြစ်စဥ်လေးတွေတော့ လူတိုင်းမှာရှိကြမယ်ထင်ပါတယ်။

    တရားတော်အရ”ကောင်းတာလုပ်တဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုးခံစားကြရမယ်”ဆိုတာလဲ၊ ငယ်ကထဲက မိုးကုတ် တရားတွေ နာခဲ့ရဘူးတော့ “အသိ”လေးလဲရှိပါတယ်။ မိုးကုတ်တရားတွေ နာခဲ့ရတာလဲ ဌာနာလမ်းက သူငယ် ချင်းကြည် ကြည်ခင်တို့ရဲ့အဖေ အဘဦးသန်းးနဲ့အမေဒေါ်ခင်တုတ်တို့ရဲ့ကျေးဇူးကြောင့်ပါ။ ငယ်စဥ်ကတော့ သူတို့အိမ်မှာ ညတရားပွဲ ကျင်းပရင် သူငယ်ချင်းတွေ စားကြသောက်ကြ ပျော်ကြဖို့သာ အဓိကပါ။ ဒါပေမဲ့ အဘက “တရားစကား”တစ်လုံးဘဲ ရရ၊ တရားတော့ နာရမယ်ဆိုတာကြောင့် ကျမတို့ မိုးကုတ်တရားဟောတဲ့ ဆရာကြီးဦးလှဖေရဲ့တရားကို နာခဲ့ကြရတာပါ။

    ဒီလိုနဲ့ဘဲ ဘွဲ့တွေရကြပြန်တော့ အရင်လို မဆုံကြရတော့ဘဲ၊ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြရပြန်ပါရော။ ဘဝတစ် သက်တာ အတွက်ရုန်းကန်ကြရပြီလေ။ လူတိုင်းဟာ အခြေတကျနဲ့ နေနိုင်ဖို့၊ပြည့်စုံဖို့ဆိုတဲ့ အတွေးတွေနဲ့ပါ။ဒါပေမဲ့လို့ “ဖြစ်ချင်တာလဲ မဖြစ်ရပါ” ဆိုသလို၊ လူ့ဘုံလောကမှာ “မဖြစ်ချင်တာလဲ ဖြစ်ရတာ” ဆိုတာမျိုးတွေလဲရှိတာပေါ့လေ။

    ကျမဆို ဘွဲ့ရပြီး စိန်ဂျွန်းစျေးက အမေ့ဆိုင်မှာအထည်ရောင်းရပါတယ်။အမေက” ကိုယ့်လက်ကိုယ့်ခြေ “လုပ်တတ်အောင် ကြိုက်တဲ့အထည်တင်ရောင်းဆိုပြီးလွှတ်ထားပေးလိုက်တာနေမှာပါ။ အဲ့ဒီအချိန်ကျတော့ အမေ့ခေတ်ကလို တက်ထွန်ဒိုင်ကြီး လုပ်ဖို့ ငွေအင်အားလဲမရှိပါဘူး။ ကိုယ်ပိုင်ဆိုင်တစ်ဆိုင်နဲ့ ငွေစအနည်းငယ် “အရင်းအနှီး”ပြုခဲ့ရတာမို့၊ စျေးထဲကိုလာသွင်းတဲ့ စိတ်ကြိုက်အထည်စလေးတွေကို ဝယ်ပြီး၊လက်လီရောင်းရတာပါ။ တခါတော့ အပွင့်လှလှလေးတွေနဲ့ ဖေါ့ရှန်အစလေးတွေ လာပြီးစပ်ရောင်းလို့ဝယ်ထားပြီး၊ဆိုင်ပေါ်မှလှလှပပလေးခင်းလို့တင်ရောင်းရတာပေါ့။ တခါတလေလဲ ထမီကွင်းလှလှလေးတွေ (၁၀ )ကွင်းရောင်းရရင် ၅၀ကျပ်မြတ်တယ်။ ကိုယ်ကကွင်းသုံးလေးဆယ်ဝယ်ထားမိတဲ့အခါမျိုးကျတော့လဲ၊ ဘေးဆိုင်လေးတွေ က ပြန်ရောင်းဖို့လာယူတဲ့အခါကျတော့ (၁၀)ကွင်းကို ၃၀ကျပ်လောက်ဘဲမြတ်တာပေါ့။ လက်ကျန်ပစ္စည်းလဲ မရှိဘဲ တခါထဲ အမြတ်ပေါ်မှာဆိုတာရယ်၊ စျေးသူစျေးသားချင်းယိုင်းပင်းကြရတာရယ်ပေါ့။ သူလဲ အဆင်ပြေ၊ကိုယ်လဲအဆင်ပြေပေါ့လေ။

    တစ်ရက်တော့ လူတစ်ယောက်ကို လက်ထိပ်ကြီးခတ်လို့ ရဲတစ်ယောက်နဲ့ ကျမရဲ့ဆိုင်ရှေ့ကိုလာရပ်တာ။ ရင်တွေတုန် လိုက် အစ်မက ဘာလုပ်ရမလဲ”လို့ဘဲ ခပ်တင်းတင်းမေးရတော့တာပေါ့။ ဆိုင်မှာက သူ့ဆီကဝယ်ထားတဲ့ ရှန်အပွင့်လေးက၂ ကိုက် လောက်ဘဲ ရှိတော့တာမို့ ခပ်တည်တည်မေးရဲတာပါ။ ရဲက “အစ်မကြီးစျေးရုံးခန်းကို ခဏလိုက်ခဲ့ပါ” တဲ့ ။ ဝယ်ထားတဲ့ ပိတ်စ လက်ကျန်လေးကို လဲယူသွားတာ။ သက်သေခံပစ္စည်းသိမ်းသွားတာပါ။ ရုံးခန်းရောက်တော့ “ရောင်းမှား၊ဝယ်မှား” ဆိုတဲ့ ပုဒ်မနဲ့ မီးရထားတရားရုံးမှာ သက်သေထွက်ဆိုပေးဖို့​ပြောလို့၊ နောက်ရက်ကျတော့ သက်သေထွက်ဆိုဖို့သွားရပြန်တာပေါ့။ “စုံပါ တယ်၊မုန်လာရယ်” ဆိုသလိုပါဘဲ။ အမေဆိုတာရယ်သလားမမေးနဲ့။ “ငါ့သ္မီးကတော့ဖြစ်လိုက်ရင်အဆန်းချည်းဘဲ” တဲ့လေ။ သူခိုးဆိုတာ “ဂျို” ပါတာမှမဟုတ်တာနော်။ သူလာရောင်းလို့ ကျမဝယ်လိုက်တာလေ။ “နင် ခိုးလာခဲ့၊ငါဝယ်မယ်” ဆိုပြီး ခိုင်း လိုက် တာမဟုတ်လို့ ကျမမှာ ဘာအပြစ်မှမရှိပါဘူး။

    ရန်ကုန်ဘူတာကြီးကို သွားပြီးသက်သေထွက်ပေးရတော့ ” ကျမ်းကျိန် ” ရတယ်လေ။ ဝယ်လိုက်တာမှန်လို့ “ဝယ်ပါတယ်” လို့မှန်ရာကိုပြောရတာမို့ လဲကျမ်းကျိန်ရဲတာပေါ့။ ကျမ်းစူးတတ်တယ်လို့ လူကြီးတွေပြောဘူးတာကို ကြားဘူးထားလို့ပါ။ နောက်မှသိရတာကတော့ မီးရထားမှာတင်လာတဲ့ ပစ္စည်းထုပ်တွေကို အမြဲဖေါက်ခိုးနေကြလူတွေမို့ ဒီတခါတော့ အမိဖမ်း တာတဲ့။ ဟီးဟီး၊ “သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်”ဆိုသလို၊ ကျမက ” နှဲ ကြီး ” တက်နင်းမိရတာပါလား။ တော်သေးတာက သက်သေခံ ပိတ်စလေး၂ကိုက်လောက်ဘဲပေးလိုက်ရလို့။ အဲ့ဒီခေတ်က ယိုးဒယားပစ္စည်းတွေကို မှောင်ခိုပစ္စည်းတွေ လို့ပြောကြတယ်။ ဒါပေမဲ့ ရထားကုန်တွဲမှာတော့ အထုပ်ကြီးအထုပ်ငယ်နဲ့ တင်လာရင်ကြတော့ ရတယ်ဆိုတော့၊ နဲနဲချင်းရောင်းချစားသောက်နေရတဲ့သူတွေသာ မှောင်ခိုကုန်ကူးကြသူတွေလားလို့ ။ ကလေးတုန်းက အဲ့ဒီလိုတွေးခဲ့သလို၊ ခုချိန်အထိလဲ တွေးပြီးအဖြေ မထွက်တဲ့ပုစ္ဆာတစ်ပုဒ် ဖြစ်နေမိတာ – – – –

    ကျမကလေ ဘယ်လိုအကျိုးပေးမှန်းကိုမသိတာပါ။ ဒဂုံအိမ်မှာ မီးမရှိလို့ ရပ်ကွက်က ကလေးတွေ မီးချိတ်ပေးတုန်းကလဲ မီးခိုးချိတ်တဲ့အမှုနဲ့ တရားရုံးမှာ မှန်ရာကို အစစ်ခံပါ့မယ်ဆိုပြီးလဲကျမ်းကျိန် ခဲ့ရသေး။ တခါ တူလေးရဲ့ မိသားစုအရေး အတွက်လဲ တခါ ကျမ်းကျိန် ခဲ့ရသေးတာမို့၊ မှန်ရာကိုသာမပြောမိခဲ့ရင် ကျမ်းစူးလို့သေလောက်ပါပြီလို့ တွေးမိတာပါ။

    ဆန်းတပြားပြား ပါဆို၊ ကြုံခဲ့ဘူးကြရင် ပြန်ပြောပြကြပါလား၊ နော် ။

  • သတိရမိတာလေးများ ( ၂ )

    သတိရမိတာလေးများ ( ၂ )

    ဒေါ်မိအောင် Daw Mi Aung

    အမေ့ဇာတိဆားမလောက်ရွာကို သွားကြည့်ချင်တဲ့ အာရုံလေးကိုတော့ သတိလေးနဲ့ ဆင်ခြင်ထားလိုက် ပါတယ်။ အဖေတို့ ရွာကို နဲနဲပိုပြီး သိတတ်တဲ့အရွယ်မှာတော့ နောက်တစ်ခေါက်ပေါ့။ထန်းတပင်ကို ရောက်တဲ့အခေါက်ရေကို လက်ချိုးရေလို့ရပါရဲ့။

    ဒီအခေါက်ကတော့ ရွာမှာ ဘုန်းကြီးပျံပွဲရှိလို့သွားကြတာ။ ရန်ကုန်မှာရောက်နေတဲ့ ထန်းတပင်သားတွေ သင်္ဘောဆိပ်မှာ တိုးမပေါက်ဘူး။ ကျမတို့ရဲ့ဝမ်းကွဲညီမ ကြည်ကြည်ညွန့်နဲ့ သူ့အမေအန်တီမအေးခင်ဖက်က ညီမတွေရောပါဘဲ။ အဲ့ဒီအရွယ်ကထဲက မိန်းကလေးတွေရဲ့ဇာတိများ ပြိုင်ချင်ဆိုင်ချင်တတ်တာ မွေးရာပါဗီဇလေလားလို့ထင်မိပါတယ်။ အဲ့ဒီမှာအဖေ့ငယ်သူငယ်ချင်း ဦးအုန်းခင်ရဲ့ဇနီးဒေါ်အေးမြိုင်နဲ့ သ္မီးချောလေးတွေက လေးယောက်။ ကျမတို့ညီအစ်မတွေက တစ်လှေကြီး။ အဖေတို့သူငယ်ချင်းတွေက ငယ်စဥ်က ကိုယ့်အိမ်တက်စား၊သူ့အိမ်တက်စားနေလာကြသူတွေမို့ ဧရာဝတီသင်္ဘောကြီးကိုစောင့်ရင်း ငယ်ကအကြောင်းတွေ ပြောလို့ရယ်ပွဲဖွဲ့မကုန်ပေါ့လေ။ နောက်တော့မှ ကလေးတွေအကြောင်းမေးတော့၊ အဖေတို့ကသ္မီးတွေကိုမိတ်ဆက်ပေးကြတာ။ ပွဲက အဲ့ဒီမှာစတာဘဲ။ ဦးလေးကိုအုန်းခင်သ္မီးအကြီးဆုံး မမကြီး ကတော့သဘောကောင်းပြီးရေလိုက်ငါးလိုက်နေတတ်တယ်။ အငယ်မ ပေစိ (ရီရီမြင့်) ကတော့ ငယ်ကထဲကသိပ်ဟန်လုပ်ပြီး “မတူမတန်”သလိုရုပ်နဲ့၊ အမြင်ကပ်ဖို့ကောင်းပါ့။ အဲ့ဒီတုန်းကတော့ သူတို့နှစ်ယောက်ကိုဘဲ သိလိုက်ပါတယ်။သူတို့ကညီအစ်မလေးယောက်ပါ။ မမကြီးကချစ်ဖို့ကောင်းပြီး ပေစိက ကြီးကျယ်ပုံနဲ့မို့ အမှတ်ထင်ထင်ဖြစ်တာပါ။။ အဖေရဲ့အရှိန်လဲရှိကြတာကို။ ဦးလေးက ရဲအရာရှိကြီးပါ။

    ရွာဘုန်းကြီးပျံပွဲက သိပ်စည်ကားတာပါဘဲ။ ကျမရဲ့အစ်မခင်သန်းဆွေက လှေလှော်ယိမ်းမှာပါတယ်လေ။ သူကလဲကွမ်းတောင်ကိုင်မင်းသမီးပေါ့။ အစ်မမတင်ဦးကတော့ ကျမတို့ကိုလက်ဆွဲပြီးလိုက်ပြရှာတာ။ “အေးရင့်ကြူး”တာလဲတွေ့ဘူးခဲ့ပါတယ်။ မင်းသမီးကဘုန်းကြီးရဲ့ကောင်းကွက်တွေကို ​ ပြောပြောပြီးငိုတာလေ။

    ပေစိတို့နဲ့ကတော့အသက်တွေကြီးလာကြတော့လဲ ခုချိန်ထိခင်ခင်မင်မင်ပါဘဲ။ သူ့အကြောင်း ကိုယ့်အကြောင်းမသိခင်က ဟန်တွေ ထယ်ကြခြင်းပါ။ ပေစိတို့အမေအန်တီဒေါ်အေးမြိုင်က အမေ့ကိုသိပ်ခင်ရှာတာ။ ဟောဟောဒိုင်းဒိုင်းနဲ့ချစ်ဖို့ကောင်းတယ်။ ရေစက်ရှိရင် ကြံဖန်ဆုံတတ်တာများ၊ဘွဲ့ရလို့အလုပ်ရတော့ P I C. မှာပြန်ဆုံကြတာ။ဌာနချင်းတော့မတူဘူးလေ။ သူတို့ညီအစ်မက ဘဏ္ဍာရေးဌာနမှာပါ။ ပေစိက ကြီးလာတော့သူ့အမေလိုဘဲ ချစ်ဖို့ကောင်းပါတယ်။ ကုလားမကြီးတို့၊နီနီတို့ရောပါဘဲ။ မမကြီးကတော့ ခပ်ငယ်ငယ်ကဘဲ တိမ်းပါးသွားရှာတာပါ။

    အဖေဆုံးပြီး ကျမတစ်ယောက်ထဲ အန်တီမအေးခင်၊ ကြည်ကြည်ညွန့်တို့နဲ့ ထန်းတပင်ကိုသွားရပါသေးတယ်။ အစ်မ ခင်သန်းဆွေရဲ့မင်္ဂလာဆောင်ကိုပါ။ အဖေမရှိတော့တာ အမေကြီးကိုအသိမပေးထားကြတော့ အနေခက်စွာနဲ့ ကျမကမျက်ရည်တရွှဲရွှဲပေါ့။ အမေကြီးစိတ်ထဲမှာတော့ သူ့သားလေးမလာတာ၊ အမေကိုစိတ်ဆိုးသွားတယ်လို့ထင်ရှာတာ။ “မိအောင် ၊ ညည်းအဖေ အမေကြီးကို စိတ်ကောက်ပြီးမလာတာလား” လို့မေးရှာသေးတာ။ အစ်မခင်သန်းဆွေကို အဖေကချစ်တော့ မင်္ဂလာဆောင်ကိုတော့ လာမှာဘဲလို့တွက်ထားတယ်ထင်ပါရဲ့။ နောက်ပိုင်းတော့ အမေကြီးဆုံးတော့မှသာ အမေနဲ့တစ်ခေါက်ထပ်ရောက်ပါတယ်။ နောက်ထပ်တစ်ခေါက်ကတော့ အမေကြီးဆုံးပြီး သုံးလေးလလောက်ကြာမှ အမွေကိစ္စ လက်မှတ်ထိုးပေးဖို့ အမေနဲ့ထန်းတပင်ကိုသွားရတာပါ။ နေ့ချင်းပြန်သွားချင်တော့ မှော်ဘီတစ်ဖက်ကမ်း (ရွှေလှေကြီး) ကနေမော်တော်လေးနဲ့ကူးရတာပါ။ လူတွေများလေ ကိုယ့်ကိစ္စ မဟုတ်လဲ စပ်စပ်စုစု ဝင်ပါတတ်ကြတာ ကျမလုံးဝ မကြိုက်တဲ့အချက်ပါဘဲ။ မော်တော်လေးက ချောင်းထဲကဝင်ပြီးကမ်းကပ်ပေးလို့ ဆင်းဆင်းခြင်း အမေ့ကိုတွေ့ကြတော့၊- – “ဟယ်၊ မခင်မေရေ ကိုအောင်ကြည်ရဲ့သ္မီးလေးလား၊ အမွေ လာခွဲကြတာလား” လို့ စပ်စုကြတာ။ “ဟင်း၊ ကိုအောင်ကြည်ရဲ့သ္မီးမဟုတ်လို့ ဘယ်သူ့သ္မီးဖြစ်ရမှာလဲ” လို့၊ စိတ်ထဲကရန်ဖြစ်လိုက်သေးတယ်။ အမွေလာခွဲတာလားမေးတာ ကျမဖြင့်ရှက်လိုက်တာ။ လူတွေများအံ့သြစရာ။ ကျမတို့ရဲ့အမွေက စာရွက်ပေါ်မှာဘဲရှိခဲ့တာပါ။

    ဘာမဆိုစားထိုက်မှစားရတာ၊ ရသင့်မှ ရကြမှာပါ။

    ကျမတို့ ရဲ့ကျေးဇူးရှင် အမေက​ အဖေမရှိတော့တဲ့အချိန်ကထဲက ပြောပြီးသား၊ “ပညာအမွေကိုသာ ရအောင်ယူ ” တဲ့။ ။

    – – – မှန်လိုက်တာ – – –

  • အမှတ်ရမိတယ် – ( ၂ )

    အမှတ်ရမိတယ် – ( ၂ )

    ဒေါ်မိအောင် Daw Mi Aung

    ညဖက်နဲနဲစောပြီးအိပ်လိုက်မိလို့၊နံနက်၃နာရီလောက်နိုးပြီး၊ အတွေးတွေ တောင်ရောက် မြောက်ရောက်နဲ့ပါ။ ပျော်စရာ၊ ဝမ်းနဲစရာ၊ ကြေကွဲစရာတွေမို့ ကုသိုလ်စိတ်ထက် အကုသိုလ်စိတ်ကပိုနေမလားဘဲ။ ကုသိုလ်စိတ်ကလေး ကိုတွေးမိ တော့ကြည်နူးရပါတယ်။ ဒဂုံကိုပြောင်းလာကထဲက အမေ့ခမြာမှာ တခါလောက်ဘဲ “ဇနိတာရာမ”မှာ တရား စခန်းဝင်ရရှာတာ။ အိမ်နဲ့လဲအလှမ်းကဝေး (အဲ့ဒီအချိန်ကသွားရေးလာရေးခက်ပါတယ်။) နေတော့မပို့နိုင်ပါဘူး။ တစ်ခေါက် လေးပို့ဖြစ်တယ်၊ အမေက တအားမူးတာနဲ့ ဆရာတော်ကကားစီစဥ်ပေးပြီး အိမ်ကိုပြန်ပို့ခိုင်းပေးလို့တော်ပါသေးရဲ့။ ညနေဖက်ဆို ဒဂုံကို ကားငှားရတာအဆင်မပြေလှလို့ပါ။ မောင်လေးတို့ဆုံးတော့ အမေ့ကို တရားစခန်းသွားစေချင်လွန်းလို့ သုဝဏ္ဏ မှာသင်္ကြန် ရက်စခန်းဝင်ခိုင်းပါသေးတယ်။

    နောက်တစ်နှစ်တော့ ကျမတို့ရုံးကပြန်လာရင် အမြဲတမ်းတွေ့နေရတဲ့၊ မြေကြီးတွေကို သံဃာတွေကိုယ်တိုင်သယ်ပြီး မြေဖို့ နေတဲ့ဘုန်းကြီးကျောင်းလေးမှာ သင်္ကြန်တရားစခန်းပွဲအချိန်ဇယားလေးရေးထားပါတယ်။ ကျမကဖြတ်ကနဲ ဝမ်းသာ သွားပြီး၊ စပ်စုလိုက်တာပေါ့။ ဒီလိုနဲ့အမေလဲ တရားစခန်းဝင်ဖြစ်သွားရပါတော့တယ်။ သက်ဆုံးတိုင်ပါဘဲ။ အဲ့ဒီတုန်းကလေ ထရံကာ ထားတဲ့သစ်သားကျောင်းလေးတစ်ဆောင်ဘဲရှိသေးတာ။ တရားထိုင်ကြဖို့ကိုတော့ ကျောင်းဘေး ကွက်လပ်လေးမှာ တာလ ပတ်မိုးလို့၊ဖြစ်ချင်တော့မိုးကရွာလိုက်သေးတာမို့၊ပျော်စရာကောင်းသေးတော့တယ်။ ဘုန်းဘုန်းက တစ်နှစ်လုံးမှ သင်္ကြန် ၇ရက်စခန်းပွဲလေးဘဲဖွင့်နိုင်သေးတာပါ။ ဥပုသ်နေ့ကစနေ၊ တနင်္ဂနွေနဲ့တိုက်တဲ့ အခါများဆိုရင်တော့သားအမိသုံးယောက် ဥပုသ်စောင့်သွားကြတာ။ ထမင်းဂျိုင့်လေးနဲ့အချိုပွဲလေးနဲ့ပေါ့။ ဘုန်းဘုန်းရဲ့ ကျေးဇူးကြောင့် ကျမတို့ညီအစ်မ လဲနောင် နှစ် တွေမှာတရားစခန်းတွေဝင်ဖြစ်ပါတယ်။ အိမ်ကိုလဲ ညအခါပစ်ထားလို့မရလေတော့ ၊ဘုန်းဘုန်းက “နေ့ယောဂီ” အနေနဲ့တရား စခန်းဝင်ခွင့်ပြုလို့ပါ။

    ကျမတို့နေရတဲ့အဆောင်ကနေ ထမင်းဟင်းချက်တဲ့အဆောင်ကိုမြင်နေရပါတယ်။ နဲနဲလဲငယ်ကြသေးတော့ မမသန်းမြင့်ရဲ့သ္မီး သူဇာကဆို “ဒီနေ့ ကြက်သားဟင်း၊ ငါးဟင်း”စသဖြင့်ပေါ့ လှမ်းကြည့်ပြီး၊ “အမရေ “တရားသား”တွေတက်လာပြီ၊ ဒီနေ့ဟင်း ကောင်းတယ်” လို့အော်တတ်သေးတာ။ အချိုပွဲမှာရေခဲမုန့်ပါတဲ့နေ့ဆို တအားပျော်ကြတာပါဘဲ။ ညနေစောင်းရင်တော့ ကျမ တို့ညီအစ်မကဘုန်းကြီးကျောင်းမှာ ညမအိပ်ဘဲ အိမ်ပြန်ကြတာမို့ မနက်လာရင် ဘာလေးဖြင့်ဝယ်ခဲ့ပေးပါ ဆိုပြီးမှာတတ် ကြသေးတာ။ ကျမတို့ကညနေအိမ်ပြန်ရောက်ရင် ဂျင်းတွေပါးပါးလှီး၊ ရေဆေးပြီး ရှောက်ရည်ညှစ်ထား၊ ကျောင်းသွားတော့ သယ်၊ ညရောက်တော့ ညဂျင်းသုတ်ကို ရေခွက်ကြီးထဲ ထည့်သုတ်ပြီး၊ယောဂီတွေကို ကျွေးကြတာ။ ကုသိုလ်လဲရ၊ ပျော်လဲ ပျော်ပေါ့။

    ရွှေခြံဆရာတော်ဦးဇာဂရိယရဲ့ သီလဂုဏ်၊သမာဓိဂုဏ်နဲ့ ကြိုးစားအားထုတ်မှုကတော့အံ့မခန်းပါဘဲ။ ယ္ခုဆိုရင်တော့ ကျောင်းတိုက်ကြီးကလဲကောင်း၊ နေရာကလဲကျယ်ဝန်းလှတဲ့အပြင်၊ ကျောင်းနဲ့မျက်နှာချင်းဆိုင်မြေကွက်လဲ လျှောက်လို့ ရလိုက်တော့၊ “အောင်ဇေယျအောင်ရွှေဂူကြီးဘုရား”ကြီးကိုလဲ တည်နိုင်ပါတယ်။ ကိုယ်တွေလဲလှူဖြစ်တန်းဖြစ် ကြတာပေါ့။ အမေ တရားစခန်းဝင်တဲ့ ကျောင်းမှန်သမျှ၊ စစချင်း ကျောင်းပိစိလေးကနေ ကျောင်းကြီးဖြစ်သွားတတ်တာ။

    ယ္ခု ဒဂုံမြို့သစ်အရှေ့ပိုင်း၊ရှင်ထွေးညိုလမ်းက ရွှေခြံဓမ္မရိပ်သာကျောင်းတိုက်ကြီးကတော့၊အမေ ၂၆နှစ်လုံးလုံး စဥ်ဆက်မပြတ် တရားစခန်းဝင်သွားခဲ့တာပါ။ နောက်ပိုင်း တစ်လကို ၁၀ရက်စခန်းပွဲ နှစ်ကြိမ်ကျင်းပ ပါတယ်။

    အမေတရားစခန်းဝင်တဲ့အခါဆို အိမ်ကိုသော့ပိတ်ထားပြီးကျမတို့ ညီအစ်မအလုပ်သွားရပါတယ်။ ကျမကတော့ အလုပ်အသွားမှာ အမေဘာလိုချင်လဲတခါဝင်မေး၊ အပြန်မှာအမေ့ရဲ့အဝတ်အဟောင်းတွေပြန်ယူရင်း၊ အမေမှာတဲ့ပစ္စည်းနဲ့မုန့် စတာတွေပေးရတာပေါ့။အမေ့ကျန်းမာရေးလဲသိရတာပေါ့လေ။ ဒါပေမဲ့ ကျမရောက်တာနဲ့ ဆီးပြီးအတိုင်ခံရတာတော့ အဝတ်ကိုတိတ်တိတ်လေးယူသွားပြီးလျှော်တာနဲ့ ရေအကြာကြီးချိုးတာပါဘဲ။ယောဂီတွေက အမေ့ကိုချစ်ကြလို့ပါ။ ကျမတို့အိမ်ကနေ ဘတ်(စ)ကားဂိတ်ကိုသွားရင် ဘုန်းကြီးကျောင်းကို ဖြတ်ပြီးသွားရတာမို့ အမေ့ကို ဝင်ပြီးကြည့်ရတာ အဆင်ပြေလွန်းလှပါတယ်။ မိမာရဲ့ခင်ပွန်းဆုံးပြီးတော့ ကျမတို့နဲ့အတူလာနေတဲ့အခါကျတော့၊ ကျမတို့လဲသင်္ကြန်တရား စခန်းပွဲလေး တစ်ပွဲတော့ အမေနဲ့အတူ ဝင်ဖြစ်ပါတယ်။မိမာတို့သားအမိတွေအိမ်စောင့်ရှိသွားတာမို့ပါ။

    တရားစခန်းက နားတဲ့ရက်တွေမှာတော့ အမေက တစ်ခြံလုံးပတ်နေတော့တာပါဘဲ။ ဓါးကိုင်ပြီးထွက်လိုက်၊ ထွန်ခြစ်ကိုင် ပြီးထွက်လိုက်နဲ့ မနားကိုမနားတာမို့ အိမ်မှာကျန်ခဲ့တဲ့မိမာနဲ့တကျက်ကျက်။ ကျမနဲ့ဝက်ပေါ အလုပ်ကပြန်ရောက်ရင်တော့ ဆူပုပ်ပြီး ထိုင်နေတတ်ကြတာ၊အမောပြေလေးပေါ့။ တစ်ခါများ ခုတ်ထားတဲ့အုန်းတုံးပေါ်တက်ပြီး၊ ခြံစည်းရိုးမှာတက် နေတဲ့နွယ်ပင်တွေကို ထွန်ခြစ်နဲ့ဆွဲတာလေ။ ဘုရား ဘုရား အုန်းတုံးပေါ်ကများခြေချော်ကျပြီး၊ထွန်ခြစ်ပေါ်ကျလိုက်လို့ကတော့ မတွေးရဲစရာပါဘဲ။ စိတ်ကောက်ပြီး ထမင်းမစားတော့ဘူးဆိုတာမျိုးကပါလိုက်သေးတာ။

    သရက်သီးပေါ်ချိန်ဆိုရင်တော့ အင်မတန်ကိုစိတ်ညစ်ရတာပါ။ အိမ်ကိုလာတဲ့ ယောကျ်ားလေးတွေကို သရက်သီးခူးပေး ဖို့ပူဆာတတ်တာ။ ကျမတို့ညီအစ်မတွေနဲ့အမြဲစကားများရတာ။နောက်ဆုံးနားညည်းတာ မခံနိုင်တော့ လူငှားခေါ်ပြီး သရက်သီးတက်ခူးခိုင်းရတာ။ ခူးပြီးပြန်တော့ အိမ်ရှေ့ပိတောက်ပင်က အရွက်တွေခူးပြီး၊ သရက်သီးမှည့်အောင် အုပ်တော့တာပါဘဲ။ မျက်စေ့ကိုနောက်ရော။ ဝက်ပေါဆို သရက်သီးမှည့်ကိုမစားတော့တာ။ သရက်သီးမှည့်ပြန်တော့ တစခန်းထလာပြန်ပါပြီ။ သူ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေကသရက်သီးမှည့်သိပ်ကြိုက်ကြတာမို့ “ပေးချင်လိုက်တာအေ၊ ကျွေးချင်လိုက်တာအေ” ဆိုပြီး ဂျီထိုးတတ်ပြန်ပါရော။ “အမေရယ် သူတို့ဝယ်စားနိုင်ပါတယ်” လို့ပြောရင် ၊ ” မတူဘူး ၊ကျုပ်သရက်သီးက ဆေးတို့ထားတာ မဟုတ်ဘူး” တဲ့လေ။

    ချွင်းချက်။ ။ သူများအိမ်မှာသရက်သီးသီးရင်ပိုက်ဆံရပြီး၊ ကျမတို့အိမ်ကသရက်သီးသီးရင် ခူးခနဲ့လမ်းစရိတ် ပိုက်ဆံကုန်ပါတယ်။ အဲ့ဒီတော့သ္မီးတွေကမနေနိုင်၊နားညည်းမခံနိုင်တော့၊ ကားငှားပြီး လိုက်ပို့ပေးရပြန်တာပေါ့။ အမေတို့များ အတော်တတ်နိုင်ပါတယ်။ လုပ်ချင်တာလေးများလုပ်လိုက်ရတော့ ကျေနပ်ပြီး၊ကားရှေ့ခန်းမှာ ပြုံးပြုံးကြီးထိုင်လို့။ (အဖေ အလိုလိုက်ထားခဲ့လို့ ကလေးလိုဆိုးတတ်တာ။) ပြန်တွေးမိတော့ အမေလုပ်ချင်တာမှန်သမျှပြည့်စုံအောင် လုပ်ပေးနိုင်ခဲ့မိလို့၊ အမေ့ကို ဘာလေးမလုပ်ပေးလိုက်ရဘူးဆိုတဲ့ “နောင်တ”မျိုးမရ – ရတော့တာပါ။

    ကျမတို့အမေကလဲလေ -တကယ်ကိုထူးခြားတဲ့စွမ်းရည်ရှိတဲ့သူပါ။ သားသ္မီးတွေကို – “လောကီ “အရေးအတွက် ပညာတတ်အောင်၊ လူမှုဆက်ဆံရေးပြေပြစ်အောင် သင်ပေးခဲ့တဲ့အပြင်၊ ‘ လောကုတ္တရာ ” အရေးအတွက်လဲ “အပါယ်” မကျရလေအောင် ရှေ့ဆောင်လမ်းပြခဲ့တာမို့ ၊

    ကျေးဇူးအနန္တပါ – – –

  • လမ်းကြိုက်တဲ့ အမေ

    လမ်းကြိုက်တဲ့ အမေ

    ဒေါ်မိအောင် Daw Mi Aung

    “သွားပါများခရီးရောက် – – – – မအိပ်မနေ အသက်ရှည် – – – -“ဆိုလို့ အမေကတော့ခရီးသွားတာ ဝါသနာပါလွန်းလို့၊အသက်၉၀ကျော်တဲ့အထိကိုအသက်ရှည်အနာမဲ့စွာဖြင့် ခရီးတွေ ထွက်ခဲ့ကြတာပါဘဲ။ ယ္ခုအထိ စိတ်မကောင်းဖြစ်နေမိတာကတော့ ဆရာတော်က ဗုဒ္ဓဂါယာထည့်လိုက်ဖို့ခေါ်စဥ်ကမထည့်လိုက်ရတာပါဘဲ။ အဲ့ဒီအချိန်က အမေ့ကိုထည့်လိုက်နိုင်ဖို့ ငွေပြည့်စုံပေမဲ့၊ သူ့အတွက်အဖေါ်တစ်ယောက်လိုက်ဖို့က မနိုင်ဝန်ဖြစ်နေခဲ့လို့ပါ။ တရားစခန်းကယောဂီတွေကလဲ သူတို့ဘယ်သွားသွား ဒေါ်ခင်မေကိုအရခေါ်ကြတာ။

    ပထမဆုံး ရွှေခြံဆရာတော် ဘဒ္ဒန္တရ ဇာဂရိယကရွာကို လိုက်ခဲ့ဖို့ မယ်တော်ကြီးတွေကိုခေါ်တော့လဲ အမေရှေ့ဆုံးကပါတာပါဘဲ။ နတ်ကြိုတောရွာက မြင်းခြံမှာ ရှိတာပါ။ အမေ့ကိုထည့်လိုက်ဖို့ ပြောကြတဲ့ မမဒေါ်သန်းမြင့်၊ ဒေါ်ရွှေ၊ ဒေါ်မြင့်မြင့်သန်း တို့ကိုကျေးဇူးတင်ပါတယ်။ အန်တီဒေါ်ခင်မြင့်ကတော့ အမေ့ကိုကူချင်ပေမဲ့ အမေ့လောက်တောင် သွက်သွက်လက်လက်မရှိလို့ အမေကသူ့သ္မီးတွေကိုဆူသလိုမျိုးဆူတတ်သေးတာ။ အမေက ကိုယ်ကချွတ်လိုက်တဲ့အဝတ်ဆိုရင်လဲ မလျှော်နိုင်သေးရင် သပ်သပ်ရပ်ရပ်ထားမှကြိုက်တော့ အမြင်မတော်ရင် ပြောလဲပြော၊သိမ်းလဲသိမ်းတတ်တာ။ သူတို့ကလဲ အမေဆူလို့ကတော့ ပန်းနဲ့ပေါက်တယ် လို့သဘောထားတတ်ကြတာ။

    ရွာကိုအတူလိုက်သွားကြတဲ့သူတွေက အမေ့ကို “တကယ်တော်တယ်ဟယ်၊ ဘာမှကရိကထမရှိဘူး၊ပိပြားနေတာဘဲ။ မနက်အစောထပြီး အေးတဲ့ရာသီမှာတောင် ရေမိုးချိုးဖီးလိမ်းပြီး၊ နောက်ထပ်သွားစရာရှိတာသွားဖို့ အဆင်သင့်သိမ်းဆည်းပြီးပြီ။ တို့တတွေကိုမှစောင့်ရသေးတာ” လို့ပြောကြတာ။ အဲ့ဒီလို သူများကို ဝန်မပိစေတတ်တော့ ဘယ်သွားသွားခေါ်ချင်ကြတာပေါ့။ မန္တလေးရောက်တော့ “တည်းရတဲ့အိမ်ကြီးကကောင်းလိုက်တာအေ၊အမေတို့ကိုအိမ်ပေါ်ထပ်မှာနေရာချပေးတာ အကြိုက်ဘဲ” တဲ့။ အမေက အသက်ကြီးလို့ဆိုပြီး၊ ကုတင်ရဲ့အတွင်းဖက်မှာထား၊ မမသန်းမြင့်နဲ့မမရွှေက အမေလိမ့်ကျမှာ စိုးလို့ဘေးဖက် မှာအိပ်ကြသတဲ့။ မနက်ကျတော့ အမေ့ကို အမေဆီးသွားချင်ရင်လိုက်ပို့မယ်ပေါ့။ အမေကလေ သူတို့နှစ်ယောက်ကို “S ကောင်မတွေ၊ အမေဖြင့်သူတို့နှစ်ယောက်ကို ကျော်ပြီး၊ အောက်ထပ်ကို ဆင်းပြီးဆီးသွားတာ မနိုးကြဘဲနဲ့၊ ငါ့သ္မီးတွေအိပ်လိုက် ကြတာအေ၊ သေနေသလားအောက်မေ့ရတယ်” လို့ပြောပြီးရယ်လိုက်တာတဲ့။

    နောက်တခါ ပုသိမ်၊ဝါးယားချောင်းရွာမှာ ဆရာတော်ရဲ့ သူငယ်ချင်းကိုယ်တော်က တရားစခန်းဖွင့်မှာမို့ဖိတ်ပြန်ရော။ ယောဂီတွေကိုလဲလိုက်ခဲ့ကြဖို့၊ချောင်းသာကိုလဲပို့ပေးမယ်ဆိုတော့ အိမ်က ဒေါ်ခင်မေ ဘယ်နေလိမ့်မလဲ။ ပါသွားပြန်ရော။ ကိုယ်တွေက “အမေ ရေဆင်းမကူးနဲ့နော်”လို့ဘဲမှာရတော့တာပေါ့။ ပြန်ရောက်လို့ အိမ်ရှေ့ကိုကားဆိုက်တော့ “ဘုန်းဘုန်း အမေရေထဲဆင်းသေးလား” မေးတော့၊ “မသိပါဘူးဗျာ၊ဘုန်းဘုန်း ကအပေါ်ထပ်မှာနေတာ။ သူတို့ကအောက်ထပ်မှာ မိုးချုပ်ခါနီးမှ သူတို့အသံကြားရတာ၊သူတို့သာမေးကြည့် ” လို့ပြန်ဖြေကထဲက ကိုယ့်အမေအကြောင်းသိပြီးသား။ အမေကရေသိပ်ကြိုက်တာ။ ရေကူးလဲကျွမ်း၊ ရေထဲရောက်ရင် သူများကိုလဲ အလွန်နောက်တတ်တာ။အမေ့အဝတ်တွေ လျှော်ပေးဖို့ထုတ်လိုက်တော့ သဲတွေပေနေတဲ့ ရေစိုအဝတ်တွေထွက်လာတာပါဘဲ။ ရေထဲမဆင်းဘူးဆိုတာ ဟုတ်ပါ့မလား။

    နောက်တခါ မမသန်းမြင့်၊မမခင်မြင့် (အမေ့အခေါ် ဖက်တီးကြီး) တို့မော်တင်စွန်းသွားကြမယ်ဆိုတော့လဲ မလိုက်စေချင်ပေမဲ့ အတင်းခေါ်ကြတော့ ပါသွားပြန်တာပါဘဲ။ ဘာမှလျှောက်မဝယ်ခဲ့နဲ့နော်လို့မှာလိုက်ပေမဲ့ ငပိစိမ်းစား၊ ငါးခြောက်တော့ ဝယ်လာ သေးတာ။

    န်ခဲ့တဲ့ ၃/၄နှစ်လောက်ကတော့ အလောင်းတော်ကဿဖ သွားကြမယ်လို့ မမသန်းမြင့်၊ မမခင်မြင့်တို့စီစဥ်ကြတော့လဲ ၊ အမေ့ကို သိပ်အသက်ကြီးနေပြီ ခေါ်လို့ ဖြစ်ပါ့မလားလို့ တိုးတိုးတိတ်တိတ်လာပြောကြတယ်။ ပြီးတော့ မခေါ်ရင် အမေသိပ်ဝမ်းနည်းမှာ လို့လဲတွေး ကြပြန်တော့ ကိုယ်ဘဲအဖေါ်လိုက်မယ်၊ အမေလိုက်မလားမေးကြည့် ဆိုတော့ “လိုက်မှာ “တဲ့လေ။ ကဲ ဘာပြောချင် ကြသေးလဲ။ အမေကပြောသေးတယ် ” ငါ့သား ဘုန်းကြီးမသိစေနဲ့ “တဲ့။ ဆရာတော်က အမေကသိပ်ကျန်းမာပြီး၊ အသက်က လဲကြီးတော့ လမ်းမှာတစ်ခုခုဖြစ်မှာစိုးရိမ်ရှာလို့ အလောင်းတော်ကဿဖ သွားရင် မယ်တော်ကြီးကို မခေါ်ရဘူး လို့ပြော ထားတာကို။

    မမသန်းမြင့်တို့မိသားစုနဲ့ဆွေမျိုးများ၊ မမခင်မြင့် သ္မီးနဲ့မြေးမလေး၊ ကျမတို့သားအမိတတွေ သန်းဌေးနှင့်ရောင်းရင်းများ Expressကားကြီးစီးလုံးငှားပြီး အလောင်းတော်ကဿဖခရီးကိုည ၇နာရီလောက် စထွက်လိုက်ကြတာ။ လူစုလို့ပြီးတော့ ရန်ကုန်က ည၉နာရီမှထွက်ဖြစ်တော့ပါတယ်။ ဘုရား၊ဘုရား ၃၉မိုင်လဲရောက်ရော အမေ့ကို ဆီးသွားခိုင်းဖို့ ကားအောက် လဲရောက်ရော အမေမူးတယ်ဆိုပြီး အန်ပါရော။ ကျမတို့နဲ့အတူ ခရီးသွားသူတွေအားလုံးစိတ်ပူကြတာပေါ့။ကျမက “အမေ ကားငှားပြီးအိမ်ပြန်ရအောင်၊” ဆိုတော့ “မပြန်ပါဘူး၊ရတယ်” လို့ပြောလို့ တထိတ်ထိတ်နဲ့ခရီးဆက်ခဲ့ကြရပါတယ်။ အမေ့ခေါင်းဖက်ကို ကျမပေါင်ဖေါ်မှာပွေ့ထားပြီး၊ သူ့ထိုင်ခုံဖက်မှာခြေထောက်ထား၊ ဆေးတိုက်ပြီးတလမ်းလုံးအိပ်ခိုင်းခဲ့တာ၊ နံနက်၅နာရီခွဲလောက် မကွေးကိုရောက်တော့ အမေကကြည်ကြည်လင်လင်ဘဲအိပ်ယာကနိုးလာပါတယ်။တော်သေးတာပေါ့။ လက်ဖက်ရည်ဆိုင်ရောက်တော့ အမေကကားပေါ်က ဆင်းဆင်းချင်း ကန်ဇွန်းဥပြုတ်စားမယ်ဆိုလို့၊ ချော့မော့ပြီး ရင်မ ပြည့်တာစားပါအမေရယ် လို့ပြောရပါတယ်။ နေ့လည် ရွှေစက်တော်လဲရောက်ရော၊ ရေချိုးပါ့မယ်ဆိုလို့ နေနဲနဲကျမှ ချိုးပါ ဆိုပြီးတောင်းပန်ရပါတယ်။ တော်တော်ကဲတာ။

    နောက်တနေ့ ခရီးဆက်ထွက်လာလိုက်တာ မုံရွာကိုရောက်တော့ညနေ၃နာရီကျော်လောက်ဟိုတယ်ရောက်တော့ ကျမတို့ သားအမိက တစ်ခန်း၊ ခန နားခိုင်းပြီး၊ရေမိုးချိုးထမင်းစားကြတော့၊ ကားသမားက မနက်၂နာရီမှာအလောင်းတော်ကဿဖ ကိုခရီးစထွက်မယ်လို့ပြောပါတယ်။ ကျမကိုအတင်းကိုဖိပြီးအိပ်ခိုင်းတော့တာပါ၊မနက်အစောသွားရမှာမို့တဲ့။ ကိုယ့်ကို သူများစောင့်ရတာမျိုး အမေက လုံးဝမကြိုက်တာလေ။ ကျမလဲအိပ်ပျော်သွားလိုက်တာ လန့်နိုးတော့ အမေကရေမိုးချိုး ပြင်ဆင်ပြီးကုတင်ပေါ်မှာထိုင်လို့။ နာရီကြည့်လိုက်တော ည၁နာရီဘဲ ရှိသေးတာ၊ အဲ့ဒီတော့မှာ အဲယားကွန်းကို နဲနဲလျှော့ပေးပါ တဲ့လေ။ စိတ်ကိုပူသွားတာဘဲ။နေကောင်းရဲ့လားဆိုတော့ ၊ “ဘာမှမဖြစ်ဘူး ၊ သ္မီးရေချိုးပြီးထွက်လာရင်အအေးမိမှာစိုးလို့ပါ”တဲ့။ * အဲ့ဒါ မိဘ ပါ။*

    ည၂နာရီ ခရီးစထွက်ပြီး၊လက်ဖက်ရည်ဆိုင်ထိုင်ကြတော့၊ ကျမမွေးနေ့မို့ ကားပေါ်ကလူတွေကို နံနက်စာ ဒါနပြုလိုက်ပါတယ်။ အလောင်းတော်ကဿဖ ဆင်စခန်းရောက်တော့ အမေ့ကိုအထမ်းနဲ့ တင်ပေးပြီးကျမတို့က ကုန်းကြောင်းလျှောက်ကြတာပေါ့။ အမေ့ကိုတော့ ဂူအထိမဆင်းခိုင်းပါဘူး။ သိပ်မောမှာစိုးရိမ်လို့ပါ။ အပြန်ကျတော့လဲ အမေကအထမ်းနဲ့ ကိုယ်တို့လူငယ်တွေက ခြေလျင်ပေါ့။ စခန်းရောက်တော့ အမေကအထမ်းသမားလေးကို ငွေ၂၀၀ကျပ်ထုတ်ပေးလို့ ရယ်ရပါသေးတယ်။ တကယ်တော့ အသွားအပြန် ၂၀၀၀၀ကျပ်ပါ။ ညနေဟိုတယ်ကိုပြန်ရောက်တော့ ညနေစောင်းနေပါပြီ။ ညစာစားပြီး မုံရွာမြို့ထဲကို လဲလိုက် ပို့ပါတယ်။

    နောက်နေ့မနက်အစော မုံရွာကဘုရားတွေဖူးပြီး၊ မန္တလေးကိုသွားတော့၊ စစ်ကိုင်းကောင်းမှုတော်လဲရောက်ရော သနပ်ခါးတုံးနဲ့ ကျောက်ပျဥ်ဝယ်ပေးခိုင်းတာ၊ မရမချင်း ဘုရားတောင်ဖြောင့်အောင် မရှိခိုးရပါဘူးဆို။ ကျမမှာ ကျောက်ပျဥ်ကဖက်၊ သနပ်ခါး တုံးတွေနဲ့ အမေ့လက်ကိုလဲဆွဲရသေးတာနဲ့ ကားလမ်းကူးတော့၊ အော်တောင်ငိုချင်ပါတယ်။ အမေကတော့ သူလိုချင်တာရလို့ သိပ်ကိုကျေနပ်သွားလိုက်တာ ကလေးလိုပါဘဲ။ စစ်ကိုင်းကဘုရားတွေဖူးပြီး၊ မန္တလေးရောက်တော့ ညနေအတော် စောင်းနေ ပါပြီ။ မဟာမြတ်မုနိဘုရားကြီးဖူးပြီး၊ ဘုရားကြီနားကရှမ်းစားသောက်ဆိုင်မှာ ညစာစားပြီး၊ ရန်ကုန်ကိုမနက် ၆နာရီလောက် ပြန်ရောက်ကြပါတယ်။ သန်းဌေးနှင့်ရောင်းရင်းများက အစားအသောက်၊ တည်းခိုစရာနေရာအားလုံးကို စေတနာထက်သန်စွာ ပြည့်စုံအောင် ဆောင်ရွက်ပေးတဲ့အတွက် တွေးမိတိုင်း ကျေးဇူးတင်လျက်ပါ။ ဘုရားဖူးအတူသွားကြသူတွေကိုလဲ သိပ်ကို ကျေးဇူးတင်ပါတယ်။

    အမေ နောက်ဆုံးခရီးသွားခဲ့တာကတော့ အမေ့မောင်အငယ်ဆုံးရဲ့ကလေးတွေနဲ့ သူ့ယောင်းမဆီကိုပါ။ ရန်ကုန်ကနေ ရွှေတောင် အထိကိုကားတစ်စီးငှားပြီးသွားကြတာမို့၊ ကျမတို့ညီအစ်မတတွေရော၊ အမေတို့ညီအစ်မရောအတော်ပျော်ခဲ့ကြတာ။ ထမင်း ဟင်းတွေလဲချက်ပြုတ်ပြီးသယ်သွားကြသေး။ လမ်းမှာလဲ တွေ့တာအကုန်ဝယ်စားကြတာ။ ခင်စန်းနုရဲ့ယောကျ်ား ကိုတင်ထွန်း နဲ့ရွှေပေါရဲ့ယောကျ်ားကိုမြင့်ခင်တို့က ခေါင်သူကြီးပေါ့။ ရွှေတောင်က မောင်လေးအကြီးကောင် ဇော်သန်းထွန်း တို့အိမ် ရောက် တော့၊ ဒေသထွက်မုန့်တွေ၊ လက်ဖက်သုတ်တွေစုံအောင်စားလိုက်ကြတာ ထမင်းကိုမစားဖြစ်ပါဘူး။ အမေနဲ့ငြိမ်းငြိမ်းကလဲ မစားဘူးဆိုတော့၊ ရွှေတောင်မှာသူတို့လေးတွေ ကျေနပ်အောင်နေပြီး၊ ပေါင်းတည်က အမေတို့ယောင်းမ မဝေနဲ့ သားအငယ် ရဲလေးတို့အိမ်ကိုလာခဲ့ကြပါတယ်။ ကဲ၊ ထမင်းစားကြမယ်ဆိုတော့၊ ပေါင်းတည်ကနာမယ်ကြီးရေမုန့်တွေ မှာထားတာ စားရမယ်၊ထမင်းနောက်မှစားဆိုလို့၊ မုန့်တွေကိုစားလိုက်ကြတာ ဘယ်လိုလုပ်ပြီးထမင်းစားနိုင်ကြတော့မှာလဲ။ ဒီလိုနဲ့ပြန်လာလိုက်ကြတာ ရန်ကုန်ကိုမိုးချုပ်မှရောက်တော့ စားသောက်ဆိုင်မှာဝင်ပြီးညစာစားကြတာပေါ့။ အိမ်ပြန်ရောက်တော့ ည၉နာရီလောက်ဖြစ်ပြီ။ စိတ်မကောင်းစရာက ထမင်းဟင်းတွေ ပါပီတွေဆီရောက်ကုန်တာပေါ့။ ကုသိုလ်တော့ရပါတယ်။ ဟီးဟီး၊ ယာကုအိုးကြီးကွဲလို့ ရွှေစည်းခုံ လှူလိုက်မိလေသလား။ ဦးတင်ထွန်းက “ငါ့နဲ့ဟယ် အဖွားကြီးနှစ်ယောက်ကို ထမင်းမကျွေးမိလေခြင်း” ဆိုပြီး စိတ်မကောင်းလို့အမြဲပြောနေတော့တာ။

    အမေကလေ ပေါင်းတည်ကပြန်လာလို့ အိမ်နားရောက်တော့ ကားမောင်းတဲ့ကိုလှဦးကို “အမေတို့ပုဂံသွားကြမယ်သားရေ” လို့ပြောတာ။ အမေ့ကို ပုဂံလိုက်မပို့ပေးလိုက်ရပါဘူး။

    ခရီးတွေသွားရင်း အသက်ရှည်တာ၊အနာကင်းခဲ့တာ – – – – နောက်များမှ မိသားစု မိုးကုတ်၊မော်လမြိုင်ခရီးစဥ်လေး ။ ။

  • ပျော်ခဲ့ရတစ်ခဏ

    ပျော်ခဲ့ရတစ်ခဏ

    ဒေါ်မိအောင် Daw Mi Aung

    ပျော်တပြုံးပြုံးနဲ့ အတူသွားအတူစားနေလာခဲ့ကြပေမဲ့၊အချိန်တန်တော့လဲ သူ့လမ်းသူသွား၊ကိုယ့်လမ်းကိုယ်သွားနဲ့ ခုချိန်အထိ မခွဲတမ်းနေကြသူတွေရှိသလို၊ လုံးဝကိုပြန်မတွေ့ရတော့တဲ့သူတွေလဲအများကြီးပါဘဲ။ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း အားလုံးပါဘဲ။

    စကားဝါပင်လမ်းမှာကဆွမ်းကြီးလောင်းပွဲဆိုတအားပျော်ဖို့ကောင်းခဲ့တာ။ အရပ်ပွဲလေးတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့၊ ကျမတို့မောင် နှမတွေကလွဲလို့ စင်ပေါ်တက်ပြီး မကဘူးတဲ့သူမရှိသလောက်ပါဘဲ။ ဇာတ်စင်က ကျမတို့အိမ်ရှေ့တည့်တည့် ၊မှာထိုးထားတာ ဆိုတော့၊ အမေနဲ့ ရတနာမြိုင်ကားပိုင်ရှင် ဒေါ်ကျင်မြိုင်ကနေမထိ ထိုင်မထိ။ “က”တဲ့ကလေးတွေကို ညလည်စာချက်ကျွေးချင တာလေ။ နှစ်ယောက်သားပိုက်ဆံစုထည့်ကြပြီးစျေးဝယ်ပေး။ ချက်ရတော့ ကျမရယ် အေးအေးဝင်းနဲ့ညွန့်ညွန့်ဝင်း တို့ညီအစ်မ ရယ်ပေါ့။ ပျော်စရာကောင်းသလို စိတ်ညစ်စရာလဲကောင်းပါတယ်။ ချဥ်ရေဟင်းချက်ရင် ငါးဖတ်ကြီးဘဲဆယ်ထားချင် သူနဲ့ဦးဦး ဖျား ဖျားစားရမှကြိုက်သူနဲ့ စုံလို့ပါဘဲ။

    တစ်ရက်တစ်မျိုးကိုနှစ်ညလောက်ချက်ကျွေးကြရတာ။ ဘဲဥအလုံးလိုက်နဲ့ကုလားဟင်းချက်၊ဗလချောင်ကြော်ကတစ်နေ့။ ညည့်နက် ၁နာရီလောက်မှ စားကြတာဆိုတော့လဲ၊တလမ်းလုံးအိုးသံခွက်သံ ဆူဆူညံညံမို့ ပျော်စရာပါဘဲ။ ဝက်ပေါ၊ သန်းသန်း ဝင်း၊ ဖြူဖြူဝင်း၊ တင်တင်ညို၊ ခင်ဝင်းကြည်၊ ရင်ရင်ကြည်၊ နီနီဝင်း၊ မိမာတို့ကငယ်ကြသေးတော့ လက်တိုလက်တောင်းပေါ့။ အဲ့ဒီအုပ်စုကမျက်နှာချင်းဆိုင် သုံးအိမ်ကမိန်းကလေးတွေချည်းမို့ညီအစ်မအရင်းတွေလိုပါဘဲ။ အမြိုင်တို့အိမ်ပေါ်ထပ်က ပေါပေါ၊ မိငယ်၊ ကြွက်နီတို့ညီအစ်မသုံးယောက်ပါပေါင်းလိုက်ရင်တော့ မိန်းကလေးဘောလုံးအသင်းတောင်ထောင်လို့ရသေးတယ်။ ပိုးပမ်းသူတွေလဲခြေချင်းလိမ်လို့တစ်ခေါက်က ၂ခေါက်လျှောက်ပြီဆိုရင်တော့၊နောက်တစ်ခေါက်လာရဲမှာမဟုတ်အောင်လဲ “လောင်” တတ်ကြသေး။ဝင်းမောင်နဲ့ရွယ်တူမောင်လေးတွေကလဲများတာကို။

    လမ်းထဲကလူငယ်တွေကတော့ ဆွမ်းလောင်းပွဲလုပ်မည့်နေ့ဆို တစ်လမ်းလုံးရေဆေးကြ၊တံမြက်စီးလှဲကြနဲ့ အင်မတန်ညီညွတ်ကြတာ။ ယ္ခုအချိန်တော့ ကျမတို့ငယ်ငယ်တုန်းကလိုမှ ဟုတ်ရဲ့လားမသိတော့ပါဘူး။ ကိုယ်လဲ ကြည့်မြင်တိုင်ကထွက်လာတာ ၂၈နှစ်ရှိခဲ့ပြီဘဲ။

    နောက်ပြီး လမ်းထဲမှာ ယောက်ျားလေးတွေက ဘောလုံးပွဲလုပ်ကြရင်လဲ ထမင်းဟင်းချက်ကျွေးကြတာဘဲ။အရင်က W (ဒဗလျူ)ဘောလုံးပွဲတွေလုပ်ကြတာကို။ မောင်လေးဖိုးချိုက ဘောလုံးကန်တာ သိပ်ကောင်းတော့၊အခြားလမ်းတွေက မောင်လေးကိုခေါ်ကစားကြတယ်။ အမေကလုံးဝမကြိုက်ပါဘူး။ အပေါင်းအသင်းများရင် သူ့သားလေး ပျက်စီးသွား မှာစိုးရိမ်လို့ပါတဲ့။ တခါများလေ ဘောလုံးကန်တဲ့ဆီလိုက်သွားပြီး၊ “အမေ့ကိုသတ်ပြီးမှ မင်းဘောလုံးသွားကန်” ဆိုပြီးပြန်ခေါ်လာတာ။ အော်၊ သိပ်အချစ်ခံရတာလဲမကောင်းပါလား။ ဇော်ညွန့်ဆိုတဲ့ကောင်လေးကတော့ ကျမနဲ့ ၁၀တန်းအတူတူ။ သူကလဲဘောလုံးကန်ပြီးရင် ၊သူ့အိမ်သူမပြန်သေးဘဲကျမတို့အိမ်ကဖိနပ်ချွတ်လေးမှာ လေဖေါ တာမိုးစုပ်စုပ်ချုပ်အောင်ပါဘဲ။ ခုထိ ပြန်တွေးမိရင် ပြုံးမိသေးတာ။ သူတို့အမေ အန်တီဒေါ်တင်မြက ကြိမ်လုံးကိုင်ပြီး “ဇော်ဇော်ရေ” ဆိုမှ “လာပြီ မာမီ၊သားက မမိအောင်တို့နဲ့စကားပြောနေတာ” ဆိုပြီး ပြန်ပြေးတော့တာ။ (ကျမတို့က မုဆိုးမသားသ္မီးတွေချင်းတူလို့ စာနာနားလည်ပြီး အင်မတန်ချစ်ကြတာပါ။)

    ပြည်ထောင်စုနေ့၊တောင်သူလယ်သမားနေ့၊မေဒေးနေ့လိုနေ့တွေမှာတော့ ကျမရယ်၊ညွန်ညွန့်ဝင်းရယ်၊တင်မာရီ(မိတူး) တို့ကကျိုက္ကဆံကွင်း လူထုအစည်းအဝေးပွဲတွေကို သွားကြရတာ။ သုံးယောက်သား တစ်လမ်းလုံးစကားတွေ ပြောကြ၊မြင်ရတာကြည့်မကောင်းတဲ့ အဆင်မပြေတဲ့သူတွေ့ရင်လက်ကုတ်ပြီးရယ်ကြနဲ့ ပေါ့ပေါ့ပါးပါးနေခဲ့ကြရတာ။ အပြန်ကြရင်တော့ သုံးယောက်သား ပွဲခင်းထဲလျှောက်ကြည့်၊စားသောက်ပြီးမှပြန်လာကြတဲ့အခါကြရင်တော့ မိတူးကအမြဲတမ်း အမဲအူပြုတ် သောက်တတ်တာ။ (မိတူးကတော့ အစောကြီးခွဲခွါသွားတာ။ ညွန့်ညွန့်ဝင်းကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ။) ကျန်တဲ့သူတွေလဲ ဟိုရောက်၊ဒီရောက်နဲ့မို့ မဆုံနိုင်ကြတော့ပါဘူး။ဘာမှ တည်မြဲတာမရှိပါလား။

    သင်္ကြန်အခါများဆို ရေပက်ချင်ကြတာ။ခေါင်သူကြီးကအမေနဲ့အမြိုင်။ တစ်နှစ်များ ပိုက်လုံးတွေဝယ်၊မော်တာငှားပြီး၊ လမ်းထိပ်မှာရေကစားကြတာ။ ဖြစ်ချင်တော့ တရက်ဘဲကစားလိုက်ရတယ်၊မီးကမရ။ ဒေါ်ခင်မေဘဲ၊ တခြားသူမှာမဟုတ်တာ မော်တော်ကားအင်ဂျင်ကိုဆီထည့်မောင်းပြီး၊ ကစားခိုင်းတာ။ သားသ္မီးကို အဲ့ဒီလိုပြည့်စုံအောင်လုပ်ပေးခဲ့တာပါ။ အတက်နေ့ဆိုရင်တော့ ကားတစ်စီးငှားပြီး ရေပက်ခံထွက်ဖို့လဲစီစဥ်ပေးသေးတာ။

    အနိမ့်အမြင့်အတက်အကျတွေများလှတဲ့ဘဝကြီးမှာ ပျော်ခဲ့ကြရတဲ့ကာလတွေလဲ ကြုံခဲ့ရဘူးပါတယ် ။ ။

    နေပျော်အောင်ကြိုးစားနေတတ်ကြရင် လောကကြီးက သာသာယာယာပါဘဲ – – – –

  • ရှင်သန်ခြင်း(၁)

    ရှင်သန်ခြင်း(၁)

    ဒေါ်မိအောင် Daw Mi Aung

    သတ္တိရှိပြီးဇွဲကောင်းတဲ့အမေကိုပိုင်ဆိုင်ခွင့်ရခဲ့တာဟာ၊ကြီးမြတ်တဲ့ကံကောင်းခြင်းပါ။ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီးအမေတို့မောင်နှမ ၆ ယောက်အမွေခွဲတော့၊ကျမတို့နေစရာအိမ်ရှာရတာပေါ့။(“မိအောင်ရေ အိမ်လေးတစ်လုံးတော့ဖြစ်အောင်ဝယ်” လို့ပြောခဲ့တဲ့၊ ကျမတို့အစ်မဒေါ်မြမြဆင့်ရဲ့ခင်ပွန်း ဦးငွေလှိုင်ကို အမြဲကျေးဇူးတင်စွာနဲ့ကန်တော့ရပါတယ်။) ဒဂုံမြို့သစ်တည်ခါစ ယ္ခုလက်ရှိနေတဲ့အိမ်လေးကိုဝယ်တော့၊ဝေးလိုက်တာလို့ပြောကြပေမဲ့၊အမေကတော့ “သ္မီးတို့အဆင်ပြေရင်ပြီးရော”တဲ့။ ညီမလေးဝက်ပေါရဲ့အလုပ်က စိုက်ပျိုးရေးရုံးမှာဆိုတော့၊ဖယ်ရီရှိလို့အဆင်ပြေတယ်လေ။ အဲ့ဒီတုန်းက ညီအစ်မနှစ်ယောက် စာလဲလိုက်သင်နေသေးတာ။ (Home Tuition.) နိုဝင်ဘာလပြောင်းလာကြရတာမို့၊စာသင်လက်စတွေလဲ ဖျက်လို့မရပြန်ပါဘူး။ မောင်လေးဖိုးချိုနဲ့မိမာကသူ့အိမ်ထောင်နဲ့သူ ကြည့်မြင်တိုင်မှာကျန်ခဲ့တော့၊ အမေရယ်၊ဝက်ပေါ၊ မောင်လေးဝင်းမောင်နဲ့ ကျမရယ်ဘဲဒဂုံအိမ်ကိုပြောင်းလာကြရတာပါ။

    မိတ်ဆွေကောင်း၊ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ရတဲ့ကံကလဲ မင်္ဂလာတစ်ပါးပါဘဲ။ စာသင်ရမည့်ကလေးအိမ်ကို နံနက်၇နာရီ အရောက်သွားရမှာမို့၊ မနက်ဝေလီဝေလင်း ၅နာရီတိတိအိမ်ကထွက်မှ ပထမဆုံးထွက်တဲ့ဘတ်(စ)ကားကိုမှီတာပါ။ ကျမတို့ညီအစ်မလက်နှိပ်ဓါတ်မီးတစ်လက်စီနဲ့ ကားမှတ်တိုင်ကိုသွားတဲ့အခါ အိမ်နဲ့ နဲနဲလှမ်းနေပြီဖြစ်တဲ့တံတားပေါ်ရောက်ရင် ကျမတို့နဲ့မျက်နှာချင်းဆိုင်က တုတ်တစ်ချောင်းကိုင်ထားတဲ့လယ်သမားကြီးတစ်ယောက် နဲ့ခွေးတစ်ကောင်တို့ကို အမြဲဆုံရပါတယ်။ ကိုင်းပင်တွေကလဲကျမအရပ်လောက်ရှိတာ။ တလမ်းလုံးမှာလဲ အိမ်လေး သုံးလေးလုံး ခြောက်တီးခြောက် ချက်ပေါ့။ ခုပြန်တွေးမိရင်တော့ကြောက်မိသား။

    အမေကမနက်၄နာရီလောက်အိပ်ယာထ၊ထမင်းဂျိုင့်ထည့်ပေးသေးတာ။ စားသွားဖို့လဲထမင်းကြော်ပေးသေး။ သူ့ခမြာ ကောင်းကောင်းမချက်တတ်ပေမဲ့သားသ္မီးကိုစားစေချင်တဲ့စေတနာမို့ စားကောင်းပါတယ်။ လျှပ်စစ်မီးကလဲမရသေးပါဘူး။ မီးသွေးမီးဖို၊ထင်းမီးဖိုတို့နဲ့ချက်ကြရပါတယ်။ အမေကနားလေးတော့ အိုးတွေခွက်တွေကိုကိုင်ရင် အသံအရမ်းမြည်တာ။ ကျမကစဥ့်အိုးတန်းက ကလေး၂ယောက်ကိုစာသင်ပြီးမှ နုနုရဲ့တူလေး ပုံ့ပုံ့ကိုစာသွားသင်ရတာပါ။ ဝက်ပေါကတော့ သူ့အလုပ်ကိုဆက်သွားပြီး၊ (ဝက်ပေါက နုနုရဲ့သ္မီးဇေဇေနဲ့၊နုနုအကိုရဲ့သားကိုဖြိုးတို့ကိုစာသင်တာပါ။) ကျမကတော့နုနုတို့အိမ်မှာဘဲထမင်းစားပါတယ်။ မရွှေနုကကျမထမင်းဂျိုင့်ယူလာလို့ပူညံပူညံပြောတတ်ပါတယ်။ ဒါပေမဲ့ကျမရဲ့ဟင်းကိုသူကစား၊သူ့အိမ်ကဟင်းကိုကျမစားပေါ့။ အိမ်ကိုပြန်တော့ကျမကဘတ်(စ)ကားနဲ့ပြန်လာပြီး၊ ဝက်ပေါကတော့ရုံးကဖယ်ရီနဲ့ပြန်ရပါတယ်။ မောင်လေးဝင်းမောင်က တစ်လလောက်နေပြီး ကော့သောင်မှာအလုပ် လုပ်တာ။ ကျမတို့မိုးမလင်းခင်အိမ်ကထွက်ရင် အမေတစ်ယောက်ထဲနေခဲ့ရရှာတာ။ ဒါပေမဲ့ တစ်လမ်းလုံးမှအိမ်လေး ၆လုံးလောက်မှာ နေကြတဲ့သူတွေက အမေ့ကို အမြဲတစေ့တစောင်း ကြည့်ရှုစောင့်ရှောက်ကြပါတယ်။ (ကျေးဇူးတင်ထိုက်သူတွေပါ။)

    ကျမတို့ညီအစ်မကအိမ်ကထွက်ခါနီးတိုင်း၊ “အမေ အိမ်ထဲမှာဘဲနေနော်၊ခြံထဲမဆင်းနဲ့”လို့အမြဲမှာခဲ့တာပါ။ သေချာတာကတော့ အမေ့ကိုသတိပေးလိုက်သလိုပါဘဲ။ တိတ်တိတ်လေးမြက်တွေထွက်ရှင်းတာ၊ ကျမတို့အိမ်ဧည့်သည်လာတာကအစ ကျမလမ်းထိပ်ရောက်တာနဲ့ ဆီးပြီးပြောကြတော့တာပါဘဲ။ အိမ်ရောက်လို့ “အမေဘာတွေလုပ်သလဲ” မေးရင်တော့ “အပျိုကြီးများပစိပစပ်ကိုများတယ်၊လျှာကိုရှေတယ်၊ ဘာမှမလုပ်ဘူး၊ဘယ့်နှယ်တော် အိမ်ထဲချည်းနေရင် ချိပြီးသေမှာပေါ့” လို့ ဆေါင့်ဆေါင့်အောင့်အောင့်နဲ့ပြန်ပြောတတ်တာ။ နောက်တော့စပ်ဖြဲဖြဲနဲ့ “အမေ့ကိုမပူနဲ့ ၊အမေကပါးပါတယ်အေ၊ ဝါးလုံးအရှည်ကြီးမှာဓါးကိုခိုင်ခိုင်ချည်ပြီးမှ၊ နင်လဲနင့်လမ်းနင်သွား၊ငါလဲငါ့အလုပ်ကိုငါလုပ်တာလို့ ပြောပြီးမှ မြက်ကိုရှင်းတာပါအေ” တဲ့။ အဲ့ဒါ အမေ့ရဲ့မြက်ရှင်းနည်းနိဿရည်း ပေါ့။ တကယ့်ရွှေဥာဏ်ရှင်ပါနော် ။အဲ့ဒီအချိန်က ဒဂုံက လယ်ကွင်းကြီးကိုမြေကွက်ဖေါ်ထားတာမို့ အကောင်ရှည်ကလဲ ပေါလွန်းလှပါတယ်။

    နှစ်ထပ်အိမ်ဆိုပေမဲ့လဲ အောက်ထပ်ကအုတ်ပတ်ထားပြီး၊ အပေါ်ထပ်ကလျှာထိုးခင်း၊ပျဥ်ပြားကာပါ။ အောက်ထပ်က မြေကြီးပါဘဲ။ ပြူတင်းပေါက်တွေဆိုရင်တံခါးမတတ်နိုင်သေးလို့ ဝါးကပ်တွေနဲ့ချည်တုတ်ပြီးအသေပိတ်ထားရပါတယ်။ လူလိုသူလိုနေနိုင်ဖို့ကို အတော်ကြိုးစားခဲ့ကြရတာမို့ မစွဲလန်းပေမဲ့ အိမ်လေးကိုသံယောဇဥ်တော့ရှိသား။ ညနေ၆နာရီလောက်ဆို သားအမိတွေအိမ်ပေါ်ထပ်မှာဘုရားရှိခိုးပြီး အစောကြီးအိပ်ယာဝင်ကြရပါတယ်။ အမေ့အကြိုက်ပါဘဲ။တရားထိုင်ရတာအဆင်ပြေလို့ပါ။

    စနေ၊တနင်္ဂနွေရုံးပိတ်ရက်တွေကြရင်တော့ ကျမတို့နဲ့တစ်ရပ်ကွက်လောက်ခြားတဲ့ ၈ရပ်ကွက်စျေးမှာ တစ်ပါတ်စာသွားဝယ်ကြရပါတယ်။ အသွားခြေကျင်၊အပြန်ဆိုက်ကားပေါ့။ ပစ္စည်းတွေမနိုင်လို့သာဆိုက်ကားစီးရတာ၊ ချိုင့်တွေကျင်းတွေနားရောက်ရင် ဆင်းပြီးလမ်းလျှောက်ရပြန်တာပါဘဲ။ တခါတလေတော့သင်္ကန်းကျွန်းစျေးကို ဆန်တို့၊မီးသွေးတို့ပါဝယ်ရတာ။ လေးထောင့်ကန်သွားတဲ့အမှတ်၅၂ ဒိုင်နာကားစီးပြီးပြန်ခဲ့ရတာ။ တပ်ရင်း ၃ ကားမှတ်တိုင်မှာဆင်းပြီး၊တပ်ရင်း၃ကျောင်းဘေးကနေ မီးရထားလမ်းကိုဖြတ်ပြီးမှ ကိုယ့်ရပ်ကွက်ထိပ်ကိုရောက်ရပါတယ်။ ညီအစ်မနှစ်ယောက်သား ဆန်၄ပြည်လောက်၊မီးသွေးလေးတစ်ပါတ်စာလောက်ကိုရွက်ပြီး၊ ဟင်းချက်စရာတွေကို ခြင်းတောင်းနဲ့ဆွဲပြီးအိမ်ပြန်ခဲ့ကြရတဲ့အဖြစ်မျိုးတွေမို့ မမေ့ပါဘူး။ တခါများ ညီအစ်မနှစ်ယောက် စပ်စပ်စုစု ၅၂ဒိုင်နာကားစီးပြီး၊ လေးထေါင့်ကန်စျေးကို စျေးဝယ်သွားလိုက်တာ အိမ်ကိုနေ့လည်၁နာရီလောက်မှပြန်ရောက်တာ။အမေလေ စိတ်တွေပူပြီး၊ ကျမတို့ကိုဆူလိုက်တာ။ (ဝက်ပေါတို့ရုံးက ဦးသိန်းမြင့်ဆိုရင်၊သူတို့ညီအစ်မ တစ်ပါတ်လောက်နေနိုင်ရင်ကံကောင်းဘဲ။ ပြန်ပြေးကြမှာလို့ ရုံးမှာပြောတာ။) ဟီးဟီး၊လေးထောင့်ကန်စျေးမှာဆန်လဲကောင်း၊စျေးလဲသက်သာတယ်ဆိုလို့။ ဥပုသ်နေု့စျေးပိတ်တာနဲ့လဲ တိုးနေပြန်သေး။~စျေးကပြန်ရောက်ရင်တော့ တောငါးလေးတွေကိုတံစို့လေးထိုးပြီးကင်၊ ပုစွန်လေးတွေကိုလှော်၊ဝက်သားကိုပြုတ်၊ ငါးကြော်။တစ်ပါတ်စာ ကြံဖန်ထားရတာ။ အသီးအရွက်တွေကိုတော့ သောက်ရေအိုး အဟောင်းထဲကိုထည့်ထားပြီးဖုံးထားရတာပါ။ ကျမတို့ရဲ့ ရေခဲသေတ္တာပေါ့။ နောက်ရက်တွေ သင့်သလိုချက်စားကြရပါတယ်။ အမေ ကဲပုံများတော့ လမ်းထွက်ချင်တာလေ။ အိမ်ရှေ့အိမ်၂အိမ်က ကလေးတွေကိုခေါ်ပြီး ၈ရပ်ကွက်စျေးမှာ ထင်းဝယ်သွား တယ်တဲ့။ ထင်းဆိုတာကလဲ သစ်တိုသစ်စတွေစုချည်ထားတာ၊ပျဥ်းကတိုးထင်းလို့ပြောတာဘဲ။ ရပ်ကွက်ထဲရောက်ဖို့က တံတားအကျိုးကြီးကိုဖြတ်ရတော့၊ ချောင်းတစ်ဖက်ကို ထင်းစီးကိုလမ်းပစ်လိုက်ပြီး၊လူကတံတားပေါ်ကလျှောက်လို့ ပစ်ထားတဲ့ထင်းတွေပြန်ကောက်ပြီးပြန်လာကြတာ။ ကလေးတွေနဲ့ပျော်နေတတ်တာပါ။ ရောက်တဲ့အရပ်မှာပျော်အောင်နေပြီး၊ တွေ့တဲ့လူနဲ့တည့်အောင်ပေါင်း ဆိုသလို၊နေတတ်ရင်တော့ကျေနပ်စရာကြီးပါဘဲ လို့ ။

    ကျမအတွေးနဲ့ဆိုရင်တော့ ကိုယ့်ကိုကိုယ်အားကိုးပြီး၊ရုန်းကန်လှုပ်ရှားရတာလဲ မင်္ဂလာပါဘဲ။ ။

  • ရှင်သန်ခြင်း(၂)

    ရှင်သန်ခြင်း(၂)

    ဒေါ်မိအောင် Daw Mi Aung

    မညီညာတဲ့ဘဝတွေမှာ ရှင်သန်နိုင်ဖို့ကို အမျိုးမျိုးအဖုံဖုံ ရုန်းကန်လှုပ်ရှားနေကြရတာပါ။ ကျမကတော့ ဒီလိုရုန်းကန်ရတာကို စိတ်ပျက်စရာလို့ တခါဘူးမှမတွေးခဲ့ဘူးပါဘူး။ အသက်ရှင်နေသရွေ့၊အသိရှိနေသေးသရွေ့၊​ကိုယ်ခန္ဓာသန်စွမ်းနေသေးသရွေ့ ကြိုးစားပြီးလုပ်ကိုင်စားသောက်လို့ရပါတယ်။ ဒါပေမဲ့ မော်တော်ကားကြီးတဝီဝီနဲ့သူဌေးကြီးတော့ ချက်ချင်းမဖြစ်နိုင်ဘူးပေါ့။ (ကံအကြောင်းတရားလဲရှိသေးတာမို့။)

    ဒဂုံအိမ်ကို စက်တင်ဘာလ၊၁၉၉၃ခုနှစ် မှာပြောင်းလာပြီး၊ဖေဖေါ်ဝါရီလ၊၁၉၉၄ခုနှစ်ရောက်တော့ စာမေးပွဲကြီးတွေပြီးပြီမို့ ကျမစာမသင်ရတော့ပါဘူး။ ညီမဝက်ပေါရဲ့လခတစ်ခုထဲမို့ နဲနဲ ကသီ တာပေါ့။ အိမ်မှာနေရင်း ဘာလုပ်ရရင်ကောင်းမလဲလို့ စားရင်း၊နေရင်း၊အိပ်ရင်းနဲ့ကိုတွေးတာလေ၊ ကျမတို့ငယ်ငယ်၊ အဖေဆုံးပြီးကာစက အမေတစ်ယောက် ဆေးပေါ့လိပ်ကြီးနဲ့ ညဖက်မအိပ်နိုင်ဘဲထိုင်တွေးနေတတ်တာကို ကိုယ်ချင်းစာမိပါတယ်။ “မကျေး”ဆေးပေါ့လိပ်ကိုသောက်တာများ ၂၅လိပ်ပါတဲ့ အစီးကို ၂ရက်နဲ့ကုန်တာ။

    အမေကသတင်းစာမဖတ်ရရင်မဖြစ်လို့၊ ဝက်ပေါကရုံးမှာသတင်းစာမှာထားပြီး ညနေမှဖတ်ရပါတယ်။ သတင်းစာမှာကြော်ငြာ လေးတစ်ခုဖတ်မိတော့ ပျော်လိုက်တာများ။ ဖြတ်ပိုင်းလေးကိုဖြတ်ပြီး၊ မနက်ဖက်ဝက်ပေါရုံးဖယ်ရီနဲ့လိုက်သွား၊ နုနုကိုခေါ်လို့ သတင်းစာကြော်ငြာကအိမ်ကိုလိုက် ရှာရတာ။ ဗောဓိရိပ်သာလမ်းက ဒေါ်ထားထားအေးရဲ့အိမ်ပါ။ (နုနုရော၊ အန်တီဒေါ်ထား ထားအေးကိုရော တကယ်ကျေးဇူးတင်မိတာပါ။) အန်တီကကျမကို အင်တာဗျူးတာပေါ့။ စာအုပ်တစ်အုပ်ချပေးပြီး၊ “ဒါလေးလို ချင်ရင် ဘယ်ကစရမလဲ” တဲ့လေ။ တစ်ချောင်းထိုးပုံစံ (Crochet Pattern) လေးတစ်ခုပါ။ ကျမကိုသဘောကျပြီး၊ “ဒါဆိုချည် ဘယ်လောက်သုံးမလဲ” လို့မေးပြီး ဇာထိုးဖို့ချည်တွေထည့်ပေးလိုက်ပါတယ်။ အလုပ်တစ်ခုရပြီဆိုပြီး၊အတော်ပျော်ခဲ့ဘူးပါတယ်။ ဘယ်နေ့ပြီးအောင်လုပ်ပေးပါလို့တော့မှာလိုက်တာပေါ့။ ချက်ချင်းတွေ့၊ချက်ချင်းယုံကြည်ပြီး အလုပ်အပ်လိုက် တဲ့ကျေးဇူး ကိုမမေ့နိုင်အောင်ပါဘဲ။

    ခက်တာက အိမ်မှာမီးမရသေးတော့ ညဖက်ကို ဖယောင်းတိုင်မီးနဲ့ အလုပ်လုပ်ရတာပါ။ ဧည့်ခန်းစားပွဲတင်တစ်ခု၊ ဆိုဖါဆက်တီကျောမှီတစ်စုံစာနဲ့လက်တင်အတွက်တစ်စုံစာကို တစ်ပါတ်အချိန်ပေးပြီး အလုပ်အပ်လိုက်ပါတယ်။ ပထမဆုံး ယုံကြည်မှုနဲ့ခိုင်းလိုက်တာမို့ နေ့မအားညမနားလုပ်ရတော့တာပါဘဲ။ အမေကဆို “မျက်စေ့တွေ ပျက်ပါမယ်အေ” ဆိုပြီး အတင်းအိပ်ခိုင်းတတ်တာ။ စျေးကိုလဲ ကိုယ့်ကြိုက်စျေးပေးလို့ ကြိုးစားရတာပေါ့။ (Crochetထိုးတဲ့ပညာလေးကတော့ ဝက်ပေါတို့ အထက ၅ ကဆရာမဒေါ်စန်းလွင်က၊သူတို့ကိုသင်ပေးလို့၊ ညီမလေးဆီကတဆင့်တတ်မြောက်ခဲ့တာမို့၊ ဆရာမရဲ့ကျေးဇူး၊ ညီမကတဆင့်ပြန်ရခဲ့တဲ့ ပညာကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။) (ကျောင်းမှာတုန်းကတော့ အိမ်တွင်းမှုသင်ပေးခဲ့တဲ့ ဆရာမကြီးမစ္စစ်မြင့်သိန်းက နှစ်ချောင်ထိုး-Knitting သင်ပေးခဲ့တာပါ။) တန်ဖိုးမဖြတ်နိုင်တဲ့ပညာပါဘဲ။ ဘုရားရှိခိုးတိုင်းလဲ “ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဘူးသူတိုင်းကို၊ကျမပြုတဲ့ကုသိုလ်အားလုံးနဲ့ကျေးဇူးဆပ်ပါတယ်”၊ လို့ ဘုရားရှေ့မှာနေ့စဥ်ဝန်ချကန်တော့လျက်ပါ။

    နောက်တော့ တောထဲမှာဒီအတိုင်းမနေနဲ့လေ၊ အလုပ်ထွက်လုပ်ရမယ်ဆိုပြီး၊ မနှစ်ကမှကွယ်လွန်သွားပြီဖြစ်တဲ့သူငယ်ချင်း တင်တင်မာက သူ့အလုပ်မှာ အလုပ်သွင်းပေးခဲ့တာပါ။ မင်္ဂလာစျေးမှာပါ။ တခါ အစ်မစျေးထဲမှာမဖြစ်ပါဘူးဆိုပြီး၊ ညီမမသိုက်က သူ့ယောကျာ်းကုမ္ပဏီမှာလုပ်ခိုင်းပြန်ပါရော။ မိသားစုလိုနေခဲ့ရတာမို့ပျော်ပါတယ်။ ဦးမျိုးထွန်းနဲ့မသိုက်၊ ဦးဝင်းထင် (ကိုငယ်) နဲ့မေပြုံးမြင့်၊ ညီမလေးခင်မျိုးမြင့် (မျိုးမျိုး) တို့ဟာလဲ ကျမနဲ့မိသားစုအားလုံးအတွက် ကျေးဇူးပြုခဲ့သူများပါ။

    အော်၊ သေချာတွေးကြည့်ရင် ကျမဘဝဟာအတော်ကိုမတည်ငြိမ်တာပါ။ အချို့လူတွေကတော့ အလုပ်တစ်ခုကို ဇောက်ချပြီး မလုပ်ဘူးလို့ဝေဖန်တတ်ကြသေးတာ။ အလုပ်တစ်ခုနဲ့တစ်ခုအပြောင်းမှာ ဘာတစ်ခုမှ အပြစ်အနာအဆာမရှိ၊ ဘယ်အချိန် ပြန်တွေ့တွေ့ အမုန်းမဖက်အပြုံးနဲ့ဘဲ ပြန်ဆုံနိုင်ကြသူတွေချည်းပါဘဲ။ ဘေးကအမြင်ကတော့ သူ့အမြင်နဲ့သူ့အထင်အတိုင်းမို့ မသိသလို မကြားသလိုနေတတ်ဖို့တော့အရေးကြီးပါတယ်။ လူ့သဘာဝတွေပါ။

    ဖြစ်၊တည်၊ပျက် ဆိုတဲ့သဘောလေးကိုတွေးတတ်မယ်၊နားလည်တတ်ကြမယ်ဆိုရင်တော့၊- – – – – – –

  • ရှင်သန်ခြင်း(၃)

    ရှင်သန်ခြင်း(၃)

    ဒေါ်မိအောင် Daw Mi Aung

    ဖြစ်၊တည်၊ပျက် လို့ဆိုတဲ့သဘောသဘာဝလေးကိုတွေးမိတာတော့ “တည်”ဆိုတာက ခဏလေးမှတကယ်ခဏလေးပါလား။ ကျမ PIC.မှာအလုပ်ဝင်ပြီးလို့မကြာမတင်လေးမှာဘဲ စိန်ဂျွန်းစျေး(တ-၁၀)ဆိုင်ကိုရောင်းလိုက်ရပါတယ်။ ဝက်ပေါလေးကတော့ နောက်တစ်နှစ်လောက်မှ မြေအသုံးချရေးဓါတ်ခွဲခန်း၊စိုက်ပျိုးရေး မှာအလုပ်ဝင်လုပ်ခဲ့ရတာပါ။ (ကျမကို PIC မှာအလုပ် သွင်းပေးခဲ့တဲ့ ဦးလေး ဦးသိန်းဖေနဲ့ ညီမလေးကို စိုက်ပျိုးရေးမှာအလုပ်သွင်းပေးခဲ့တဲ့ ဦးလေးဦးညွန့်စိန်တို့ရဲ့ကျေးဇူး ကိုအမြဲ သတိရကန်တော့လျက်ပါ။) ကျမတို့ညီအစ်မကတော့ အမေဖြစ်စေချင်တဲ့ ကုန်သည်လုပ်ငန်းရှင်မဖြစ်တော့ဘူးပေါ့လေ။ မောင်လေးဝင်းမောင်က ၉တန်း၊ ညီမလေး မိမာက ၇တန်း၊အငယ်ဆုံးလေးဖိုးချိုက၄တန်းပါ။ ကျမတို့ညီအစ်မရဲ့လစာ နဲ့အိမ် တာဝန်ကိုထမ်းကြရတာပါ။ အမေကတော့ သားသ္မီးတွေအတွက်ချက်လိုက်ပြုတ်လိုက်ပေါ့။

    ဝက်ပေါလေးက ငယ်ကထဲကအတွက်အချက်တော်တော့ အိမ်ရဲ့ဝင်ငွေထွက်ငွေကို၊ချင့်ချိန်သုံးစွဲတတ်ရှာတယ်။ နောက်ပိုင်း ဝက်ပေါလေးကသူဘဲစျေးဝယ်ပြီး၊ရုံးမသွားခင်ချက်ပေးခဲ့တာ။ အဲ့ဒီခေတ်က ရုံးတွေမှာ ဝန်ထမ်းတွေကို ဆန်၊ ဆပ်ပြာ၊ ဖယောင်းတိုင်စတဲ့ပစ္စည်းတွေ ရောင်းပေးတာမို့၊ ရလာတဲ့ပစ္စည်းလေးတွေကို သေသေသပ်သပ်လေးသိမ်းဆည်းထားရတာ။ နောက်ပြီး သတင်းစာကို၁၀အုပ်တစ်ထပ် စီပြီးသိမ်းရတာ။ (အမေက သတင်းစာကို အစကနေအဆုံးဖတ်တတ်တော့ အိမ်မှာသတင်းစာယူရပါတယ်။) ဝန်ထမ်းဘဝ ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံး ဆိုသလိုဘဲ၊ လကုန်ခါနီး ပိုက်ဆံပြတ်ခါနီးရင် သိမ်းထားတဲ့ဆပ်ပြာ၊ဖယောင်းတိုင်စတာလေးတွေကိုစျေးမှာသွားရောင်းရပါတယ်။ (သတင်းစာကတော့ ၄၂အုပ်ပြည့် မှတစ်ပိသာဆိုတော့ တစ်လတစ်ခါမရောင်းဘဲစုထားရတာပေါ့။) တော်သေးတာက ဝန်ထမ်းဘဝ တစ်ဆိုင်ကပစ္စည်း အကြွေးယူပြီး အခြားတစ်ဆိုင်မှာရရာစျေးနဲ့ရောင်းလို့ မိသားစုအရေးကိုမဖြည့်တင်းခဲ့ဘူးတာဘဲ ကံကောင်းလှပါတယ်။ ဝန်ထမ်းတွေ နစ်သထက်နစ်တယ်ဆိုတာ ဒီအဖြစ်မျိုးတွေကြောင့်လို့ထင်ပါရဲ့။ နေတတ်စားတတ်ရင် ကြွေးကင်းပြီး၊ မရှိမှန်းလဲလူမသိရဘူးပေါ့လေ။ သဘာဝကလဲ မရှိတဲ့လူကိုနှိမ့်ချဆက်ဆံတတ်ကြတာမို့ပါ။ ဟန်လုပ်ရမည်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။

    အမေလေ ကျမတို့အလုပ်သွားနေတုန်း၊ ငါးသလောက်တစ်ကောင်လုံး ဝယ်ပြီး ကြော်လိုက်တာ၊ အဲ့ဒီညဖျားတော့တာပါဘဲ။ နောက်ပြီး သူ့ရဲ့ပေါင်မှာ အနာရှိတော့ ငန်းမန်းတွေတက်ပြီး၊ဂယောင်ဂတမ်းနဲ့။ ကျမတို့ဘာလုပ်ရမှန်းမသိနဲ့၊ ကျမတို့လမ်းထဲက ဒေါက်တာမောင်မောင်လှကြိုင်ကို ပြေးခေါ်ရတာပေါ့။ သူကအနာကိုကြည့်၊ဆေးထိုးပေးတော့မှ နဲနဲနေသာထိုင်သာရှိသွားတာ။ မနက်စောစောတော့ ကျမသူငယ်ချင်းဒေါက်တာမစိန်ရည်ရောက်လာပြီး၊ရန်ကုန်ဆေးရုံကြီးကိုလိုက်တင်ပေးတာပါ။

    (ကျမတို့မိသားစုရဲ့ ကျန်းမာရေးဆိုရင်အချိန်မဆိုင်း ​အပြေးရောက်လာပြီး ကူညီပေးတတ်တဲ့သူငယ်ချင်းမစိန်ရည်နဲ့ သူ့ခင်ပွန်း ဦးလှမင်းတို့ရဲ့ကျေးဇူးကိုမမေ့တာတော့ တစ်သက်စာပါဘဲ။)

    အမေ့ရဲ့အဒေါ်အငယ်ဆုံး ဖွားလေးမတင်ညွန့်ကတော့ ဆေးရုံလိုက်စောင့်ပေးမယ်လို့ပြောခဲ့ရှာတာ၊ အမေ့အောက်မောင် ဦးလေး ဦးတင်ရွှေကပိုက်ဆံလေး၂၀ကျပ် အတင်းထည့်ပေးတာလဲအမြဲအမှတ်ရစရာတွေပါဘဲ။

    ရန်ကုန်ဆေးရုံကြီးမှာတော့ ဆရာဝန်ကြီးဒေါက်တာဦးသိန်းညွန့်က အမေ့ရဲ့အနာကလဲဆန်းသမို့ အထူးဂရုစိုက်ခြင်းကို ခံခဲ့ရပါတယ်။ အမြဲကန်တော့ပါတယ်။ တော်ကြာ သင်တန်းဆင်းဆရာဝန်လေးတွေရောက်လာ၊ အမေ့အနာကိုလှန်ကြည့်နဲ့ သူက မော်ဒယ်ကိုဖြစ်လို့။ အဲ့ဒီပေါင်မှာအနာကြီးဖြစ်တုန်းကသာ သေသွားခဲ့ရင် ကျမအမေအသက်၉၆နှစ်အထိနေပြီး၊ တရားဘာဝနာအလုပ်နဲ့ လွဲခဲ့ရမှာ။ ထူးထူးဆန်းဆန်း ကျမတို့လုံးဝမသိလိုက်ရတာကတော့၊ ကျမညီမဝမ်းကွဲလေး ရွှေပေါမကိုသူငယ်ချင်းမြင့်ခင်က အမေ့ကိုဆေးရုံမှာလာကြည့်ရင်းတွေ့ပြီး ပိုးခဲ့တာလို့ပြောတာပါဘဲ။???

    ကျေးဇူးရှင်တွေထဲမှာတော့ ကျမရဲ့ဆရာ (PIC, MD) အန်ကယ်ဦးတင်မောင်အေးနဲ့ဇနီးဒေါ်တင်မမ အပါအဝင် သူငယ်ချင်းတွေ ကိုပါမမေ့ပါဘူး။ ဆေးရုံကြီးအပေါ်ထပ်မှာ လည်ပင်းခွဲနေရတဲ့ ဦးစိုးမြင့် (PIC)ကိုလည်း အမေ့ကိုလာကြည့်ပြီး အားပေးခဲ့ လို့ကျေးဇူးတင်ပါတယ်။

    အမေလေ အနာပေါက်တာကုလို့ ပျောက်သွားပြီးကထဲက သမုဒယတွေကိုလွှတ်ချခဲ့ပြီး၊ တရားစခန်းတွေဘဲသွားနေတော့တာ။ သံသရာမလည်ချင်တော့လို့ တရားဘဲရှာချင်ရှာတော့တာ။ ဟုတ်မှာပါ ဘဝမှာအဆိုးနဲ့အကောင်းဒွန်တွဲနေကြတာဆိုပေမဲ့ အမေ့အတွက်တော့ဘဝဟာကြမ်းတမ်းလွန်းလှပါတယ်။ သူ့ခမြာ ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ပြီး၊လောကဓံကို ကြန့်ကြန့်ခံရင်းရုန်းကန်ခဲ့ရရှာတာ။ (ကျမကအမေ့ကို “အမေတို့များကွာအသက်၃၈နှစ်လောက်မှာ ယောကျာ်းလဲရ၊ ကလေးတွေလဲရ၊ မုဆိုးမလဲဖြစ်ဘူး ဆိုတော့အားကျလိုက်တာ”လို့ပြောရင်မျက်စောင်း ထိုးတတ်ပါတယ်။)

    တော်သေးတာက အမေ့ခမြာ အိုကံကောင်းရှာပေလို့သာပါဘဲ။

    ကလေးတွေကအတန်းကြီးလာကြတော့ မောင်လေးဝင်းမောင်က ကျောင်းမတက်တော့ဘဲ၊အစ်မတွေနဲ့အတူ အလုပ် လုပ်ကျွေးရှာပါတယ်။ ကျမလေ စကားဝါပင်လမ်းအိမ်မှာ မောင်နှမတွေ ဘာလေးနဲ့စားရ၊ စားရပျော်နေကြတာ လေးကို အမြဲမြင်ယောင်နေမိတာ။ ညမိုးချုပ်လို့ တီဗွီအစီအစဥ်ပြီးခါနီးရင် ဝင်းမောင်က တဖက်ခန်းမှာတီဗွီကြည့်နေတဲ့ကျမတို့ကို ထမင်းကြော်စားမလားလို့လှမ်းမေးပြီး၊ ညနေကထမင်းကျန်တာနဲရင် ထပ်ချက်ပြီးကြော်ကျွေးတတ်တာ။ ကြက်သွန်လေးလှီး၊ ဆီသပ်ပြီးကြော်လို့။ စားပွဲဝိုင်းကြီးခင်းပြီးစားကြတာ။ အဖေအကျင့်လုပ်ခဲ့တဲ့ ညလည်စာလေးပေါ့။ ကျမတို့ရဲ့ခြေရင်းခန်းမှာ အမေ့ရဲ့မောင်အလတ်၊ ကျမတို့ရဲ့ဦးလေးဗိုလ်ကြီးထွန်းရွှေမိသားစုနေကြပါတယ်။ အိမ်မှာတီဗွီမရှိလို့ ဦးတို့အခန်းမှာကြည့်ကြရတာ။ ကျမတို့သွားမကြည့်ရင်လဲ ဦးက တရရခေါ်နေရှာတတ်တာ။

    လွမ်းမိသား။ ဦးကတော့ ကျမတို့တူမတွေရဲ့အချစ်တော်ပါ။ ပျော်လိုက်ရွှင်လိုက်ငိုကာ၊ရယ်ကာ ဘယ်ဟာမတည်မြဲ ဆိုတဲ့ ဘဝသံသရာကြီးပါလား။

    ရုန်းရင်းကန်ရင်းလှုပ်ရှားကြရင်းနဲ့ဘဲ – – – -။ ။