By Maung Aw
6th Post
တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ
(Once upon a time at RIT)
အမှတ်တရ
တက္ကသိုလ်စာမေးပွဲ
တက္ကသိုလ်စာမေးပွဲများကို ပညာသင်ကြားရာ တက္ကသိုလ်အသီးသီး၌ သာ ကျင်းပရိုးထုံးစံရှိသည်။
သိုသော်..
တခုသော တက္ကသိုလ်စာမေးပွဲသည်ထူးခြား၏ ။ တက္ကသိုလ်စာမေးပွဲများအား တက္ကသိုလ်များ၌ မကျင်းပ။
တက္ကသိုလ်ရှိရာအရပ်တို့နှင့် နီးသောဝေးသော အခြားဒေသအသီသီးတွင် ကျင်းပခဲ့၏။အချို့စာစစ် ဌာန များမှာ မိုင်ရာချီဝေးသောနယ်စွန်နယ်ဖျားဒေသများဖြစ်သည်။
၁၉၇၄ ခုနှစ် ဦးသန့်စျာပနအရေးအခင်းများကြောင့် တက္ကသိုလ်များအားလုံး ပိတ်ထားခဲ့ရာမှ ကျောင်းသားတို့ မနစ်နာစေလိုသောကြောင့်ဟူ သောအကြောင်းပြချက်ဖြင့်၊ မဆလ အစိုးရ၏ ပညာရေးဝန်ကြီးဌာနသည် ၁၉၇၅ခုနှစ် တွင် နယ်မြို့များ၌ တက္ကသိုလ်အတန်းတင် စာမေးပွဲများ ကျင်းပမည်ဟု ကျေညာသည်။
တနိူင်ငံလုံး ရှိ တက္ကသိုလ်အသီးသီး ၏ စာမေးပွဲကို နယ်များတွင်တပြိုင်နက် တချိန်တည်း ကျင်းပရခြင်း သည် လွယ် လွယ် ကူ ကူ ပေါ့ သေးသေး ကိစ္စ တော့မဟုတ်ပေ။
တက္ကသိုလ်အားလုံး၏ ပါမောက္ခချုပ်များ မှ အစ နည်းပြဆရာငယ်များ အဆုံး မအားလပ်ရ အောင် အချိန်ပေး၍၊ ညှိုနှိုင်း ပြင်ဆင်မှုများလုပ်ခဲ့ကြရသည်။
မော်ကွန်းထိန်းတို့ မှာမူ ဖတ်ဖတ်မောလောက်အောင် အလွန်အလုပ်များကြ၏။
ထိုကိစ္စ အရင်းခံ၍ စက်မှုတက္ကသိုလ်၊မြို့ပြဌာနမှ ဆရာမောင်ဩနှင့် မန္တလေးတက္ကသိုလ် ၊ဘူမိဗေဒဌာနမှ ဆရာဦးတင်မောင်ဦး တို့ သည် စွန့်စွန့်စားစား ၊ထိတ်ထိတ်လန့်လန့် ခရီးတခုနှင်ခဲ့ရပြီး ၊တာဝန်ထမ်းဆောင်ရန် ရွှေလီမြစ်ဆုံ သို့ ရောက်ရှိလာကြသည်။
သူတို့ သွားရောက် ၍ စာမေးပွဲ ကြီးကြပ်ရမည့်မြို့မှာ မဘိမ်းမြို့ဖြစ်၏။
ထို့ခရီးစဉ်အစမှာ…
စာမေးပွဲ မေးခွန်း ထုပ်များ၊ အဖြေစာအုပ်များ ထည့်၍ချိတ်ပိတ်သော့ခတ်ထားသောသံသေတ္တာ၁လုံးကိုအဓိပတိခန်းမ ဗဟိုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ယူခဲ့ပြီးနောက် ရန်ကုန်မှ မိုးမိတ်သို့ လေယာဉ်စီးကာ ခရီးစခဲ့ကြသည်။
မိုးမိတ်ဗိုလ်တဲ၌ တညအိပ်ကြပြီးနောက်တနေ့နံနက်စောစော ခရီး ဆက်ကြသည်။
နံက် ၈နာရီကျော်ပြီ ဖြစ်သော် လည်းပတ်ဝန်းကျင် တောရိပ် တောင်ရိပ်ကြားမှတိုးဝင်လာ သောနေရောင်ခြည်သည် ရှေ့ လမ်းတလျောက် မြူငွေ့ ၊နှင်းငွေ့တို့ ကာဆီး နေသဖြင့် မြင်ကွင်းသည် ကောင်းစွာ မသဲကွဲချေ။
အစိမ်းပုတ်ရောင် စစ်တရပ်ကားတစီးသည် တောင်တန်း တို့အကြား၊ တောင်ကြောလိုက်၍ ကွေ့ကောက်စွာဖေါက်ထားသည့်ကတ္တရာ လမ်းကျဉ်းပေါ်၌ အဖေါ်မပါ တစီး တည်း ဖြေးညင်းစွာမောင်းနှင်လာ၏။
ကားပေါ်တွင် ယူနီဖေါင်းဝတ်ထား သောစစ်သား၆ဦး ၊အရပ်ဝတ်အရပ်စားနှင့် လူရွယ် ၂ဦး တို့သည် ကားနောက်ပိုင်း၌လည်ကောင်း၊
လိုင်း ၃ ချောင်း တပ်ယူနီဖေါင်းဝတ် ဗိုလ်ကြီးတဦး၊အခြားပုဂ္ဂိုလ်တဦး (မြို့နယ်ကောင်စီဥက္ကဌ)နှင့် ကားမောင်းရဲဘော်တို့ သည် ကားရှေ့ခန်း၌လည်ကောင်း အသီးသီး စီးနင်းလိုက်ပါလာကြသည်။
အရပ်ဝတ်အရပ်စားနှင့် လူရွယ် ၂ဦးတို့မှာ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကျောင်းဆရာ မောင်ဩ နှင့် မန္တလေးတက္ကသိုလ် မှ ဆရာ တင်မောင်ဦး တို့ ဖြစ်ကြသည်။
မိုးမိတ်မြို့မှ ထွက်ခွာလာပြီး ၅မိုင် ခန့် ရောက်သော အခါ ကားရပ်လိုက်၏။ ရှေ့ခန်းမှ ဗိုလ်ကြီး သည်ကားပေါ်မှ ဆင်းကာ၊ကား နောက်ဖက်ဆီသို့ လျှောက်လာ၏။
ဗိုလ်ကြီး ” ဆရာတို့ အောက်ခဏဆင်းပါ၊ ပြီရင်း ကားဘီးနားကပ်ပြီး အကာအကွယ်ယူပါ။ “
ညွှန်ကြား သည့်အတိုင်းမောင်ဩတို့ ကားဘီးနားကပ်၍ စစ်ရုပ်ရှင်ကားများတွင် ကြည့်ဖူး တွေ့ဖူးခဲ့သော ပုံစံမျိုးဖြင့် နေလိုက်ကြ၏။
ဘာကြောင့်ပါလိမ့် ဟူသော စူးစမ်းလိုစိတ်သည် စိုးရိမ်စိတ်နှင့် အတူ မောင်ဩရင်တွင်းသို့ဝင်လာသည်။
စစ်သား ၂ယောက်စီ ၊စုစုပေါင်း ၄ ယောက် လမ်းဘေး နှစ်ဘက် အုပ်မိုး နေသော တောင်ကုန်း ထိပ်များဆီသို့ လက်နက်များကိုင်ကာ ခပ်သုပ်သုပ်တက်သွားကြသည်။
၆ဦးအနက် ကားပေါ်ကျန်ခဲ့သော စစ်သား ၂ဦးသည် ကားဘေး တဘက်စီ၌ သေနတ်ခလုပ်ပေါ် လက်ညှိုးတင်ကာ သတိကြီးစွာ အသင့်အနေထားဖြင့် စောင့်ကြပ်နေသည်။ ကျန်လူ အားလုံး သည် မောင်ဩတို့ နည်း တူ ကား နားကပ်လျက် အကာအကွယ်ယူကြရသည်။
တောင်ကုန်းပေါ်တွင်နေရာယူထားကြသော စစ်သားတို့ထံမှ အန္တရာယ် ကင်းရှင်းကြောင်း အချက်ပြလိုက်၏။
ဗိုလ်ကြီး “ဆရာတို့ ကားပေါ်ပြန်တက်လို့ ရပါပြီ။ ဒီတဝိုက်မှာ ဗကပသောင်းကျန်းသူ တွေလှုပ်ရှားနေတော့ ဒီလို ပဲ သတိထားပြီး သွားနေရတယ်။ ချုံခို တိုက်ခိုက်မဲ့ အန္တရာယ်ရှိတာကိုး။”
သတ္တိခဲ မောင်ဩတို့ ဗိုလ်ကြီးစကား ကြား လိုက်သောအခါ အနည်းငယ် ကျောစိမ့် သွားသည်။
ကားပေါ် အားလုံးရောက်သောအခါ ရှေ့ကိုက် ၂၀၀ လောက်မောင်း သွားပြီးနောက်၊ကားရပ်လိုက်၏။
တောင်ကုန်းမှ ဆင်းလာ သော စစ်သား တို့ကို စောင့်ခေါ်သည်။
ထိုနောက် ခရီး ဆက်ကြပြန်သည်။
ကျန်ရှိသော ၁၂ မိုင် ခရီးတလျောက် ကားပေါ်မှ ဆင်းလိုက်၊ ကားပေါ်သို့ တက်လိုက် နှင့် ၆ကြိမ် ခန့် အတက် အဆင်းလုပ် ကြပြီးနောက် မြစ်ဆုံ သို့ ရောက်၏။
၁၇မိုင်ခန့် ဝေးသော မိုးမိတ်နှင့် ရွှေလီမြစ်မြစ်ဆုံ ခရီး ကို ၄ နာကြာ သွား ရသည်။ ထို မှ ရွှေလီမြစ်
တဘက် ကမ်း ရှိ မဘိမ်းမြို့ဆီသို့ မော်တော်စီး၍ ခရီးဆက်ရပေဦးမည်။
မော်တော်သည် ရေစုန်ခရီး ကို ၃ နာရီကျော် ကျော် ခုတ်မောင်းပြီး နောက် မဘိမ်း သို့ ရောက်၏။
ရောက်လျှင်ရောက်ချင်း၊ ချိတ်ပိတ် သော့ ခတ်ထားသော စာမေးပွဲမေးခွန်း နှင့် အဖြေ စာအုပ်များ ထည့် ထား သည့် သံသေတ္တာ ကို ရဲဌာနဝင်းထဲရှိ ငွေတိုက် တွင် လုံခြုံစိတ်ချစွာ သိမ်းခဲ့၏။
ဆက်၍ အထက်တန်းကျောင်းအစည်းဝေးခန်း၌ တက္ကသိုလ် စားမေးပွဲ ကြီး ကြပ်မှု ကော်မတီ ကို ဖွဲ့ စည်း သည်။
တက္ကသိုလ်ကျောင်းတက်ခဲ့ဖူးဟန်မတူသော စစ်ဗိုလ်ဟောင်း မဘိမ်းမြို့နယ်ကောင်စီဥက္ကဌ က ကော်မတီ ဥက္ကဌ၊ တက္ကသိုလ်ဆရာမောင်ဩ က အတွင်းရေးမှုး။နိပ်ဟ။
ဖြေ ဆိုမည့် ကျောင်းသားဦးရေမှာ တောင်ကြီးကောလိပ် ဒုတိယနှစ် သင်္ချာအဓိက ကျောင်းသား တဦးတည်းသာဖြစ်သည်။
တဦး တည်း သောကျောင်းသားအတွက် ဥက္ကဌ၊အတွင်းရေးမှုးအပါဝင် စုစု ပေါင်း အဖွဲ့ဝင် ၉ ဦး ပါ ဝင်သော တက္ကသိုလ် စာမေးပွဲ ကြီး ကြပ်မှု ကော်မတီ ကို ဖွဲ့ စည်းပြီး နောက် အနားယူ ရန် တည်းခို ရ မည့် အိမ် သို့ မောင်ဩတို့ သွားကြသည်။
စာမေးပွဲစစ်ဆေးသောနေ့
နံက် ၈နာရီ တွင် မောင်ဩတို့ ငွေတိုက်သိုရောက်ရှိသည်။ ရဲအရာရှိနှင့် စာမေးပွဲ ကြီး ကြပ်မှု ကော်မတီဝင် ၂ဦး ကို သက်သေပြုကာ ထိုပုဂ္ဂိုလ်တို့ရှေ့၌ ထိုနေ့ ဖြေဆိုရမည့်ဘာသာရပ်နှင့်ဆိုင်သည့် မေးခွန်းစာအိပ် နှင့် အဖြေစာအုပ် အလွတ် ထည့်ထား သည့်စာအိပ်တို့ ကို သံ သေတ္တာ မှ ထုတ်ယူ သည်။
ထိုနောက် ရဲဌာနမှ စာမေးပွဲ စစ်မည့် စာသင်ခန်း ရှိရာ အထက်တန်းကျောင်းသို့ ထွက်ခွာလာကြသည်။
မဘိမ်းမြို့ သည် မြို့ဆိုသည်ထက် ရွာကြီး တရွာနှင့်ပိုတူ၏။ မြစ်ကမ်းနှင့် အပြိုင် ကိုက်၂၅၀ ခန့် ရှည်သော အရှေ့အနောက် မြေလမ်းကျယ် နှင့် ထိုလမ်း၏တဝက်ခန့် တွင် မြစ်နှင့် ထိပ်တိုက်၊ ကန့်လန့်ဖြတ် ကိုက် ၄၀၀ ခန့် ရှည်သော တောင် မြောက် ရွာလယ် မြေလမ်းမကြီး အပြင်၊အခြားလမ်းသွယ်များရှိသည်။ ရဲဌာန သည် ပထမ လမ်းကျယ် အစ တွင်ရှိကာ၊ အထက်တန်းကျောင်းသည် ရွာလယ် လမ်းမကြီး အဆုံး လောက်တွင် ရှိ၏။
သို့ဖြစ် သော ကြောင့် မောင်ဩတို့ လျှောက်သွားရမည့် ခရီးသည် အင်္ဂလိပ် အက္ခရာ L ပုံသဏ္ဌန် ဖြစ်
နေသည်။ စုစုပေါင်း ကိုက် ၅၀၀ ကျော် လမ်းလျောက်ရ၏။
ရှေ့ဆုံးမှ ဘွတ်ဖိနပ်မပါ ခြေဗလာနှင့် ယူနီဖေါင်းဝတ် ရဲသား က ရိုင်ဖယ်သေနတ်ဟောင်းတလက် ပခုံးပေါ်ထမ်းကာဦးဆောင်၍ လျှောက်သည်။ သူ့နောက်တွင်ကပ်လျက် တိုက်ပုံ နှင့် ပုဆိုးခပ်တိုတို ဝတ် ထားသော ဖိနပ်ချွတ်ထားသည့် ဆရာ မောင်ဩ။
မောင်ဩသည် ညာလက်နှင့် မေးခွန်းစာအိပ်ကို ပိုက်ကာ ဘယ်လက်တွင် ညှပ်ဖိနပ်ကိုင်လျက် ခြေဗလာနှင့် ရဲသားနောက်မှ လိုက်ရသည်။ဆရာတင်မောင်ဦးသည် မောင်ဩနောက် မှ မောင်ဩ၏ပုံစံအတိုင်း ဖိနပ်ကိုင်၍ လိုက်လာသည်။ သူနောက်မှ ကော်မတီဝင် ၂ဦး ရှေ့ နောက် တန်းစီ လျက်။
နောက်ဆုံး၌ ရှေ့ဆုံးရဲ ဘော် နှင့် ပုံစံတူ ရဲသား လိုက်ပါလာသည်။
မောင်ဩတို့ လူတန်း သည် ရွှေလီမြစ်ရေတက်သော ကြောင့် မြစ် ရေ ၆လက္မ ခန့် ဖုံးလွှမ်းနေသော ရွာလလမ်းမကြီး များ တလျောက် ကျောင်း ဖက်ဆီသို့ ဦးတည်၍ လျှောက်သွားကြသည်။
စာမေးပွဲ ပြီး၍ ကျောင်းမှ ရဲဌာနသို့ အပြန်ခရီးသည် လည်း ထို ပုံစံအတိုင်းပင်။
၉ရက်ကြာလျှင် မဘိမ်းမြို့၌ မောင်ဩတို့ ဆောင်ရွက်ရသည့်လုပ်ငန်းပြီးစီး၏။
ရွှေလီမြစ်ကို ဆန်ကာ လာလမ်းအတိုင်း မိုးမိတ်သို့ပြန်ခဲ့ကြသည်။
မဘိမ်းတွင် တိုက်ဆိုင်စွာ ဟံသာဝတီ သတင်းစာတွင်သူရဲချောက်သည်ဟု နာမည်ကြီး သည့် မိုးမိတ်ဗိုလ်တဲ အကြောင်းဆောင်းပါးဖတ်လိုက်ရ၏။ခရီးပန်းလာသော မောင်ဩ တို့ အား သူရဲ အားနာသွားသည်ဟုထင်သည်။
ဗိုလ်တဲ၌ အနှောက်အရှက်မရှိတညလုံး နှစ်ချိုက်စွာ အိပ်စက်ရသည်။
နောက်တနေ့ တွင် လေယာဉ်ပတ် ကြုံသောကြောင့် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။
ယာယီဌာနချုပ် လုပ်ထားသော ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းရှိ ဘွဲ့နှင်းသဘင် ခမ်းမတွင် အဖြေစာအုပ်များကို လက်ခံရေးအဖွဲ့သို့ ပေးအပ်လိုက်၏။
ထို့နောက် စိတ် လွတ်လပ် ပေါ့ပါးစွာ အဓိပတိလမ်းပေါ်တွင် လျှောက်သွား ရင်း ဆရာမောင်ဩနှင့် ဆရာတင်မောင်ဦး ဆရာ၂ယောက်သည် တောင်ငူဆောင်အနီး ရှိနာမည်ကျော် ဦးချစ် လက်ဖက်ရည်ဆိုင်ဘက်ဆီသို့ ဦးတည်လိုက်ကြသည်။
စာစောင်တခု တွင် သတင်းတပုဒ် မောင်ဩ ဖတ်ရသည်။ အာဖရိကတိုက် လိုက်ဘေးရီးယားနိုင်ငံ တွင် တက္ဏသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၂၅၀၀၀ လုံး အရည်အချင်းမမှီဟု ဆို ကာ၊အောင်မြင်သူမရှိ အား လုံး ကျ ရှုံး ကြသည်။ ယိုယွင်းသောပညာရေးစံနစ်အောက်၌ ကျောင်းသူ ကျောင်းသားတို့ မြေဇာပင်ဖြစ် ကြရသည့် ဤသာဓက သည် မောင်ဩ တို့အဖို့ မထူးဆန်းလှပေ။
လွန်ခဲ့သော နှစ်ပေါင်း၅၀ က၊ မထင်မရှားတက္ကသိုလ် ဆရာ ငယ် ၂ဦးတို့၏ ဘဝပုံရိပ်တစိပ်တပိုင်း ကိုယ်တွေ့ တက္ကသိုလ်စာမေးပွဲ အတွေ့ကြုံ ကို “တခါက စက်မှုတက္ကသိုလ်မှာ” အမှတ်တရ အဖြစ် ဆရာမောင်ဩ ကြိုးစား မှတ်တမ်းတင်လိုက်သည်။ပ
Leave a comment