Authors

Mi Aung (31) *

ပျော်ခဲ့ရတစ်ခဏ

ပျော်တပြုံးပြုံးနဲ့ အတူသွားအတူစားနေလာခဲ့ကြပေမဲ့၊အချိန်တန်တော့လဲ သူ့လမ်းသူသွား၊ကိုယ့်လမ်းကိုယ်သွားနဲ့ ခုချိန်အထိ မခွဲတမ်းနေကြသူတွေရှိသလို၊ လုံးဝကိုပြန်မတွေ့ရတော့တဲ့သူတွေလဲအများကြီးပါဘဲ။ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း အားလုံးပါဘဲ။

စကားဝါပင်လမ်းမှာကဆွမ်းကြီးလောင်းပွဲဆိုတအားပျော်ဖို့ကောင်းခဲ့တာ။ အရပ်ပွဲလေးတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့၊ ကျမတို့မောင် နှမတွေကလွဲလို့ စင်ပေါ်တက်ပြီး မကဘူးတဲ့သူမရှိသလောက်ပါဘဲ။ ဇာတ်စင်က ကျမတို့အိမ်ရှေ့တည့်တည့် ၊မှာထိုးထားတာ ဆိုတော့၊ အမေနဲ့ ရတနာမြိုင်ကားပိုင်ရှင် ဒေါ်ကျင်မြိုင်ကနေမထိ ထိုင်မထိ။ “က”တဲ့ကလေးတွေကို ညလည်စာချက်ကျွေးချင တာလေ။ နှစ်ယောက်သားပိုက်ဆံစုထည့်ကြပြီးစျေးဝယ်ပေး။ ချက်ရတော့ ကျမရယ် အေးအေးဝင်းနဲ့ညွန့်ညွန့်ဝင်း တို့ညီအစ်မ ရယ်ပေါ့။ ပျော်စရာကောင်းသလို စိတ်ညစ်စရာလဲကောင်းပါတယ်။ ချဥ်ရေဟင်းချက်ရင် ငါးဖတ်ကြီးဘဲဆယ်ထားချင် သူနဲ့ဦးဦး ဖျား ဖျားစားရမှကြိုက်သူနဲ့ စုံလို့ပါဘဲ။

တစ်ရက်တစ်မျိုးကိုနှစ်ညလောက်ချက်ကျွေးကြရတာ။ ဘဲဥအလုံးလိုက်နဲ့ကုလားဟင်းချက်၊ဗလချောင်ကြော်ကတစ်နေ့။ ညည့်နက် ၁နာရီလောက်မှ စားကြတာဆိုတော့လဲ၊တလမ်းလုံးအိုးသံခွက်သံ ဆူဆူညံညံမို့ ပျော်စရာပါဘဲ။ ဝက်ပေါ၊ သန်းသန်း ဝင်း၊ ဖြူဖြူဝင်း၊ တင်တင်ညို၊ ခင်ဝင်းကြည်၊ ရင်ရင်ကြည်၊ နီနီဝင်း၊ မိမာတို့ကငယ်ကြသေးတော့ လက်တိုလက်တောင်းပေါ့။ အဲ့ဒီအုပ်စုကမျက်နှာချင်းဆိုင် သုံးအိမ်ကမိန်းကလေးတွေချည်းမို့ညီအစ်မအရင်းတွေလိုပါဘဲ။ အမြိုင်တို့အိမ်ပေါ်ထပ်က ပေါပေါ၊ မိငယ်၊ ကြွက်နီတို့ညီအစ်မသုံးယောက်ပါပေါင်းလိုက်ရင်တော့ မိန်းကလေးဘောလုံးအသင်းတောင်ထောင်လို့ရသေးတယ်။ ပိုးပမ်းသူတွေလဲခြေချင်းလိမ်လို့တစ်ခေါက်က ၂ခေါက်လျှောက်ပြီဆိုရင်တော့၊နောက်တစ်ခေါက်လာရဲမှာမဟုတ်အောင်လဲ “လောင်” တတ်ကြသေး။ဝင်းမောင်နဲ့ရွယ်တူမောင်လေးတွေကလဲများတာကို။

လမ်းထဲကလူငယ်တွေကတော့ ဆွမ်းလောင်းပွဲလုပ်မည့်နေ့ဆို တစ်လမ်းလုံးရေဆေးကြ၊တံမြက်စီးလှဲကြနဲ့ အင်မတန်ညီညွတ်ကြတာ။ ယ္ခုအချိန်တော့ ကျမတို့ငယ်ငယ်တုန်းကလိုမှ ဟုတ်ရဲ့လားမသိတော့ပါဘူး။ ကိုယ်လဲ ကြည့်မြင်တိုင်ကထွက်လာတာ ၂၈နှစ်ရှိခဲ့ပြီဘဲ။

နောက်ပြီး လမ်းထဲမှာ ယောက်ျားလေးတွေက ဘောလုံးပွဲလုပ်ကြရင်လဲ ထမင်းဟင်းချက်ကျွေးကြတာဘဲ။အရင်က W (ဒဗလျူ)ဘောလုံးပွဲတွေလုပ်ကြတာကို။ မောင်လေးဖိုးချိုက ဘောလုံးကန်တာ သိပ်ကောင်းတော့၊အခြားလမ်းတွေက မောင်လေးကိုခေါ်ကစားကြတယ်။ အမေကလုံးဝမကြိုက်ပါဘူး။ အပေါင်းအသင်းများရင် သူ့သားလေး ပျက်စီးသွား မှာစိုးရိမ်လို့ပါတဲ့။ တခါများလေ ဘောလုံးကန်တဲ့ဆီလိုက်သွားပြီး၊ “အမေ့ကိုသတ်ပြီးမှ မင်းဘောလုံးသွားကန်” ဆိုပြီးပြန်ခေါ်လာတာ။ အော်၊ သိပ်အချစ်ခံရတာလဲမကောင်းပါလား။ ဇော်ညွန့်ဆိုတဲ့ကောင်လေးကတော့ ကျမနဲ့ ၁၀တန်းအတူတူ။ သူကလဲဘောလုံးကန်ပြီးရင် ၊သူ့အိမ်သူမပြန်သေးဘဲကျမတို့အိမ်ကဖိနပ်ချွတ်လေးမှာ လေဖေါ တာမိုးစုပ်စုပ်ချုပ်အောင်ပါဘဲ။ ခုထိ ပြန်တွေးမိရင် ပြုံးမိသေးတာ။ သူတို့အမေ အန်တီဒေါ်တင်မြက ကြိမ်လုံးကိုင်ပြီး “ဇော်ဇော်ရေ” ဆိုမှ “လာပြီ မာမီ၊သားက မမိအောင်တို့နဲ့စကားပြောနေတာ” ဆိုပြီး ပြန်ပြေးတော့တာ။ (ကျမတို့က မုဆိုးမသားသ္မီးတွေချင်းတူလို့ စာနာနားလည်ပြီး အင်မတန်ချစ်ကြတာပါ။)

ပြည်ထောင်စုနေ့၊တောင်သူလယ်သမားနေ့၊မေဒေးနေ့လိုနေ့တွေမှာတော့ ကျမရယ်၊ညွန်ညွန့်ဝင်းရယ်၊တင်မာရီ(မိတူး) တို့ကကျိုက္ကဆံကွင်း လူထုအစည်းအဝေးပွဲတွေကို သွားကြရတာ။ သုံးယောက်သား တစ်လမ်းလုံးစကားတွေ ပြောကြ၊မြင်ရတာကြည့်မကောင်းတဲ့ အဆင်မပြေတဲ့သူတွေ့ရင်လက်ကုတ်ပြီးရယ်ကြနဲ့ ပေါ့ပေါ့ပါးပါးနေခဲ့ကြရတာ။ အပြန်ကြရင်တော့ သုံးယောက်သား ပွဲခင်းထဲလျှောက်ကြည့်၊စားသောက်ပြီးမှပြန်လာကြတဲ့အခါကြရင်တော့ မိတူးကအမြဲတမ်း အမဲအူပြုတ် သောက်တတ်တာ။ (မိတူးကတော့ အစောကြီးခွဲခွါသွားတာ။ ညွန့်ညွန့်ဝင်းကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ။) ကျန်တဲ့သူတွေလဲ ဟိုရောက်၊ဒီရောက်နဲ့မို့ မဆုံနိုင်ကြတော့ပါဘူး။ဘာမှ တည်မြဲတာမရှိပါလား။

သင်္ကြန်အခါများဆို ရေပက်ချင်ကြတာ။ခေါင်သူကြီးကအမေနဲ့အမြိုင်။ တစ်နှစ်များ ပိုက်လုံးတွေဝယ်၊မော်တာငှားပြီး၊ လမ်းထိပ်မှာရေကစားကြတာ။ ဖြစ်ချင်တော့ တရက်ဘဲကစားလိုက်ရတယ်၊မီးကမရ။ ဒေါ်ခင်မေဘဲ၊ တခြားသူမှာမဟုတ်တာ မော်တော်ကားအင်ဂျင်ကိုဆီထည့်မောင်းပြီး၊ ကစားခိုင်းတာ။ သားသ္မီးကို အဲ့ဒီလိုပြည့်စုံအောင်လုပ်ပေးခဲ့တာပါ။ အတက်နေ့ဆိုရင်တော့ ကားတစ်စီးငှားပြီး ရေပက်ခံထွက်ဖို့လဲစီစဥ်ပေးသေးတာ။

အနိမ့်အမြင့်အတက်အကျတွေများလှတဲ့ဘဝကြီးမှာ ပျော်ခဲ့ကြရတဲ့ကာလတွေလဲ ကြုံခဲ့ရဘူးပါတယ် ။ ။

နေပျော်အောင်ကြိုးစားနေတတ်ကြရင် လောကကြီးက သာသာယာယာပါဘဲ – – – –

Categories: Authors

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s