By Maung Aw
2nd Post
တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ
(Once upon a time at RIT)
အမှတ်တရ
အိုး .. ဟင်… ဟာ
၁၉၆၄ ခုနှစ် ကျောင်းဖွင့်ချိန်တွင် သမိုင်းဆောင်နေ အာအိုင်တီ ပထမနှစ်ကျောင်းသားတို့အား ဟီနိုးကားများဖြင့် ကြို့ကုန်း မှ သမိုင်းသို့ ကြို့ပို့ပေးခဲ့သည်။
ထိုစဉ်က ယခု ပါရမီလမ်းဟုခေါ်သော လမ်းမရှိသေး၊ ဖောက်လုပ်ရန် ကျောက်တုံးများခင်းထားသည့်အဆင့်သာရှိသေး၏။
အင်းစိန်လမ်းမ မှ အုတ်ကျဉ်းအလွန် စန္ဒာမြိုင်ရုပ်ရှင်အရောက်တွင် ချိုးဝင်ကာ ယခင်က နဂါးဖန်မြေမှန်မြေ စက်ရုံ ရှေ့ လမ်းမှ ကားများဝင်ထွက်၍ အဆောင်များဆီသို့သွားရသည်။
ကျောင်းမှပြန်လာတိုင်း နေထိုင်ရာ အမှတ်၃ အင်းလေးဆောင် မရောက်ခင် ဦးစွာ အမှတ်၄ နတ်မောက်ဆောင် (နောက် ဟန်းလင်းဆောင် ဟု ပြောင်း)ရှေ့ ကားဖြတ်သွားရ၏။
ဟေ့ အသင့်ပြင်၊ နတ်မောက်ဆောင် နားဖြတ်တော့မယ်။
၁… ၂… ၃.. ဘိုးဘွားဆောင်က အဖိုးကြီးတွေ ၊ သင်းချိုင်းကုန်း ခြေတစ်ဖက်လှမ်းကြီးတွေ၊ ကောင်းကောင်းနေကြ။ ကြားလား။
ဟား…. ဟား
အဆောင်ရှေ့ဖြတ်မောင်းသွားသောကျောင်းကားမှ အသံများ
ကျောင်းကြိုဟီးနိုးကားအတွင်းစီးနှင်းလိုက်ပါကြသူများမှာ အင်းလေးဆောင် နေ အသက် ၁၆နှစ်ဝန်းကျင် RIT ပထမနှစ် အင်ဂျင်နီယာကျောင်းသားများဖြစ်၏။
နောက်ပြောင်ခံရသူများမှာ နတ်မောက်ဆောင်နေကြ
သည့် လုပ်ငန်းဌာနမှခွင့်ဖြင့် ပညာရေးတက္ကသိုလ်သို့ ဘီအီးဒီ ဘွဲ့အတွက် သင်တန်းတက်နေသော အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာများဖြစ်သည်။
နေ့စဉ် ညနေပိုင်း ကျောင်းဆင်းချိန်အဆောင်ရှေ့ဖြတ်တိုင်း မပျက်မကွက် အော်ဟစ်နောက်ပြောင်ခဲ့ရာ တစ်လခန့်ကြာသော တစ်ညနေတွင်
အားလုံး အသင့်ပြင် ၁… ၂… ၃… ဘိုးဘွား…
အိုး .. ဟင်… ဟာ
RIT ကျောင်းသားတို့ ဆက်မအော်နိုင်တော့ပေ။
ဆွံ့အ သွားကြသည်။
ခဏကြာသော်..
ဟေး…လူကြီး တွေ ညစ်ပတ်တယ် ညစ်ပတ်တယ်
ဟူသောအသံများကားထဲတွင် ထွက်ပေါ်လာ၏။
ဆရာ ၆ ဦး တို့သည် နတ်မောက်ဆောင်၏မျက်နှာစာ တတိယထပ် ဝရန်တာ တွင် တန်းစီရပ်ကာကျောင်းကြိုကားအလာကိုစောင့်နေကြသည်။အဆောင်ရှေ့ ကျောင်းကြိုဟီးနိုးကားစဖြတ်သည်နှင့် အားလုံး တပြိုင်နက် ပုဆိုးများ ဆွဲလှန်ကာ “မတင်ညွန့်” လုပ်ပြကြ၏။
သို့အတွက် အင်ဂျင်နီယာကျောင်းသားတို့ ပါးစပ်ဟကာ တခဏ ဆွံ့အ ကြပြီး ဆက်မအော်နိုင်ကြတော့ပေ။
ဤသို့ဖြင့် လူငယ်သဘာဝ နောက်ပြောင် အော်ဟစ်ကျီစယ် ခြင်းကို ဆရာများ၏ “မတင်ညွန့်” လက်နက်ဖြင့် ချေမှုန်းခြင်း ခံလိုက်ရလေသည်။
( သတင်းတပုဒ် ၌ ထဘီလှန်ပြသော မတင်ညွန့် ဖြစ်ရပ် ကို မှီး)
Leave a comment