သတိရမိတာလေးများ – – -( ၂ )
အမေ့ဇာတိဆားမလောက်ရွာကို သွားကြည့်ချင်တဲ့ အာရုံလေးကိုတော့ သတိလေးနဲ့ ဆင်ခြင်ထားလိုက် ပါတယ်။ အဖေတို့ ရွာကို နဲနဲပိုပြီး သိတတ်တဲ့အရွယ်မှာတော့ နောက်တစ်ခေါက်ပေါ့။ထန်းတပင်ကို ရောက်တဲ့အခေါက်ရေကို လက်ချိုးရေလို့ရပါရဲ့။
ဒီအခေါက်ကတော့ ရွာမှာ ဘုန်းကြီးပျံပွဲရှိလို့သွားကြတာ။ ရန်ကုန်မှာရောက်နေတဲ့ ထန်းတပင်သားတွေ သင်္ဘောဆိပ်မှာ တိုးမပေါက်ဘူး။ ကျမတို့ရဲ့ဝမ်းကွဲညီမ ကြည်ကြည်ညွန့်နဲ့ သူ့အမေအန်တီမအေးခင်ဖက်က ညီမတွေရောပါဘဲ။ အဲ့ဒီအရွယ်ကထဲက မိန်းကလေးတွေရဲ့ဇာတိများ ပြိုင်ချင်ဆိုင်ချင်တတ်တာ မွေးရာပါဗီဇလေလားလို့ထင်မိပါတယ်။ အဲ့ဒီမှာအဖေ့ငယ်သူငယ်ချင်း ဦးအုန်းခင်ရဲ့ဇနီးဒေါ်အေးမြိုင်နဲ့ သ္မီးချောလေးတွေက လေးယောက်။ ကျမတို့ညီအစ်မတွေက တစ်လှေကြီး။ အဖေတို့သူငယ်ချင်းတွေက ငယ်စဥ်က ကိုယ့်အိမ်တက်စား၊သူ့အိမ်တက်စားနေလာကြသူတွေမို့ ဧရာဝတီသင်္ဘောကြီးကိုစောင့်ရင်း ငယ်ကအကြောင်းတွေ ပြောလို့ရယ်ပွဲဖွဲ့မကုန်ပေါ့လေ။ နောက်တော့မှ ကလေးတွေအကြောင်းမေးတော့၊ အဖေတို့ကသ္မီးတွေကိုမိတ်ဆက်ပေးကြတာ။ ပွဲက အဲ့ဒီမှာစတာဘဲ။ ဦးလေးကိုအုန်းခင်သ္မီးအကြီးဆုံး မမကြီး ကတော့သဘောကောင်းပြီးရေလိုက်ငါးလိုက်နေတတ်တယ်။ အငယ်မ ပေစိ (ရီရီမြင့်) ကတော့ ငယ်ကထဲကသိပ်ဟန်လုပ်ပြီး “မတူမတန်”သလိုရုပ်နဲ့၊ အမြင်ကပ်ဖို့ကောင်းပါ့။ အဲ့ဒီတုန်းကတော့ သူတို့နှစ်ယောက်ကိုဘဲ သိလိုက်ပါတယ်။သူတို့ကညီအစ်မလေးယောက်ပါ။ မမကြီးကချစ်ဖို့ကောင်းပြီး ပေစိက ကြီးကျယ်ပုံနဲ့မို့ အမှတ်ထင်ထင်ဖြစ်တာပါ။။ အဖေရဲ့အရှိန်လဲရှိကြတာကို။ ဦးလေးက ရဲအရာရှိကြီးပါ။
ရွာဘုန်းကြီးပျံပွဲက သိပ်စည်ကားတာပါဘဲ။ ကျမရဲ့အစ်မခင်သန်းဆွေက လှေလှော်ယိမ်းမှာပါတယ်လေ။ သူကလဲကွမ်းတောင်ကိုင်မင်းသမီးပေါ့။ အစ်မမတင်ဦးကတော့ ကျမတို့ကိုလက်ဆွဲပြီးလိုက်ပြရှာတာ။ “အေးရင့်ကြူး”တာလဲတွေ့ဘူးခဲ့ပါတယ်။ မင်းသမီးကဘုန်းကြီးရဲ့ကောင်းကွက်တွေကို ပြောပြောပြီးငိုတာလေ။
ပေစိတို့နဲ့ကတော့အသက်တွေကြီးလာကြတော့လဲ ခုချိန်ထိခင်ခင်မင်မင်ပါဘဲ။ သူ့အကြောင်း ကိုယ့်အကြောင်းမသိခင်က ဟန်တွေ ထယ်ကြခြင်းပါ။ ပေစိတို့အမေအန်တီဒေါ်အေးမြိုင်က အမေ့ကိုသိပ်ခင်ရှာတာ။ ဟောဟောဒိုင်းဒိုင်းနဲ့ချစ်ဖို့ကောင်းတယ်။ ရေစက်ရှိရင် ကြံဖန်ဆုံတတ်တာများ၊ဘွဲ့ရလို့အလုပ်ရတော့ P I C. မှာပြန်ဆုံကြတာ။ဌာနချင်းတော့မတူဘူးလေ။ သူတို့ညီအစ်မက ဘဏ္ဍာရေးဌာနမှာပါ။ ပေစိက ကြီးလာတော့သူ့အမေလိုဘဲ ချစ်ဖို့ကောင်းပါတယ်။ ကုလားမကြီးတို့၊နီနီတို့ရောပါဘဲ။ မမကြီးကတော့ ခပ်ငယ်ငယ်ကဘဲ တိမ်းပါးသွားရှာတာပါ။
အဖေဆုံးပြီး ကျမတစ်ယောက်ထဲ အန်တီမအေးခင်၊ ကြည်ကြည်ညွန့်တို့နဲ့ ထန်းတပင်ကိုသွားရပါသေးတယ်။ အစ်မ ခင်သန်းဆွေရဲ့မင်္ဂလာဆောင်ကိုပါ။ အဖေမရှိတော့တာ အမေကြီးကိုအသိမပေးထားကြတော့ အနေခက်စွာနဲ့ ကျမကမျက်ရည်တရွှဲရွှဲပေါ့။ အမေကြီးစိတ်ထဲမှာတော့ သူ့သားလေးမလာတာ၊ အမေကိုစိတ်ဆိုးသွားတယ်လို့ထင်ရှာတာ။ “မိအောင် ၊ ညည်းအဖေ အမေကြီးကို စိတ်ကောက်ပြီးမလာတာလား” လို့မေးရှာသေးတာ။ အစ်မခင်သန်းဆွေကို အဖေကချစ်တော့ မင်္ဂလာဆောင်ကိုတော့ လာမှာဘဲလို့တွက်ထားတယ်ထင်ပါရဲ့။ နောက်ပိုင်းတော့ အမေကြီးဆုံးတော့မှသာ အမေနဲ့တစ်ခေါက်ထပ်ရောက်ပါတယ်။ နောက်ထပ်တစ်ခေါက်ကတော့ အမေကြီးဆုံးပြီး သုံးလေးလလောက်ကြာမှ အမွေကိစ္စ လက်မှတ်ထိုးပေးဖို့ အမေနဲ့ထန်းတပင်ကိုသွားရတာပါ။ နေ့ချင်းပြန်သွားချင်တော့ မှော်ဘီတစ်ဖက်ကမ်း (ရွှေလှေကြီး) ကနေမော်တော်လေးနဲ့ကူးရတာပါ။ လူတွေများလေ ကိုယ့်ကိစ္စ မဟုတ်လဲ စပ်စပ်စုစု ဝင်ပါတတ်ကြတာ ကျမလုံးဝ မကြိုက်တဲ့အချက်ပါဘဲ။ မော်တော်လေးက ချောင်းထဲကဝင်ပြီးကမ်းကပ်ပေးလို့ ဆင်းဆင်းခြင်း အမေ့ကိုတွေ့ကြတော့၊- – “ဟယ်၊ မခင်မေရေ ကိုအောင်ကြည်ရဲ့သ္မီးလေးလား၊ အမွေ လာခွဲကြတာလား” လို့ စပ်စုကြတာ။ “ဟင်း၊ ကိုအောင်ကြည်ရဲ့သ္မီးမဟုတ်လို့ ဘယ်သူ့သ္မီးဖြစ်ရမှာလဲ” လို့၊ စိတ်ထဲကရန်ဖြစ်လိုက်သေးတယ်။ အမွေလာခွဲတာလားမေးတာ ကျမဖြင့်ရှက်လိုက်တာ။ လူတွေများအံ့သြစရာ။ ကျမတို့ရဲ့အမွေက စာရွက်ပေါ်မှာဘဲရှိခဲ့တာပါ။
ဘာမဆိုစားထိုက်မှစားရတာ၊ ရသင့်မှ ရကြမှာပါ။
ကျမတို့ ရဲ့ကျေးဇူးရှင် အမေက အဖေမရှိတော့တဲ့အချိန်ကထဲက ပြောပြီးသား၊ “ပညာအမွေကိုသာ ရအောင်ယူ ” တဲ့။ ။
– – – မှန်လိုက်တာ – – –
Categories: Mi Aung