လွမ်းလို့ပါအဖေရယ်
ကျမတို့မောင်နှမတွေက အမေ့ကိုကြောက်ရပါတယ်။ အဖေကတော့ သားသ္မီးတွေကိုသူငယ်ချင်းလိုဘဲ။အမြဲတမ်း နောက်ပြောင်၊ကျီစယ်တတ်တာ။ ဘာလိုချင်ချင် အဖေ့ကိုဘဲပူဆာရဲကြပါတယ်။ဒါပေမဲ့ မလိုဘူးထင်တဲ့ပစ္စည်းမျိုးတော့ “နိုး”ပါဘဲ။ဗရမ်းဗတာ အလိုလိုက်ခြင်းတော့ မဟုတ်ပြန်ပါဘူး။
တခါတုန်းကများ လေဟာပြင်စျေး(ဆေးရုံကြီးနားက၊ယ္ခုJunction City)မှာမိုးမကျခင်လေးဆိုတော့ မိုးကာအင်္ကျီတွေရောင်းနေတာ၊လိုချင်လို့ပူဆာတော့ ဝယ်မပေးပါဘူး။ကျမကစိတ်ကောက်တာပေါ့။အဖေ့ရဲ့”မူ”က အစားအသောက်သာပူဆာလို့ရှိရင်အလိုလိုက်မယ်။ပစ္စည်းမပူဆာနဲ့။ဆောရီးပါဘဲ။”မိဘဆိုတာ သားသ္မီးဘာလိုအပ်သလဲဆိုတာ အမြဲကြည့်နေတာ၊တတ်နိုင်တဲ့အချိန် သင့်တော်တာဆိုရင်အကုန်ဖြည့်ဆည်းပေးမှာပါ” တဲ့။
အဖေက မိုးကြီးချုပ်မှပြန်ရောက်လာရင်လဲ အနည်းဆုံး ခေါက်ဆွဲကြော်နှစ်ထုပ်အမြဲပါလာတတ်တာ။တစ်ထုပ်ကကျမတို့အိမ်အတွက်၊တစ်ထုပ်က အမေကြီးအတွက်။အဲ့ဒီအချိန်က အမေကြီးက ငြိမ်းငြိမ်းတို့အိမ်မှာနေတာ။(အမေ့ညီမ ငြိမ်းငြိမ်းကလဲစကားဝါပင်လမ်းထဲမှာဘဲနေကြတာပါ။) ကျမတို့အိပ်နေတုန်းများနှိုးကျွေးရင် အမေကသိပ်စိတ်ဆိုးတာ။ အစာမကြေရင် အိပ်ယာထဲမှာရှူးပေါက်ချမှာစိုးလို့တဲ့။ မောင်လေးဝင်းမောင်ကငယ်ကထဲက ဆီးရောဂါရှိတယ်နဲ့တူပါတယ်။အိပ်ယာထဲအမြဲ ရှူးပေါက်တတ်တယ်။(အသက် ၃၉ နှစ်မှာသူဆုံးတော့လဲ ကျောက်ကပ်ရောဂါနဲ့ပါ။)
မှတ်မိပါသေးတယ်။ ကျမတို့လမ်းထိပ်ဖက်မှာ အုန်းဖေလက်ဖက်ရည်ဆိုင်ရှိပါတယ်။ ရွှေကြည်နနွင်းမကင်း၊သာကူပြင်၊ပူတင်း အစုံကို တစ်မတ်ဖိုးဝယ်လို့ရပါတယ်။ကျမတို့မောင်နှမတွေကလဲ ဒါလေးစားရမှ အိပ်လို့ပျော်တတ်ကြတာ။ တစ်ညတော့ မီးမှိတ်ထားပြီး၊ အဖေကတိတ်တိတ်လေး မုန့်သွားဝယ်၊ပြန်လာတော့မှ ကျမတို့အကြီး လေးယောက်ကို အိမ်ရှေ့ တံခါးအကွယ်လေးကဖိနပ်ချွတ်နေရာမှာ ခွံ့ကျွေးနေတုန်း၊ အမေကတချွတ်ချွတ်နဲ့ ဘာသံပါလိမ့်လို့ထွက်ကြည့်တော့၊ ဟားဟား၊စားနေရင်းတန်းလန်းမိတာပေါ့။ ပွက်လောကိုရိုက်သွားတာဘဲ။အဖေ့ကိုဆူတာပါ။ (ကျမတို့မောင်နှမလေးယောက်က အဖေနဲ့အိပ်တာ။အငယ်ဆုံးဖိုးချိုလေးတစ်ယောက်ဘဲ နို့စို့ကလေးမို့၊အမေနဲ့အိပ်တာ။) အဖေက” မင်း သား သေးပေါက်လဲ ငါလျှော်မှာပါကွာ” တဲ့။ သနားပါတယ်။ နောက်တော့ပြောသေးတယ်။”သ္မီးတို့က တိတ်တိတ်လေးမနေတော့၊နင်တို့မိထွေးကဆူတာပေါ့၊ကောင်းတယ်” တဲ့။
တစ်ရက်တော့ ကျမတို့အိပ်ပျော်နေမှ အဖေပြန်ရောက်လာပြီး၊ အင်္ကျီအသစ်လေးတွေဝတ်ပေးထားတာ၊ မနက်အိပ်ယာနိုးရင် သူ့သားသ္မီးတွေပျော်အောင်လို့ ဆိုပြီး၊ အထူးအဆန်းလေးလဲလုပ်တတ်သေးတာ။
အဖေက တအားသဘောကောင်းပြီးအလိုလိုက်ပေမဲ့၊ တကယ်တမ်း ပြောဆိုဆုံးမပြီဆိုရင်တော့ အဖေ့ကိုပိုကြောက်ရသလိုဘဲ။တခါမှလဲမရိုက်ပေမဲ့ ကြောက်ရပါတယ်။ အမေ့ကိုတော့ ရိုက်တဲ့အချိန်မှာတအားကြောက်ရပါတယ်။ ဒါကြောင့်လဲအဖေ့ကိုပိုချစ်ပြီး၊အမေ့ကိုတော့ အဖေမရှိတဲ့နောက် ကျမတို့ကို လူလူသူသူဖြစ်အောင်ထားခဲ့တာ၊သူ့ကိုသူလဲထိန်းထိန်းသိမ်းသိမ်းနေတတ်တာတွေကြောင့် သနားလဲသနား၊ချစ်လဲချစ်ရပါတယ်။
တကယ်တော့ လူဆိုတာ ပြောတိုင်း မလေးစားတတ်ဘူး၊ ဆိုခဲစေ မြဲစေ ဆိုသလိုနေတတ်ဖို့ အဖေ့ဆီကပညာရလိုက်ပါတယ်။ကျေးဇူးကြီးလှပါတယ်။
Categories: Authors