By Maung Aw
4th Post
တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ
(Once upon a time at RIT)
အမှတ်တရ
၁၉၆၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ၂၆နှစ်ကြာ ကိုယ့် ဘဝ အစိပ်ပိုင်းသည် စက်မှုတက္ကသိုလ်မှာကျင်လည်ခဲ့ရသည်။
ကျောင်သားဘဝ ၆နှစ် ၊ ကျောင်းဆရာဘဝ အနှစ်၂၀ ဖြစ်၏။
ကျောင်းဆရာတဦး၏အမှတ်တရအဖြစ်အပျက်…
၂၀၀၄ ခုနှစ်ဝန်းကျင်
– စင်္ကာပူ KPE421 – မြေအောက် အမြန်လမ်းတည်ဆောက် ရေး ပရောဂျက်
– Project Director Mr Lin Kok Hin လက်အောက်၌ Senior Engineer အဖြစ် မောင်ဩ လုပ်ကိုင်ရသည်။
မစ္စတာ လင်း သည် လုပ်ငန်းမစမှီ နံနက် ၇ နာရီအချိန် တွင် ပရောဂျက်ရုံးခန်းအနီးရှိလက်ဖက်ရည်ဆိုင်၌ ဝန်ထမ်းတို့ နှင့် နံနက်စာ အတူ စားရင်း အလုပ်ကိစ္စနှင့်ပတ်သက်၍သော်၄င်း၊ အခြားထွေရာ လေးပါးအကြောင်းအရာများ ကို သော်၄င်း ပြောဆိုလေ့ရှိသည်။
မစ္စတာလင်း …. “ မောင်ဩ … ဒီနေ့ မင့် အကြောင်း ပြောစရာရှိတယ် ။ တခြား ဆိုက် တွေ ရောက်လို့ မြန်မာအင်ဂျင်နီယာတွေနဲ့ တွေ့တဲ့အခါ မင်းကို သိလားလို့ ငါမေးကြည့်တယ်။
တော်တော် များ များ သိကြတယ်။ သူတို့ကိုစာသင်ပေးခဲ့ တဲ့ဆရာလို့ ဖြေကြတယ်။
မင်း စင်္ကာပူ မလာခင် တက္ကသိုလ်မှာ ဆရာလုပ်ခဲ့ တာ ငါသိတယ်၊
အခုချိန်မှာ မင်း ဆရာအလုပ် မ လုပ်တော့ ဘူးလေ။ ဒါပေမဲ့ သူတို့က မင့်အပေါ် အခုထိ လေးစားကြ တုန်းဆိုတာ ငါသတိပြုမိတယ်။”
ဆက်လက်၍… စင်္ကာပူအမျိုးသား တက္ကသိုလ်ကျောင်းထွက် (NUS)မစ္စတာ လင်း က “ ငါ ဆို တက္ကသိုလ် တုံးက စာသင်ပေးခဲ့ တဲ့ ဆရာတွေရဲ့ နာမည်ကိုတောင် ကောင်းကောင်း မမှတ်မိတော့ဘူး။ တခြားသူတွေလည်း ငါ လိုပဲ။ ကွာတော့ ကွာတယ်”
မောင်ဩ .. “ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်း ပြောပြ ပါရစေ။ ၅မိနစ်လောက် အချိန်ပေးပါ “
၁၉၈၂ ခုနှစ် ကာလ….
ဆရာ မောင်ဩ မြို့ပြအင်ဂျင်နီယာဌာနရုံးခန်းအတွင်းသို့ ဝင်လာပြီး စာရေးကြီး ဦးသိန်းဟန် အား
“ ကိုသိန်းဟန်… မြေဖြူ ၂ဘူးလောက် ထုတ်ပေးပါဦး။ ကုန်တော့မယ်။”
ဦးသိန်းဟန်… “ ဌာနမှာ မြေဖြူ ကုန်နေတယ် ဆရာ။ ”
မောင်ဩ… “ ပါမောက္ခချုပ်ရုံးခန်းက စတိုမှာသွားထုတ်လေဗျာ”
ဦးသိန်းဟန် ….. “ အဲဒိမှာလည်း ကုန်နေတယ်။ မှာထားတာ ၂ပတ်လောက်ဆို ရောက်မယ်လို့ပြောတယ် ”
“ ခက်တာပဲ။ ဒီကြားထဲ မြေဖြူ မပါပဲ စာဘယ်လို သင်ရမှာ တုံး။ အင်ဂျင်နီယာဘာသာ ကို ပါးစပ်က ကွက်စိပ်ဆရာလို တောက်လျောက်တတွတ် တွတ်ရွတ်ပြီး သင်လို့ မရဘူး လေ။”
ငြီးတွားရင်းမြို့ပြအင်ဂျင်နီယာ ပါမောက္ခရုံးခန်းမှ ထွက်လာခဲ့၏။
လုပ်ဖေါ်ကိုင်ဖက်များဖြစ်သော ဌာနမှ သူငယ်ချင်း ဆရာကိုအောင်ရှိန်း နှင့် ဆရာကိုရဲမြင့် တို့လည်း မောင်ဩနည်းတူ မြေဖြူလက်ကျန်မရှိသလောက် နည်းနေကြပြီ။
ဤအခက်အခဲကို ကိုယ်ထူ ကိုယ်ထ ၊ ကိုယ့်နည်းကိုယ့်ဟန် သုံးပြီးဖြေရှင်း ရန်သာ ရှိ တော့သည်။
နောက်တနေ့ အတန်းအားချိန် သူငယ်ချင်း သုံး ယောက် သည် သိမ်ကြီးဈေး နှင့် မဝေး လှသော လေဟာပြင်ဈေး သို့ သွားကြသည်။
စာရေးကိရိယာဆိုင် တစ်ဆိုင်မှ အမျိုးအစားကောင်းမွန်သော Carara တံဆိပ် မြေဖြူ ၃ဘူးစီနှင့် စစ်တောင်း စက္ကူ ၁ ထုပ်စီ ဝယ် ကာ ကျောင်းသို့ပြန်ခဲ့ကြ သည်။
လမ်းခရီး၌ အသက် ၃၄ နှစ်ဝန်းကျင် လူပျို မဟိုင်း တဟိုင်း ဆရာ နှစ်ဦး တို့ ဘာတွေ တွေးနေကြသည်ကို မောင်ဩမသိပါ။
သား ၂ ယောက် ဖခင်ဖြစ်သော မောင်ဩ ၏အတွေးမှာကား………
သားငယ် နို့မှုန့်ဘူး အတွက် ဒီလ ဖဲ့ချန်ထားတဲ့ ငွေ ပဲ့သွားပြီ။ မလောက်တော့ဘူး။ နောက်တစ်ပတ်ကြာ လခထုတ်တဲ့ အခါကျမှပဲဖြည့် ဝယ်တော့မယ် ဟူ၍။
စင်စစ် ဤကိစ္စသည် စာမဖွဲ့လောက်သောကျောင်းဆရာ ၃ ဦး တို့၏ အမှတ်မထင် သာမန် လုပ်ရပ် တစ်ခုမျှသာ ဖြစ်၏။
သို့သော်….အမှတ်မထင်လုပ်ရပ်တို့သည် တဆင့် တဆင့် ကြားသိကြသောအခါတွင်မူ၊ တပည့်တို့ ၏ ရင်၌ ဖျောက် ဖျက်မရ သည့် ဆရာ တို့ ၏ စေတနာ မေတ္တာ အခြေခံသော ကျေးဇူးတရားဖြစ်လာသည်။
နှစ်ပေါင်း ၄၀ ကျော်ခဲ့ပေပြီ။ သို့သော်အသက်၇၇နှစ် အရွယ်ဆရာဟောင်း၏ရင်၌ တခါက RIT ဆရာဘဝ အဖြစ်အပျက် အား သတိရနေဆဲ…
Leave a comment