By Maung Aw
3rd Post
တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ
(Once upon a time at RIT)
အမှတ်တရ
ကျွန်တော်ရေးသည့် “ဝန်ကြီးမောင်ဩ စာအုပ်” မှ ထုတ်နှုတ်ဖော်ပြသည်။
ရေမွှေးကြိုက်သူ— with Mg Mar Ga and U Hla Min.
“သီတင်းကျွတ်ပွဲ တော်ကြီးပြီးလို့ ၊ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်”…………
ကိုမြကြီး၏သီချင်းကို တပိုင်းတစ ဆိုရင်း ဆရာပေါက်စ မောင်ဩသည်ဒီဆောင် (D Block)မှ နာမည်ကျော် ဂျီဟော( G Hall) ဆီသို့ လာခဲ့သည်။
နိုဝင်ဘာလ ၁၉၇၁ ခုနှစ်…
တန်ဆောင်မုန်းလပြည့်ည၌ သစ်သစ်လွင်လွင်အဝတ်စားတို့ဝတ်ဆင်ပြီး နူတ်ခမ်းနီ ပန်းနီတို့ ချယ်သကာအလှပြင်ထားကြသည့်ဂျီဟောသူ တို့မှာ မီးသီးရောင်စုံ ထွန်းညှိထားသော ဂျီဟောဆောင်နှင့်အပြိုင်လိုက်ဖက်ကာ အရာရာ မောင်ဩမျက်စေ့ ထဲတွင် လှပနေ၏။
ကျွေးသောစတုဒီသာ ကြာဇံဟင်းကိုသောက်ရင်း ဂျီဟောသူတို့၏ တေးဂီတ ဖျော်ဖြေရေးကို နားဆင်နေသည်။
ထိုအချိန်တွင်
ဂျီဟောဆောင် နှင့် အတန်ငယ်လှမ်းသော အက်ဖ်ဆောင် (F Block) တတိယထပ်အခန်းတခန်းထဲ၌လူတယောက်သည် ကုလားထိုင်ပေါ်ထိုင်လျက် လက်နှင့် ကိုယ်ထည် တို့ကို ကြိုးဖြင့်တုတ်နှောင်ခြင်းခံနေရသည်။
အဆောင်သူခိုးအား ကျောင်းသား မောင်ဆန်း၊ ဦးဆောင်ကာ ကျောင်းသား၄၊၅ ယောက် တလှည့်ဆီ ထိုးကြိတ်ရိုက်နှက်ကြသည်။
သူခိုးအား ဆုံးမ၍ အားရတော့မှ မောင်ဆန်း သည် နတ်က ရာ ကျီးမော့နေသည့် မောင်ဩအား လာခေါ်၏။
မောင်ဆန်း : “ဆရာ… အဆောင်မှာ သူခိုးမိထားတယ်။”
မောင်ဩ : “ဟုတ်လား …ကျွန်တော်လိုက်ခဲ့ မယ်။ သွားစို့။”
လမ်းတွင် မောင်ဆန်းသည် မောင်ဩ အား သူတို့၏ သူခိုးဖမ်းဇာတ်လမ်းကိုပြောပြသည်။
သူငယ်ချင်းနှစ်ယောက် မောင်ဆန်းနှင့် မောင်ချစ်တို့မြို့ထဲမှ ပြန်ရောက်သောအခါ အဆောင်တခုလုံး တိတ်ဆိတ်နေသည်။
အခန်းတံခါးသော့ ပွင့်နေသည်ကို တွေ့ ရ၏။
ပစ္စည်းအချို့ ဖယိုဖရဲဖြစ်ခါ အဆောင်ကြေး သွင်းရန် စားပွဲအံဆွဲ ထဲ တွင်ထားသည့် ငွေ တစ်ရာ မရှိတော့ချေ။
ကိုယ်လိမ်းပေါင်ဒါဘူး နှင့် ရေမွှေးပုလင်း တို့သာ စားပွဲပေါ်တွင် တွေ့ရသည်။
မောင်ဆန်းနှင့် မောင်ချစ်တို့အဆောင်အောက် ဆင်းကာ တွေ့လိုတွေ့ငြား သူခိုးရှာပုံတော်ဖွင့်သည်။
သူခိုး၏အရိပ်အရောင်ကို မတွေ့ရပေ။
စိတ်ပျက်လက်ပျက်နှင့် တောင်ဘက် နာမည်ကျော် ဦးလူပေါပေါက်ကိုဖြတ်ကာကျောင်းအပြင်ထွက်ပြီး၊ မြောက်ဘက် ဘီပီအိုင်ဘတ်စကားမှတ်တိုင်ဆီသို့ လျောက်လာကြသည်။
မှတ်တိုင်မရောက်မီ ကိုက် ၅၀လောက်အလို တွင် မျက်နှာချင်းဆိုင်မှလျောက်လာသော လူတယောက် ကို တွေ့လိုက်သည်။
အနီးဖြတ်သွားစဉ် ကိုယ်တိုင် သုံးစွဲနေကျဖြစ် သော ပေါင်ဒါနံ့ ၊ ရေမွှေးနံ့ တို့ ကို မောင်ဆန်း သတိပြုမိလိုက်၏။
နှစ်ဖက် ညှပ်ကာ၊ မောင်ဆန်းနှင့် မောင်ချစ်တို့ထိုလူအား အဆောင်ပေါ်ခေါ်လာပြီး စစ်ဆေးကြသည်။
ရေမွှေး၊ ပေါင်ဒါ နှစ်သက်သော အဆောင်သူခိုး ကံဆိုးလေပြီ။
အဆောင်သူခိုးအား အင်းစိန်ရဲဌာနာသို့ မောင်ဩ၏ လေးဘီးကားနှင့် ပို့ရသည်။ လမ်း၌ သူတပါးပစ္စည်း ကို ခိုးယူခြင်းသည် မကောင်းကြောင်း၊အခုလို ဒုက္ခရောက်တတ်ကြောင်း၊လူတတ်လုပ်ကာ မောင်ဩသည် သူခိုးအား တရားဟော၏။
သူခိုးအား ရဲလက်အပ်ပြီးနောက် ကြို့ကုန်းဆောင် သို့ ပြန်ခဲ့ကြသည်။
တန်ဆောင်မုန်းလပြည့်ကျော်၁ရက်နေ့ညတွင် စောရနက္ခတ် နှင့် ယှဉ်သည် ဟူ၍တော့ မှတ်သားဖူးသည်။
ယခုအခါ ထိုစောရနက္ခတ်သည် ၁နှစ်တွင် တည ၊တရက် သာမဟုတ်တော့ပေ၊ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်မှစ၍ နေ့ည မပြတ်တနှစ်ပတ်လုံးကျွနုပ်တို့ တိုင်းပြည်တွင် အမြဲထွန်းလင်းနေသည်။စောရသူခိုး တို့အဆင့်ထက်လွန်ကာ တိုင်းပြည်၏ ဓါးပြကြီးများ ခိုးဝှက်လုယူကြသည့်ဒဏ်ကြောင့် တိုင်းပြည်နှင့် လူထုမှာ နလန်မထူနိုင် ချွတ်ခြုံကျလူလုံးမလှ မွဲပြာကျ ရလေသည်။
Leave a comment