By Maung Aw
5th Post
တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ
(Once upon a time at RIT)
အမှတ်တရ
အူကြောင်ကြောင် ဆရာပေါက်စ
ကျောင်းဆရာလုပ်သက် ၃ နှစ်ခန့်ရှိသော်လည်း လူငယ်စိတ်မပျောက်သည့်အရွယ်မို့ ရှေ့နောက် မစဉ်းစား ဘဲ စိတ်ထင်ရာလုပ်တတ်သည့်အရွယ်ဖြစ်သည်။
ဆရာပေါက်စ၏အူကြောင် ကြောင်အမှတ်ရစရာ လုပ်ရပ်တခုပါ။
ရန်ကုန်စက်မှုတက္ကသိုလ်၊ ယခင် ပုံဆွဲသောအခန်း ဖြစ်သည့် L sheds တွင် နောက်ပိုင်း၌လူငယ်ရေးရာ လဘက်ရည်ဆိုင်ဖွင့်လှစ်သည်။
မြို့ပြဌာနမှ လူရွယ် ဆရာငယ် သုံး ဦး သည်ထိုဆိုင်၌ လဘက်ရည်သောက်နေကြသည်။
တစ်ဦးဖြစ်သော ဆရာ မဒန်ချန်း က “ဟေ့ .. မောင်ဩ မင်း မနေ့တုံးက ဘယ်ပျောက်နေလဲ”
မောင်ဩ “ ဆရာ ဒေါက်တာအောင်ကြီး ခိုင်း လို့ ၊ ငါ့ကား နဲ့ ဧည်သည် ပါမောက္ခ ကို အင်ယားလိပ်ဟော်တယ်မှာ သွားကြိုပြီး ကျောင်း ခေါ်လာရတာ ”
ဆရာ ကိုအောင်မြင့် က တစခန်းထ ကာ “ ဧည်သည် ပါမောက္ခကြို တာ အမှန်တော့ ရုံး ကိစ္စ ၊ ဆရာ့ ရဲ့ ကိုယ်ရေးကိစ္စမဟုတ်ဘူး။ မင်း ခရီးစရိပ် တရားဝင် တင်လို့ရတယ်။ အပြင်ဌာနတွေမှာ အဲဒိလိုပဲ လုပ်ကြတာ ”
မဒန်ချန်း “အေး … အဲဒိအကြံ ကောင်းတယ်။ ပိုက်ဆံ ရရင် ငါတို့ ၃ ယောက် နွေး အေးဆိုင် မှာ အဝ စားကြမယ်”
ယင်း စီမံကိန်းအကောင်အထည်ဖေါ်ရန် မြို့ပြအင်ယာဌာနဆီသို့ သွားကြသည်။
ငွေတောင်းပုံစံဖြည့် ခြင်း၊ ခရီးစရိပ်တွက်ချက်ခြင်း ကိစ္စ၌ ကျွမ်းကျင်သော စာရေးကြီး ဦးသိန်းဟန် အား အကူညီတောင်းရသည်။
ခရီးစရိပ် ဓါတ်ဆီဖိုး ၆ကျပ်၁၅ပြား တောင်းခံရန် ငွေတောင်းပုံစံ စာရွက်ကိုင်ကာ ပါမောက္ခချုပ်ရုံးခန်းတွင်းသို့ မောင်ဩ ရှေ့ဆုံးမှဝင်သွား၏။
ဝင်လာသည်ကိုမြင်သဖြင့်
ပါမောက္ခချုပ် ဆရာဒေါက်တာအောင်ကြီး က
“ဟေ့ မောင်ဩ ဘာကိစ္စလဲ”
“ဆရာ့ ခွင့်ပြု ချက် လက်မှတ်ထိုးပေးဖို့ပါ။”
ပုံစံ စာရွက်ကို မောင်ဩ ပါမောက္ခချုပ်အားပေးလိုက်၏။
ဆရာ ဖတ်ရှု့ ပြီးနောက်..ဆရာ့မျက်နှာတင်းသွားသည်ကိုသတိပြုမိလိုက်သည်။
“ အေး …. မင်းဒီလောက်ငွေလို နေရင် ငါလက်မှတ်ထိုးပေးမယ်။”
ဆရာ၏ မကျေမချမ်း စကားသံကြားလိုက်သည်နှင့် တပြိုင်နက် မောင်ဩထိတ်လန့်ကာ ပြာပြာသလဲဖြစ်သွား၏။
“ဆရာ …. ကျွန်တော်မယူတော့ပါဘူး ခင်ဗျ” ဟု ဆိုကာ ပုံစံ စာရွက် ပြန်ယူလိုက်၏။
ထို့နောက် ပြန်ထွက်လာသောအခါ အခါတော်ပေး သူကောင်းသား ၂ယောက် ၏ အရိပ်အယောင် အနီးအနားတွင် မတွေ့ရတော့ချေ။
နောက်မှရပ်ကြည့်နေရင်း အခြေအနေမကောင်းကြောင်း ရိပ်စား မိသောအခါ ကိုယ်ရောင်ဖျောက်၍ နှစ်ယောက် စလုံးလစ်ထွက်သွား၏။
ကံဆိုးသူမောင်ရှင် သာ ဆရာ့ရှေ့မှာ ကားယား ယား မှောက်ရက်လဲ၍ ဒူးပြဲသည့်ကိန်းဆိုက်ခဲ့ရသည်။
အားကိုးရသော သူငယ်ချင်းများ။
တနာရီခန့် ကြာသောအခါ…
ကော်ရစ်ဒါတလျောက် လမ်းလျောက်လာသောပါမောက္ခချုပ်သည် မြို့ပြ ဌာနရှေ့ သို့ရောက်သော် ရုံးခန်းအတွင်း၌ထိုင်နေသော တပည့်ရင်း စာရေးကြီးအားလှမ်း၍..
“ ဟေ့… သိန်းဟန် မင်းတို့ဌာနက ဘာလဲ၊
ကျောင်းသားတွေကိုစာသင်ယုံမကဘူး၊ တက္ကစီပါထောင်ပြီး စီပွါးရှာနေကြတာလား” ဟု စကားရွဲ့သုံးကာ ဆူပူသွားလေသည်။
မထင်မှတ်ထားသည့်ကိစ္စမို့ ဆရာသည် သူတပည့်အပေါ်ဒေါသပုန်ထခြင်းဟုနားလည်မိသည်။
စိတ်ကူးပေါက်ကာ မဆင်မခြင်လုပ်ရပ်တခုဖြစ်သော်လည်း လုံးဝ မှားယွင်းသည့် လုပ်ရပ်တော့မဟုတ်ပေ။
သို့သော် ထိုဖြစ်ရပ်ကို တွေးမိ တိုင်း ယခုတိုင် ရှက်ရွံ့ စိတ်ပေါ်မိ၏။
နှစ်များစွာကြာသောအခါ ဆရာက တပည့်ဖြစ်သူ အား တောင်းပန်သည်။
“ အေးကွာ ၊ ငါ အလုပ်ရှုပ်ပြီးစိတ်မကြည်ချိန်မို့ ပြောလိုက်တာပါ၊ “
“ကိစ္စမရှိပါဘူး ..ဆရာ ၊ ကျွန်တော် က ကို့ယို ကားယာ လာလုပ်မိတာပါ”
အရှိန်အဝါသုံးလျက်နည်းမှန်လမ်းမှန်မဟုတ်ဘဲငွေကြေး၊ဥစ္စာပစ္စည်း အခွင့်အာဏာ ရယူပိုင်ဆိုင်သူတို့ရှိကြသည်။
ယခုအခါထိုလူစားမျိုး အရည်အတွက်များလှ၏။
သူတို့ သည် မိမိတို့လုပ်ရပ်အပေါ် ရှက်ရွံ့စိတ်ဖြစ်ပေါ်ရန်ခဲယဉ်းလိမ့်မည်ဟု မျက်မှောက်အခြေအနေအရ သုံးသပ်မိ၏။
အသေးအဖွဲကိစ္စအတွက်ရှက်ရွံ့ နေမိသူ ကျောင်းဆရာ မောင်ဩသည်သာ လက်ရှိကာလ တွင် ထူးဆန်းသည့် သတ္တဝါ ဖြစ်နေမည်လားမသိပေ။
Leave a comment