Hla Min

Memories from Four Decades

၄ စက်တင်ဘာ ၂၀၂၂။

စွယ်တော်ရိပ်ကို လွမ်း….

” အလည်အပတ်ပြန်လာသော အနှစ် ၄ဝ က အလွမ်းရိပ် “

(၁)

ပြောရင်းနှင့် စိတ်လှုပ်ရှားလာသည်။ စိတ်လှုပ်ရှားမှုနှင့်အတူ ရင်တွင်းခံစားရချက်တို့ ပြင်းထန်လာသည်။ ၁၉၈ဝ မှ ၁၉၈၇ ခုနှစ်ဝန်းကျင်တစ်ဝိုက် စာရေးသူတို့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် နှစ်စဉ်မပျက်မကွက် ထုတ်ဝေ ခဲ့သည့် နှစ်လည်မဂ္ဂဇင်းများ၌ မဂ္ဂဇင်းထွက်ရှိရေးလုပ်ငန်းအဝဝကို ကူညီပံ့ပိုး ဝန်းဝိုင်းလုပ် ဆောင်ရန်လိုအပ်သည့်အလျောက် နှစ်လည်မဂ္ဂဇင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်းထုတ်ဝေမည့် ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းအတွက် ကော်မတီဖွဲ့စည်းခဲ့ရာတွင် ကော်မတီဝင်အဖြစ်ပါဝင်ခဲ့သော ထိုစဥ် က ကျောင်းသားကျောင်းသူများမှာ ယခုလက်ရှိဆိုလျှင် အသက်အရွယ်အားဖြင့် အနည်းလေး ၅ဝ ကျော်ပြီဟုပြောနိုင်သည်။ ယင်းကော်မတီဝင်ဖြစ်ခဲ့ဖူးသော ကျောင်းသူကျောင်းသားဟောင်းအချို့သည် အစဉ်တစိုက်တာဝန်ခံစာတည်းအဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သော စာရေးသူအား ဖိတ်ကြား၍ အချင်းချင်း အလွမ်း သယ်ရန် ညစာစားပွဲနှင့် တွေ့ဆုံပွဲတစ်ရပ် ကျင်းပခဲ့သည်။

သံယောဇဉ်အမျှင်တန်းဆိုသည်မှာ နှစ်ကာလမည်မျှပင်ကြာစေ အမျှင်များ ပြတ်သွားသည်ဟူ၍ မရှိ၊ တိုး၍သာ ခိုင်မြဲလာတတ်သည်။ အထူးသဖြင့် နှစ်လည်မဂ္ဂဇင်းကဲ့သို့သော အနုပညာစာပေကဗျာတို့ ကိန်းအောင်စုဝေးရာ ဘူမိနက်သန်နေရာ၌ သံယောဇဉ်နွှယ်ယှက် မပြယ်မပျက် စာပေအနုပညာပန်းခက်ကို ဝါသနာကြီးသူအချင်းချင်းကြား ပန်းတို့ ဖူးပွင့်ဝေဆာရုံမျှမက ပတ်ဝန်းကျင်လောကတစ်ခွင်လုံးအား မွှေးရနံ့ဖြန့်ကြက်ပေးသည်ဆိုပါက ကြည်နူးနှစ်သိမ့်မဆုံးသာ ဖြစ်ချိမ့်မည်။

လွန်ခဲ့သော အနှစ် ၄ဝ တုန်းကတည်းက ပျိုးထားသည့် ပန်းခက်ပန်းပွင့်တို့သည် ယနေ့တိုင်စွင့်လန်းကြိုင်လှိုင် နေဆဲ။ တစ်ပွင့်သောပန်းမှာ စာပေအနုပညာနှင့် သတင်းမီဒီယာတောထဲ ပွင့်လန်းကြိုင်လှိုင်နေသည်။ နောက်တစ်ပွင့်မှာ အနုပညာစာပေနှင့် ယဉ်ကျေးမှုတက္ကသိုလ်၏အကြီးအကဲ နေရာ၌ ဖူးပွင့်နေဆဲ။ တစ်ပွင့်မှာကဗျာတောထဲကျင်လည်ကာ ဆောက်လုပ်ရေးဥယျာဉ်၌ ပွင့်လန်းဆန်းသစ်နေသည်။ အခြားတစ်ပွင့်သောပန်းမူ အဆင့်မြင့် ပညာဉာဏ်အသိကို အောင်မြင်စွာဖြန့်ဖြူးရင်း ကြိုင်မွှေးလျက်ရှိသည်။ နောက်တစ်ပွင့်မှာတော့ ကဗျာကို မပြတ်တမ်း ဖက်ပွေ့ရင်း စက်မှုသင်တန်းကျောင်းတစ်ခု၏ကျောင်းအုပ်နေရာ၌ ဖူးပွင့်နေလျက်။ ကျန်တစ်ဦးသည် အနုပညာပန်းချီလောကနှင့် ဆက်စပ်လျက် လှုပ်ရှားနေသူ။ ယင်းသို့ဖြင့် ပန်းတို့ရနံ့မျိုးစုံအား လေညင်းက မယုံနိုင်စရာကောင်းလောက်အောင် တစ်လောကလုံးသို့ အလှဆင်ရန်ဆောင်ယူသွားပါလေသည်။

(၂)

စာရေးသူသည် ၁၉၆၁ခုနှစ်ကတည်းက မဂ္ဂဇင်းများထုတ်ဝေခြင်းကိစ္စ၌ စိတ်အားထက်သန် ဝါသနာကြီးခဲ့သည့်အားလျော်စွာ အင်ဂျင်နီယာကျောင်းသားဘဝတွင် အင်ဂျင်နီယာကျောင်းသားများသမဂ္ဂနှစ်လည်မဂ္ဂဇင်း ဟူသောအမည်ဖြင့် တာဝန်ခံအယ်ဒီတာအဖြစ် မဂ္ဂဇင်းတစ်စောင်ထုတ်ဝေခဲ့ဖူးသည်။ ယင်းနောက် ရန်ကုန်စက်မှုတက္ကသိုလ်၌ ဆရာအဖြစ်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ နှစ်လည်မဂ္ဂဇင်းများအား တာဝန်ခံစာတည်းအဖြစ် အစအဆုံးတာဝန်ယူလျက် လုပ်ဆောင်ခဲ့သည်။

ဆောင်းပါးခေါင်းစဉ်ပါအတိုင်းဆိုရပါမူ မဂ္ဂဇင်းစာအုပ်တစ်အုပ်၏ အခရာကျသည့် အကြောင်းအရာများအနက် ပုံနှိပ်တိုက်တွင်ထိုင်၍ (ထိုခေတ်ကဖြစ်စဉ်) စာစီသမားများ စီလိုက်သောစာများအား အမှားအမှန်စိစစ်ခြင်းအလုပ်မှာ အဓိကကျသည်ဟု ပြောနိုင်သည်။ ယင်းအလုပ်ကို ပရုဖ် (Proof) ဖတ်ခြင်းဟု ခေါ်သည်။ ထိုခေတ်ကကွန်ပျူတာ ပရင့်တာ စသည့် အီလက်ထရွန်နစ်ဆိုင်ရာစက်ကိရိယာများမရှိသေးသည့် အချိန်ကာလ၊ အက္ခရာစာလုံးများအား ခဲတုံးပေါ်တွင် ပုံထွင်းကာ စာစီသမားများက သစ်သားအံခွက်အတွင်းရှိ ခဲစာလုံးတစ်ခုစီကို လက်ဖြင့်ကောက်ယူပြီး စာကြောင်းတစ်ကြောင်း ဖြစ်အောင် စီပေးရသောကာလမျိုး ဖြစ်သည်။

အကယ်၍ စာတစ်မျက်နှာတွင် နှစ်ကော်လံပါရှိပါက ဗြက် ၁၆ အင် စီထားပေးရသည်။ တစ်ကော်လံနှင့် တစ်ကော်လံကို တစ်အင်ခြားထားပေးရသည်။ ပုံနှိပ်လောက၏ အခေါ်အရ အင် ဆိုသည်မှာ တစ်လက်မ.၏ ၆ပုံ တစ်ပုံ အရွယ်ဖြစ်သည်။ တစ်မျက်နှာရှိ စာ၏ ဗြက်မှာ ၃၃ အင် ဖြစ်သဖြင့် သုံးကော်လံခွဲထားသော မဂ္ဂဇင်းစာမျက်နှာများတွင်မူ တစ်ကော်လံလျှင် ဗြက် ၁၁ အင်စီ ရှိရပါမည်။

ခဲစာလုံးအရွယ်အစားများမှာလည်း မဂ္ဂဇင်းတွင် အများဆုံး အသုံးပြုလေ့ရှိသော ၁၂ ပွိုင့်၊ သို့မဟုတ် ပိုက္ကားစာလုံးအရွယ်သည် စာတစ်ကြောင်းလျှင် အထက်မှအောက်အထိ တစ် အင် ရှိသည်။ ထို့ကြောင့် စာကြောင်းရေ ၆ ကြောင်းသည် တစ်လက်မ ရှိမည်။ ၁၂ ပွိုင့်အရွယ်ထက်ကြီးသော ၁၄ ပွိုင့်၊ ၁၆ ပွိုင့်၊ ၁၈ ပွိုင့်၊ ၂ လိုင်း၊ ၃ လိုင်းစသဖြင့် ခဲစာလုံးအရွယ်အစား အမျိုးမျိုး လည်း ရှိသည်။

စာစီသမားက ကော်လံအလိုက်စီလိုက်သော ကော်လံအရှည်အား မင်အနက်သုတ်၍ ရေအနည်းငယ်ဆွတ် ထားသော စက္ကူ ရှည်တစ်ရွက်ပေါ်တွင် ရိုက်နှိပ်ပေးသည်။ ယင်းကို ဂယ်လီပရုဖ် (Galley Proof) ဟုခေါ်သည်။ ထို ဂယ်လီပရုဖ်ကို အယ်ဒီတာက သတ်ပုံသတ်ညွှန်း မှအစ စာကြွင်းစာကျ ရှိမရှိ စစ်ဆေးရသည်။ အမှားများနေပါက ဒုတိယအကြိမ် ဂယ်လီပရုဖ် ထုတ်စေ၍ ပြန်လည်စစ်ဆေးရသည်။ အမှားနည်းပါက ဂယ်လီပရုဖ် ထပ်မံမရိုက်စေတော့ဘဲ ဖောင် (Form) ဖွဲ့ ဆရာအား စာမျက်နှာ စတင်ဖွဲ့စေသည်။ ဖောင်ဖွဲ့သည် ဆိုခြင်းမှာ စာမျက်နှာ ၈ မျက်နှာစာ ခဲစာလုံများဝင်ဆံ့သည့် လေးထောင့်ပုံ သံခွေအတွင်း၌ စီပြီးသား စာကော်လံများနှင့်တကွ ထည့်လိုသော သရုပ်ဖော်ပုံ ဘလောက် (Block) များကိုပါ စနစ်တကျ စီစဉ်ခင်းကျင်းထားခြင်း ဖြစ်သည်။ သရုပ်ဖော်ပုံ ဘလောက်များအား အရောင်ဖြင့် ရိုက်နှိပ်ရန် ရည်ရွယ်ထားသည် ဆိုပါက ထိုနေရာအား ကွက်လပ်ချန်ထားရသည်။ ဤသည်နှင့်ပတ်သက်၍ အယ်ဒီတာဖြစ်သူက မိမိစိတ်ကူးဉာဏ် ကွန့်မြူးလျှင်ကွန့်မြူးသလောက် ပုံအနေအထားနှင့်တကွ စာများအား ဆန်းသစ်အောင် တီထွင်၍ လှည့် ပေးရသည်။ ယင်းကိစ္စကို ဖောင်ဖွဲ့ဆရာ (များသောအားဖြင့် ပုံနှိပ်တိုက်၏ ဖိုမင် ဟုခေါ်သည်) က အယ်ဒီတာ၏ လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပေးရသည်။

ဤနေရာတွင် ကြားဖြတ်၍ ဘလောက် ဟူသည့်အရာကို ရှင်းပြရန်ရှိပါသည်။ ထိုခေတ်ကာလက အော့ဖ်ဆက် (Off-set) ပုံနှိပ်စက်မရှိသေး၍ ရုပ်ပုံတစ်ပုံအား ဖလင်ရိုက်ကူးပြီးသောအခါ ခဲပြားပေါ်တွင်တင်၍အရုပ်ထင်စေပါသည်။ ထိုခဲပြားကို ငရဲမီးဖြင့် ရုပ်ပုံမရှိသောနေရာများအား စား စေပြီး နောက်ဆုံး၌ ရုပ်ပုံအတိုင်းခဲအရာများ ကျန်နေခဲ့၏။ ထိုခဲပြားရုပ်ပုံကို သစ်သား ဘလောက်တုံးပေါ်တင်ကာ မရွေ့စေရန် ရိုက်သံ သေးသေးလေးများဖြင့် ထိန်းရိုက်ထားရ၏။ ယင်းကို ဘလောက် ဟု ခေါ်ကြသည်။

(၈)မျက်နှာပါ ဖောင်တစ်ခုကို ဖွဲ့ပြီးသောအခါ ဖိုမင်ဖြစ်သူက ပရုဖ် ရိုက်ပေးပြီး အယ်ဒီတာက စစ်ဆေးပြီး စိတ်တိုင်းကျ ဖြစ်ပြီဆိုလျှင် စက်ပေါ်တင်၍ စက်ပရုဖ် ရိုက်ပေးသည်။ ထိုစက်ပရုဖ်ကို နောက်ဆုံးအကြိမ် ဖတ်ရှုစစ်ဆေးရန်လိုသည်။မစစ်ဆေးဘဲထားလိုက်ပါက စိတ်မချရပါ။ တစ်ခါတစ်ရံ ဖောင်ပရုဖ်တွင် အမှန်ဖြစ်နေသည့်တိုင် စက်ပေါ်သို့တင်လိုက်ပြီးမှ စာ (ခဲစာလုံး) အချို့ကျပြီး အမှားဖြစ်သွားတတ်သည်။ ထို့ကြောင့် အရာရာကို အထပ်ထပ်စစ်ဆေးရသည်။ ယနေ့ခေတ်တွင်မူ သီးခြား ပရုဖ် ဖတ်သူများရှိသောကြောင့် ထိုအလုပ်ကို အယ်ဒီတာတို့က လုပ်ရန်မလို၊ သို့သော် စာရေးသူတို့က ကိုယ်တိုင်လုပ်ရသည်။

ပုံနှိပ်စက်၊ ခဲစာလုံး နှင့် စက်ဆရာ သုံးဦးသုံးဖလှယ်ကောင်းမွန်မှ မင်ကျမင်န ကောင်းဖို့ သေချာမည်ဖြစ်သည်။ မင်အနက်ဖြင့် ရိုက်ပြီးသည့် စာဖောင်များထဲမှ အရောင်ရိုက်ရန်ရှိသည့် ဖောင်အချို့အား စက်အသေး (နှစ်မျက်နှာ) ဖြင့် အရောင်တင်ရိုက်နိုင်သည်။ စက်အသေးမှာ အရောင် တစ်ရောင်နှင့်တစ်ရောင် အကူးအပြောင်း၌ လက်ကျန်မင်ကို ဆေးပစ်ရန် သိပ်မခက်ခဲပေ။ နောက်အရောင်တစ်ရောင်တင်ရိုက်ပါက မင်အရောင် ကြောင် မနေတော့ပေ။

စက္ကူ အကြောင်း ပြောရန်ကျန်နေပါသေးသည်။ ကမ္ဘာပေါ်တွင်စက္ကူ စျေးများမှာ ကျသည်ဟူ၍မရှိ၊ အတက် ဘက်တွင်သာရှိသည်။ သို့ဖြစ်သောကြောင့် မဂ္ဂဇင်းတစ်ခါထုတ်တိုင်း စက္ကူ စျေးအတက်ကြောင့် အထွေထွေထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်သွားသည်ချည်းဖြစ်သည်။ ထိုခေတ်အချိန်အခါက အများသုံးသောစက္ကူမှာလက်မ ၂ဝ x လက်မ ၃ဝ ကရောင်း (Crown) အရွယ်စက္ကူ၊ သတင်းစာစက္ကူ (Newsprint) ဟုလည်းခေါ်သည်။ အနည်းငယ်ဝါသည်။ ကုန်သွယ်ရေးက အခြားနိုင်ငံများမှ မှာယူတင်သွင်းခြင်းဖြစ်သည်။ ယနေ့ခေတ်တွင်လည်းစက္ကူစျေးသည် အတက်ဘက်တွင်ရှိကြောင်းသိရသည်။ စက္ကူစျေးနှုန်း၊ ပုံနှိပ်မင်၊ သရုပ်ဖော်ပန်းချီခ၊ ဘလောက်ဖိုး၊ ပုံနှိပ်ခ၊ စာအုပ်ချုပ်ခ စသည်တို့မှာ ရှောင်လွှဲ၍မရသော စရိတ်စကများဖြစ်သည်။

သို့ဖြစ်၍ ထို ကရောင်းအရွယ် စက္ကူ ဖြင့်ရိုက်လျှင် စာရွက်တစ်ဖက်တွင်ပင် ၈ မျက်နှာ စလုံးရသည်။ ယင်းစက္ကူကို ပြောင်းပြန်လှန်ပြီး ကျောချင်းကပ် ထပ်မံရိုက်နှိပ်ပါက ရလဒ်အဖြစ် မဂ္ဂဇင်းအတွက် စာမျက်နှာ ၈ မျက်နှာ နှစ်စုံရသည်။ အဓိပ္ပာယ်မှာ ၈ မျက်နှာ နှစ်ဖောင်ရသည်။ ပမာအားဖြင့် မဂ္ဂဇင်း အုပ်ရေ ၁ဝဝဝအတွက် ရိုက်လိုပါက စက္ကူ အရွက်ရေ ၅ဝဝ ရိုက်နှိပ်လျှင်ပင် လုံလောက်ပေပြီ။

မည်သို့ပင်ဆိုစေ အနှစ် ၄ဝ ဆီက အဖြစ်အပျက်နှင့် အချင်းချင်း သံယောဇဉ်တွယ်ငြိခဲ့သည့် ဖြစ်စဉ် အခင်းအကျင်းသည် သူ့သဘောဆန္ဒအလျောက် ပစ္စုပ္ပန်မြင်ကွင်းရှေ့မှောက်သို့ ရောက်လာသောကြောင့် အားလုံး၏ ရင်ထဲ၌စကားရှာမရဘဲ တစ်ဆို့ဆို့ဖြစ်နေသည်။ မည်သို့ပင် တစ်ဆို့တစ်ဆို့ဖြစ်နေစေ၊ အလည်အပတ်ပြန်လာသော အနှစ် ၄ဝ ဆီက အလွမ်းရိပ် အခင်းအကျင်းမှာ ကြည်နူးဖွယ်၊ ဆွတ်ပျံ့ဖွယ်တို့ဖြင့် အတိ ပြီးနေသဖြင့် ရင်ထဲရှိ တစ်ဆို့နေခြင်းသည်ပင် ခံစားမှုရသတစ်ခုကို ပေးစွမ်းနေပြီ မဟုတ်ပါလား။

ရေးသူ — တက္ကသိုလ် မိုးဝါ

Categories: Hla Min

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s