Mi Aung

MA : Mi Aung (28)

ရှင်သန်ခြင်း(၂)

မညီညာတဲ့ဘဝတွေမှာ ရှင်သန်နိုင်ဖို့ကို အမျိုးမျိုးအဖုံဖုံ ရုန်းကန်လှုပ်ရှားနေကြရတာပါ။ ကျမကတော့ ဒီလိုရုန်းကန်ရတာကို စိတ်ပျက်စရာလို့ တခါဘူးမှမတွေးခဲ့ဘူးပါဘူး။ အသက်ရှင်နေသရွေ့၊အသိရှိနေသေးသရွေ့၊​ကိုယ်ခန္ဓာသန်စွမ်းနေသေးသရွေ့ ကြိုးစားပြီးလုပ်ကိုင်စားသောက်လို့ရပါတယ်။ ဒါပေမဲ့ မော်တော်ကားကြီးတဝီဝီနဲ့သူဌေးကြီးတော့ ချက်ချင်းမဖြစ်နိုင်ဘူးပေါ့။ (ကံအကြောင်းတရားလဲရှိသေးတာမို့။)

ဒဂုံအိမ်ကို စက်တင်ဘာလ၊၁၉၉၃ခုနှစ် မှာပြောင်းလာပြီး၊ဖေဖေါ်ဝါရီလ၊၁၉၉၄ခုနှစ်ရောက်တော့ စာမေးပွဲကြီးတွေပြီးပြီမို့ ကျမစာမသင်ရတော့ပါဘူး။ ညီမဝက်ပေါရဲ့လခတစ်ခုထဲမို့ နဲနဲ ကသီ တာပေါ့။ အိမ်မှာနေရင်း ဘာလုပ်ရရင်ကောင်းမလဲလို့ စားရင်း၊နေရင်း၊အိပ်ရင်းနဲ့ကိုတွေးတာလေ၊ ကျမတို့ငယ်ငယ်၊ အဖေဆုံးပြီးကာစက အမေတစ်ယောက် ဆေးပေါ့လိပ်ကြီးနဲ့ ညဖက်မအိပ်နိုင်ဘဲထိုင်တွေးနေတတ်တာကို ကိုယ်ချင်းစာမိပါတယ်။ “မကျေး”ဆေးပေါ့လိပ်ကိုသောက်တာများ ၂၅လိပ်ပါတဲ့ အစီးကို ၂ရက်နဲ့ကုန်တာ။

အမေကသတင်းစာမဖတ်ရရင်မဖြစ်လို့၊ ဝက်ပေါကရုံးမှာသတင်းစာမှာထားပြီး ညနေမှဖတ်ရပါတယ်။ သတင်းစာမှာကြော်ငြာ လေးတစ်ခုဖတ်မိတော့ ပျော်လိုက်တာများ။ ဖြတ်ပိုင်းလေးကိုဖြတ်ပြီး၊ မနက်ဖက်ဝက်ပေါရုံးဖယ်ရီနဲ့လိုက်သွား၊ နုနုကိုခေါ်လို့ သတင်းစာကြော်ငြာကအိမ်ကိုလိုက် ရှာရတာ။ ဗောဓိရိပ်သာလမ်းက ဒေါ်ထားထားအေးရဲ့အိမ်ပါ။ (နုနုရော၊ အန်တီဒေါ်ထား ထားအေးကိုရော တကယ်ကျေးဇူးတင်မိတာပါ။) အန်တီကကျမကို အင်တာဗျူးတာပေါ့။ စာအုပ်တစ်အုပ်ချပေးပြီး၊ “ဒါလေးလို ချင်ရင် ဘယ်ကစရမလဲ” တဲ့လေ။ တစ်ချောင်းထိုးပုံစံ (Crochet Pattern) လေးတစ်ခုပါ။ ကျမကိုသဘောကျပြီး၊ “ဒါဆိုချည် ဘယ်လောက်သုံးမလဲ” လို့မေးပြီး ဇာထိုးဖို့ချည်တွေထည့်ပေးလိုက်ပါတယ်။ အလုပ်တစ်ခုရပြီဆိုပြီး၊အတော်ပျော်ခဲ့ဘူးပါတယ်။ ဘယ်နေ့ပြီးအောင်လုပ်ပေးပါလို့တော့မှာလိုက်တာပေါ့။ ချက်ချင်းတွေ့၊ချက်ချင်းယုံကြည်ပြီး အလုပ်အပ်လိုက် တဲ့ကျေးဇူး ကိုမမေ့နိုင်အောင်ပါဘဲ။

ခက်တာက အိမ်မှာမီးမရသေးတော့ ညဖက်ကို ဖယောင်းတိုင်မီးနဲ့ အလုပ်လုပ်ရတာပါ။ ဧည့်ခန်းစားပွဲတင်တစ်ခု၊ ဆိုဖါဆက်တီကျောမှီတစ်စုံစာနဲ့လက်တင်အတွက်တစ်စုံစာကို တစ်ပါတ်အချိန်ပေးပြီး အလုပ်အပ်လိုက်ပါတယ်။ ပထမဆုံး ယုံကြည်မှုနဲ့ခိုင်းလိုက်တာမို့ နေ့မအားညမနားလုပ်ရတော့တာပါဘဲ။ အမေကဆို “မျက်စေ့တွေ ပျက်ပါမယ်အေ” ဆိုပြီး အတင်းအိပ်ခိုင်းတတ်တာ။ စျေးကိုလဲ ကိုယ့်ကြိုက်စျေးပေးလို့ ကြိုးစားရတာပေါ့။ (Crochetထိုးတဲ့ပညာလေးကတော့ ဝက်ပေါတို့ အထက ၅ ကဆရာမဒေါ်စန်းလွင်က၊သူတို့ကိုသင်ပေးလို့၊ ညီမလေးဆီကတဆင့်တတ်မြောက်ခဲ့တာမို့၊ ဆရာမရဲ့ကျေးဇူး၊ ညီမကတဆင့်ပြန်ရခဲ့တဲ့ ပညာကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။) (ကျောင်းမှာတုန်းကတော့ အိမ်တွင်းမှုသင်ပေးခဲ့တဲ့ ဆရာမကြီးမစ္စစ်မြင့်သိန်းက နှစ်ချောင်ထိုး-Knitting သင်ပေးခဲ့တာပါ။) တန်ဖိုးမဖြတ်နိုင်တဲ့ပညာပါဘဲ။ ဘုရားရှိခိုးတိုင်းလဲ “ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဘူးသူတိုင်းကို၊ကျမပြုတဲ့ကုသိုလ်အားလုံးနဲ့ကျေးဇူးဆပ်ပါတယ်”၊ လို့ ဘုရားရှေ့မှာနေ့စဥ်ဝန်ချကန်တော့လျက်ပါ။

နောက်တော့ တောထဲမှာဒီအတိုင်းမနေနဲ့လေ၊ အလုပ်ထွက်လုပ်ရမယ်ဆိုပြီး၊ မနှစ်ကမှကွယ်လွန်သွားပြီဖြစ်တဲ့သူငယ်ချင်း တင်တင်မာက သူ့အလုပ်မှာ အလုပ်သွင်းပေးခဲ့တာပါ။ မင်္ဂလာစျေးမှာပါ။ တခါ အစ်မစျေးထဲမှာမဖြစ်ပါဘူးဆိုပြီး၊ ညီမမသိုက်က သူ့ယောကျာ်းကုမ္ပဏီမှာလုပ်ခိုင်းပြန်ပါရော။ မိသားစုလိုနေခဲ့ရတာမို့ပျော်ပါတယ်။ ဦးမျိုးထွန်းနဲ့မသိုက်၊ ဦးဝင်းထင် (ကိုငယ်) နဲ့မေပြုံးမြင့်၊ ညီမလေးခင်မျိုးမြင့် (မျိုးမျိုး) တို့ဟာလဲ ကျမနဲ့မိသားစုအားလုံးအတွက် ကျေးဇူးပြုခဲ့သူများပါ။

အော်၊ သေချာတွေးကြည့်ရင် ကျမဘဝဟာအတော်ကိုမတည်ငြိမ်တာပါ။ အချို့လူတွေကတော့ အလုပ်တစ်ခုကို ဇောက်ချပြီး မလုပ်ဘူးလို့ဝေဖန်တတ်ကြသေးတာ။ အလုပ်တစ်ခုနဲ့တစ်ခုအပြောင်းမှာ ဘာတစ်ခုမှ အပြစ်အနာအဆာမရှိ၊ ဘယ်အချိန် ပြန်တွေ့တွေ့ အမုန်းမဖက်အပြုံးနဲ့ဘဲ ပြန်ဆုံနိုင်ကြသူတွေချည်းပါဘဲ။ ဘေးကအမြင်ကတော့ သူ့အမြင်နဲ့သူ့အထင်အတိုင်းမို့ မသိသလို မကြားသလိုနေတတ်ဖို့တော့အရေးကြီးပါတယ်။ လူ့သဘာဝတွေပါ။

ဖြစ်၊တည်၊ပျက် ဆိုတဲ့သဘောလေးကိုတွေးတတ်မယ်၊နားလည်တတ်ကြမယ်ဆိုရင်တော့၊- – – – – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s