ရှင်သန်ခြင်း(၃)
ဖြစ်၊တည်၊ပျက် လို့ဆိုတဲ့သဘောသဘာဝလေးကိုတွေးမိတာတော့ “တည်”ဆိုတာက ခဏလေးမှတကယ်ခဏလေးပါလား။ ကျမ PIC.မှာအလုပ်ဝင်ပြီးလို့မကြာမတင်လေးမှာဘဲ စိန်ဂျွန်းစျေး(တ-၁၀)ဆိုင်ကိုရောင်းလိုက်ရပါတယ်။ ဝက်ပေါလေးကတော့ နောက်တစ်နှစ်လောက်မှ မြေအသုံးချရေးဓါတ်ခွဲခန်း၊စိုက်ပျိုးရေး မှာအလုပ်ဝင်လုပ်ခဲ့ရတာပါ။ (ကျမကို PIC မှာအလုပ် သွင်းပေးခဲ့တဲ့ ဦးလေး ဦးသိန်းဖေနဲ့ ညီမလေးကို စိုက်ပျိုးရေးမှာအလုပ်သွင်းပေးခဲ့တဲ့ ဦးလေးဦးညွန့်စိန်တို့ရဲ့ကျေးဇူး ကိုအမြဲ သတိရကန်တော့လျက်ပါ။) ကျမတို့ညီအစ်မကတော့ အမေဖြစ်စေချင်တဲ့ ကုန်သည်လုပ်ငန်းရှင်မဖြစ်တော့ဘူးပေါ့လေ။ မောင်လေးဝင်းမောင်က ၉တန်း၊ ညီမလေး မိမာက ၇တန်း၊အငယ်ဆုံးလေးဖိုးချိုက၄တန်းပါ။ ကျမတို့ညီအစ်မရဲ့လစာ နဲ့အိမ် တာဝန်ကိုထမ်းကြရတာပါ။ အမေကတော့ သားသ္မီးတွေအတွက်ချက်လိုက်ပြုတ်လိုက်ပေါ့။
ဝက်ပေါလေးက ငယ်ကထဲကအတွက်အချက်တော်တော့ အိမ်ရဲ့ဝင်ငွေထွက်ငွေကို၊ချင့်ချိန်သုံးစွဲတတ်ရှာတယ်။ နောက်ပိုင်း ဝက်ပေါလေးကသူဘဲစျေးဝယ်ပြီး၊ရုံးမသွားခင်ချက်ပေးခဲ့တာ။ အဲ့ဒီခေတ်က ရုံးတွေမှာ ဝန်ထမ်းတွေကို ဆန်၊ ဆပ်ပြာ၊ ဖယောင်းတိုင်စတဲ့ပစ္စည်းတွေ ရောင်းပေးတာမို့၊ ရလာတဲ့ပစ္စည်းလေးတွေကို သေသေသပ်သပ်လေးသိမ်းဆည်းထားရတာ။ နောက်ပြီး သတင်းစာကို၁၀အုပ်တစ်ထပ် စီပြီးသိမ်းရတာ။ (အမေက သတင်းစာကို အစကနေအဆုံးဖတ်တတ်တော့ အိမ်မှာသတင်းစာယူရပါတယ်။) ဝန်ထမ်းဘဝ ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံး ဆိုသလိုဘဲ၊ လကုန်ခါနီး ပိုက်ဆံပြတ်ခါနီးရင် သိမ်းထားတဲ့ဆပ်ပြာ၊ဖယောင်းတိုင်စတာလေးတွေကိုစျေးမှာသွားရောင်းရပါတယ်။ (သတင်းစာကတော့ ၄၂အုပ်ပြည့် မှတစ်ပိသာဆိုတော့ တစ်လတစ်ခါမရောင်းဘဲစုထားရတာပေါ့။) တော်သေးတာက ဝန်ထမ်းဘဝ တစ်ဆိုင်ကပစ္စည်း အကြွေးယူပြီး အခြားတစ်ဆိုင်မှာရရာစျေးနဲ့ရောင်းလို့ မိသားစုအရေးကိုမဖြည့်တင်းခဲ့ဘူးတာဘဲ ကံကောင်းလှပါတယ်။ ဝန်ထမ်းတွေ နစ်သထက်နစ်တယ်ဆိုတာ ဒီအဖြစ်မျိုးတွေကြောင့်လို့ထင်ပါရဲ့။ နေတတ်စားတတ်ရင် ကြွေးကင်းပြီး၊ မရှိမှန်းလဲလူမသိရဘူးပေါ့လေ။ သဘာဝကလဲ မရှိတဲ့လူကိုနှိမ့်ချဆက်ဆံတတ်ကြတာမို့ပါ။ ဟန်လုပ်ရမည်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။
အမေလေ ကျမတို့အလုပ်သွားနေတုန်း၊ ငါးသလောက်တစ်ကောင်လုံး ဝယ်ပြီး ကြော်လိုက်တာ၊ အဲ့ဒီညဖျားတော့တာပါဘဲ။ နောက်ပြီး သူ့ရဲ့ပေါင်မှာ အနာရှိတော့ ငန်းမန်းတွေတက်ပြီး၊ဂယောင်ဂတမ်းနဲ့။ ကျမတို့ဘာလုပ်ရမှန်းမသိနဲ့၊ ကျမတို့လမ်းထဲက ဒေါက်တာမောင်မောင်လှကြိုင်ကို ပြေးခေါ်ရတာပေါ့။ သူကအနာကိုကြည့်၊ဆေးထိုးပေးတော့မှ နဲနဲနေသာထိုင်သာရှိသွားတာ။ မနက်စောစောတော့ ကျမသူငယ်ချင်းဒေါက်တာမစိန်ရည်ရောက်လာပြီး၊ရန်ကုန်ဆေးရုံကြီးကိုလိုက်တင်ပေးတာပါ။
(ကျမတို့မိသားစုရဲ့ ကျန်းမာရေးဆိုရင်အချိန်မဆိုင်း အပြေးရောက်လာပြီး ကူညီပေးတတ်တဲ့သူငယ်ချင်းမစိန်ရည်နဲ့ သူ့ခင်ပွန်း ဦးလှမင်းတို့ရဲ့ကျေးဇူးကိုမမေ့တာတော့ တစ်သက်စာပါဘဲ။)
အမေ့ရဲ့အဒေါ်အငယ်ဆုံး ဖွားလေးမတင်ညွန့်ကတော့ ဆေးရုံလိုက်စောင့်ပေးမယ်လို့ပြောခဲ့ရှာတာ၊ အမေ့အောက်မောင် ဦးလေး ဦးတင်ရွှေကပိုက်ဆံလေး၂၀ကျပ် အတင်းထည့်ပေးတာလဲအမြဲအမှတ်ရစရာတွေပါဘဲ။
ရန်ကုန်ဆေးရုံကြီးမှာတော့ ဆရာဝန်ကြီးဒေါက်တာဦးသိန်းညွန့်က အမေ့ရဲ့အနာကလဲဆန်းသမို့ အထူးဂရုစိုက်ခြင်းကို ခံခဲ့ရပါတယ်။ အမြဲကန်တော့ပါတယ်။ တော်ကြာ သင်တန်းဆင်းဆရာဝန်လေးတွေရောက်လာ၊ အမေ့အနာကိုလှန်ကြည့်နဲ့ သူက မော်ဒယ်ကိုဖြစ်လို့။ အဲ့ဒီပေါင်မှာအနာကြီးဖြစ်တုန်းကသာ သေသွားခဲ့ရင် ကျမအမေအသက်၉၆နှစ်အထိနေပြီး၊ တရားဘာဝနာအလုပ်နဲ့ လွဲခဲ့ရမှာ။ ထူးထူးဆန်းဆန်း ကျမတို့လုံးဝမသိလိုက်ရတာကတော့၊ ကျမညီမဝမ်းကွဲလေး ရွှေပေါမကိုသူငယ်ချင်းမြင့်ခင်က အမေ့ကိုဆေးရုံမှာလာကြည့်ရင်းတွေ့ပြီး ပိုးခဲ့တာလို့ပြောတာပါဘဲ။???
ကျေးဇူးရှင်တွေထဲမှာတော့ ကျမရဲ့ဆရာ (PIC, MD) အန်ကယ်ဦးတင်မောင်အေးနဲ့ဇနီးဒေါ်တင်မမ အပါအဝင် သူငယ်ချင်းတွေ ကိုပါမမေ့ပါဘူး။ ဆေးရုံကြီးအပေါ်ထပ်မှာ လည်ပင်းခွဲနေရတဲ့ ဦးစိုးမြင့် (PIC)ကိုလည်း အမေ့ကိုလာကြည့်ပြီး အားပေးခဲ့ လို့ကျေးဇူးတင်ပါတယ်။
အမေလေ အနာပေါက်တာကုလို့ ပျောက်သွားပြီးကထဲက သမုဒယတွေကိုလွှတ်ချခဲ့ပြီး၊ တရားစခန်းတွေဘဲသွားနေတော့တာ။ သံသရာမလည်ချင်တော့လို့ တရားဘဲရှာချင်ရှာတော့တာ။ ဟုတ်မှာပါ ဘဝမှာအဆိုးနဲ့အကောင်းဒွန်တွဲနေကြတာဆိုပေမဲ့ အမေ့အတွက်တော့ဘဝဟာကြမ်းတမ်းလွန်းလှပါတယ်။ သူ့ခမြာ ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ပြီး၊လောကဓံကို ကြန့်ကြန့်ခံရင်းရုန်းကန်ခဲ့ရရှာတာ။ (ကျမကအမေ့ကို “အမေတို့များကွာအသက်၃၈နှစ်လောက်မှာ ယောကျာ်းလဲရ၊ ကလေးတွေလဲရ၊ မုဆိုးမလဲဖြစ်ဘူး ဆိုတော့အားကျလိုက်တာ”လို့ပြောရင်မျက်စောင်း ထိုးတတ်ပါတယ်။)
တော်သေးတာက အမေ့ခမြာ အိုကံကောင်းရှာပေလို့သာပါဘဲ။
ကလေးတွေကအတန်းကြီးလာကြတော့ မောင်လေးဝင်းမောင်က ကျောင်းမတက်တော့ဘဲ၊အစ်မတွေနဲ့အတူ အလုပ် လုပ်ကျွေးရှာပါတယ်။ ကျမလေ စကားဝါပင်လမ်းအိမ်မှာ မောင်နှမတွေ ဘာလေးနဲ့စားရ၊ စားရပျော်နေကြတာ လေးကို အမြဲမြင်ယောင်နေမိတာ။ ညမိုးချုပ်လို့ တီဗွီအစီအစဥ်ပြီးခါနီးရင် ဝင်းမောင်က တဖက်ခန်းမှာတီဗွီကြည့်နေတဲ့ကျမတို့ကို ထမင်းကြော်စားမလားလို့လှမ်းမေးပြီး၊ ညနေကထမင်းကျန်တာနဲရင် ထပ်ချက်ပြီးကြော်ကျွေးတတ်တာ။ ကြက်သွန်လေးလှီး၊ ဆီသပ်ပြီးကြော်လို့။ စားပွဲဝိုင်းကြီးခင်းပြီးစားကြတာ။ အဖေအကျင့်လုပ်ခဲ့တဲ့ ညလည်စာလေးပေါ့။ ကျမတို့ရဲ့ခြေရင်းခန်းမှာ အမေ့ရဲ့မောင်အလတ်၊ ကျမတို့ရဲ့ဦးလေးဗိုလ်ကြီးထွန်းရွှေမိသားစုနေကြပါတယ်။ အိမ်မှာတီဗွီမရှိလို့ ဦးတို့အခန်းမှာကြည့်ကြရတာ။ ကျမတို့သွားမကြည့်ရင်လဲ ဦးက တရရခေါ်နေရှာတတ်တာ။
လွမ်းမိသား။ ဦးကတော့ ကျမတို့တူမတွေရဲ့အချစ်တော်ပါ။ ပျော်လိုက်ရွှင်လိုက်ငိုကာ၊ရယ်ကာ ဘယ်ဟာမတည်မြဲ ဆိုတဲ့ ဘဝသံသရာကြီးပါလား။
ရုန်းရင်းကန်ရင်းလှုပ်ရှားကြရင်းနဲ့ဘဲ – – – -။ ။
Categories: Mi Aung