Month: May 2025

  • လွမ်းမဆုံး

    လွမ်းမဆုံး

    ဒေါ်မိအောင် Daw Mi Aung

    ကျမတို့ငယ်စဥ်က ကြည့်မြင်တိုင်ဘူတာရဲ့အုတ်နံရံကိုကျောကပ်ပြီးစျေးတန်းကြီးရှိခဲ့ဘူးတယ်။ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာပါ။ ဘူတာရုံရှေ့ကနေပန်းပင်ကြီးလမ်းထိပ်အထိကိုစျေးတန်းကြီးကရှည်မျောမျောနဲ့ ပဲလင်းမြွေသီးကြီးလိုဘဲ။ ညနေဖက်ညစျေးတန်းလျှောက်ရမယ်ဆိုအရမ်းပျော်ပေါ့။ သကြားပလာတာကတစ်မတ်၊ကီးမားပလာတာဆိုရင်ပြား၆၀၊စားကောင်းတာတော့ ခုတွေးရင် ခုစားချင်တယ်။ ကိုမုံလာဖါလူဒါ သောက်ရင်၆၅ပြားရယ်။အဲ့ဒီကိုမုံလာက ကျမတို့စကားဝါပင်အောက်လမ်းမှာနေတာ။ ခေါက်ဆွဲကြော်၊ကြာဇံကြော်ဆိုင်တွေလဲရှိတာပေါ့။ အစားသရဲမို့ စားသောက်ဆိုင်တွေဘဲညွှန်းနေမိတာ။ တကယ်တော့ စျေးသည်အစုံပါဘဲ။

    ခေါက်ဆွဲကြော်၊ကြာဇံကြော်ကတော့ညစျေးတန်းကလွမ်းလောက်စရာမရှိလှပါဘူး။ကျမက အဖေ့ပုဆိုးစကိုဆွဲပြီး၊ အဖေဘယ်သွားသွားလိုက်နေကြဆိုတော့၊အဖေအရက်သွားသောက်လဲလိုက်တာဘဲ။ ပန်းပင်ကြီးလမ်းထိပ်က မအုန်းတို့ အနီတို့ မောင်နှမရဲ့ခေါက်ဆွဲကြော်ကမှမိုက်တာ။ အဖေအရက်သောက်ရင် ဘေးကနေအမြည်းလိုက်စားရတာကိုလဲသိပ်သဘောကျတာ။ အမေကအဖေ့နောက်ကိုလိုက်ဖို့ကျမကိုအမြဲထည့်တာ၊ကလေးပါရင်အရက်နဲနဲဘဲသောက်မှာမို့။ ကျမကအဖေ့ရဲ ဘော်ဒီဂတ်ပေါ့။ ဝက်ပေါ လမ်းလျှောက်တတ်တဲ့အရွယ်ရောက်တော့ အဖေ့ဘေးမှာညီအစ်မနှစ်ယောက်ဖြစ်သွားရော။

    တနင်္ဂနွေနေ့ဆိုရင်အဖေကသူငယ်ချင်းတွေနဲ့ (ဦးလေးကိုစိန်ဝင်း၊ဦးလေးကိုစိန်ရွှေ) မြင်းပွဲသွားမှာမို့ ကလေးပါရင်သွားလို့မရအောင် အတင်းကိုလိုက်ခိုင်းတာဘဲ။ အဖေတို့များ ကလေးခေါ်ခွင့်မရှိတဲ့မြင်းပွဲထဲကို ကျမကိုပါရအောင်ခေါ်တာ။ အမေဆိုတာ” သြချပါရဲ့”လို့တောင်ပြောယူရပါတယ်။ ဦးလေးတို့က မြင်းပွဲသွားမယ်ဆိုရင်ဘယ်တော့မှအိမ်ကိုလာမခေါ်ဘူး။ လမ်းမှာဘဲချိန်းကြတာ။ ဦးလေးကိုစိန်ဝင်းကတော့အမေ့ကို “မခင်မေက အကုန်တော်တယ်၊မြင်းပွဲသွားခါနီးရင်အရမ်း ဂိတ်ဆိုးတာမို့ပါ “တဲ့။ အမေကလဲ အိမ်ကထွက်ခါနီးတာနဲ့ “ရှုံးပါစေတော် ” လို့အမြဲပြောတတ်တာကို။ အဲ့ဒီဦးလေးကိုစိန်ဝင်းက အမေနဲ့အဖေမင်္ဂလာဆောင်မယ်ဆိုတော့ငိုလိုက်တာ တဲ့။ အမေနဲ့ယူပြီးနောက်ပိုင်းမှာတောင် သူသိပ်မူးလို့အိမ်မပြန်တော့ရင်အဖေတို့အမေတိုတို့ခြင်ထောင်ထဲမှာဘဲအတူအိပ်တတ်တာ။ အမေမကြာခဏပြောပြတာပါ။ အဖေ့ကိုသိပ်ချစ်ရှာတာ။

    (အဖေဆုံးပြီးတဲ့နောက်ပိုင်း ဦးလေးကကျောင်းပိတ်ရက်ဆိုတောင်ဥက္ကလာကနေကြည့်မြင်တိုင်ကိုစက်ဘီးစီးလာပြီး ကျမတို့ကိုပေါင်မုန့်လေးကစလို့မုန့်ဝယ်ကျွေးဖို့လာခဲ့ရှာတာ။) တွေးကြည့်တော့လဲ သမုဒယ တွေပေါ့လေ။

    အော်၊ အတော်သစ္စာကြီးကြတဲ့ဆိုးတူကောင်းဖက် မိတ်ဆွေသူငယ်ချင်းတွေပါလားလို့၊အားကျမိတာပါဘဲ

    ဘောလုံးပွဲလဲ ရွှေမိတို့ပါတာဘဲ။ ၁၂နှစ်၊၁၃နှစ်လောက်မှမလိုက်ရတော့တာ။ အဲ့ဒီအချိန်ကျတော့မောင်လေးဝင်းမောင် လိုက်ရတဲ့အလှည့်ပေါ့။

    အဲ့ဒီလိုအဖေ ပျော်ပျော်ပါးပါးနေခဲ့ရတဲ့အချိန်က၁၉၆၂ခုနှစ်ရဲ့အရှေ့ပိုင်းပေါ့လေ။

    အဖေတို့ညီအကိုတော် ဦးလေးတစ်ယောက်က ကျမကို”အရက်သမားသ္မီး”လို့အမြဲစတတ်တာ။ (ဘယ်သူဆိုပြီးနံမည်ထည့်မရေးတာ မမှတ်မိလို့မဟုတ်ပါ။) ကျမသိပ်မုန်းတာဘဲ။ ပြန်ပြီးတော့လဲရန်ဖြစ်တတ်သေးတာ။ ” ကျမအဖေ အရက်သောက်တာ သူ့ပိုက်ဆံနဲ့သူသောက်တာဘာဖြစ်လဲ၊ လူကြီးလူကောင်းလိုသောက်တာ” လို့ကိုပြန်ပြောပစ်လိုက်တာပေါ့။

    အဖေက တကယ်ကိုလူကောင်းပါ။ မိန်းမကိုလဲအလိုလိုက်၊သားသ္မီးကိုလဲသိပ်ချစ်တတ်ပြီး လိမ္မာအောင်လဲဆုံးမတတ်တယ်။ အဖေကသားအငယ်ဆုံးသာဆိုတယ်၊ အမေ့ရဲ့ညီမတွေ မောင်တွေကိုလဲ စောင့်ရှောက်တာမှ အမေ့ထက်ပိုသေးတယ်။ ဒါကြောင့် ကျမရဲ့ဦးလေးတွေ အဒေါ်တွေကသိပ်ချစ်ကြတာ။ ကျမရဲ့ညီမဝမ်းကွဲ ခင်စန်းနုဆိုရင် “သ္မီးကဘဘအောင်ကြည်ကိုဘဲချစ်တာ၊ကြီးကြီးမေကိုမချစ်ဘူး”လို့အမြဲပြောတတ်ပါတယ်။ (အမေ အိပ်ယာထဲလဲပြီလို့ဆိုပြီး ခင်စန်းနုကိုဖုန်းဆက်တော့ သူက “အမရေ သ္မီးတို့ဘဘအောင်ကြည်ကိုဘဲချစ်တယ်လို့” ပြောခဲ့မိတာဆိုပြီး၊ ညီအစ်မနှစ်ယောက်ဖုန်းပြောရင်းငိုလိုက်ရတာလေ။) တနင်္ဂနွေလိုအားလပ်တဲ့နေ့တွေမှာအဖေ ဟင်းချက်လို့ကတော့ ကျမတို့ကလေးတွေ အဖေ့ဘေးမှာဝ်ိုင်းပြီး၊နောက်ကျောကဖက်ထားတဲ့လူနဲ့အဖေ့ဗိုက်ခေါက်ကိုဆွဲတဲ့လူနဲ့ မျက်စေ့ထဲမှာမြင်ယောင်နေစဲပါ။ အမေကတော့ “မျက်စေ့ကိုနောက်နေတာဘဲလို့” အမြဲပြောတတ်တာ။

    ‘လူချစ်လူခင်များလွန်းလို့ စောစော သေတာလားအဖေရယ် ‘လို့တောင်တွေးမိတာ။ ၁၉၆၂ခုနှစ်ရဲ့နောက်ပိုင်းမှာတော့ အဖေက ၂နှစ်နီးပါး အိမ်မှာဘဲနေခဲ့ရပြီး၊စားဝတ်နေရေးအတွက်ကိုတော့အမေက စတင်လှုပ်ရှားရတော့တာပါဘဲ။ အဲ့ဒီ နှစ်နှစ်ပြီးနောက်ပိုင်းမှာတော့၊အဖေဘဲစီးပွါးရေးကိုဇောက်ချလုပ်ကိုင်ခဲ့တော့တာပါ။ အောင်မြင်တဲ့အဖေပါဘဲ။ နိုင်ငံရေးအလုပ်ကိုခဝါချခဲ့တာတော့၊ ရခိုင်လေဘေးအတွက် ဘဘဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်) ကငွေဖလားကြီးနဲ့အလှူခံထွက်တော့အဖေကပိုက်ဆံထွက်လှူတာပေါ့။ အဖေ့ကို” မောင်အောင်ကြည် မင်းလိမ္မာတော့” လို့ပြောခဲ့ ကထဲကပါဘဲ။

    အဖေကအရမ်းကျန်းမာတာပါ။ တခါဆိုတခါဘူးမှကို ဖျားနာဖို့နေနေသာသာ နှာတောင်မစေးဘူးတာ။ အမေကသာ ချူချာတာ။ မဆုံးခင်တစ်နှစ်တော့ အန်လိုက်၊ဝမ်းသွားလိုက်နဲ့ “အထက်လှန်၊အောက်လျှော”ဝေဒနာ တခါဖြစ်ဘူးလိုက်ပါတယ်။ အမေ့ဦးလေး၊ အဖေ့သူငယ်ချင်းဘဘဦးချိန်အေးတို့အိမ်မှာ ဦးထုပ်ချုပ်တဲ့ ဦးလေးကိုမြင့်က ဗေဒင်နဲနဲပါးပါးတွက်တတ်တော့၊ ခုတော့စိတ်ပူစရာမလိုဘူး၊နောက်နှစ် ဒီအချိန်တော့သတိထားလို့ ပြောခဲ့ဘူးတာကို အမှတ်တမဲ့ဘဲနေခဲ့မိကြပါတယ်။

    အဲ့ဒီခေတ်အခါက အရက်သောက်တဲ့သူတွေကိုစိတ္တဇဆေးရုံမှာ အရက်ဖြတ်ကြတာအတော်ကိုခေတ်စားတာပါလား။ အမေကလေ ဘယ်ကကြားလာတယ်မသိပါဘူး၊အဖေ့ကိုပူဆာတော့တာပါဘဲ။တကယ်တော့ အဖေက မသောက်ရမနေနိုင်တဲ့သူလဲ မဟုတ်တာအမှန်ပါ။ ဝါတွင်းတစ်တွင်းလုံးသတ်သတ်လွတ်စားပြီး၊ အရက် လုံးဝ (လုံးဝ)ကိုမသောက်ဘဲနေနိုင်တာ။ မိန်းမကိုချစ်တာများလေ၊ နယုန်လကွယ်နေ့ကျရင်ဆေးရုံမှာသွားပြီးအရက်ဖြတ်မယ်လို့ဂတိပေးလိုက်တာ။ အမေကတော့သိပ်ပျော်သွားတာပေါ့။ ကျမကသိတတ်တဲ့အရွယ်ရောက်နေပြီမို့ဆိုင်မှာမသောက်တော့ဘဲ၊ အဖေကအိမ်မှာ ထမင်းစားခါနီးပုံမှန်သောက်နေကျကို အမေကကြည့်လို့ကိုမရတာ။ ကျမတို့တတွေကတော့အဖေ့နားမှာဝိုင်းထိုင်ပြီးစားကြသောက်ကြနဲ့ပါဘဲ။အဖေကထမင်းဝိုင်းမှာသားသ္မီးတွေကိဆုံးမတတ်ပါသေးတယ်။ အဲ့ဒီတုန်းကအမေကပြောသေးတာ။ “ဒီရက်တွေ မှာ ရှင်ကြိုက်သလိုသောက်၊နယုန်လကွယ်နေ့ နောက်ဆုံးဘဲ” လို့၊ ပါးစပ်နမိတ်တွေများလား။ အဖိတ်နေ့ညနေကျတော့ သူငယ်ချင်းတွေကိုတိုက်ဖို့ ‘အနီနဲ့မအုန်းတို့ခေါက်ဆွဲဆိုင်’ကို သွားသောက်ကြပါတယ်။ ကျမတို့အဖေက နယုန်လကွယ်နေ့ အိပ်ယာကထ၊အိမ်ရှေ့ကတန်းလျားပေါ်မှာပြန်ပြီးလှဲနေပါတယ်။ ကျမကျောင်းသွားခါနီးနှုတ်ဆက်လို့တောင်မှ ကောင်းကောင်းသွားလို့လှမ်းပြောလိုက်ပါသေးတယ်။နောက်ပြီး ဝက်ပေါလေးကို အဖေအုန်းနို့ခေါက်ဆွဲစားမယ်၊ဝယ်ပေးလို့ပြောပြီး၊ အမေကတော့ဆေးရုံသွားဖို့ပြင်ဆင်နေတာပေါ့။ ဝက်ပေါလေးက အဖေရေစားမယ်လေ ထတော့လို့ပြောတော့၊အဖေကသူထလို့မရတော့ဘူးတဲ့။ ညီမလေးကလဲ အဖေမနောက်နဲ့ဆိုပြီးဆွဲထူတော့ လက်တစ်ဖက်မလို့ကိုမရတော့တာလို့ပြောပါတယ်။ (ဝက်ပေါရဲ့ကျောင်းနေ့လည်မှတက်ရတာ။) အမေ့ကိုအော်ခေါ်ပြီးကမန်းကတမ်းဆွဲထူတော့၊အဖေကိုလဲ မလို့မနိုင်နဲ့။ ဗမာဆရာက စုပ်တွေထိုးတာပေါ့လေ။ မနက်၆နာရီလောက်စဖြစ်တာ၉နာရီခွဲလောက်ကျတော့အဖေသတိလစ်သွားပြီ။ ညနေ၃နာရီလောက် လမ်းထဲကဆွေမျိုးလိုနေတဲ့ဆရာဝန်ဒေါက်တာမောင်မောင်လှကြိုင်ရောက်လာပြီး ရန်ကုန်ဆေးရုံကြီးကိုတင်လိုက်ပါတယ်။ လေဖြတ်တယ်လို့လူကြီးတွေကပြောကြတာပေါ့။ တကယ်တော့ သွေးတအားတိုးပြီးဦးနှောက်ကြောပြတ်သွားရတာပါ။ ခုခေတ်လိုဆေးကောင်းဝါးကောင်းတွေသာရှိရင်တော့၊ အဖေပြန်ကောင်းမှာ။ ညနေ၆နာရီ ၃၅မိနစ်မှာတော့ အဖေက အားလုံးကိုထားသွားခဲ့ပြီ။ (၁၉၆၈ခုနှစ်၊ဇွန်လ ၂၄ ရက်နေ့။)

    ခေါက်ဆွဲဆိုင်က မအုန်းကအဖေဆုံးတာကိုသတင်းမေးလာတော့မှ ဝက်ဆီဖတ်တွေတစ်ပန်းကန်ပြားကြီးစားတာ တဲ့။ အင်မတန် ဝက်သားကြိုက်တဲ့အဖေ ။ ။

  • အမှတ်ရစရာလေးမို့

    အမှတ်ရစရာလေးမို့

    ဒေါ်မိအောင် Daw Mi Aung

    ဘာလိုလိုနဲ့အမေ အပြီးခွဲသွားတာ ၇လတောင်ရှိသွားပြီ။မြန်လိုက်တာ၊မနေ့တနေ့ကလိုပါဘဲ။မနက်အစောအိပ်ယာထပြီး ဝက်သားကိုငြုပ်သီးယောင်ယောင်လေးနဲ့ဆီပြန်ဟင်း၊ကြက်ဂွေးတောက်သောက်ဆမ်းလေးနဲ့ပုစွန်ထုပ်ဆီပြန် ချက်ပြီး၊ အမေ ၁၉၉၈ခုနှစ် ကထဲက တစ်ပါတ်မပျက်အမြဲတမ်းတရားစခန်းဝင်ခဲ့တဲ့ ရွှေခြံဓမ္မရိပ်သာ(ဒဂုံအရှေ့၁၃ ရပ်ကွက်)ကျောင်းကိုဆွမ်းဟင်းပို့မှာပါ။ဆရာတော်အတွက် ဘရင်းကြက်ပေါင်းရည်တစ်ဒါဇင်လဲပါပါတယ်။ (ကုသိုလ်အားလုံးကိုအမျှပေးဝေပါတယ်။)

    ပစွန်ထုပ်လေးချက်တော့ အဖေပြောတာလေး ပြန်ကြားယောင်ရင်းသတိရမိပြန်ပါရော။”ပုစွန်ထုပ်က အကြာကြီးမချက်ရဘူး၊ ပုစွန်ကွေးကွေးငါးနွေးနွေး မို့ ပုစွန်ထုပ်ကွေးရင် ကျက်ပြီသ္မီးရဲ့” လို့သင်ပေးခဲ့တာ။ နောက်ပြီးကျမတို့ဆွမ်းဟင်းချက်လှူရင်ဝက်သားဟင်းတခွက်အမြဲပါပါတယ်။ အဖေကဝက်သားဟင်းမပါရင်ကျမတို့လမ်းထိပ်က’ မစိမ်းထမင်းဆိုင်’မှာတစ်မတ်ဖိုးဝယ်ပေးရတယ်။ အမေဆူမှာစိုးလို့ ဝက်ပေါလေးကိုအိမ်နောက်ဖေးကနေသွားဝယ်ခိုင်းတာ။(ကျမတို့အိမ်ကလမ်းထိပ်နဲ့ ၂အိမ်ဘဲခြားပါတယ်။)

    အဲ့ဒီအချိန်တုန်းက နောက်ဖေးလမ်းသာဆိုတယ်၊သန့်ရှင်းနေတော့ လမ်းသွားလို့ကောင်းပါတယ်။ သင်္ကြန်ဆိုရင်လဲ၊ အုန်းဖေလက်ဖက်ရည်ဆိုင်မှာ “ရွှေတိုင်မောင်မယ်” သင်္ကြန်မဏ္ဍပ်လုပ်တော့၊ အိမ်နောက်ဖေးဖက်ကနေသွားကြည့်ရတာ။မဏ္ဍပ်ကအလှမယ်လေးတွေက ကပြလို့၊သင်္ကြန်အဖွဲ့တွေကသံချပ်တွေတိုင်လို့၊အလွန်ပျော်စရာကောင်းခဲ့တာပါ။ကမ္ဘာကျော်ငွေလှိုင်ဦးစီးတဲ့” ဟာသမဟာစင်တော်ကြီးအဖွဲ့”ကည ၂နာရီလောက်မှာလာလဲ ထွက်ပြီးကြည့်ကြတာပါဘဲ။ *မသူတော် တွေမရှိတဲ့အချိန်မို့သာတော်တော့တယ်။

    နောက်ပိုင်းအမေကလဲဝက်သားဟင်းနေ့တိုင်းလိုစားပြီးပြောသေးတယ်။ “အမေလဲ ညည်းတို့အဖေ ဝဍ်တွေကောင်းကောင်းလည်တာဘဲ” တဲ့လေ။သူကအဖေ့ထက်ပိုဆိုးသေး။ ထမင်းစားရင် ဝက်သားကိုအဆီတစ်တုံးချန်ထားပြီး၊နောက်ဆုံးမှဝက်သားတုံးပေါ် ငပိရည်လေးဆမ်းပြီး “အစာပိတ်”စားတတ်တာ။ ၊တရားစခန်းဝင်ရင်လဲ ရိပ်သာက ဆွမ်းချက်တဲ့ဝေယျာဝစ္စအဖွဲ့က အမေ့အကြောင်းသိနေတော့ ဘာဟင်းချက်ချက် အမေတို့ဆွမ်းဝိုင်းကို ဝက်သားဟင်းတစ်ခွက်တော့ပါအောင်ချပေးတတ်ကြပါတယ်။အမေ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ရတဲ့သူတွေပါ။

    အမေကတစ်လကို ၂ကြိမ်တရားစခန်းဝင်ပါတယ်။ အင်္ဂလိပ်လဆန်း၅ ရက်မှာတစ်ကြိမ်၊၁၉ ရက်မှာတစ်ကြိမ်။ ရိပ်သာသွားရင်လဲ စုံနေအောင်ယူသွားတတ်တာ။ပခုံးတင်တဲ့ယောဂီတဘက်ဆို ရင်၄/၅ထည်ယူလို့ကျမတို့ကပြောရင်၊”သ္မီးတို့ကဘာသိလို့လဲ၊ ပါမလာတဲ့သူကိုပေးရတာပေါ့” တဲ့။ မုန့်ဆိုရင်လဲအိမ်မှာရှိတာအကုန်သယ်တာ။ မုန့်မပါတဲ့သူတွေအတွက်။ အမေတို့ဆွမ်းစားပြီးလို့ ၊အခန်းထဲပြန်ရောက်ရင် သူ့ဘေးနားမှာယောဂီတွေဝိုင်းဝိုင်းလည်လို့။အချိုပွဲစားကြတာ။ အမေ့ရဲ့လက်ဖက်နှပ်ကို ကြိုက်ကြလို့ပါတဲ့။ အမေကလဲတရားစခန်းသွားရမည်ဆိုရင်၊တက်ကြွ ပြီး၊ မသွားခင်တစ်ပါတ်လောက်ကထဲက ပြင်ဆင်ရတာမမောနိုင်အောင်ပါဘဲ။အသက်၉၄ နှစ်လောက်အထိတရားစခန်းဝင်နိုင်တုန်းပါ။သူ့အဝတ်ကိုသူ့ဖါသာလျှော်တာ။ ကျမ အလုပ်ကအပြန်မှာ အမေလဲထားတဲ့အဝတ်တွေ ဝင်ပြီးယူတဲ့အခါ၊ မိတ်ဆွေယောဂီတွေက တိုင်ကြတောကြ တော့တာပါဘဲ။ရေချိုးတာကြာလို့၊အင်္ကျီကိုဖွက်ယူသွားပြီးလျှော်လို့ပါ။ ရိပ်သာနဲ့အိမ်ကလမ်းလျှေက်သွားရင်၁၀မိနစ်လောက်ဘဲလျှောက်ရပါတယ်။ အမေဥပုသ်စောင့်သွားရင်တော့ ဆိုက်ကားနဲ့ပို့ခိုင်း ကြိုခိုင်းရပါတယ်။

    ကြည့်မြင်တိုင်မှာနေတုန်းကတော့ တက္ကသိုလ်ရိပ်သာလမ်းက ဇနိတာရာမကျောင်းမှာစခန်းဝင်တာ။အဲ့ဒီအချိန်တုန်းကတော့ စခန်းဝင်ဖို့စာရင်းသွင်းပေးပါဦးဆိုပြီး တစ်ယောက်ပြီးတစ်ယောက်လာပြောကြလို့၊မနက်အစော ထထပြီးစာရင်းသွားသွင်းပေးရတာ တရားစခန်းစဖို့တစ်ရက်လောက်အလိုအထိ မမောနိုင်မပမ်းနိုင်ပါဘဲ။ကျမတို့ အမေကနားလေးတော့၊ကုက္ကိုင်းလမ်းမကြီးကိုကားလမ်းကူးရတာစိတ်မချလို့ပြောရင်၊ “သ္မီးတို့ရယ်၊ကုသိုလ်ရတယ်၊ နိဗ္ဗာန်ကူးတို့ပေါ့ ၊ကိုယ်ကူညီလိုက်တဲ့သူ တရားရသွားရင် ကိုယ်လဲကုသိုလ်ရတယ်” လို့ပြောတတ်သေးတာပါ။

    အဖေဆုံးပြီးနောက် စီးပွားရေးတွေလဲအလျင်ရနေတော့ အတော်အဆင်ပြေပါတယ်။ ဒါပေမဲ့အမေက ထုံးစံအတိုင်းသဘောကောင်း၊လူတိုင်းကိုယုံတတ်တော့ သူများလိမ်တာလဲခံရ။ ဦးသန့်အရေးအခင်းကာလမှာ ဆိုင်ကလဲပိတ်ထားရနဲ့ကျမတတိယနှစ်ရောက်တဲ့နှစ်မှာဘဲ စီးပွါးပျက်သွားတယ်လို့ပြောရမှာပေါ့။ အမေ့ဆိုင်ကအရင် RTBစျေးလို့ခေါ်ပြီး၊ယ္ခု ဗိုလ်ချုပ်စျေးသစ်နေရာမှာရှိတာပါ။ အမေ​က ရှိတာလဲလူမသိ၊မရှိတာလဲလူမသိအောင်နေတတ်လို့သာ ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ကြရတာ။ အမေတို့ငယ်ငယ်တုန်းက ကိုးကွယ်တဲ့ဆရာတော်ကြီးတွေ မိန့်ခဲ့တာလေးကို အမေအမြဲပြောပြီး ကျမတို့ကိုသင်တတ်တယ်။

    သူများငပိနဲ့စားရင် ကိုယ်လဲငပိနဲ့စားတယ် -လို့ဘဲပြောရမယ်တဲ့။

    မှတ်သားလိုက်နာစရာမို့

  • နိမ့်တုံ-မြင့်တုံ

    နိမ့်တုံ-မြင့်တုံ

    ဒေါ်မိအောင် Daw Mi Aung

    မွေးစမှသေသည့်တိုင်အောင်၊ ပြည့်ပြည့်စုံစုံနဲ့တသမတ်ထဲ အတည်တကျရှိနေသူတွေဟာသိပ်ကံကောင်းကြပါလားလို့တွေးမိပါတယ်။ အမေပြောဘူးတာလေးကတော့၊သူ့ကံနဲ့သူပါလာပြီးသားတွေပါတဲ့။ အမေတို့လေတစ်သက်လုံးစားမကုန်သောက်မကုန်၊ ဆင်းရဲဖို့ဆိုတာမစဥ်းစားဘူးပါဘူးတဲ့။အမေတို့အဖေဆုံးပြီး၊အမေတို့အဖွါးကသားစိတ်နဲ့ဆုံးသွားပြန်တော့၊လက်ရှိနေရတဲ့အိမ်ကလေးတောင် သစ္စာရှိတဲ့သူခိုးက ဂရံလေး လာပြန်ထားလို့၊ အိမ်ပိုင်လေးနဲ့နေခဲ့ကြရတာကို။

    “ငါ့သ္မီးကတော့ကွာ မြင်းပြိုင်ကွင်းကနေအိမ်ကိုလမ်းလျှောက်ပြန်ရအောင်ကိုအကျိုးပေးတာ၊ဒီကြားထဲ ဆီချက်ခေါက်ဆွဲလေးစားချင်သေးတာ”တဲ့။ (ဆီချက်ခေါက်ဆွဲက တစ်ပွဲမှတစ်မတ်ရယ်။) မြင်းပွဲရှုံးလို့ခြေကျင်ပြန်ခဲ့ရပြီး၊အိမ်မှာမိန်းမကဗိုက်နာနေတာ။အမေကလဲအဖေနဲ့အပြိုင်”ရွတ်”ပုံများကတော့ အနှီးပိတ်တောင်မဝယ်ထားဘူး။ကျမကိုစကားဝါပင်လမ်းမှာ ဝမ်းဆွဲဆရာမဒေါ်မယ်သန့်ကမွေးပေးတာပါ။အင်း၊မတ်လ ၂၇ ရက်၊တော်လှန်ရေးနေ့ပေါ့။ ကျမသိနားလည်တတ်တဲ့အချိန်မှာအဖေပြောလိုက်တဲ့စကားတခွန်းကိုကိုရင်ထဲစွဲသွားတာမို့ ” အကျိုးပေးတဲ့သ္မီးဖြစ်ရမယ်”လို့စိတ်မှတ်ထားလိုက်ပါတယ်။

    ဥယျာဥ်လမ်းအိမ်ရောက်တော့ ညီမဝက်ပေါကိုမွေးတာပါ။ဒပ်ဖရင်(ဗဟိုအမျိုးသ္မီးဆေးရုံ)၊ ပိုက်ဆံခန်းမှာမွေးတာပါ။ အမေတို့ပြောတာ ညီမလေးက မျက်နှာဖုံးလေးနဲ့လို့ပြောပါတယ်။လူချစ်လူခင်ပေါတယ်တဲ့။သူက ပါးဖေါင်းဖေါင်းလေးနဲ့မို့ ဝက်ပေါလို့ချစ်စနိုးခေါ်တာ၊ကျမကတော့ခုချိန်အထိ ဒီလိုဘဲခေါ်တယ်။ သူ့ကိုမွေးပြီးနောက်တစ်လကျတော့၊ ကျမအဒေါ်စိန်စိန်ကဒုတိယသ္မီးလေးမွေးတော့ အော်တိုမစ်တစ်ရွှေပေါဖြစ်သွားပါရော။စွာတေးမခင်စန်းနုရဲ့ညီမ။

    အဖေက သခင်ကျော်ထွန်းရဲ့ ယခုခေတ်အခေါ်တော့ PA.ပေါ့။လယ်ယာနဲ့သစ်တောဝန်ကြီးလို့ပြောပါတယ်။အဲ့ဒီအချိန်ကအိမ်မှာဧည့်သည်တရုန်းရုန်း၊”အင်း”လေလံစွဲချင်တဲ့သူတွေ၊ဘကြီးအောင်ခင်(အဖေ့ရဲ့ဒုတိယအကို)က ထန်းတပင်အမတ် ဝင်ရွေးမှာမို့လာတဲ့သူတွေကို အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ကျွေးရတာ ကိုတော့မှတ်မိနေတာလေးပါ။ အမေကမောင်လေးဝင်းမောင်ကိုမွေးခါနီး၊ဗိုက်နာလို့ဒပ်ဖရင်ပို့လိုက်ပါရော။ ၂ရက်နေလို့မမွေးတော့၊အိမ်ကိုစိတ်မချတဲ့ကျမတို့အမေက ဆေးရုံကအတင်းဆင်းလာတာ။ဟောတော့၊ ညလဲကျရောအမေကဗိုက်နာလာတာနဲ့ လက်မှတ်ရ သားဖွါးဆရာမကြီးဒေါ်စက်မေကိုခေါ်ပြီး စကားဝါပင်လမ်းအိမ်မှာမွေးလိုက်ရပါတယ်။ တော်တော်နောက်တဲ့မောင်လေး။

    ဗါးဂရာလမ်းကဦးဘဖေဆေးရုံမှာ ညီမလေးမိမာကိုမွေးတာပါ။အဖေကဆေးရုံကိုခေါ်လို့သွားလိုက်ကြည့်တော့ နှာတံပေါ်ပေါ်၊မျက်လုံးလှလှလေးနဲ့ချစ်ဖို့ကောင်းတာ။အဖေက “ငါ့သ္မီးကတော့အချောဆုံးဘဲ၊ ညိုမြရုပ်လေး” တဲ့လေ။ မိမာငယ်ငယ်ကတအားဂျီကျတာ။သူငိုရင်အလုပ်လုပ်ရတာအဆင်မပြေဘူးလို့ အမေကပြောထားတဲ့အတွက်အရမ်းအလိုလိုက်ရပါတယ်။

    အငယ်ဆုံးမောင်လေးဖိုးချိုကိုတော့ ဒပ်ဖရင်မှာမွေးပြီး၊ ၄/၅လသားလောက်ကထဲက အဖေသွားလေရာ နို့ဗူးနဲ့ခေါ်သွားတာ။အလုပ်အကိုင်တွေကသိပ်ကိုအဆင်ပြေတဲ့အချိန်၊အမေကအိမ်မှာကုန်သည်နဲ့အလုပ်စကားပြော၊အဖေက ကားတစီးနဲ့ပစ္စည်းတွေကိုလိုက်ပို့ပေးတာ။ ပိုက်ဆံမှာမျက်စေ့နဲ့ခြေထောက်ပါတယ်။သူလာချင်ရင်တက်လာပြီး မနေချင်တော့ရင်လဲပြန်ဆင်းသွားတတ်တာ။ ~ဖိုးချိုလေးတစ်နှစ်သား သာသာလေးမှာကျမတို့အဖေကဆုံးသွားပါတယ်။ သိပ်ပြီး ကစင့်ကရဲ မဖြစ်လိုက်တာကတော့ အမေက အဖေ့ကိုတအားမမှီခိုဘဲ ယောကျာ်းနဲ့ဒိုးတူပေါင်ဖက်အလုပ်လုပ်ခဲ့သူမို့ပါ။

    သားတွေသ္မီးတွေနဲ့ပျော်ပျော်ပါးပါးနေချင်ရှာတာ။ထမင်းစားပွဲကိုတောင် တစ်ဝိုင်းထဲစားလို့ရအောင် ပုတီးကုန်းမှာထမင်းစားစားပွဲအကြီးကြီး၂လုံးလုပ်ခိုင်းတာ။ တူတွေတူမတွေအတွက်ရောပေါ့လေ။အဖေဆုံးတော့၄၆နှစ်။

    တကယ်တော့ ကံစီမံရာကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ လောဘ၊ဒေါသ၊မာန်မာနတွေမရှိကြတော့ရင်၊ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။

  • စံ ထားထိုက်သူ

    စံ ထားထိုက်သူ

    ဒေါ်မိအောင် Daw Mi Aung

    ငယ်ငယ်တုန်းက၊ စားခဲ့ရတဲ့ခေါက်ဆွဲသုတ်လေးကိုသတိရမိလို့ပါ။အော်၊ “ချင်”တွေကိုဖြတ်ပါမယ်ဆိုမှလေ။ ရသတဏှာလေးကဖြစ်လာရသေးတယ်။ကျောင်းပိတ်တဲ့နေ့တွေကျရင်ကျမနဲ့ညီမဝက်ပေါလေးတို့ကိုမနက်စောစော အဖေကလက်ဆွဲပြီးမုန့်လိုက်ဝယ်ကျွေးတာ။စောစောလဲလမ်းလျှောက်ရင်းပေါ့။စလင်းကျောင်းတိုက်ကြီးကိုဖြတ်ရင် ဖိနပ်ချွတ်ရမှာမို့ စလင်းဘောလုံးကွင်းကနေ ပန်းပင်ကြီးလမ်းအတိုင်းဆင်းလို့၊ ဗိုလ်သူရလမ်းနဲ့ဦးရွှေစိုးလမ်းဒေါင့်ကမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲအစုံရောင်းတဲ့ဆိုင်မှာထိုင်စားကြတာ။ အဲ့ဒီအဒေါ်ကြီးရဲ့လက်ရာကိုမမေ့ဘူး။ကြက်သွန်ကြော်ဆီချက်ကိုနနွင်းလေးကဲပြီးချက်ထားတာ။ဂျုံခေါက်ဆွဲကို ကြက်သွန်နီ၊ပုစွန်ခြောက်မှုန့်၊ပဲမှုန့်၊ မန်ကျည်းမှည့်အချဥ်ရည်လေးနဲ့သုတ်ပေးတာ။ ကျမကငြုပ်ဆီတွေနဲ့စပ်ထားတဲ့အချဥ်ရည်ကိုမကြိုက်ဘူး။ဂေါ်ဖီတွေလှီးထည့်ရင်လဲမကြိုက်တတ်ဘူး။

    ဟီးဟီး၊ကျမတို့သားအဖတွေပြန်ရောက်ရင်အမေအိပ်ယာကနိုးနေပြီ။မောင်လေးရဲ့ ရှူးပေါက်ထားတဲ့အဝတ်တွေကပုံလို့။ ကျမတို့သားအဖတွေကိုမျက်စောင်းကလဲထိုးလိုက်သေးတယ်။(မနက်အစောစာကို အပြင်မှာစားတာသူမကြိုက်ဘူး။ အိမ်မှာဘဲစားစေချင်တာ။ အမေတို့ငယ်ငယ်တုန်းက ကောက်ညှင်းထုပ် တစ်ထုပ်ကိုမောင်နှမနှစ်ယောက် တစ်ပိုင်းစီကျွေးတာ တဲ့။အမေ့ရဲ့အဖွါးဒေါ်နှင်းမြိုင်က ပိုက်ဆံချမ်းသာပြီး၊သိပ်ပြီးစည်းကမ်းကြီးတာ။) အနှီးတွေကအဖေဘဲအမြဲလျှော်ပေးတာ။သူ့မိန်းမကညဖက် ကလေး နို့တိုက်ရတာပင်ပမ်းလို့တဲ့။အဖေလိုလူမျိုးရှာမှရှားပါဘဲ။

    ခုချိန်အထိ ကျမတို့မောင်နှမတွေ မနက်အစောကိုအိမ်မှာဘဲစားတတ်တာအကျင့်ဖြစ်နေပါတယ်။ ကြည့်မြင်တိုင်အိမ်မှာတုန်းကဆိုရင်၊ကျမတို့နောက်ဖက်အိမ်ကမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲရောင်းတာပါ။ ဟင်းအိုးနံ့ထွက်လာတာနဲ့ “မိုးသကြားရေ မုန့်ဟင်းခါး ဗူးသီးကြော်နဲ့ ၂ ပွဲနော်”လို့မှာထားပြီး မနက်လင်းမှမုန့်ဟင်းခါးဂျိုင့်ယူပြီးမောင်နှမတွေ စားပွဲဝိုင်းကြီးချလို့ထမင်းနဲ့စားကြရတာ။ (မောင်နှမ ၅ ယောက်ကို တစ်ယောက်တစ်ပွဲဝယ်ကျွေးနိုင်တာပေါ့၊ဒါပေမဲ့လက်ရေတပြင်တည်းစားကြရအောင်၊မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက်ညှာတာတတ်ကြအောင်၊ကြင်ကြင်နာနာရှိကြရအောင်လို့ ပုံစံချပေးထားတာပါ။) ဒါကြောင့်အဖေက အမေ့ကို “ဥာဏ်ကြယ်လေး” လို့ခေါ်တာ။အတွေးအခေါ်မြင့်မားတဲ့အမေရဲ့ကျေးဇူးကြောင့် ခုချိန်အထိ လူရာဝင်တဲ့ အပေါင်းအသင့်ဆံ့တဲ့သူဖြစ်ရတာပါ။

    အမေ အမြဲပြောတဲ့ ဆင်းရဲလဲပြောင်ပြောင်၊ချမ်းသာလဲပြောင်ပြောင်နေတတ်ရမယ်ဆိုတာသိပ်မှန်တဲ့စကားပါ။ အဖေဆုံးတော့ ကျမက ၈တန်းဘဲရှိသေးတာ။မောင်လေးဖိုးချိုကအခါလည်သာသာကျန်ခဲ့ပြီး၊ညီမလေး မိမာဆိုရင်ကျောင်းတောင်မနေရသေးပါဘူး။ ဒုတိယညီမနဲ့ မောင်လေးအကြီး ဝင်းမောင်ကကျောင်းတက်နေပါပြီ။ ဒီလူလားမမြောက်တဲ့ကလေး ၅ယောက်နဲ့အမေရုန်းကန်ခဲ့ရတာ၊စည်းစနစ်လေးရှိလို့ခံသာတာပါ။ အဖေဆုံးတော့ အမေအရွယ်ကောင်းပါ။ သားသ္မီးတွေကို ကြက်မကြီးကကြက်ကလေးတွေကိုစောင့်ရှောက်သလိုမျိုးစောင့်ရှောက်ပြီးပြုစုပျိုးထောင်ခဲ့ရှာတာမို့၊ ကျေးဇူးဆပ်လို့မကုန်နိုင်လောက်အောင်ပါဘဲ။ မုဆိုးမငယ်ငယ်၊ပိုက်ဆံအသင့်အတင့်ရှိ၊စီးပွါးလဲရှာတတ်တဲ့မိန်းမကို အမျိုးမျိုး “နှဲ့”ချင်တတ်တဲ့သူတွေလဲဒုနဲ့ဒေးပါဘဲ။ မယိုင်မလဲခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ အနေအထိုင်တတ်တဲ့အမေမို့ကျမတို့မောင်နှမတွေအဖို့ တန်ဖိုးကြီးလှပါတယ်။

  • ဂဂျီဂဂျောင်အမေ

    ဂဂျီဂဂျောင်အမေ

    ဒေါ်မိအောင် Daw Mi Aung

    အမေပြောတတ်တဲ့စကားလေးတွေဟာကျမအတွက်တော့သင်ခန်းစာလေးတွေပါဘဲ။သားလေးရလာတော့ “မိန်းကလေးထက်ယောကျာ်းလေးကပိုအရေးကြီးတယ်” တဲ့။ အမေကလဲသားကိုပိုချစ်လို့ဒီစကားမျိုးပြောတယ်လို့ထင်ခဲ့မိတာ။

    အမေနဲ့အဖေ ရန်ဖြစ်တတ်တာတော့မကြာခဏပါဘဲ။

    အဖေကအပေါင်းအသင်းလဲများ၊သဘောလဲကောင်းပြီးအရက်လဲသောက်တတ်တယ်။

    အမေကနဲနဲမှမကြိုက်။အဖေသောက်လာမှန်းသိရင် မျက်စောင်းတစ်ထိုးထိုးနဲ့ထမင်းလဲခူးမကျွေးဘူး။

    သောက်တဲ့သူက မရစ်ဘူး။အမေကတအားရစ်တာ၊မပြီးနိုင်မစီးနိုင်။

    တစ်ရက်တော့ အဖေအိပ်နေတာကိုကျောပေါ်ခွစီးပြီး သနပ်ခါးတုံးနဲ့ခေါင်းကိုထုတာ၊အဖေက “ဟာဒီမိန်းမတော့” ဆိုပြီးကျောကိုလှည့်လိုက်တော့ အမေလေ တစ်အိမ်လုံးပတ်ပြေးလိုက်တာ၊အဖေက အော်အော်ပြီးရယ်လို့ အမေက အဝေးကနေပစ္စည်းတွေနဲ့ ကောက်ပေါက်နေသေး။

    (တော်တော်ဆိုးတဲ့အမေ။)

    အမေက ပါးတယ်၊သူကသေးသေးလေး၊အဖေကဝတုတ်ကြီးဆိုတော့ပူးပြီးဘယ်သတ်လိမ့်မတုန်း။

    တခါကတော့ အဖေက’ စတီး သားလှီးဓါး’တစ်ချောင်းတစ်ကျပ်ခွဲနဲ့ဝယ်လာလို့ ရန်လုပ်တာများလေ တစ်ညလုံး အိပ်နေတဲ့သူကိုနှိုး၊နှိုးပြီးတော့ကိုပြောတာ။

    (အဖေက ချက်တာပြုတ်တာ ဝါသနာပါတော့ မီးဖိုချောင်သုံးပစ္စည်းလေးတွေဝယ်တတ်တယ်။)

    အဖေကလေ ” မူးတာဘယ်ရောက်သွားမှန်းမသိတော့ပါဘူးကွာ” လို့ပြောရရှာတော့တာ။

    (အရက်သောက်ထားတဲ့သူထက် သွေးဆိုးတဲ့၊ဂျီကျတဲ့အမေ)

    ဝါတွင်းကျပြန်တော့ အဖေကလုံးဝမသောက်ဘဲ၊သတ်သတ်လွတ်စားသေးတာ။သိပ်သဘောကောင်းတဲ့အဖေ။

    ကျမကအဖေ့သ္မီး၊အဖေ့ကိုသိပ်ချစ်တာ။

    အမေ့ကိုတော့လေ၊အဖေမရှိတဲ့နောက်ပိုင်း မိန်းမသားပေမဲ့ သားသ္မီး ၅ ယောက်ကိုလူတန်းစေ့အောင် ထားနိုင်ဖို့ လှုပ်ရှားရုန်းကန်ရလို့ သိပ်သနားတာ။

    ဒါပေမဲ့ အမေကအဖေ့ကို သိပ်ဦးစားပေးတာပါ။အလုပ်အကိုင်အတွက်စကားပြောရင်တောင် အဖေ့ကိုဘဲရှေ့တန်းတင်တတ်တဲ့မိန်းမမျိုး။ အဖေအလုပ်အကိုင်မရှိတဲ့အချိန်ကလဲ မငြိုမငြင်ထားတဲ့မိန်းမမျိုး။

    တကယ်တော်တဲ့ကျမတို့အမေပါ။တစ်ခုဘဲ အဖေ့ဆီက အရက်နံ့နဲနဲရတာနဲ့ ရန်ဖြစ်ဖို့၊ဂျီကျဖို့ တာစူတတ်တော့တာ။

    (ကျမအသက်ကြီးလာတော့ အမေ့ကိုမေးကြည့်မိတယ်။ အဖေက အမေနဲ့ရမှအရက်သောက်တတ်တာလားလို့။အဲ့ဒီတော့” မဟုတ်ပါဘူးအေ၊လူပျိုထဲကသောက်တာပါ”တဲ့။

    ပြီးတော့ “အမေ့ကိုယူပြီးရင်မသောက်တော့ပါဘူး”လို့ပြောသတဲ့။ ငြိမ်းငြိမ်းတို့ပြောပြတာကတော့ “ညည်းအဖေမူးလာရင်တစ်လမ်းလုံးပြည့်အောင်လမ်းလျှောက်ပြီးဝင်လာတတ်တာ၊ ဒါပေမဲ့သိပ်သဘောကောင်းပြီးရန်မဖြစ်တတ်ဘူး”တဲ့။ ကျမလေ အော်ရယ်တာ၊ ယောကျာ်းစကားများယုံလို့အမေရယ် လို့တွေးမိသွားတာပါ။

    အမေပြောတဲ့ယောကျာ်းလေးပိုအရေးကြီးတယ်ဆိုတာဟုတ်မှာ။တကယ်တော့ အိမ်မှာဖူးဖူးမှုတ်ခံထားရတဲ့သားအငယ်ဆုံးအဖေဟာ နေ့တဓူဝသောက်စားခြင်းမရှိတော့တာ၊ အမေ့ရဲ့လိမ္မာပါးနပ်မှုတွေကြောင့်ပါ။

    အမေပြောတယ်လေ၊ ယောကျာ်းလေးဘယ်လောက်ဆိုးဆိုး၊မိန်းမကလိမ္မာရင်ဆွဲခေါ်နိုင်တယ်။ မိန်းမ မလိမ္မာတာရလို့များတော့ယောကျာ်းက အဝိဇိတောင်ကျနိုင်တယ်။”တဲ့။ ဆိုလိုတာကတော့ ယောကျာ်းဆိုတာမိန်းမက ဝတ်ချင်စားချင်၊လိုချင်ရမက်ကြီးရင် ဓါးပြလဲဖြစ်နိုင်တယ်၊သူခိုးလဲဖြစ်နိုင်တာမို့ပါ။

    မှတ်ချက်။ ။အမှတ်ရတာလေးတွေရေးတာမို့ဝေဖန်နိုင်ပါတယ်။

  • အာဂမိန်းမ

    အာဂမိန်းမ

    ဒေါ်မိအောင် Daw Mi Aung

    “မုန့်ကိုရောင်းကာ မောင့်ကိုကျွေးပါ့မယ်”

    လူ့ဘဝမှာတွေးခဲ့တာတစ်မျိုး၊တကယ်ကြုံရတာတစ်မျိုးမို့အတော်ထူးဆန်းတာပါ။ချစ်သူနှစ်ဦး အတူနေကြရင် ဘယ်လိုဘယ်ပုံလုပ်ကိုင်စားသောက်ကြမယ်ဆိုတဲ့ စီမံကိန်းလေးတွေတော့ဆွဲကြမှာဧကန်ပါ။ဒါပေမဲ့ တာဝန်ယူတတ်ပြီး၊တာဝန်သိတတ်တဲ့ ကျမအဖေလိုလူမျိုးကတော့ မိန်းမကိုခိုင်းစားမည့်ယောကျာ်းထဲမှာမပါပါဘူး။အမေ အမြဲပြောတဲ့”ညည်းအဖေလိုလူမျိုးမရှိပါဘူး” ဆိုတာ၊ ကျမအသက်ကြီးမှနားလည်တာပါ။

    (ဟင်း!! အမေကသူ့ယောကျာ်းကိုရှိတုန်းတော့တည့်အောင်မပေါင်းဘဲနဲ့ လို့အမြဲတွေးခဲ့မိပါတယ်။)

    ပြောခဲ့ဘူးသလိုဘဲ အဖေကအလုပ်မရှိ၊ဘာလုပ်လုပ် ဘေးကြပ်နံကြပ်ဖြစ်နေချိန်မှာ၊ အမေကရှပ်အင်္ကျီကြယ်သီးတပ်ပြီးလောလောဆယ် မချေးမငှားရအောင်ကြိုးစားလုပ်ကိုင်ပေးခဲ့ပါတယ်။ လင်နဲ့သားသ္မီးကိုပြည့်စုံစေချင်တဲ့စိတ်က အမေ့ဆီမှာအပြည့်။ ကုန်သည်သားသ္မီးဆိုတော့လဲ စီးပွါးရေးအမြင်ရှိတော့၊ သူမို့စဥ်းစားပြီးလုပ်တတ်တယ်။အဖေ့ကိုတောင်အံ့အားသင့်စေခဲ့တာပါ။

    အဲ့ဒီကာလက အခြေခံစားသောက်ကုန် ၃၇မျိုးလား၊၃၂မျိုးလား

    (ကျမသိပ်မမှတ်မိ၊ဇဝေဇဝါ)၊

    ကန့်သတ်ကုန်လို့သတ်မှတ်ပါတယ်။ပြည့်သူ့ဆိုင်မှာတန်းစီပြီးဝယ်ရတဲ့ခေတ်ပါ။မြင်တတ်တဲ့အမေက ကြက်သွန်၊ငရုတ်သီးအစရှိတဲ့ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီး၊စျေးထဲကဆိုင်တွေကိုပြန်သွင်းပါတယ်။ ငွေအရင်းအနှီးကလဲမဖြစ်စလောက်မို့အတော်ပင်ပမ်းရှာမှာပါ။နောက်တော့ တစ်နေ့ကိုနှစ်ခေါက်သုံးခေါက်လောက်အမြဲသွားနေတာမို့ ဆိုင်ကအမျိုးသ္မီးနဲ့ခင်ပြီး၊ငွေမရှင်းခဲ့နဲ့ တခါထဲများများယူသွား၊ စျေးထဲမှာသွင်းပြီးမှပြန်လာပေးဆိုတာမျိုးဖြစ်လာတော့ အမေနဲနဲ ပင်ပမ်းတာသက်သာတာပေါ့။

    (အမေTargetထားပြီး ပစ္စည်းယူတဲ့ဆိုင်က သူဌေးရပ်ကွက်မို့ ပြည်သူ့ဆိုင်(ပ ပ က)မှာဝယ်သူမရှိ။ပစ္စည်း အစုံရနိုင်တဲ့ဆိုင်။ တာဝန်ခံအန်တီကြီးရဲ့နံမည်ဒေါ်မြမြဆိုတာကိုတောင် အမေမကြာခဏပြောလို့မှတ်မိနေပါသေးတယ်။ ကျေးဇူးရှင်တစ်ဦးပါဘဲ။)

    ဒီလိုနဲ့မောင်လေးကိုမွေးဖို့နီးလာတော့အမေပစ္စည်းသွားမယူနိုင်တော့ပါဘူး။အဒေါ်တစ်ယောက်ကို အဲ့ဒီဆိုင်နဲ့ဆက်သွယ်ပေးပြီး၊ဘယ်မှာပြန်ရောင်းဆိုတာကအစသင်ပေးပြီး အလုပ်လုပ်ပေးခိုင်းတာပါ။ အမေ မျက်နှာမြင်ပြီးတစ်ပါတ်နှစ်ပါတ်လောက်တော့ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက်နဲ့စာရင်းရှင်းပေးနေတာဟုတ်လို့ဘဲ။

    နောက်ပိုင်းမှာတော့ ဆိုင်ကပစ္စည်းမရတော့ဘူးလို့ဆိုပါတယ်။မောင်လေး (၃)လသားလောက်ရောက်မှ အမေအပြင်ထွက်၊ ပ ပ ကဆိုင်ကိုသွားတော့ အဲ့ဒီအမျိုးသ္မီး အမြဲပစ္စည်းလာယူပြီးရောင်းတဲ့အကြောင်းသိရတော့တာ။ ဒါပေမဲ့ ဘာတစ်ခွန်းမှမပြောခဲ့ဘဲ ဟုတ်ကဲ့ ၊ဟုတ်ကဲ့နဲ့ဘဲအိမ်ကိုပြန်လာလိုက်တာ။ အဖေ့ကိုပြန်ပြောပြတာတော့ “စားပါစေ၊သူများစားပေါက်ကိုမပိတ်ချင်ပါဘူး”တဲ့။

    အမေ့အတွက် သင်ခန်းစာရလိုက်တာကတော့ဟင်းစားဘဲပေး၊ကွန်ချက်မပြနဲ့ ဆိုတာလေးပါဘဲ

    နောက်တော့လဲ အဆက်အသွယ်တစ်ခုပြီး တစ်ခုရလာပြီး၊ အလုပ်အကိုင်တွေအဆင်ပြေလာတာဟာအမေ့ရဲ့စိတ်စေတနာကြောင့်လို့ လို့တွေးမိပါတယ်။

    နောက်ပိုင်းအဖေကိုယ်တိုင်လဲ နိုင်ငံရေးသမားတစ်ဖြစ်လဲကုန်သည်ကြီးလုံးလုံးဖြစ်သွားရတော့တာပါဘဲ။

    တစ်သက်လုံးစျေးရောင်းရတဲ့အလုပ်ကိုမလုပ်ခဲ့ဘူးတဲ့အဖေ့ကိုအားဖြည့်တိုက်တွန်းဆွဲဆောင်နိုင်တဲ့ကျမတို့အမေကိုတော့ဘယ်လိုချီးကြူးရမှန်းတောင်မသိပါဘူး။

    မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ သားသ္မီးတွေကိုပြုစုပျိုးထောင်ရင်း အင်မတန်ပျော်ခဲ့ကြရတာပါ။ လေပြေလေးမလာခင်တော့ မုန်တိုင်းကို​ကျော်ဖြတ်ကြရတာပေါ့လေ။

    ကြိုးစားရင်းနဲ့ဘဲ – – – -တစ်နေ့တော့ ပန်းတိုင်ရောက်ရတာအမှန်ပါဘဲ။

  • မြဲခြင်းမရှိ

    မြဲခြင်းမရှိ

    ဒေါ်မိအောင် Daw Mi Aung

    မျက်မမြင်ကျောင်းအတွင်းမှာဖွင့်ထားတဲ့မြူနီစပါယ်ကျောင်းကတော့ကျမပထမဆုံးပညာသင်ကြားခဲ့ရတဲ့ကျောင်းပါ။ဥယျာဥ်လမ်းအိမ်ကနေကျောင်းကိုသွားဖို့၊စလင်းကျောင်းတိုက်ကြီးကိုဖြတ်ပြီး၊ပန်းပင်ကြီးလမ်းဖက်ကိုမျက်နှာပြုထားတဲ့ကျောင်းပေါက်ကဝင်ရပါတယ်။(မှတ်မိသလောက်တော့ တစ်ထပ်ကျောင်းဆောင်ရှည်ရှည်လေးပါဘဲ။)

    လက်ဦးဆရာမကြီးက ဒေါ်နှင်းနုပါ။ လက်ရေးလှအောင် လက်ထပ်သင်ပေးခဲ့တာပါ။ ခုအချိန်ထိ ရင်ထဲမှာတမ်းတပြီးကန်တော့လျက်ပါ။

    တစ်နှစ်မပြည့်ခင်မှာဘဲ ဌာနာလမ်းမှာနှစ်ထပ်ကျောင်းဆောင်ကြီးဆောက်ပြီးလို့မျက်မမြင်ကျောင်းကနေပြောင်းကြရပါတယ်။

    အမေအမြဲပြောပြောနေတာလေးကိုလဲအမှတ်ရနေတာပါ။မနက်ဖက်ကတော့အဖေကရုံးသွားခါနီးအနှီးကအစလျှော်ပေးခဲ့တာပါ။ညနေစာချက်တဲ့အချိန်ကျမှအမေပြာယာခတ်ရတော့တာပါဘဲ။ညီမလေးကငို၊ကျမက အီးကုန်းပေးဖို့အော် ထမင်းအိုးကငှဲ့နေရင်းဆိုတော့ ဘာလုပ်ရမှန်းတောင်မသိလို့ အော်ငိုရတဲ့အဖြစ်တဲ့။

    (ကျမ အသက်ကြီးလာတဲ့အထိရင်ထဲစွဲသွားတဲ့အဖြစ်ကတော့ မပြည့်စုံတဲ့ဘဝဟာခါးသီးလှတယ်ဆိုတာပါဘဲ။)

    တစ်နေ့တော့အဒေါ်အငယ်ဆုံးစိန်စိန်ကလည်း အထုပ်ကလေးပိုက်၊သ္မီးကြီးလက်ကိုဆွဲ၊ သ္မီးငယ်လေးကိုချီလို့ဥယျာဥ်လမ်းအိမ်ကိုရောက်လာတာမျက်စိထဲမှာခုထိမြင်ယောင်တုန်းပါ။ “မမေရေ ကုန်ပြန်ပြီ” လို့ပြောတာလေး။စိန်စိန်ကိုသနားလိုက်တာ။ကွမ်းခြံ(ယ္ခုကွန်ဒိုတွေဆောက်ထားတဲ့နေရာ) မီးလောင်လို့ပါ။

    သ္မီးငယ်လေးကကျမညီမလေးထက်တစ်လငယ်ပြီး၊သ္မီးကြီးကကျမထက် ၂ နှစ်ငယ်ပါတယ်။

    မတိမ်းမယိမ်းညီအစ်မတွေပါ။ အကြီးမ ခင်စန်းနုကသိပ်စွာတာဘဲ။ အမေကမုန့်ခြောက်လေးတွေကိုမုန့်ပုံးနဲ့ထည့်ပေးထားတာ။ တစ်နေ့တော့သူကမုန့်ပုံးဖွင့်လို့ ကျမကတားတာ၊ပုံးကိုလက်တစ်ဖက်ကဖွင့်ပြီးလက်တစ်ဖက်ကကျမရဲ့ဗိုက်ကိုလိမ်ဆွဲထားတာ။

    ဒါပေမဲ့ ကျမတို့ညီအစ်မတွေခုထိသိပ်ချစ်ကြတာပါဘဲ။ နောက်တော့လဲ စကားဝါပင်လမ်းအိမ်ကအမေ့မောင်အကြီးကအိမ်ထောင်ပြုပြီးအိမ်ခွဲသွားလို့၊ အမေကြီးတစ်ယောက်ထဲမို့ ကျမတို့မိသားစုစကားဝါပင်လမ်းအိမ်ရောက်ခဲ့ကြရပြန်ပေါ့။

    ဒီလိုပါဘဲ ၊ ဘဝဆိုတာတသမတ်ထဲမရှိဘဲအမြဲပြောင်းလဲနေတာပါ။

    ပျော်သလားဆိုတော့လဲ မသိပျော်ပျော်နေကြတာဘဲ။ငိုစရာရှိတော့လဲငိုလိုက်ကြ။ရယ်လိုက်ငိုလိုက်နဲ့ဘယ်တော့များမှ – – – -။

    သံသရာလည်သရွေ့ကြုံနေကြရဦးမှာပါလား လို့တွေးမိတာပါ။

  • မိဘ

    မိဘ

    ဒေါ်မိအောင် Daw Mi Aung

    ဥယျာဥ်လမ်းအိမ်ရောက်တော့ ဝတုတ်တုတ်ချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်လက်ဆောင်ရလိုက်တယ်။

    ကလေးအသိပျော်နည်းလေးနဲ့ထီးခြင်ထောင်အောက်ထဲမှာယက်ကန် ယက်ကန်ဖြစ်နေတဲ့နီနီရဲရဲလေးနားက မခွါနိုင်အောင်ပျော်ခဲ့ရတယ်။

    ကစားစရာအရုပ်ကလေးရသလိုမျိုး။

    မိဘတွေက ကစားစရာအရုပ်ဝယ်ပေးတတ်တဲ့အလေ့အထမှမရှိတာ။ကျမငယ်ငယ်က မကြာခဏနေမကောင်းဖြစ်ရင်၊ စဥ့်အိုးတန်းလမ်းမှာဖွင့်ထားတဲ့ ဒေါက်တာဟတ်မွန်ဆေးတိုက်ရောက်မှနေကောင်းသွားတာ။အဲ့ဒီဆေးတိုက်မှာ Toy Landလိုအရုပ်တွေစုံလို့။ ကလေးဆိုတော့လိုချင်တာ။

    ခုမှပြန်တွေးကြည့်တာပါ။ဆေးတိုက်သွားရင်ဂျစ်ကားငှားခက 5/-ကျပ်၊ ဆေးခန်းပြတာက5/-ဆိုတော့ ရုံးဝန်ထမ်းမိသားစုအဖို့စရိတ်စကများလှတာကို။

    မိဘကတော့သားသ္မီးအလိုကိုဖြည့်ပေးချင်ရှာကြမှာပါ။

    အသက်ကြီးလာလေ မိဘမေတ္တာကိုနားလည်မိလေပါ။

    အမေနဲ့အဖေပြန်ပေါင်းပြီး ဗဟန်းမှာနေကြရတာ။ ဒါပေမဲ့ မနက်လင်းတာနဲ့အဖေကကျမနဲ့အမေကိုဆိုင်ကယ်ပေါ်တင်ပြီး၊ ကြည့်မြင်တိုင်ကအမေကြီးအိမ်ကိုပို့ခဲ့တာ။

    မိန်းမနဲ့ကလေးကို နယ်မြေစိမ်းမှာတနေကုန်ထားခဲ့ဖို့စိတ်မချလို့ပါ။ အဖေ့မှာသိပ်သံယောဇဥ်ရှိတဲ့ BSA ဆိုင်ကယ်တစ်စီးရှိပါတယ်။ ကျမကလဲ အဖေကဆိုင်ကယ်တိုင်ကီပေါ်တင်ပြီး စက်နှိုးလိုက်တာနဲ့ပျော်တာလေ။

    ညနေအဖေပြန်လာကြိုတဲ့တစ်နေ့ကျတော့၊အမေ့ခမြာဟံသာဝတီအဝိုင်းမှာဆိုင်ကယ်ပေါ်ကကျကျန်ခဲ့တာဗဟန်းအိမ်ရောက်မှ မိန်းမပါမလာမှန်းသိတော့တယ်။

    ကံကောင်းလို့မကျိုးမပဲ့တာ။အဖေကစိတ်မချလို့ကြည့်မြင်တိုင်အိမ်ကိုနေ့တိုင်းပို့ထားတာအကဲပိုရန်ကောလို့တွေးမိကြပါလိမ့်မယ်။

    မပိုပါဘူးနော်။အကြောင်းတိုက်ဆိုင်တာလား၊ကံကိုကပါလာတာလားမသိတော့ပါဘူး။

    မိုးကြီးလေကြီးကျတဲ့တစ်နေ့ အဖေကလည်းပြန်မရောက်သေး။

    အမေက ကလေးကိုဖက်ထားပြီးအိမ်ရှေ့လေးမှာထိုင်နေတုန်း၊အဖေကဆိုင်ကယ်ကြီးနဲ့ပြန်ရောက်လာတာ သားအမိနှစ်ယောက်ကိုဘုရားမလိုက်သလိုပါဘဲ။ မိုးထစ်ချုန်းသံနဲ့အတူနောက်ဖေးဖက်က”တောင်”ပြိုကျတာ။ အမေကသေတ္တာလေးကိုအိမ်ရှေ့တော့ဆွဲထုတ်လာပါရဲ့၊မိုးထဲလေထဲကမန်းကတမ်းဘာပစ္စည်းမှမယူနိုင်ဘဲ သားအဖသုံးယောက် အဖေ့သူငယ်ချင်းဦးလေးကိုစိန်ဝင်း (ကပ္ပလီကွက်သစ်)အိမ်ကိုပြေးကြရတာ။

    မနက်လင်းလို့အဖေကကျမတို့အိမ်လေးကိုသွားကြည့်တော့ မှန်အိမ်မီးလေးက မငြိမ်းသေးဘူးတဲ့။ အိမ်ရှေ့လေးဘဲကျန်ပြီးအနောက်ခန်းတစ်ခုလုံးမြေပြိုကျတဲ့ထဲမှာပိပြားလို့။ သော့လေးဖွင့်ပြီး အိမ်ရှေ့ခန်းကသေတ္တာလေးကိုဆွဲ၊မီးလေးငြှိမ်းလို့ အဖေ့ခမြာကျမတို့သားအမိဆီကိုပြန်ရောက်တော့ “ကံကြီးပေလို့မသေတာ”လို့တစ်ခွန်းဘဲပြောနိုင်တယ်ဆိုတာအမေပြောပြတာပါ။

    အော် ကျမအမေလဲ တရားရှာနိုင်ဖို့အသက် ၉၆နှစ်အထိနေဖို့ ကံပါလာဖြစ်ပါလိမ့်မယ်။

    ဒီလိုမျိုးလေးတွေးမိရင်တော့လဲ အမေ့အတွက်ဖြေသာမိပါသေးတယ်လေ။

    ငြိမ်းငြိမ်းက မြင်းလှည်းကြီးနဲ့ဦးလေးအိမ်ကိုရောက်လာပြီး၊ဥယျာဥ်လမ်းအိမ်ကိုပြောင်းပေးခဲ့တာ။

    ဥယျာဥ်လမ်းဆိုတာ စကားဝါပင်လမ်းနဲ့ကပ်ရက်လမ်းပါဘဲ။

    မိသားစု ၄ ယောက်ဖြစ်သွားပါပြီ။ညီမလေးကကျမထက် ၅နှစ်ခွဲငယ်ပါတယ်။ဒါပေမဲ့သူကဥာဏ်ပိုကောင်းတော့ ခုချိန်အထိဆရာသိပ်လုပ်တာ။ငယ်ငယ်ကတော့သူ့ကိုအရုပ်လေးရသလိုမျိုးမို့ ကျမလုပ်ပေးသမျှခံတာပါဘဲ။

    အခြေမကျသေးသမျှ ဟိုရွှေ့ဒီပြောင်းနဲ့။

    မွေးစကနေအိုသည့်တိုင်အောင် သောကဆိုတာဘာမှန်းမသိတဲ့လူတွေ သိပ်ကံကောင်းကြပါလားလို့လဲတွေးမိပါတယ်။

  • နှောင်ကြိုး

    နှောင်ကြိုး

    ဒေါ်မိအောင် Daw Mi Aung

    “မေမေရေ လာပါတော့ကျီးကန်းလေးကတမော့မော့”

    ကျမရဲ့အမေကသူရဲကြောက်တတ်တယ်။

    မြန်မာမိသားစုမိဘတွေဟာ များသောအားဖြင့်ကိုယ့်သားသ္မီးကိုအရွယ်ရောက်လို့အိမ်ထောင်ထူတဲ့အချိန်မှာတောင် မျက်စေ့အောက်မှာရင်အုပ်မကွာထားချင်တတ်ကြတယ်။(မှားယွင်းတဲ့အယူအဆများလားလို့တွေးမိပါတယ်။)

    အဖေနဲ့လက်ထပ်ပြီး ယောင်နောက်ဆံထုံးပါအဖေ့မိသားစုထဲကိုဝင်ခဲ့ရတဲ့အမေ။

    အဖေတို့ကအမေရယ်ညီအစ်ကိုလေးယောက်ရယ်မှာအဖေကသားအထွေးဆုံးမို့ ရွှေပေါ်မြတင်ပေါ့။ အဖွားကသားတွေ၊ချွေးမတွေ မြေးတွေနဲ့အတူနေ အတူစား။

    ချွေးမတွေကတစ်ယောက်တစ်လှည့်စျေးဝယ်ရတယ်။

    ကျန်တဲ့သူတွေကဝိုင်းချက်ကြရပါတယ်။

    တကယ်ကိုပျော်စရာပါ။

    အဖေက နောက်ဆုံးမှအိမ်ထောင်ကျတဲ့သူမို့အတွင်းဖက်ဆုံးအခန်းမှာနေရပါတယ်။ အဖေတို့ခြေရင်းအိမ်မှာက ကက်ဝိုင်းရှိပါတယ်။(ဖဲလိုကစားရတဲ့ အပွင့်လေးတွေပါတဲ့သစ်သားတုံးမဲမဲလေးတွေ)

    တစ်ညတော့အဖေက ခြေရင်းအိမ်ရောက်နေပါရော။ အမေကလဲအိမ်ထဲမဝင်ရဲ။အဖေ့ကိုလှမ်းခေါ်တော့ အဖွားက “ပြန်လာမှာပေါ့၊ခေါ်မနေနဲ့” လို့ပြောသတဲ့။ ထပ်ခါထပ်ခါခေါ်လို့ အဖွားကလဲထပ်ခါထပ်ခါပြောပါလိမ့်မယ်။ အဲ့ဒီတော့ အိမ်မှာရွှေလိုဥထားခံရတဲ့ အမေကလဲ “ကိုယ့်ယောကျာ်းကိုယ်ခေါ်တာ” လို့ပြန်ပြောတယ်တဲ့။

    သားတွေကအမေကိုသိပ်ချစ်ကြပြီး မော်လို့တောင်မကြည့်ကြတာမို့၊ အဖေ့အထက်က အကိုကအဖွားကိုပြန်ပြောရမလားဆိုပြီး ပန်းထိမ်ဖိုက တူသေးသေးလေးနဲ့ထုမလို့။ အဖေကပြန်ပြေးလာပြီးသူ့အကိုကို “မင်းဝင်မပါနဲ့” လို့ပြောတာပေါ့။

    (ကျမကအသက် ၃နှစ်ကျော်ကျော်လောက်ရှိပြီထင်ပါရဲ့။

    မှတ်မိတာကတော့ ဘကြီးအကြီးဆုံးရဲ့သ္မီးမမမတင်ဦးကချီပြီးချော့တာလေး။

    ဝမ်းကွဲမောင်နှမတွေအားလုံး ခုထိချစ်ကြတုန်းပါ။)

    အမေ့ကိုချမယ်လို့ပြောတဲ့အဖေချစ်လှိုင်ရဲ့မိန်းမအမေညွန့်ကြည်ကဆုံးပြီးကာစမို့ အိမ်ထဲမဝင်ရဲတာနေမှာပါ။

    သူရဲကြောက်တတ်သူမို့။

    အိမ်ခန်းထဲရောက်တော့အမေကဆင်းမယ်ဆိုရင်းအဖေကဆွဲထားရင်းနဲ့၊မနက်မိုးလဲလင်းရောကျမကိုချီ၊သေတ္တာကိုဆွဲပြီးအဖေ့အိမ်ပေါ်ကဆင်းတာ။

    အမေနဲ့ညီအစ်ကိုတွေထိုင်ပြီး မနက်အစောစာစားနေတုန်းမို့ အဖေကလဲ ထမဆွဲရဲဘဲ၊”ငါ့ကလေးထားခဲ့”လို့ဆိုသတဲ့။

    အမယ်လေး ကျမရဲ့အာဂအမေက” ရော့၊နင့်ကလေး” ဆိုပြီးပစ်ချပေးခဲ့တာ။

    (သနားစရာကောင်းလိုက်တဲ့သ္မီးလေး)

    အမေနဲ့အဖေက တစ်လမ်းထဲနေကြတာ။နောက်နေ့တွေကျတော့မနက်အစောစာ စားပြီးတာနဲ့၊ကျမကိုအဖေက အမေ့အိမ်ကိုလွှတ်လိုက်တာ။

    (လျှော်ဖို့အဖေ့အဝတ်ရယ်၊ကျမကိုရေမိုးချိုးပေးပြီးလဲတဲ့အဝတ်ရယ်နဲ့။)

    ရယ်စရာတော့ကောင်းသား။

    အမေကချက်ချင်းဘဲ စွပ်ကျယ်စက်ရုံမှာအလုပ်ဆင်းတာ။ကျမကတော့တစ်နေကုန် အမေ့ရဲ့အမေနဲ့ကျန်ခဲ့ရတာ။အခြားအမေ့မောင်အိမ်ထောင်ကွဲတွေလဲအတူနေပေါ့။ကလေးဆိုတော့လဲနေနဲနဲညိုတာနဲ့ အမေ့ကိုတမ်းတပြီးမျှော်ရတာ။ အဲ့ဒီအဖြစ်လေးကိုတော့ ရင်ထဲမှာအမှတ်ရနေမိတာ။

    အမေပြန်လာလို့ သ္မီးလေးကသံဇကာလေးကိုကိုင်ပြီး “မေမေရေ လာပါတော့ကျီးကန်းလေးကတမော့မော့” ဆိုတာမြင်ရင်အမေကမျက်ရည်ကျတယ်။တကယ်တော့ ချစ်လို့အတူတူသစ္စာတွေတိုင်ပြီး အိမ်ထောင်ပြုကြတာ ရန်ဖြစ်ကြ၊ကွဲကြဖို့မှမဟုတ်တာ။

    ဒါကြောင့်သားသ္မီးတွေ အရွယ်ရောက်လို့ အိမ်ထောင်ထူကြရင် အိမ်ခွဲပေးလိုက်သင့်တာ။

    အဖေနဲ့အမေပြန်ပေါင်းဖို့ကျမကအောင်သွယ်တော်လေ။

    အမေကကိုယ့်အိမ်နဲ့ကိုယ်နေကြမယ်ဆိုမှပြန်ပေါင်းမယ်ဆိုလို့၊ ဗဟန်း ရေတာရှည်လမ်းမှာပြောင်းနေကြပါတယ်။

    တော်ပါသေးရဲ့ အမေအဖေနဲ့မောင်ညီမလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေခဲ့ရလို့ကျေးဇူးတင်နေရတာခုချိန်ထိပါ။

    ကျမကအဖေတို့အမေတို့ရဲ့နှောင်ကြိုးလေးတစ်မျှင်။

  • မစပ်စု

    မစပ်စု

    ဒေါ်မိအောင် Daw Mi Aung

    (ဓါးပြကြည့်ချင်တယ်)၂

    မုန့်စားချင်တယ်ဆိုပြီး ငိုတာဆိုရင်လဲမုန့်ကျွေးလို့ရရဲ့။အိမ်ကကုန်စုံဆိုင်ကြီးမို့။

    ညောင်စောက်မှာ ပိုက်ဆံလဲချမ်းသာတဲ့ဒေါ်နှင်းမြိုင်မှာ သားတစ်ယောက်ထဲရှိတော့ရိုးလွန်းတဲ့ အမေကြီးနဲ့လက်ဆက်ပေးပြီး၊ မြေးတွေအများကြီးနဲ့နေချင်သတဲ့။ အမေကြီးကလဲကလေးတွေတစ်ကျိတ်လောက်ကိုမွေးတာ။ ကျမသိမှီသလောက်ကတော့အမေတို့မောင်နှစ်မခြောက်ယောက်ပါ။

    အဲ့ဒီခေတ်အခါက ညနေ နေမဝင်ခင် ညစာစားကြရပြီး၊ကိုယ့်အိမ်ကိုယ်မအိပ်ရဲဘဲ၊အခြားအိမ်တွေမှာ ကိုယ်ယောင်ဖြောက်ပြီးသွားအိပ်ကြရတာ။တစ်နေ့တစ်အိမ်ပေါ့။ပုံသေလဲသွားပြီးစတဲချလို့မရပါဘူးတဲ့။

    အဲ တစ်ခုရှိသေးတာက ကိုယ့်ကိုမိရင် အရိုက်ခံရမှာစိုးလို့ အိတ်ရှုံ့လေးတွေကိုယ်စီမှာ ရွှေတိုရွှေစလေးတွေ ဆောင်ထားကြရသေးတာ။

    ပိုက်ဆံချမ်းသာပြီး မအေးချမ်းရတဲ့ဘဝ၊စည်းစိမ်မရှိတဲ့ဘဝတွေမို့ မက်လောက်စရာမရှိပါ လားလို့၊တွေးမိ တရားကျမိပါတယ်။

    တစ်ညတော့ ရွာကိုဓါးပြတွေဝင်လာပါရော၊အဖိုးတို့အိမ်ကိုအဓိကပေါ့။ကိုယ်လွတ်ရုန်းပြေးကြရတာ ကလေးတစ်ယောက် ကဓါးပြလက်ထဲကျန်ခဲ့ပြီး၊ကျန်တဲ့သူတွေလွတ်သွားပါတယ်။ရွာကလူစုပြီးလဲလိုက်ကြရော ဓါးပြကအိမ်က ၃၆ ကောင်မုန့်တွေခါးပိုက်ထဲထည့်၊ ကလေးကိုပခုံးပေါ်ထမ်းလို့ “ကလေးပါတယ်၊ကလေးပါတယ်” လို့အော်ပြီးပြေးတာ၊ရွာထိပ်က မုန့်ပြားသလက်သည်ဆီရောက်မှကလေးကိုအသေအချာအပ်ခဲ့တာ။

    (ကလေးမှာလက်ကောက်ဘယ်နှစ်ကွင်း၊နားဋောင်း၊ဆွဲကြိုးစာရင်းနဲ့) ၃၆ ကောင်မုန့်က ကလေးကိုကျွေးဖို့ယူလာတာ။

    ကလေးရော ပစ္စည်းရောကို အသေအချာပြန်မပေးရင် သတ်ပစ်မယ်ဆိုဘဲ။

    သစ္စာရှိကြပါပေရဲ့။

    အချိန်သိပ်မကြာခင်ဘဲ ဓါးပြတွေမိတယ်ဆိုလို့၊ဓါးစာခံပါသွားတဲ့ကလေးကို သက်သေခေါ်ပါရော။

    အဖိုးကအသေအချာမှာပါတယ်။ “သ္မီးရေမသိဘူး၊မမှတ်မိဘူး ” လို့ပြောနော်လို့။

    အဖေ့စကားနားထောင်လိုက်တာမှ အသေအချာကို “သူ့ကိုချီသွားတာဒီလူ၊ဘေးကပါလာတာကဒီလူ”ဆိုပြီး၊ ဂတ်အဝရောက်ကထဲကပြောတော့တာပါဘဲတဲ့။မှတ်ကရော။

    အဖိုးလဲဒီမှာဆက်နေလို့တော့မဖြစ်ဘူးဆိုပြီး၊ညောင်တုန်းမှာပြောင်းနေကြရပါရော။

    နှစ်တွေကြာလို့ ရန်ကုန်ရောက်တော့ အဖိုးတို့အိမ်ကိုတိုက်တဲ့ဓါးပြကြီးက ဘုရားဒကာအမည်ခံသူဌေးကြီးဖြစ်လို့။

    ကလေးကိုလဲမြင်မြင်ချင်းမှတ်မိပြီး”Sကောင်မလေး ငါသာသတ်ပစ်လိုက်ရင် သေပြီ”လို့ပြောသတဲ့လေ။

    တွေးကြည့်တော့ သူကလူမသတ်ခဲ့ဘူး၊ဓါးပြဖြစ်ခဲ့ပေမဲ့သစ္စာရှိတယ်၊ဒါတွေကြောင့်လဲ လက်ရှိမှာ လူရိုသေ၊ ရှင်ရိုသေဘဝတစ်ခုရခဲ့တယ်လို့ထင်မိပါတယ်။

    ဓါးပြ ကြည့်ချင်သူကတော့ ကျမရဲ့မာတာမိခင်ဒေါ်ခင်မေ ပေါ့ရှင်။