RIT 60th Anniversary & Engineering Education Centennial

By San Lin (M87)

RIT ရန်ကုန်စက်မှုတက္ကသိုလ်နှစ်(၆၀)၊ မြန်မာအင်ဂျင်နီယာသမိုင်းရာပြည့် (၂၀၂၄)

ဒီနှစ်(၂၀၂၄) ခုနှစ်ဟာ မြန်မာပြည်အင်ဂျင်နီယာသမိုင်းအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အင်ဂျင်နီယာတွေ အများဆုံးကို မွေးထုတ်ပေးရာ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီး နှစ်(၆၀) ပြည့်ပြီဖြစ်သလို မြန်မာပြည်အင်ဂျင်နီယာသမိုင်းလည်း ရာပြည့်တဲ့နှစ်ဖြစ်ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် RIT ရဲ့ မူလအစ အမြုတေ အင်ဂျင်နီယာ တက္ကသိုလ်ကျောင်းကို အင်္ဂလိပ်ကိုလိုနီခေတ်(၁၉၂၄) ခုနှစ် မှာ စတင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်( Rangoon University) ရဲ့ လက်အောက်ခံ အင်ဂျင်နီယာဌာန (Department of Engineering) အဖြစ် စတင်ခဲ့တာပါ။ စာသင်ဆောင်အဖြစ် ရန်ကုန်မြို့လည်က ရန်ကုန်ဆေးရုံကြီး (Rangoon General Hospital) ထဲမှာ တိုးချဲ့ဆောင်ဆောက်လုပ်ခဲ့တယ်။ စာသင်ပေမဲ့ဆရာ (Lecture) နှစ်ဦး၊ ကျောင်းသား(၁၇)ဦး နဲ့ စတင်ခဲ့တယ်လို့ သိရတယ်။

နောက်သုံးနှစ်အကြာ(၁၉၂၇) ခုနှစ်ရောက်မှရန်ကုန်တက္ကသိုလ်အတွင်းမှာ ဘီအိုစီ BOC(Burmah Oil Company) ရေနံကုမ္ပဏီရဲ့အလှူငွေနဲ့တည်ဆောက်တဲ့ ဘီအိုစီအင်ဂျင်နီယာကောလိပ် (BOC College of Engineering and Mining) အသစ်ကို ရွှေ့ပြောင်းခဲ့တယ်။ အင်ဂျင်နီယာကောလိပ်ဖွင့်စမှာ မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering) တစ်ခုကိုသာ သင်ကြားပေးနိုင်ခဲ့ပြီး (၁၉၃၈)ခုနှစ်ရောက်မှသာ စက်မှုအင်ဂျင်နီယာ (Mechanical Engineering) နဲ့ လျှပ်စစ်အင်ဂျင်နီယာ (Electrical Engineering) ဘာသာရပ်နှစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၆)ခုနှစ်အရောက်မှာတော့ အင်ဂျင်နီယာကောလိပ်အဆင့်ကနေ ရန်ကုန်တက္ကသိုလ်လက်အောက်မှာရှိတဲ့ အင်ဂျင်နီယာမဟာဌာနကြီး (Faculty of Engineering) အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး လွတ်လပ်ရေးရပြီး (၁၉၄၈)ခုနှစ်မှာတော့ သတ္ထုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering) ၊ ဓာတုအင်ဂျင်နီယာ (Chemical engineering) ၊ သတ္တုဗေဒအင်ဂျင်နီယာ (Metallurgy Engineering) ဘာသာရပ်တွေကို တိုးမြှင့်သင်ကြားနိုင်ခဲ့တယ်။ (၁၉၅၄)ခုနှစ်မှာ ပုံစံဒီဇိုင်း ထုတ်လုပ်ရေး ( Architecture) နဲ့ (၁၉၅၅)ခုနှစ်မှာ ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ (Textile Engineering) ဘာသာရပ်များကို တိုးချဲ့သင်ကြားနိုင်ခဲ့တယ်။

(၁၉၆၁)ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဗမာစက်မှုတက္ကသိုလ် BIT (Burma Institute of Technology) အဖြစ် သီးခြားတက္ကသိုလ်အဆင့် တိုးမြှင့်ခံခဲ့ရပြီး ဆိုဗီယက်ယူနီယံအကူအညီ (မြန်မာက ဆန်အကူအညီပြန်ပေးခဲ့ရ) နဲ့ ကြို့ကုန်း(အင်းစိန်) မှာ ကျောင်းအသစ်စတင်တည်ဆောက်ခဲ့တယ်။

(၁၉၆၄)ခုနှစ်မှာ ကျောင်းအဆောက်အအုံတွေအားလုံးပြီးစီးတဲ့အတွက် အင်ဂျင်နီယာတက္ကသိုလ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ သီးခြားတက္ကသိုလ်တစ်ခုအဖြစ် နေရာသစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ် RIT (Rangoon Institute of Technology) အဖြစ် နာမည်အသစ်ပေးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်လက်အောက်မှာရှိစဉ်က ဘွဲ့ပေးတဲ့အခါ သိပ္ပံဘွဲ့ B.Sc ( Engineering) အဖြစ် ပေးအပ်ခဲ့တာဖြစ်ပြီး RIT အဖြစ် သီးခြားရပ်တည်နိုင်မှသာ အင်ဂျင်နီယာဘွဲ့ B.E (Bachelor of Engineering) အဖြစ် စတင်ပေးအပ်နိုင်ခဲ့တယ်။ အင်ဂျင်နီယာမဟာဘွဲ့ M. E (Master of Engineering) တွေ တိုးချဲ့ပေးအပ်ခဲ့တယ်။

(၁၉၈၈)ခုနှစ် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးအပြီး စစ်တပ်ကအာဏာသိမ်းအပြီးနောက် တက္ကသိုလ်တွေပိတ်ထားရချိန် (၁၉၉၀)မှာ RIT ကျောင်းကို သူပုန်ကျောင်းလို့ဆိုပြီး စစ်အစိုးရက သူတို့စိတ်ကြိုက်အမည် YIT (Yangon Institute of Technology) အဖြစ် အမည်ပြောင်းခဲ့တယ်။

(၁၉၉၆)ခုနှစ် ရန်ကုန်တက္ကသိုလ်အနီးက လှည်းတန်းလမ်းဆုံမှာ တက္ကသိုလ်ကျောင်းသားများဆန္ဒပြပွဲကြောင့် တက္ကသိုလ်တွေကို ပိတ်လိုက်ရပြန်တယ်။ ဒီလိုတက္ကသိုလ်တွေပိတ်ထားရချိန် (၁၉၉၇)ခုနှစ်မှာ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအဖြစ် ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကို ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ လွှဲပြောင်းရယူခဲ့တယ်။

သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ပထမဆုံး ဝန်ကြီးဖြစ်တဲ့ ဦးသောင်း(ဗမက) က ‘RIT ကျောင်းဟာ သူပုန်ကျောင်းဖြစ်တယ်၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ မူလအစကျောင်းသားလှုပ်ရှားမှုကိုလည်း ဒီကျောင်းကပဲ စတင်ခဲ့တယ်၊ မြန်မာနိုင်ငံမှာ တစ်ခုတည်းသာရှိတဲ့ ဒီအင်ဂျင်နီယာတက္ကသိုလ်ကြီးသမိုင်းကို တစ်စစီဖြစ်အောင်လုပ်ပြီး ဖြိုဖျက်ရမယ်’ လို့ စီမံကိန်းစနစ်တကျရေးဆွဲပြီး စတင်အကောင်အထည်ဖော်တယ်။

(၁၉၉၈)ခုနှစ်မှာ ကျောင်းတော်ကြီးကို ရန်ကုန်နည်းပညာတက္ကသိုလ် YTU (Yangon Technical University) အဖြစ်အမည်သစ်ပြောင်းလဲတယ်။ (၁၉၉၉) ခုနှစ်မှာ လှိုင်သာယာမြို့နယ်အတွင်းက လယ်ကွင်းပြင်အတွင်း ကျောင်းသစ်ဆောက်လုပ်ကာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်။ ကြို့ကုန်းက မူလကျောင်းနေရာမှာ အင်ဂျင်နီယာမဟာတန်းအနည်းငယ်ကိုသာ လက်ခံသင်ကြားပေးပြီး RIT သမိုင်းဖျောက်ဖို့ လုပ်ဆောင်ခဲ့တယ်။ မြန်မာပြည်အနှံ့မှာလည်း နည်းပညာတက္ကသိုလ်အသစ်တွေ ဖွင့်လှစ်စေခဲ့တယ်။ သင်ထောက်ကူပစ္စည်းမရှိ၊ ဆရာမလုံလောက်တဲ့ နည်းပညာတက္ကသိုလ်တွေများစွာကြောင့် မြန်မာအင်ဂျင်နီယာတွေရဲ့ အရည်အသွေးကို များစွာထိခိုက်ကျဆင်းစေခဲ့တယ်။

၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ကိုလည်း ကျောင်းတော်ကြီးဟာ အလူးအလိမ့်ခံစားခဲ့ရတယ်။ စစ်အစိုးရတွေအဆက်ဆက်က ပစ်ထားခဲ့တဲ့အတွက် ကျောင်းတော်ကြီးဟာ အမိုးတွေပျက်စီး၊ မြက်တောကြီးတွေ ခြုံတွေအပြည့်၊ ဖုန်တွေအလိမ်းလိမ်းနဲ့ ဟောင်းနွမ်းဆွေးမြည့် ဖြစ်ချင်တိုင်းဖြစ်နေခဲ့ရတယ်။

ကျောင်းတော်ကြီးပျက်စီးယိုယွင်းနေတာ မကြည့်ရက်တဲ့ ကျောင်းသားဟောင်းတွေက ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်ပါ့မယ် ခွင့်ပြုပေးပါလို့ တောင်းပန်တဲ့အတွက် ဦးသိန်းစိန်အစိုးရခေတ်၂၀၁၁ ခုနှစ်မှာပြန်လည်ပြုပြင်ခွင့်ရခဲ့တယ်။ ကျောင်းသားဟောင်းတွေရဲ့ စုပေါင်းပြုပြင်မှုကြောင့် ကျောင်းကြီးဟာ ပြန်လည်အသက်ဝင်လာခဲ့ပြန်တယ်။ ဆရာတွေရဲ့နေအိမ်တွေ၊ စာသင်အဆောင်တွေကို ပြုပြင်ပေးနိုင်ခဲ့တဲ့အပြင် သင်ထောက်ကူပစ္စည်းတွေဖြစ်တဲ့ ပုံဆွဲခုံတွေ၊ ဓာတ်ခွဲခန်းပစ္စည်းတွေ၊ ခေတ်မှီအင်ဂျင်နီယာစာအုပ်တွေကိုပါ ပံ့ပိုးပေးနိုင်ခဲ့တယ်။ စာကြည့်တိုက်အသစ်ကြီးကိုလည်း တည်ဆောက်ပေးနိုင်ခဲ့တယ်။ နိုင်ငံတကာအသိအမှတ်ပြု COE (Center of Excellence)ကျောင်းအဖြစ် အဆင့်မီ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့တယ်။ (၂၀၁၄) ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ရွှေရတုပွဲကို ကျောင်းတော်ကြီးအတွင်းမှာ စည်ကားစွာ ကျင်းပနိုင်ခဲ့ကြတယ်။

ဒါတွေအပြင် ကျောင်းသားဟောင်းအသင်း RITAA ဖွဲ့စည့်နိုင်ခဲ့တယ်။ အငြိမ်းစားဆရာဆရာမတွေရဲ့ ကျန်းမာရေး၊လူမှုရေးတွေ ကူညီပေးဖို့ စွယ်တော်ရိပ်ဖောင်ဒေးရှင်းအဖြစ် စနစ်တကျထူထောင်နိုင်ခဲ့တယ်။ ကမ္ဘာအနှံ့မှာရှိနေတဲ့ကျောင်းသားဟောင်းတွေရဲ့ တွေ့ဆုံပွဲကြီးတွေ ဆရာကန်တော့ပွဲကြီးတွေ ကျင်းပပြုလုပ်နိုင်ခဲ့တယ်။ ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားတွေအတွက် ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်နိုင်ခဲ့တယ်။

(၂၀၂၁)ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြန်တဲ့အတွက် မြန်မာပြည်ပညာရေးဟာ ချောက်ထဲကို ဆွဲချခံရပြန်တာ ယခုအထိပါပဲ။ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ CDM ကျောင်းအဖြစ် ရပ်တည်ပြီး ဆရာအများစု၊ ကျောင်းသားအများစုက CDM လုပ်ခဲ့ကြပေမဲ့ စကစရဲ့ဖိအားတွေကြောင့် လူနည်းစုနဲ့ ပြန်လည်ဖွင့်လှစ်သင်ကြားနေတယ်လို့သိရတယ်။ ကျောင်းသားဟောင်းတွေအများစုကတော့ ကျောင်းတော်ကြီးရဲ့ အတွင်းကို သွားရောက်လည်ပတ်မှုတောင် မလုပ်ကြတော့ပါဘူး။

(၂၀၂၄)ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်ခြောက်ဆယ်ပြည့်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာကျင်းပရင်း အင်ဂျင်နီယာသမိုင်းရာပြည့်ပွဲကို ဆင်နွှဲရမှာဖြစ်တယ်။ (၂၀၂၄)ဟာ ပြည်သူ့အောင်ပွဲနှစ်ဖြစ်ခဲ့ရင်တော့ ဒီဇင်ဘာလနှစ်မကုန်ခင်မှာ ဖြစ်အောင် လုပ်ကြမှာပါပဲ။ (၂၀၂၄)ခုနှစ်ကို ပြည်သူ့အောင်ပွဲနှစ်ဖြစ်ဖို့ အားလုံးက တတ်နိုင်တဲ့ဘက်က ဝိုင်းကူညီပေးကြပါလို့ ထပ်မံတိုက်တွန်းပါရစေ။

Comments

Leave a comment