By U Ko Ko Kyi
First Post
* ဒုဝန်ကြီးဒေါက်တာညီညီနဲ့ရင်ဆိုင်ခြင်း
၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ် ၅၀ မြောက် ရွှေရတုပွဲသဘင်အတွက် ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်းစုံမှ သက်ဆိုင်ရာဘာသာရပ် အသင်းအဖွဲ့များအားလုံးမှ ပါဝင်၍ ဆိုင်ခန်းများဖွင့်လှစ်ရမည်ဟု အထက်တန်းပညာဦးစီးဌာနမှ အမိန့်ညွှန်ကြားစာ ထွက်လာပါသည်။
ရန်ကုန်စက်မှုတက္ကသိုလ်၏ နှစ်ဝက်စာမေးပွဲများနှင့် နီးကပ်တိုက်ဆိုင်နေပါဖြင့် ဘာသာရပ်အသင်းများ၏ အမှုဆောင်အဖွဲ့ဝင်များသည် အဆိုပါဆိုင်ခန်းများကို ဖွင့်လိုစိတ်မရှိကြပါ။
ထိုအကြောင်းကို အထက်သို့တင်ပြသောအခါ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာညီညီမှ တက္ကသိုလ်အသီးသီး၏ ဘာသာရပ်အသင်းများမှ ဥက္ကဌများနှင့် အတွင်းရေးမှုးများအားလုံးကို ခေါ်ယူတွေ့ဆုံပါသည်။
ထိုအချိန်တွင် စာရေးသူသည် SEES (Society of Electrical Engineering Students) လျှပ်စစ်အင်ဂျင်နီယာကျောင်းသူကျောင်းသားများအသင်း၏ အတွင်းရေးမှုးဖြစ်ပြီး ဆရာဦးစိန်ဝင်းသည် ဥက္ကဌဖြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဆရာဦးစိန်ဝင်းနဲ့အတူ စာရေးသူသည် အဆိုပါအစည်းအဝေးသို့ တက်ခဲ့ရပါသည်။
ထိုအစည်းအဝေးတွင် ဒေါက်တာညီညီက ဘာသာရပ်အသင်းများအားလုံးကို မပျက်မကွက် ဆိုင်ခန်များဖွင့်ရန်ပြောပါသည်။
အသင်းအမှုဆောင်များက တက္ကသိုလ်နှစ်ဝက်စာမေးပွဲများကို ရက်ရွှေ့ပေးပါရန် မေတ္တာရပ်ခံသောအခါ ဒေါက်တာညီညီက ငြင်းပယ်ခဲ့ပါသည်။
ထို့နောက် စာရေးသူတို SEES အသင်းသည် သူ့အမိန့်အတိုင်း ရန်ကုန်တက္ကသိုလ်တွင် သုံးရရက်တိုင်အောင် ဆိုင်ခန်းဖွင့်ပြီး ဈေးရောင်းခဲ့ပါသည်။
နောက်ဆုံးနေ့တွင် မော်လမြိုင်တက္ကသိုလ်၌ ကျောင်းသူကျောင်းသားများ ဆန္ဒပြကြသဖြင့် မြန်မာပြည်ရှိ တက္ကသိုလ်အားလုံးကို ပိတ်လိုက်ပါသည်။
ထိုသို့ဆန္ဒပြခြင်း အကြောင်းရင်းမှာ နယ်အရပ်ရပ်မှ တက္ကသိုလ်ကောလိပ်များရှိ ကျောင်းသူကျောင်းသားများကို ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ပွဲကို လာရောက်တက်ခွင့် မပြုခြင်းကြောင့်ဖြစ်ပါသည်။
ရလဒ်ကတော့ စာရေးသူတို့အားလုံး အနားရပြီး နှစ်ဝက်စာမေးပွဲများအတွက် ပြင်ဆင်ခွင့်ရသွားကြပါလေသတည်း။




Leave a comment